Monday, April 19, 2010

စွယ်တော်ရိပ်သို့တစ်ခေါက်



Cultural Show တွေ သွားမကြည့်ဖြစ်တာ ကြာပါပြီ။ စင်္ကာပူရောက် စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းတွေ ဦးဆောင်စီစဉ်တဲ့ စွယ်တော်ရိပ်သင်္ကြန် ကို ပြီးခဲ့တဲ့ စနေနေ့ညနေက သွားကြည့်ဖြစ်ပါတယ်။ အနီးကပ်အားပေးချင်လို့ ၂၅ ဒေါ်လာ တန်းကို ၀ယ်လိုက်ပေမယ့် ဘေးအစွန်ကို ရောက်သွားတယ်။


(ဓာတ်ပုံမရိုက်ရဘူး ဆိုပေမယ့် ရိုက်မိတဲ့ ပုံတစ်ပုံကို ကြော်ငြာအနေနဲ့ တင်လိုက်တယ်နော်။)

ရောက်သွားချိန်မှာ ညနေ ၄ နာရီ ခွဲသာသာပါ။ ၄ နာရီ ၄၅ စမယ် ဆိုပေမယ့် ရုံမဖွင့်သေးလို့ လူတွေ အပြင်မှာ မိုးတိုးမတ်တတ် စောင့်နေကြတယ်။ နောက်တော့ MAI က ကံစမ်းမဲအတွက် မေးခွန်းလေးတွေ စာရွက်ထဲမှာ ဖြေခိုင်းတယ်။ ကံစမ်းမဲဆိုရင် မပေါက်တတ်သူမို့ ထင်ရာတွေ ရှာဖွေ ဖြည့်ပြီး ထားခဲ့ပါတယ်။ ရုံတံခါးဖွင့်လို့ လူတွေ ၀င်ခွင့်ရတဲ့ အချိန်မှာတော့ တချို့က ကံစမ်းမဲကိုပဲ ဆက်ဖြည့်နေကြတုန်းမို့ ရုံထဲမှာ တော်တော်နဲ့ လူပြည့်မလာဘူး။ ဒီတော့ အစီအစဉ် စချိန်ကိုက နည်းနည်း နောက်ကျနေပါပြီ။

ပွဲတစ်ခုလုံးကို ခြုံပြောရရင် တော်တော် ကြည့်လို့ကောင်းပါတယ်။ ဟာသတွေကိုလည်း တ၀ါးဝါး တဟားဟား ရယ်နေရတယ်။ ပြောရမယ်ဆိုရင် ရယ်ရတာက MC နှစ်ယောက် အပါအ၀င်ပါပဲ။ ချီးကျူးစရာ ကောင်းတာကတော့ မမျှော်လင့်တဲ့ အထစ်အငေါ့လေးတွေ ရှိပေမယ့် MC နှစ်ယောက်ဟာ မျက်နှာမပျက်ဘဲ ပရိသတ်နဲ့ ရင်းရင်းနှီးနှီး ဆက်အရွှမ်းဖောက်သွားကြတာပါ။

မိုက်ခရိုဖုန်းက တချို့တွေအတွက် အသံနည်းနည်း လုံးနေတာကလွဲလို့ ရှေ့ပိုင်းမှာ သင်္ကြန်သီချင်း ဆိုသူတွေ အားလုံး အဆင်ပြေကြပါတယ်။ ပိတောက်ချစ်သူ ဆိုတဲ့ သီချင်းလေးကို ရိုးရိုးမဆိုပဲ စကားပြောလေးတွေနဲ့ ဇာတ်လမ်းလေးဆန်ဆန် တင်ဆက်သွားတာကလည်း စိတ်ဝင်စားစရာကောင်းတယ်။ အကတွေထဲမှာတော့ စတိုင်ကျတဲ့ မြိုင်ထမှာ ထူးထူးခြားခြား ယောင်္ကျားမင်းသမီးအဖြစ် က ပြသွားတဲ့ လူရွှင်တော် ကိုသြဘာကိုလည်း အထူးချီးကျူးမိပါတယ်။ လူငယ်လေးတွေ စုပေါင်းကကြတဲ့ ခေတ်ပေါ်အကကို ထည့်ထားတာကလည်း မြန်မာ့ရိုးရာမဟုတ်ပေမယ့် အရသာတမျိုး ပေးပါတယ်။

လူရွှင်တော်တွေထဲမှာ အငယ်ဆုံး အချောဆုံးလေးဖြစ်တဲ့ ဓာတ်ကြိုး စီစဉ်တဲ့ နှစ်ဆယ့်တစ်ရာစု သားတရားစီရင်ခန်းဆိုတဲ့ ဟာသပြဇာတ်ကိုလည်း အားပေးခဲ့ပါတယ် (လက်ခုပ်နဲ့)။ အားပေးရမှာပေါ့ ဓာတ်ကြိုးဆိုတာ တခြားသူမှမဟုတ်ပဲ။ ပန်ဒိုရာရဲ့ ပန်ဒိုရီကို ပန်ဒိုရီဆိုတဲ့ နာမည်ပေးခဲ့တာ သူ ပေါ့။ မိတ်ဟောင်းဆွေဟောင်း ဖိုရမ်မာ၊ ဘလော့ဂါပါ။ (ဒီနေရာက) ။ တချိန်က အသည်းကွဲကဗျာဆရာပေါ့လေ။ (အခုတော့ အွန်လိုင်းမှာ သိပ်မတက်ကြွတော့ဘူး။ ရည်းစားရသွားလို့ လို့ ပြောကြတာပဲ။) :P

စတီရီယို သီချင်းအစီအစဉ်မှာ တီးမှုတ်သူတွေရော သီဆိုသူတွေပါ အထူးပြောစရာမရှိပါဘူး။ အားလုံး လက်ရွေးစဉ်တွေချည်းပါပဲ။ တစ်ခုပါပဲ။ တချို့သီချင်းတွေက အဆိုကောင်းပေမယ့် ဒီခေတ်အနေနဲ့ လတ်တလော ဟော့နေတာမဟုတ်ပဲ နည်းနည်း ဒိတ်အောက်နေတဲ့ သီချင်းတွေ ပါတယ်။ ယောင်္ကျားလေးတွေ ဆိုတဲ့ သီချင်းတွေကို ပြောတာပါ။ ဒီအရွယ်တွေ ဆိုတော့လည်း သူတို့ခေတ်က သီချင်းတွေကိုပဲ ပြန်ပြောင်းဆိုကြတာ ဖြစ်နိုင်ပါတယ် (ဟီး.. ချိတ်မချိုးပါနဲ့)။ တချို့ သီဆိုသူတွေကတော့ ၀တ်စားဆင်ယင်တာကို ရုံးတက်သလို ပုံစံမျိုးမဟုတ်ပဲ စတိတ်ခုံနဲ့ ပိုလိုက်ဖက်အောင် ၀တ်စားနိုင်ရင် ပိုကောင်းမယ် ထင်မိတယ်။ :)

နောက်ဆုံးမှာတော့ အားလုံးမျှော်လင့်နေကြတဲ့ စွယ်တော်ရိပ်အငြိမ့် အစီအစဉ်ပါ။ မင်းသမီးလေး နှစ်ယောက်လုံး ကပြသွားကြတာ သိပ်လှပါတယ်။ နောက်ခံသီချင်းနဲ့ ကတာမို့ မင်းသမီးတွေ သီချင်းဆန်ဆန် တစ်ပိုဒ်လောက်ပဲ ဆိုဖြစ်ကြပေမယ့် အသံတကယ်ကောင်းကြတာကို သတိထားမိတယ်။ ပုဝါ ပြောင်ပြောင်လက်လက်လေးတွေကိုလည်း သဘောကျမိတယ်။ လူရွှင်တော်တွေကလည်း အထစ်အငေါ့ အလွန်နည်းပါးစွာ ၀ါရင့်ပရော်ဖက်ရှင်နယ်တွေအလား ပြက်လုံးထုတ်ကြပါတယ်။ ဆင်တူယိုးမှား မကြားဖူးတဲ့ ပြက်လုံးအသစ် တော်တော်များများဟာ သဘောကျစရာ ကောင်းပါတယ်။ လက်ရှိခေတ် အခြေအနေတွေကို သရော်ထားတဲ့ ခပ်ပါးပါး ပြက်လုံးတွေက ပညာပါတယ်။ လူရွှင်တော် လေးယောက်စလုံး ဘက်ညီကြပါပေတယ်။

အသံပိုင်းဆိုင်ရာ မိုက်ခရိုဖုန်း ပြဿနာအချို့ တလျှောက်လုံးမှာ တွေ့ရပေမယ့် ထိန်းသွားနိုင်ခဲ့ပါတယ်။ အောင်မြင်တဲ့ပွဲလို့ပဲ ဆိုရမှာပါ။ နည်းနည်းဆိုးတာကတော့ အချိန်လွန်သွားတာပါ။ ည ၉ နာရီ ပြီးရမယ့် အစီအစဉ်က ည ၁၁နာရီ ကျော်သွားတယ်ဆိုတော့လည်း များသွားတာပေါ့နော။ ကလေးအဖေတွေ၊ ကလေးအမေတွေ၊ နောက်ကြောင်းမအေးသူတွေခမျာ အငြိမ့်ကောင်းနေတုန်းမှာ ထပြန်ရရှာပါတယ်။ ကိုယ်တိုင်ကတော့ ပြန်လာတာ ညသန်းခေါင် ကျော်သွားတော့ ဒီစာကိုတောင် ဘလော့ဂ်ပေါ် ချက်ချင်းတင်ဖို့ မရေးနိုင်တော့ဘူး။ နောက်နေ့ကျတော့လည်း မအားမလပ်တာနဲ့ အခုမှရေးလိုက်ရပါတော့တယ်။ (ရေးပြီးလို့ ကြည့်လိုက်တော့ ရီတာကလည်း စွယ်တော်ရိပ်အကြောင်း တင်ထားတာ တွေ့ရပါတယ်။ သွားဖတ်ကြပါဦး။) နောင်နှစ်တွေမှာတော့ ပွဲကို ဒီ့ထက် အချိန်စောစော စတာတို့ တချို့အစီအစဉ်တွေ နည်းနည်းလျှော့တာတို့ လုပ်နိုင်မယ် ထင်ပါတယ်။

ခါတိုင်းနှစ်တွေလိုပဲ ဒီပွဲကို ဒီဗွီဒီ ထွက်မယ်၊ ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချပေးမယ် လို့ပြောပါတယ်။ စင်္ကာပူမှာ မနေတဲ့လူတွေ အတွက်တော့ တချို့ ပျက်လုံးတွေကို နားမလည်ဘူး ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီဗွီဒီ ထွက်လာရင်တော့ ၀ယ်ကြည့်ကြသင့်တယ်လို့ ထင်မိတယ်။ ကြော်ငြာပေးတာတော့ မဟုတ်ပါဘူး။ ခံစားမိသလို ရေးလိုက်တာပါ။ နောင်နှစ်မှာ မေတ္တာလက်ဆောင် လက်မှတ် ပေးစေချင်လို့ မဟုတ်ပါဘူး။ (စကားခေါ်တယ် လို့လည်း မထင်ပါနဲ့ ဟဲ….)

Ex-RIT တွေ စီစဉ်တဲ့ပွဲကို ကြည့်ဖြစ်ပြီး Poly ကျောင်းက ပွဲတွေ မကြည့်ဖြစ်ခဲ့လို့ စိတ်ကွက်နေကြဦးမယ်။ နောင်နှစ်တွေမှာတော့ အားလုံးကို တတ်နိုင်သမျှ အားပေးဖြစ်အောင် ကြိုးစားပါမယ်။ ရွှေပြည်နဲ့ဝေးနေချိန်မှာ မြန်မာမှုတွေကို အတတ်နိုင်ဆုံး ဖော်ထုတ်ထားတဲ့ ဒီလိုပွဲမျိုးတွေကို ကိုယ်တိုင်ပါဝင်နိုင်သူတွေလည်း ပါဝင်ကြ မပါဝင်နိုင်သူတွေလည်း အချိန်ရနိုင်သလောက် အားပေးကြသင့်တယ် လို့ ထင်မိပါတယ်။

မြန်မာနှစ်သစ်မှာ ကျန်းမာရွှင်လန်းကြပါစေ။

ပန်ဒိုရာ



Expand..

Tuesday, April 13, 2010

မနှစ်တနှစ်က သင်္ကြန်

အချိန်မရလို့ သင်္ကြန်အတွက် ဘန်နာလေး တခုဆွဲဖို့ လုပ်နေတာလည်း မဆွဲဖြစ်ပါဘူး။ လောလောဆယ်တော့ မနှစ်က ပုံလေးကိုပဲ ပြန်တင်ထားပါတယ်။ ရွှေပြည်ဝေးမှာ သံချပ်နည်းနည်း သွားလက်ဆော့ဖြစ်တာကလွဲလို့လည်း ထူးထူးခြားခြား မလုပ်ဖြစ်ပါဘူး။

ဘလော့ဂါတွေ ရင်ထဲက အမှတ်တရစကားလေးတွေ ပြန်ဖတ်ချင်ရင်တော့ ၂၀၀၉ ခုနှစ်က ဘလော့ဂါတွေရင်ထဲက သင်္ကြန် ဆိုတဲ့ ပို့စ်လေးကို ဖတ်နိုင်ပါတယ်။

မြန်မာနှစ်သစ်ကူးက ဘာဖြစ်လို့ တန်ခူးလဆန်း ၁ ရက်နေ့မှာ မတိုက်ဆိုင်ရသလဲ ဆိုတာကို သိချင်ရင်တော့ ၂၀၀၈ ခုနှစ်က ရေးခဲ့တဲ့ မြန်မာနှစ်သစ်ကူး ဆိုတဲ့ ပို့စ်လေးကို ဖတ်နိုင်ပါတယ်။

အားလုံးနှစ်သစ်မှာ ပျော်ရွှင်ကြပါစေ။

Expand..

Sunday, April 11, 2010

ရွှေပြည်ဝေးတို့ ရေးမယ့် သင်္ကြန်

ဘီလူးစကိုင်းဖောရက်စ် အင် ကုမ္ပဏီ လိမိတက် က စပွန်ဆာ ပေးထားတဲ့ ဂရိတ်မဟာ ရွှေပြည်ဝေး မဏ္ဍပ်ကြီးမှာ သံချပ်တွေထိုးဖို့ ဖိတ်ခေါ်နေတယ် ဆိုပဲ။ စေတနာဗလပွနဲ့ အခမဲ့ ကြော်ငြာဝင်ပေးလိုက်ပါတယ် ဘလော့ဂ်အနွယ်ဝင် သူတော်စင်အပေါင်းတို့။

Expand..

Friday, April 9, 2010

မခူးချင်စမ်းပါနဲ့






ဖွဖွညင်သာ တိုးဝင်လာသော ရနံ့က စိမ်းမနေပါ။ ဟော ဟိုမှာ လမ်းမပေါ်မှာ ဖြာကျနေတာ ရွှေ… ရွှေရောင်တွေ။

မခူးချင်စမ်းပါနဲ့။ ဘယ်လိုမှ လှမ်းမမီသာတဲ့ အပင်မြင့်မြင့်ကြီးပေါ်မှာ ၀င်းဝါနေသော အဆုပ်အခက်များ။ လေထဲမှာ သိမ့်သိမ့်ဖွဲဖွဲ ၀ဲပျံနေတဲ့ ဟောဒီရနံ့ပိုင်ရှင်က ပိတောက်ပန်းလား။ ဒါ တွေ့ဖူးနေကျ ပိတောက်ပင်မျိုးမှ ဟုတ်ရဲ့လား။ ဒါပေမယ့် ပြာသောကောင်းကင် စိမ်းသောသစ်ခက်တွေကြား ရဲရဲတင်းတင်း ပွင့်နေတာ ပိတောက်မှ ပိတောက်စစ်စစ်။

မခူးချင်စမ်းပါနဲ့။ တစ်နှစ်မှာ ဒီတစ်လ၊ တစ်လမှာ တစ်ရက်တည်း ဆို။ ရာသီတွေ အချိန်တွေ နေရာတွေ ဆိုတာ ဘယ်သူက စသတ်မှတ်ခဲ့သလဲ။ မြန်မာတွေ နှစ်သစ်မကူးသေးဘူး။ တူးပို့တူးပို့သံလည်း မကြားရဘူး။ စစ်စစ်ပေါက်ပေါက် ပြောရရင် တန်ခူးလဆိုတာ ကိုယ့်စာကြည့်စားပွဲပေါ်မှာ ထောင်ထားတဲ့ ပြက္ခဒိန်ထဲက ဘာသာစကားမှာကို မပါဘူး။ ဒါက ရေစိမ်းမြေစိမ်း မဟုတ်လား။ ဒါဖြင့် ဒီပိတောက်တွေ ဘာလို့ ဒီအချိန်မှာ ပွင့်နေရတာလဲ။

မခူးချင်စမ်းပါနဲ့။ ဒီပိတောက်တွေက ဘာလို့ ဒီနေရာမှာမှ ပွင့်နေရတာလဲ။ ပိတောက်ပန်းကို နှစ်နှစ်ကာကာ ကြိုဆိုတဲ့အလေ့အထ မရှိသူတွေကြားမှာ။ အမှိုက်သိမ်းသူတွေက ဒီအချိန်ဆို ခေါင်းရှုပ်နေမယ်။ တချို့က ၀တ်မှုန်ဝတ်ဆံရနံ့တွေ ယားယံမှာစိုးလို့ ရှောင်ကွင်းကြမလား။ ဟိုမှာ.. လမ်းမမှာ ၀တ်ဆံတွေ ပွင့်ဖတ်တွေ မြေအလူးလူး ပြားပြားဝပ် လို့။ ကောင်းကင်ကလည်း အုံ့နေပြန်ပြီ။ မိုးရွာတော့မလား။ မနက်ဖြန်ဆိုရင် လမ်းမက ရွှေရောင်တွေ ပျောက်သွားတော့မယ် ထင်ပါရဲ့။

မခူးချင်စမ်းပါနဲ့။ ပိတောက်ရနံ့တွေကို အိပ်မက်ထဲထိ ရှိုက်သွင်းမိခဲ့သူဟာ ရွှေရောင်ဝင်းလက်ခဲ့တဲ့ ရင်ခုန်သံတွေကို လွယ်အိတ်အဟောင်းလေးနဲ့အတူ တိုင်မှာ ချိတ်ဆွဲထားလိုက်ပါကွယ်။ ပန်းတွေက မပွင့်ခင်ကတည်းက ပိတောက်လို့ သတ်မှတ်ခံခဲ့ရပြီ။ မကြွေခင်ကတည်းက ဟောင်းနှင့်ပြီ။ တဒင်္ဂတွေကို တဒင်္ဂထဲမှာပဲ သိမ်းထားလိုက်ပါ။ အသစ် အသစ် ခဏငယ်တွေတိုင်းဟာ ပြိုဆင်းနေတဲ့ နှလုံးသွေးတွေနဲ့အတူ လည်ပတ် စီးဆင်းသွားမှာပါ။

ဟိုမှာ…. ပိတောက်တွေ အခိုင်လိုက် အထွေးလိုက် မတားနိုင် မဆီးနိုင် တစစီ တဖဲ့စီ တစိမ့်စိမ့် သိမ့်သိမ့် လှိုက်ကြွေနေပြီးမှပဲကွယ်။ ရာသီတွေ အချိန်တွေ နေရာတွေ အမှားတွေ အလွဲတွေ… ထား.. ခဲ့.. တော့.. လေ။ နွမ်းကြွေခြင်းက လွတ်မြောက်ချင်ရင်တော့ ပန်းဘာသာစကားရဲ့ နယ်နိမိတ်ပြင်ပမှာပဲ ဖူးပွင့်စေလိုက်ပါကွယ်။ မခူးချင်စမ်းပါနဲ့။။


ပန်ဒိုရာ

(၂၀၀၉ ဒီဇင်ဘာလောက်က စတင်ရေးသား။ ၂၀၁၀ ဧပရယ် ၉ အချောသတ်။)

မှတ်ချက်။ ။ မခူးချင်စမ်းပါနဲ့ ဆိုသော စာသားကို ဆရာဇော်ဂျီ၏ ပိတောက်ပန်းကဗျာ ပထမဆုံးစာကြောင်းမှ ယူပါသည်။



Expand..

Thursday, April 8, 2010

Nothingness




Nothingness

ရှိခြင်းရဲ့ တဖက်မှာ
တဝေါဝေါ လည်ပတ်နေသော ၀ဲသြဃ
ပျားရည်ဆမ်းထားသော နာကျင်မှု အကြွင်းအကျန်များ
လက်ယပ်ခေါ်နေ။


မရှိခြင်းရဲ့ တဖက်မှာ
လက်နှစ်လုံးစာ ဖ၀ါးခြေရာရွရွ
စိုက်ထူ/လဲပြို/ယိုင်နဲ့/မြဲမြံခဲ့သော မိုင်တိုင်များ
တရိပ်ရိပ် ကျန်ရစ်ခဲ့။


ဒီချောက်ဟာ
ဘယ်လောက်နက်ပါသလဲ
ဆူညံ
အသံများ
ေ၀၀ါး
မျက်စိကို မှိတ်ချလိုက်စဉ်
လိုချင်မှုများ လိုအပ်မှုများမှ ကင်းဝေးရာဆီ။


ပန်ဒိုရာ

Expand..

Sunday, April 4, 2010

သံချပ်စပ်နည်း

သင်္ကြန် နီးလာပြီဆိုရင် သံချပ်တွေထိုးကြတာ မြန်မာ့ရိုးရာ ဓလေ့တစ်ခုပါ။ မိတ်ဆွေ တစ်ယောက်ကတော့ ပြောပါတယ်။ နောက်ဆိုရင် ကလေးတွေက သံချပ်ဆိုရင် သံချပ်ကာ ကား ပဲ သိတော့မယ် ထင်တယ်တဲ့။ မည်သို့ပင်ဖြစ်စေကာမူ ငယ်ငယ်ကတည်းက ဖေဖေ့ဆီက အမွေရထားတဲ့ ကဗျာဖွဲ့နည်း နိသျည်း ဆိုတဲ့ စာအုပ်ကလေးထဲက သံချပ်စပ်နည်းကို ထုတ်နုတ်ပြီး စာပြန်ရိုက်ပေးလိုက်ပါတယ်။ ဒီစာအုပ်ကို ဒီခေတ်မှာ ပြန်ထုတ်မထုတ် အသေအချာ မသိတဲ့အတွက် ရှားပါးပြီး အသုံးဝင်မယ်ထင်လို့ပါ။ သတ်ပုံတွေ အဖြတ်အတောက်တွေ က မူရင်းအတိုင်း ဖြစ်ပါတယ်။


သံချပ်စပ်နည်း
သံချပ်ဆိုသည်မှာ ရံခါရံခါ ယိုးဒယား သီချင်းကြီးများအတွင်းသို့၎င်း, ရံခါရံခါ အမည်မတူသည့် သီချင်း ၂ ခုတို့၏ အကြားသို့ ၄င်း ရံခါရံခါ အမည်မတူသည့် သီချင်း ၂ ခုတို့၏အကြားသို့၎င်း ဤသို့ စသည်ဖြင့် တပါးသော တေးသီချင်းတို့၏အတွင်းသို့ (အကြားသို့) ညှပ်ချပ်သွင်းပြီး တိုင်ကာဖောက်ကာဖြင့် သီဆိုရသောကြောင့် “သံချပ်” ဟုခေါ်ဆိုရလေသည်။ ၄င်းကိုရေးစပ်သောအခါ -
ဥပဒေ။
၁။ အတိုင်-အဖေါက် ဟူ၍ ၂-ပုဒ် ထားရမည်။
၂။ အတိုင်ကို ၇-လုံးထားပြီး, ၄-လုံး ၃-လုံး ခွဲနေစေ။
၃။ အဖေါက်ကို ၈-လုံးထားပြီး, ထက်ဝက်ခွဲနေစေ။


အထက်ပါ အင်္ဂါများနှင့် ပြည့်စုံအောင် စပ်ဆိုခဲ့ပါလျှင် သံချပ် ကဗျာဖြစ်လာနိုင်ပါတော့၏။ ။ ပုံစံကား -
(က) အတိုင်။ အပါးအောက်ကအထူခံ။
အဖေါက်။ ကုလားအပြန်-လိုက်မဲ့မိန်းမ။ ။
(ခ) တိုင်။ အင်္ကျီပါးနဲ့ - ခါးတထွာ၊
ဖေါက်။ ကစားစရာ-လှုပ်လှုပ် လှုပ်လှုပ်။ ။

အထက်ပါ သံချပ်တို့ကား ၁၃၀၀-ပြည့်နှစ် လောက်က မဟာမေဒင် ဘာသာဝင် ကုလားက,ပြား ဦးရွှေဖီဆိုသူ “မော်လ၀ီနှင့် ယောဂီစာတမ်း” စာအုပ်ကို ရေးသားမိမှုကြောင့် ကုလား-ဗမာ အဓိကရုဏ်းကြီး ဖြစ်ပြီးနောက် အင်္ကျီပါးဝတ်သည့် မိန်းမများကို ကဲ့ရဲ့ရှုံ့ချကာ ကုလားနှင့် ပေးစားပြီး ထိုးကြသော သံချပ်များမှ ကောက်နုတ်ချက်ဖြစ်သည်။

၎င်း၌ ပိုဒ်ရေနှင့် လုံးရေကို သိသာပါပြီ။ ကာရန်နေပုံမှာကား ပဌမ အတိုင်ပုဒ်မှ အဆုံးအက္ခရာနှင့် ဒုတိယ အဖောက်ပိုဒ်မှ ၄-လုံးမြောက် အက္ခရာတို့ကို ညီညွတ်စေရသည်။ ထို့ကြောင့် ပဌမ ပုံစံဝယ် “ခံ-ပြန်” ဟု ထားရသည်ကို သတိပြုပါ။

ဒုတိယ ပုံစံမှာမူ ပဌမပုံစံအတိုင်း လုံးရေနှင့် ကာရန်တို့ ညီညွတ်နေခဲ့သော်လည်း၊ ၎င်းကာရန်မှာ ပဌန ပုံစံကကဲ့သို့ ကာရန်ရိုးရိုးမျိုး မဟုတ်တော့ပေ၊ “ခါးတထွာ-ကစားစရာ” ဟု နဘေစပ်မျိုးဖြင့် စပ်ထားလေသည်။ ထို့ကြောင့်သဘောချင်း တူသော်လည်း အစပ်အဟပ် မတူသဖြင့် နည်း ၂-မျိုးသိစေရန် ပုံစံ ၂-မျိုးကို ထုတ်ပြလိုက်ရသည်။
x x x


ထိုမှတပါးလည်း ဒုတိယ အဖောက်ပိုဒ်ကို ဥပဒေအတိုင်း လုံးရေကို ထားမြဲထားပြီးလျှင် အစပ်-အဟပ်ကိုမူ တတိယမြောက် အလုံးနှင့်လည်း ကာရန်တူယူကာ စပ်-ဟပ်နိုင်လာပြန်ပါပေသည်။ ။
ပုံစံကား -
(က) တိုင်။ အင်္ကျီပါးနဲ့-ဇာဘော်ဒီ
ဖေါက်။ ငရွှေဖီနဲ့-ပြောပီးဆိုပီး။ ။
(ခ) တိုင်။ အင်္ကျီပါးနဲ့-မျက်ထားချို၊
ဖေါက်။ သက်ကြားအိုတောင် မကြိုက်မကြိုက်။ ။

ဤသို့လျှင် ပဌမအပိုဒ်မှ နောက်ဆုံး အလုံးဖြစ်သည့် “ဒီ” ကို ဒုတိယအပိုဒ်မှ ၃-လုံးမြောက် ဖြစ်သည့် “ဖီ” နှင့် စပ်ဟပ်နိင်ပြန်ကြောင်းကို မှတ်ကြလေဦး။ ။၎င်းမှာလည်း အထက်က ကဲ့သလို့ နဘေထပ် စပ်နိုင်ပြန်၏။ ဒုတိယတွင် “မျက်ထားချို-သက်ကြားအို” ဟု စပ်ထားသည်ကို သတိပြုလေ။

အဓိပ္ပါယ် စပ်နည်း
ထိုမှတပါးလည်း အဓိပ္ပါယ်စပ် သံချပ်စပ်နည်းဟူ၍ ရှိလာခဲ့ပြန်သေး၏။ ၎င်းမှာ စည်းမျဉ်းအတိုင်း နေစေပြီးလျှင် ကာရန်ကိုကား လုံးဝမယူတော့ဘဲ ရှေ့ကအတိုင်နှင့် နောက်က အဖောက်ကိုသာ အနက်အဓိပ္ပါယ် ဆီလျော်အောင် စပ်ဆိုရခြင်းမျိုး ဖြစ်၏။
ပုံစံကား -
(က) တိုင်။ ။အမေ့ချွေးမ-ပျောက်လို့ရှာ၊
ဖေါက်။ ။တွေ့ပြီ တွေ့ပြီ သူဘဲသူဘဲ။ ။
(ခ) တိုင်။ ။ သူ့သ္မီးကို-ပက်မယ်ကြံ၊
ဖေါက်။ ။ သူ့အမေက-ကာဆီးကာဆီး။ ။

အထက်ပါ ပုံစံတို့၌ လုံးရေနေပုံ တချက်စာ ဥပဒေ အတိုင်းထားတော့၏။ အစပ်-အဟပ်, ကာရန်ဟူ၍ လုံးဝမရှိတော့ပေ။ သို့သော် အတိုင်, အဖောက် ၂-ပိုဒ် ပေါင်း၍ အနက်အဓိပ္ပါယ်ကို ယူလိုက်ပြန်သောအခါ၌မူ၊ ရှေ့နောက်ဆီဆိုင်ပြီး ညီညွတ်နေသည်ကိုကား တွေ့ရသဖြင့် ဤကဲ့သို့လည်း စပ်ဟပ်နိုင်သေးသည်ဟု မှတ်ယူရမည်။

ရယ်ရွှင်ဘွယ်စပ်နည်း
၎င်းပြင် ရယ်ရွှယ်ဘွယ် သံချပ်စပ်နည်း ဟူ၍လည်း ရှိလာသေး၏။ ၎င်းမှ လုံးရေနှင့် ကာရန်ကို ဥပဒေအတိုင်း ထားသော်လည်း၊ အနက်အဓိပ္ပါယ်မှာ ရှေ့နောက်မဆီဆိုင်, အကြောင်းယုတ္တိ မရှိနှင့် ကမောက်ကမ ဖြစ်ကာ ရယ်ရွှယ်ဘွယ်ကောင်းသည့် အချက်တချက်ကိုသာ ရည်ရွယ်၍ စပ်ဆိုရခြင်းမျိုး ဖြစ်၏။ ။ ပုံစံကား-
(က) တိုင်။ ။ ဘဲဥနှစ်လုံး အပြုတ်ကြော်၊
ဖေါက်။ ။ ပျာတာကတော် ဆောင်းတဲ့ဦးထုပ်။ ။
(ခ) တိုင်။ ။သိကြားမင်းက-လိပ်ယောင်ဆောင်၊
ဖေါက်။ ။ ဆိတ်ဖိုနှစ်ကောင်-ထိုးတဲ့ခုံညှင်း။ ။

အထက်ပါသံချပ်မျိုး၌ လုံးရေနှင့် ကာရန်တို့မှာ ဥပဒေနှင့် ညီညွတ်စွာရှိနေခဲ့သော်လည်း၊ ရှေ့နောက် ၂-ပိုဒ်ကို စပ်၍ အဓိပ္ပါယ်ယူလိုက်သောအခါ တပိုဒ်နှင့်တပိုဒ်မှာ မည်သို့မှ မဆက်စပ်ဘဲ နေခဲ့သဖြင့်၊ ရယ်ရွှင်ဘွယ် အရာမျိုး၌သာ အသုံးပြုရတော့၏။ ။ ရှေးခေတ်သမယကလည်း ဤသံချပ်မျိုး ရှိခဲ့ဘူးသည်သာ ဖြစ်လေသည်။

ဤသို့လျှင် “သံချပ်” စပ်နည်းများကို မှတ်ယူကြရာသည်။ သံချပ်ကဗျာကို စ၍တည်ထွင်ခဲ့စဉ်က ရှေး၌ဖော်ပြထားခဲ့သည့်အတိုင်း တပါးသော သီချင်းတို့အတွင်းသို့ ညှပ်သွင်းပြီး ထိုး,ကြ ဆို,ကြဘို့ရန်သာ ဖြစ်ခဲ့သော်လည်း၊ ယခုခေတ် အခါ၌မူကား ထိုသို့ မဟုတ်တော့ဘဲ သံချပ်ချည်း သက်သက်ကိုသာ ထိုး,ကြလျက် ဒိုးပတ်ဝိုင်း, အိုးစည်ဝိုင်းတို့၌ များစွာ အသုံးပြုခဲ့လေတော့သည်။

(ဦး) တင့်ဆွေ ရေးသားသော ကဗျာဖွဲ့နည်း နိသျည်း ကျမ်း (၁၉၆၄ တတိယအကြိမ်ထုတ်) မှ။

(ဒါနဲ့ ဘလော့ဂ်ထဲမှာတော့ ရွှေပြည်ဝေး မဏ္ဍပ် ဆိုပြီး သံချပ်တွေ ထိုးမယ့် စင်တစ်စင် တွေ့ထားတယ်။ ဒီဘလော့ဂ်မှာပါ။ ဘယ်သူုမဆို ဆင်နွှဲနိုင်ပါသတဲ့။ မနှစ်ကလည်း လုပ်ခဲ့ပါသေးတယ်။)

Expand..

Thursday, April 1, 2010

ဧပရယ်လ်ဖူးလ်တွေ သတိထား

ဧပြီလ ၁ ရက်နေ့ကို ရောက်ခဲ့ပြန်ပြီ။ ၂၀၀၈ နဲ့ ၂၀၀၉ ခုနှစ်တွေက April Fool နဲ့ ပတ်သက်တဲ့ ပို့စ်တွေတင်ခဲ့တယ်။ ဒီနှစ်တော့ အလုပ်များနေတာမို့ ဘလော့ဂ်ထဲမှာ April Fool လုပ်ကြမယ့် တခြားသူတွေ feeling ငုပ်သွားအောင် သတိပေးလိုက်မယ်။ :)

ဟိုလင့်ခ် ဒီလင့်ခ်တွေ ပေးရင် သတိထားကြပါ။ ဘလော့ဂ်ရေးခြင်းက ရပ်နားပါပြီတို့ ဘာတို့ ဒီနေ့အဖို့ မူလကျီလုပ်သူတွေကို လျစ်လျူရှုလိုက်ပါ။ နှစ်တိုင်းမှာ သေပြီဆိုပြီး ကောလဟလတွေနဲ့ မြို့မေတ္တာခံယူနေသူတွေ သွားရှာပြီလို့ sms တွေရလာရင်လည်း တကယ်မမှတ်ပါနဲ့။ သံရုံးမှာ အခွန်မဆောင်ရတော့ဘူး ဆိုတဲ့ forward mail တွေရရင်လည်း မယုံကြပါနဲ့။ တချို့ကျတော့လည်း ဘယ်လိုမှ မထင်ရအောင် တီတီထွင်ထွင် နောက်တတ်ကြတယ်။
Expand..

Expand..