Friday, January 30, 2009

ကျိုက်ထီးရိုး

စာရေးဖို့ မအားတာနဲ့ ဓာတ်ပုံတွေ တင်လိုက်ပါတယ်။ ကိုယ်တိုင်သွားတာတော့ မဟုတ်ပါဘူး။ အိမ်ကပို့လိုက်တာတွေပါ။ ဘာဖြစ်ဖြစ်လေ မရောက်တာ ကြာသူများအတွက် အလွမ်းပြေ ကြည့်ရတာပေါ့။














Expand..

Monday, January 26, 2009

သံလွင်အိပ်မက် အတွဲ (၃) အမှတ် (၁)




သံလွင်အိပ်မက် အတွဲ (၃) အမှတ် (၁) ထွက်ပါပြီ။

ဒီတစ်ခေါက်ထုတ်တဲ့ သံလွင်အိပ်မက်ကတော့ ပညာရေးကဏ္ဍကို Theme အဖြစ် အဓိကထား ရေးသားထားတယ်လို့ သိရပါတယ်။

အယ်ဒီတာတစ်ဦး ဖြစ်တဲ့ ဘလော့ဂါ နေဘုန်းလတ်ရဲ့ "သင်ရိုးမရှိတဲ့ကျောင်း" ဆိုတဲ့ ကဗျာအသစ် တစ်ပုဒ်နဲ့အတူ သံလွင်မှာ ရေးနေကျ ၀ိုင်းတော်သားရဲ့ လက်ရာတွေ၊ ကလောင်ရှင်အသစ်တွေရဲ့ လက်ရာတွေကို ဖတ်ရှုကြရမှာဖြစ်ပါတယ်။ မြန်မာပြည်က အထက်တန်း ကျောင်းသားတွေကို ပညာရေးနဲ့ ပတ်သက်လို့ စစ်တမ်းကောက်ထားတာတွေကလည်း အထူးစိတ်ဝင်စားစရာပါ။

ပန်ဒိုရာ ရေးထားတဲ့ "သွေးစုပ်ဖုတ်ကောင်" လို့ အမည်ရတဲ့ ကဗျာ တစ်ပုဒ်နဲ့ "မင်္ဂလာညချမ်းမှာ" ဆိုတဲ့ ၀တ္ထုလေး တစ်ပုဒ် ကိုလည်း ဖော်ပြထားပါတယ်။ ဘလော့ဂ်မှာ မတင်ရသေးတဲ့ အသစ်ပါ။ အောက်မှာ နမူနာ ပေးလိုက်ပါတယ်။ (ဓာတ်ပုံလေးတစ်ပုံကိုလည်း ဓာတ်ပုံကဏ္ဍမှာ ဖော်ပြထားပါတယ်။)


“သွေးစုပ်ဖုတ်ကောင်”

တူတစ်လက်
သစ်သားစို့ကြီးတစ်ချောင်းနဲ့
သူတို့ကိုအရှာထွက်တယ်။

အမှောင်ထဲမှာ
သေနတ်နဲ့ပစ်ပစ် မီးနဲ့ရှို့ရှို့
မသေနိုင်တဲ့ကောင်တွေဟာ
နေရောင်ခြည်ရဲ့အလင်းကိုတော့ ရင်မဆိုင်ရဲကြဘူး….

ဒီမှာ ဆက်ဖတ်ပါ။


"မင်္ဂလာညချမ်းမှာ"

နှိုးစက်သံ ကလင်ကလင် က မျက်နှာလေး မှောက်ပြီး အိပ်ပျော်နေတဲ့ သူမကို နိုးထစေခဲ့တယ်။ ညနေ ၅ နာရီထိုးပြီ။ ရေချိုးခန်းထဲ အ၀င် မှန်မှာမြင်နေရတဲ့ မျက်နှာကို ကြည့်ရင်း စိတ်တိုင်း မကျတကျ ခေါင်းခါယမ်းလိုက်တယ်။ အခုလို တစ်နာရီလောက် မှောက်အိပ်လိုက်တော့ ညိုနေတဲ့ မျက်ကွင်းနေရာကတော့ နည်းနည်း ပြည့်သွားတာပေါ့။ ဒါပေမယ့် နည်းနည်းဖောင်းတင်းစ ပြုနေတဲ့ မျက်နှာအောက်ပိုင်းက မေးနှစ်ရစ် ဖြစ်ချင်နေတာက ပို ထင်ရှားသွားသလိုလို…။

ဒီညနေမှာ သူမရဲ့ ကျောင်းနေဘက် သူငယ်ချင်း မောင်မောင်ရဲ့ မင်္ဂလာဧည့်ခံပွဲကို သွားရမယ်လေ။ မင်္ဂလာဆောင်တွေ သွားလိုက်တိုင်း .. “သူများတွေကို လက်ဖွဲ့ရတာ အရှုံးတွေချည်းပဲ ဖြစ်နေပြီနော်။ အပျိုကြီးအလှည့်က ဘယ်တော့လဲ” ဆိုတဲ့ရယ်မော နောက်ပြောင်သံတွေဟာ စိတ်မဆိုးနိုင်တော့လောက်အောင်ကို ရိုးအီလှပြီ။ တခါတခါ စိတ်စေတနာ လွန်ကဲတဲ့ သူငယ်ချင်းတွေက လွတ်လပ်သူ တယောက်ယောက်နဲ့ စားပွဲတ၀ိုင်းတည်း မဆုံဆုံအောင်ချ မိတ်ဆက်ပေးတာ လှော်ပေးကြတာတွေကို ရှောင်ရတိမ်းရတာလည်း စိတ်ညစ်လှပြီ။ တစ်ယောက်တည်း နေထိုင်တဲ့ဘ၀ရဲ့ လစ်ဟာမှုတွေရယ် တစုံတယောက်နဲ့ အတူနေထိုင်ရမယ့် ဘ၀ရဲ့ ဖိစီးမှုတွေရယ် ကို ချိန်ထိုးနေရင်းနဲ့ပဲ ဒီအရွယ်တိုင်ခဲ့ပြီလေ။

ဒီမှာ ဆက်ဖတ်ပါ။


Type the rest of your post here.

Expand..

Saturday, January 24, 2009

ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး




ရှပ်အင်္ကျီအနီကွက် ၀တ်ထားသော ကောင်မလေးတစ်ယောက်ကို ကျွန်တော် သိခဲ့တာ ဆယ်နှစ် ကျော်ပါပြီ။ တကယ်တော့ ထိုကောင်မလေးနှင့် ကျွန်တော် စတင် တွေ့ဆုံဖူးတာ သည့်ထက် စောလျှင်လည်း စောနိုင်သည်။ ကျွန်တော် သူမကို စပြီး သတိထားမိတာကတော့ လွန်ခဲ့သော ဆယ်နှစ်ကျော်က မိုးဖွဲဖွဲရွာနေသော နေ့လည်ခင်း တစ်ခုတွင် ဖြစ်ပါသည်။

ထိုနေ့က သူမသည် ရှပ်အင်္ကျီ အနီကွက်ကလေး တစ်ထည်ကို အနက်ရောင် လုံချည်ခပ်တိုတိုဖြင့် တွဲဖက်ဝတ်ဆင်ထားသည်။ သော့ချိတ်ကလေး လေးငါးခု တို့လို့တန်းလန်း ချိတ်ထားသော ကျောပိုးအိတ် မီးခိုးရောင်တစ်လုံးကို ပခုံးတွင် လွယ်ထားခဲ့သည်။ မိုးဒဏ်မှ ကာကွယ်ရန် ပလစ်စတစ်အကြည်စ အောက်မှာ ဖြန့်ခင်းထားသော စာအုပ်အဟောင်းများကို ဟိုလှန်ဒီလှန် နာရီဝက်လောက်လုပ်ရင်းမှ စာအုပ်တစ်အုပ်ကို ကောက်ကိုင်ကာ ဒီစာအုပ်က ဘယ်လောက်လဲ ဟု ကျွန်တော့်ကို မေးပါသည်။ သည်လောက်ဆိုလျှင် ကျွန်တော်က ရန်ကုန်မြို့၏ လူစည်ကားသော ပန်းဆိုးတန်း လမ်းဘေးတနေရာဝယ် စာအုပ်အဟောင်းရောင်းသူတစ်ဦး ဖြစ်ကြောင်း ခင်ဗျားတို့ကို သီးသန့်ရှင်းပြစရာ မလိုတော့ဘူး ထင်ပါသည်။

သူမ ကိုင်ထားသော စာအုပ်မှာ ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေး ဘ၀ဇာတ်ကြောင်း ရှားပါး စာအုပ်တစ်အုပ်။ စာအုပ်မှာ ဈေးနှုန်း ရေးမထားခဲ့ပါ။ သူမ၏ မျက်နှာကို ကျွန်တော်က ဖြတ်ခနဲ အကဲခတ်လိုက်ပါသည်။ အခြယ်အသ ကင်းစင်သည့် မျက်နှာပြောင်ပြောင်လေးဝယ် မိုးရေစွတ်စိုနေသော ဆံနွယ်ပျော့ပျော့များ တ၀က်တပျက် ဖုံးလွှမ်းနေသည့် မျက်လုံးများထဲတွင် ဈေးများ သိပ်ကြီးနေမလားဟု စိုးရိမ်ပူပန်မှု အရောင်ကလေးကို ဖမ်းမိလိုက်သည်။ ကျွန်တော် ဘာရယ်မဟုတ် ရောင်းနေကျ ဈေးနှုန်းထက် ထက်ဝက်ကျော် ကို လွှတ်ခနဲ ပြောလိုက်ပါသည်။ သူမ မျက်လုံးကလေးများ ဟန်မဆောင်ပဲ ၀င်းလက်ကာ ပြုံးသွားပုံက ကျွန်တော့်ကိုပါ အလိုလို လိုက်ပြုံးသွားစေပါသည်။

“ဟော.. ဈေးသက်သာလို့ ပျော်သွားတယ် မဟုတ်လား။ တကယ်ကို တန်ပါတယ် ခင်ဗျား။ ဘာမှ စဉ်းစားမနေနဲ့။ ၀ယ်ဖြစ်အောင် ၀ယ်သွားပါနော်။”

သည်လို ခပ်သောသော ပြောဖြစ်လိုက်ပါသည်။ သူမ ကျိတ်ပျော်သွားကြောင်း ကျွန်တော်က သတိထားမိလိုက်သည်ကို ရှက်သွားလေသလား။ ဟီး.. ဟု ပခုံးလေးတွန့်ကာ တစ်ချက်ရယ်လိုက်ရင်း ကျသင့်ငွေကို ထုတ်ပေးပါသည်။ ကျေးဇူးပဲ ဟုပြောကာ ထွက်သွားသော သူမကို ကျွန်တော် ခဏငေးကြည့်နေမိပါသည်။

နောက်ပိုင်းတွင် သူမသည် ကျွန်တော့်ဆိုင်ရှေ့က အနည်းဆုံး တစ်ပတ်လျှင် တစ်ခါ နှစ်ခါလောက် ဖြတ်လျှောက်သွားလေ့ ရှိသည်ကို ကျွန်တော် သတိထားမိပါသည်။ တခါတလေလည်း ကျွန်တော့်ဆိုင်မှ စာအုပ်အချို့ကို သူမ ၀ယ်ဖြစ်သည်။ သူမသည် ကျွန်တော်တို့ဆိုင်များရှေ့မှ ဖြတ်ပြီး လမ်းလျှောက်လျှင် မျက်နှာလေး တခြမ်းစောင်းအောင် စာအုပ်များကို ငေးမောရင်းမှ ခပ်သုတ်သုတ် လျှောက်လေ့ရှိသည်။ တခါတလေ စာအုပ်များကို ငေးရင်း ရှေ့ကလာသူများကို သူမက လမ်းပိတ်မိနေသည့်အခါ သို့မဟုတ် ၀င်တိုးမိသည့်အခါမျိုးမှာ ကျွန်တော့်ဘာသာ ကျိတ်ရယ်မောမိသေးသည်။ သူမကတော့ အမှတ်မထင်ပင်။ ကျွန်တော့်ကိုလည်း သေသေချာချာတော့ သတိထားမိဟန် မတူပါ။

သူမမှာ အ၀တ်အစား များများစားစား မရှိလို့ပဲလား ကြိုက်နှစ်သက်လွန်းလို့ပဲလား တော့ မသိပါ။ ကျွန်တော်စသတိထားမိသည့်နေ့က ၀တ်ဆင်ခဲ့သော ရှပ်အင်္ကျီအနီကွက်ကလေးကို မကြာခဏ ၀တ်ဆင်လေ့ရှိပါသည်။ ကျွန်တော်က သူမကို ရှပ်အင်္ကျီအနီကွက်နှင့် ကောင်မလေးဟုသာ အလွယ်တကူ မှတ်ထားလိုက်ပါသည်။

ပန်းဆိုးတန်း ရုံးကြီး မီးလောင်တော့ ကျွန်တော်တို့လည်း ခေတ္တ ကစဉ့်ကလျား ဖြစ်ခဲ့ကြသည်။ နောက်တော့ ၃၇ လမ်း ခင်ထွေးရီ မုန့်ဟင်းခါးဆိုင် မျက်စောင်းထိုးလောက်တွင် ကျွန်တော့်ဆိုင်ကလေး ယာယီ နေရာယူခဲ့ပါသည်။ အဲသည်မှာ မနက်စောစော ဆိုင် ခင်းကျင်းနေတိုင်း သူမကို နေ့စဉ်လိုလို တွေ့ရပါတော့သည်။

သူမသည် စာအုပ်အချို့ထည့်ထားသော ပလတ်စတစ်ဖိုင် အပြာရောင်လေးကို ဖြစ်စေ ကျောပိုးအိတ် တစ်လုံးကိုဖြစ်စေ သယ်ဆောင်ကာ မနက် ခုနစ်နာရီ မထိုးခင်လောက် ဆိုလျှင် ခင်ထွေးရီ မုန့်ဟင်းခါး ဆိုင်ထဲသို့ ခပ်သွက်သွက် ၀င်သွားမည်။ ဆယ့်ငါးမိနစ်လောက် ကြာလျှင် ပြန်ထွက်လာမည်။ ကျွန်တော်တို့ ဆိုင်တွေ ဘက်ကို ငေးမည်။ စာအုပ်တစ်အုပ်နှစ်အုပ် ကောက်ကိုင်ကြည့်လျှင် ကြည့်မည်။ ပြီးလျှင်တော့ ဟိုဘက် ၃၈ လမ်းထဲကို ၀င်သွားမည်။ သင်တန်းတစ်ခုခု တက်နေသည်ဟု ကျွန်တော်ထင်မိပါသည်။ သူမကို မြင်ရသည်မှာ အမြဲတန်း ပြေးပြေးလွှားလွှား ခပ်သုတ်သုတ်။

ပူပြင်းခြောက်သွေ့သော နေ့လည်ခင်းတစ်ခုတွင် ကျွန်တော် အနည်းငယ် ငိုက်မျည်းနေစဉ် ကတ္တီပါ ဖိနပ် ကြက်သွေးရောင်လေး ၀တ်ထားသော ခြေဖမိုးတစ်စုံက ကျွန်တော့်ရှေ့မှာ လာရပ်ပါသည်။

“ ဒီစာအုပ်က ဘယ်လောက်လဲဟင်။”

ကျွန်တော် မော့ကြည့်လိုက်တော့ ကောင်မလေး ကို တွေ့လိုက်ရသည်။ လင်းယုန်မောင်မောင် ရေးသော ဟစ်တလာ ဆိုသည့် စာအုပ် ကို သူမက ညွှန်ပြနေသည်။ စာအုပ်က ပထမအကြိမ်ထုတ်။ ဒါပေမယ့် အတော်ကို လတ်လတ်ဆတ်ဆတ် ရှိသေးသည်။ ကျွန်တော်က စာအုပ်ကို လှန်လိုက်ပြီး ပထမစာမျက်နှာ ပေါ်တွင် ရေးထားသော ဈေးနှုန်းကို ပြလိုက်ပါသည်။ သူမက မျက်ခုံးတွန့်သွားပြီး များလိုက်တာ ဟု ခပ်တိုးတိုး ဆိုသည်။ သူမ လက်ထဲတွင်တော့ စာအုပ် လေးငါးအုပ်ကို ကျွပ်ကျွပ်အိတ်ပါးလေးဖြင့် ထည့်ထားပါသည်။

“ဘာစာအုပ်တွေ ၀ယ်လာလဲ အစ်မ။”

ကျွန်တော်က ဘာရယ်မဟုတ် လှမ်းမေးလိုက်ပါသည်။ သူမက ခွေးခြေပုလေးပေါ်တွင် ထိုင်ရင်း စာအုပ်များကို ထုတ်ပြပါသည်။ English For All ကတစ်အုပ်၊ မောင်သိန်းဇော်၏ ကဗျာစာအုပ်။ ဗန်းမော်တင်အောင်၏ မြန်မာ့သမိုင်းစာအုပ်။ ကွန်ပျူတာနှင့် ပတ်သက်သော စာအုပ်တစ်အုပ်။ သြော်.. လိုင်းတော်တော် စုံတာပဲ။ ကျွန်တော်က ကောက်ချက်ချလိုက်ပါသည်။ ထိုနေ့က သူမ ပေါ့ပေါ့ပါးပါး ဖြစ်နေဟန် တူသည်။ ကျွန်တော့်ကို ဟိုဟိုသည်သည် စကားလျှောက်ပြောနေသည်။ စာအုပ်ဟောင်းတွေ ဘယ်လို ၀ယ်ရသလဲ။ စာအုပ်တွေက အချိန်ကြာလာရင်လည်း ဈေးက တက်တက်နေတာပဲ။ အရှုံးမရှိတဲ့ အလုပ်ပဲ ဟု အားပေးသလို ပြောပါသည်။

ကျွန်တော်ကလည်း တချို့စာအုပ်တွေက ဒုတိယအကြိမ် တတိယအကြိမ် ထပ်ထပ် ပုံနှိပ်လာနိုင်ကြောင်း။ အဲသည့်အခါ ဆိုလျှင် ကျွန်တော်တို့ သတ်မှတ်ထားသည့် ဈေးက များနေလျှင် ၀ယ်သူမရှိနိုင်ကြောင်း။ ဒါကြောင့် ပြန်ထုတ် စာအုပ်ဈေးကွက်ကိုလည်း အမြဲ သတိထားနေရကြောင်း။ တခါတလေကျတော့လည်း စာအုပ်အသစ်ရောင်းသော ဆိုင်များဖြစ်သည့် အမေ့အိမ် ပညာရွှေတောင် လို ဆိုင်ကြီးများက ထင်ရှားသော စာအုပ်အဟောင်းများကိုပါ အဖုံးကျကျနန ဖုံးကာ စင်တင်ရောင်းလာသဖြင့် ကျွန်တော်တို့နှင့် ပြိုင်ဖက်လို ဖြစ်လာကြောင်း။ ကျွန်တော်တို့ထံ စာအုပ်ဟောင်း လာသွင်းသူများကလည်း ဈေးပိုပေးနိုင်သော ထိုဆိုင်ကြီးများထံ တချို့ရောက်သွားကြကြောင်း။ စာအုပ်အဟောင်း ရောင်းရာတွင် ကျွန်တော်ကတော့ သီးသန့် တစ်လိုင်းယူကာ သမိုင်းစာအုပ်တွေ ရောင်းတာများကြောင်း.. စသည်ဖြင့် ရှင်းပြမိပါသည်။

သူမ ပြန်ထွက်ခါနီးတွင် ဒီစာအုပ် မ၀ယ်တော့ဘူးလား ဟု ဟစ်တလာ စာအုပ်ကို ကိုင်ကာ လှမ်းမေးတော့ သူမက ဒီနေ့ဝယ်တာ များသွားပြီ။ ဒီစာအုပ်က ဈေးလည်းများတယ် မ၀ယ်နိုင်တော့ဘူး ဟု ဆိုကာ ထွက်သွားပါသည်။ နောက်တော့ ၀ယ်ပေါ့ အစ်မရယ် ကျွန်တော် ဖယ်ထားလိုက်မယ် ဟု ကျွန်တော်က လှမ်းအော် ပြောလိုက်သေးသည်။ ထိုနေ့က နေပူကျဲကျဲထဲတွင် ဖုန်မှုန့်များကင်းစင်သော လတ်ဆတ်သည့် လေနုအေး တချို့က ကျွန်တော့်ကို အေးမြစေခဲ့ပါသည်။

အဲဒီနေ့ကစ၍ သူမကို ကျွန်တော် နောက်ထပ် မတွေ့ခဲ့တာ အတော်ကြာသွားခဲ့သည်။ နှစ်နှစ်ခွဲခန့် ကြာသွားသည် ထင်ပါသည်။ ထိုနေ့က ကိစ္စတစ်ခုရှိ၍ ဆိုင်ကို သူငယ်ချင်းနှင့် အပ်ကာ ကျွန်တော် ခဏထွက်သွားခဲ့ပါသည်။ ပြန်ရောက်လာတော့ ကျွန်တော့်ဆိုင်မှာ စာအုပ်များ လှန်လှောကြည့်နေသော သူမကို တွေ့လိုက်ရသည်။ သူမသည် ယခင်ကထက် ပိုမိုသပ်ရပ်ကာ အများကြီး ကြည့်ကောင်းလာပါသည်။ ကျောပိုးအိတ်ကို လွယ်မထားပါ။ စလင်းဘက်တစ်လုံးကို လွယ်ထားသည်။ ကျွန်တော့်ကို မြင်တော့ ပြုံးကာ သြော် … ဒါက အစ်ကို့ဆိုင်လား ဟု ပြောသည်။ ဟုတ်.. ပျောက်နေတယ် နော်.. ဟု ကျွန်တော်က ဆိုတော့ ဟုတ်တယ်။ မြန်မာပြည်မှာကို မရှိတာ ဟု သူမက ပြန်ပြောပါသည်။

အစ်မက အပြင်ထွက် နေတာကိုး၊ အလုပ် သွားလုပ်တာလား ဟု ကျွန်တော်က စပ်စုလိုက်သည်။ ကျောင်းတက်နေတာလေ ဟု ပြန်ဖြေပါသည်။ သြော်… ကျွန်တော်နှင့် နောက်ဆုံးတွေ့ခဲ့စဉ်က သူ နိုင်ငံခြားသွားတော့မယ် ဆိုတာ ကျွန်တော့်ကိုပြောမသွားပါလား ဟုတွေးလိုက်မိသည်။ ပြီးမှ ကျွန်တော့်ကို ဘာမို့လို့ သူမက သတိတရ ပြောသွားရမှာလဲလေ ဟု ပြန်တွေးလိုက်ပါသည်။

ဆိုင်တွေကလည်း နေရာ ပြောင်းနေတယ်နော် ဟု သူမက ဆိုလာပါသည်။ ကျွန်တော့်ကိုတော့ ဒီနားမှာ လူတိုင်းသိပါတယ်။ ကျွန်တော်က ဂျင်းဘောင်းဘီ အမြဲဝတ်တယ်။ ဂျင်းဘောင်းဘီ ၀တ်ပြီး သမိုင်းစာအုပ်တွေ ရောင်းတဲ့ တစ်ယောက်လို့သာ မေးလိုက်ပါ။ အမြဲရှိနေပါတယ် ဟုပြောလိုက်တော့ သူမက ပြုံးပြီး ဟုတ်ပါပြီလေ ဟုသာ ဆိုပါသည်။

သူမ ထွက်သွားပြီးမှ ကျွန်တော်သိမ်းထားသော ဟစ်တလာ စာအုပ်ကလေးကို သတိရသည်။ ၀ယ်ဦးမှာလားဟင်။ ကျွန်တော် မမေးမိခဲ့။ ဒီအချိန်လောက်ဆိုလျှင် တနေရာရာက သူမ ဖတ်ပြီးရောပေါ့။ ဒါမှမဟုတ် ဒီစာအုပ်ကို စိတ်မ၀င်စားတော့တာလည်း ဖြစ်ချင်ဖြစ်မည်။ အပြင်ကို ထုတ်လိုက်မည် စိတ်ကူးပြီးမှ စာအုပ်ကို ကျွန်တော် ပြန်သိမ်းထားလိုက်ပါသည်။

နှစ်တွေ အလီလီ ဖြတ်သန်းသွားပြန်သည်။ ဒီကြားထဲမှာ ကျွန်တော့်ဆိုင်ရှေ့မှ ဖြတ်သွားသော သူမကို ကျွန်တော် တခါတလေ ရိုးတိုးရိတ်တိတ် တွေ့မိသလိုလို။ သူမ နိုင်ငံရပ်ခြား တနေရာရာမှာပဲ ဆက်နေဖြစ်မလား။ တစ်နှစ်တစ်ခါလောက် ဖြစ်ဖြစ် အိမ်ပြန်မလာဘူးလား။ မြန်မာပြည် ပြန်ရောက်တိုင်း ကျွန်တော့်ကိုတော့ တခုတ်တရ လာနှုတ်ဆက်စရာ အကြောင်းမရှိပါ။

သည်လိုနှင့် ကျွန်တော်တို့ မြို့ကြီးလည်း ပိုဟောင်းနွမ်းလာသည်။ ပလက်ဖောင်းတွေမှာ အပေါက်အပြဲတွေ ပိုများလာသည်။ ကျွန်တော်က စာအုပ်အဟောင်း ရောင်းနေဆဲ။ ကျွန်တော့် သူငယ်ချင်းတချို့ မလေးရှားမှာ အလုပ်သွားလုပ်ကြသည်။ ကျွန်တော်က စာအုပ်အဟောင်း ရောင်းနေဆဲ။ ကုန်ဈေးနှုန်းတွေ တက်တက် လာသည်။ လမ်းထဲက ပတ်စပို့ရုံးမှာ လူတွေ ပိုတန်းစီလာသည်။ ကျွန်တော်ကတော့ စာအုပ်အဟောင်းတွေ ရောင်းနေဆဲ။

လွန်ခဲ့သည့် ခြောက်လခန့်က အမေ့အိမ် စာအုပ်ဆိုင်ထဲမှ ထွက်လာသော သူမကို အမှတ်မထင် တွေ့လိုက်ရပါသည်။ သူမသည် ရှပ်အကျီင်္ အနီကွက်ကလေး ၀တ်မထားခဲ့ပါ။ အပွင့်အခက်များပါသည့် မိန်းကလေး အင်္ကျီတစ်ထည်ကို အချိုးကျ လှပစွာ ၀တ်ဆင်ထားခဲ့ပါသည်။ အသားတွေ တော်တော်ဖြူပြီး အတော်ကလေးလည်း ပြည့်လာခဲ့ပြီ။

ကျွန်တော်က အစ်မ အစ်မ ဟု လိုက်ခေါ်တော့ သူမက လှည့်ကြည့်ပြီး မှတ်မိသလို ပြုံးပြပါသည်။ ဆိုင်ဖွင့်နေသေးလား ဟုမေးပါသည်။ ဟုတ်တယ် အစ်မ.. စာအုပ်အဟောင်းတွေ လိုက်ရှာနေသေးလားဟင်။ ကျွန်တော်က မေးတော့ သူမက လက်ထဲက စာရွက်ပိုင်းကလေးကို ထုတ်ပြပါသည်။ စာအုပ်စာရင်း ဖြစ်ပါသည်။ ကျွန်တော်က ကြည့်လိုက်ပြီး သူမ လိုချင်သော စာအုပ်များ ကျွန်တော့်ဆိုင်မှာ မရှိကြောင်း ပြောသည့်အခါ သူမ စိတ်ပျက်သွားပုံ ပေါ်သည်။

အစ်မ.. ကျောင်းပြီးသွားပြီလား။ ကျွန်တော်က မေးမိပါသည်။ သူမက တချက်ရယ်ကာ.. ပြီးတာကြာမှပေါ့။ အခု ဟိုမှာပဲ အလုပ်လုပ်နေတယ်လေ ဟု ပြောပါသည်။

ပလက်ဖောင်းဘေးမှာ ရပ်ထားသော ကားတစ်စီး၏ ပြူတင်းပေါက်ဝယ် လူတစ်ယောက်က ခေါင်းပြူကြည့်နေသည်။ သူမက ကျွန်တော့်ကို လက်ပြပြီး ထိုကားကလေးပေါ် တက်သွားပါသည်။ နောက်နေ့မှ ပြန်လာရှာဦးမယ် ဟု ပြောသွားသလို ခပ်သဲ့သဲ့ ကြားလိုက်ပါသည်။ ထိုနေ့နောက်ပိုင်း သူမကို ကျွန်တော် ယခုအထိ မတွေ့ဖြစ်တော့ပါ။

ဒီဇာတ်ကြောင်းက ဒီလောက်သာ ဖြစ်ပါသည်။ ဒါပဲ လား။ အချိုးအကွေ့ အလှည့်အပြောင်း တွေ စိတ်လှုပ်ရှားစရာတွေ ဖြစ်လာဦးမှာလား ဟု ခင်ဗျားတို့ ဆက်တွေးနေမည်လား။ ကျွန်တော်တို့ဘ၀မှာ စိတ်လှုပ်ရှားစရာတွေများ ရှိလာဦးမှာလား။ ကျွန်တော်လို မသေမချင်း လမ်းဘေးမှာ စာအုပ်အဟောင်း ရောင်းနေသူ တစ်ယောက်နှင့် တိုးတက်နေသော နိုင်ငံခြားရောက် ကောင်မလေး တစ်ယောက်အဖို့ ဒီ့ထက်ပိုပြီး ဘာဇာတ်လမ်းမှ ရှိလာစရာ အကြောင်းမရှိပါ။ ကျွန်တော်က စာအုပ်အဟောင်းတွေ ဆက်ရောင်းနေဦးမည်သာ။

ရှပ်အင်္ကျီအနီကွက် ၀တ်ထားသော မိန်းကလေးများကို တွေ့တိုင်း သူမ လား ဟု ကြည့်မိတတ်သည်။ ယခုလည်း ဒီဇာတ်ကြောင်းကိုလည်း မှတ်မှတ်ရရ ပြန်ပြောမိပါသည်။ အဲဒါဟာ ဘာကြောင့်များလဲ။ ခင်ဗျားတို့ လူတိုင်း ပြောပြောနေကြသော လှလှပပ အရာတစ်ခု ကဗျာဆရာ စာရေးဆရာများ အမြဲဖွဲ့နွဲ့ကြသည့် အရာတစ်ခု ဟုတ်မဟုတ် ကျွန်တော် ဘယ်တုန်းကမှ တွေးမကြည့်ခဲ့ဖူးပါ။ တွေးလည်း မတွေးချင်တော့ပါ။

ရာသီဥတု မှုန်မှိုင်း၍ မိုးဖွဲဖွဲရွာသော တနေ့တွင် စာအုပ်များကို နေရာချနေစဉ် ကျွန်တော် သိမ်းထားခဲ့သည့် စာအုပ်ကလေးကို ပြန်ထုတ်ကြည့်မိပါသည်။ သူမနှင့် ပြန်တွေ့ခဲ့စဉ်က မေ့နေသော စာအုပ်ကလေး တစ်အုပ်။ ကျွန်တော် ဒီစာအုပ်ကလေးကို မရောင်းချင်တော့ပါ။ ဒီတခါ တွေ့လျှင်တော့ သူမကို လက်ဆောင်အဖြစ် မမေ့မလျော့ ပေးချင်လှပါသည်။

ကျောပိုးအိတ်တစ်လုံးလွယ်ကာ ရှပ်အင်္ကျီအနီကွက် ၀တ်ထားသည့် ခပ်သုတ်သုတ် လမ်းလျှောက်နေသော ကောင်မလေးတစ်ယောက်ကို တိုက်ဆိုင်၍များ တွေ့ခဲ့လျှင် ပြောလိုက်ပါလေ။ ဒီတခါ ရန်ကုန်မြို့ကို ရောက်လျှင် ပန်းဆိုးတန်းလမ်းတွင် ဂျင်းဘောင်းဘီ ခတ်စုတ်စုတ်တစ်ထည် အမြဲတစေ ၀တ်ဆင်ကာ စာအုပ်အဟောင်း ရောင်းနေသော လူတစ်ယောက်ထံမှာ လင်းယုန်မောင်မောင်ရေးသော ဟစ်တလာ ဟု အမည်ရသည့် ပထမအကြိမ်ထုတ် စာအုပ်ဟောင်းလေး တစ်အုပ်ကို ဆက်ဆက်လာယူပါ.. လို့။


ပန်ဒိုရာ
.

Expand..

Tuesday, January 20, 2009

ဆရာကြီးတင်မိုးသို့

မွေးကတည်းက ကဗျာဆိုတာ ဘာလဲ လို့မေးရင် ဆရာကြီးတင်မိုးရဲ့ ကဗျာလေးတွေကိုပဲ ဆိုပြတတ်သလို ကဗျာဆရာဆိုတာ ဘယ်သူလဲ ဆိုရင်လည်း ဆရာကြီးတင်မိုးကိုပဲ ပထမဆုံး သိခဲ့တာပါ။

ပန်ဒိုရာကို ကဗျာတွေကို ချစ်တတ်အောင်လို့ ဆိုပြီး ဖေဖေက သူချစ်ခင်လေးစားရတဲ့ ဆရာကြီးရဲ့ ကဗျာလေးတွေနဲ့ လူမှန်းမသိတတ်တဲ့ အရွယ်ကတည်းက မိတ်ဆက်ပေးခဲ့တယ်။ ဒီအကြောင်းလေးတွေကို ဒီမှာ ရေးထားခဲ့ဖူးပါတယ်။ ၀မ်းသာစရာ တစ်ခုကတော့ ဆရာကြီးနဲ့ ခဏလေး ဆုံခဲ့ဖူးတာပါပဲ။ အဲဒီအကြောင်းတွေကို ပြောပြဖြစ်တယ်။ ဆရာကြီးက ပြုံးနေပါတယ်။

ဖြူစင်အေးချမ်းတဲ့ ဆရာကြီး ကွယ်လွန်သွားခဲ့တာ လာမယ့် ဇန်န၀ါရီ ၂၂ ဆိုရင် နှစ်နှစ်ပြည့်ပါပြီ။ အမှတ်တရ အနေနဲ့ ဆရာကြီးရဲ့ စာအုပ် မျက်နှာဖုံး အချို့နဲ့ ကဗျာလေးတစ်ပုဒ်ကို scan ဖတ်ထားတာကို တင်လိုက်ပါတယ်။ ကဗျာက ၀ါးနေတာမို့ စာပြန်ရိုက်ပြီး ဖော်ပြလိုက်ပါတယ်။










ဒီစာအုပ်ကို မျက်နှာဖုံးဆွဲတာကတော့ ဆရာပေါ်ဦးသက်လို့ ရေးထားပါတယ်။



ကွယ်လွန်သူ မွေးမိခင်သို့

တင်မိုး

ချစ်စွာမွေးမိ၊ ထင်ရှား ရှိစဉ်
သတိတိမ်းပါး၊ ကာလ လျားအောင်
ဟိုသွား သည်လာ၊ ယောင်ချာချာဖြင့်
တရွာတပြည်၊ ငါမွေ့သည်တည့်။

သတင်းစာနှင့်
ဂျာနယ် မဂ္ဂဇင်း၊ ငါထည့်သွင်း၍
အပျင်းပြေငှါ၊ ရေးသည့်စာကို
ရွာနေအမိ၊ ရွှင်ပီတိဖြင့်
သား၏ကိုယ်စား၊ ကဗျာများဟု
ဖတ်ကြားကာကာ၊ လွမ်းဖြေရှာလည်း
ငါ့မှာ သတိ၊ မမူမိခဲ့။

မိခင်ချစ်စွာ၊ ကွယ်လွန်ခါမှ
ငါ့မှာ အောက်မေ့၊ တမြေ့မြေ့နှင့်
မွေးမေ့တွက်သာ၊ တေးကဗျာကို
စိတ်မှာ ၀၀၊ မသီရ ဟု
နောက်တ ပူပန်၊ ကြိမ်ဖန်ဖန်တည့်။

မိခင်စွန့်သွား၊ အမေ့သားလည်း
ဉာဏ်အား စွမ်းစ၊ တတ်သမျှနှင့်
လုံ့လပြုကာ၊ တေးဖွဲ့ပါ၏။

ကဗျာ အညံ့၊ စာမခန့်လည်း
စိတ်သန့်ကြည်ညို၊ ကန်တော့လိုသည်
အိုဘယ့်မိခင်၊ ထက်ရပ်ခွင်မှ
နားဆင်ကြည်နူး နိုင်စေသော်..။





(ကော်ပီရိုက်နဲ့ ပတ်သက်လို့ ပိုင်ဆိုင်သူက ကန့်ကွက်မှုရှိခဲ့လျှင် အချိန်မရွေး ပြန်ဖြုတ်ပေးပါမယ်။)




Expand..

Thursday, January 15, 2009

အရူး



အရူး

မတွေ့ရင် လိုက်ရှာ
တွေ့ပါတော့လည်း ရှောင်ပုန်း
ပြုံးလိုက် ငိုလိုက် ဖြစ်နေသူ။


ပန်ဒိုရာ


ပုံ -  done in photoshop using mouse

Expand..

Tuesday, January 13, 2009

နေရာ


နေရာ

လှောင်အိမ်မဟုတ်ဘူး
အသိုက်လည်းဖြစ်စရာမလိုဘူး
သစ်ကိုင်းလေးတစ်ကိုင်းပဲ ဖြစ်ချင်ခဲ့တာ။


ပန်ဒိုရာ



ပုံ - done in photoshop using mouse

Expand..

မုန်တိုင်းကြားက ဘ၀များ နဲ့ အလှတရား အတွက်


အမိဧရာဝတီရဲ့ အမွေအနှစ်ဖြစ်တဲ့ မြစ်ဝကျွန်းပေါ်ဟာ ဆည်းဆာနေရောင်အောက်မှာ သဘာဝကျကျ ယဉ်ယဉ်လေး လှနေတဲ့ အချိန်တွေ ရှိခဲ့တယ်။ ၂၀၀၈ ဧပြီလလယ်လောက်က ကျေးလက်ဆိပ်ကမ်းတစ်ခုရဲ့ မြင်ကွင်းရယ်ပါ။




အခုလည်း လှနေပါသေးတယ်။ လွမ်းစရာ့ သစ်ခြောက်ပင် တစ်ပင်နဲ့ ရွှေရောင်ဝင်းနေတဲ့ စေတီတစ်ဆူနဲ့။ ဒါပေမယ့် စေတီရဲ့ အထွဋ်အထိပ် ထီးတော်ခမျာ လေပြင်းဒဏ်ကြောင့် ယိုင်ကျိုးသွားခဲ့ရရှာတယ်။ ဧည့်ဆိုး နာဂစ် လာသွားအပြီး လပိုင်းလောက်အကြာက ပုံပါ။



ရေတွေစီးဆင်းနေတဲ့ မြစ်နံဘေးမှာနေနေလျက်နဲ့ ခြောက်ကပ်နေရတော့တယ်။ သစ်ကိုင်းငုတ်တိုတွေ တခြမ်းပဲ့နေတဲ့ အုန်းပင်ကိုင်းကိုင်းတွေနဲ့ ရင်ဆို့စရာမြင်ကွင်းကို အလှ လို့ပြောရမှာတောင် ဆွံ့အသွားခဲ့ပါတယ်။






စီတန်းထားတဲ့ ယာယီအိမ်ကလေးတွေဟာ installation art တစ်ခုမဟုတ်ပါ။ တိမ်တွေပြာနေတဲ့ ကောင်းကင်လှလှအောက်မှာ ရွှံနွံတွေနစ်စိုနေတဲ့မြေပြင်ပေါ်က တာလပတ်ကာမိုး အိမ်လေးတွေထဲမှာ သူတို့တွေ ဖြစ်သလို နေထိုင်ခဲ့ကြရပါတယ်။ အခုတော့လည်း ပိုပြီး တောင့်တင်းခိုင်မာတဲ့ နေစရာတွေနဲ့ အစားထိုးပြီးလောက်ပါပြီ။



အရွက်တွေ တစ်ရွက်မှ မရှိတော့တဲ့ ဒီအပင်ဟာ တချိန်က ဘယ်လိုနေခဲ့မလဲ။ အခုလို တမျိုးသဏ္ဍန်နဲ့ လှနေစေဖို့ သူပေးခဲ့ရတဲ့ အရင်းအနှီးက ဘာလဲ။






တခြမ်းပဲ့နေတဲ့ အရာတွေဟာ စုပေါင်း တန်းစီထားတော့ အလှကို ဖန်တီးပြန်တယ်။ စိတ်နာနာနဲ့ တခုခုကို အတူတူ ကျောခိုင်းနေကြတာလား လို့ တွေးမိတယ်။




ကလေးငယ်တွေရဲ့ အပြစ်ကင်းမှုကို ဘယ်အလှက တုနှိုင်းဦးမှာလဲ။ ၂၀၀၈ ဧပြီလလောက်က ပုံရိပ်လေးကို ဖမ်းယူထားလိုက်မိပေမယ့် ဒီချစ်စရာ ကလေးငယ်ဟာ အခုတော့ နာဂစ်ရဲ့ သားကောင်ဖြစ်သွားရရှာပြီ တဲ့။ ဒါပေမယ့်လည်း အသက်ရှင်ကျန်ခဲ့တဲ့ထဲမှာ ဒီလို ချစ်စရာကလေးလေးတွေ အများကြီး ရှိကြဦးမယ်။ သူတို့တွေ အနာဂတ် လှအောင် ဖန်တီးပေးဖို့တော့ လိုတယ်လေ။


ဧရာဝတီက လှခဲ့ပါတယ်။ အမိမြေမှာ အလှတရားတွေ ကျန်နေဦးမယ်။ အလှတရားကိုချစ်တတ်တဲ့ လှတဲ့စိတ်ကလေးတွေနဲ့ လှတဲ့မြေကို ပြန်တည်ဆောက်ကြရအောင်။


ပန်ဒိုရာ

(မအိန္ဒြာမှတ်ချက်ရေးသွားတဲ့ ကဗျာလေးကို ဖြည့်စွက်ထားပါတယ်။)

အဲဒီ့ရှုမျှော်ခင်းတွေ...ထဲမှာ..
ရတက်မအေးနိုင်သေးတဲ့
အထိတ်တလန့်ဝိဥာဉ်တွေရဲ့...
ဆောက်တည်ရာမရ..
နာကျဉ်သောကတွေလဲ..ပါနေတယ်..

အဲဒီ့ရှုမျှော်ခင်းတွေထဲမှာ..
ဘယ်လောက်အထိ..လို့..
အတိုင်းအဆမသိ ကြေကွဲဆုံးရှုံးခြင်းတွေက
နိဂုံးချုပ်ချင်ယောင်ဆောင်နေတယ်..

အဲဒီ့ရှုမျှော်ခင်းတွေထဲမှာ..
နာလံမထူနိုင်တော့တဲ့..
စိတ်အနာထည်..နွမ်းနွမ်းလေးတွေရဲ့..
ဘယ်တော့မှမဆုံးနိုင်တော့မယ့်...
လင့် မျှော် ခြင်း....
အဝေးငေး..အကြည့်လဲပါတယ်..ပေါ့..။


အိန္ဒြာ
January 13, 2009 7:45 PM


တိုက်တွန်းခြင်း။ ။

ကူညီလိုလျှင်တော့ အစိုးရမဟုတ်တဲ့ လူမှုအဖွဲ့အစည်းတွေ အများအပြား ထဲက MBEAN ဆိုတဲ့ အဖွဲ့တစ်ဖွဲ့ကို ညွှန်းဆိုချင်ပါတယ်။

MBEAN ကတော့ ဘလော့ဂါ တစ်ဦးလည်း ဖြစ်တဲ့ ဒေါက်တာရဲမွန်မြင့် ပါဝင်တဲ့ စေတနာဝန်ထမ်း အဖွဲ့တစ်ခုပါ။ ကိုယ့်နိုင်ငံကို ပြန်ပြီး ကိုယ်တိုင်ကိုယ်ကျ သွားမကူညီနိုင်ပေမယ့် အဝေးကနေ ဆက်လက် ကူညီလိုတယ်ဆိုရင်တော့ တစ်ကျပ်တစ်ပြားဖြစ်ဖြစ် ထည့်ဝင်နိုင်ပါတယ်။ ကိုယ်တွေ တနေ့စားနေတဲ့ ထမင်းတစ်နပ်မှာ နည်းနည်း ချွေတာလိုက်မယ်၊ ဇိမ်ခံကိစ္စတွေ နည်းနည်း လျှော့လိုက်မယ် ဆိုရင် သူတို့တွေရဲ့ ဘ၀တွေအတွက်တော့ အပြောင်းအလဲပဲ မဟုတ်ပါလား။

MBEAN website လိပ်စာ။ http://mbean.org.uk
MBEAN ရဲ့ လုပ်ဆောင်ချက်တွေ သိလိုပါက အစီရင်ခံစာတွေ ဓာတ်ပုံမှတ်တမ်းတွေကိုလည်း အဲဒီမှာ သွားကြည့်ရှုနိုင်ပါတယ်။အလှူငွေကိုလည်း ပြည်တွင်းပြည်ပ အဖွဲ့ဝင်တွေကတဆင့် ဖြစ်ဖြစ် credit card ကတဆင့်ဖြစ်ဖြစ် paypal ကဖြစ်ဖြစ် လှူဒါန်းနိုင်ပါတယ်။




Expand..

Sunday, January 11, 2009

ကောင်းကင်များ၏ အထ္ထုပ္ပတ္တိ



ကိုရင်ညိန်း စုစည်းပြီး ဘလော့ဂါတွေ ကဗျာဆရာ/မ တွေ ပါဝင်ရေးသားတဲ့ " ကောင်းကင်များ၏ အထ္ထုပ္ပတ္တိ " ဆိုတဲ့ ပြာသိုလပြည့် အမေနေ့ အမှတ်တရ ကဗျာစာအုပ်လေး ထွက်နေပါပြီ။ ပန်ဒိုရာရဲ့ ကဗျာတစ်ပုဒ် အပါအ၀င် ကဗျာ ၂၁ ပုဒ် ပါရှိပါတယ်။ ကိုရင်ညိန်း၊ ဟန်သစ်ငြိမ် နဲ့ တခြားဘလော့ဂါတွေရဲ့ ဘလော့ဂ်မှာလည်း တွေ့နိုင်ပါတယ်။

Download ယူချင်ရင်တော့ ဒီမှာ pdf file ရနိုင်ပါတယ်။

Mother Day Poems2



Expand..

Saturday, January 10, 2009

ခိုင်မာသော အဓိဋ္ဌာန်ဖြင့်

ဖေဖေရေးခဲ့တဲ့ကဗျာပါ။

ခိုင်မာသော အဓိဋ္ဌာန်ဖြင့်


ကလောင်ကိုချိုး
မင်အိုးကိုမှောက်
ဖြတ်တောက်ငါ့လက်
သွေးစက်စက်ကျ
ပြုရက်ကြလည်း
ရင်မှအတွေး
ကဗျာတေးကို
ရင့်ကြွေးလျက်ပင် နေမည်တကား။

၁၉၆၆ က ကဗျာ တစ်ပုဒ်ပါ။

ဖေဖေ့အကြောင်းကိုတော့ ဒီပို့စ် မှာ ကောက်ကြောင်းလေး ခြစ်ခဲ့ဖူးတယ်။

Expand..

Wednesday, January 7, 2009

sTuPiD Q-U-E-S-T-I-O-N-S










sTuPiD Q-U-E-S-T-I-O-N-S

မနက်စာကို မနက်စာဟုခေါ်မည်။
ဘရိတ်ဖတ်(စ်)ဟုခေါ်မည်။
ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ
အခေါ်အဝေါ်များ ရေချိန်ညှိနိုင်မည်.. သို့သော်
မနက်စာမှာ မုန့်ဟင်းခါး ညှပ်ခေါက်ဆွဲ
ကောက်ညှင်းပေါင်း ပဲပြုတ်ထမင်း စသည်..
ဘရိတ်ဖတ်(စ်)ဟုခေါ်လျှင်
ကြက်ဥကြော်တစ်လုံး ပေါင်မုန့်နှစ်ချပ် ထောပတ်
ဝက်ပေါင်ခြောက်တချို့ ဇွန်းခက်ရင်းဓားတစ်စုံ
ဒါကတစ်စက္ကန့်လောက် မျက်လုံးအမှိတ်မှာ
ကြောင်းတူစကားလုံးကွဲ က ဗြုန်းခနဲ ဖမ်းစားပုံ။

မကျေလည်ပါက
ဘာသာစကားကို ဘာသာစကားနှင့် တိုက်နိုင်သည်။
သို့သော်...
သွားတိုက်သလိုလား
ကားတိုက်သလိုလား
ကြက်တိုက်သလိုလား
အရက်တိုက်သလိုလား
ထားပါတော့
ဒီလောက်ဆို ဖတ်စာအုပ်နဲ့ ပြန်တိုက်တာ တော်လောက်ပြီ။

မေးခွန်းနံပါတ်- တစ်
အနုပညာ/ကဗျာ ရဲ့အထက်မှာ ဘာရှိသလဲ။ အကြောင်းပြချက်နှင့်တကွဖြေပါ။

မေးခွန်းနံပါတ်-နှစ်
အောက်ပါတို့မှ မှန်ကန်သော အဆိုပြုချက်(များ) ကိုရွေးပါ။
(က) ကဗျာရေးသူသည် ကဗျာကိုရေးသည်။
(ခ) ကဗျာရေးသူသည် သီအိုရီကိုရေးသည်။
(ဂ) ကဗျာရေးသူသည် ဘာသာစကားကိုရေးသည်။
(ဃ) ကဗျာရေးသူသည် ဘာကိုမှမရေးပါ။

မေးခွန်းနံပါတ် -သုံး
အောက်ပါတို့မှ နှစ်သက်ရာ (တစ်ခု) ကို သာ စာစီကုံးပါ။
ဘာသာစကားသည် သီအိုရီ
ဘာသာစကားသည် ကဗျာ
ဘာသာစကားသည် ကိရိယာ

မေးခွန်းနံပါတ်-လေး
အထက်ပါအကြောင်းအရာတို့သည် ကဗျာဟုတ်ပါသလား။



ပန်ဒိုရာ



(ဆြာဂျီး မဟုတ်ပါ။ ကိုယ်တိုင်လည်း မသိလို့။ :D)



Expand..

Monday, January 5, 2009

ဝိုင် အတူသောက်ခြင်း


မူးယစ်ထုံထိုင်း မေ့လျော့ဖို့တော့မဟုတ်ဘူး
လွတ်လပ်ချင်တဲ့ရှေ့အနာဂတ်တွေအတွက်
ရဲနီစွန်းထင်းခဲ့တဲ့သွေးစက်တွေအတွက်
အဟောင်းတွေချုပ်ငြိမ်းစေဖို့အတွက်
အသစ်တွေကိုကြိုဆိုဖို့အတွက်
တရားမျှတမှုတွေအတွက်
ငြိမ်းချမ်းရေးရဲ့
ခေါ်သံ
ဝိုင်
ဝိုင်
ဝိုင်
ဝိုင်
တစ်ခွက်တည်းရယ်ပါ။


ပန်ဒိုရာ

Expand..

Sunday, January 4, 2009

4 Jan 2009

လွတ်လပ်ရေးနေ့ - ၆၁

လွတ်လပ်ပါစေ။

Expand..

Friday, January 2, 2009

ကမ္ဘာမြေ ၂၀၀၉




ကမ္ဘာမြေ ၂၀၀၉

သက္ကရာဇ်၂၀၀၈ ကို
အနီရင့်ရောင်အရည်တွေထဲ နှစ်ချလိုက်တဲ့အခါ
ချဉ်ဖန်ချိုရှ ရသတွေက လျှံကျလာတယ်
ဒီတော့မှ သူတို့လည်း ပြောရဲဆိုရဲ ဖြစ်သွားတယ်
အမှန်တရားရဲ့ ချိန်ခွင်လျှာဟာ
ဘာကြောင့် ၂၃ နှစ်ပိုင်းတစ်ပိုင်းဒီဂရီ တိမ်းစောင်းနေရတာလဲ.. တဲ့
ကမ္ဘာကြီးက ခေါင်းခါယမ်းလိုက်တယ်
မကောင်းတတ်လို့ သောက်နေရသလိုလို
ဟန်ဆောင်ပန်ဆောင် နဲ့ ဖန်ခွက်ကို ကိုင်တယ်
စကားကို ဟိုလွှဲဒီလွှဲလုပ်တယ်
ကြည့်….
သန်းခေါင်ထက်ညဥ့်နက်လာပေမယ့်
မီးပန်းရောင်စုံတွေကြား
ဒီလိုညကျတော့ နယူးရီးယားခေါ်ကြသတဲ့
လက်ခုပ်သံတွေလည်းထွက်လာရော
ယိုင်ထိုးနေတဲ့ ကမ္ဘာကြီးဟာ
ခြေလှမ်းတွေမမှားအောင်ထိန်းရင်း
၂၀၀၉ မှတ်တိုင်ကို အနိုင်နိုင်သွားစိုက်ပြီးမှ
တခါတည်း ဒေါင်းသွားတော့တာ
နောက်တနေ့မိုးလင်းတော့
ဟက်ပီးနယူးရီးယားမှာ
ခေါင်းကိုက်နေတဲ့ ကမ္ဘာကြီးကို
သစ်သီးဖျော်ရည်တစ်ခွက်နဲ့ လောင်းချလိုက်ရသေးတယ်။


ပန်ဒိုရာ


Expand..

Thursday, January 1, 2009

ထားရစ်ခဲ့တဲ့ ၂၀၀၈ နဲ့ ရှေ့ဆက်တိုးမယ့် ၂၀၀၉

တနှစ်တနှစ်ကုန်သွားရင် ငါဘာတွေဖြစ်ခဲ့သလဲ နောင်နှစ်မှာ ဘာတွေလုပ်မလဲ အဲဒီလို သုံးသပ်တတ်တဲ့ လူစားထဲကတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မယ်လိုဒီမောင်က ရေးစေချင်တယ်ဆိုလို့ ရေးကြည့်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၈က ထူးခြားခဲ့ပါတယ်။ မှတ်မှတ်ရရတွေ အများကြီး ဖြစ်ခဲ့တာပေါ့။ အဲဒီအထဲမှာ….

မိတ်ဆွေအပေါင်းအသင်းနဲ့ ပတ်သက်လို့
ဒုတိယကမ္ဘာမှာ မမျှော်လင့်ပဲ တွေ့ဆုံခင်မင်ခဲ့ရတဲ့ တချို့ အတွက် ကျေနပ်တယ်။ တချို့သော အကြောင်းအရာတွေနဲ့ ပတ်သက်လာရင် အပြင်မှာ အဲဒီလောက် စကားပြောလို့ ကီးကိုက်တဲ့ သူငယ်ချင်းမျိုး မရှိခဲ့သလောက်ပဲ။ ဒါပေမယ့် လက်ရှိပြင်ပကမ္ဘာက သူငယ်ချင်းတွေအတွက် အချိန်ပေးတာ အရမ်းနည်းသွားခဲ့လို့ စိတ်မကောင်းဘူး။

အများအကျိုးနဲ့ပတ်သက်လို့
ကိုယ့်မွေးနေ့ရက်နဲ့ တိုက်တိုက်ဆိုင်ဆိုင် နာဂစ် ရောက်လာခဲ့တယ်။ သိကျွမ်းခင်မင် ပတ်သက်သူတွေ အများကြီး အပေါ် ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့တယ်။ အတတ်နိုင်ဆုံး ကိုယ်ထိလက်ရောက် ကူညီခွင့် ရခဲ့တဲ့ အချိန်ပိုင်းလေးအတွက် အတိုင်းအတာ တခုအထိ ကျေနပ်မိပါတယ်။

သို့သော်လည်း တနှစ်လုံးကို ခြုံကြည့်လိုက်ရင် ကိုယ့်ဘ၀ တိုးတက်မှုအတွက် အချိန်တွေကို ဒီ့ထက် အကျိုးရှိရှိ မျှတအောင် စီမံနိုင်ခဲ့သင့်တယ် လို့ ထင်တယ်။

လာမယ့် ၂၀၀၉ အတွက်တော့ ဘလော့ဂ်နဲ့ ပတ်သက်တာတွေကိုပဲ ပြောပြပါရစေ။

၂၀၀၈ နှစ်မကုန်ခင် ဘလော့ဂ်ထဲမှာ စစ်တမ်းလေးတခု ကောက်ခဲ့ပါတယ်။ ၃ လလောက် ကြာတယ် ထင်တာပဲ။ မဲကို တခုထက်ပိုပြီး ရွေးချယ်ပေးလို့ရတဲ့ option ကို ဖွင့်ပေးခဲ့ပါတယ်။



ရလာဒ်ကတော့ ရေးချင်တာရေးဖို့ မဲပေးတဲ့ အဖြေများတယ်။ ၀တ္ထု ကဗျာတွေကိုလည်း ပိုရေးစေချင်ကြတယ်။ စုစုပေါင်း မဲပေးကြိမ် ၁၉၀ ထဲမှာ ဘာရေးရေး မကြိုက်တာကလည်း ၁၉မဲ ရှိတာတွေ့ရတယ်။ ၁၀% သော မဲပေးသူများက ကိုယ်ရေးတာ ဘာတခုမှမကြိုက်တာ ဖြစ်နိုင်သလို တစ်ယောက် နှစ်ယောက်လောက်ကပဲ ထပ်ကာတလဲလဲ မဲပေးနေရင်တော့ အလွန့်အလွန်ကို မကြိုက်သောသူ အနည်းငယ် ရှိနေတယ်လို့ ယူဆရမယ်။ မှတ်သားဆင်ခြင်စရာပါ။

ကိုယ့်အတွက်တော့ စာရေးတယ်ဆိုတာ သူများကို ဖတ်စေချင်တယ် ဆိုတာ သေချာပါတယ်။ ဖတ်သူရှိမှလည်း အဓိပ္ပာယ်ရှိတာပါပဲ။ မှတ်ချက်တွေ cbox တွေ တပ်ဆင်ထားတဲ့ ဘလော့ဂ်ထဲ လာရေးနေမှတော့လည်း တုံ့ပြန်မှုဆိုတာ အရေးပါတာ ထင်ရှားတယ်။ လာဖတ်ဖြစ်အောင် အတင်းဆွဲဆောင် တိုက်တွန်းခြင်း နဲ့ ရေးချင်တာရေးပြီး လုံးဝ လျစ်လျူရှုထားခြင်း ဆိုတဲ့ အစွန်းနှစ်ခုကို ရှောင်ပြီး သင့်တင့်တဲ့ အလယ်အလတ် အနေအထားနဲ့ စာဖတ်သူတွေကို ထိတွေ့ဖို့ ကြိုးစားရပါဦးမယ်။

မည်သို့ပင်ဖြစ်စေ ဘလော့ဂ် ဆက်ရေးဖြစ်မှာပါ။ ဘလော့ဂါ ဆိုတာထက် စာရေးချင်လွန်းလို့ ရေးထားတဲ့ စာတွေကို ဘလော့ဂ်ထဲမှာ တင်တဲ့လူ ဆိုတော့ အချိန် ကလွဲလို့ တခြားအရာတွေက ကန့်သတ်သွားလိမ့်မယ် မထင်ဘူး။ ကိုယ်ရေးကြည့်ချင်တဲ့ စာမျိုးကို ၁၀% လောက်တောင် မရေးရသေးဘူး ထင်တာပဲ။ ပါစင်နယ်တွေတော့ ပိုလျှော့ရေးဖြစ်မယ်။ (အခုလည်း အများကြီးတော့ မပါဘူးထင်ရဲ့။) စာရေးဖို့နဲ့ စာဖတ်ဖို့အတွက် အချိန်တွေ မလောက်မင ဖြစ်လာရင်တော့ အွန်လိုင်းမှာ စကားပြောမိတာကို အရင်ဆုံး လျှော့ဖြစ်မယ်။ ဂျီတော့ခ် မ၀င်သလောက် ဖြစ်လာနိုင်တယ်။

ဒီစာရေးနေရင်းမှ resolution ချတာဟာ ပိုပြီး စိတ်ဓာတ်ကျစရာ နောင်တရစရာ ဖြစ်လာနိုင်တယ် ဆိုတဲ့ ရှုထောင့်က ရေးထားတဲ့ သတင်းဆောင်းပါးလေး တစ်ပုဒ် ဖတ်လိုက်ရသေးတယ်။ ဒီတော့ အခု စဉ်းစားထားတာတွေ ဖြစ်ချင်လည်းဖြစ် ဖြစ်မလာလည်း နေပေါ့လေ။ ပေါ့ပေါ့ပါးပါးပဲ ထားပါတယ်။ အလုပ်ထဲက KPI တွေနဲ့တင် ကိုယ့်ကိုယ်ကို ဖိစီးမှုပေးနေရတာ လုံလောက်သင့်ပြီ။


Expand..

Happy New Year 2009!

Expand..