Saturday, March 31, 2007

အသိဉာဏ်ဆိုင်ရာပိုင်ဆိုင်မှုအခွင့်အရေးများ - ၂

အသိဉာဏ်ဆိုင်ရာပိုင်ဆိုင်မှုအခွင့်အရေးများ - ၂

မြန်မာပြည်မှာ မူပိုင်ခွင့်လို့ခေါ်ကြတဲ့ ကော်ပီရိုက်အကြောင်း မပြောခင်မှာ အိုင်ပီ (ဒီနေရာကစပြီး Intellectual Property ကိုအိုင်ပီလို့ပဲသုံးပါမယ်။) အမျိုးအစားတွေအကြောင်း အကြမ်းဖျင်းပြောပြချင်ပါတယ်။
၁) Copyrights (ဥပမာ။ သီချင်း၊ စာအုပ်)
၂) Patents (ဥပမာ။ ကော်ဖီဖျော်စက်လို တီထွင်မှုများ inventions)
၃) Industrial Designs (ဥပမာ။ အအေးပုလင်းဒီဇိုင်းပုံစံလိုတီထွင်တာမျိုး)
၎) Trademarks (ကုန်ပစ္စည်း ၀န်ဆောင်မှုပစ္စည်း အမှတ်တံဆိပ် )
၅) Geographical Indications (ဥပမာ။ ရှန်ပိန်)
၆) Trade Secrets & Confidential Information (ဥပမာ။ ကိုကာကိုလာရဲ့ဖော်မြူလာ)
၇) Plants Varieties Protection


စာပေအနုပညာနဲ့သိပ္ပံဆိုင်ရာ လက်ရာများ literary, artistic and scientific works တွေ နဲ့ပတ်သက်တဲ့ပိုင်ဆိုင်မှုအခွင့်အရေးတွေကို ကို ကော်ပီရိုက် ဥပဒေက ကာကွယ်မှုပေးပါတယ်။
သရုပ်ဆောင်မှု အသံလွှင့်မှု ဖျော်ဖြေမှု performances, broadcasts (ဥပမာ။ စတိတ်ရှိုးလို့ ခေါ်နေတဲ့ဟာမျိုးတွေ) ကတော့ ကော်ပီရိုက်နှင့် သက်ဆိုင်သောအခွင့်အရေး (Copyright's Related Rights) ထဲမှာပါပါတယ်။
Copyrights ဟာဖန်တီးသူရဲ့ အိုင်ဒီယာကိုတော့ကာကွယ်မပေးပါဘူး။ သူ့ရဲ့ဖန်တီးလိုက်တဲ့ပစ္စည်း presentation ကိုသာကာကွယ်ပေးတာပါ။ ဥပမာ ရှိတ်စပီးယား က ရိုမီယိုနဲ့ဂျုးလိယက် ချစ်ကြ၊ အမျိုးချင်းချင်းမတဲ့ ၊ သတ်သေကြ ၊ ကွဲကြ ဆိုတဲ့သဘောတရားဇာတ်လမ်းနဲ့ရေးထားပါတယ်။ ဒီဇာတ်လမ်းသဘောကို နောက်စာရေးဆရာတစ်ယောက်ကယူပြီး ၀တ္ထု အသစ်ရေးလို့ရပါတယ်။ ပြီးတော့ ကော်ပီရိုက်မှာ သက်တမ်းရှိပါတယ်။

ကော်ပီရိုက်ကိုဘာလို့ လိုက်နာရတာလဲ။ သဘောတရားအားဖြင့်ကတော့ ဖန်တီးတာတွေအားပေးဖို့။ ပြီးတော့ တရားမျှတဖို့။ (ဒီနေရာမှာ ဖန်တီးသူတွေ ရောင်းချသူတွေဘက်ကသာမက သုံးစွဲသူတွေဘက်ကပါ ထည့်သွင်းစဉ်းစားဖို့လိုတယ်ဆိုတာ မငြင်းပါဘူး။ )
နောက်တစ်ချက်က စီးပွားရေးနဲ့ဆိုင်တဲ့ ပူးပေါင်းကူညီမှုတွေအတွက် နိုင်ငံတွေအချင်းချင်းကြားမှာ လက်မှတ်ထိုးထားရတဲ့ စာချုပ်တွေ၊ အဖွဲ့ဝင်ထားရတာတွေ ရှိတယ်။ အဲဒီလိုဆိုရင် စာချုပ်ပါအချက်တွေ အဖွဲ့ဝင်နဲ့ဆိုင်တဲ့ ဥပဒေ အချက်အလက်တွေကို လိုက်နာရတယ်။ ကိုယ့်နိုင်ငံ့ဥပဒေကိုလည်း အဲဒါနဲ့အညီ ပြုပြင်ရတယ်။

ကော်ပီရိုက်ဥပဒေဟာအင်မတန်ကျယ်ပြန့်ပါတယ်။ စင်္ကာပူမှာဆိုရင်တော့ ကုမ္ပဏီဥပဒေပြီးရင် အထူဆုံး စာမျက်နှာအများဆုံးဟာ ကော်ပီရိုက်ဥပဒေပါ။ အခုအထိလည်း ပြင်နေတုန်းပါပဲ။

ကော်ပီရိုက်နဲ့ ပတ်သက်တဲ့အရေးကြီးတာကတော့ Berne Convention (၁၈၈၆) ပါ။ မြန်မာနိုင်ငံကတော့ အဲဒီမှာ လက်မှတ်ထိုးထားတဲ့နိုင်ငံမဟုတ်ပါ။ ဒါပေမယ့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့အစည်းဝင်နိုင်ငံဖြစ်တဲ့အတွက် နောက်ပိုင်းမှာ နိုင်ငံစီးပွားရေး တိုးတက်လာရင် တဖြည်းဖြည်းနဲ့ အဲဒီလိုစာချုပ်တွေမှာ ပါဝင်လာပြီး အိုင်ပီရိုက်ကာကွယ်မှုတွေကို အဆင့်တစ်ခုရောက်အောင် မလွဲမသွေ သတ်မှတ်လိုက်နာရမှာပါ။

ပထမဆုံးသိသင့်တာကတော့ ကော်ပီရိုက်ပိုင်ရှင်ဟာ သူ့ရဲ့ဖန်တီးမှုကို သူကြိုက်သလိုသုံးစွဲခွင့် exclusive ရထားတယ်ဆိုတာပါပဲ။ ကော်ပီရိုက်ဆိုတာ တချို့ရိုက်တွေလို မှတ်ပုံတင်စရာမလိုပါ။ သူဖန်တီးပြီးတဲ့အချိန်မှာ သူဟာပိုင်ရှင်ဖြစ်သွားပါပြီ။ economic rights အောက်မှာ သူဟာထုတ်လုပ်ရောင်းချ နိုင်ခွင့်ရှိပြီး moral rights အနေနဲ့သူ့နာမည်နဲ့သူ့ဖန်တီးမှုကြားကသက်ဆိုင်မှုကိုသူဟာပိုင်ဆိုင်ပါတယ်။

ထပ်ပြီးအသေးစိတ်ပြောရရင် rights of reproduction ကိုလည်းသူပိုင်ပါတယ်။ သူပိုင်တဲ့လက်ရာကို တင်ပြချင်တဲ့မီဒီယာမျိုးစုံနဲ့သူရောင်းပါမယ်။ သုံးစွဲသူအနေနဲ့ကတော့ တကိုယ်ရည်စာ သုံးစွဲဖို့ reproduce လုပ်တာထက်ပိုမိရင် သူ့ကော်ပီရိုက်ကို ထိပါးရာကျနေပါပြီ။

နောက်တစ်ခုက right of performance သူပိုင်ပါတယ်။ အဲဒီအောက်မှာ right of broadcasting နဲ့ right of communication to public စတာတွေကို သူပိုင်တယ်ဆိုတာသိနိုင်ပါတယ်။ ဒါဆို လက်ဖက်ရည်ဆိုင်မှာ ကိုယ်တစ်ယောက်ထဲမက လူအများကြားအောင်ကျယ်လောင်စွာ သီချင်းဖွင့်ပေးတာပါ မရသလိုဖြစ်နေပြီနော်။
ဒါပေမယ့် ရိုးရိုးတွေးကြည့်ရင်တော့ ပိုင်ရှင်ကကြိုက်မယ်ထင်ရတယ်။ သူ့အခွေကို ပေါက်အောင်လုပ်ပေးတာကိုး။

ဒါဆို သီချင်းတစ်ပုဒ်ရဲ့ ကော်ပီရိုက်ပိုင်ရှင်က သူ့အခွေကို တိတ်ခွေ ဒီဗီဒီ ဗီစီဒီ ပုံစံမျိုးစုံနဲ့ထုတ်လုပ်ရောင်းချနိုင်ခွင့် ရှိတာကိုသိလောက်ပြီ။ ဒါပေမယ့် သင့်တော်တဲ့ဈေးနှုန်းနဲ့မရောင်းဘူးဆိုရင်တော့ ခိုးကူးတာတွေ ပေါ်လာမှာပဲ။ တဖက်ကလည်း သူ့စီးပွားရေးကို ထိခိုက်လောက်အောင်ဖြစ်လာတော့ တော်ပြီ သီချင်းမဆိုတော့ဘူး. ခွေမထုတ်တော့ဘူး ဆိုတော့ ကိုယ်လည်းနားမထောင်ရ အားလုံးရှုံးကြရတာပဲ။ ၀ယ်တဲ့သူက အလကားရတဲ့အထိ အသက်သာဆုံးဖြစ်ချင်မယ်။ ရောင်းတဲ့သူကလည်း သူဌေးချက်ချင်း ဖြစ်အောင်အထိ အများဆုံးရချင်တယ်။ သူ့မှာ အရင်းအနှီးတွေလည်းရှိတယ်။ အဲဒီကြားမှာ နှစ်ဖက်လုံးအဆင်ပြေအောင်ညှိကြဖို့လိုတယ်။ ရောင်းသူဘက်ကတော့ ကော်ပီရိုက်နဲ့ကာကွယ်ပေးထားတယ်။ ၀ယ်တဲ့သူဘက်ကရော။ ကိုယ်ဆို နှစ်တိုင်း ကွန်ပြူတာအတွက် နော်တွန်အန်တီဗိုင်းရပ်စ်ဆော့ဖ်ဝဲ မဖြစ်မနေ၀ယ်ရတိုင်း အရမ်းစိတ်ဆိုးတယ်။ ဈေးကလည်းကြီးတယ်လေ။ ဒီနေရာမှာဝယ်သူဘက်ကကာကွယ်တဲ့ Antitrust Law တို့ Consumers' right ဆိုတာတွေရှိပါတယ်။

နည်းပညာအသစ်တွေပေါ်လာတာကလည်း တော်တော်အရေးပါတယ်။ တခါတခါကျတော့ ဈေးကြီးလို့ခိုးကူးတာထက် လွယ်လွန်းလို့ခိုးကူးကြတာ။ စဥ်းစားကြည့်ပါ။ ရွှေထုပ်ကြီးကို လုံလုံခြုံခြုံသိမ်းမထားပဲ လမ်းလယ်ခေါင်ချထားပြီးမှ ခိုးတဲ့လူကိုစောင့်ဖမ်းရင် ဘယ်တရားပါ့မလဲ။ လွယ်ရင်သူကြွယ်တောင်ခိုးတယ်တဲ့။ စကားပုံတောင်ရှိသေးတယ်။ အဲဒီမှာ ဖန်တီးမှုပစ္စည်းထုတ်လုပ်သူနဲ့ ဖန်တီးမှုနဲ့လူတွေကို ဆက်သွယ်တဲ့နည်းပညာ ထုတ်လုပ်သူတို့ကြားက conflict of interest ကိုတွေ့နိုင်တယ်။
(ဆက်ရန်)

(အိုင်ပီနဲ့ပတ်သက်တဲ့ အခြေခံဗဟုသုတတွေ ရချင်တယ်ဆိုရင် ဒီဝက်ဘ်ဆိုက်မှာ ရှိတဲ့ အဝေးသင် သင်တန်းတွေတက်ဖို့တိုက်တွန်းချင်ပါတယ်။ DL 001 နဲ့ DL 101 ကိုတက်ပါ။ ပိုက်ဆံတစ်ပြားမှမပေးရပါဘူး။ DL 101 အတွက်ဆိုရင် အောင်သွားရင် Certificate ရပါမယ်။
http://www.wipo.int/academy/en/courses/distance_learning/catalog/c_index.html )

Expand..

အင်းလေး


©Pandora 2007

Expand..

ဘန်ကောက်ကဘီလူး





















©Pandora 2007

Expand..

မျှော်လင့်ချက်မပါတဲ့အိပ်မက်

မျှော်လင့်ချက်မပါတဲ့အိပ်မက်


နေ့ဘက်တွေမှာ မမြင်ရပေမယ့် လင်းလက်တောက်ပနေတဲ့ ကြယ်စင်တွေဟာ ကောင်းကင်မှာအမြဲရှိနေတယ်။ အချစ်ဆိုတာလည်း အဲဒီလိုပါပဲ တဲ့။ အတွေးအခေါ်ပညာရှင်တစ်ယောက်ယောက်က ဒီလို ပြောခဲ့ပါသည်။ အဲဒါကိုကောင်မလေးက ကျွန်တော့်ကိုပြန်ပြောပြခဲ့ပါသည်။ အဲဒီ အတွေးအခေါ်ပညာရှင်ဆိုတာ ဘယ်သူလဲ ကျွန်တော်မသိပါ။ ကောင်မလေး နာမည်ဘယ်လိုခေါ်သလဲ ကျွန်တော်မသိပါ။ အချစ်ဆိုတာဘာလဲကျွန်တော်မသိပါ။

ကောင်းကင်တွင် တိမ်များဖြင့် အလွန်ပြာနှမ်းနေလေ့ရှိသောနေ့ပေါင်းများစွာထဲက တစ်နေ့တွင် မြက်ခင်းစိမ်းစိမ်းလွင်ပြင်တစ်ခုမှာ ကောင်မလေးနှင့်ကျွန်တော် တွေ့ခဲ့ကြပါသည်။ ကျွန်တော်မှတ်မိသမျှ အဲဒီနေ့က လေအလွန်တိုက်ပါသည်။ ကျွန်တော်လွှတ်ခဲ့သမျှစွန်များ အကုန်အဖြတ်ခံရပါသည်။ နောက်ဆုံး အစိမ်းရောင်စွန်ကလေးတစ်ခုပြတ်ကျခဲ့တာကိုကျွန်တော်မရမက လိုက်ဖမ်းမိပါသည်။ ဖမ်းရင်းဖမ်းရင်း နောက်ဆုံးကျွန်တော့် ရင်ဘတ်ထဲကို စွန်ကလေး စိုက်ဝင်သွားပါသည်။
အဲဒီ အစိမ်းရောင်စွန်ကလေးသည် ကမ္ဘာပေါ်မှာအလှဆုံး သွားတက်ကလေးတစ်ခုကို ပိုင်ဆိုင်ပါသည် လို့ ကျွှန်တော်က ဆိုလျှင် ခင်ဗျားတို့နားရှုပ်သွားမှာလား။
တကယ်တော့ ကောင်မလေးသည် မြက်ခင်းစိမ်းစိမ်းပေါ်မှအစိမ်းရောင်စွန်ကလေးဖြစ်ပါသည်။ မရှင်းလျှင်ထပ်ပြောပြပါမည်။ မြက်ခင်းစိမ်းစိမ်းပေါ်မှအစိမ်းရောင်စွန်ကလေးသည် ကောင်မလေး ဖြစ်ပါသည်။

ကောင်မလေးက ကောင်းကင်ကြီးကို လက်ညိုးဖြူဖြူပိန်ရှည်ရှည်လေးနှင့်ညွှန်ပြီး တွေ့လား လို့ကျွန်တော့်ကိုအဆက်အစပ်မရှိ မေးပါသည်။ ကောင်းကင်မှာ ရှုပ်ရှက်ခတ်နေသောစွန်တွေကိုကြည့်ပြီး ဘယ်စွန်ကိုပြောတာလဲ လို့ ပြန်မေးလိုက်သောအခါ မဟုတ်ဘူး ကြယ်တွေကိုပြောတာ လို့ ကောင်မလေးကပြောပါသည်။ ဘာလဲ ရှိမှမရှိတာ လို့ ကျွန်တော်က ပြောလိုက်သောအခါ ရှေ့မှာပထမဆုံးခင်ဗျားတို့ကို ကျွန်တော်ပြောပြခဲ့သောစကားကို ကောင်မလေးကပြောပါသည်။

ကောင်မလေးပြောပြသောစကားတွေကို နားမလည်ဘူး လို့ ကျွန်တော်ကပြောလေ့ရှိပါသည်။ အဲဒီလိုအခါတိုင်းမှာ ကောင်မလေးက သွားဖြူဖြူကလေးများပေါ်အောင် ရယ်မောလေ့ရှိပါသည်။ ထိုအခါ ကောင်မလေးရဲ့သွားလေးတွေကိုကျွန်တော်က တစ်ချောင်းနှစ်ချောင်း လို့ရေတွက်လေ့ရှိပါသည်။ ထိုအခါကောင်မလေးက ကျွန်တော့်လက်တွေကို သူ့လက်ဖြူဖြူကလေးဖြင့် ဟန့်တားလေ့ရှိပါသည်။

ကောင်းကင်ကတိမ်ပြာပြာတွေ တိမ်ညိုညိုဖြစ်ချင်လာသောအခါ ကောင်မလေးက ၀မ်းပန်းတနည်း ငိုလေ့ရှိပါသည်။ ထိုအခါ ကောင်မလေးရဲ့ပါးပြင်ဖြူဖြူလေးတွေပေါ်ကို လိမ့်ကျလာသော မျက်ရည်ပေါက်ကလေးများကို ကျွန်တော်က တစ်ပေါက်နှစ်ပေါက် လို့ရေတွက်လေ့ရှိပါသည်။ ထိုအခါကောင်မလေးက ကျွန်တော့်လက်တွေကို သူ့လက်ဖြူဖြူကလေးဖြင့် ဟန့်တားလေ့ရှိပါသည်။

ကောင်မလေးနှင့်ကျွန်တော်အဲဒီလိုတွေ့နေခဲ့ကြတာ အချိန်ဘယ်လောက်ကြာပြီလဲ ဆိုတာ ကျွန်တော့်ကိုမမေးပါနှင်ဲ့။ တစ်လဖြစ်ချင်လည်းဖြစ်မည်။ တစ်နှစ်လို့ယူဆရင်လည်းရပါသည်။ ဆယ်နှစ်လည်း ဖြစ်နိုင်ပါသည်။ ကောင်မလေးသည် အရေအတွက်တွေကိုအလွန်မုန်းပါသည်။ ထို့ကြောင့်ကျွန်တော်သည် အရေအတွက်တွေကိုအလွန်မုန်းပါသည်။ ကျွန်တော်ပြောပြနိုင်သမျှကတော့ ကောင်မလေးနှင့် တွေ့သည့်နေ့တိုင်းမှာ ကောင်းကင်တွင် တိမ်အလွန်ပြာပါသည်။ လေအလွန်တိုက်ပါသည်။ ကျွန်တော့်စွန်တွေ အကုန်အဖြတ်ခံရပါသည်။ နောက်ဆုံးတော့ အစိမ်းရောင်စွန်ကလေးတစ်ခုပဲ ကျွန်တော်ဖမ်းမိပါသည်။

အခု ကျွန်တော်တစ်ယောက်ထဲ မြက်ခင်းစိမ်းစိမ်းပေါ်မှာလဲလျောင်းနေပါသည်။ တိမ်တွေ အလွန်ပြာနှမ်းနေပါသည်။ လေအလွန်တိုက်နေပါသည်။ ကျွန်တော်စွန်လွှတ်မနေပါ။ ကျွန်တော်ကြယ်တွေကို ရေတွက်နေပါသည်။ နေ့ခင်းကြီး ကြယ်မှမရှိတာ ရူးနေသလားလို့ ကျွန်တော့်ကို မမေးကြပါနှင့်။ နေ့လည်ခင်းကောင်းကင်ပေါ်က လင်းလက်တောက်ပနေသော ကြယ်ပွင့်ကလေးတစ်ပွင့်သည် ကောင်မလေးဖြစ်ပါသည်။ မရှင်းလျှင် ထပ်ပြောပြပါမည်။ ကောင်မလေးသည် နေ့လည်ခင်းကောင်းကင်ပေါ်က လင်းလက်တောက်ပနေသော ကြယ်ပွင့်ကလေးတစ်ပွင့် ဖြစ်ပါသည်။ ကျွန်တော်ကြယ်တွေကို တစ်လုံးနှစ်လုံး လို့ရေတွက်နေပါသည်။ ကျွန်တော်ရေတွက်နေတာကို ဟန့်တားမယ့်လက်ဖြူဖြူကလေးတစ်ခု အနားမှာမရှိပါ။ ဘယ်ရောက်သွားသလဲလို့ မေးလျှင် ကျွန်တော်အလွန်စိတ်ဆိုးပါမည်။ မေးသောသူသည် ကျွန်တော့်အမုန်းဆုံးလူဖြစ်ပါမည်။ ထို့ကြောင့် ကျွန်တော် ကြယ်တွေကိုဆက်ပြီး ရေတွက်နေပါသည်။ ကျွန်တော် ကြယ်တွေကို မဆုံးနိုင်အောင် ရေတွက်နေတုန်းဖြစ်ပါသည်။

နေ့ဘက်တွေမှာ မမြင်ရပေမယ့် လင်းလက်တောက်ပနေတဲ့ ကြယ်စင်တွေဟာ ကောင်းကင်မှာအမြဲ ရှိနေတယ်။ အချစ်ဆိုတာလည်း အဲဒီလိုပါပဲ တဲ့။ အတွေးအခေါ်ပညာရှင်တစ်ယောက်ယောက်က ဒီလို ပြောခဲ့ပါသည်။ အဲဒါကိုကောင်မလေးက ကျွန်တော့်ကို ပြန်ပြောပြခဲ့ပါသည်။ အဲဒီ အတွေးအခေါ်ပညာရှင်ဆိုတာ ဘယ်သူလဲ ကျွန်တော်မသိပါ။ ကောင်မလေး နာမည်ဘယ်လိုခေါ်သလဲ ကျွန်တော်မသိပါ။ အချစ်ဆိုတာဘာလဲ ကျွန်တော်မသိပါ။


ပန်ဒိုရာ
၇၊၁၊၂၀၀၆

Expand..

Friday, March 30, 2007

သင်္ကြန်တေး

“သင်္ကြန်တေး”


မြမြဖူးခိုင်ရွှေဝါတဲ့
တစ်နှစ်တစ်ခါဒီပိတောက်
နှစ်ဦးကိုရောက်ခဲ့ပြန်ပြီပေါ့။

အဦးဆုံးလောင်းမယ့်ရေတစ်ခွက်အတွက်
တမ်းတမ်းမက်မက်ရင်ခုန်
လွန်ခဲ့တဲ့ဆယ့်ငါးနှစ်ကျော်ပုံရိပ်တွေက
ရေစိုရွှဲရွှဲ မျက်ရည်ဝဲ၀ဲ
ဆယ်ကျော်သက်တို့ အသည်းခွဲတမ်းကစားခန်းနဲ့
စွဲလန်းခဲ့ရတဲ့သင်္ကြန်။

သင်္ကြန်မတိုင်မီတစ်ရက်မှာ
သစ္စာမဏ္ဍိုင်ခိုင်ခိုင်စိုက်ကြ
ဘယ်သူမှမ၀င်ရ
အရေးမကြီးရင်ဖုန်းမခေါ်ရ
ပိတ်ရက်လေးရက်ဟာတိုလွန်းလှ
တို့နှစ်ယောက်ဘ၀ တစ်ကမ္ဘာဆိုတဲ့
အချစ်လှလှနဲ့ မနှစ်က သင်္ကြန်။

သင်္ကြန်မလေးတွေ က ကြ
ဒီလိုဒီလိုအလှ
ရေစိုစိုမှာကြွကြွရွှရွှ
မြို့ပြရဲ့မဏ္ဍပ်တွေမှာ
စတစ်ကာကြော်ငြာ မီးရောင်စုံဝေဖြာ
ရေဆာရင်ဘီယာတကျိုက်နဲ့
မီးသတ်ပိုက်ဆို ရယ်တာပေါ့ဆိုတဲ့
အပျော်စုံမြူး သေသောက်မူးတို့ရဲ့သင်္ကြန်။

ရေရှားဖုန်ထူ
ငယ်ငယ်တုန်းက မြို့ပူပူကလေးမှာတော့
ထော်လာဂျီနဲ့တစ်ပတ်ပတ်
ရေညစ်ပတ် ရေငန်ငန်
ကန်ရေချောင်းရေ
မြောင်းရေ ရွှံ့ရေ
ဘာရေမှဗွေမယူနိုင်
ပြည်ရွာစည်ကြောင်း
ဆည်မြောင်းချောင်းကန်
မပြည့်လျှံရကောင်းလားလို့လည်း
အကြောင်းတရားတို့အကြား ခေါင်းမစားနိုင်
သင်္ကြန်ဆိုတာ စိုသွားဖို့ပဲမဟုတ်လား နော ဆိုတဲ့
ပြည်သူပြည်သား လူအများတို့ရဲ့ သင်္ကြန်။


အဲဒီလို..
သင်္ကြန်မျိုးစုံ ဟန်မျိုးစုံ အသံမျိုးစုံနဲ့
တစ်နှစ်တစ်နှစ်ရှည်သွားချိန်မှာ
ရေခြားမြေခြား
ငွေရှားတဲ့ခဏ
အဖေအမေများနဲ့ဝေး
အဲ..တစ်ယောက်နဲ့လည်းဝေးနေရတဲ့ဘ၀မှာတော့
ပိတောက်တွေလည်းမမွှေးပြီကွယ်
ရွှေပြည်တော်ကြီး ဘယ်တော့နီး
ခရီးခုလတ်မှာမောလှပါတယ်
တန်ခူးလေအေး သွေးပါကွယ်
သင်္ကြန်မိုးဖွဲ သည်းပါကွယ်။

ဒီလိုနဲ့..
နှစ်ကူးပြီးတိုင်း
အရူးမီးဝိုင်း ဘ၀ကိုသုံးသပ်မိတော့
သံသရာဒီဇာတ်
ဆက်မပြတ်လည်သွားဖို့
အထပ်ထပ် တကယ်မှားခဲ့မယ်
လောဘတွေကြားမှာ ဒေါသထားလို့
မောဟပွားရင်ပွားခဲ့မယ်
ငါ့အမှားတွေကို
သိကြားမင်းပုရပိုက်မှာ
မှတ်ချင်လည်းမှတ်လိုက်ပါတော့ကွယ်။

သင်္ကြန်...
ပုံရိပ်များ...
တဒိတ်ဒိတ်သွေးခုန်သံကြားတိုင်း
ငါအဖျားကြီးဖျားနေပြီကွယ်
အနှစ်သုံးဆယ်ကျော် နှလုံးသားက
အပြုံးတွေ တစတစ ပါးပြီး
အမုန်းတွေသာ ဆဆပွားလာခဲ့ရင်
သင်္ကြန်ရေနဲ့ဆေးလို့လည်းစင်နိုင်ပါ့တော့မလား
ရွှင်နိုင်ပါတော့မလား
ကဲ ဘာမှမစဉ်းစားနဲ့
တူးပို့တူးပို့တွေနဲ့
မြူးလို့ထူးလို့နေပါ့ကွယ်
တော်သလိုဒီဘ၀မှာ
အပျော်ဆိုတာယူတတ်မှရမှာမို့
အပူဓါတ်ကိုဖြတ် အကြောင်းဆင်ခြင်
အကောင်းမြင်ဝါဒနဲ့ ကဗျာအလှတွေကိုသာသီလိုက်ကြစို့ရဲ့။ ။

ပန်ဒိုရာ

၈၊၃၊၂၀၀၇

Expand..

Thursday, March 29, 2007

အသိဉာဏ်ဆိုင်ရာပိုင်ဆိုင်မှုအခွင့်အရေးများ - ၁

ဒီနေ့တော့ NUS Law Faculty မှာ Music, Video and Movie File-Sharing: Trends & Implications ဆိုတဲ့ဆွေးနွေးပွဲလေး သွားနားထောင်ဖြစ်တယ်။ ခေါင်းစဉ်ကိုကြည့်လိုက်တာနဲ့ ကော်ပီရိုက် (copyright) နဲ့တော့ ပတ်သက်ပြီဆိုတာသိနိုင်ပါတယ်နော်။
ကော်ပီရိုက်ဆိုတာကတော့ မြန်မာပြည်မှာသာမက ကမ္ဘာအရပ်ရပ်မှာ ရေပန်းစားနေသလို ပြဿနာတွေ အငြင်းပွားစရာတွေ တပုံကြီးနဲ့ ဟော့တော့ပစ်ပါ။ အထူးသဖြင့် အင်တာနက်နဲ့သက်ဆိုင်တဲ့ ကော်ပီရိုက်နဲ့ပတ်သက်တဲ့ဆွေးနွေးမှုတွေကိုတော့ ဖိုရမ်မာတွေ ဘလော့ဂ်ဂါတွေ စိတ်ဝင်စားကြမယ်လို့ထင်ပါတယ်။

သူများဖန်တီးထားတဲ့ စာတွေ ရုပ်ရှင်တွေ သီချင်းတွေ ပိုင်ရှင်ခွင့်ပြုချက်မပါပဲ အင်တာနက်မှာ တစ်ယောက်နဲ့တစ်ယောက် ရှယ်ကြတယ်။ ကူးကြတယ်။ ဒေါင်းလုတ်လုပ်ကြတယ်။ ပုံစံအမျိုးမျိုးနဲ့ပေါ့လေ။ ဒီနေရာမှာ ကော်ပီရိုက်ဥပဒေအရ အဲဒါတွေကို လုပ်လို့ရလား ဒီလိုဆိုရင်ရမလား ဟိုလိုဆိုရမလားဆိုတဲ့ လူတွေမေးလေ့ရှိတာတွေကို မဆွေးနွေးချင်ပါဘူး။ ဖြေလည်း နိုး တွေချည်းထွက်မှာပဲ။ ဒါဆိုအဲဒါတွေ မလုပ်ကြတော့ဘူးလားဆိုတော့လည်း မဟုတ်ပြန်ဘူးလေ။ ဥပဒေထဲမှာရေးထားတဲ့ သတင်းဆိုးတွေဖတ်ပြပြီး ဆရာကြီးလုပ်ဖို့သက်သက်ဆိုရင်တော့ ဘလော့ဂ်လို ဖိုရမ်လိုနေရာမျိုးမှာ ဒီအကြောင်းလာရေးမိတဲ့ပန်ဒိုရာဟာ ကာလံဒေသံကိုနားမလည်သူအဖြစ် ဖိုရမ်မာ ဘလော့ဂါများရဲ့ ခဲမိုးကောင်းချီးပေးခြင်းကိုပဲ ခံရစရာရှိပါတယ်။ ကိုယ်အပါအ၀င် လူတိုင်းလိုလို နေ့စဉ်ချိုးဖောက်မိနေတဲ့ အဲဒီဥပဒေတွေထဲမှာ ရေးထားတာတွေကို သိချင်ရင်တော့ ဘယ်သူမဆိုကိုယ့်ဘာသာဖတ်ကြည့်နိုင်ပါတယ်။ ဥပဒေကို သိတာ၊နားလည်တာ၊လိုက်နာတာ ဆိုတာတွေတစ်ခုစီဟာ သီးခြားကဏ္ဍတွေပါ။ ဒီတော့ အဲဒီဥပဒေတွေရဲ့ နောက်ကွယ်ကအကြောင်းတွေကိုပဲ အဓိကပြောချင်ပါတယ်။

ပထမဆုံးအနေနဲ့ ကော်ပီရိုက်ဥပဒေတွေဟာဘာကြောင့်ရှိနေရတာလဲ ရှိသင့်ရတာလဲ ဆိုတာလေးအရင်ပြောချင်ပါတယ်။ ဥပဒေလို့ပြောလိုက်ရင် ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ ဒါလုပ်ရင် ဒီအပြစ်ခံရမယ် စသဖြင့် လူတွေကို ကန့်သတ်ဖို့ ကျုးလွန်ရင်အပြစ်ပေးဖို့ လို့ပဲသာမန်အားဖြင့် လူတွေကထင်တတ်ကြပါတယ်။ ကော်ပီရိုက် အပါအ၀င် အသိဥာဏ်ဆိုင်ရာပိုင်ဆိုင်ခွင့် ဥပဒေတွေဟာ အဓိက ကတော့လူတွေကို အခွင့်အရေးပေးဖို့ပါပဲ။ ဘာအခွင့်အရေးတွေပေးမှာလဲ။

ဒီနေရာမှာ ပိုင်ဆိုင်မှု ပိုင်ဆိုင်ခွင့်နဲ့ပါတ်သက်ပြီးအရင်ရှင်းရမယ်။ လူတွေမှာ ရွှေ့ပြောင်းနိုင်တဲ့ ပိုင်ဆိုင်မှု (movable property) (ဥပမာ လက်ကိုင်ဖုန်း၊ နာရီ၊ ရွှေငွေ) နဲ့ မရွှေ့ပြောင်းနိုင်တဲ့ပိုင်ဆိုင်မှု (immovable property) (ဥပမာ အိမ်၊မြေ၊ ခြံ) ဆိုတာ နှစ်မျိုးရှိတယ်လို့ နှောင်းခေတ်များကအကြမ်းဖျင်းသတ်မှတ်ခဲ့ကြပါတယ်။ နောက်ပိုင်းတော့ အသိဉာဏ်နဲ့ပါတ်သက်တဲ့ တီထွင်ဖန်တီးမှုတွေကိုပါ သတ်သတ်မှတ်မှတ် ပိုင်ဆိုင်မှုရှိသင့်တယ်လို့ ဆုံးဖြတ်ခဲ့ကြပြီး အသိဉာဏ်ဆိုင်ရာ ပိုင်ဆိုင်မှု (intellectual property) ဆိုတဲ့ အသုံးအနှုံးနဲ့ သူနဲ့ပါတ်သက်တဲ့ဥပဒေတွေပေါ်ထွက်လာခဲ့ပါတယ်။

လူ့လောက ပါတ်ဝန်းကျင်ကြီးတစ်ခုလုံးဟာ လူသားတွေရဲ့တီထွင်ဖန်တီးမှုကြောင့်သာ တိုးတက်လာရပါတယ်။ ဖန်တီးတတ်တဲ့အသိဉာဏ်ကြောင့်လူသားတွေ အခုထိ ရှင်သန်ရပ်တည်နေနိုင်တာပါ။ ခြုံပြောရရင် တီထွင်ဖန်တီးမှုဟာ ကြိုဆိုရမယ့်အရာဖြစ်ပါတယ်။ အားပေးရမယ့်အရာဖြစ်ပါတယ်။ ဒါဟာမငြင်းနိုင်တဲ့ အမှန်တရားတစ်ခုပါ။

ဒီတော့ ဖန်တီးတီထွင်သူအနေနဲ့ ဘာများမက်မောစရာရှိလို့အပင်ပန်းခံရမှာလဲ။ အကြောင်းကြောင်းတွေထဲမှာ အဓိကက ၀ါသနာနဲ့ အကျိုးအမြတ် ပါပဲ။ ဖန်တီးတီထွင်သူဟာ ဒီဖန်တီးတီထွင်မှုဟာသူ့လက်ရာလို့ အသိအမှတ်ပြုခံချင်မယ်။ ပြီးတော့ ဖန်တီးတီထွင်မှုရဲ့ အကျိုးအမြတ်ကို သူခံစားချင်မယ်။ လက်တွေ့ကျကျပြောရရင် အနည်းဆုံးတော့ သူ့အတွက်ရပ်တည်ဖို့လုံလောက်မယ့် စီးပွားရေး ငွေကြေးဖြစ်မယ်။ ခံလည်းခံစားသင့်ပါတယ်။ အဲဒါဟာ နောက်ထပ် ဖန်တီးတီထွင်မှုတွေ သူထပ်လုပ်ဖို့အတွက် တွန်းအားပေးတယ်။ ဘေးကလူတွေအတွက်လည်း သူ့လို ဖန်တီးတီထွင်ဖို့ တွန်းအားပေးတယ်။ ဖန်တီးတီထွင်မှုရဲ့ အသီးအပွင့်တွေကိုလည်း လူတွေအားလုံး ခံစားရမယ်။ အင်း .. တန်ရာတန်ကြေးတော့ ဖန်တီးတီထွင်သူကို ချီးမြှင့်ဖို့လိုမယ်။

အခုပြောတဲ့အထိကိုပဲ လူတိုင်းလက်ခံနိုင်ကြတယ်ဆိုရင် တကယ်တော့ ကိုယ်ဘာမှဆက်ပြောဖို့တောင် မလိုတော့ပါဘူး။ နိဂုံးချုပ်လို့ရပါပြီ။ ဒါပေမယ့် ပြဿနာတွေက အဲဒီလောက်လွယ်လွယ်နဲ့ပြီးမသွားဘူး။

(ဆက်ရန်)

Expand..

ဘလော့ဂ်ကိုပြင်ဆင်ခြင်း

ဒီနေ့တော့ ပြင်လိုက်ရတာညောင်းသွားတာပဲ။ မလုပ်တတ်လုပ်တတ်နဲ့။ မပြီးသေးဘူးဆက်ပြင်ရဦးမယ်။ ကိုစိုးဇေယျဆီကကူးထားတဲ့ပုံစံက HTML classic
ကိုပြောင်းသွားလို့ page elements ထည့်မရဖြစ်သွားတယ်။ အခုတော့ဟိုလုပ်ဒီလုပ်နဲ့ရပြီ။

Expand..

Tuesday, March 27, 2007

မန္တလေးရဲ့မရိုးနိုင်တဲ့အလှ












© Pandora 2007

Expand..

ကျေးဇူးတင်စကား

အင်း .. ဘလော့ဂ်တစ်ခုလုပ်ရတာ ပန်ဒိုရာလိုနည်းပညာမတတ်ကျွမ်းသူအဖို့ အတော့်ကိုဟိုဖတ်ဒီဖတ်နဲ့ အချိန်ယူလိုက်ရပါတယ်။ ဒီနေ့တော့ မြန်မာဖောင့်နဲ့စရရချင်းမို့ ဘာရေးရမှန်းမစဉ်းစားရသေးဘူး။ နောက်တော့အများကြီးရေးမယ်နော်။
ညီလင်းဆက်၊မောင်လှ၊ကယ်လဗင်နဲ့ စိုးဇေယျတို့ကို မမြင်ဖူး မသိဖူးပေမယ့်ကျေးဇူးပါ။ သူတို့ ဘလော့ဂ်တွေထဲက ဖတ်ပြီး ပြင်ဆင်လိုက်ရတာမို့လို့ပါ။

Expand..