
တဖက်လူရဲ့ အနေအထား
တဖက်လူက
နှုတ်ခမ်းလေးတွန့်ရုံပြုံးတယ်
သူ့လက်ခုပ်ကို ကျဉ်းလိုက်ကျယ်လိုက်
ပြီးတော့မှ မှောက်ချလိုက်တယ်
အင်္ကျီကို ဆွဲဆန့်တယ် ချောင်းဟန့်တယ်
လျှာထုတ်တယ် ဖုတ်ဖက်ခါတယ်
ဟိုလျှောက်သည်လျှောက် လျှောက်ပြီးမှ
စောင့်ကြည့်နေသူတွေကို လှည့်မကြည့်ဘဲ
နောက်တစ်ခေါက်ပြန်လာခဲ့ ပြောတယ်။
………. ဆိုတော့ကာ
တဖက်လူရဲ့ အရွှေ့တွေက
အကွေ့တွေရဲ့တဖက်မှာ ရောက်နေတယ်
မသေချာခြင်းတွေကို ဗျူဟာခင်းနေလေတော့
မသေချာဘူးဆိုတာတောင် မသေချာတော့ဘူး
အမှန်ကိုရဖို့ အမှန်ကို အရင်ပေးရမယ်ဆိုတာပဲ
မသေချာတဲ့ အမှန်တရားဖြစ်နေတယ်
မှန်ရှေ့မှာရပ်လိုက်ပါ…တဲ့
ပုံရိပ်ယောင်ကို မျက်ခြေမပြတ်
မှန်မှန်စရွှေ့ပါ - လိုက်ရွှေ့မယ် (ဆံခြည်တစ်မျှင်စာမှသည် ကမ္ဘာ့ဝင်ရိုးတဆုံးအထိ)
နည်းနည်းပါးပါးတော့ လွဲလွဲမှားမှားရှိမတဲ့ (ဗယ်နဲ့ညာ)
မှန်ကို မှန်အောင် အမှန်နဲ့ ပစ်ပေါက်ခြင်း
အင်ပလီမန်တေးရှင်း*က အရင်းအနှီး ကြီးလှတယ်။
ပန်ဒိုရာ
*i-m-p-l-e-m-e-n-t-a-t-i-o-n
(ကဗျာက ပျိုးထားတာ အနည်းငယ်တော့ ကြာပြီ။ ဒါပေမယ့် ဆီလျော်ပါသေးတယ်။ တင်လိုက်တယ်။)
Tuesday, November 17, 2009
တဖက်လူရဲ့ အနေအထား
Posted by
pandora
at
11:30 PM
17
comments
Links to this post
Labels: poem
Monday, November 16, 2009
နတ်သမီးပုံပြင် သံလွင်အိပ်မက်

သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်း အတွဲ (၃) အမှတ် (၄) ထွက်ပါပြီ။ အပြောင်းအလဲ လို့ တကမ္ဘာလုံးက ဟစ်ကြွေးအော်နေကြတဲ့ အချိန်မှာ ဒီတပတ် ထွက်တဲ့ သံလွင်အိပ်မက် မဂ္ဂဇင်းရဲ့ Theme ကလည်း အပြောင်းအလဲ ဖြစ်ပါတယ်။ အပြောင်းအလဲ ဆိုင်ရာ ဆောင်းပါးတွေကို တ၀ကြီး ဖတ်ရမှာပါ။ ဟာသ ဆိုပြီး အသစ် ကဏ္ဍ တစ်ခု ကို တင်ဆက်ထားတာကိုလည်း တွေ့ရမယ်။ ထပ်မံညွှန်းချင်တာကတော့ အင်တာဗျူးပါ။ မြန်မာနိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်ထားသူတွေရဲ့ နိုင်ငံသားပြောင်းခြင်းဆိုင်ရာ အမြင်တွေကို မေးမြန်းထားပါတယ်။
ပန်ဒိုရာရဲ့ နတ်သမီးပုံပြင် နတ်သမီးအိပ်မက် ဆိုတဲ့ ဝတ္ထုတိုလေး တစ်ပုဒ် ကိုလည်း ဖော်ပြထားပါတယ်။
.......................
နတ်သမီးပုံပြင် နတ်သမီးအိပ်မက်
မီးရောင်စုံတွေ ဝေ့၀ဲနေတဲ့အောက် တဒိန်းဒိန်း စည်းချက်မှန်နေတဲ့ တီးလုံးအတိုင်း ယိမ်းထိုး က နေချိန်မှာ အဲဒီထောင့်စားပွဲကို သတိထားမိတာ ကြာလှပေါ့။ သူက တခြားလူတွေနဲ့ မတူ။ စားပွဲတွေကြားမှာ ပျံဝဲနေတဲ့ လိပ်ပြာမလေးတွေကို ရိသဲ့သဲ့လုပ်တာ၊ လှမ်းပြီးတို့ထိတာ မရှိ။ စင်ပေါ်မှာ ကနေတဲ့ ကျွန်မကိုပဲ စူးစူးစိုက်စိုက် တချက်တချက် ကြည့်နေတာ (ထင်တယ်) လေ။ ဒါပေမယ့် ပန်းကုံးလည်း တစ်ကုံးမှ လာမစွပ်ပြန်ဘူး။ ပုံစံကတော့ အထာတွေ သိပ်မနပ်တဲ့ မအူမလည်လေးပါပဲ။ သပ်သပ်ရပ်ရပ် ခေါင်းဖြီးထားတယ်။ မျက်မှန်လေးနဲ့။ အသားဖြူဖြူ ပိန်ပိန်လေး။ ဆံပင်ဆေးရောင်စုံဆိုးပြီး တီရှပ်ဒီဇိုင်းမိုက်မိုက်တွေနဲ့ လူငယ်တွေကြားမှာ၊ ကြောင်ကြောင်ကျားကျား ရှပ်အင်္ကျီတွေကို အပြင်ထုတ်ဝတ်ထားတတ်တဲ့ လူကြီးလူကောင်းတွေ ကြားမှာ ရှပ်အင်္ကျီဖြူလေးကို လက်ခေါက်ဝတ်ထားတဲ့ သူ့ပုံစံက ကျွန်မ မျက်စိထဲတော့ ထင်းနေတာ။
ညက ရင့်လာတယ်။ နည်းနည်းကြာတော့ လူတွေ တဖြည်းဖြည်း ပါးလျသွားကြပြီ။ တချို့လည်း သူ့အချိန်းအချက်နဲ့သူ။ သောကြာစနေ ညတွေလို မဟုတ်လေတော့ ညဥ့်နက်တဲ့အထိ နေကြတဲ့လူတွေ သိပ်မများဘူး။ တီးဝိုင်းသမားတွေလည်း ညောင်းညာစပြုပြီ။ ကျွန်မလည်း အ၀တ်အစားလဲပြီး ပြန်ဖို့လုပ်နေတုန်း စားပွဲထိုးကောင်လေးက တိုးတိုးလာပြောတယ်။ တကယ်တော့ ဒီညအဖို့ နားချင်နေပြီ။ ကျွန်မလို အနေအထားအတွက်က အလုပ်ဆိုတာ အငန်းမရ လက်ခံနေစရာ မလိုတော့ဘူးလေ။ ဘယ်သူလဲ လို့ မေးလိုက်တော့ အင်္ကျီဖြူနဲ့ အဲဒီတစ်ယောက်ကို မေးထိုးပြတယ်။ တစ်ရှိုး.. ပဲတဲ့။
သူ ဒီလောက်အထိ ခြေလှမ်းရောက်လာတာ ကျွန်မ နည်းနည်းတော့ အံ့သြပါတယ်။ သူ့ပုံစံ သူ့အရွယ်က ခပ်ပျော်ပျော် သူဌေးသားလေးတွေနဲ့လည်း မတူသလို ဘယ်လိုရှာဖွေလို့ ဘယ်လောက်ပေါနေမှန်းမသိတဲ့ ငွေတွေကို လာဖြုန်းလေ့ရှိတဲ့ စီးပွားရေးသမားတွေရဲ့ ပုံစံနဲ့လည်း ကွဲပြားနေတယ်။ ကျွန်မလို အနေအထားမျိုးကို ရဖို့က နည်းနည်းတော့ တတ်နိုင်မှ ဖြစ်မယ်။ တကယ်ဆို ကျွန်မရဲ့ သတ်မှတ်ချက်အရဆိုရင် ဒီညအဖို့ ပန်းကုံး လေးငါးကုံးလောက်မှ လာစွပ်ထားတာမဟုတ်ရင် လက်ခံစရာ အကြောင်းကို မရှိဘူး။ ဒီလိုနေရာမှာ ဒီလောက် လွယ်လွယ်နဲ့ ရတယ် ထင်နေသလား။ ဒါပေမယ့် သူ့ကိုစိတ်ဝင်စားလာတာနဲ့ ကျွန်မ ခေါင်းညိတ်ပြလိုက်ပါတယ်။
ဘယ်ကိုသွားမလဲ…။ ကျွန်မက မေးလိုက်တော့ သူက မျက်နှာလွှဲနေတယ်။ သူ့ဘေးက တရုတ်ပုံစံလိုလို သူ့သူငယ်ချင်းနားကိုပဲ တစ်ခုခု တိုးတိုး ကပ်ပြောတယ်။ အဲဒီသူငယ်ချင်းကတော့ သွက်ပုံပေါ်ပါတယ်။ ကျွန်မကို ဟိုတယ်တစ်ခု နာမည် ပြောပြတယ်။ အိုကေ..ပေါ့။ သူ့သူငယ်ချင်းက ကားမောင်းတယ်။ သူက ရှေ့ခန်းမှာ သူငယ်ချင်းဘေးက ထိုင်တယ်။ ကျွန်မက နောက်ခန်းမှာပေါ့။ လမ်းတလျှောက်လုံး ကားပေါ်မှာရော အခန်းထဲ ၀င်လာတဲ့အထိရော သူက ကျွန်မကို စကားတစ်ခွန်းမှ မပြောဘူး။
တံခါးကို ပိတ်လိုက်ပြီး သူ့ရှပ်အင်္ကျီကြယ်သီးတွေကို ဖြုတ်ပေးဖို့ ဆိုးဆိုးဆတ်ဆတ်နဲ့ လက်ပြင်လိုက်တဲ့ အချိန်မှာ သူက ခဏနေဦး လို့ အလန့်တကြား တစ်ချက်အော်တယ်။ ပြီးတော့မှ သူ့ပါးစပ်ကို သူအုပ်ပြီး ရှူးတိုးတိုး လို့ သူကပဲတပြန် ကျွန်မကို လာပြောတယ်။
ဆက်ဖတ်ရန် ဒီကို သွားပါ။
Posted by
pandora
at
12:53 PM
17
comments
Links to this post
Labels: short story
Tuesday, November 10, 2009
ခြေရာချွန်မြ
ဆားချက်တယ်လို့ပဲ သဘောထားချင် ထားလိုက်ပါ။ ၂၀၀၈ အောက်တိုဘာလ က သံလွင်အိပ်မက်မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ၀တ္ထုတို အဟောင်းလေးတစ်ပုဒ်ကို ပြန်တင်လိုက်ပါတယ်။

ဒီအချိန်ကိုရောက်လျှင် သူ့ရင်ထဲ နွေးထွေးလာသည်။ အကာအရံများဖြင့် ၀န်းရံနေသော သူ့အလုပ်နေရာတွင် လွတ်နေသော ထိုအောက်ခြေ ထောင့်ကွက်လပ်ကလေး ကို လှမ်းကြည့်လိုက်လျှင် သပ်ရပ်သော လမ်းမတခုကို တပိုင်းတစ မြင်ရမည်။ ထိုတပိုင်းတစ ပြကွက်တွင် ဒီအချိန်ရောက်တိုင်း စည်းဝါးကျနစွာ ဖွဲ့နွဲ့ထားသော သံစဉ်ချို တစ်ပုဒ် ရိုက်ခတ် လာမည်။ အဲသည် သံစဉ်ချိုလေးကို နက်မှောင်မှောင် ပြောင်လက်လက် ရှူးဖိနပ်ချွန်လေး တစ်ရံဖြင့် ဘောင်ခတ်ထားသည့် ခြေထောက်ကလေးက ဖန်ဆင်းထားပါသည်။
ကံကောင်းသောနေ့များတွင် လမ်းမမှာ ကားလာနေသဖြင့် ခြေထောက်ကလေးသည် ခေတ္တရပ်တန့်စောင့်ဆိုင်း နေရတတ်သည်။ အဲသည် အခါမျိုးမှာ သူ့အတွက် ခြေထောက်ကလေးကို ငေးမောချိန် ပိုရလေ့ရှိသည်။ လမ်းကို ဖြတ်မကူးခင်မှာ ခဲတံချောင်းလေးလောက် သေးချွန်ချွန် ဖိနပ်ခွာကလေး ပေါ်မှာ ခြေလှမ်းကို ထိန်းလိုက်ပုံ။ ကားကို စောင့်နေချိန်တွင် အိနြေ္ဒရရ ရပ်နေပုံ။ ကားများ ရှင်းသွားမှ မနှေးလွန်း မမြန်လွန်း ခြေလှမ်းများဖြင့် တလှမ်းချင်း ဆက်လှမ်းထွက်သွားပုံ။ မနွဲ့သော သို့သော် ဆတ်တောက်တောက်လည်း ဖြစ်မနေသော မနှေးသော သို့သော် ပျာယာခတ်ခြင်းမျိုးလည်း ဖြစ်မနေသော ခြေလှမ်းများ ပိုင်ရှင်။ သည်လို မိန်းကလေးတစ်ယောက်ဟာ ရုပ်ကလေးလည်းလှ စိတ်ထားကလေးလည်း သိမ်မွေ့သူ ဖြစ်ရမည်ဟု ဆိုင်ဆိုင်မဆိုင်ဆိုင် သူ တိတ်တခိုး ကောက်ချက်ချသည်။
ကံဆိုးတာ တစ်ခုကတော့ အဲသည် ထောင့်ကွက်လပ်ကလေးနှင့် မနက်ခင်းအချိန်ပိုင်းမှာ သူထိုင်ပြီး အလုပ်လုပ်ရသည့်နေရာတို့ ဖွဲ့စည်းထားပုံမှာ ခြေထောက်ကလေးကို လှမ်းမြင်ရရုံသာ လှစ်ဟနေခြင်း ဖြစ်သည်။ သူ မတ်တတ်ရပ်လိုက်လျှင် ဘာမှ မမြင်ရတော့။ သူမြင်မြင်နေရသော ခြေသလုံးကလေး၏ အထက်မှ လူပုံသဏ္ဍာန် တစ်ခုလုံးကို မြင်ရဖို့ ဆိုပြန်လျှင်လည်း သူမြေပေါ်မှာ ပြားပြားဝပ်လျှင်ဝပ်လိုက်မှ သို့မဟုတ် အလုပ်နေရာကို ကာရံထားသော သူ့တစ်ရပ်စာ မကသည့် အဆီးအတားများကို ဖယ်ရှားပစ်ဖို့ လိုပါမည်။
ညနေ အလုပ်သိမ်းပြီးလျှင် တကိုယ်စာလှဲလျောင်းနိုင်သော ခုတင်ကလေးများ ရှိသည့် သူတို့ စုပြုံနေရသော အခန်းကျဉ်းကလေးကို ပြန်ကြမည်။ ညနေစာ စားပြီးလျှင် စာဖတ်သူဖတ် တီဗွီရှေ့ ထိုင်သူထိုင် စောစောအိပ်သူ အိပ်မည်။ သူကတော့ အခုတလောမှာ မနက်တိုင်း သူငေးမောမိသော ခြေထောက်ကလေး အကြောင်းကို သူငယ်ချင်းများနှင့် ပြောဖြစ်ပါသည်။ ခြေထောက်ကလေး တစ်ခုတည်းကို ကြည့်ပြီး စွဲလန်းတယ်ဆိုတာ ကြားတော့ သူနှင့် တခန်းတည်းနေ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေက ရယ်ကြသည်။
“မင်းဟာကကွာ… ခြေထောက်က လွဲပြီး လူကိုလည်း မမြင်ဖူးဘူး။ မင်းဆိုတဲ့ကောင် ရှိနေမှန်းတောင် သူကမသိဘူး။ သိတော့ရော သူက ဒီနိုင်ငံသူ ဖြစ်ချင် ဖြစ်နေမှာပေါ့။ ငါတို့လို ကောင်တွေကို ရှိတယ်တောင် ထင်မှာ မဟုတ်ဘူးလေ။”
ငါတို့လိုကောင်တွေ…. ဘယ်လိုကောင်တွေပါလိမ့်။ သည်နိုင်ငံလေးကို ရောက်လာကြသည့် အမိမြေက လူတွေဟာ အမျိုးမျိုး အဖုံဖုံ ကွဲပြားကြသည်လေ။ အစွယ်ရှိသူက အစွယ်ကို ဦးချိုရှိသူက ဦးချိုကို အားကိုးလို့ ရချိန်မှာ သူကတော့ လက်နှစ်ဘက် ခြေနှစ်ဘက်ကိုသာ အားကိုးနိုင်ခဲ့သည်။
ဘာနဲ့ အလုပ်လုပ်နေလဲဟင် .. ဟုမေးလိုက်တိုင်း သူ့အဖြေဟာ ရင်ကော့ခေါင်းမော့ စရာ တစ်ခု မဟုတ်ခဲ့တာတော့ သေချာသည်လေ။ သို့သော် ဒါဟာ သူ့အပြစ်လေလား။ သူ ဘာမှားခဲ့သလဲဟု မကြာခဏ စဉ်းစားကြည့်ဖူးသည်။
တကယ်တော့ သူဟာ ဘာမှ မထူးချွန် မထူးခြားသော သာမန် ယောက်ျားလေး တယောက် ဆိုပေမယ့် မိကောင်းဖခင်က မွေးဖွားလာခဲ့သူ တစ်ဦးပေပဲ။ ကိုယ့်ရပ်ရွာမှာဆိုလျှင် သူ့မိသားစုက အတိုင်းအတာတခုအထိ ၀င်ဆန့်သည်ဟု ဆိုနိုင်သည်။ သူ့မိဘတွေမှာ အိမ်ပိုင် ရှိသည်။ အိမ်မှာ ဈေးဆိုင်ကလေး ဖွင့်တုန်းက သူကိုယ်တိုင် ဦးစီးခဲ့ဖူးသည်။ သူ့မှာ ဘွဲ့ဒီဂရီ တစ်လုံးလည်း ရှိသည်။ သို့သော် စာပေ၀ါသနာ ပါတာ တစ်ခုတည်းနှင့် ၄ နှစ်တိုင်တိုင် ပျော်ရွှင်စွာ သင်ယူခဲ့သော မြန်မာစာ အဓိက ဟူသည့် ဘာသာရပ် သည် အခုတော့ ဒီနေရာမှာ ဘာမှ သုံးလို့မရဘူး ဟူသောမှတ်ချက်ကို ရင်နာနာနှင့် လက်ခံရပြီလေ။
သည်နိုင်ငံလေးမှာ အလှူပွဲ တွေ့ဆုံပွဲ စသည့် ကိုယ့်လူမျိုးများ စုဝေးရာ နေရာများကို ရင်းနှီးသော သူငယ်ချင်းများ မပါလျှင် သူဘယ်တော့မှ မသွားပါ။ တခါက သူ့အဖေ၏ သူငယ်ချင်းတစ်ဦး၏ သမီးနှင့် ဆုံခဲ့ဖူးသည်။ မတွေ့တာ ကြာသည်မို့ အားပါးတရ နှုတ်ဆက်မိပါသည်။ ကျောင်းတက်နေသည်ဟု သူက သိထားသည်လေ။ သူလည်း အလုပ်လုပ်နေကြောင်း နေထိုင်သည့်နေရာနှင့် အလုပ်ကို ပြောပြနေရင်း ကောင်မလေးက ဟက်ဟက်ပက်ပက် မရှိလှတာကို သတိထားမိကာ သူမျက်နှာပူနွေးလာခဲ့သည်။
ရိုးသားသော သူ့မိသားစုကတော့ အဝေးရောက် သားကြီးအတွက် အမြဲ ဂုဏ်ယူနေခဲ့သည်။ ဖုန်းဆက်လိုက်လျှင် “နိုင်ငံခြားမှာ ငါ့သားတော့ တွေ့နေလောက်ရောပေါ့” ဟု ရယ်မောကာ မေးလာတတ်သော အဖေ့ကိုတော့ သူ့ တနေ့တာ အချိန်ဇယားကို ပြောမပြဖြစ်ခဲ့ပါ။
“ဟေ့ကောင် စိတ်ကူးယဉ်မနေနဲ့။ ငါတို့လို လက်တွေ့ကျကျ လုပ်လိုက်။ ဒီတပတ် တနင်္ဂနွေ သွားမယ်။”
“ဘယ်ကိုလဲ။”
နေရာ တစ်နေရာအကြောင်း သူ့နားနားကို ကပ်ပြီးပြောတော့ သူ အလိုလို ခေါင်းခါရမ်းလိုက်မိသည်။
“ဘာလဲ ဖဦးထုတ်မို့လို့ မကြိုက်ဘူးလား။ ရွှေလိုချင်ရင်လည်း ရွှေရပါတယ်။ ဒါဆိုရင်တော့ တိုးတိုးတိတ်တိတ်ပေါ့။”
သူငယ်ချင်းက ရယ်ကျဲကျဲဖြင့် ပြောလာတော့ သူအံ့သြမိသလို နာကျင်ရသည်။ သည်လိုနိုင်ငံကို ရောက်လာပါလျှက် သည်လိုအလုပ်ကို လုပ်နေရသော ကိုယ့်လူမျိုး မိန်းကလေးတွေ ရှိနေသေးတယ်တဲ့လား။ အားပေးရက်သူတွေလည်း ရှိနေသေးသတဲ့လား။
“ခင်ဗျားတို့ပဲ သွားကြပါဗျာ။ ကျွန်တော်က ပိုက်ဆံစုရမှာ အကြွေးတွေ များနေလို့ပါ။”
အတိုက်အခံ မဖြစ်အောင်သာ ကြည့်ပြောရင်း လှည့်ထွက်လာခဲ့သည်။
ရန်ဖြစ်ရမည်ကိုတော့ သူတတ်နိုင်သမျှ အမြဲရှောင်ပါသည်။ အလုပ်ထဲမှာ ကိုယ့်လူမျိုးတွေဟာ ရိုးသားပြီး မခိုမကပ် ကြိုးစားသည်ဟု နာမည်ကောင်းရပါလျှက် မဟုတ်မခံ စိတ်ဆတ်သည် ရန်ဖြစ်တတ်သည် ဟု ကောက်ချက်ချခံရသည်။ သူတို့ကလည်း ထိန်းချုပ်ထားခဲ့ရသော ခံစားမှုမျိုးစုံကို တခါတခါ သည်နည်းဖြင့် ဖောက်ချမိတတ်ကြသည်။ ရွေးချယ်စရာ နည်းပါးလာသော ဘ၀တွေမှာ အရေပြားတွေက ပါးလျလာသည်။ နှလုံးသားတွေက ကြွပ်ဆတ်လာခဲ့ကြသည်လေ။
ရှားပါးလှသော အားလပ်ချိန်တွေမှာ ကုန်တိုက်ကြီးတွေကို လှည့်ပတ်လျှောက်သွားရင်း မိန်းကလေးဖိနပ် ရောင်းသည့် ဆိုင်တွေ ရှေ့ကို ရောက်တိုင်း သူ ငေးမောကြည့်မိသည်။ သူမရဲ့ ဖိနပ်ကလေးဟာ သည်အရွယ်အစားလောက် ရှိမှာပဲ။ သည်လိုဖိနပ်ကလေးနဲ့ဆိုလျှင် သူမနဲ့ လိုက်ဖက်မှာပဲ စသည်ဖြင့် သူက စိတ်ကူးယဉ်လိုက်သေးသည်။ ဈေးနှုန်းတွေကို ကြည့်တော့ တော်တန်ရုံ အမျိုးအစားလေး ၀ယ်မည်ဆိုလျှင်ပင် မောင့်တလစာ မဟုတ်တောင် မောင့်တပတ်စာ ဟု ပြောရတော့မည် ထင်သည်။ သည်လိုဆိုပြန်တော့လည်း သူကြားဖူးသည့် မောက်မာသော မိန်းကလေးတွေ ပြောတတ်သလို ရှင့်လစာက ကျွန်မ ဖိနပ်တစ်ရံဖိုးတောင် ရှိလို့လား ဟုပြောသော မိန်းကလေးမျိုး ဖြစ်မှာကို စိုးမိပါသေးသည်။
သူမကလေးဟာ ချစ်စဖွယ် ယဉ်ကျေးသော မြန်မာမကလေး ဖြစ်လိုက်လျှင် ဘယ်လောက် ကောင်းလိုက်မလဲ ဟု သူ မကြာခဏ တွေးဖြစ်သည်။ ခြေထောက်ကလေးကို ငေးမောခွင့်ရသည့် သည်အလုပ်ခွင်၏ သတ်မှတ်ချိန် ခြောက်လတာ မပြီးဆုံးခင်မှာ သူမ သိအောင် တစ်ခုခုတော့ ပြောပြချင်ပါသေးသည်။ မြန်မာမကလေး ဖြစ်ခဲ့လျှင်တော့ သူမရဲ့ နေ့စဉ် ခြေလှမ်းကလေးများအပေါ်မှာ ရင်ခုန်ယစ်မူးတတ်သော လူမျိုးတူ ကောင်ကလေး တစ်ယောက် ဟောသည် မြို့လေးပေါ်မှာ ရှိနေတယ် ဆိုတာလောက်ပေါ့။
အခွင့်အရေးပေးလာသည့် တနေ့နေ့မှာ သူမ သိအောင် ဘယ်လို ပြောရပါ့မလဲ။ သူက စိတ်ကူးယဉ်စွာ ကဗျာလေး တပုဒ် စပ်မိပါသည်။ ကဗျာနာမည်ကို “ခြေရာချွန်မြ” ဟုပေးထားသည်။ ကဗျာ အောက်မှာ “တိတ်တခိုး ငေးမောမိသူ” ဟု လက်မှတ်ကလေး ရေးလိုက်မည်။ ကဗျာက ကလေးဆန်လွန်းသလား။ သိပ်နုလွန်းနေသလား။ သူ့စိတ်ကူးတွေကလည်း ကဗျာလေးနဲ့အတူ နုနေသည်။
အခြေအနေပေးလာတဲ့နေ့မှာ သူက အမှတ်တမဲ့လိုလိုနဲ့ ဒီစာရွက်ကလေးကို သူမရှေ့ ရောက်အောင် မလှမ်းမကမ်းကနေ လွှင့်ချပစ် လိုက်မှာပေါ့။ စာရွက်ကလေးကို ကောက်ကြည့် ချင်စရာ ကောင်းအောင် ပန်းပွင့်ပုံ လိပ်ပြာပုံ အရိပ်ကလေးများပါသော စာရွက်လှလှလေး ၀ယ်ပြီး လက်ရေးလှလှဖြင့် ရေးထားမည်။ တကယ်လို့ မြန်မာမကလေး ဖြစ်ခဲ့လျှင် ဖတ်ပြီးတဲ့အခါ သူမ မျက်နှာလေး ဘယ်လိုဖြစ်သွားမလဲ။ တကယ်လို့ မြန်မာမကလေး မဟုတ်ခဲ့လျှင်တော့ နားမလည်စွာ သူ့ကို ကြည့်လာလျှင် ဆောရီး ဟုပြောပြီး မတော်တဆ လွင့်သွားသလိုလိုနှင့် စာရွက်ကလေးကို ပြန်သိမ်းယူလိုက်မည်။
သူက ကံအဆိုးဆုံး အခြေအနေကိုလည်း မျှော်လင့်ထားခဲ့သေးသည်။ ဥပမာ ကောင်မလေးက သူ့စာရွက်ကလေးကို လုံးဝ မမြင်ဘဲ တက်နင်းသွားခဲ့တာမျိုးပေါ့။ ဒါဆိုလျှင်လည်း သူမရဲ့ ခြေရာ စွန်းထင်းကျန်ခဲ့သော စာရွက်လေးကို သူက အမှတ်တရ သိမ်းဆည်း ထားတော့မည်လေ။
သူမျှော်သည့်နေ့ကို ရောက်လာစေချင်သလို ရောက်လာမှာကိုလည်း စိုးနေမိသည်။ ခြေထောက်ပိုင်ရှင်လေးကို အပြည့်အ၀ မြင်ခွင့်ရမည့်နေ့ သို့မဟုတ် အကာအရံများ ခွာချရသည့်နေ့ဟာ သည်အလုပ်ခွင်ရဲ့ နောက်ဆုံးနေ့ပေပဲ။
“လူသွားလမ်းဘက် အခြမ်းကို နောက်ဆုံးမှ ဖြုတ်လေ။ ဒါမှ အမှုန်အမွှားတွေ ဟိုဘက် မလွင့်မှာပေါ့။”
သူ့အလုပ်ကြပ် ပြောသော စကားကြောင့် လမ်းမဘက်မှ အကာအရံများထံ လှမ်းနေသော သူ့လက်တွေ တွန့်သွားသည်။ ကျွတ်.. အရေးထဲမှာကွာ။ သူမ မရောက်ခင် ဒီအကာတွေ ခွာလို့ ပြီးပါ့မလား။
ဟော…. သူ့နားထဲမှာ အစဉ်မှတ်မိနေသော ခြေသံ သဲ့သဲ့ ကြားရပြီ။ အချိန်မှန်သော သူမ လာနေပြီ။ အိပ်ကပ်ထဲက ကဗျာစာရွက်ကလေးကို အသာစမ်းလိုက်မိသည်။
နားစွင့်နေရင်း ဒေါက် ဒေါက် ခြေသံ တိတ်သွားပြီ။ လမ်းမနားကို မရောက်ခင် ခြေထောက်ကလေး ရပ်သွားပြီ။ ဘာဖြစ်လို့ပါလိမ့်။ သူ့နားထဲမှာ စကားသံ သဲ့သဲ့ ကြားလိုက်ရသလို။ အိုး..။ သူ ပျော်ရွှင်စိတ်ဖြင့် ရင်ခုန်သံတို့ မြန်လာသည်။ ဟုတ်တယ်။ ဒါ မြန်မာသံ ပီပီသသပဲ။
“ဟင်.. ။ မေ့ကျန်ခဲ့သလား။ ဟုတ်သားပဲ စားပွဲပေါ် တင်ခဲ့တာလေ။”
သူမ၏ အသံသည် သူမ၏ ခြေထောက်ကလေးလိုပဲ လှနေသည်။ ချိုနေသည်။ သူမဟာ တခုခုကို အိမ်မှာ မေ့ကျန်ခဲ့သတဲ့။ ဒါဆို လှည့်ပြန်တော့မလို့လား။
“ဘာ.. လိုက်ပေးနေပြီ ဟုတ်လား။ အခု ဘယ်မှာလဲ။ ဒါဆို စောင့်နေမယ်နော်။”
သူ အကာအရံတွေကို အမြန်ဆုံး ဖြိုချလိုက်ချင်သည်။ ရှားရှားပါးပါး သူမ အကြာကြီး ရပ်နေသည့် အချိန်မှာ တစက္ကန့် တစက္ကန့်တိုင်းဟာ သူ့အတွက် အဖိုးတန်နေပြီ။ လမ်းမဘက် အကျဆုံး ထောင့်ဘက်မှ အလွှာကို စတင်ဖယ်ရှားရန် တွန်းဟလိုက်သည့်အခါ လှပသော ဒေါက်ဖိနပ်လေးကို အရင်ဆုံး မြင်လိုက်ရသည်။ သူ ခေါင်းမော့ ကြည့်ရန်အလုပ် အပြေးတပိုင်းဖြင့် လျှောက်လာသော ခြေသံ တဖြတ်ဖြတ်ကို ကြားလိုက်ရသည်။
“ဒီမှာ.. စောင့်နေတယ်။”
ရုတ်တရက် ပေါ်ထွက်လာသော သူမအသံကြောင့် သူ ဖြတ်ခနဲ ခေါင်းကို ပြန်ငုံ့ထားလိုက်မိပါသည်။
ခြေသံအသစ် သည် အနားတွင် ရပ်သွားသည်။ သူ့မြင်ကွင်းထဲသို့ အမျိုးသားစီး ရှူးဖိနပ်တရံ ရောက်လာသည်။
ပြောနေကြသော စကားသံသဲ့သဲ့ ကို သူ့နားထဲ မကြားသလို ကြားသလို ဖြစ်လာသည်။ ကဗျာစာရွက်ကလေးကို ထုတ်ပြီး အသံတိတ် ပြန်ဖတ်နေမိသည်။
ခြေရာချွန်မြ
ဒေါက်… ဒေါက်
ဒီအချိန်ရောက်တိုင်း
မိုးပေါ်ကကျလာတဲ့
ခဲတံတစ်လုံးစာ ဟန်ချက်မှာ
အသက်ရှူသံတွေ အေးစက်သွားတယ်။
ဒေါက်.. ဒေါက်
ကဗျာဆန်ဆန် အညို့ဓာတ်နဲ့
ရွှေဖိနပ် ပိုင်ရှင်ရေ…
ပြေပြစ်သွယ်လျ
မင်းအလှလေးကို
ဒီကငေးမိရုံပါကွယ်။
ဒေါက်.. ဒေါက်
ရင်ထဲထိ လျှောက်လာတဲ့
စည်းချက်မှန်မှန် နရီတေးရယ်….
တစ်လှမ်းချင်း နီးလာတိုင်း
တစ်လှမ်းချင်း ဝေးသွားတိုင်း
နွေးခနဲ အေးခနဲ
အတွေးထဲမှာ
ခြေရာချွန်မြ
စူးရှထင်ကျန်ရစ်ခဲ့ပေါ့ကွယ်။
သူခေါင်းကို မော့မကြည့်လိုက်တော့ပါ။ သပ်ရပ်ခံ့ညားသော ရှုးဖိနပ် တစ်ရံနှင့် လှပ ချစ်စဖွယ် ကောင်းသော ဒေါက်ဖိနပ် ချွန်ချွန်လေးတစ်ရံ မြင်ကွင်းမှ ပျောက်သွားပြီ။ လက်ထဲမှ ကဗျာစာရွက်ကလေးက သူစီးထားသော လည်ရှည် ရာဘာဖိနပ်ဝါ၀ါ ထဲကို ချွန်ချွန်မြမြ ထိုးဖောက်ကျသွားခဲ့ပြီ။
ပန်ဒိုရာ
Posted by
pandora
at
12:23 AM
18
comments
Links to this post
Labels: short story
Saturday, November 7, 2009
ဘာသာမပြန်နိုင်ခဲ့
လူတွေစည်ကားတဲ့ လမ်းမလယ်ခေါင်မှာ၊ ကားဟွန်းသံတွေ စကားပြောသံတွေ ဈေးရောင်းသံတွေ ဆူဆူညံညံကြားမှာ၊ ရုတ်တရက် အထီးကျန် တိတ်ဆိတ်သွားတာမျိုး။ စာမေးပွဲတွေဖြေ၊ အလုပ်တွေရှာ၊ ပိုက်ဆံတွေစု၊ ပုံမှန်လည်ပတ်နေတဲ့ တစ်နေ့တာတွေကြား ဗြုန်းစားကြီး အဖြေရှာမရ အဓိပ္ပါယ်မဲ့သွားတာမျိုး။ ကိုယ်ဘာကို လိုချင်တာလဲဆိုတဲ့ ခံစားချက်တွေကို ဝေခွဲမရ ဖြစ်နေတာမျိုး။ အဲဒီလိုဆန်ဆန်တွေ ခံစားဖူးတယ် ဆိုရင် Lost in Translation ဆိုတဲ့ ရုပ်ရှင်ကို ကြည့်လိုက်ပါ။ မခံစားဖူးသေးဘူး ဆိုရင်လည်း အဲဒီရုပ်ရှင်ကို ကြည့်လိုက်ပါ။
Bill Murray နဲ့ Scarlett Johansson တို့အဓိက ပါဝင်သရုပ်ဆောင်တဲ့ Lost in Translation ဇာတ်ကားဟာ ၂၀၀၃ ခုနှစ်လောက် ကတည်းက ထွက်ခဲ့တာပါ။ ဒါရိုက်တာ Sofia Coppola ကရိုက်ကူးခဲ့တာပါ။ ကိုယ်ကတော့ ၂၀၀၆ လောက်မှ ကြည့်ဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းရဲ့ ဆိုလိုရင်းကတော့ Everyone wants to be found တဲ့။
Bob (Bill Murray) က အသက်အတော်ရလာပြီ ဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် တစ်ယောက်ပါ။ အတောက်ပဆုံး အချိန်တွေကို ဖြတ်သန်းခဲ့ပြီးတဲ့ ကြယ်တစ်ပွင့်လို့လည်း ဆိုနိုင်မယ်။ ဂျပန်ပြည်မှာ ၀ီစကီကြော်ငြာတစ်ခု ရိုက်ကူးဖို့ အနုပညာကြေး ကောင်းကောင်းရတာနဲ့ လာခဲ့တယ်။
Charlotte (Scarlett Johansson) ကတော့ ဘွဲ့ရပြီးခါစ ငယ်ရွယ်တဲ့ မိန်းကလေး တစ်ယောက်ပါ။ အောင်မြင်တဲ့ ဓာတ်ပုံဆရာတစ်ယောက်ရဲ့ ဇနီးလည်းဖြစ်တယ်။ အမျိုးသားက ဓာတ်ပုံရိုက်ဖို့ အလုပ်ကိစ္စနဲ့ ဂျပန်ကို လာရတဲ့အခါ သူကလည်း အတူလိုက်လာခဲ့တယ်။
နားမလည်တဲ့ ဘာသာစကားတွေ ပြောနေတဲ့ ဒေသတစ်ခုမှာ ရင်းနှီးကျွမ်းဝင်မှု မရှိတဲ့ ယဉ်ကျေးမှုတွေနဲ့ ဆူညံစည်ကားနေပေမယ့် သူတို့အတွက် ငြီးငွေ့ဖွယ်ရာပါ။ Charlotte က တခါတခါ အပြင်ကို ထွက်ပြီး လျှောက်သွားကြည့်ဖြစ်တယ်။ တချိန်လုံး အလုပ်များနေတဲ့ အမျိုးသား ဓာတ်ပုံရိုက်ထွက်လို့ ဟိုတယ်ထဲမှာ တယောက်တည်း ရှိနေချိန်မှာ သူ့အခန်းထဲက မှန်ပြတင်းပေါက် ဘောင်မှာ ထိုင်ပြီး အပြင်ကို ငေးလေ့ရှိတယ်။ Bob ကတော့ အလုပ်နဲ့မို့ ကြော်ငြာရိုက်ရင်း ဟိုတယ်ထဲမှာပဲ အချိန်ကုန်တာ များတယ်။ တခါတလေတော့ သူ့ဇနီးဆီက ဖုန်းလာတယ်။ Fax လာတယ်။ အိမ်ကိစ္စ၊ ကလေးတွေကိစ္စ စတဲ့ ပူပူညံညံ အကြောင်းတွေပါပဲ။ သူက တတ်နိုင်သမျှတော့ ဇနီးကို လိုက်လျောညီထွေ ပြန်ပြောလိုက်တာပါပဲ။
ဟိုတယ်တစ်ခုထဲမှာ တည်းခိုနေကြတဲ့ Bob နဲ့ Charlotte တို့ ဆုံဖြစ်ကြတယ်။ Charlotte ကို Bob က ဓာတ်လှေခါးထဲမှာ စပြီး သတိထားမိတာပါ။ နောက်တော့ အရက်ဘားမှာ ထိုင်ရင်း တွေ့ဖြစ်ကြတယ်။ Bob က အိမ်ထောင်သက် ၂၅ နှစ်ရှိပြီ ဖြစ်တဲ့အကြောင်း Charlotte ကတော့ လက်ထပ်တာ မကြာသေးတဲ့အကြောင်း စတဲ့ သူ့အကြောင်း ကိုယ့်အကြောင်း ပြောကြတဲ့ စကားစမြည် ဆက်ဆံရေးလောက်ပါပဲ။ နောက်တော့ သူတို့နှစ်ယောက် နည်းနည်း ပိုရင်းနှီးလာတယ်။ တခြားမိတ်ဆွေတွေနဲ့အတူ အပြင်ခဏထွက် ကာရာအိုကေ ဆိုကြရင်း အညောင်းမိနေတဲ့ စိတ်တွေကို ရွက်လွှင့်ကြတယ်။
သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ ပူလောင်တပ်မက်မှုတွေ မပါတဲ့ ပလေတိုးနစ် (platonic) ဆန်ဆန်ပဲ ရှေ့ဆက်ခဲ့ပါတယ်။ သူတို့ အိပ်မပျော်တဲ့ ညတညမှာ Charlotte က Bob ရဲ့အခန်းမှာ ဗွီဒီယို အတူကြည့်ရင်း ခုတင်မှာ လဲလျောင်း စကားပြောကြတဲ့ အခန်းတစ်ခန်း ပါတယ်။ ဝေဖန်ချက်တချို့ကတော့ အမေရိကန်ရုပ်ရှင်တွေထဲမှာ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် အိပ်ရာပေါ်မှာ အ၀တ်အစားအပြည့်အစုံနဲ့ (ဘာမှမလုပ်ဘဲ) ရိုးရိုးသားသား စကားပြောနေတဲ့ မြင်ကွင်းမျိုးကို မြင်နိုင်တဲ့ တစ်ခုတည်းသော ရုပ်ရှင်တောင် ဖြစ်ကောင်းဖြစ်မယ် လို့ဆိုပါတယ်။
အဲဒီမှာ သူတို့ပြောဆိုကြတဲ့အထဲမှာ မှတ်မှတ်ရရ ဖြစ်စေတဲ့ စာသားတချို့ရှိပါတယ်။ ဘ၀အတွေ့အကြုံ ပိုရင့်ကျက်တဲ့ Bob က တချို့အကြောင်းတွေကို Charlotte ကို ဝေမျှပါတယ်။
Bob: It gets a whole lot more complicated when you have kids.
Charlotte: It's scary.
Bob: The most terrifying day of your life is the day the first one is born.
Charlotte: Nobody ever tells you that.
Bob: Your life, as you know it... is gone. Never to return. But they learn how to walk, and they learn how to talk... and you want to be with them. And they turn out to be the most delightful people you will ever meet in your life.
Charlotte: That's nice.
ဟိုတယ် ဘား မှာ သီချင်းဆိုဖျော်ဖြေတဲ့ သက်လတ်ပိုင်း အမျိုးသမီး တစ်ယောက်ရှိတယ်။ တညတော့ Bob သောက်ရင်း မူးသွားတယ်။ နောက်တနေ့ မိုးလင်း သူ့အခန်းမှာ အမျိုးသမီးကို မြင်မှ အဲဒီအမျိုးသမီးနဲ့ အိပ်မိမှန်း သူလည်း သိတော့တယ်။ အဲဒီမနက် မှာ Charlotte က အခန်းတံခါးကို လာခေါက်နှုတ်ဆက်တော့ အဲဒါကို သိသွားတယ်။ အူတိုတဲ့ စိတ်ဆိုတာ မိန်းကလေးတွေက သူတို့ နှစ်သက်တဲ့လူတွေအတွက် ခံစားရလေ့ရှိတဲ့ သဘာဝ မဟုတ်လား။ နေ့လည်စာ အတူစားတဲ့အချိန်မှာတော့ Bob နဲ့ Charlotte ရဲ့ ဆက်ဆံရေးက နည်းနည်း ထစ်ငေါ့သွားတယ်။
အဲဒီညမှာ မီးလန့်လို့ ဟိုတယ်တခုလုံး အောက်ကို ခဏဆင်းကြရတယ်။ အဲဒီမှာ သူတို့နှစ်ယောက် ကောင်းကောင်း ပြန်နှုတ်ဆက်ကြပါတယ်။ Bob ပြန်မယ့် မနက်မှာတော့ Charlotte ခဏ ယူဝတ်ထားတဲ့ ကုတ်အင်္ကျီကို ပြန်ပေးဖို့ ဒါမှမဟုတ် ယူချင်ရင်လည်း ယူထားလိုက်ဖို့ Bob က ဖုန်းကနေ အမှာစကား ထားခဲ့တယ်။ Bob ကားပေါ်မတက်ခင် Charlotte ရောက်လာပါတယ်။ အင်္ကျီကို ပြန်မပေးပါဘူး။ သူများတွေ ရှေ့မှာမို့ သူတို့နှစ်ယောက် သာမန်ပဲ နှုတ်ဆက်ခဲ့ကြပါတယ်။
အဲဒီနောက် လေဆိပ်ကို အသွား ကားပေါ်ကနေ လမ်းဘေးတနေရာမှာ လျှောက်သွားနေတဲ့ Charlotte ကို Bob က လှမ်းမြင်လိုက်ပါတယ်။ ကားမောင်းသူကို ခဏရပ်ခိုင်းလိုက်ပြီး Charlotte နောက်ကို ပြေးလိုက်သွားခဲ့တယ်။ ဆုံတွေ့ကြတဲ့အချိန်မှာ Bob က Charlotte ကိုပွေ့ဖက်ပြီး နားနားကို တခုခု တိုးတိုးလေး ကပ်ပြောလိုက်ပါတယ်။ သူတို့နှစ်ယောက် နမ်းကြတယ်။ လမ်းခွဲကြတယ်။ Charlotte ရဲ့ မျက်နှာလေး ပြုံးပြီး ကျန်ခဲ့တယ်။
ဒီဇာတ်လမ်းမှာ ဒါရိုက်တာကို အထူးချီးကျုးချင်တာကတော့ ပြောချင်တဲ့ အကြောင်းအရာကို အပိုတွေမပါပဲ ကွက်တိဖြစ်အောင် တင်ပြသွားနိုင်တာပါပဲ။ စကားပြောခန်းတွေလည်း အများကြီး မပါတာမို့ စကားတွေ အရမ်းများတဲ့ နိုင်ငံခြားရုပ်ရှင်မျိုးကို မကြိုက်တတ်တဲ့ လူတွေလည်း ခံစားနိုင်မှာပါ။ သရုပ်ဆောင်ပုံတွေကလည်း သိပ်ကို သဘာဝကျ ပီပြင်ပါတယ်။
ဘာသာမပြန်နိုင်တဲ့ အရာတွေကို ဒီဇာတ်လမ်းမှာ အလွှာလွှာ အထပ်ထပ် အဓိပ္ပါယ် ဖွင့်ထားခဲ့တယ်။
ဘာသာစကား ခြားနားတဲ့ အထူးသဖြင့် အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင် ပြောလေ့မရှိတဲ့ ဂျပန်နိုင်ငံမှာ ဧည့်သည် အမေရိကန်လူမျိုးတွေ အနေနဲ့ ညွှန်ကြားချက်တွေကို နားမလည်နိုင်တာ။ ဆက်ဆံရေးတွေမှာ သူ့စကားကိုယ်မသိ။ ကိုယ့်စကား သူမသိ။ ယဉ်ကျေးမှုတွေကိုလည်း လိုက်ပါမခံစားနိုင်။
အရွယ်လွန်စ ယောင်္ကျားတစ်ယောက်ရဲ့ midlife crisis လို့သူတို့ဆီမှာ ခေါ်ကြတဲ့ အဖြစ်။ အလုပ်အကိုင်၊ အိမ်ထောင်ရေး၊ ဘ၀အောင်မြင်မှုတွေရဲ့ လမ်းခုလတ်မှာ အမည်ဖော်မရတဲ့ တိတ်ဆိတ်ငြိမ်သက်မှုတွေ။
စူးစမ်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ အရွယ် ဖြစ်တဲ့ မိန်းမငယ်လေးတစ်ယောက်ရဲ့ အနာဂတ်ဘ၀အပေါ် ကိုယ်လိုချင်တာ လိုအပ်တာတွေအပေါ် မရေရာ ပျောက်ဆုံးမှုတွေ။
Bob နဲ့ Charlotte ကြားက ဘာသာပြန်ရခက်တဲ့ ဆက်ဆံရေး နဲ့ ခံစားမှု ခပ်ပါးပါး။
နောက်ဆုံး Bob က Charlotte ကို နားနားမှာ တိုးတိုးလေး ကပ်ပြောသွားတာ ဘာပါလိမ့် ဆိုတာကိုလည်း ပရိသတ်က ဘာသာမပြန်နိုင်ပဲ စူးစမ်းသိချင်စိတ်နဲ့ ကျန်ရစ်ခဲ့ရတယ်။ (အဲဒီအကြောင်းကိုတော့ အင်တာနက်ထဲမှာ တချို့ ထင်မြင်ထားတာတွေ သိချင်ရင် ဒီမှာ ကြည့်ပါ။ ဘယ်သူမှတော့ အဖြေမှန်တယ်လို့ အာမ မခံနိုင်ကြပါဘူး။)
သမားရိုးကျ အစွဲအလန်းတွေနဲ့ ကြည့်ရှုသူတွေအတွက်တော့ ဒါရိုက်တာ တင်ပြချင်တဲ့ တချို့သော အကြောင်းအရာတွေကို မြင်ချင်မှမြင်မယ်။ မြင်လည်း လက်ခံချင်မှ လက်ခံနိုင်မယ်။ Bob နဲ့ Charlotte တို့ရဲ့ ဆက်ဆံရေးဟာ politically incorrect (ဘယ်လို ဘာသာပြန်ရမလဲ မသိ။ ဒီနေရာမှာတော့ လူအများသတ်မှတ်ထားတဲ့ ဖြစ်သင့်ဖြစ်ထိုက်သည်များမှ သွေဖယ်ခြင်းလို့ပဲ ဆိုပါစို့။) ဖြစ်နိုင်ပါတယ်။။ ဒါပေမယ့်လည်း လူ့သဘာဝ ဆိုတာ အမြဲတန်း politically correct ဖြစ်နေတာမှ မဟုတ်တာ။ ဒီလိုသဘာဝတွေနဲ့ ထုံမွှမ်းထားတဲ့ ဘ၀တွေထဲမှာပဲ အထိအခိုက်နည်းအောင် ရုန်းကန်ရင်း လူတွေ နေထိုင်သွားကြတယ်။ တချို့အရာတွေက ဘာသာမပြန်တော့ပဲ ဒီအတိုင်း ထားလိုက်တာပဲ ကောင်းမယ်ထင်ပါတယ်။
ပန်ဒိုရာ
Posted by
pandora
at
2:57 PM
23
comments
Links to this post
Thursday, November 5, 2009
ကိုယ်တော်နှစ်ပါးပုံပြင်
Posted by
pandora
at
12:07 AM
22
comments
Links to this post
Labels: poem
Friday, October 30, 2009
Happy Halloween!

ကိုယ့်ဘာသာရေးနဲ့တော့ မဆိုင်ပါ။ Pet Society မှာ ဒီလိုဆန်ဆန်ပုံလေးတွေ့တာနဲ့ စိတ်ကူးပေါက်ပြီး ပျော်လို့ ဆွဲလိုက်တာ။ထုံးစံအတိုင်း Paint ထဲမှာ mouse နဲ့။ ကြိုက်ရင် ယူသွားလို့ရပါတယ်။
Posted by
pandora
at
1:09 AM
19
comments
Links to this post
Labels: picture
Monday, October 26, 2009
ကမ္ဘာကြီးပျက်တဲ့ ကိစ္စ

"ကမ္ဘာပျက်ခါနီး တစ်လလောက်အလို" ဆိုပါတော့...
ဘယ်လိုတွေ ခံစားတွေးတောမိမလဲ...ဘယ်လိုတွေနေထိုင်ကြမလဲ... မအိန္ဒြာက အိနြေ္ဒကြီးနဲ့ တက်ဂ်လာပါတယ်။
(၁)။ ဘယ်သူတွေနဲ့ရှိနေချင်လဲ..
ရယ်စရာကောင်းတဲ့လူတွေဆိုရင် ဘယ်သူဖြစ်ဖြစ်ပါ။ မစ္စတာ Bean တို့၊ Ben Stiller တို့။ ငပေါများဂေဟာက ပေါညီတို့ ဆိုရင်လည်း လက်ခံပါတယ်။
(၂)။ဘာတွေခံစားနေရမလဲ..
ဘယ်လိုလေးများလဲ။ ဘယ်လိုကြီးများလဲ။ ဘုရားပွဲမှာ ချားရဟတ်စီးတာထက်တော့ ရင်ခုန်စရာကောင်းမှာ သေချာတယ်။ စိတ်လှုပ်ရှားတာနဲ့ ထလိုက်ထိုင်လိုက် မီးဖိုချောင်ထဲဝင်ပြီး လုပ်မိလုပ်ရာ တခုခု စားလိုက်သောက်လိုက် ဖြစ်နေမယ် ထင်ပါတယ်။
(၃)။ ဘာတွေပြင်ဆင်ထားမလဲ..
Charging အပြည့်သွင်းထားတဲ့ ပေါ့ပါးတဲ့ ဗွီဒီယိုကင်မရာ ကောင်းကောင်းပေါ့။ မသေဘဲ ကျန်ခဲ့ရင် ဖြစ်ခဲ့တာတွေကို ပြစားရမယ်။ အဲဒီလို စီးပွားရေး အကွက်မြင်ရတယ်။
(၄)။ ၀မ်းနည်းမိမှာက
ဖြစ်လာမယ့်နေ့မှာ အင်တာနက်ကြီး shut down ဖြစ်နေမှာကို ၀မ်းနည်းတယ်။ တယ်လီဖုန်းလိုင်းတွေလည်း ပြတ်နေမှာပဲ။ အဲဒီအချိန်မှာ ကမ္ဘာအရပ်ရပ်က မိတ်ဆွေသူငယ်ချင်းတွေနဲ့ .. အဲဒီဘက်မှာ ဘယ်လိုနေလဲ၊ ဒီမှာတော့ ဘာဖြစ်နေပြီ … ဘာညာ အွန်လိုင်းကနေ ပွားနေရရင် ကောင်းမှာ။ ကော်နက်ရှင် ကောင်းကောင်းလေးနဲ့ ဘလော့ဂ်ထဲမှာ အဖြစ်အပျက် ဓာတ်ပုံတွေ live တင်လို့ရရင်လည်း ကောင်းမှာ။
(၅)။ ကြောက်လန့်မိတာက..
ကိုယ်တစ်ယောက်တည်း အသက်ရှင်ကျန်ခဲ့မှာကို…။ ဖြစ်ပျက်ပြီး ကျန်ခဲ့တဲ့ အမှိုက်တွေ ဘယ်လိုလုပ် ရှင်းမလဲ။ တို့က ခါးချိုးပြီး အလုပ်ကြမ်းကြမ်း တသက်လုံး လုပ်ဖူးတာမဟုတ်ဘူး။
(၆)။ ဆောင်ထားချင်တာ..
ဘက်ထရီအပိုတွေပေါ့။ လျှပ်စစ်မီးက တော်တော်နဲ့ ပြန်ရဦးမယ် မထင်ဘူးလေ။
(၇)။ ဘာတွေရေးမိမလဲ..
တလလောက်ကြိုပြီး ကျောက်တုံးကောင်းကောင်းပေါ်မှာ အင်္ဂလိပ်မြန်မာ နှစ်ဘာသာနဲ့ သေသေချာချာထွင်းပြီး ရေးခဲ့ဖို့လုပ်ရမယ်။ ရေးတာကတော့ ဘာစာဖြစ်ဖြစ်ပါ။ ရေးသူနာမည်က ခပ်ကြီးကြီး ထင်ထင်ရှားရှား ဖြစ်ဖို့လိုတယ်။ သက်ရှိတွေ ပြန်ပေါ်လာပြီး နှောင်းလူတွေ ပြန်တူးဆွမိတဲ့အခါ အရင်ကမ္ဘာက ပန်ဒိုရာကျောက်စာ ဆိုပြီး ကျောင်းတွေမှာ သင်ရစေ့မယ်။
(ဂ)။ တွေးမိတွေးရာ အတွေး
သေသွားရင် ငရဲပြည်ရောက်မှာလား နတ်ပြည်ရောက်မှာလား။ ငရဲပြည်ရောက်ရင်တော့ ဟိုလူကြီးနဲ့ ပြန်ဆုံနေဦးမလား မသိ။ နတ်ပြည်မှာတော့ အင်တာနက် ရှိပါ့မလား။
(၉)။ ဂုဏ်ယူချင်တာက
ကမ္ဘာကြီးပျက်ခါမှပျက်ရော အထူးတလည် အံ့သြနေစရာမလိုပါဘူး။ ဒါတွေဖြစ်လာမယ်လို့ တကမ္ဘာလုံးက အခုလို ကြိုသိထားပြီးသားပဲလေ။ တို့လူသားတွေကွ။ ဟင်းဟင်း။
(၁၀)။ ရှာကြံဖြေသိမ့်မိတာက
အလုပ်ထဲမှာ ပရောဂျက်တွေ Deadline မမီတာ ကိုယ့်အပြစ်ကြောင့် မဟုတ်တော့ဘူးပေါ့။ ကမ္ဘာပျက်တာကို လွှဲချလိုက်လို့ရပြီ။ ဟဲဟဲ။
(၁၁)။ ကျူးရင့်ချင်တဲ့ ဥဒါန်း
တစ်ဆယ်.. ကိုး.. ရှစ်.. ခုနစ်… ခြောက်… ငါး…. လေး…. သုံး-နှစ်ပိုင်းတပိုင်း… သုံး… နှစ်-နှစ်ပိုင်းတစ်ပိုင်း.. နှစ်-လေးပိုင်းတစ်ပိုင်း.. နှစ်…. အဲ.. ပြီးတော့.. အဟမ်း..
မသက်ဝေကို တက်ဂ်ချင်ပါတယ်။ (သူက ကြောက်တတ်ပုံပဲ။ ပိုးဟပ်တောင် ကြောက်တာ။)
ပုံရိပ်ကိုလည်း တက်ဂ်ချင်ပါတယ်။ (သူက ခပ်တည်တည်နဲ့။)
ကိုဇာဇာ ကိုလည်း တက်ဂ်ချင်ပါတယ်။ (သူက ပိုတည်တယ်။)
ပန်ဒိုရာ
Posted by
pandora
at
12:20 AM
31
comments
Links to this post
Labels: personal
Sunday, October 25, 2009
ဆိုညည်းခဲ့တဲ့ သီချင်းတချို့အကြောင်း
ကိုဆောင်းယွန်းလ က သတိတရ ရေးခိုင်းလာပါတယ်။
ဆိုညည်းခဲ့တဲ့ သီချင်းတွေက ဒီအရွယ်အထိဆိုရင် အများကြီးပေါ့။ ရေချိုးခန်းထဲမှာ.. မောင်နှမတွေနဲ့ အတူတူ အိမ်ရှေ့ ၀ရံတာလေးမှာ.. သူငယ်ချင်းတွေနဲ့ ခရီးထွက်ရင် ဟိုင်းဝေးသွားတဲ့ ကားပေါ်မှာ… ။
မြန်မာသံစဉ်တွေထဲမှာ ကလေးလေးဘ၀က စပြီးကြားဖူးတဲ့သီချင်းကတော့ ချောကလျာ ဆိုတဲ့ သီချင်းပါ။ အိပ်ခါနီးတိုင်း အဲဒီသီချင်းကို ဖေဖေကဆိုပြီး သိပ်လေ့ရှိတယ်။ အငယ်ဆုံး ညီမလေး မွေးလာတော့ သူ့ကို ကိုယ်က ဆိုပြီးသိပ်တဲ့ သီချင်းကတော့ ချစ်ပြုံးနှင်းဆီ။ ညီမလေးကတော့ အဲဒီသီချင်းကို ပန်းသီချင်း လို့ခေါ်တယ်။ ညီမလေးကို ချော့သိပ်ဖို့ အဲဒီသီချင်းကို ခဏခဏ ဆိုပေးရတာပေါ့။
ဂစ်တာတီး မတောက်တခေါက် စသင်ခဲ့တဲ့ အချိန်ကတော့ အစ်ကိုတွေမောင်တွေနဲ့အတူ ထူးအိမ်သင်ရဲ့ သီချင်းတွေကို အများဆုံး ဆိုညည်းဖြစ်တယ်။ (အခုတော့ လုံးဝမတီးတတ်တော့ပါ။) ရော့ခ် ဂီတ ဆူဆူညံညံ တချို့ကိုလည်း ဇော်ဝင်းထွဋ်တို့ လေးဖြူတို့ ကျေးဇူးနဲ့ ခံစားတတ်ပြီး နှစ်နှစ်သက်သက် လိုက်အော်လာတတ်လာတယ်။
တက္ကသိုလ်တက်ခဲ့တဲ့ တလျှောက်မှာ ချစ်ရက်ရှည်ရှည် အင်းလျားမြေ တို့ တက္ကသိုလ်ကျောင်းက ငွေလမင်း တို့၊ အဓိပတိလမ်းက ခြေရာများ တို့ သူငယ်ချင်းတွေနဲ့ အတူတူ ဆိုညည်းကြ။ မကေသွယ်ရဲ့ ဘလော့ဂ်မှာ သီချင်းတချို့ကို ပြန်တွေ့တော့ လွမ်းသွားတယ်။
မြန်မာသီချင်းဖြစ်ဖြစ် အင်္ဂလိပ်သီချင်းဖြစ်ဖြစ် သံစဉ်တွေမက စာသားတွေကို ပိုပြီး တွေးတော ခံစားတတ်လာခဲ့တယ်။ အိမ်မှာ သီချင်းတွေဖွင့်ပြီး ကာရာအိုကေ လိုက်ဆိုတဲ့ကာလ တွေရှိခဲ့တယ်။ တခါတခါ ကက်ဆက်ခွေနဲ့ အသံသွင်းတယ်။ ကောင်းကောင်း မကောင်းကောင်း ကိုယ့်ဘာသာ ပြန်နားထောင်တယ်။ အဲဒီအထဲမှာ ကိုယ့်အဖို့မှာကား အလှတရား ကိုယ့်အနုပညာပါ ကိုယ့်ရဲ့ခံစားချက်များ ကိုယ့်ဖန်တီးမှုများသာ ….. ဆိုတဲ့ အလှသစ္စာတရား သီချင်းလည်းပါတယ်။ မရွှေပြည်သူ ဘလော့ဂ်မှာ တင်ထားတဲ့ ရွှေလည်တိုင် ဆိုတဲ့ သီချင်းလေးလည်းပါတယ်။ သင်္ကြန်မိုးထဲက နှစ်ကိုယ်တူချစ်သမျှ လည်းပါတယ်။
နောက်တော့ သီချင်းတွေကို နားမထောင်ဖြစ်သလောက်၊ ပါးစပ်ကနေ ထုတ်မညည်း မိသလောက် ပြတ်လတ်သွားတဲ့ အချိန်တွေရှိခဲ့။ တချို့သီချင်းတွေက နားမထောင် ချင်တော့တာမျိုး။ ပြန်မကြား မခံစားနိုင်တော့တာမျိုး။ အချိန်တွေ နေရာ မလပ်တော့တာကြောင့်လည်း ပါတယ်။ တနေ့ လန့်နိုးလာပြန်တယ်။
ထင်ချင်ရာထင်ပေါ့လို့ ထင်ပိုင်ခွင့်ပေးလည်း
ကိုယ်လိုရာကိုဆွဲပြီး ကိုယ်မထင်ရက်ဘူးကွယ်..
စိုင်းထီးဆိုင်ရဲ့ တယောက်သောသူအနမ်း ဆိုတဲ့ သီချင်းလေးတစ်ပုဒ်ကနေ သီချင်းတချို့ရဲ့ စာသားတွေကို ထိရှခံစားဖြစ်လာတယ်။ နှုတ်ဖျားမှာ ရင်ထဲမှာ မြန်မာသီချင်း နိုင်ငံခြားသီချင်း တချို့ကို အထပ်ထပ် ဆိုညည်းခဲ့တဲ့ ကာလတွေ ရှိခဲ့ပြန်တယ်။
နိုင်ငံခြားသီချင်းကို မြန်မာစာသားနဲ့ လိုက်ဆိုလို့ရအောင် ဘာသာပြန် ကြည့်ဖူးတာကတော့ နှစ်ပုဒ်လောက်ပဲ ရှိပါတယ်။ အဲဒီအထဲက Way back into love ဆိုတဲ့ ရုပ်ရှင်သီချင်းလေးတစ်ပုဒ် ကိုတော့ ဒီဘလော့ဂ်မှာ တင်ထားခဲ့ပါတယ်။
ဘ၀ဆိုတာ ဒီလိုပဲ ပေါ့ပါးလိုက် လေးလံလိုက်မဟုတ်လား။ လတ်တလောကို ပြောရရင် မိုက်ကယ်ဂျက်ဆင် ဆုံးပါးသွားတော့ နှစ်သက်မိတဲ့ သူ့သီချင်း တချို့က နှုတ်ဖျားပြန်ရောက်လာတယ်။
Heal the world
Make it a better place
For you and for me and the entire human race
There are people dying
If you care enough for the living
Make a better place for you and for me
ဆိုတဲ့ အပိုဒ်လေးကို အထပ်ထပ် ညည်းဆိုနေမိတယ်။
အခုနောက်ဆုံး ရင်ထဲမှာ ၀င်နေတဲ့ သီချင်းလေးတစ်ပုဒ်ကတော့ အိမ် ဆိုတဲ့ သီချင်းလေးပါ။ အဆိုတော် ဓိရာမိုရ် ဆိုတယ်လို့ပြောပါတယ်။ ရေးသူကတော့ သူကိုယ်တိုင်လား သူ့အစ်ကို အကြည်တော်လား အသေအချာ မသိပါ။ ကိုယ်ပိုင်သံစဉ်လို့ ထင်မိတယ်။ မဟုတ်ဘူးဆိုရင်လည်း စာသားအဓိပ္ပါယ်ရော သံစဉ်ပါ လှပလို့ နှစ်သက်မိပါတယ်။။ ကိုယ့်အိပ်မက်တွေနဲ့လည်း ထပ်တူကျနေတယ်။
အိမ်
ကမ္ဘာမြေမှာ ခိုလှုံရာခေါ်ဆိုတဲ့အိမ်
ရံရွေလယ် ထည်ဝါစွာ ဆင်စွယ်နန်းအိမ်
ကျူထရံတွေကာရံကာ ဓနိမိုးအိမ်
နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်းအိမ်
အိမ်တစ်အိမ်မှာ မှီတည်ရာ ဘာသာတရားတွေ
ကမ္ဘာမြေကို ဖြူစင်စွာ အကြင်နာမျှဝေ
ပိုင်ဆိုင်ရာ တွယ်တာရာ ဒီရင်သွေးတွေ
ဆည်းလည်းသံ လှိုက်ခတ်စေ ဒီချစ်ခြင်းတွေ
(ကလေးလေးတွေ နွေးထွေးဖို့လေ
ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကို ဆောက်ကြမယ်လေ...။
မြင့်မြတ်ခြင်းတွေ ၊ နွေးထွေးခြင်းတွေ
ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့လေ...။)
အိမ်အပြင်မှာ ၀ါပင်တွေကိုယ်တိုင်စိုက်မယ်
ကိုယ်တိုင်ထွန် ၀ါချည်မျှင် ဖျင်တဘက်ရယ်
အိမ်အပြင်မှာ ကိုယ်တိုင်ထွန် ကိုယ်တိုင်စိုက်တဲ့
စပါးရိတ်ချိန် ၀ိုင်းဖွဲ့ မယ့် ဆန်အရက်ရယ်
ဒီအချိန်ဆို အိမ်အပြင်မှာ ကဗျာတွေရွတ်မယ်
လာပါကွယ် အိမ်အပြင်မှာ ဂစ်တာတီးမယ်
ရင်ခွင်မှာ ကြင်နာသူချိုအနမ်းရယ်
ချစ်မိတ်ဆွေ စည်းချက်ညီ အတူတူကမယ်
(ကလေးလေးတွေ နွေးထွေးဖို့လေ
ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကို ဆောက်ကြမယ်လေ...။
မြင့်မြတ်ခြင်းတွေ ၊ နွေးထွေးခြင်းတွေ
ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့လေ)
ရင်ခွင်မှာ ရှင်သန်ရာ ခိုမှီရာ အိမ်တစ်အိမ်ကို ကမ္ဘာမြေမှာတည်ဆောက်ကြမယ်
အဆောင်အယောင်တွေ မဆင်ယင်ချင် ရင်ခွင်အိမ်ပျော်ရွှင်ပါစေ
ဒဏ္ဍာရီရာဇ၀င်လို ၀ိညာဉ်အိမ် စိန်စီရာ ရတနာခြယ် သိင်္ဂါရီအိမ် ...
တစ္ဆေတစ်ကောင်ဟန်ဆောင်သလို မာယာကင်းမဲ့
မနာလိုတဲ့ မစ္ဆရိယ ချည်နှောင်မှုမဲ့
ကံစီရင် ယုံကြည်စွာ ကမ္ဘာမြေမှာ...
တို့အိမ်... ငါတို့အိမ်...
ရဲရင့်လိုက် ...ချစ်တဲ့အိမ် တို့ဆောက်ကြမယ်...
(ကလေးလေးတွေ နွေးထွေးဖို့လေ
ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကို ဆောက်ကြမယ်လေ
မြင့်မြတ်ခြင်းတွေ ၊ နွေးထွေးခြင်းတွေ
ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့လေ)
005 Home 002.mp3 - diyamo
အစအဆုံး နားဆင်ရန်
Posted by
pandora
at
10:37 AM
9
comments
Links to this post
Saturday, October 17, 2009
ဟိုရောက်ဒီရောက် နောက်အနှစ်နှစ်ဆယ်
၂၀၀၉ ရဲ့ ဂျွန်လရက်စွဲတွေမှာ အရှေ့ဥရောပက မြို့လေးတမြို့ကို စိတ်ကူးထဲ ပြန်ပုံဖော်ကြည့်လိုက်တယ်။ မြို့လယ်ခေါင်ရင်ပြင်မှာ လူတွေဟာ စိတ်အေးလက်အေး အပန်းဖြေရင်း စကားဝိုင်းဖွဲ့ နေခဲ့ကြမယ်။ ရုပ်တုတွေ အောက်က လှေခါးထစ်တွေပေါ်မှာ။ တန်းစီခင်းကျင်းထားတဲ့ ကော်ဖီဆိုင်လေးတွေ ထဲမှာ။ မလှမ်းမကမ်းက ဘုရားရှိခိုးကျောင်းထဲမှာ။
ရင်ပြင်ထောင့် တနေရာမှာတော့ အရောင်စိုတောက်တဲ့ ပန်းမျိုးစုံ ခင်းကျင်းထားတဲ့ ပန်းဆိုင်တွေ ရှိမယ်။ အဲဒီနားမှာ ခိုတွေက ၀ိုင်းစုပျံသန်းလိုက် နားလိုက်ပေါ့။ သလင်းကျောက်ဝါနဲ့ အမှတ်တရ လက်ဆောင်ပစ္စည်းတွေ ရောင်းချပေးတဲ့ ဈေးဆိုင်တန်းတွေမှာတော့ ကမ္ဘာလှည့်ခရီးသွားတွေက ဟိုဟိုဒီဒီ ကြည့်ရှုနေကြမယ်။ လမ်းဘေးမှာ အုပ်စုလိုက်ဖြစ်ဖြစ် တစ်ဦးချင်းဖြစ်ဖြစ် ဖျော်ဖြေနေတဲ့ အပျော်ထမ်း တီးခတ်တေးဆိုနေသူတွေကို တချို့က ငေးကြည့်နေမယ်။ နွေရာသီရဲ့ ကောင်းကင်က ကြည်လင်နေပါလိမ့်မယ်။ မိုးဖွဲဖွဲနဲ့ အုံ့ရုံလေးအုံ့ နေတာလည်း ဖြစ်ကောင်းဖြစ်မှာပေါ့။
ပိုလန်နိုင်ငံ ရဲ့ ချုပ်နှောင်တင်းကျပ်တဲ့ စနစ်တခု ကျဆုံးခဲ့ရတာ၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ခဲ့တာ အနှစ်နှစ်ဆယ် တိုင်ခဲ့ပါပြီ။
“၁၉၈၉ အဖြစ်အပျက်တွေဟာ အခုတော့ သမိုင်းမှတ်တိုင်မှာ အထင်ကရ ကျန်ခဲ့ပြီလေ” အခုအချိန်မှာ လုပ်ငန်းပိုင်ရှင် တစ်ယောက်ယောက်က ဒီလိုမျိုး ပြောပြနေနိုင်ပါလိမ့်မယ်။ “ဒီကနေ့ ပိုလန်ဟာ ကျွန်တော်တို့ အိပ်မက်ထဲက ပိုလန်ပါ”
CIA Factbook မှတ်တမ်းအရဆိုရင် ၂၀၀၈ ခုနှစ်မှာ ပိုလန်ဟာ ကမ္ဘာ့ ပို့ကုန်တင်သွင်းမှုမှာ အဆင့် ၂၂ ရှိခဲ့တယ်။ သြစတြေးလျ နဲ့ အိန္ဒိယ တို့ကိုတောင် သာလွန်ခဲ့တယ်။ ဥရောပရဲ့ စီးပွားရေးမြေပုံမှာ ထင်ရှားတဲ့ နေရာတစ်နေရာကို ရယူနိုင်ခဲ့ပြီ။ ကွန်မြူနစ်စနစ်အောက်က တင်းကျပ်တဲ့ မီဒီယာချုပ်ကိုင်မှုတွေဟာလည်း အခုတော့ အနှစ်နှစ်ဆယ် အဝေးမှာ ကျန်ရစ်ခဲ့ပြီ။ ဆင်းရဲမွဲတေမှုနဲ့ အကျင့်ပျက်ခြစားမှု ပြဿနာတွေကိုလည်း အတိုင်းအတာတခုအထိ ဖြေရှင်းနိုင်ခဲ့ပြီ။
ကမ္ဘာစစ်တွေရဲ့ ဒဏ်ကို အကြီးအကျယ်ခံခဲ့ရတဲ့ နိုင်ငံလေးမှာ၊ စနစ်ဆိုးတစ်ခုနဲ့ နုံနုံနဲ့နဲ့ ခရီးဆက်ခဲ့ရတဲ့ နိုင်ငံလေးမှာ၊ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က ဘယ်လို မြော်မြင်မှုမျိုး ရှိခဲ့သလဲ။ သူတို့ရဲ့ လွတ်မြောက်မှုကို သူတို့ကိုယ်တိုင်က စတင်ခဲ့ကြပါတယ်။ ပိုပြီးကောင်းမွန်တဲ့ လူမှုဘ၀တွေကို ထူထောင်နိုင်ဖို့ “လူထုအခြေပြု အဖွဲ့အစည်းတွေကို အင်အားကောင်းလာအောင် ပျိုးထောင်ခြင်း” ဟာ သူတို့ရဲ့ တိုက်ပွဲအောင်မြင်ဖို့ ထိရောက်တဲ့ နည်းလမ်းတစ်ခု လို့ ဆိုပါတယ်။ လူထုကို အောင်ပွဲခံစိတ်ဓာတ် ရလာဖို့က အရေးကြီးတယ်လို့ “Solidarity” ရဲ့ ခေါင်းဆောင်တွေက ပြောခဲ့တယ်။
၂၀၀၉ ရဲ့ ဂျွန်လ ၄ ရက်မှာပဲ ကမ္ဘာ့မြေပုံထဲက အထင်ကရ အခြားနိုင်ငံကြီးတစ်နိုင်ငံရဲ့ မြို့လယ်ရင်ပြင် တခုမှာတော့ လူတချို့ဟာ သွေးညှီနံ့တွေကို ပြန်ခေါ်သတိရနေလိမ့်မယ်။ သူတို့ရဲ့ အသံတွေဟာ တုန်ယင်နေမယ်။ ကျစ်လျစ်ထားတဲ့ လက်သီးဆုပ်တွေ မဖြည်သေးသူတွေ ရှိလိမ့်မယ်။
“တိမ်ယင်မင် ရင်ပြင် အရေးအခင်း” လို့လူသိများခဲ့တဲ့ အဖြစ်အပျက်ဟာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ပေကျင်းမြို့ ရဲ့ အဲဒီရင်ပြင်မှာ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီအနှစ်နှစ်ဆယ် နောက်ပိုင်း ယနေ့နဂါးကြီးဟာ အခိုးအငွေ့လျှံနေတဲ့ မီးတောက်တွေ နဲ့ လူးလွန့်အားကောင်းလာခဲ့တာကို တွေ့ကြရမယ်။ ဒီတော့ ဘာတွေ ဖြစ်ခဲ့ပြီလဲ။ သူတို့ ဘာတွေရခဲ့ပြီလဲ။ ဒီ့အတွက် ဘာတွေကို လျစ်လျူရှုခဲ့သလဲ။ ရခဲ့တာတွေက ဘယ်လောက်အထိ အားကောင်းခိုင်ခန့်လာဦးမလဲ။ လူတွေ လိုချင်တောင့်တခဲ့တာ ဒါပဲလား။ ဒါဟာအကောင်းဆုံးနည်းလမ်းလား မေးခွန်းထုတ်သံတွေ ဆူညံနေသေးတယ်။ မဟာတံတိုင်းကြီးပေါ်က လွင့်နေတဲ့ တိမ်တွေကို အရောင် လိုက်ဖမ်းရနေသလိုပဲ ဖြစ်လိမ့်မယ်။
ကမ္ဘာလုံးလုံးကြီးပေါ်မှာ သမိုင်းမြစ်တွေက အတူတူ စီးဆင်းခဲ့ပါတယ်။ အဖြစ်အပျက် ဆင်တူတွေက တချို့နေရာတွေမှာ တပြိုင်နက်ဖြစ်စေ မရှေးမနှောင်းဖြစ်စေ ဖြစ်ပွားခဲ့တယ်။ အောင်မြင်ခဲ့တယ်။ ကျရှုံးခဲ့တယ်။ ရပ်တန့်ခဲ့တယ်။ ဆက်လက်နေခဲ့တယ်။ အားကောင်းလာခဲ့တယ်။ အားပျော့လာခဲ့တယ်။ လမ်းကြောင်းတွေ ဖြောင့်မတ်လာတယ်။ ကွေ့ယိုင်လာတယ်။ တယောက်ချင်းမှာ မူတည်နေတယ်။ အားလုံးမှာ မူတည်နေတယ်။ အဲဒီတုန်းက မျှော်လင့်ချက်တွေကတော့ ဘယ်သူမှ မလျော့ခဲ့ကြပါဘူး။ ကိုယ့်အမိမြေအတွက် အခုအချိန်ကနေ မျှော်ကြည့်လိုက်တဲ့ နောင်လာဦးမယ့် အနှစ်နှစ်ဆယ်အတွက်ရော…။
မသက်ဝေ တက်ဂ်ထားတဲ့ နောင်လာမယ့် အနှစ်နှစ်ဆယ် ဆိုတဲ့ ခေါင်းစဉ်ကို ရေးမယ်ဆိုပြီး ဂျွန်လ လောက်က အကြမ်းရေးထားခဲ့တာပါ။ ဒါပေမယ့်လည်း အတွေးတွေက ပြန့်သွားလို့ ဆက်မပြင်ဖြစ်ခဲ့။
အခုတလော သဘာဝဘေးဒဏ် ခံရတာတွေ ဆက်တိုက် ကြားနေရတယ်။ အာတိတ် ရေခဲပြင်ကြီးဟာ လာမယ့် အနှစ်၂၀ အတွင်းမှာ လုံးဝပျောက်ကွယ်တော့မယ် ဆိုတဲ့ သတင်းလည်း ဖတ်ရလေရဲ့။ ကမ္ဘာကြီးက ပူနွေးလာတယ်။ ဂေဟစနစ်ကို မှီခိုနေကြတဲ့ သတ္တ၀ါတွေ ဒုက္ခရောက်၊ ပြီးရင်တော့ ပြင်းထန်လာတဲ့ ရာသီဥတုအပြောင်းအလဲမှာ အနှစ် ၂၀ အတွင်း ဘာတွေ ဆက်ဖြစ်မှာပါလိမ့်။
၂၀၁၂ လို့အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားသစ်ကြီးကတော့ ရုံတင်ဖို့ တာစူနေပြီ။ မာယာလူမျိုးတွေရဲ့ ပြက္ခဒိန်အရတို့၊ တခြား နက္ခတ်ပညာရှင်တွေရဲ့ တွက်ချက်မှုအရတို့ ကမ္ဘာကြီးဟာ ၂၀၁၂ ဒီဇင်္ဘာ ၂၁ မှာ အပြီးတိုင်အခြေအနေ ရောက်တော့မယ်လို့ ကောလဟလ တွေလည်း ကြားနေရလေရဲ့။ မှန်မယ်ဆိုရင်တော့လည်း ၃နှစ်ပဲ လိုတော့တာ ပဲလေ။ အနှစ် ၂၀ အထိ လှမ်းမျှော်ဖို့ မလိုအပ်တော့ဘူး။ ခေါင်းစား သက်သာတယ်။ ၃ နှစ်အတွင်း ပျော်သလို နေလိုက်ကြရုံပဲ။
အခုတလောမှာတော့ အမေရိကန် သမ္မတ အိုဘားမား ငြိမ်းချမ်းရေး နိုဘဲလ်ဆု ရတာနဲ့ပတ်သက်ပြီး ဆူညံဆူညံတွေလည်း ကြားနေရလေရဲ့။ ကမ္ဘာကြီးဟာ ငြိမ်းချမ်းရေးကို ဆာလောင်မွတ်သိပ်နေတယ်။ ငြိမ်းချမ်းရေးဆုကို ပိုက်ထားရတဲ့ အိုဘားမားဟာ အကျပ်အတည်းတွေကို ဖြေရှင်းရမယ့် နည်းလမ်းတွေကို ဘောင်ခတ်ခံလိုက်ရတာလား။ နောက်အနှစ် ၂၀ အတွင်းမှာ အမေရိကန်က စူပါပါဝါကနေ ကျဆင်းလာမယ့် အကြောင်း တွက်ချက်မှုတွေ ပိုမှန်လာမယ်လို့လည်း ပြောကြတယ်။ မဇီဇ၀ါ ဘလော့ဂါမှာ ရေးထားတဲ့ အမေရိကန်ဒေါ်လာ ကျဆင်းလာတဲ့ ကိစ္စ နဲ့ ခန့်မှန်းချက်တွေကလည်း ပံ့ပိုးပေးနေတယ်။ ဒီလိုနဲ့ နောက်ဆက်တွဲ ဒီမိုကရေစီစနစ် အရင်းရှင်စီးပွားရေးစနစ် ဆိုတာတွေ နောက်လာမယ့် အနှစ်၂၀မှာ ဘယ်အခြေအနေ ဆိုက်ရောက်နေမလဲ။ သမိုင်းဘီးဟာ လည်ပတ်နေတယ် လို့တော့ ကြားဖူးခဲ့တယ်။
အနှစ်၂၀ ဆိုတာ လူတစ်ဦးချင်း တစ်ယောက်ချင်းရဲ့ ဘ၀တွေကိုလည်း အဆိုးအကောင်း ဆုံးဖြတ်ပေးဖို့ လုံလောက်တဲ့ ကာလတစ်ခုဖြစ်တယ်။ အိုဟင်နရီရဲ့ နာမည်ကြီးဝတ္ထုတို တစ်ပုဒ်ဖြစ်တဲ့ After twenty years ကိုလည်း သတိရသွားမိတယ်။ အဲဒီအထဲမှာ သူငယ်ချင်းနှစ်ယောက်ဟာ အနှစ် နှစ်ဆယ် ကြာတဲ့အခါ ပြန်တွေ့ကြမယ် လို့ နေရာတခုမှာ ချိန်းထားခဲ့တယ်။ ပြန်တွေ့တဲ့အခါ တစ်ယောက်က ရဲ၊ တစ်ယောက်က တရားခံပြေး ဖြစ်နေခဲ့တဲ့အကြောင်း လှပတဲ့ အဆုံးသတ်နဲ့ ဇာတ်လမ်းလေးပါ။ နောက်အနှစ် ၂၀ မှာ ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေလည်း ဘယ်လိုဖြစ်နေမလဲ။ ဘ၀တွေ ခြားနားသွားတာလည်းရှိမယ်။
နောင်လာမယ့် အနှစ် ၂၀ မှာ ကိုယ်ပိုင်မိသားစုဘ၀က ဘယ်လိုနေမလဲ။ ဘယ်မှာ နေထိုင်နေကြမလဲ။ စီမံကိန်း ချဖို့ ခက်ခဲနေသေးတယ်။ လူတိုင်းလိုလို ပြောနေကြသလိုပဲ၊ ဖြစ်နိုင်ရင် ပြန်ချင်တာပေါ့။ အဲဒီအချိန်မှာတော့ ကိုယ်က မိန်းမကြီးအရွယ် ဖြစ်သွားပြီ။ သာမန်သက်တမ်းစေ့ နေရမယ် ဆိုရင်တော့ မသေလောက်သေးဘူးပေါ့လေ။ ဒါပေမယ့် အိုစ နာစပြုနေပြီပေါ့။ သားသမီးရှိရင်တော့ အဲဒီအချိန်မှာ ကလေးက အသက်၂၀ မပြည့်သေးဘူး ဆိုတော့ လက်မလွတ်လောက်သေးဘူး။ ပညာရေးအတွက် ပံ့ပိုးပေးရဦးမယ့် အရွယ် ဖြစ်နေနိုင်သေးတယ်။ ဒါဆိုရင်တော့ လုပ်ငန်းခွင်က စောစောစီးစီး နားလို့ မရလောက်သေးဘူးပေါ့။
အနှစ်၂၀ အတွေးကတော့ ဟိုရောက်ဒီရောက်ပါပဲ။ မောစရာတွေက များနေတယ်။ ဒါပေမယ့်လည်း ကိုယ်ပိုင်ဘ၀အတွက်၊ ကိုယ့်အမိမြေအတွက်၊ အားလုံးနေထိုင်ကြတဲ့ ကမ္ဘာကြီးအတွက် မျှော်လင့်ချက် ခပ်ဝါးဝါးနဲ့ ရှင်သန်နေထိုင်ကြရဦးမှာပဲ။ Wall-E ရုပ်ရှင်ထဲက စကားလေး သတိရသွားပြန်တယ်။ I don’t want to survive. I want to live. တဲ့။
ပန်ဒိုရာ
(ဘလော့ဂ်ထဲမှာတော့ ဒီအကြောင်းက တော်တော်များများ ရေးပြီးသွားကြပါပြီ။ မြို့မေတ္တာခံယူတဲ့ ကိုပေါ ကို ထူးထူးခြားခြား တက်ဂ်ချင်စိတ် ပေါက်နေတယ်။ ရေးဗျာ။ ၂ ရက်အတွင်း။)
Posted by
pandora
at
2:52 PM
22
comments
Links to this post
Labels: essay
Sunday, October 11, 2009
ဝါသနာတဲ့လား …
တက်ဂ်ကြွေး ၂ ခု ကျန်နေရတဲ့အထဲ ကိုဆောင်းယွန်းလ က သီချင်းတွေအကြောင်း ထပ်တက်ဂ်ပါတယ်။ ရေးမယ်လို့ ပြင်တယ်။ ဒါပေမယ့် ရှေ့ကလူတွေ ရေးခိုင်းထားတာ မရေးပဲ ကျော်ရေးနေတာ များလှပြီဆိုတော့ ခဏ ဘရိတ်အုပ်လိုက်တယ်။ မသက်ဝေ တက်ဂ်ထားတဲ့ နောင်လာမယ့်အနှစ်နှစ်ဆယ် ဆိုတာကို ခက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဟိုရွှေ့ဒီရွှေ့ လုပ်နေပေမယ့် နှင်းဆီနက် ရေးခိုင်းထားတဲ့ ၀ါသနာ ဆိုတာကတော့ ရေးရခက်တယ် ပြောလို့ မသင့်ဘူးမဟုတ်လား။
ဘလော့ဂ် လာဖတ်ကြည့်တာနဲ့ကို ဘာဝါသနာပါသလဲ ဆိုတာ ထင်ရှားနေပါပြီ။ စာရေးတာ ကဗျာရေးတာ ၀ါသနာပါတယ်။ ပုံဆွဲတာကို မတတ်မတတ်နဲ့ တို့တို့တိတိ လုပ်တယ်။ အော်တိုကင်မရာလေးနဲ့ ဓာတ်ပုံရိုက်တယ်။
အားကစားကိုတော့ ဘောလုံးပွဲ တင်းနစ်ပွဲ ကြည့်ဖို့လောက်ပဲ ၀ါသနာပါပါတယ်။ ကိုယ်တိုင် ကစားဖို့ ၀ါသနာမပါပါ။ ပျင်းတာက တကြောင်း ကိုယ်ပင်ပန်းသွားမှာ စိုးတာက တကြောင်းဖြစ်မယ်။ ဒီပုံအတိုင်း ဆက်သွားရင်တော့ တော်တော်လေး ၀ လာစရာ ရှိတယ်။ အလှပျက်မှာ ကြောက်တဲ့စိတ်နဲ့တော့ လမ်းလျှောက်တာလောက် စက်ဘီးစီးတာလောက် နည်းနည်း ပြန်လုပ်ကောင်း လုပ်မယ်။ ကလေးတုန်းကတော့ ကြက်တောင်လေးဘာလေး ရိုက်ခဲ့သား။ အဲလို ကစားပွဲဆန်ဆန် အားကစား ဆိုရင်တော့ ပိုစိတ်ပါနိုင်ပါတယ်။ ဒါပေမယ့်လည်း ကစားဖို့ အဖော်မရှိပြန်ဘူး။ (ဒါလည်း အကြောင်းပြချက်ပေါ့။) စလုံးမှာ နေသူတွေရဲ့ ဘ၀အတိုင်း ညနေဆိုရင် ရုံးဆင်းအိမ်ပြန်ရောက်တော့ မိုးချုပ်နေပြီဆိုတော့ အချိန်မရတာလည်း ပါတယ်။ ညနေစာစားဖို့ ဗိုက်ကလည်း ဆာနေပြီ။ ရေကူးတာ မတောက်တခေါက် တတ်ခဲ့တယ်။ အခုတော့ မကူးတာကြာလို့ မေ့နေပြီ။
ချက်တာပြုတ်တာ ၀ါသနာပါပါတယ်။ စားမယ့်သူ ရှိတယ် ဆိုရင် စိတ်ပါလက်ပါ ချက်ပါတယ်။ မြန်လည်းမြန်တတ်တယ်။ သိပ်ပြီး ထူးထွေဆန်းပြား အစားအသောက်တွေတော့ မချက်တတ်ပါ။ ကြုံရင်သင်ဖို့တော့ ၀န်မလေးပါဘူး။ ရှင်းတာလင်းတာကတော့ အောင်မှတ်ရရုံလေး လုပ်ပါတယ်။ ၀ါသနာမပါပါ။ ပန်းအိုးထိုးနည်း သင်ခဲ့ဖူးပေမယ့် အထူး ၀ါသနာပါတယ်လို့တော့ မပြောနိုင်ဘူး။ သိုးမွေးထိုးတာ တစ်ချောင်းထိုး နှစ်ချောင်းထိုး ထိုးခဲ့တဲ့အချိန်တွေ ရှိတယ်။ အင်္ကျီတွေ အတော်များများ ထိုးခဲ့ပါတယ်။ လုပ်နေတုန်းကတော့ ၀ါသနာပါနေတာပေါ့လေ။ အခုတော့လည်း အဲဒါတွေ လှည့်မကြည့်ဖြစ်တာ ကြာပါပြီ။
ကလေးကတည်းက ပုံဆွဲတာနဲ့ စန္ဒရား တီးတာကို သင်ချင်ခဲ့တယ်။ သင်ဖို့ အခွင့်မသာခဲ့ဘူး။ အခု ဒီမှာကျတော့လည်း သင်တန်းတွေ တွေ့ပါတယ်။ အချိန်တွေ ပိုက်ဆံတွေသုံးရမှာ တွန့်နေသေးတယ်။ ပုံဆွဲတာကို ဆေးတွေ ဘယ်လိုသုံးရလဲ နည်းလမ်းတွေ သိပ်မသိပါ။ သူငယ်ချင်းတွေကတော့ သက်ဆိုင်တဲ့ ၀က်ဘ်ဆိုဒ်လင့်ခ်တွေ စာအုပ်တွေ ပေးကြပါတယ်။ အခုအထိတော့ ကိုယ့်ဘာသာ ဆွဲချင်သလိုပဲ ဆွဲနေသေးတယ်။ ဆေးနည်းနည်းပါးပါး ၀ယ်ထားတယ်။ ကွန်ပြုတာနဲ့ မောက်စ်နဲ့ ဆွဲဖြစ်တာများတယ်။ ကိုယ်လိုချင်တဲ့ မျဉ်းတွေရအောင် မောက်စ်နဲ့ ခက်ခက်ခဲခဲ လိုက်ချိန်ဆွဲရတာကို သဘောကျ နေသေးလို့။ ဓာတ်ပုံလည်း နည်းပညာကို မတတ်ပါ။ ကြည့်ကောင်းတယ် ထင်သလို ကြုံရင် ရိုက်တာလောက်ပါပဲ။
သီချင်းကတော့ နည်းနည်းပါးပါး နားထောင်ပါတယ်။ ရင်ထဲထိတဲ့ သီချင်းတွေဆို တိုက်ဆိုင်တဲ့အခါ တစ်ပုဒ်တည်းကို တစ်နေ့လုံး နားထောင်ရင် ထောင်နေတတ်တယ်။ ရုပ်ရှင်ဗွီဒီယို ကြည့်တာကတော့ ၀ါသနာ ဆိုတာထက် အများသူငါလို အပန်းပြေ ကြည့်တာလောက်ပဲလို့ထင်ပါတယ်။ စစ်ကားတွေ documentary ဆန်ဆန် တကယ့်အဖြစ်အပျက် နောက်ခံတာတွေ ကြိုက်တယ်။ romantic comedy လေးတွေနဲ့ animation ကာတွန်းကားလေးတွေကိုလည်း ကြိုက်ပါတယ်။
စာဖတ်ခြင်းကို တောက်လျှောက် ၀ါသနာပါပါတယ်။ ငယ်ငယ်တုန်းကတော့ မဂ္ဂဇင်း ကာတွန်း ၀တ္ထု တွေ့သမျှ စာအပိုင်းအစ ကိုယ့်မျက်စိရှေ့ ရောက်နေရင် ဖတ်လိုက်ရမှ ကျေနပ်တယ်။ ဖတ်လိုက်ရင်လည်း တလောကလုံး ဘာတွေဖြစ်နေနေ မသိတော့ဘူး။ ထမင်းမေ့ဟင်းမေ့ ဆိုတာ တကယ်ပဲ။ လူကြီးတွေဆူတာ ခံရတာ ခဏခဏပေါ့။ ဒါပေမယ့် အခုကြီးလာတော့ စာဖတ်တဲ့အခါ သိပ်အာရုံမစူးစိုက်နိုင်တော့ဘူး။ ဖတ်နေရင်းနဲ့ အတွေးတွေ များတယ်။ ဘာဖတ်နေပါလိမ့် မေ့သွားတယ်။ ဖတ်မပြီးသေးတဲ့ တန်းလန်းစာအုပ်တွေ အများကြီးပဲ။ ရသစာတွေ အပြင် စီးပွားရေး နိုင်ငံရေး စီမံခန့်ခွဲရေး သီအိုရီတွေနဲ့ သက်ဆိုင်တဲ့ စာအုပ်တွေကို ဖတ်ဖို့ စိတ်ဝင်စားပါတယ်။ တက်ကျမ်းတွေတော့ သိပ်မဖတ်ဖြစ်ပါ။
စာရေးတာကိုတော့ စွဲမြဲ လုပ်ဖြစ်နေသေးတယ်။ အထူးသဖြင့် ကဗျာတွေကို ပိုရေးဖြစ်ပါတယ်။ မြင်တဲ့အတိုင်းပေါ့။ အခုထိတော့ ၀ါသနာအလျောက်ပါပဲ။ ပရော်ဖက်ရှင်နယ် စာရေးဆရာတော့ ဖြစ်မလာဘူး။
ဝါသနာ ဆိုတဲ့ တကယ့်အဓိပ္ပါယ်ကတော့ တခုခုမှာ စိတ်ပါလက်ပါဖြစ်ပြီး အစဉ်တစိုက် လုပ်ဖြစ်ခြင်း လို့ထင်ပါတယ်။ ထူးချွန်တာ မထူးချွန်တာကတော့ တစ်ကဏ္ဍပေါ့လေ။ ဖြတ်သန်းလာခဲ့ရတဲ့ ပညာရေးစနစ်ရယ် လူမှုအသိုင်းအ၀ိုင်းရယ်က ကျောင်းစာပြင်ပ ၀ါသနာတွေကို ဘယ်လောက်အားပေးခဲ့သလဲ ဆိုတာမှာ မူတည်မယ်။ ၀ါသနာတွေကို စနစ်တကျ လိုက်စားဖို့ အချိန်ငွေကြေး ပံ့ပိုးမှုတွေ တတ်နိုင်မတတ်နိုင်နဲ့လည်း ဆိုင်မယ်။ အင်း.. ပြောတာတွေလည်း များသွားပြီ။ အကြောင်းပြချက်တွေကလည်း များလိုက်တာနော်။ ဆင်ခြေဆင်လက် ပေးရတာ ၀ါသနာပါတယ်လို့လည်း ကောက်ချက်ချနေကြပါဦးမယ်။
(နှင်းဆီနက်ရေ ကျေနပ်တော့နော်။)
ပန်ဒိုရာ
Posted by
pandora
at
5:47 PM
15
comments
Links to this post




ဤပုံကိုနှိပ်၍သရဲနီတို့ပျော်စံရာသို့ လည်ပတ်နိုင်သည်...။ 
