Wednesday, February 27, 2008

ခေါင်း

တစစ်စစ်နဲ့
ပိုးပုရွက်အုံဖွဲ့ ကိုက်စားကြသလို
တဒိန်းဒိန်းနဲ့
အခေါဘဏီတပ်ကြီးက
ဘင်ခရာထု ချီတက်သွားကြသလို
နှလုံးသွေး တစ်ချက်ဆောင့်လိုက်တိုင်းမှာ
မှိုင်းမှိုင်းအုံအုံ ထုံတုံတုံ..။

အမေမွေးတုန်းက
အနှစ်ကလေး ဖြူဖွေးဖွေး
ထွက်လာတော့ ဥာဏ်နီဥာဏ်နက်တွေနဲ့
ဟိုပတ်ဒီရစ် အသစ်ဖြစ်သွားတဲ့ခေါင်း..။

(တချို့တွေအတွက်တော့)
အထဲမှာဗလာဖြစ်နေလည်း
သန်းငါးဆယ်လောက်ကိုတော့
အပျော့ မင်းမူနိုင်တဲ့ခေါင်း..။

သီလမစောင့် အူမ မတောင့်
ဝမ်းတစ်လုံးလည်း မကောင်းနိုင်တော့
ခဲလည်းခဲ ရဲလည်းရဲရတဲ့ခေါင်း..။

ပါးပါးကလေးသုံးရမယ့်ခေါင်း..။
ကြွားကြွားကလေး အသုံးချတဲ့ခေါင်း…။

သူ့ကြောင့် ငါ့နှလုံးသားနဲ့
မကြာခဏ ပဋိပက္ခဖြစ်ရတဲ့ခေါင်း..။

တခါတလေ နမော်နမဲ့သုံးမိလို့
လေသံမာနဲ့တောင် ဆုံးမတာခံလိုက်ရ
အပြုံးတွေအေးစက် သူစိတ်ပျက်သွားသလား လို့
ငါ့ဘာသာမုန်းသွားမိတဲ့ခေါင်း..။

အဲဒီ တစစ်စစ်က
ခရွန်းနစ် ဖြစ်လာတယ်ကွယ်
အကိုက်အခဲပျောက်ဆေး
ဘေးထွက်ဆိုးကျိုးဒဏ်
အစာအိမ် ပြန်ဆန်တာကတစ်မျိုးနဲ့
ဒီဝေဒနာဆိုးနောက်ကိုပဲ
ငါကတကောက်ကောက်လိုက်မိ
သူ့ကြောင့်ပဲ လွမ်းရ
သူ့ကြောင့်ပဲ ကြမ်းရ
သူ့ကိုပဲထည်လဲသုံး
မမုန်းနိုင် မမုန်းနိုင်
ဝေဒနာတွေ ထပ်ကပ်နေလိုက်ပုံများ။

အား...
မခံစားနိုင်တော့
သွေးသားကိုဝါးမျိုတယ်
အသက်ရှုသံတောင်မျှင်းနေရ
ငါ့အိပ်ယာတွေလည်းကြေမွကုန်
မြေကိုချလို့ပဲ မီးလောင်လောင်
ရေမှာပစ်လို့ပဲ ခန်းခြောက်ခြောက်
မကြောက်တတ်ရင် ဖြုတ်သာသွားလိုက်ကြပါတော့
မြင်လိုက်ရ ကြားလိုက်ရ ပြောလိုက်ရ
မျက်နှာကြီးထဲက နား မျက်လုံး ပါးစပ်တွေလည်း
တစ်ခါတည်းလိုက်သွားကြပေတော့
အဲဒီ ခေါင်း မပါတော့တဲ့
ငါနှလုံးသားငုံးတိတိနဲ့ပဲ
တရိရိ မောင်းခုတ်လို့
တဒုတ်ဒုတ် ဆက်ရှင်နေချင်ပေါ့ကွယ်။


ပန်ဒိုရာ

(ခေါင်းကိုက်နေတုန်း ရေးမိရေးရာ ရေးလိုက်ခြင်း ဖြစ်ပါသည်။)

Expand..

Tuesday, February 26, 2008

P & Perfection

PerfectPerfectPerfectPerfectPerfectPerfectPerfectPerfect
PerfectPerfectPerfectPerfectPerfectPerfectPerfectPerfect
PerfectPerfectPerfectPerfectPerfectPerfectPerfectPerfect
PerfectPerfectPerfectPerfectPerfectPerfectPerfectPerfect
PerfectPerfectPerfectPerfectPerfectPerfectPerfectPerfect
PerfectPerfectPerfectPerfectPerfectPerfectPerfectPerfect
PerfectPerfectPerfectPerfectPerfectPerfectPerfectPerfect
PerfectPerfectPerfectPerfectPerfectPerfectPerfectPerfect
PerfectPerfectPerfectPerfect
ppppppPerfectPerfectPerfect
PerfectPerfectPerfectPerfect
ppppppPerfectPerfectPerfect
PerfectPerfectPerfectPerfect
ppppppPerfectPerfectPerfect
PerfectPerfectPerfectPerfectPerfectPerfectPerfectPerfect
PerfectPerfectPerfectPerfectPerfectPerfectPerfectPerfect
PerfectPerfectPerfectPerfectPerfectPerfectPerfectPerfect
PerfectPerfectPerfectPerfectPerfectPerfectPerfectPerfect
PerfectPerfectPerfectPerfectPerfectPerfectPerfectPerfect
PerfectPerfectPerfectPerfectPerfectPerfectPerfectPerfect
PerfectPerfectPerfectPerfectPerfectPerfectPerfectPerfect

Expand..

Saturday, February 23, 2008

အာဏာရှင်တစ်ဦးကို နားလည်ကြည့်ခြင်း နှင့် နောက်ဆက်တွဲများ

ကိုမောင်ရင်က ညွှန်းလို့ စကော့တလန်ရဲ့ နောက်ဆုံးဘုရင် (The Last King of Scotland) ဆိုတဲ့ ဒီဗွီဒီတစ်ခွေကို ကြည့်ဖြစ်ပါတယ်။ ၂၀၀၆ ကမှ ထွက်တဲ့ ရုပ်ရှင်ပါ။



ဒီကားကတော့ နယ်လဆင် မန်ဒဲလား ပြီးရင် နာမည်အကြီးဆုံး အာဖရိကန် လို့ ပြောကြတဲ့ ၁၉၇၀နှစ်များက ယူဂန်ဒါ နိုင်ငံရဲ့ စစ်အာဏာရှင် အီဒီ အာမင် (Idi Amin) အကြောင်း ဖြစ်ပါတယ်။ နာမည်ကြီးပုံ ကြီးနည်းကတော့ စိတ်ဝင်စားစရာပါ။ အာမင် အဖြစ် Forest Whitaker က သရုပ်ဆောင်ထားပြီး နဲ့ သူ့ရဲ့ အနီးကပ်ဆရာဝန် စကော့လူမျိုး ဒေါက်တာ နီကိုးလပ်စ် ဂါရီဂန် အဖြစ် James McAvoy က သရုပ်ဆောင်ထားပါတယ်။ Forest Whitaker ဟာ ဒီကားမှာ အော်စကာဆု ရခဲ့ပါတယ်။


ဒီဇာတ်လမ်းကို မပြောခင် ယူဂန်ဒါ နိုင်ငံရဲ့ အကြောင်းလေး အကြမ်းဖျဉ်း ပြန်လှန်ရရင် ပိုကောင်းပါတယ်။ သိကြမယ့်အတိုင်း ယူဂန်ဒါဆိုတာ ကင်ညာ၊ ဆူဒန်၊ ကွန်ဂို၊ ရ၀မ်ဒါ နဲ့ တန်ဇနီးယားတို့ ၀န်းရံထားတဲ့ အရှေ့အာဖရိက က နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ လက်ရှိ လူဦးရေ သန်း ၃၀ နီးပါးရှိတယ် လို့ တွေ့ရတယ်။ ၁၉၆၂ ခုနှစ်မှာ လွတ်လပ်ရေး ရခဲ့တယ်။ အင်္ဂလိပ် လက်အောက်ခံစနစ်၊ ဘုရင်စနစ်၊ အာဏာသိမ်းမှုများ၊ စစ်တပ်အုပ်ချုပ်ရေးကာလ တို့ကို ဖြတ်သန်းခဲ့တယ်။ ၂၀၀၆ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး Yoweri Museveni က သမ္မတ အဖြစ် လက်ရှိ အုပ်ချုပ်နေပါတယ်။

ဒီဇာတ်လမ်းက ယူဂန်ဒါရဲ့ ၁၉၇၀ ခုနှစ်များ ကာလကို ဖော်ကျုးထားပါတယ်။ ဘွဲ့ရကာစ ဆရာဝန်ပေါက်စ စကော့လူမျိုး နီကိုးလပ်စ်ဟာ ယူဂန်ဒါ နိုင်ငံမှာ အလုပ်လုပ်ဖို့ ရောက်လာပါတယ်။ သူရောက်တဲ့အချိန် ၁၉၇၁ မှာ အီဒီအာမင်ရဲ့ စစ်တပ်က မီလ်တန် အိုဘိုတေ (Milton Obote) ဆီကနေ အာဏာ သိမ်းလိုက်ချိန်ပေါ့။ အားတက်သရော ထောက်ခံနေပုံရတဲ့ ယူဂန်ဒါ ပြည်သူတွေနဲ့ အာမင်ရဲ့ အပြောအဟော ကို ကြည့်ပြီး နီကိုးလပ်စ်ဟာ အာမင် အပေါ်မှာ စတွေ့တွေ့ချင်း သဘောကျမိပါတယ်။

ဇာတ်လမ်း အသေးစိတ်ကိုတော့ သေသေချာချာ ပြောမပြတော့ပါဘူး။ မကြည့်ရသေးရင် အရသာ ပျက်သွားမှာလည်း စိုးပါတယ်။ စကော့လူမျိုးတွေ အပေါ်မှာ ထူးထူးခြားခြား ရူးသွပ်မှုရှိသူ အာမင်ဟာ နီကိုးလပ်စ်ကို သူ့ကိုယ်ပိုင် ဆရာဝန်အဖြစ် ခန့်လိုက်ပါတယ်။ နောက်တော့ သူ့ရဲ့ အနီးကပ် အကြံပေးဆန်ဆန် အထိကို သဘောထားပြီး တော်တော် အရေးပေး ခဲ့ပါတယ်။

အာမင်ဟာ အောက်ခြေကနေ ကြိုးစားပြီး ဒီနေရာကို ရောက်လာခဲ့သူ၊ အင်မတန် စိတ်ဓာတ် မာကျောသူ ဖြစ်တယ်။ ဗြိတိသျှ စစ်တပ်မှာ တာဝန်ထမ်းခဲ့တယ်။ အနှိမ်ခံခဲ့ရတဲ့ အချိန်တွေလည်း ရှိခဲ့တယ်။ တကယ်တော့ အာမင်ဟာ အာဏာဆုံးရှုံးရမှာ အလွန် ကြောက်လန့်ပြီး သူ့အာဏာ ခိုင်မြဲဖို့အတွက် ဘာမဆို လုပ်ဝံ့သူ လက်မရွံ့ တစ်ယောက်ပဲ။ ဘယ်သူ့ကိုမှလည်း မယုံတော့ဘူး။ ဒီ့အပြင် အာမင်က အစွဲအလန်းလည်း ကြီးသူ။ သူ့ကို လုပ်ကြံလို့ မရဘူး၊ သူသေမယ့်နေ့ကို အိပ်မက်အရ ကြိုသိတယ်လို့လည်း ပြောဖူးတယ်။ သူ့ကိုယ်သူ ဗြိတိသျှ အင်ပါယာကို အောင်နိုင်သူလို့ စကော့တလန်ရဲ့ နောက်ဆုံးဘုရင်လို့ တင်စားပြီး ဘုရင်ရူးလည်း ရူးနေသေးတယ်။ သူ့စစ်တပ်ကို စကော့ပုံစံ ဆင်ယင်ထားတယ်။ နီကိုးလပ်စ်က အစပိုင်းက ဒါတွေကို မရိပ်မိခဲ့ဘူး။

တဖြည်းဖြည်း ဆိုးဝါးလာတဲ့ အာမင် ဟာ ထင်ရာတွေစိုင်းလာတယ်။ အတိုက်အခံမှန်သမျှကို ရက်ရက်စက်စက် သတ်တယ်။ သူ့နိုင်ငံအတွင်းက အာရှတိုက်သားများ (အိန္ဒိယလူမျိုးများ) ကို နှင်ထုတ်တယ်။ အဲဒီလို နှင်ထုတ်တော့ နီကိုးလပ်စ်က မလုပ်သင့်ကြောင်း သတိပေးတာကို မင်းပြောစရာမလိုပါဘူး မင်းက ဆရာဝန်ပဲလေလို့ ပြောခဲ့တယ်။ နောက်တော့ နိုင်ငံတကာရဲ့ စောင့်ကြည့် ဝေဖန်မှုအောက်မှာ အာမင်တစ်ယောက် ပျာယာခတ်သွားရပါတယ်။ ဒီတော့မှ ဘာဆက်လုပ်ရင် ကောင်းမလဲလို့ နီကိုးလပ်စ်ကို ခေါ်မေးပါတယ်။ ဒီအခန်းက ပြောစကားတွေကိုတော့ ဖတ်ကြည့်စေချင်ပါတယ်။


Idi Amin: I want you to tell me what to do.
Nicholas Garrigan: You want ME to tell YOU what to do?
Idi Amin: Yes, you are my advisor. You are the only one I can trust in here. You should have told me not to throw the Asians out, in the first place.
Nicholas Garrigan: I DID!
Idi Amin: But you did not persuade me, Nicholas. You did not persuade me!

အာဏာရှင်ကို အနီးကပ်ပေါင်းပြီး နားချရင် ရမယ်လို့ မျှော်လင့်သူများ မှတ်သားဖွယ် ဖြစ်ပါတယ်။ (နားချလို့ တကယ်ရရင်တော့ ကောင်းပါတယ်။)

နီကိုးလပ်စ်ဟာ အာမင်ရဲ့ သရုပ်ကို ဘွားဘွားကြီး သိသွားလိုက်ပြီး တော်တော် တုန်လှုပ် သွားတယ်။ အဲဒီ အချိန်မှာ သူ့ရဲ့ အင်္ဂလန်နိုင်ငံသား ပတ်စပို့ကိုလည်း အာမင်က သိမ်းလိုက်ပြီး ယူဂန်ဒါပတ်စပို့နဲ့ လဲလိုက်ပြီ။ ပြန်လို့ မရတော့ဘူး။ ဒီလိုနဲ့ အာမင် အရင်က တော်တော်အားထားရတဲ့ ၀န်ကြီးတစ်ယောက်ရယ် နောက်ပြီး နီကိုးလပ်စ်နဲ့ တိတ်တိတ်ပုန်း ဖြစ်နေတဲ့ အာမင်ရဲ့ ဇနီးငယ် တစ်ယောက်ရယ်လည်း ရက်ရက်စက်စက် အသတ်ခံရတဲ့အခါ နီကိုးလပ်စ်ဟာ အာမင်ကို ပေးနေကျ ခေါင်းကိုက်ပျောက်ဆေးကို သေစေတဲ့ဆေးနဲ့ လဲလိုက်တယ်။

အဲဒီအချိန်မှာ ပါလက်စတိုင်း အကြမ်းဖက်သမားတွေ ပြန်ပေးဆွဲထားတဲ့ အစ္စရေးလေယာဉ်ကို အာမင်က ယူဂန်ဒါမှာ ဆိုက်ရောက်စေဖို့ အကူအညီ ပေးခဲ့တယ်။ နီကိုးလပ်စ်ရဲ့ လုပ်ကြံတဲ့ အကြံအစည်က မအောင်မြင်ခဲ့ဘူး။ ဓားစာခံ ခရီးသည်တွေကို ဆေးစစ်ပေးဖို့ လုပ်နေတဲ့ အချိန်မှာပဲ နီကိုးလပ်စ်ကို အာမင်ရဲ့လူတွေက ဖမ်းပြီး အာမင်ကိုယ်တိုင် ရှေ့မှာပဲ ရက်ရက်စက်စက် နှိပ်စက်ကြတော့တယ်။ နောက်တော့ နီကိုးလပ်စ်ရဲ့ မိတ်ဆွေ ယူဂန်ဒါလူမျိုး ဆရာဝန်တစ်ဦးက သူ့ကို အသက်စွန့် ကယ်တင်ပြီး အစ္စရေးလူမျိုး မဟုတ်တဲ့ ပြန်ပေးဆွဲခံရသူ တစ်သုတ် ပြန်ကြတော့မယ့် လေယာဉ်ပေါ် ပို့ပေးနိုင်လိုက်ပါတယ်။ အာမင်ရဲ့ မတရားမှုတွေကို ကမ္ဘာကို ပြောပြလိုက်ပါ လို့လည်း မှာလိုက်တယ်။ ဇာတ်လမ်းကတော့ သည်မှာဆုံးပါတယ်။

နောက်ဆက်တွဲ ဖြစ်ရပ်တွေကတော့ အစ္စရေးတပ်တွေဟာ ဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေကို လာကယ်ထုတ် သွားနိုင်ခဲ့ပါတယ်။ အဲဒီ လေယာဉ် ပြန်ပေးဆွဲမှုကြီး အပြီးမှာတော့ အာမင်ကို နိုင်ငံတကာက အကြီးအကျယ် နှာခေါင်းရှုံ့ အော့ကြောလန် သွားကြတော့ပါတယ်။ ၁၉၇၉ မှာတော့ အာမင်ဟာ ရာထူးက ဖယ်ရှား ခံခဲ့ရတယ်။ သူ့လက်ထက်မှာ ယူဂန်ဒါမှာ လူ သုံးသိန်း လောက် သူ့စနက်နဲ့ သတ်ဖြတ်ခံခဲ့ရတယ် လို့ ဆိုပါတယ်။၂၀၀၃ ခုနှစ်မှာ သူခိုလှုံနေတဲ့ ဆော်ဒီအာရေးဗီးယားမှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူကြိုသိနေတဲ့ အိပ်မက်ထဲက ရက်စွဲမှာ တကယ် သေခဲ့သလား ဆိုတာကတော့ သူပဲသိမှာပဲ တဲ့။

သည်ဇာတ်လမ်းကို ဆက်စပ်ပြီးတော့ အာဏာဟာ လူကို ဘာကြောင့်ရူးသွပ်စေသလဲ ဆိုတာကို ဆက် စဉ်းစားကြည့်မိပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ လုပ်ချင်တာကို လုပ်ပိုင်ခွင့်ရှိတဲ့ အာဏာကို လက်ထဲရယူကာစ ကာလတွေကတော့ အာဏာယူသူများဟာ သိပ်ပြီး ထက်မြက် ရည်မှန်းချက် ကြီးသူများ ဖြစ်ကောင်းဖြစ်မယ်။ တက်ကြွစဉ်ကာလမှာ ငါ့မှာ လုပ်ပိုင်ခွင့် ရှိလာရင် ကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ နိုင်ငံတိုးတက်အောင် ဘယ်လိုလုပ်လိုက်မယ် ဆိုတဲ့ စေတနာမှန် စိတ်ကူးတွေ ရှိကောင်းရှိခဲ့နိုင်ပါတယ်။ ယုံကြည် ထောက်ခံသူများလည်း ရှိနိုင်ခဲ့ပါတယ်။

သို့သော် အာဏာဆိုတာ လက်ထဲမှာ အထိန်းအချုပ်မရှိပဲ ကြာကြာထည့်ပေးလို့ ကောင်းတဲ့အရာ မဟုတ်ဘူး။ လူ့သဘာဝက ဆန်းကြယ်တယ်။ စည်းစိမ် ခံစားချင်လို့ မဟုတ်တောင်မှ (အနည်းဆုံးတော့) ကိုယ်လုပ်ချင်တာ လုပ်လို့ရတယ် ဆိုတဲ့ လုပ်ပိုင်ခွင့်ဟာ ယစ်မူးဖွယ် စွဲမက်ဖွယ် ဖြစ်တယ်။ အဲဒီကနေ နောက်ဆက်တွဲအနေနဲ့ ဒီအာဏာကို ဆုံးရှုံးရရင် ဆိုတဲ့ အကြောက်တရားက ကြီးစိုးသွားပြီး လက်မလွှတ်နိုင် ဖြစ်သွားတတ်တာပဲ။ ဒီကြားထဲ အမှားအယွင်းတွေ လုပ်ထားမိရင် ပိုဆိုးတာပေါ့။

ဥပဒေပြုရေး တရားစီရင်ရေး အုပ်ချုပ်ရေး ဆိုတဲ့ အာဏာသုံးရပ်လုံးက တစ်နေရာထဲမှာ စုစည်းပြီး သိပ်ပြင်းထန်နေရင် စီမံခန့်ခွဲမှုတွေကို ထိခိုက်လာမယ်။ အုပ်ချုပ်မှု ယန္တရားအောက်ခြေက လူတွေကိုရော ပြည်သူတွေကိုပါ ပြောခွင့်ဆိုခွင့် ထောက်ပြခွင့် ပေးမထားရင် မပြောရဲမဆိုရဲတာကြောင့် အမှန်ကိုမမြင် ယိုယွင်းမှုတွေကို အဆင့်ဆင့် ဖုံးကွယ်ပြီး အတွင်းလှိုက်စားလာမယ်။ အာဏာအလွဲသုံး မတရားမှုတွေ မင်းမူလာမယ်။ ဒါကြောင့် အာဏာကို အစွမ်းကုန် အသုံးချပြီး ထင်ရာမစိုင်းနိုင်ဖို့အတွက် လူတွေပါဝင်နိုင်ခွင့် ဆုံးဖြတ်ပိုင်ခွင့်ရှိမယ့် အုပ်ချုပ်ရေးစနစ်မျိုးကို တိုးတက်ချင်တဲ့ နိုင်ငံတစ်နိုင်ငံမှာ ချမှတ်သင့်တာ ဖြစ်တယ်။ အုပ်ချုပ်မှုအာဏာ နဲ့ လက်နက်ကို တွဲဖက်မပေးသင့်တာ ဖြစ်တယ်။

အငြင်းပွားဖွယ်တစ်ခုကတော့ အာမင်ကို ပြည်သူများထဲမှာ သူရဲကောင်း မျိုးချစ် လို့ အခုထိ မှတ်ယူတာတွေလည်း ရှိနေကြသေးသတဲ့။ ဒီခေတ်ကာလမှာ Patriot, Nationalist, Hero ဆိုတဲ့ စကားလုံးတွေရဲ့ နောက်ကွယ်မှာ အနုတ်လက္ခဏာဆန်တဲ့ အနက်အဓိပ္ပာယ်တွေ ဘာကြောင့် ရှိသွားရတာလဲ ဆိုတာ စဉ်းစားစရာပါ။ ရှိတ်စပီးယား ၀တ္တုထဲမှာ ဂျူးလိယက်ဆီဇာဟာ နိုင်ငံကိုချစ်ပေမယ့် အရမ်း ရည်ရွယ်ချက် ကြီးမားနေပြီး သက်ဦးဆံပိုင် အာဏာရှင် ဆန်လာလို့ အန္တရာယ်ရှိလာပြီ ဆိုပြီး သူငယ်ချင်း ဘရူးတပ်စ် ကိုယ်တိုင်က အမုန်းတရားကြောင့် မဟုတ်သော်လည်း လုပ်ကြံခဲ့တယ်လို့ နားလည်ခဲ့ရတယ်။ အဲဒီခေတ်ကတော့ အဲဒီလို အာဏာရှင်ဆန်ပုံကို tyranny လို့ခေါ်တာပေါ့။ ဒီခေတ်မှာတော့ dictatorship လို့ခေါ်ဝေါ်ကြတယ်။ ကျူးဘားပြည်က ကြယ်နီ ဖီဒယ်လ် ကက်စထရိုလ် ဟာ အာဏာယူပြီး ဆက်မအုပ်ချုပ်ပဲ ကျုးဘား လွတ်မြောက်ကာစကသာ သေသွားခဲ့သည်ဖြစ်စေ အနားယူခဲ့သည်ဖြစ်စေ ဆိုရင် သူ့ရဲ့ပုံရိပ် (image) ဟာ အခုအချိန်မှာ ဘယ်လိုနေမလဲ လို့လည်း တွေးကြည့်မိဖူးတယ်။

ငါလုပ်ပေးမှ ဖြစ်မယ်။ ငါလုပ်နိုင်တယ်။ ငါကသာလျှင် ကာကွယ်စောင့်ရှောက်နေတာ ဆိုတဲ့ မိမိကိုယ်ကို ယုံကြည်မှုနဲ့ တာဝန်ယူမှုရှိတာ ခေါင်းဆောင်ကောင်းတို့ရဲ့ အရည်အချင်း တစ်ရပ် ဖြစ်မှာပါ။ သို့သော် လူတွေရဲ့ လိုအပ်ချက် တောင်းဆိုချက်များကို မျက်ကွယ်မပြုပဲ တုံ့ပြန်မှုဟာလည်း ကိုယ့်အလုံးစုံ အာဏာကို ပြန်ထိန်းချုပ်ပြီး အမှားအယွင်းနည်းအောင် စီမံနိုင်စေဖို့နဲ့ ပြည်သူတွေ လက်ခံကျေနပ်စေဖို့ လိုအပ်ပြန်တယ်။ Responsibility နဲ့ Responsiveness ကို မျှတအောင် ထိန်းထားနိုင်မယ့် စနစ်တစ်ခုကို တကယ်ဖော်ဆောင်နိုင်ဖို့ ဆိုတာကတော့ …။


ပန်ဒိုရာ

(သူများတွေ ဖန်တီးထားတဲ့ ကဗျာ၊ ၀တ္တု၊ ပန်းချီကား၊ ရုပ်ရှင် စတာတွေအပေါ်မှာ ကိုယ်ထင်ရာမြင်ရာ ရေးထားချက်များကို အရင်က လေဘယ်လ် အမျိုးမျိုးတပ်ပြီး ဘယ်လိုခွဲရမှန်းမသိခဲ့။ အခုတော့ review ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စုထားလိုက်ပါတယ်။ ပြန်ဖတ်ချင်ရင် ဒီကနေ သွားနိုင်ပါတယ်။)


Expand..

တတိယအနား

ကောင်းကင်က ပြာလွန်းတယ်
ဒီနေ့ဘာလို့မိုးမရွာရသလဲ
တိမ်တွေ တိမ်တွေ…
လူတွေ လူတွေ…
ကားတွေ ကားတွေ..
ငါ့လက်ဖ၀ါးတွေကို
ငါပြန်ကြည့်
ဆုပ်လိုက်ဖြန့်လိုက်
ဆန့်တန်းကမ်းတော့
… (ဗလာ)….။


ဆယ်သွယ်မှုဧရိယာ
ပြတ်တောက်မှုများ
ဟဲလို .. ဟဲလို..
တယ်လီဖုန်းကိုပြန်ချ
ဆယ့်လေးနှစ်စာ သက်ပြင်းရှည်
ငါ့အိပ်ရာ
အေးစက်မာကျောလှ
မျက်စိမှိတ်လိုက်ခါမှ …။


ကဗျာတွေမှာ တစ်ခုခုလိုတယ်
စကားပြောရင် တစ်ခုခုလိုတယ်
ဝတ်ပုံစားပုံ တစ်ခုခုလိုတယ်
အတွေးအခေါ်တွေ တစ်ခုခုလိုတယ်
အမြဲတမ်း တစ်ခုခုလိုနေတဲ့ကောင်
တခါတလေတော့ လိုအပ်ခံချင်တာကို ...။


အားအားရှိ
အထ္ထုပ္ပတ္တိတွေပြန်လှန်
အားနက်စ်ဟဲမင်းဝေးက
ဆစ်လဗီယာပလက်သ်က
မာရီလင်မွန်ရိုးက
ဗာဂျီးနီးယားဝုဖ်က
သူတို့ကဘာလို့…။


နောင်တမရနဲ့
ဘယ်တော့မှ နောင်တ မရစေရ
ကိုယ်နဲ့ပတ်သက်လာရင်
စာတစ်စောင်
ဝါကျတစ်ကြောင်း
အချက်အလက်တစ်ခု
စကားလုံးတစ်လုံး ကိုမျှ
အဲဒီလို
ပြောခဲ့ချင်တာ…။


မီးပိတ်တော့မယ်
အိပ်မက်ထဲမှာ
နတ်သမီးများ နဲ့ …

တကယ်တော့ရေးချင်တာ
စကားပြေတစ်ပုဒ်ပဲ
စ… လယ်.. ဆုံး
နိဂုံးအပြည့်
(သို့သော်)
ကွယ်ကွယ်ဝှက်ဝှက်
ပဉ္ဇလက်
ကဗျာတစ်စက်
ထွက်ကျသွား။ ။



ပန်ဒိုရာ

Expand..

Tuesday, February 19, 2008

နံနက်မိုးလင်း မင်းဖတ်ဖို့ကဗျာ

မင်းနဲ့မင်းအိပ်မက်တွေရဲ့ ကြားမှာ
သင်းပျံ့တဲ့ နံနက်ခင်းတွေပဲ ရှိတယ်ဆိုပါစို့
ညအိုက ပြိုကျလို့
ငှက်သံချိုတေးဆိုလို့
ရွက်ကြွေတွေပျောက်ဆုံးသွားတဲ့
ဆောင်းရင့်ရင့်ပန်းချီကားကိုတော့
ပြုတင်းနားက ခဏလောက်ငေးချင်ငေးပေါ့
လတ်ဆတ်တဲ့ ကော်ဖီတစ်ခွက်နဲ့အတူ
စိတ်ကူးယဉ်အလွမ်းတွေကို သစ်ချလိုက်ပါ
ဟိုဝေးဝေးမှာ မြင်နေရတဲ့ တောင်တန်းတွေလို
ပေးဆပ်မှုတွေ ထုနဲ့ထည်နဲ့
မင်းခြေရာတွေ မို့မောက်ခဲ့ပြီပဲ
လမ်းကလေးရေးရေး တေးသီရင်းချီတက်
မင်းရဲ့လေချွန်သံတွေ ချိုလွင်လတ်ဆတ်နေတာ
မင်းကိုယ်တိုင် နားစိုက်ထောင်လိုက်ပါ
မျက်နှာပေါ်က ရေစက်ရေပေါက်တွေရဲ့ ဟိုမှာဘက်ကို
လေနုအေးလေးနဲ့အတူ ကူးမြောက်လို့
မင်းရဲ့နှုတ်ခမ်း ပြုံးယောင်သန်းလိုက်ပါ
ညငိုက်မူးချိန် တိတ်တိတ်စိုက်ပျိုးထားခဲ့တဲ့
အမျိုးအမည်မသိ ကြယ်တစ်ပွင့်ကတော့
မိုးစင်စင်လင်းသွားတဲ့ ကောင်းကင်ကရိုက်ချလိုက်လို့
ဒလိန့်ခေါက်ကွေး မှေးမှေးမှိန်မှိန်
သူက မင်းကိုသာ လန်းဆန်းစေမယ်ဆိုရင်
လက်ညိုးညွှန်ရာ နံနက်ခင်းပဲ ဖြစ်စေချင်သေးသတဲ့...။

ပန်ဒိုရာ

Expand..

Monday, February 18, 2008

စာပန်းချီမဂ္ဂဇင်း အတွဲ ၁ အမှတ် ၂



ဖေဖေါ်ဝါရီလ အတွက် စာပန်းချီ အွန်လိုင်းမဂ္ဂဇင်း အမှတ် ၂ ထွက်နေပါပြီ။ ပန်ဒိုရာရဲ့ ပို့စ်ဟောင်းလေးတစ်ခုဖြစ်တဲ့ Identity ၀တ္တုတိုကလေးကို ဖော်ပြထားပါတယ်။ သရုပ်ဖော်ပုံလှလှလေး ဆွဲပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ လာအကြောင်းကြားချိန်မှာ အချိန်မရတော့လို့ စာဟောင်းကိုပဲ ပေးလိုက်ရပါတယ်။ နောက်ကိုတော့ အဲဒီလို အွန်လိုင်း မဂ္ဂဇင်းတွေအတွက်ဆိုရင် ဘလော့ဂ်မှာ မဖေါ်ပြရသေးတဲ့ စာမူတွေကို အတတ်နိုင်ဆုံး ပေးပို့သွားပါမယ်။

တခြား ဘလော့ဂါများရော ဘလော့ဂါမဟုတ်သူ စာရေးဆရာများရောရဲ့ စာကောင်း ကဗျာကောင်းများနဲ့ စုစည်းထားတဲ့ စာပန်းချီကို အားပေးချင်ရင် ဒီမှာ အွန်လိုင်းဗားရှင်း နဲ့ ဒေါင်းလုဒ်ဗားရှင်း ကိုသွားနိုင်ပါတယ်။

Expand..

Sunday, February 17, 2008

အားကိုး

ငယ်ငယ်က မောင်နှမတွေ အတူတူကစားကြရင်း အချိန်နည်းနည်း ကြာလာလျှင် ဆူညံဆူညံ အငြင်းအခုန် ဖြစ်လာတတ်သည်။ အဲသည်လို အခါမျိုးမှာ သူ့ထက်ငါ အပြိုင်အဆိုင် “မေမေရေ ဖေဖေရေ ဒီမှာ သားကို သမီးကိုလေ ဘယ်သူက ဘာလုပ်နေတယ်” စသည်ဖြင့် တိုင်ရသည်ကိုက အရသာ။ ကြာတော့ မေမေက နားငြီးလာပြီး “တော်ကြစမ်းပါဟယ် နားပူလိုက်တာ” ဟုဟန့်သည်။ ဖေဖေက “သြော် ကလေးတွေ နေကြပါစေ” ဟု မေမေ့ကိုဟန့်။ အဲသည်လို ပြဿနာ ရှာပြီးတော့မှ အားလုံး တဟီးဟီး။ အခုလည်း လူကြီးဖြစ်လာသည်အထိ မောင်နှမတွေ စုမိလျှင် အသံသေးအသံကြောင်ဖြင့် လုပ်ကြံကာ အပြိုင်အော်တိုင်ရင်း မေမေ့ကို နားမခံနိုင်အောင် စကြသည်။ ဖေဖေကတော့ သဘောတွေ ကျလို့။

တိုင်သည် ဆိုသည်က အားကိုးခြင်း တစ်မျိုးပေပဲ။ တိုင်သည် သို့မဟုတ် တိုင်ကြားသည် ဆိုသည့်စကားက တိုင်တည်သည် ဆိုသည်ထက်ကို ပိုသည်။ တိုင်တည်ခြင်း ဟူသော အသိပေးရုံ ဖွင့်ဟပြောရုံ သက်သက် မဟုတ်။ အရေးယူမှု တစ်ခုခုကို မျှော်လင့်သည့်သဘော။ တိုင်ကြားမှုကို လက်ခံရသော ပုဂ္ဂိုလ်ကလည်း လုပ်ပိုင်ခွင့် အာဏာ အတိုင်းအတာ တစ်ခုခု ရှိလို့သာဖြစ်မည်။ နို့မို့ဆိုလျှင် ဘာလုပ်ဖို့ တိုင်နေမှာလဲ။

လူတို့နေ့စဉ် ပုဂ္ဂလိက အဆင့်တွင်လည်း အားကိုးနှင့် ပတ်သက်သည့် အခြား ဥပမာများစွာ။ မိန်းကလေးတွေ အိမ်ထောင်ပြုတာ အားကိုးချင်လို့ ဆိုသောစကားရှိသည်။ အတော်များများ အတွက် မှန်ကန်ပါသည်။ ယောင်္ကျားသားများကလည်း အားကိုးခံချင်သည် မဟုတ်ပါလား။ သို့သော် အားကိုးဟူသော စကားလုံးနောက်ဝယ် တာဝန် ဆိုသည်က တွဲပါလာသည်။ အလုပ် ဆိုသည်က တွဲပါလာသည်။ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ တကယ်အားကိုးလောက်ဖွယ် ဖြစ်မဖြစ်က အရေးကြီးသည်။

အားကိုးသည် စစ်ကူခေါ်ခြင်း အနေအထားလည်း ဖြစ်နိုင်သည်။ လူနှစ်ယောက်ကြားမှာ ပြဿနာတစ်ခု ဖြစ်ပြီဆိုပါတော့။ နှစ်ဦးစလုံး ပြေလည်မည့် နည်းလမ်းဖြင့် သူတို့အချင်းချင်း ဘယ်လိုမှ ညှိနှိုင်းမရတော့ဘူး ဆိုလျှင် အားနည်းသူက တတိယလူကို အားကိုးရှာမည်။ အားကြီးသူကတော့ သူအားသာနေလျှင် အနိုင်သာဆက်ယူမည်။ မပြေလည်ချင်သော အားကြီးသူသည် တတိယလူ ပါလာသည်ကို ကြိုက်လာစရာ အကြောင်းမရှိ။ အဖေကျော် ဦးရီးတော်မလွမ်းနှင့် ဟုပြောကောင်းပြောမည်။ သို့သော် တတိယလူ(များ) ကလည်း ဘယ်လောက် အားကိုးလောက်ပါသလဲ။


မကြာမီက ရုပ်ရှင်တစ်ကား ကြည့်မိသည်။ Hotel Rwanda ။ ၂၀၀၄ ခုနှစ်က ထုတ်သော ကားဖြစ်သည်။ ရ၀မ်ဒါ နိုင်ငံတွင် ၁၉၉၄ က ဖြစ်ခဲ့သော လူမျိုးတုံး သတ်ဖြတ်မှုကြီး၏ ဖြစ်ရပ်မှန်ကို အခြေခံကာ ရိုက်ကူးထားခြင်း ဖြစ်သည်။ ဤအဖြစ်အပျက် အကြောင်းကို လိုက်ဖတ်ဖူးခဲ့ documentary များကို ကြည့်ဖူးခဲ့ ခံစားဖူးခဲ့သော်လည်း ဤရုပ်ရှင်ကို မကြည့်ဖြစ်ခဲ့။


အဓိကဇာတ်လိုက်က ဟိုတယ်မန်နေဂျာ Paul Rusesabagina အဖြစ်သရုပ်ဆောင်သော မင်းသား Don Cheadle ဖြစ်သည်။ ရ၀မ်ဒါရှိ ဟူတူလူမျိုးများက တွတ်ဆီ လူမျိုးများကို မျိုးတုံး လိုက်လံ သတ်ဖြတ်နေစဉ် ဟိုတယ် တစ်ခုထဲသို့ ခိုလှုံလာသော တွတ်ဆီ လူမျိုး တစ်ထောင်ကျော်ကို ဟိုတယ်မန်နေဂျာက ဦးဆောင်ကာ အသက်ရှင်အောင် ကယ်သွားနိုင်သော ဇာတ်လမ်းဖြစ်သည်။ စီဒီချပ်ပေါ်တွင် သည်လိုရေးထားသည်။

A true story of a man who fought impossible odds to save everyone he could and created a place where hope survived.

When a country descended into madness and the world turned its back, one man had to make a choice

When the world closed its eyes, he opened his arms.

ဇတ်လမ်းထဲမှာ မှတ်သားစရာ စကားတချို့မှာ -

မန်နေဂျာနှင့် သတင်းဓာတ်ပုံသမားတို့ ပြောကြပုံ။
Paul Rusesabagina: I am glad that you have shot this footage and that the world will see it. It is the only way we have a chance that people might intervene.
Jack: Yeah and if no one intervenes, is it still a good thing to show?
Paul Rusesabagina: How can they not intervene when they witness such atrocities?
Jack: I think if people see this footage they'll say, "oh my God that's horrible," and then go on eating their dinners.
[pause]
Jack: What the hell do I know?


မန်နေဂျာက ခိုလှုံနေသူများကိုပြောခြင်းဖြစ်သည်။
Paul Rusesabagina: There will be no rescue, no intervention for us. We can only save ourselves. Many of you know influential people abroad, you must call these people. You must tell them what will happen to us... say goodbye. But when you say goodbye, say it as if you are reaching through the phone and holding their hand. Let them know that if they let go of that hand, you will die. We must shame them into sending help.

သင်ခန်းစာကတော့ သည်လိုရသည်။ ရုပ်ရှင်ကြည့်ပြီးမှ ဖတ်လျှင်တော့ ပိုနားလည်မည်။

  • မန်နေဂျာသည် ဟိုတယ် ပြင်ပတွင် မရေမတွက်နိုင်အောင် အသတ်ခံရသူများ ရှိမှန်း သိသည်။ သူလည်း စိတ်မကောင်းပါ။ သို့သော် ပြင်ပလူများကိုပါ သွားကယ်ချင်တာမျိုး မလုပ်။ သူကိုယ်တိုင်တွင် အန္တရာယ် ရှိမှန်းလည်း သိသည်။ မနိုင်ဝန်ကို မထမ်း။ သူ့ဟိုတယ်တွင် ခိုလှုံနေသူများကို အသတ်မခံရရန် သူတတ်နိုင်သလောက်ကို အကောင်းဆုံး လုပ်သွားသည်။
  • လိုအပ်သောအချိန်တွင် ပြောရေးဆိုခွင့် လုပ်ပိုင်ခွင့် အာဏာ (mandate) ကို ရသည့်နည်းဖြင့် ရဲရဲယူသည်။ ဟိုတယ် ၀န်ထမ်းများက သူ့ပြောစကား နားမထောင်သောအခါ ဌာနချုပ်မှ လိုအပ်သည့်စာကို ရအောင်ယူပြီး အားလုံးကို လိုက်နာရန် စီမံသည်။
  • ပထမပိုင်းက ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်များထံမှ လုံးလုံးလျားလျား အကူအညီ ရမလား ဟု အလွန် မျှော်လင့်မိသည်။ နောက်တော့ မကယ်နိုင်ကြောင်း ကုလသမဂ္ဂနှင့် သံရုံးဝန်ထမ်းများ လူဖြူများကိုသာ လာကယ်ထုတ်မည် ဆိုသည်ကို သိရသည်။ သူတို့ကို မကယ်နိုင်။ စိတ်ဓာတ်ကျစရာ အခြေအနေများ သဘောထားများကို သူလက်ခံလိုက်ရသည်။ သို့သော် ရပ်မနေ။ ထိရောက်သော အားကိုးရရန် နည်းလမ်းဆက်ရှာသည်။
  • ကိုယ့်အခြေအနေကို ကိုယ်သိသည်။ ရန်သူက အားကြီးလွန်းနေသည်။ လက်နက်လည်း ရှိသည်။ ခံတိုက်ရန် ဆိုသည်မျိုးက မဖြစ်နိုင်မှန်း နားလည်သည်။ သူ မကြိုးစားပါ။ သို့သော် ကြောက်လွန်းလို့ ဘာမှ မလုပ်တတ် မကိုင်တတ် ဖြစ်လောက်အောင်မျိုး သွေးပျက်ခြင်းလည်း မရှိ။
  • မိမိသိသော နိုင်ငံခြားမှ အားကိုးလောက်သည့် မိတ်ဆွေများကို လာကယ်အောင် ဖုန်းဆက်ရန်အတွက် လူများကို အကြံပေးသည်။ တာဝန် ခွဲဝေပေးသည်။ လူအများကို လွတ်မြောက်ရေး အတွက် ရုန်းကန်ကြစဉ်အတွင်း မိမိကိုယ်ပိုင် အသီးသီး လုပ်ဆောင်သည့် လုပ်ရပ် အနေဖြင့် စိတ်ဓာတ် (sense of ownership) သွင်းပေးသည်။ မျှော်လင့်ချက် သွင်းပေးသည်။
  • မိမိတွင်ရှိသော အရင်းအမြစ် (resources) များကို လွတ်မြောက်ရေးအတွက် ကောင်းကောင်း အသုံးချနိုင်သည်။ ဟိုတယ်ရှိ ဆက်သွယ်ရေး ပစ္စည်းများကို သုံးကာ ဆက်သွယ်သည်။ ရိက္ခာများ မပြတ်လတ်အောင် စီမံသည်။ ရဲကိုလာဘ်ထိုးရန် လိုသည့် ရွှေငွေ အရက် ရအောင်ရှာသည်။
  • လွတ်မြောက်ရေးအတွက် လတ်တလော အရေးကြီးလျှင် အရေးကြီးသလို ရဲ ကဲ့သို့ လူမျိုးကိုလည်း ပေါင်းသည်။ စိတ်တူသဘောတူ ဖြစ်နေ၍တော့မဟုတ်။ သိပ်လည်း ဖြစ်စရာ မလိုအပ်။ သူဘာလိုချင်သလဲ ဘာနှင့်လဲလှယ်လျှင် ကိုယ်လိုချင်တာ ရမလဲ။ သူ့အကျိုးစီးပွား ကိုယ့်အကျိုးစီးပွား (interest) ကို သဘောပေါက်သည်။
  • အရေးအကြီးဆုံးကတော့ ရှင်သန်လိုစိတ် နှင့် သည်လိုမှ နည်းလမ်းမရှာလျှင် ကျလာမည့် ကြီးမားသော အန္တရာယ်ကို ထင်ထင်ရှားရှား မြင်ခြင်း ဖြစ်သည်။ အန္တရာယ်ကို အန္တရာယ်ဟု မမြင်လျှင် လွတ်မြောက်စရာ မရှိ။ မြင်သော်လည်း ရှင်သန်လိုစိတ် လွတ်မြောက်လိုစိတ် မပြင်းထန်လျှင် ထိရောက်သော အားထုတ်မှု မလုပ်နိုင်။
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပါ ကိုယ့်ကိုယ်ကို အားကိုးပါ ဆိုသော စကားတွေရှိသည်။ မိတ်ဆွေကောင်းရှိလျှင် အရာများ ပြီးမြောက်သည် ဆိုသည်လည်းရှိသည်။ ကလျာဏမိတ္တ သံဝရ (စာလုံးပေါင်းမှားလျှင် ပြင်ပေးပါ။) ဟုဘုရားက ဟောခဲ့သည်ဟု မှတ်သားဖူးသည်။ ကိုယ်ပိုင်အားနှင့် သူများဘေးဘီက အား ဘယ်သည်က ပိုအရေးကြီးသလဲ။ Primary အားနှင့် Secondary အားဟု ခွဲတာလည်း ဖြစ်နိုင်သည်။ Primary က အတွင်းမှာဆိုလျှင် Secondary က အပြင်မှာဖြစ်မည်။ နှစ်ခုလုံးတော့ အရေးကြီးမည်။ ဘာကိုမှ ပစ်ချလို့မရ။ အပြင်အားကို အလေးမထားလျှင် အတွင်းက တာဝန်ပိုလာမည်။ စွန့်စားမှု ကြီးမားလာမည်။ အတွင်းအားကို အလေးမထားလျှင် အပြင်ကလည်း လျော့ရဲလာမည်။ လိုရာကို မရောက်နိုင်။

သည်တော့ အလွန်ရှုပ်ထွေးသော ဖြစ်စဉ်။ ထည့်တွက်ရတာတွေကလည်း များလှသည်။ တကယ့် လောက်လောက်လားလား အားကိုးတစ်ခု ရသည်ဆိုသည်က မလွယ်။ သည်စာကိုတောင် ရေးရင်းနှင့် လန့်လာမိသည်။ တရားဟောသလိုလို ဆရာလုပ်သလိုလိုများ ဖြစ်နေလေရော့သလား။ နိုင်ငံရေးတွေ ဘာတွေများ ဆန်နေရော့သလား။ သည်လောက်နှင့် ရပ်လျှင် ကောင်းမည်။ ဘယ်သူ့အားကိုးနှင့် ဒါမျိုးတွေ ရေးရဲနေသလဲ ဟုမေးလာလျှင် ကိုယ့်မှာက အဖြေမရှိ။


ပန်ဒိုရာ

Expand..

Friday, February 15, 2008

Valentine

ဗယ်လင်တိုင်း

နှင်းဆီပွင့် နဲ့ ချောကလက်ချိုခါး သိင်္ဂါရမွှမ်းထားတဲ့ စိတ်ကူးလှလှ ဗယ်လင်တိုင်း

တီတီတာတာစုံတွဲတြွေကား အားကျပျော်ရွှင် မုဒိတာဝင်တဲ့ ဗယ်လင်တိုင်း

တစ်ယောက်မျက်နှာ ကိုယ်စီတစ်ယောက်ကြည့်လို့ ရင်ခုန်သံထပ်တူကျတဲ့ ဗယ်လင်တိုင်း

ကိုယ့်အနားရှိစေချင်လည်း ရွှေပင်လယ်ကြီး ဆီးကာထားလို့ တရွာခြားနေတဲ့ ဗယ်လင်တိုင်း

အနက်ရှိုင်းဆုံး တံဆိပ်ခတ်ထားလို့ စက္ကန့်တိုင်းအတွက် ထာဝရ ဗယ်လင်တိုင်း

သူ မရိပ်မိလည်း တိတ်တိတ်ကြည်နူး အုံ့အုံ့ပုံးပုံး ပြုံးနေရတဲ့ ဗယ်လင်တိုင်း

အချစ်ဆိုတာ ဘယ်တော့မှမမှားဘူး ဆိုတဲ့ ရူးရူးမိုက်မိုက် မူးမူးငိုက်ငိုက် ဗယ်လင်တိုင်း

နှလုံးသားထက် တခြားအရေးတွေခက်လို့ ဦးစားမပေးနိုင်သေးတဲ့ ဗယ်လင်တိုင်း

တစ်ယောက်ကိုအဖြေပေးလိုက်လို့ နောက်တစ်ယောက်ကဆွေးရတဲ့ ဗယ်လင်တိုင်း

ခံစားရသမျှ ဖွင့်ဟပြောမိလို့ ငယ်စာရင်းပျက်သွားတဲ့ ဗယ်လင်တိုင်း

အသည်းနှလုံးစကားဝိုးတ၀ါး မကြားနိုင်သေးလို့ ဆုံးဖြတ်ရခက်နေတဲ့ ဗယ်လင်တိုင်း

သူများပျော်လို့ မပျော်နိုင် သက်ပြင်းချကာ ရှာဖွေမှိုင်နေရတဲ့ ဗယ်လင်တိုင်း

ဒီအချိန်ရောက်တိုင်းသတိရ အတိတ်က တစ္ဆေခြောက်နေတဲ့ ဗယ်လင်တိုင်း

ရင်ခုန်သံတွေအေးစက် အကြည်ဓာတ်ပျက်သွားကြတဲ့ ဗယ်လင်တိုင်း

ပြီးဆုံးသွားပေါ့ အစားထိုးမရ နောက်ကျသွားတဲ့ ဗယ်လင်တိုင်း..…။

ပန်ဒိုရာ


(တစ်ခုခုတော့ တိုက်ဆိုင်မှာပေါ့နော်။ တစ်ခုမကလည်း ဖြစ်နိုင်တာပဲ။)




Expand..

Tuesday, February 12, 2008

ဖေဖေါ်ဝါရီ ၁၃ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့

ဒီက ရယူသည်။



ရဲရင့်သူဟာ အကြိမ်ကြိမ် မွေးဖွားတယ်။

ခေါင်းဆောင်ကောင်းဟာ ပြည်သူ့နှလုံးအိမ်မှာ အစဉ်အမြဲ စွဲထင်နေတယ်။
တို့ ဗိုလ်ချုပ် ရဲ့မွေးနေ့တွေ ရှင်သန်နေသေးတယ်။
ဗိုလ်ချုပ်သွေးနဲ့ ရေးခဲ့တဲ့ လွတ်လပ်ရေးကရော……..။


Expand..

Monday, February 11, 2008

ပြည်ထောင်စုနေ့ တို့မမေ့



ကိုပြည့်စုံ ၏ ဘလော့ဂ် မှ ကူးယူပါသည်။

Expand..

Saturday, February 9, 2008

ဝိုင်မြစ်ချိုထဲမှာ မျှောလိုက်တယ် ဂျွန်

(တခါတလေလည်း ခဏတဖြုတ်တော့ ထွက်ပြေးချင်တာပေါ့။ ကဗျာကို ကဗျာလို သဘောထား။ အကြီးအကျယ်တွေ ဘာသာမပြန်ကြနဲ့ဦးနော်။)

ဝိုင်မြစ်ချိုထဲမှာ မျှောလိုက်တယ် ဂျွန်


ငါ့ရဲ့ ၀ိုင်ကလေးက ငယ်သေးသတဲ့
သစ်သီးဆန်နေတုန်း
ငါ့အတွေးတွေကလည်း
သစ်သီးဆန်နေတုန်းပဲ
နေရောင်အောက်မှာ ကခုန်သူတွေအတွက်
တကယ်တမ်း သစ္စာရှိတာ
မြေအောက်ခန်းမှာ
စည်ပိုင်းထဲမှာ
ကြာလေ အရည်အသွေးတက်လေ
seal မဖောက်ဖို့နဲ့ .. အဲ.. စည်းမဖောက်ဖို့တော့ လိုမယ်
ငါပြောချင်တာတွေ ပြောထွက်ဖို့ ချောဆီ
ဟောဒီ ၀ိုင်ငယ်ငယ်ကလေးကို စီးပြီး
ကမ္ဘာကြီးတလျှောက် မျှောချကြမယ်
မနက်ကတော့ ကြီးကြီးကျယ်ကျယ်
ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများ ဆိုလား
ရီပို့တွေဘာတွေဖတ်တယ်
မနှစ်ကထက် ပိုကောင်းမလာဘူး
ကပ်ဆိုက် အကျပ်ရိုက် ကာလနာတိုက်
ဥပါဒ် အမှုပတ် လူ့ဇာတ်က ရှုပ်တယ်
ဟောဒီပုလင်းကိုထုခွဲလိုက်ရင်
မြန်မာငွေ ငါးသောင်းကျော် တန်သတဲ့
ဒုက္ခသည် မိသားတစ်စု
တစ်ပတ်စာလောက် ဖူလုံသွားနိုင်တယ်
ဒီဇိမ်ခံဘားရဲ့ အပြင်မှာ
ချောင်းကြည့်နေတဲ့ မျက်လုံးဝိုင်းကြီးတွေနဲ့
ကလေးငယ်တွေရဲ့ ဗိုက်ဟောင်းလောင်းတွေနဲ့
ငိုကြွေးညီးညူသံတွေနဲ့
မင်းရော မှုလို့လား ဂျွန်
ရဲရဲမျိုချလိုက်ပါကွဲ့
လောင်မီးကျနေတဲ့ ဒီကမ္ဘာမှာ
ဒီဆီမီးခွက်တွေ ထထ တောက်နေတာ
ဘာအကြောင်းလဲနော့
ငရုပ်သီးစပ်စပ် ၀ါးသလိုပ
အခါးတွေ အကြမ်းတွေနဲ့
သေကြေငိုယိုအော်ဟစ်
လူစစ်စစ်တွေက ဖျော်ဖြေထားမှတော့
ဒီလိုအာရုံငါးပါးလည်း ငါတို့ဆာနေသားပဲ
ပါးပါးကလေး ၀ါးလိုက်ပါ ဂျွန်
အာသာ မပြေတဲ့ ဘ၀တွေမှာ
ဝိုင်ခွက်ထဲပဲ ခေါင်းစိုက်စိုက်
အင်တာနက်ထဲပဲ ခေါင်းစိုက်စိုက်
မီဒီယာတွေထဲပဲ ခေါင်းစိုက်စိုက်
ဘယ်သူမိုက်မိုက် ဘယ်သူတေတေ
ငါတို့ သိပ်ကိုတရားသပေါ့
ဟော.. စတော့ရှယ်ယာတွေ ဈေးလှုပ်သတဲ့
ဗုံးတွေပေါက်သတဲ့
ဘလော့ဂါ တစ်ယောက် ခွေးဆွဲခံရသတဲ့
ရမ်ဘိုကားက သွေးထွက်သံယိုများသတဲ့
အဆိုးဆုံးကိုပြင်ဆင်နေကြသတဲ့
အိုကြီးအိုမိုက်တွေ သေခါနီးပြီ ပြောသတဲ့
ဒါ.. သတင်းတွေမှ မဟုတ်တော့ပဲ
ညစာအဆင်သင့်ဖြစ်ပြီ ဂျွန်
ဟောဒီဝိုင်ခွက်ထဲမှာ
အိပ်မက်တွေအားလုံးထည့်ဖျော်လို့
ဂလိုဘယ်လိုက်ဇေးရှင်းရဲ့
အရိုးအရင်းတွေနဲ့ မြည်းကြမယ်
မျှခြေမညီတဲ့စစ်ပွဲတွေထဲမှာ
ဘာမဆို အချိန်မရွေး ထဖြစ်သွားနိုင်သတဲ့
အကြမ်းဖက်တယ် ဆိုတဲ့စကားလုံးတောင်
ဆီသည်မလက်သုတ်ဖတ် ဖြစ်လာတော့
ငါ့ပရိုဖိုင်းလည်း ခပ်နိမ့်နိမ့်ပဲရေးတော့မယ်
သေရင်လည်းသေ နိုင်ရင်လည်းနိုင်
ရှုံးပြီး ရှင်ကျန်သူတွေကို ထားခဲ့တော့မယ်
ဟောဒီမှာ သေတဲ့သူတွေအတွက်
နိုင်တဲ့သူတွေအတွက်
ဘူတို အတွက်
ဆူဟာတို အတွက်
အိုဘာမာ အတွက်
ရှရာပိုဗာ အတွက်
ငါမပါတဲ့ ကမ္ဘာတွေ အတွက်
Good luck! Good luck! All the best!
ဘိုလိုမှုတ်ပြီး မူးဇာတိတွေပြ.. လို့
နိုင်ငံရေးအရမမှန်တဲ့ စကားတွေပြော.. လို့
ဟောဒီ ၀ိုင်မြစ်ကြီးက စီး… လို့
ယစ်လို့ ရစ်လို့ ယစ်လို့ ရစ်လို့ ယစ်လို့ ရစ်….လို့
ဒါနဲ့.. ဂျွန်….
နောက်တစ်ခါ သစ်ရွက်လှုပ်တာမြင်ရင်
ပြုံးဖြစ်အောင် ပြုံးလိုက်တော့မယ်ကွယ်…။


ပန်ဒိုရာ

Expand..

မတင်ဖြစ်တဲ့ပို့စ်




လျှပ်စစ်လှိုင်းတွေထဲမှာ
သတ္တုပုံးတိုင်းဟာ ဟင်းလင်းဖြစ်သတဲ့
ပါဝါ တစ်ချက် အော့ဖ် လိုက်ရုံနဲ့လည်း
စိမ်းနေတဲ့ ဘ၀တွေက ရှပ်ဒေါင်း ဖြစ်မသွားဘူး
ဝါယာကြိုးလည်းမလိုဘူး
ဘလော့ဂ်မှာချရေးဖို့လည်းမလိုဘူး
ကွန်ပြူတာက အော်တိုဂျန်နရိတ်လုပ်
ကဗျာတစ်ပုဒ် ပရင့်ထုတ် သိမ်းထားလိုက်တယ်။

ပန်ဒိုရာ


Expand..

Thursday, February 7, 2008

ဒိုင်ယာရီ

သည် ပြူတင်းပေါက်ကလေးမှာ သူ ရပ်နေတာ တော်တော်ကြာသွားခဲ့ပြီ။ အဲသည်က လှမ်းကြည့်လိုက်လျှင် မြက်ခင်းစိမ်း ပတ်ချာဝိုင်းနေသော ကလေးကစားကွင်းကလေး။ ကလေးတသိုက် ဒန်းစီးကြ လျှောစီးကြ အမြင့်က လက်လွှတ်ခုန်ချကြ။ အော်ဟစ်သံ တွေကိုတော့ သူ သဲ့သဲ့သာ ကြားရသည်။ သည့်ထက် ခပ်လှမ်းလှမ်းကို မျှော်ကြည့်လိုက်လျှင် ကတ္တရာ လမ်းမတစ်ခု။ အဲသည့်နောက်ကို ဆက်ကြည့်လျှင် အလွန်မြို့ပြဆန်သော မြို့ကလေးနှင့် မအပ်စပ်တော့သလို ဖြစ်နေသော မြင်ကွင်းတစ်ခုကို မြင်ရတော့မည်။ ထင်းရှုးပင် တချို့နှင့် အခြား အမျိုးအမည်မသိ အပင်ကြီးများ ထိုးထိုးထောင်ထောင်။ ခြုံနွယ်ပိတ်ပေါင်း ထူထူထပ်ထပ်။ ပြီးတော့ တောင်ကုန်းကလေး တစ်ခု။

သည်မြို့ကလေးမှာတော့ တော ဆိုသော အရာကို ဤပတ်ဝန်းကျင်ကလေးဖြင့်သာ အဓိပ္ပာယ်ဖွင့်ရသည်။ လူလုပ်ထားသော တောအုပ် ထူထူလေးနှင့် ဤတောင်ကုန်းကလေး ကိုသာ သဘာ၀၀န်းကျင်ဟု သဘောထားကာ တောင်တက်ကြ အပန်းဖြေကြပေါ့။ သူက တောင်ကုန်းကလေးကို ငေးကြည့်နေမိသည်။ အိမ်နှင့် သည်လောက် နီးပါလျှက် တောင်ကလေးကို သူတစ်ခါမှ တက်ရန် မကြိုးစားခဲ့။ သစ်ပင်တွေနားကို သူတစ်ခါမှ သွားရန် မကြိုးစားခဲ့။ သည်ပြူတင်းပေါက်က ရပ်ကြည့်ရင်း သူတွေးလေ့ရှိတာက တောင်ကုန်းလေးပေါ်က သစ်ပင်စိမ်းစိမ်းတွေ တနေ့နေ့ သူ့ဆီရွေ့လာမှာလား ဆိုတာပဲ ဖြစ်သည်။

ဝီလျံရှိတ်စပီးယား၏ မက်ကဘက် (Macbeth) ၀တ္တုထဲမှာ စုန်းမကြီးတွေက နိမိတ်ပေးခဲ့တာ သူဖတ်ခဲ့ဖူးသည်။ ရည်ရွယ်ချက်ကြီးသော မက်ကဘက်က သူ့ကို နိုင်သူ ပေါ်လာမှာလား စိုးရိမ်ခဲ့။ စုန်းမတွေ အပြောအရ သစ်တောကြီး ရွေ့မလာမချင်း သူဟာလုံခြုံတယ် ဆိုပဲ။ ဘယ်အမိဝမ်းထဲက မွေးလာတဲ့ကလေးမှ သူ့ကို အန္တရာယ် မပေးနိုင် ဆိုပဲ။ မက်ကဘက်က စိတ်အေးသွားပြီး သူ့ကိုနိုင်ဖို့ ဆိုတာ မဖြစ်နိုင်ဟု ဆိုကာ ရယ်ပွဲဖွဲ့ခဲ့။ သူလည်း ၀တ္တုဇာတ်ကြောင်းနဲ့အတူ စီးမျောခဲ့။ ဖြစ်လာမှာလား ဖြစ်မလာဘူးလား။ တကယ် သတိပေးချင်တာလား။ ပေါ့ဆ သွားစေချင်တာလား။ အချက်အလက်တစ်ခုကို တင်ပြပုံတင်ပြနည်းနဲ့ ခံယူပုံခံယူနည်းဟာ ဘယ်လောက် အရေးကြီးကြောင်းကို သူအခုအချိန်အထိ ကောင်းကောင်း နားမလည်နိုင်သေးဟု ထင်မိသည်။

မနက်အိပ်ရာက နိုးလာလျှင် သူ့အတွက် လက်ဖက်ရည်ဆိုင် ထိုင်ချိန်မရှိ။ ရေဒီယို နားထောင်ချိန်မရှိ။ အိမ်သူအိမ်သားနှင့် စကားဝိုင်းဖွဲ့ချိန်မရှိ။ (အိမ်သူအိမ်သားလည်းမရှိ။) ရေချိုး အ၀တ်အစားလဲ။ ပြီးတော့ ဘတ်စ်ကားတစ်စီးပေါ်မှာ သူ့ရဲ့ လေးဆယ့်ငါးမိနစ်တာ ငိုက်မျည်းလူးလိမ့်တဲ့ ခရီးရှည်။ စက်ရုပ်ဆန်ဆန် မြို့ကလေးမှာ စက်ရုပ်ဆန်ဆန် ကူးခတ်နေတဲ့ တစ်နေ့တာ ဆိုတာ သူ့အတွက် ဘာများဆန်းလို့လဲ။ အလုပ်ကို ရောက်လျှင် သူ့ရဲ့ အနေအထိုင်မတတ်သော အတွင်းရေးမှုးမကလေးက သူ့ကို မင်္ဂလာ နံနက်ခင်းပါ ဟု လေသံပေါ့ပေါ့ကလေးဖြင့် ထိုင်ရာမထ နှုတ်ဆက်မည်။ သူကျင်လည်ခဲ့တဲ့ မွေးရပ်မြေက ရုံးတစ်ခုမှာလို လက်ထဲက ဖိုင်တွဲကို ခရီးဦးကြို လှမ်းယူသည်မရှိ။ ဆရာ ကော်ဖီလား လက်ဖက်ရည်လားဟင် ဟု ပျာပျာသလဲ သူ့ကို မေးရင်း ဂရုတစိုက် ပြင်ဆင်ပေးသည်မရှိ။ တကယ်တော့လည်း ဒါလောက်ကို သူ ၀မ်းနည်းမနေသင့်ပါလေ။ ယဉ်ကျေးမှုဆိုတာကတော့ ကွဲပြားမည် မဟုတ်လား။ ဒါပေမယ့် သူ့ဘေးတစ်ဘက်တစ်ချက် ရုံးခန်းတွေက သူနဲ့ရာထူးတူ သို့သော် သူတို့လူမျိုးတူများ အတွက်တော့ သူတို့တွေက အနည်းငယ် ပို အလေးထား ဂရုစိုက်လေ့ ရှိသလားဆိုသော အတွေးကိုတော့ သူ့ခေါင်းထဲ ၀င်လာတိုင်း ပြန်ထွေးထွေးထုတ်ရသည်။

အတွင်းရေးမှုးမကလေး ဒီနေ့ စကပ်က သိပ်တိုနေမှာလား။ အကျီက လည်ပင်း သိပ်ဟိုက်နေမှာလား။ ကျောပေး ထိုင်နေရင်း ခါးနေရာက တစ်မိုက်လောက် လွတ်နေမှာလား။ မသိမသာ လှမ်းကြည့်ရင်း ကော်ဖီတစ်ခွက်နှင့် သူမြည်းမည်။ ကောင်မလေးက သတိထားမိဟန် မတူ။ သတိထားမိတောင် ရှက်ကိုးရှက်ကန်း မရှိ။ ဂရုစိုက်ဟန် မတူ။ ခဏကြာတော့ သူလည်း ဒါတွေကို မေ့သွားမည်။ ဖိုင်တွဲပေါင်းများစွာနှင့် အလုပ်ရှုပ်။ ကောင်မလေးက သူ့ရဲ့တနေ့တာ ချိန်းဆိုချက်များ ကို အီးမေးလ်ပို့လိုက် ဖုန်းဆက်လိုက်နှင့် သတိပေးမည်။ ညနေ ခြောက်နာရီ ဒေါင်ခနဲ ထိုးလျှင် ဘာလုပ်စရာ ကျန်သေးလဲဟု သူ့ကိုလာမေးမည်။ သူက ထုံးစံအတိုင်း ခေါင်းခါပြလျှင် ဘိုင့်ဘိုင် ဆီးယူတူမောရိုး ဟု လေသံပေါ့ကလေးဖြင့် နှုတ်ဆက်ပြန်သွား။ ခဏကြာလျှင် သူလည်း ကိစ္စတွေ လက်စသတ်။ အိမ်သယ်သင့်တာသယ်။ တနေရာရာမှာ ညစာဝင်စားပြီး အိမ်ပြန်ရောက်။ အခုလို ပြူတင်းပေါက်နား ခဏတဖြုတ် ရပ်ကြည့်ပေါ့။

ပြူတင်းပေါက်က ကြည့်နေရင်း သူ့အခန်းရှိရာ လှေခါးဘက်ကို တည့်တည့် လျှောက်လာသော သဏ္ဍာန်တစ်ခုကို တွေ့လိုက်ရသည်။ လက်ထဲမှာ တစ်ခုခုကို ကိုင်ထားသည်။ ဒါ.. သူ့ရဲ့ အရင်းနှီးဆုံး မိတ်ဆွေတစ်ယောက် ပေပဲ။ အဲသည်လူကတော့ သူ့အပေါ် တော်တော် သံယောဇဉ်ကြီးသည်။ သူ့ကို မကြာခဏ ဖုန်းဆက်။ လာလည်။ အပြင်မှာ ၀ိုင်းဖွဲ့ကြတိုင်းလည်း မပျက်မကွက်ခေါ်။ သူကသာ အဲသည်လူထံ တစ်ခါမှ မရောက်ဖြစ်။

တံခါးက လူခေါ်ခေါင်းလောင်းသံ မြည်လာတော့ သူ အသာ ဖွင့်ပေးလိုက်ပါသည်။

“ကဲ ဘယ်လိုလဲ။ ပိတ်ရက်မှာ ဘာတွေလုပ်မလို့လဲဗျ။”

သူ့ပခုံးကို ခပ်ဖွဖွ လှမ်းပုတ်ရင်း သူ့မိတ်ဆွေက ဆိုသည်။ တကယ်တော့ ပခုံးပုတ်တာကို သူသိပ်မုန်းပါသည်။ သို့သော်… ထားလိုက်ပါတော့လေ။

“သည်လိုပါပဲဗျာ။ စာရေးစာဖတ်။ ဟိုငေးဒီငေးပေါ့။”

“သိတယ်လေ။ ကျွန်တော်တို့တော့ ၀ိုင်းဖွဲ့ကြမလို့။ ထုံးစံအတိုင်း ခင်ဗျား မလိုက်ပြန်ဘူး မဟုတ်လား။ တစ်ယောက်တည်း ပျင်းနေမှာစိုးလို့ လက်ဆောင်ကလေးတစ်ခု ယူလာတယ်။ ရော့။”

မိတ်ဆွေက သူ့ကို လက်ထဲက အရာတစ်ခု လှမ်းပေးလိုက်သည်။ လှောင်ချိုင့်ကလေး တစ်ခုပေပဲ။ အထဲမှာ ယုန် ညိုညိုကလေး။ မျက်လုံးပြူးကလေးဖြင့် သူ့ကို ကြည့်နေသည်။ သူက ပြန်ကြည့်တော့ နောက်ကို ခြေတစ်လှမ်း ခုန်ဆုတ်သွားသယောင်။ သူအနည်းငယ် စိတ်ရှုပ်ထွေးစွာ ပြီးတော့ ရယ်ချင်စွာ ..

“အာ.. ဘာလုပ်ရမှာလဲဗျ။ ကျွေးရမွေးရ အလုပ်ရှုပ် ပါဘိသနဲ့။”

“ဟုတ်တယ်လေ။ ဒါမှ ခင်ဗျား လုပ်စရာတစ်ခု ရမှာပေါ့။ ဒီအတိုင်း တစ်ယောက်တည်း နေနေရင် ခင်ဗျား ကြာရင် မလွယ်ဘူး။”

စကားအနည်းငယ် ပြောပြီး မိတ်ဆွေက နှုတ်ဆက်ပြန်သွားပါသည်။

သူက ယုန်ကလေးကို စေ့စေ့ကြည့်လိုက်သည်။ ကဲ.. အလုပ်ရှုပ်ဦးတော့မှာပေါ့။ မိတ်ဆွေ ထားခဲ့သော ကန်စွန်းရွက် အနည်းငယ်ကို ချကျွေးလိုက်တော့ ယုန်ကလေးက တမြုံ့မြုံ့ ၀ါးသည်။ သူ့ကို ရင်းနှီးလိုဟန် တစ်ချက်ကြည့်သည်။ သူက သူ့အခန်းကျဉ်း ကလေးကို လှည့်ပတ် ကြည့်လိုက်သည်။ ယုန်ကလေးကို လွှတ်ပေးထားရလျှင် ဘယ်လို နေမလဲ။ လျှောက်ပြီး အညစ်အကြေးစွန့်ဘာညာနှင့် သူသိမ်းဆည်း သန့်ရှင်းရ ပိုအလုပ် ရှုပ်ကောင်းရှုပ်မည်။ ညစ်ပတ်လျှင် ညစ်ပတ် မည်။ ယုန်ကလေးအတွက်တော့ ပိုလွတ်လပ်မည်ပေါ့။ သော့ခလောက်ကလေးကို သူဖွင့်လိုက်သည်။ ကဲ.. ကြိုက်ရာကို လျှောက်ပြေးပေတော့။

ဟိုသည် ပြေးနေသော ယုန်ကလေးကိုကြည့်ကာ သူ့စိတ်တွေက ယုန်ကလေးနှင့်အတူ ပြေးသည်။ သူ့မှာလည်း ယုန်မွေးလေးလို နူးညံ့ခဲ့သော အရေပြားတွေ၊ ဘောင်ခတ်ထားသော လောကကြီးကို အပြစ်မဲ့စွာ စူးစမ်းခဲ့သော မျက်လုံးပြူးဝိုင်းဝိုင်းလေးတွေ၊ ခုန်ဆွခုန်ဆွ ဖြစ်ခဲ့သော အိပ်မက်တွေ ရှိခဲ့မည်။ အခုတော့လည်း ဒါတွေအားလုံးဟာ….။

တအောင့်လောက်ကြာတော့ ခုတင်ပေါ်မှာ သူခဏလှဲမည် ပြင်သည်။ မီးပူ မတိုက်ရသေးသော အ၀တ်ပုံက သူ့ကျောအောက်မှာ ခိုးလိုးခုလု။ အ၀တ်များကို မကာ ဗီရိုထဲထည့်ရန် တံခါးကို ဖွင့်လိုက်သည်။ အ၀တ်ဗီရိုမှာ တစ်ခုခုက ညပ်နေသလို။ သူ အမှတ်မဲ့ အားနှင့် ဆွဲဖွင့်လိုက်သည်။ ခွပ်ခနဲ မြည်သွားသော အသံခပ်တိုးတိုး တစ်ခုနှင့်အတူ သူ နောက်ပြန်ယိုင်သွားတော့ ပျော့စိစိအရာကို တက်နင်းမိလိုက်သည်။

ဟာ.. သွားပြီ။ ဗီရိုတံခါးနှင့် နှာနုကို တည့်တည့်ရိုက်မိသွားသော ယုန်ကလေးက အသံပင် မထွက်နိုင်တော့။ ယုန်ကလေးက သူ့နောက်ကို လိုက်လာတာ သူမသိလိုက်။ ထိတ်ထိတ်ပျာပျာ စမ်းကြည့်လိုက်တော့ ယုန်ကလေး သေနေပြီ။

စောစောက မိတ်ဆွေ စရောက်လာတဲ့ အချိန်နဲ့ ပြန်တွက်လိုက်လျှင် သိပ်မကြာ။ တစ်နာရီလောက်သာ။ ကြည့်စမ်း။ တစ်နာရီအတွင်းမှာ အပြစ်မရှိတဲ့ တိရိစ္ဆာန်လေး တစ်ကောင် သူ့ပေါ့ဆမှုကြောင့် သေသွားခဲ့ပြီ။ ရုပ်ရှင်တွေထဲကလို Time Machine နှင့် ပြန် လည်ပတ်လို့ရလျှင် သူ ဆယ်မိနစ်စာလောက် ပြန်လှည့် လိုက်ချင်သည်။ ယုန်သေကောင်လေးကို အခန်းထောင့်ဆီ ယူလာပြီး ချကာ ခပ်ငိုင်ငိုင် ထိုင်ကြည့်နေမိသည်။

သူ ဘာလုပ်ရမလဲ။ မျက်စေ့က စားပွဲပေါ်က ဒိုင်ယာရီ စာအုပ်ကလေးဆီ ရောက်သွားသည်။ ဒိုင်ယာရီ စာအုပ်ကို ဖွင့်လိုက်သည်။ ရှေ့က စာမျက်နှာများကို တဖျတ်ဖျတ် လှန်လိုက်သည်။ ရုံးစီမံချက်များ။ ချိန်းဆိုထားသော ရက်စွဲများ။ အချိန်များ။ ရေးသားချက် အားလုံးက သူ့မျက်စိရှေ့မှာ အပြားလိုက် အဖတ်လိုက်။ သည်နေ့တော့ ရုပ်လုံးကြွမည့် အကြောင်းအရာ တစ်ခု သူမှတ်မှတ်ရရ ရေးရတော့မည်။
သူ ယုန်သေကလေးကို တစ်ချက်ကြည့်လိုက်ရင်း ဘောလ်ပဲန်ကို ကိုင်သည်။ “ သည်နေ့ ကို….. အိမ်ကို လာသည်။” ။ နိုး..နိုး မဟုတ်သေးဘူး။ သည်လူ လာတာက ဘာအရေးလဲ။ အဓိက ဇာတ်ကောင်က ယုန်ကလေးပေပဲ။ “ သည်နေ့ ယုန်ညိုကလေးတစ်ကောင် အိမ်ရောက်လာသည်။ လာပေးသူက ကို…. ဖြစ်သည်။” သူ့ စာကြောင်းအစကို သူကျေနပ်သွားသည်။ သည့်နောက် သူ့လက်က သွက်လက်စွာ.. စာကြောင်းများ တစ်ကြောင်းပြီး တစ်ကြောင်း..။

စာမျက်နှာ တစ်မျက်နှာ ပြည့်သွားတော့ သူရပ်လိုက်သည်။ အကြောင်းအရာ အားလုံး ပါသွားပြီ။ ယုန်ကလေးက သူ့ကို သနားစရာ ဘယ်လိုကြည့်ပုံ။ နောက်ဆုံး ယုန်ကလေး ပျော့စိစိ အသက်ထွက်သွားပုံ အထိ။ သူ တစ်ခေါက် အစအဆုံး ပြန်ဖတ်သည်။ သူ့စိတ် တစ်ပြင်လုံးက စာထဲမှာသာ။ ကြည့်စမ်း ဒီနေ့တော့ တစ်ခု ထူးခြားသွားပြီ။ အဓိပ္ပာယ် ပိုရှိသွားသလိုပေါ့။ ဒါမှ ဒိုင်ယာရီဆိုတာ…။ သူဖွဖွပြုံးကာ လေတစ်ချက် ချွန်လိုက်မိသည်။ ရွှီ…။

ရွှီ…။ အားးးးးးး… သူအလန့်တကြား ချက်ချင်း ထခုန်လိုက်သည်။ သေတော့မှာပဲ။ သူ့လေချွန်သံက သူ့နားထဲက ပြန်မထွက်။ ဘာကြောင့် သူက အခုမှ ပေါ့ပါး ပျော်ရွှင် နေခဲ့ရတာလဲ။ မိတ်ဆွေကို သတိရမိကာ အထပ်ထပ် ကျိန်ဆဲနေမိသည်။ ဟာ.. ဒါလည်း မဟုတ်သေးဘူးလေ။ မိတ်ဆွေက စေတနာကောင်းနဲ့ သူပျင်းနေမှာစိုးလို့ လာပေးခဲ့တာ မဟုတ်လား။ သူကသာ ပေါ့ဆစွာ…။ ယုန်ကလေး တစ်ကောင်ရဲ့အသက်…။ တကယ်လို့ ယုန်ကလေး မသေခဲ့ဘူး ဆိုရင်ရော.. ။ ဒါလည်း မဟုတ်သေးပြန်ဘူး။ သူ့ကြမ္မာနဲ့သူ ဖြစ်တတ်တာပဲလေ။ သူ တစ်ခုခုကို မကျေမနပ်စိတ်က ရင့်သထက် ရင့်လာသည်။ အမှားအယွင်းက ဘယ်မှာပါလိမ့်။ သူက အခုလို အားပါးတရ မှတ်တမ်းတင်လို့။ ယုန်ကလေး တစ်ကောင် ရောက်လာတယ် ပြီးတော့ သေသွားတယ်ဆိုတဲ့ ဖြစ်ရပ်တစ်ခုဟာ လူတစ်ဦးအတွက် တစ်နေ့တာ ဖျော်ဖြေမှုတစ်ခု ဖြစ်သွားခဲ့တာလား။ အဲဒါဆို သူက…။
ဒိုင်ယာရီ စာအုပ်ကလေးကို မြွေတစ်ကောင်လို ကြောက်လန့်ရွံရှာစွာ အလန့်တကြား အခန်းထောင့်သို့ ပစ်ပေါက်လိုက်သည်။ တုတ်တုတ်ပင် မလှုပ်သော ယုန်ကလေး အနားမှာ ဒိုင်ယာရီ စာအုပ်ကလေးလည်း အားပျော့စွာ ခွေလဲကျ....။

ပြီးပြီ….။ အားလုံးပြီးဆုံးသွားပြီ။ ရင်ထဲ တလှပ်လှပ် ဖြစ်လာသည်။ အခုတော့လည်း အားလုံး အရင်လို….။ ပြူတင်းပေါက် ရှိရာသို့ လျှောက်လာမိသည်။ ဟော ဟိုမှာ.. မှောင်ရီသန်းနေတဲ့ ကလေးကစားကွင်း။ ကတ္တရာလမ်းမ။ တောင်ကုန်းကလေး။ သစ်ပင်စိမ်းစိမ်း။ သစ်ပင်တွေ.. သစ်ပင်တွေ…. သူ့ဆီရွေ့လာဦးမှာလား။ ရွေ့လာဦးမှာလား။ ရွေ့.. လာ.. ဦး.. မှာ.. လား။ သူ့ရင်ထဲမှာ တင်းတင်းကျပ်ကျပ်။ ပြူတင်းပေါက်ဘောင်ကို လက်ထောက်ကာ မျက်နှာကို အုပ်ပြီး သူ လှိုက်လှိုက်လှဲလှဲ ငိုကြွေးလိုက်လေသည်။



ပန်ဒိုရာ

Expand..

Wednesday, February 6, 2008

နေဘုန်းလတ်သို့ ….


(Photo taken from here.)


ဘလော့ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့  ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။

လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။

ဘလော့ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက် တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။

မြန်မာဘလော့ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။

ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ် ရေးသားခွင့်ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။

ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် … ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။

ဘလော့ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။




Expand..