ကိုယ့်အတွေ့အကြုံကနေ
ကိုယ်တိုင်သင်ခန်းစာ မယူတတ်သူဟာ လူမိုက်၊ သူတပါးရဲ့ အတွေ့အကြုံကနေတောင်မှ သင်ခန်းစာယူတတ်သူဟာ
ပညာရှိ လို့ ဆိုကြရင် ကျွန်မကတော့ ကိုယ့်အတွေ့အကြုံကနေ ကိုယ်တိုင် သင်ခန်းစာယူဖို့
ကြိုးစားနေရတဲ့ သာမန်လူတစ်ဦးမျှသာ ဖြစ်ပါတယ်။ ဆန်းကြယ်တတ်တဲ့ ကံတရားဟာ ထီပေါက်တာထက်
အဆပေါင်းများစွာ ဝမ်းမြောက်ဖွယ်ဖြစ်တဲ့ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ဦးကို အသက်လေးဆယ်ဝန်းကျင်ရောက်မှ
ကျွန်မဆီ ခေါ်လာခဲ့ပါတယ်။
တက္ကသိုလ်တက်ချိန်ကစပြီး
အိမ်ထောင်ဦးဘဝအထိ နှစ်ပေါင်းများစွာ တစ်ကိုယ်တော် လွတ်လွတ်လပ်လပ် နေထိုင်ဖြစ်ခဲ့သူ
ကျွန်မအတွက်တော့ ထူးဆန်းတဲ့ စီမံခန့်ခွဲမှုတွေကို ကြုံတွေ့ရပါတော့တယ်။ လိမ္မာရေးခြားရှိဖို့
ဥာဏ်ပညာမြင့်မားဖို့ လူမှုရေးကောင်းမွန်ဖို့ စတဲ့ ရည်ရွယ်ချက်တွေကို အသာထား၊ လူသားလေးတစ်ယောက်
ပုံမှန် ကျန်းကျန်းမာမာ ကြီးပြင်းလာနိုင်ရေးအတွက်တောင်မှ သိမ်မွေ့လွန်းတဲ့ ကိစ္စတွေကို
နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရပါတော့တယ်။ ကလေးနှစ်ယောက်ရှိလာချိန်မှာ စိန်ခေါ်မှုတွေ ပိုလာတော့
ကျွန်မတို့ မောင်နှမ လေးယောက်ကို မေမေဟာ ဘယ်လို ထိန်းကျောင်းခဲ့သလဲ ဆိုတာ နေ့စဉ်မတွေးပဲ
မနေနိုင်ခဲ့ပါဘူး။
မကြာခင်က
ကိုးတန်းဆယ်တန်းတုန်းက ကျောင်းသွားဖော် သူငယ်ချင်းတစ်ယောက်နဲ့ အမှတ်မထင် ပြန်ဆုံတွေ့ခဲ့ပါတယ်။
ဝမ်းသာအားရ နှုတ်ဆက်ကြပြီးနောက် သူပထမဆုံး မေးတဲ့ မေးခွန်းကတော့ ကျွန်မရဲ့ အမေ နေကောင်းရဲ့လား
ဆိုတာပါပဲ။ ကျွန်မနဲ့ မသိတဲ့ သူရဲ့ မိတ်ဆွေတွေရှေ့မှာလည်း “သူ့အမေက တကယ်စည်းကမ်းကောင်းပြီး
တော်တဲ့အမေလေ ဒီလိုအမေမျိုး ရှားတယ်” လို့ ချက်ချင်းဆိုသလို ပြောပြလိုက်ပါသေးတယ်။ သူငယ်ချင်းဟာ
ကျွန်မနဲ့ပတ်သက်လို့ ကျွန်မအမေအကြောင်းကို သူ့ခေါင်းထဲမှာ အထင်ရှားဆုံး ဖြစ်နေတာကို
အလွန်အံ့သြရပါတယ်။ ဒီတော့လည်း မေမေ့အကြောင်းကို ပိုလို့ တွေးတောမိခဲ့ပါတယ်။
ကျွန်မဟာ
ဖေဖေကို အလွန်ချစ် အလွန်အထင်ကြီးသူ ဖြစ်ပါတယ်။ အဲဒါက ငယ်စဉ်ကာလက ကျွန်မရဲ့ မေမေ့အပေါ်
သဘောထားကို တစ်နည်းတစ်ဖုံ ထိခိုက်ခဲ့တယ် ဆိုတာကိုတော့ တွေးတတ်တဲ့ အရွယ်ရောက်မှ သိခဲ့ပါတယ်။
ချွေးတလုံးလုံး ချက်ရင်းပြုတ်ရင်း အဝတ်လျှော် မီးပူတိုက် အိမ်မှုကိစ္စတွေအပြင် အိမ်ဆိုင်လေးကိုပါ
ပြေးထိုင်ရသေးတဲ့ အိမ်နေဝတ် အင်္ကျီလုံချည်နဲ့ သနပ်ခါးရေကျဲလေးနဲ့ နေ့စဉ် တွေ့ရလေ့ရှိတဲ့
မေမေ့ကို ဘာမှ ထူးထူးထွေထွေ သဘောထားခြင်း မရှိခဲ့ဘဲ တိုက်ပုံအင်္ကျီ လုံချည်စိမ်းနဲ့
အလုပ်သွားတတ်တဲ့၊ ကျွန်မမျက်စိထဲမှာ ချောမောသပ်ရပ်နေတဲ့ ပညာတတ် ကျောင်းဆရာ ဖေဖေ့ကိုသာ
အထင်တကြီးဖြစ်ခဲ့တာ ကလေးတစ်ယောက်ရဲ့ အတွေးထဲမှာ မထူးဆန်းဘူး ထင်ပါရဲ့။ လူအများက “သမီးက
ဖေဖေနဲ့တူတယ်” လို့ဆိုရင် မေမေနဲ့ တူတယ်လို့ ပြောတာထက် ကျွန်မက ပိုပျော်ရွှင်တတ်ခဲ့တာ၊
“သမီးကြီးက အဖေနဲ့တူရင် ကောင်းစားတတ်တယ်တဲ့၊ ကောင်းတာပေါ့” လို့ အပြုံးမပျက် ပြောတတ်တဲ့
မေမေ့ရဲ့ စကားသံတွေထဲမှာ ထိထိခိုက်ခိုက် အရောင်တွေပါမပါ သရုပ်မခွဲတတ်ခဲ့တာ ကျွန်မရဲ့
မသိသားဆိုးဝါးမှုတွေပါပဲ။
မေမေဟာ သပ်ရပ်တယ်၊
အိမ်မှုကိစ္စနိုင်နင်းတယ်၊ စည်းကမ်းကောင်းတယ်လို့ အပျိုဘဝကတည်းက သူ့ဝန်းကျင်မှာ နာမည်ကောင်းထွက်ခဲ့သူပါ။
ငယ်ငယ်က စာအုပ်တစ်အုပ် ကောက်ကိုင်လိုက်ရင်
ထမင်းမေ့ ဟင်းမေ့နဲ့ လုပ်စရာကိုင်စရာတွေကို ပျာယိပျာယာ ရှုပ်ရှုပ်ပွပွ ဖြစ်တတ်တဲ့ ကျွန်မကို
မေမေက ဘဝင်မကျဖြစ်လာရင် ဖေဖေက “သူကစာပေသမားဆိုတော့ ကြီးလာရင် ပညာရှင်ဖြစ်လာပြီး အိမ်မှုကိစ္စတွေ လုပ်ချင်မှ
လုပ်ရမှာပေါ့ကွာ” လို့ ရယ်သွမ်းသွေးပြီး ဆိုင်ဆိုင်မဆိုင်ဆိုင် ဝင်ကာဆီးလေ့ရှိပါတယ်။ မေမေ့ရဲ့ ကျွမ်းကျင်မှုတွေ၊ အရည်အချင်းတွေကိုတော့
သာမန် အိမ်ရှင်မတို့ ဖြစ်ရိုးဖြစ်စဉ်ပဲလို့ ကျွန်မက အသေစွဲမှတ်ထားခဲ့ပြီး ထူးထူးခြားခြား
ချီးကျုးဖွယ် အတုယူဖွယ်လို့ မမြင်ခဲ့ပါဘူး။
ကျွန်မနဲ့
ကျွန်မအစ်ကိုဟာ တစ်နှစ်ခွဲပဲ ခြားတာမို့ အိမ်ထောင်ဦးမှာ မေမေဟာ စိန်ခေါ်မှုများစွာကို
ရင်ဆိုင်ခဲ့ရမှာ မလွဲဧကန်ပါပဲ။ အိမ်ထောင်ကျတဲ့အခါ သျှောင်နောက်ဆံထုံးပါ လိုက်ခဲ့ရပြီး
ကိုယ့်အလုပ်အကိုင်ကို စွန့်လွှတ်ခဲ့ရတဲ့ မေမေဟာ ကိုယ်ပိုင်ဝင်ငွေရှိချိန်ကလို အဝတ်အစား
အသုံးအဆောင်တွေ မသုံးဖြစ်တော့ပဲ ဖေဖေ့ရဲ့ ကျောင်းဆရာလခနဲ့ စီးတဲ့ရေ ဆည်တဲ့ကန်သင်းဖြစ်အောင်
နေထိုင်တတ်ခဲ့ပါတယ်။ အဲ့ဒီအပြင် စာအုပ်ဆိုင်ကလေးဖွင့်ပြီး ဝင်ငွေကို ဖြည့်ဆည်းတာ၊ စုငွေတွေကို
မပျောက်မပျက်အောင် ရင်းနှီးမြုပ်နှံတာတွေဟာ “အိမ်ရှင်မ၊ မှီခို” လို့ မြန်မာ့ လူမှုဝန်းကျင်မှာ
ခေါင်းစဉ်တပ်ခံထားရတဲ့ အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်ရဲ့ မှတ်တမ်းတင်မခံရတဲ့ စီးပွားရေး
စွမ်းဆောင်ရည်တွေပါပဲ။
ကလေးပြုစုစောင့်ရှောက်နည်းတွေကို
အခုမှ အမောတကော လိုက်ဖတ်ဖြစ်နေတဲ့ကျွန်မဟာ မြန်မာတွေရဲ့ စွဲမြဲနေတဲ့ ရှေးရိုးစဉ်လာ
အချက်တချို့ကလွဲလို့ စောင့်ရှောက်နည်း အတော်များများဟာ မေမေရဲ့ သွန်သင်ထိန်းကျောင်းမှုနဲ့
ကိုက်ညီနေတာကို တအံ့တသြ တွေ့ရပါတယ်။ ကျွန်မတို့မောင်နှမတွေကို
မေမေဟာ ထမင်းခွံ့ကျွေးတဲ့ အချိန်တချို့ ရှိခဲ့ပေမဲ့ ဇွန်းကိုင်တတ်တဲ့ အရွယ်ကတည်းက ကိုယ့်ဘာသာ
စားတတ်အောင် လေ့ကျင့်ပေးခဲ့ပါတယ်။ မောင်နှမနှစ်ယောက်ကို ထမင်းလုံးဖိတ်မကျအောင်၊ ထမင်းတွေလည်း
ကုန်အောင် အပြိုင်အဆိုင်အားပေးထားပြီး စနစ်တကျ ကိုယ့်ဘာသာ စားခိုင်းထားတတ်ပါတယ်။ အိမ်မှာ လူခွဲလည်း မရှိတာမို့ ကျွန်မတို့ဟာ ကိုယ့်ဘာသာ
စီမံနိုင်တဲ့အခါ မေမေ့ကိုလည်း အလုပ်သက်သာအောင် တစ်ဖက်တစ်လမ်း ကူညီသလို ဖြစ်ခဲ့ပါတယ်။
ကျွန်မတို့မောင်နှမတွေဟာ
သူများတွေတစ်ခုခုကျွေးရင် ဘယ်တော့မှ ယူမစားဘဲ မေမေက ယူလိုက်ပါလို့ ပြောမှသာ စားတယ်လို့
မိတ်ဆွေတွေက ပြန်ပြောကြပါတယ်။ သူများစားသောက်နေတာနဲ့ ကြုံကြိုက်ရင်လည်း မကြည့်ဘဲ မျက်နှာလွှဲနေတတ်ကြတဲ့
မောင်နှမတွေကို ကြည့်ရတာ သနားစရာ ရယ်စရာတောင် ကောင်းတယ်လို့လည်း မိတ်ဆွေတွေက ပြန်ပြောပြတတ်ကြတယ်။
မေမေဟာ ကျောင်းဆရာမတစ်ယောက်လည်း
မဟုတ်သလို ပညာရေးကိုလည်း အဆင့်မြင့်တန်းတွေအထိ ပြီးဆုံးတိုင် သင်ခွင့်မကြုံခဲ့ရသူပါ။
ဒါပေမဲ့လည်း စာဖတ်ဝါသနာပါပြီး ပညာရေးကို အထူးစိတ်ဝင်စားသူ ဖြစ်ပါတယ်။ ကျွန်မဟာ ရှေ့က
ကျောင်းတက်နေတဲ့ အစ်ကို လုပ်သမျှ ဖတ်သမျှ လိုက်အတုခိုးပြီး အတတ်မြန်သူ လို့ မေမေက ပြောပါတယ်။
ကဗျာလေးတွေကို ဝါသနာပါပြီး စာလုံးတွေကို ကစားစရာလို စိတ်ဝင်စားတဲ့ ကျွန်မကို မေမေဟာ
မြန်မာစာရဲ့ အသံစနစ်ကို အသုံးပြုပြီး သတ်ပုံသတ်ညွှန်း မရှုပ်ထွေးတဲ့ စာကြောင်းတွေကို
ဖတ်တတ်အောင် သင်ပေးခဲ့ပါတယ်။ ကျွန်မကို သင်ပြရတာ လွယ်တယ် လို့ မေမေက ပြောပြပါတယ်။
သမီးရေ “အ အာ အား” လို့ မေမေ ပြောလိုက်ရင် “က ကာ ကား ခ ခါ ခါး” စသဖြင့် ကျွန်မက အကုန်
ဆက်ဆိုတတ်သွားတယ်တဲ့။
ငယ်ငယ်တုန်းက
ကျွန်မဟာ လူစိမ်းတွေဆိုရင် အလွန်သတိထားမိပြီး ကြောက်တတ်သူတစ်ယောက် ဖြစ်ပါတယ်။ အငိုသန်သူလည်း
ဖြစ်ပါတယ်။ အဲဒီခေတ်က မျက်မှန်တပ်သူက နည်းတော့ မျက်မှန်နဲ့လူဆိုရင် ကျွန်မက အထူးအဆန်းဖြစ်ပြီး
ပိုကြောက်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း အံ့သြစရာကောင်းတာကတော့ အဲဒီလို ပတ်ဝန်းကျင်
အပြောင်းအလဲတိုင်းကို အလွန်အရေခွံပါးပြီး ကြောက်တတ်တဲ့ ကလေးလေးဟာ မိဘတွေရဲ့ မိတ်ဆွေတွေနဲ့
ဆုံကြရင် ကိုယ်ရတဲ့ ကဗျာတွေ သီချင်းတွေကို ပျော်ပျော်ရွှင်ရွှင် ဆိုပြတတ်ရုံမက သူငယ်တန်း
မတက်ခင်အရွယ်မှာ တစ်ရွာလုံးက လူတွေလာကြည့်တဲ့ ညစင်မြင့်ပေါ်မှာ အမူအယာနဲ့ ကဗျာတစ်ပုဒ်ကို
မထစ်မငေါ့ ရွတ်ပြခဲ့တာပါပဲ။ ကျောင်းတက်တဲ့ အရွယ်ရောက်တော့လည်း နှစ်စဉ်နှစ်တိုင်း ကဗျာရွတ်ဆိုပြိုင်ပွဲနဲ့
ပုံပြောပြိုင်ပွဲတွေမှာ ကျွန်မကို ပထမဆု အမြဲရအောင် သင်ကြားပြသ အားပေးခဲ့တာ မေမေပါပဲ။
လူကြောက်တတ်တဲ့ အငိုလွယ်တဲ့ ကလေးတစ်ယောက်ကို ဘယ်လိုဘယ်ပုံ ခွန်အားတွေပေးပြီး ကိုယ့်ကိုယ်ကို
ယုံကြည်မှု ရှိစေခဲ့သလဲဆိုတာ ကျွန်မအခုအချိန်အထိ အကြိမ်ကြိမ်မေးနေရတဲ့ မေးခွန်းပါပဲ။
မေမေကတော့ “ဒီလိုပဲ အကျိုးအကြောင်းပြောပြီး သမီးမကြောက်နဲ့ လို့ အားပေးလိုက်တာပါ” လို့
ရိုးရိုးပဲ ရှင်းပြတတ်ပေမဲ့ ကျွန်မအတွက်တော့ ကိုယ် သားသမီးရလာတဲ့အချိန်မှာ သိပ်ကိုခက်ခဲတဲ့
ပုစ္ဆာတစ်ပုဒ်ပါ။
ကံကောင်းထောက်မစွာ
ကျေးလက်ရဲ့ ကျယ်ပြန့်တဲ့ သဘာဝဝန်းကျင်ကြား ကြီးပြင်းလာတဲ့ ကျွန်မတို့ မောင်နှမတွေကို
မျိုးစုံ ဆော့ကစားခွင့် ပေးခဲ့တာကိုလည်း ပြန်တွေးတိုင်း
ဝမ်းသာရပါတယ်။ ဖေဖေကတော့ အသေးစိတ် စီမံမှုတွေမှာ ဝင်ပါလေ့မရှိတာမို့ ကျောင်းပိတ်ရက်တွေမှာ
အပြင်ကို ထွက်ကစားခွင့်ရှိမရှိ၊ သူငယ်ချင်းအိမ် သွားလည်ပတ်ခွင့် ရှိမရှိ ဆိုတာ မေမေ့ကိုပဲ
ခွင့်တောင်းရလေ့ ရှိပါတယ်။ ငယ်ငယ်တုန်းကတော့ အိမ်ပြင်ထွက် ကစားဖို့ကို အမြဲတမ်း မလိုက်လျောတဲ့
မေမေဟာ စည်းကမ်းကြီးတယ်ဆိုပြီး မကျေနပ်စိတ် ရှိခဲ့တယ်။ ပြန်စဉ်းစားကြည့်တော့မှ ကလေးတစ်ယောက်အတွက်
ကစားချိန်၊ စားချိန်၊ စာဖတ်ချိန် အကန့်အသတ် ဆိုတာတော့ ရှိရမှာပဲလို့ သဘောပေါက်ခဲ့ပါတယ်။
တကယ်တော့ ကိုယ်ကစားခဲ့တဲ့ နည်းလမ်းတွေ၊ အချိန်တွေ၊ ပတ်ဝန်းကျင်တွေ့ထိမှုတွေ တော်တော်
မနည်းခဲ့ဘူး ဆိုတာကို နောက်မှ ပြန်မြင်ခဲ့ပါတယ်။ အဲဒီလို ကစားခွင့် ရရုံမက အထူးကံကောင်းတာက
အပြင်စာ ဖတ်ခွင့်ရတာပါ။ အဲဒီခေတ်က မိဘအတော်များများဟာ ကလေးတွေ အပြင်စာဖတ်တာကို တားမြစ်ကြပါတယ်။
ဒါပေမဲ့ ကျွန်မတို့ အိမ်မှာတော့ အချိန်အားတွေမှာ ကိုယ့်စာအုပ်ဆိုင်က စာတွေကို ကြိုက်သလိုဖတ်လို့
ရခဲ့ပါတယ်။
အစားအသောက်နဲ့
ပတ်သက်လာရင် “အမေ့လက်ရာ” ဆိုတာ သားသမီးတိုင်းလိုလို တမ်းတမိကြ စမြဲပါ။ မေမေဟာ ဟင်းချက်လည်း
ကောင်းပါတယ်။ ငယ်ငယ်ကတည်းက အာဟာရမျှတ ကျွေးဖြစ်ခဲ့တဲ့ မေမေ့ကြောင့် ဟင်းသီးဟင်းရွက်၊
အသီးအနှံ၊ အသားငါး အတော် အမျိုးစုံအောင် စားတတ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ချက်ပြုတ်ကျွေးမွေးခြင်း ဆိုတာ
အိမ်ရှင်မတစ်ယောက် မဖြစ်မနေလုပ်ရယ့် သာမန်ကိစ္စ သာမန်စွမ်းရည် မကဘူး ဆိုတာ မိသားစုတစ်ခုလုံးအတွက်
ကိုယ်တိုင် မီးဖိုချောင်နဲ့ ဈေးသွားခြင်းကို စီမံခန့်ခွဲတော့မှ သဘောပေါက်ခဲ့ရပါပြီ။
မေမေကတော့ အခုအရွယ်အထိတောင်မှ မီးဖိုချောင်ထဲက မထွက်နိုင်သေးဘဲ ကျန်းမာရေးမကောင်းတဲ့
ဖေဖေ့အတွက် သင့်လျော်သလိုစီစဉ်ရင်း တစ်အိမ်စီမှာနေ တစ်နယ်စီခြားနေတဲ့ သားသမီးတွေဆီကိုလည်း
စားသောက်ဖွယ်ရာတွေ ပို့ပေးနိုင်ဖို့ မမောမပန်းနိုင် စေတနာထက်သန်နေဆဲပါပဲ။
ယောက်ျားတွေရဲ့
သဘာဝမို့ပဲလား အချိန်ပဲ မရခဲ့လို့လားတော့ မသိပါဘူး။ ဖေဖေက မေမေ့အကြောင်းကို အထူးအထွေ
မပြောပြခဲ့ပေမဲ့ မေမေကတော့ ဖေဖေ့ကို အမြဲ ချီးမွမ်း
ပြောဆိုသူပါ။ ကလေးတွေကို ပျိုးထောင်တာကို တော်တယ်လို့ ပတ်ဝန်းကျင်က ချီးမွမ်းကြတာတောင်မှ
မေမေဟာ အဲဒီလို ထိန်းကျောင်းတတ်ဖို့ ဖေဖေ့ကိုလည်း ဆရာတင် မေးမြန်းခဲ့ရတယ်၊ စာအုပ်တွေကိုလည်း
ရှာဖွေဖတ်ရှုခဲ့ရတယ် လို့ ပြောပြပါတယ်။ သပ်ရပ် စနစ်ကျခြင်းကတော့ မေမေ့ရဲ့ ပင်ကိုယ် အမူအကျင့်ကောင်း
ဖြစ်မှာပါ။ မေမေဟာ သူ့ပင်ကိုယ်ပိုင်ဆိုင်တဲ့ အထဲက ကောင်းတဲ့ အရာတွေကို သားသမီးတွေဆီ
လက်ဆင့်ကမ်းပေးခဲ့ပြီး သူမသိသေးတဲ့ အကောင်းတရားတွေကိုပါ ရှာဖွေပနှောက်လို့ အတတ်နိုင်ဆုံး
ကျွန်မတို့ဆီ အရောက်ပေးနိုင်ခဲ့တဲ့ အောင်မြင်တဲ့ မိခင်တစ်ဦးလို့ ကျွန်မက ဆိုချင်ပါတယ်။
လူတွေမှာ
ပင်ကိုယ်မွေးရာပါ စရိုက်လက္ခဏာတွေ ရှိကြမှာပါ။ ဗီဇ လို့လည်း ပြောနိုင်ပါမယ်။ အဲဒီအထဲမှာ
ဆိုးတဲ့ကိစ္စတွေလည်း ပါဝင်မှာ မလွဲမသွေပါပဲ။ မကောင်းတဲ့သဘာဝ အားနည်းတဲ့သဘာဝတွေကို အဆိုးကြီးဖြစ်မသွားအောင်
အတတ်နိုင်ဆုံး ပြုပြင်ထိန်းကျောင်းဖို့ လက်ဦးဆရာတွေဟာ ကြိုးစားခဲ့ကြမှာလည်း မလွဲဧကန်ပါပဲ။
သာဓကအားဖြင့် လူကြောက်တတ်တဲ့ ကျွန်မကို လူတောတိုးစေဖို့၊ ပညာမှာ အထူးတလည် မထူးချွန်တဲ့ မောင်လေးကို ရိုးသားကြိုးစားပြီး
လိုရာပန်းတိုင်ကို မှန်မှန်ရောက်သွားစေနိုင်ဖို့၊ ဆယ်ကျော်သက်ဘဝက အပေါင်းအသင်းမက်ပြီး
ကျောင်းစာ စိတ်မဝင်စားခဲ့တဲ့ ကိုကို့ကို ဘဝရှေ့ရေးအတွက် ပညာရေးအဆင့်တစ်ခုကို မဖြစ်မနေ
ရရှိစေဖို့၊ ပိန်ပါးအားဖျော့တဲ့ ညီမလေးကို ကျန်းမာရေး လူမှုရေး မထိခိုက်စေဘဲ စွမ်းဆောင်ရည်
မြင့်နိုင်သမျှ ကြိုးစားပြီး မျှမျှတတ ကျေနပ်မှုရစေဖို့ လိုတိုးပိုလျှော့နဲ့ ကလေးတစ်ဦးချင်းရဲ့
အားသာအားနည်းချက်တွေအတိုင်း ပျိုးထောင်ပေးခဲ့တဲ့ နေရာမှာ မေမေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက
ပါဝင်ပါတယ်။
တကယ်တော့
မိဘနှစ်ပါးစလုံးဟာ သားသမီးတွေ ဖွံ့ဖြိုးတိုးတက်စေဖို့ အရေးအကြီးဆုံး ကဏ္ဍ အသီးသီးက ပါဝင်ခဲ့ကြပါတယ်။
ဒီအသက်အရွယ်တိုင်အောင် မကျိုးမပဲ့ မသေမပျောက် လူရာဝင် လူတန်းစေ့ ကြီးပြင်းခဲ့တာဟာ မိဘတွေရဲ့
သာမန်ထက်ပိုတဲ့ အားထုတ်မှုတွေ စေတနာတွေကြောင့်ဆိုတာ အထူးဆိုဖွယ်ရာမရှိပါဘူး။ မေမေနဲ့
ထပ်တူညီမဟုတ်ပေမဲ့ တမျိုးတဖုံ မဖြစ်မနေ အရေးကြီးတဲ့ ဖေဖေ့ရဲ့ အခန်းကဏ္ဍကိုလည်း စာတစ်ပုဒ်
သပ်သပ် ရေးသားမှတ်တမ်းတင်ရဦးမှာပါ။
နောင်ဘဝဆိုတာ
ရှိခဲ့ရင် ဆုတောင်းတွေကလည်း ပြည့်တတ်ရင်တော့ ကျွန်မဟာ နောင်ဘဝတွေမှာလည်း ဒီမိဘနှစ်ပါးက
မွေးဖွားတဲ့ သားသမီးပဲ ဖြစ်ပါရစေလို့ တောင်းဆုပန်ခြွေနေဦးမှာ အသေအချာပါပဲ။
ပန်ဒိုရာ
၇.၇.၂၀၁၆
(၁.၈.၂၁၀၆ မေမေ့မွေးနေ့ အမှတ်တရ)