Saturday, January 16, 2010

Avatar (သို့မဟုတ်) ခရမ်းပြာတောအုပ်က သဘာဝနဲ့ ရစ်ပတ်နွယ်ငင်


ပုံ ဒီက

James Cameron ရဲ့ Avatar ကို လူပြောများနေတာကြာပါပြီ။ ကြည့်ရင်ကောင်းမလား စဉ်းစားနေတုန်း မိတ်ဆွေတစ်ယောက်က တိုက်တွန်းလာတာနဲ့ 3D version ကိုသွားကြည့်ဖြစ်ခဲ့ပါတယ်။

James Cameron ဟာ ဒီဇာတ်လမ်းကို စိတ်ကူးခဲ့တာ ကြာပေမယ့် ဇာတ်လမ်းနဲ့ လိုက်မီဖို့ နည်းပညာ တိုးတက်မှုအတွက် အချိန်ယူ စောင့်ခဲ့ရတယ် လို့ဆိုပါတယ်။ ဒီဇာတ်ကား အကြောင်းကို ဘလော့ဂ်ထဲမှာ တခြားသူတွေလည်း အတော်များများ ပြောကြပြီးဖြစ်ပါတယ်။ မှတ်မိသလောက် တောကျောင်းဆရာက နောက်ခံအကြောင်းအရာတွေကို အဓိကထားပြီး
ဒီနေရာမှာ ပြောခဲ့ပြီး ညီလင်းဆက်ကလည်း ဇာတ်လမ်းအကျဉ်းကို ဒီမှာ ဖော်ပြခဲ့ပါတယ်။ ဒါတွေကို တော့ အသေးစိတ် ပြန်မပြောတော့ပါဘူး။ အဲဒီမှာပဲ အရင် သွားဖတ်ကြပါ။ ကိုယ်ကတော့ တွေးတောမိတဲ့ အပိုင်းတွေကို အဓိက ပြောချင်ပါတယ်။

ဇာတ်လမ်းစစချင်းပဲ ပါးစပ်အဟောင်းသား ဖြစ်စေတဲ့ (3D ကိုပထမဆုံး ကြည့်ဖူးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်) ရိုက်ကူးချက်တွေကို စတွေ့ရတယ်။ ဇာတ်လိုက်မင်းသား Jack က Na’vi မျိုးနွယ်ရဲ့ ကိုယ်ခန္ဓာထဲကို သူ့စိတ်ဝိညာဉ်ကူးပြောင်းဖို့ စက်ထဲဝင်တဲ့အချိန်မှာ ပထမဆုံး သွားသတိရမိတာကတော့ Matrix ရုပ်ရှင်ပါ။ (Avatar မှာတော့ သိပ္ပံနည်းအရ လုပ်တဲ့ DNA ဘာညာတွေ ရှင်းပြထားပါသေးတယ်။) Matrix ထဲမှာက ဒီဘက်ကစိတ်နဲ့ ဆက်သွယ်ဝင်ရောက်သွားပြီး အခြားတဖက်က ပြန်ထွက်လာတဲ့ သဏ္ဍာန်ဟာ virtual world ထဲမှာပါ။ အခု Avatar မှာကတော့ အခြား သက်ရှိ ကိုယ်ခန္ဓာ တစ်ခုမှာဖြစ်တယ်။

Matrix ဇာတ်ကားက ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ ဒိုင်ယာလော့ခ်တွေ ပါတယ်လို့ နာမည်ကြီးခဲ့ပါတယ်။ အခုဇာတ်ကားမှာလည်း ဗုဒ္ဓဘာသာရဲ့ သဘောတရား တွေကို ဖြတ်ခနဲ ဖြတ်ခနဲ ခံစားနေရတယ်။ ထင်ရှားတာ တစ်ခုက ဇာတ်လမ်းထဲမှာ Na’vi ကိုယ်ခန္ဓာနဲ့ Na’vi မျိုးနွယ်အုပ်စုထဲကို ရောက်သွားတဲ့ မင်းသား Jake ကို ဘာလာလုပ်သလဲ လို့ မေးပါတယ်။ သူက ဒီမျိုးနွယ်တွေဆီက သင်ယူချင်လို့ လာတာပါဆိုတော့ Na’vi အုပ်စုအကြီးအကဲရဲ့ အမျိုးသမီးက “ပြည့်နှက်နေပြီးသား ခွက်တစ်လုံးထဲ ထပ်ဖြည့်ရတာခက်တယ်” လို့ ပြောတယ်။ ဒီတော့ မင်းသားက “ငါ့ခွက်က အလွတ်တစ်လုံးပါ ” လို့ပြန်ပြောတယ်။

သတိရသွားတာက ဒလိုင်းလားမား လူဝင်စားကို လိုက်ရှာတဲ့ ဇာတ်လမ်းဖြစ်တဲ့ Little Buddha ရုပ်ရှင်က ဇာတ်ဝင်ခန်းတစ်ခုပါ။ တိဘက်ဘုန်းကြီးက ရေနွေးခွက်ထဲကို ရေနွေးတွေ လောင်းချတယ်။ ပြည့်နေလည်း ဆက်လောင်းတော့ ဖိတ်လျှံမှောက်ကျကုန်တယ်။ အဲဒါကို ပြပြီး ပြည့်နေရင် ဘာမှထပ်ဖြည့်လို့မရတာကို ဥပမာ ပေးတယ်။ မကြာသေးခင်ကမှ ကြည့်ခဲ့တဲ့ 2012 ရုပ်ရှင်မှာလည်း အဲဒီလို အခန်းတစ်ခန်း ပါပါတယ်။ ဟိမ၀န္တာတောင်တန်းက တရုတ်ဆရာတော်ကြီးနဲ့ ဦးဇင်းငယ် တို့ ပြောဆိုကြတဲ့ အခန်းမှာ ဒါမျိုးကိုပဲ ဥပမာ ပေးထားခဲ့တယ်။ အရှေ့ရဲ့ ဇင်ဗုဒ္ဓဘာသာ ဆန်ဆန် သဘောတရားတွေကို ထည့်ချင်ရင် အဲဒီ ပြည့်နေတဲ့ရေခွက် ဥပမာကို အနောက်နိုင်ငံသား ဒါရိုက်တာတွေ အကြိုက်တွေ့ကြတယ် ထင်ပါတယ်။

ဒီဇာတ်ကားထဲက ပန်ဒိုရာလို့အမည်ရတဲ့ ဂြိုဟ်ရံလ တလုံးပေါ်မှာ ကျက်စားနေထိုင်ကြတဲ့ Na’vi မျိုးနွယ်တွေဟာ လူနဲ့တူတယ်။ ကိုယ်ခန္ဓာမြင့်မား သန်စွမ်းတယ်။ ပြာလဲ့လဲ့အဆင်း ရှိတယ်။ အမြီးပါတယ်။ မျက်နှာက ကြောင်လိုလို ခြင်္သေ့လိုလို တောတိရစ္ဆာန်ဆန်တယ်။ သဘာဝနဲ့ လိုက်လျောညီထွေ နေထိုင်တယ်။ သူတို့ရဲ့ ကိုးကွယ်ယုံကြည်ပုံက စိတ်ဝင်စားစရာပါ။ သူတို့မှာ Eywa နတ်ဘုရားဆိုတဲ့ ကိုးကွယ်မှု တစ်ခုကို တွေ့ရပေမယ့်လည်း အယူသည်းသည်းနဲ့ တစုံတရာကို ကြောက်လန့် ကိုးကွယ်တာမျိုး မဟုတ်ဘဲ အဲဒီထက် အဆင့်မြင့်သာလွန်တဲ့ ယုတ္တိဗေဒနဲ့ အယူအဆတွေကို ပြောပြထားတယ်။

Na’vi တွေဟာ တစ်ယောက်နဲ့တစ်ယောက် တွေ့ကြရင် I see you လို့ နှုတ်ဆက်လေ့ ရှိပါတယ်။ အဲဒီစကား ဟာ “မင်းရဲ့နှလုံးသားနဲ့ ငါ့နှလုံးသား၊ မင်းရဲ့စိတ်နဲ့ ငါ့ရဲ့စိတ်၊ ပြီးတော့ ဘုရားရဲ့ နှလုံးသားနဲ့စိတ် အားလုံးဟာ တသားထဲ ရှိတာကို ငါခံစားနားလည်ပါတယ်” ဆိုတဲ့ အဓိပ္ပါယ်မျိုးအထိ ကျယ်ဝန်းစေတယ်။ ဒါကို နေရာအတော်များများမှာ ထင်ဟပ်ပြထားခဲ့တယ်။ မင်းသား Jack နဲ့ မျိုးနွယ်စုအကြီးအကဲရဲ့ သမီး Neytiri စတွေ့တွေ့ချင်းမှာ မင်းသမီးက ပြောတယ်။ မင်းဟာ ကလေးလေးလိုပဲ ဘာမှမသိဘူး တဲ့။ ဒါဆို ငါ့ကို သင်ပေးပါ လို့Jack က ဆိုတယ်။ Neytiri က ပြောတယ်။ မင်းတို့ sky people (သူတို့ဆီကို လူသားတွေလာရင် ယာဉ်တွေနဲ့ ပျံလာလေ့ရှိလို့ sky people လို့ခေါ်တာ ထင်ပါတယ်) တွေက ဘယ်တော့မှ သင်ယူမှာမဟုတ်ဘူး “Sky People cannot learn, you do not see.” လို့ပြောတယ်။ Jack က “Then teach me how to see.” ဆိုတော့ “No one can teach you to see.” လို့ ပြောတယ်။ ဒီရုပ်ရှင်ထဲက “See” ဆိုတဲ့ စကားရဲ့ အတိမ်အနက်ကို တွေးတောဖို့ပါ။

နောက်တော့ Jack ကို Neytiri က Na’vi တွေရဲ့ ဘာသာစကားနဲ့ နေထိုင်ပုံကို လေ့ကျင့်သင်ကြားပေးရပါတယ်။ သူတို့ဟာ သစ်ပင်တောတောင်တွေကို ဖြတ်သန်း သွားလာကြတယ်။ Jack ကို အမြင့်ကြီးကနေ မြေပေါ်ခုန်ချခိုင်း တဲ့အခါ Jack က ကြောက်နေခဲ့တယ်။ “မင်းကိုယ်ခန္ဓာကို ယုံကြည်လိုက်ပါ” လို့ မင်းသမီးက ပြောပါတယ်။ Trust ဆိုတာရဲ့ အရေးပါမှုဟာ စိတ်ဝင်စားစရာ။

Na’vi တွေမှာ ခေါင်းနောက်ပိုင်း ကနေ သွယ်တန်းကျလာတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း တခုဖြစ်တဲ့ ကျစ်ဆံမြီးဆန်ဆန် ကြိုးတစ်ချောင်းရှိတယ်။ အဲဒီမှာ ထိုးထိုးထောင်ထောင် အာရုံကြော ဖြူဖြူလေးတွေ ရှိတယ်။ အဲဒီ အာရုံကြောတွေကို မြင်း (မြင်းလိုအကောင်)တို့ နဂါးပျံ (ဒိုင်နိုဆောလိုလို နဂါးလိုလို ပျံနိုင်တဲ့ သတ္တ၀ါ) တို့ စီးတဲ့အခါ အဲဒီသတ္တ၀ါတွေမှာ ရှိတဲ့ အာရုံကြောနဲ့ ဆက်သွယ်ရတယ်။ ပလပ်ပေါက် ထိုးသလိုပါပဲ။ အဲဒီအခါ သတ္တ၀ါနဲ့ ကိုယ့်ရဲ့စိတ်ဟာ တသားတည်း ဖြစ်သွားတယ်။ ကိုယ်ကောင်းရင်ကောင်းသလို ကိုယ်ဆိုးရင် ဆိုးသလို ကြောက်နေရင်လည်း ကြောက်နေသလို ကိုယ့်ထိန်းချုပ်မှုအတိုင်းပါပဲ။ စိတ်ကိုထိန်းချုပ် ကိုယ်တွယ်တတ်ခြင်း စိတ်ထားတတ်ခြင်းဟာ အခြားသက်ရှိသက်မဲ့တွေနဲ့ Na’vi တွေနဲ့ ဆက်သွယ်မှုရဲ့ အဓိကသော့ချက်ပဲ။ ကိုယ်ဟာ ကိုယ့်စိတ်သာဖြစ်တယ် လို့ဆိုလိုဟန်ရှိတယ်။

ဝိညာဉ်နဲ့ ပရလောက ဆန်ဆန် အကြောင်းအရာတွေကိုလည်း တွေ့ရတယ်။ Na’vi တွေရဲ့ အာရုံကြိုးဟာ သစ်ပင်ပေါ်က တွဲလွဲကျနေတဲ့ နွယ်ကြိုးတွေရဲ့ အာရုံကြိုးနဲ့ ဆက်သွယ်လိုက်တဲ့အခါ သေလွန်သွားတဲ့ ဘိုးဘွားတွေကို ကြားရတယ် ခံစားရတယ်။ လူခန္ဓာကိုယ်ထဲက ၀ိညာဉ်ကို စက်တွေအကူအညီမပါပဲ Na’vi တွေရဲ့ စိတ်အာရုံကြိုးတွေ ဆက်စပ်ကာ Eywa နတ်ဘုရားကို တိုင်တည်ပြီး Na’vi ခန္ဓာကိုယ်ထဲကို ဖလှယ်ခေါ်ယူတဲ့ အခန်းကိုလည်း တွေ့ရပါတယ်။

သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်လို့ ရေမြေတောတောင်တွေ၊ သဘာဝဖြစ်စဉ်တွေ၊ အရာဝတ္ထု သက်ရှိ သက်မဲ့ အချင်းချင်း ဆက်စပ်ပတ်သက် မှီတည်နေတဲ့ ဂေဟစနစ်၊ ဒါတွေကို ဒီရုပ်ရှင်က ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားစေတယ်။ ဒီဇာတ်လမ်းအရ လူသားတွေက သဘာဝရဲ့ လက်ဆောင်တွေကို ရုပ်ပိုင်းဆိုင်ရာ ချမ်းသာမှုအတွက် အသုံးချ (exploit) ဖို့ပဲ ကြိုးစားနေကြတယ်။ သတ္ထုတူးဖော် ရောင်းစားဖို့ ပန်ဒိုရာလပေါ်က သစ်ပင်ကြီးကို လာဖြိုတာကို ပြထားတယ်။ ပန်ဒိုရာ လ မှာနေထိုင်တဲ့ မျိုးနွယ်တွေကတော့ သဘာဝရဲ့ တန်ဖိုးကို နားလည်ပြီး သဘာဝနဲ့ အပြန်အလှန်မှီတည် နေထိုင်ကြတဲ့သဘော ကို ထင်ဟပ်ထားတယ် လို့ တွေ့မိပါတယ်။ ဇာတ်လမ်းထဲက သိပ္ပံပညာရှင် အမျိုးသမီးကလည်း ဒါဟာ ကွန်ယက်လို ဆက်နွယ်နေတဲ့ သဘောတစ်ခု network ပဲလို့ ရှင်းပြထားတာ တွေ့ရပါတယ်။

တောထဲမှာ ညဘက် တိရစ္ဆာန်ရိုင်းတွေ ၀ိုင်းကိုက်လို့ ဒုက္ခရောက်နေတဲ့ Jake ကို ကယ်တင်ခဲ့စဉ်က မင်းသမီးက တိရစ္ဆာန်ရိုင်းတွေကို တိုက်ခိုက်သတ်ဖြတ်ရတဲ့အခါ ဒီအကောင်တွေ သေဖို့မလိုအပ်ဘူး မင်းအမှားပဲ (မင်းအနေအထိုင်မတတ်လို့) ဆိုပြီး Jake ကို အပြစ်တင်ပါတယ်။ သဘာဝထဲက အရာတွေကို တိုက်ခိုက်ရန်မူခြင်း ဖျက်ဆီးခြင်းက Na’vi တွေရဲ့ အသက်ရှင်နေထိုင်ပုံမှာ အရေးပါတဲ့ နေရာမှာ မရှိပုံပါ။ သို့သော်လည်း ဇာတ်သိမ်းပိုင်းမှာတော့ ပန်ဒိုရာလကို တိုက်ခိုက်ဖျက်ဆီးလာတဲ့ လူတွေကို လပေါ်မှာ ရှိတဲ့ သတ္တ၀ါအားလုံးက ထွက်လာပြီး ပြန်တိုက်ခိုက်ကြပုံကို ပြထားတယ်။ ဒါဟာ ကိုယ့်စိတ် ကိုယ့်လုပ်ရပ်ဟာ ကိုယ့်ကံဖြစ်တယ်။ ကောင်းရင် ကောင်းသလို မကောင်းရင်မကောင်းသလို ခံရမယ် ဆိုတဲ့ အကျိုးနဲ့အကြောင်း သဘောတရားကို ဆိုလိုလိုက်တာလား။ Na’vi တွေ ဆုတောင်းကြတဲ့ Eywa နတ်ဘုရားရဲ့ ကယ်တင်မှုလား။ နတ်ဘုရားနဲ့ တသားတည်း ဖြစ်နေတဲ့ သဘာဝရဲ့ အလိုအလျောက် တုန့်ပြန်မှုလား။

ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ငြင်းခုံနေကြတဲ့
Pantheism နဲ့ Panentheism ဆိုတဲ့ ဝေါဟာရ နှစ်ခု အကြောင်းကိုလည်း နည်းနည်း ပြောချင်ပါတယ်။ Na’vi တွေရဲ့ ကိုးကွယ်မှုဟာ Pantheism ဆိုတဲ့ “အရာရာဟာ ဘုရားဖြစ်တယ်” လို့အယူအဆ နဲ့တချို့အပိုင်းတွေမှာ ဆင်ပါတယ်။ ဒီသဘောတရားက ဘုရားဟာ သဘာဝထဲမှာရှိတယ်။ စကြ၀ဠာမှာ၊ ရေမြေတောတောင်တွေမှာ၊ သင့်ခန္ဓာကိုယ်ထဲမှာ ဆိုတာမျိုး။ Panentheism ကတော့ “အရာရာက ဘုရားရဲ့ အထဲမှာ ရှိနေတယ်” သဘာဝဖြစ်စဉ်တွေက ဘုရားရဲ့အောက်မှာ၊ ဘုရားက အားလုံးရဲ့ အထက်မှာ ဆိုတာမျိုး။ Eywa ဆိုတဲ့ သူတို့ရဲ့ ဘုရားကို Na’vi တွေ ဆုတောင်းဝတ်ပြုကြတဲ့ အခါမှာ ဒီ Panentheism သဘောမျိုးရှိတယ်။ ဒါပေမယ့်လည်း အဲလို ဆုတောင်းဝတ်ပြုတဲ့အခါ သူတို့ရဲ့ အာရုံကြိုးတွေအားလုံးကို ဆက်သွယ်ထားပုံက ဘုရားနဲ့ တသားတည်း ဖြစ်ဟန်တူလို့ Pantheism ပြန်ဆန်နေပြန်ပါရော။

ပြောစရာတွေ ကျန်ဦးပေမယ့် ဒီလောက်နဲ့ပဲ နိဂုံးချုပ်ပါမယ်။ ဒီဇာတ်ကားမှာ ကြောက်လန့်စရာ ရွံရှာစရာ အခန်းတွေ ပါတယ်လို့ မမြင်ပါ။ ရှည်ရှည်လျားလျားတွေ ခုလို လျှောက်မတွေးချင်လည်း လူကြီးတွေရော ကလေးတွေအတွက်ပါ ဒီခေတ်အနေနဲ့ ထွန်းထွန်းပေါက်ပေါက် သာမန်ထက်ထူးခြားတဲ့ ဖျော်ဖြေမှုမျိုး ပေးစေတယ်လို့ ထင်မိပါတယ်။ အတွေးအခေါ်နဲ့ ပေးချင်တဲ့ message တွေကတော့ အသစ် ဖြစ်ချင်မှဖြစ်ပါမယ်။ အဲဒီ message ကို ယူဆောင်လာပုံက ဆန်းသစ်တာ ဖြစ်မယ်။ မေးကြည့်မိသလောက် လူအတော်များများဟာ ဒီရုပ်ရှင်ကို နှစ်ခါ သုံးခါ ပြန်ကြည့်ကြတာ တွေ့ရပါတယ်။ ကိုယ့်သဘောအရ ပြောရမယ် ဆိုရင်လည်း ဒီရုပ်ရှင်ဟာ ဖြစ်နိုင်ရင် အနည်းဆုံး နှစ်ခါ ပြန်ကြည့်သင့်တဲ့ ကားပါ။ ပထမ တစ်ခါက ဖျော်ဖြေမှုနဲ့ နည်းပညာဆန်းတွေကို စိတ်သွင်းပြီး ခံစားဖို့အတွက်၊ ဒုတိယတစ်ခါက ဇာတ်ကားက ပေးတဲ့ တွေးတောစရာတွေကို စောင့်ကြည့်ပြီး သယ်ယူလာနိုင်ဖို့အတွက်ပါ။

ဒါရိုက်တာက ပေးစရာရှိတာ ပေးဖို့ အကောင်းဆုံး ကြိုးစားပြီးတဲ့အခါ သူ့တာဝန် ကျေသွားပါပြီ။ ကြည့်သူတွေအတွက်တော့ ခံစားတွေးတောစရာတွေက တယောက်နဲ့တယောက် တူချင်မှလည်း တူပါလိမ့်မယ်။ တူစရာလည်း လိုမယ်မထင်ပါ။ လူတွေဟာ ကိုယ်ရှာတာ ကိုယ်ရတယ် မဟုတ်လား။ Thanks, James Cameron. I hope “I see you”.


ပန်ဒိုရာ

(Wall-E တုန်းက တိုက်တွန်းခဲ့သလို အခုလည်း ကြည့်ဖြစ်အောင် တိုက်တွန်းခဲ့တဲ့ မိတ်ဆွေကို အထူးကျေးဇူးတင်ပါတယ်။)





Expand..

Tuesday, January 12, 2010

ရေးဖြစ်ခဲ့တဲ့ သရုပ်ဖော်ပုံ အချို့

ပုံဆွဲရတာ ပျော်တဲ့အတွက် ဆွဲချင်စိတ် ပေါ်လာတဲ့အခါ ဆွဲတတ်သလို ဆွဲပါတယ်။ ပန်းချီဆရာ တယောက်ဖြစ်လာဖို့ ရည်ရွယ်ချက် မရှိပါ။ စနစ်တကျလည်း မသင်ယူဖြစ်သေးပါ။ အင်တာနက်ထဲက ပုံအများစုကို MS paint နဲ့ Photoshop7 သုံးပြီး ရေးခြစ်ပါတယ်။ အခုဝယ်ထားတဲ့ Bamboo Pen & Touch နဲ့တော့ ပုံတွေ သေသေချာချာ ဆွဲမကြည့်ရသေးပါဘူး။ mouse ဒါမှမဟုတ် laptop က touchpad ကိုပဲသုံးနေသေးတယ်။

သူများတွေအတွက် ရေးဖြစ်ခဲ့တဲ့ သရုပ်ဖော်ပုံတချို့ကို ကိုယ့်ဘလော့ဂ်ပေါ်မှာ ပြန်စုစည်းကြည့်တာပါ။


ပြိုင်တူလင်းတဲ့ကောင်းကင် အီလက်ထရွန်းနစ်ကဗျာစာအုပ်မှာ ကိုအောင်သာငယ်ရဲ့ တမ်းတခြင်းနွေဦး ကဗျာအတွက် ရေးဖြစ်ခဲ့တဲ့ပုံ



နှင်းခါးမိုး (ကိုဝေလင်း) ရဲ့ မေ၏အပြုံး



နှင်းခါးမိုး ရဲ့ ပန်းစိုက်တဲ့ မိုးရေစက်



နှင်းခါးမိုး ရဲ့ သစ်ခွစိုက်မယ့်သူ


သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့အထဲက


မိုးလှိုင်ညရဲ့ စာမျက်နှာတွေဆုတ်ဖြဲထားတဲ့ သမိုင်းဖတ်စာ



သိုးထိန်းရဲ့ဘယ်လိုမှရပ်စဲလို့ မရတဲ့ကိစ္စ



ခေလွန်းရဲ့ အမှောင်ထဲကကောင်


မိခင်များနေ့အတွက် ကောင်းကင်များ၏ အထ္ထုပ္ပတ္တိ ၂၀၁၀ ကဗျာစာအုပ်မှာ



စိုင်းလောင်ဝိန်းရဲ့ အမေအတွက် ကဗျာ ၃



ရွှေပြည်သူရဲ့ ကတိ



အိန္ဒြာ ရဲ့ အမေကတော့ကျမကို လက်ဆောင်အဖြစ်ပေးလိုက်ပြီ


ကောင်းကောင်း မကောင်းကောင်း ကြည့်သွားကြပေါ့နော်။ :) စာရေးဖို့တော့ လောလောဆယ် တိုင်ပတ်နေလို့ မရေးနိုင်သေးဘူး။

ပန်ဒိုရာ

Expand..

Thursday, January 7, 2010

ကောင်းကင်များ၏ အတ္ထုပ္ပတ္တိ ၂၀၁၀

"ကောင်းကင်များ၏ အတ္ထုပ္ပတ္တိ ၂၀၁၀" လို့အမည်ရတဲ့ မိခင်မေတ္တာဘွဲ့ ကဗျာစု အီလက်ထရွန်းနစ်စာအုပ် ထွက်ပါပြီ။

ကိုရင်ညိန်း စီစဉ်ပါတယ်။ စာရေးဆရာ ဆရာမတွေနဲ့ ဘလော့ဂ်ထဲကစာရေးသူတွေရဲ့ ကဗျာတွေကို စုဆောင်းထားတာဖြစ်ပါတယ်။ ပန်ဒိုရာရေးတဲ့ "အဆုံးအစမဲ့သော" ဆိုတဲ့ ကဗျာအသစ်တစ်ပုဒ်လည်း ပါဝင်ပါတယ်။ သရုပ်ဖော်ပုံလည်း နည်းနည်း ကူဆွဲပေးဖြစ်ပါတယ်။

ကောင်းကင်များ၏ အတ္ထုပ္ပတ္တိ ၂၀၁၀



အဆုံးအစမဲ့သော



အို…. အေးစက်တိတ်ဆိတ်မှုမှာ ချောင်းမြောင်းပျော်ဝင်နေတာ မျက်လုံးစိမ်းဖန့်ဖန့်တွေပဲ
သိန်းစွန်ခြေသည်းများအသည်းတယားယား ဆောက်တည်ရာမဲ့ ကြက်သားပေါက်ငယ်လို
လေဟာနယ်ထဲအာခေါင်ခြောက်ကပ်တစစ်စစ်ဝေဒနာကြောင်ပါးကြီးတွေရဲ့မြီးတံတိုတွေနဲ့
စုန်ဆင်းသွားတဲ့ မြစ်ရေယဉ်က ပါးပြင်ကိုပွတ်တိုက်လာမယ့် နူးညံ့လေပြည် ဘယ်မှာလဲ
ရွှေဗျိုင်းငယ်ငယ် တောင်ပံခတ်မယ့် အေးအေးအိုအို တေးသံချိုချို ဘယ်မှာလဲ
ဆူးခက်ကြမ်းတမ်း သွေးစိမ်းဖြန်းဖြန်း ယိုင်လဲပြိုအိ ခလုတ်တွယ်ငြိစဉ်
ဟင်…. ညိုးရော်ခြောက်သွေ့ရာမှ ပြုံးမွေ့နိုးထလာသော နွေနေလယ်မြက်ပင်ရိုင်း
ခပ်လှမ်းလှမ်းက သင်းသင်းသာသာ လွင့်ပါးပျောင်းနွဲ့ ငြင်းသွဲ့သဏ္ဍာန် ၀ိုးတ၀ါးအသံ
အလို …. ထစ်ချုန်းပြိုးပြက် တခဲနက်နက် လျှပ်ရောင်ဝင်းလက်သွား ၀င်းလက်သွား
အသွေးအသားစိမ့်ဝင်ပေါက်ဖွားသွန်းချဖြန့်ဝေအဖြူရောင်မေတ္တာစက်တွေမတ္တာစက်တွေ
ဟော… အားပါးတရ သောက်မျိုချိုထွေး အနွေးဓာတ်ငတ်မပြေ ငတ်မပြေ…
ဖ၀ါးလက်နှစ်လုံးနဲ့ အားယူထစ်ထစ် ကုတ်ခြစ်တွယ်တက်မိတာ မြင့်မိုရ်တောင်စွန်းမှာ…။


ပန်ဒိုရာ

မနှစ်ကလည်း ထုတ်ဝေခဲ့ပါတယ်။ မနှစ်ကစာအုပ်ကိုတော့ ဒီနေရာမှာ ပြန်ဖတ်လို့ရပါတယ်။

Expand..

Sunday, January 3, 2010

အလကား

အလကားရတဲ့ နေရာမှာ
အလကား ဖော်ပြထားသော
အလကားအရာများ
အလကားတွေက လက်ကြီးကားပြီး လမ်း မသလားနိုင်
အလကားတွေက ပြေးလမ်းမပေါ်မှာ နေရာယူအသင့် မဖြစ်ရှာဘူး
အလကားရှိရာ ဇောချွေးတွေတော့ လိုက်လို့မရွာပါ
အလကားက မနက်မနက်ဆို အိပ်ရာထနောက်ကျ လေကလေးချွန်လို့
အလကားက အလကားပေးရုံ
အလကားက ဖရီးပေါ့ (ပိုက်ဆံမပေးရဘူး)
ယူသွားကြပါကွယ် အလကားတွေ ဖရီး
ကုန်တိုက်ကြီးတွေက အရောင်းမြှင့် ကြော်ငြာသလို
buy 1, get 1 free
(မဟုတ်သေးဘူး)
get 1 free, get 1 more free, get all free (come on!)
ကိုယ့်အမေ့အိမ်မှာ ညစာ အလကား သွားစားရသလို ဖရီး
မီးမရှိတဲ့ရွာမှာ လရောင်က တလမ်းလုံးကို အလကား လင်းပေးလိုက်သလို ဖရီး
မြစ်တွေက ရေကို ပင်လယ်ဆီ အလကား သယ်ဆောင်သွားကြသလို ဖရီး
အိပ်ပျော်သွားရင် အလကား ပေါ်ပေါ်လာတဲ့ အိပ်မက်ရောင်စုံတွေလို ဖရီး
အဲဒီမှာ တယောက်ယောက်က အလန့်တကြား ရုန်းကန် အော်ပြေးလာတယ်
ဖရီး ဖရီး ဖရီး ဖရီး ဖရီး ဖရီး ဖရီး ဖရီး ... တဲ့
ဒါကို နောက်တယောက်က ဒမ်း… လို့ (ဘိုဆန်ဆန်) မူးတူးငိုက်ဝေ ဆဲရေးလိုက်သလိုပ
ဖရီးဒမ်း ကို အလကား လို့ ဘယ်သူဘာသာပြန်လိုက်သလဲ။

ပန်ဒိုရာ


(လွတ်လပ်ရေးနေ့ အကြို ဂုဏ်ပြုကဗျာလို့ မမှတ်လိုက်ကြပါနဲ့။ ဘာရယ်မဟုတ် ရေးလိုက်တာပါ။ အလကား… အလကား… :P )

Expand..

Friday, January 1, 2010

Happy New Year 2010!!!

Expand..

Wednesday, December 30, 2009

တစ်နှစ်တာ မကြိုက်များ၊ ဘလော့ဂ် အညွှန်းများ

နှစ်ကုန်တော့မယ်။ ဘာတွေ ဖြတ်သန်းခဲ့သလဲ ဆိုတာ ပြန်ခြေရာခံ ကြည့်မိပါတယ်။

အပြင်လောကမှာ ရသင့်တာတချို့ ရခဲ့တာတွေ ရှိပါတယ်။ ဒီအချိန် ဒီလိုဖြစ်ရမယ် စသည်ဖြင့် ကြံစည်ခဲ့ပြီးမှ တကယ်ကြီး ဖြစ်လာပြီးတဲ့အခါ ဘာဆက်လုပ်ရမလဲလို့ ဟာတာတာကြီး ခံစားရတယ်။ အသစ် ဆက်ကြံစည်ရရင်လည်း ဆုံးမှာ မဟုတ်။ ဆရာကေဇော် (မောင်သိန်းဇော်)ရဲ့ “ပန်းတိုင်” ဆိုတဲ့ ကဗျာလေးကို မကြာခဏ သတိရပါတယ်။
“မရောက်သေးရင်ရောက်အောင်သွား
ရောက်ရင်တထောက်နား
ပြီးရင်ရှေ့ဆက်သွား
အဲဒီမှာ ဘာမှမရှိဘူး…။” တဲ့။

အင်တာနက် စာမျက်နှာပေါ်မှာ စာရေးသားခြင်းနဲ့ ပတ်သက်လို့တော့ ကိုယ့်ကိုယ်ကို မကြိုက်တာတွေ အတော်ရှိလာတယ်။ ဟန်လုပ်ပြောနေတာ မဟုတ်ပါဘူး။ ဟန်လုပ်လို့လည်း တပြားမှ မရပါဘူး။ အစက ကြိုက်သလိုလို နောက်တော့ မကြိုက်တာမျိုးတွေပါ။ လတ်တလော အထိပါပဲ။ စိတ်မရှည်တာတွေ ဆွဲဆန့်ဖို့လိုနိုင်တယ်။

ကိုယ်ဖတ်ချင်တဲ့ စာမျိုးတွေကို ရေးနိုင်အောင် ကြိုးစားတယ်လို့ တနေရာရာမှာ ပြောခဲ့ဖူးပါတယ်။ ကိုယ့်ဘာသာ ပြန်မဖတ်ချင်တဲ့ တချို့ပုံစံတွေကို လျှော့ချပြီး (ဒါမှမဟုတ် ရပ်စဲပြီး) ကိုယ် ဖတ်ချင်တဲ့စာမျိုးတွေကို ရေးနိုင်အောင် ဆက်ရေးဖို့ပဲ ရှိပါတယ်။ ကိုယ်ဖတ်ချင်တဲ့စာ ဆိုတာတွေက ဒီလောက်အဆင့်ပဲ မို့ ဒီလောက်ပဲဖြစ်လာတာ ဖြစ်နိုင်သလို ရေးနေရင်းပဲ ဖတ်ချင်တာတွေက ပြောင်းသွားတာလည်း ဖြစ်နိုင်ပါတယ်။ မျဉ်းနှစ်ကြောင်း ဆုံပြီးတော့မှ တဖြည်းဖြည်း ဝေးသွားတာလည်း ဖြစ်နိုင်သလို ပြေးနေတဲ့ မြားတစင်းနောက်ကို နောက်ထပ် မြားတစင်းက လိုက်နေသလိုလည်း ဖြစ်နိုင်ပါတယ်။

ဒီနှစ်ထဲမှာ လူမှုဆက်ဆံရေး သိပ်ညံ့ပါတယ်။ တချို့ တကူးတကတွေကို ရှောင်ဖြစ်ပါတယ်။ တကူးတကတွေကို မကြိုက်တာနဲ့ တကူးတကမဖြစ်စေဖို့ တကူးတကများ လုပ်နေမိသလားလို့ စဉ်းစားမိပြန်တော့ မကြိုက်ပြန်ဘူး။ သူငယ်ချင်း တစ်ယောက်က ပြောသေးတယ်။ ကိုယ်က ပန်ဒိုရာကို တည်ဆောက်ခဲ့ပြီးမှ ကိုယ့်အလောင်းကို ကိုယ် သွေးအေးအေးနဲ့ ကြည့်နေသလိုပဲ ..တဲ့။ ဒီတော့မှ ပန်ဒိုရာ သေသွားပြီလား.. လန့်သွားပါတယ်။ ဖြစ်တော့ ဖြစ်နိုင်ပါတယ်။ သေခါစ ၀ိညာဉ်တွေဟာ ကိုယ်သေပြီဆိုတာ ကိုယ့်ဘာသာ တော်တော်နဲ့ သဘောမပေါက်ကြဘူး ဆိုပဲ။

ဒီနှစ်ထဲမှာ ဖတ်သင့်တဲ့ ဖတ်ချင်တဲ့ စာတွေ သိပ်မဖတ်ဖြစ်တာကိုလည်း မကြိုက်ပါဘူး။ ပြောရရင်တော့ အာရုံစိုက်မရတာတို့၊ စာတစ်အုပ်ဖတ်နေရင်း တခြားတမျိုးကို ဖတ်ချင်လာသလို ဂနာမငြိမ်တာတို့၊ စာအုပ်ကိုပိတ်ပြီး တွေးငေးနေမိတာတို့၊ ဖတ်တာကို ရပ်ပြီး ရေးဖို့အတွက် ကွန်ပြူတာကီးဘုတ် ကောက်ကိုင်မိတာတို့ ဆင်ခြေဆင်လက်တွေ များပါတယ်။ စည်းကမ်း နည်းနည်း လိုတယ် ထင်ပါတယ်။ အလုပ်တွေ အိမ်ကို သယ်ဖြစ်ပြီး ကိုယ်ပိုင်ကွက်လပ်တွေ ပိတ်ဆို့ကုန်ရတာကိုလည်း စီမံနိုင်သင့်ပါတယ်။ (ဒီလိုပဲ ပြောတာပါပဲ။)

အင်တာနက်ထဲမှာ တခြားသူတွေရေးတာကို အခါအားလျော်စွာ ဖတ်ဖြစ်ပါတယ်။ ပြည်တွင်းမဂ္ဂဇင်း စာစောင်တွေမှာ ရေးနေကြတဲ့ ပရော်ဖက်ရှင်နယ် ကဗျာဆရာ စာရေးဆရာတချို့ အင်တာနက်ထဲ ရောက်လာတာကို တွေ့ရတော့ ၀မ်းသာမိပါတယ်။

ကဗျာဆရာတည်ရ ရဲ့ ဘလော့ဂ်ပါ။ http://www.tyalife.com

ကဗျာဆရာ မြတ်ဝေရဲ့ ဘလော့ဂ်မှာ ဆရာအတော်များများရဲ့ လက်ရာစုံ စုဆောင်းထားတာတွေ တွေ့ရပါတယ်။ https://sites.google.com/site/poetmyatwai/

ကျုံတိုင်းရွာဆိုတဲ့ site မှာ ကဗျာဆရာ ငြိမ်းစိုးဦး ရဲ့ ကဗျာတွေ တွေ့နိုင်ပါတယ်။ http://mizzuri09clysna.multiply.com/

ကဗျာဆရာ အောင်ပိုင်စိုးရဲ့ ဘလော့ဂ် ပါ။ အခြားဆရာတွေရဲ့ ကဗျာတွေကိုလည်း စုဆောင်းထားပါတယ်။
http://aungpaingsoemyint.blogspot.com

ကဗျာဆရာ မြေမှုန်လွင်ရဲ့ လတ်လတ်ဆတ်ဆတ် အရေးအသားတွေဆီကိုလည်း အလည်ရောက်ဖြစ်ပါတယ်။
http://exitpoetry.blogspot.com/

ပို့စ်မော်ဒန် ကျွဲပြဲကြီးကိုတော့ “နေ့များ” ဆိုတဲ့ ဘလော့ဂ်မှာ ရဲရဲကြီး သွားစီးလို့ရတယ် ဆိုပါတယ်။ http://kokzkhine.blogspot.com/

ဒီနှစ်ထဲ အသစ်ပေါ်လာတဲ့ ဘလော့ဂ်တွေ ထဲမှာတော့ မနေနိုင်မထိုင်နိုင်ရေးနေတဲ့ ကိုချစ်ဖေရဲ့ ပို့စ်တွေကို စပ်စုဖြစ်ပါတယ်။
http://kochitphay64.blogspot.com/

ရေးချင်လို့ရေးနေတဲ့ ခိုင်စိုးလင်းကတော့ ဘလော့ဂ်ရေးနေတာ ကြာပါပြီ။ ဖတ်လိုက ဖတ်နိုင်ပါသတဲ့။ သူက အလည်အပတ်နည်းလို့ သူ့ဆီ မရောက်ဖြစ်ဘူးဆိုရင် သူ့ဝတ္ထုတွေ ရင်ထဲရောက်ကြောင်း ပြောပါရစေ။
http://khinesoelung.blogspot.com/

ဘလော့ဂ် အသစ်မဟုတ်ပေမယ့် အခုတလော ပို့စ်ဟောင်းတွေကို ပြန်ဖတ်ဖြစ်တဲ့ ဘလော့ဂ်တစ်ခုလည်း ရှိပါသေးတယ်။ အရေးအသား အတွေးအခေါ်တွေက အပြင်ထွက်မတ်တပ်ရပ်နေပါတယ်။ (outstanding ကို အရမ်းဘာသာပြန်လိုက်ခြင်း။) စာရေးသူနာမည်ကို မှန်မှန်ကန်ကန် အသံထွက်ဖို့ အပေါ်ရှေ့သွားနှစ်ချောင်းကို အောက်နှုတ်ခမ်းပေါ် ဖွဖွလေးကိုက်ရပါမယ်။ ဆက်သွယ်ရေး ဧရိယာ ပြင်ပမှာ ရောက်နေပုံ ပေါ်တယ်။ လာသွားတယ်နော်.. တို့၊ ဟိုလိုထင်တယ် ဒီလိုထင်တယ်.. တို့တော့ လုပ်လို့ မရဘူး။ လူကြီးမင်းနဲ့ပဲ တွေ့ပြီးရင် ပြန်လာခဲ့ပါ။ http://zthegardener.blogspot.com/

အထက်ဖော်ပြပါ link တွေကို ပန်ဒိုရာက ညွှန်းလိုက်မှပဲ သိသွားဖို့တော့ မဆိုလိုပါ။ သိရှိပြီးသား ဖြစ်နိုင်ပါတယ်။ ညွှန်းဆိုလိုက်လို့ အညွှန်းခံက ဘာမှဖြစ်မသွားပါဘူး။ ကိုယ်မှတ်သားမိတာကို မှတ်မိသလောက် ပြောပြလိုက်တဲ့ သဘောပါပဲ။ တခြား မေ့ကျန်ခဲ့တာတွေလည်း ရှိကောင်းရှိမယ်။ စိတ်မရှိပါနဲ့။ စိတ်လိုလက်ရ ရှိတဲ့အခါ ဒီလိုစုဆောင်းပြီး ထပ်ရေးကောင်းရေးဖြစ်မယ်။

နှစ်သစ်အကြိုမှာ ပျော်ရွှင်ကြပါစေ။

ပန်ဒိုရာ



Expand..

Saturday, December 26, 2009

တိမ်တွေကြားမှာ မှုန်းထားတဲ့ပန်းချီ



ပြာစင်နေသော မိုးသားနောက်ခံမှာ တိမ်ဖြူဖြူ နုနုလေးတွေက အုပ်ဖွဲ့ကာ တငြိမ့်ငြိမ့် တလှုပ်လှုပ်။ သူတို့ကို မှန်သားပြင်မှဖြတ်ကာ ငုံ့မိုးကြည့်ရင်း ကျေကျေနပ်နပ် ပြုံးမိသည်။ ချစ်စရာ ကောင်းလိုက်တာ။ ဂွမ်းစလေးတွေနဲ့ မတူဘူးလားဟင်။ ဒီနေ့မှ ရာသီဥတုကလည်း အထူးကို သာယာနေတော့တာ။ အင်းလေ..။ မိုးမှောင်တွေ ကင်းစင်လို့ ကြည်လင်တဲ့ အချိန်ကို ရောက်ခဲ့ပြီ ဆိုတော့လည်း….။

ကြည့်စမ်း။ လေထုထဲမှာ ပိုင်ပိုင်နိုင်နိုင် မြင်နေရတာ.. အဖြူ.. အပြာ….။ အဖြူဆိုတာ သန့်ရှင်းဖြူစင်မှု..။ အပြာဆိုတာ ငြိမ်းချမ်းခြင်း…။ အဲသည်လို လူတိုင်း နားလည်ပြီးသား သမားရိုးကျ အဓိပ္ပာယ်တွေကိုပဲ ပြန်လည်တွေ့ရှိဖို့ဆိုတာ တချို့တွေ အတွက်တော့ ဆယ်စုနှစ်ပေါင်း များစွာ ဖြတ်သန်းခဲ့ရသည်ပဲ။

ကိုယ်က ပြုံးလိုက်ပြန်သည်။ ကိုယ်က ပြုံးပြီးရင်း ပြုံးနေတော့သည်။ မြေပြင်က တဖြည်းဖြည်း နီးလာပြီ။ ရင်ထဲမှာ တလှပ်လှပ် တဒုတ်ဒုတ် ခုန်လာတဲ့ ခံစားမှုဟာ လေယာဉ်ကြီး နိမ့်ဆင်းလာတာကြောင့် သက်သက် ဟုတ်ပါရဲ့လား။ ဒီတခါ ပျံသန်းလာရသည့် ခရီးက ခါတိုင်းနှင့် မတူလေ။ ဒါက အိမ်အပြန်ခရီး။ အိမ်.. အိမ် ဆိုသည့်အရာကို အပြီးအပိုင် ပြန်လာခဲ့သည့် ခရီး။

ထွက်ခွာလာခဲ့ကြသည့် နေရာ၊ ရောက်လာကြသည့် အချိန် တွေက ကွဲပြားကြမည်။ ကိုယ့်ထက် စောသူတွေ ရှိမည်။ ကိုယ့်ထက် နောက်ကျသူတွေလည်း ရှိမည်။ ဘယ်လိုဖြစ်ဖြစ် ဒီနေ့အဖို့တော့ ကိုယ်တို့ အားလုံး ရောက်ကြတဲ့အခါ ဒီနေရာကနေ အားလုံးကို စုဆုံကြဖို့ပါပဲ။

“အားလုံးကို အမိမြေက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုပါ၏။”

ရွှေရောင်လက်နေသော ဆိုင်းဘုတ် တစ်ခုက နေခြည်အောက်မှာ ၀င်းနေသည်။ ဆိုင်းဘုတ်တွေ စာတန်းတွေ လမ်းဘေး ၀ဲယာမှာ ဟိုယခင်က တွေ့ခဲ့ ဖတ်ခဲ့ဖူးသည်။ အခု ဒီစာတန်းကတော့ အမှန်တကယ်ကို အဓိပ္ပါယ် အများကြီး ပြည့်ဝနေပြီလေ။

လေပြည်က ကိုယ့်ပါးပြင်ပေါ် ဖြတ်တိုက်လာသည်။ ဖုန်မှုန့်တွေ နည်းနည်းပါးပါး ပါကောင်းပါဦးမည်။ ဘယ်လိုဖြစ်ဖြစ်လေ။ အဲဒီ အမိမြေအစစ်က ဖြတ်တိုက်လာတဲ့ လေပြည်အေးဟာ အားလုံးဆီ တူညီစွာ ရောက်လာနိုင်ဖို့ ကိုယ်တို့ကြားမှာ ခြားထားခဲ့တဲ့ တံတိုင်းကြီးတွေ ပြိုပျက်ခဲ့ပြီတဲ့။

ကိုယ်တို့ တွေ့ကြရတော့မည်။ ၀မ်းသာကြမှာပါနော်။ .. နေသာမှ ပြန်လာမယ် မပြောပါနဲ့။ ခင်ဗျားတို့လာမှ နေသာရမှာပါ .. တဲ့။ အသံတစ်ခုကို ဖြတ်ခနဲ ကြားယောင်မိသည်။ နေသာမှ ပြန်လာတာ မဟုတ်ပါဘူးကွယ်။ တိမ်မိုက်တွေ ဖုံးနေတဲ့ နေလုံးကြီးကို တူးဖော်ဖို့အတွက် အချိန်တွေ ယူခဲ့ရပါတယ်။

“အရီးရေ အခုမှပဲ တစ်ယောက်နဲ့ တစ်ယောက် မြင်ဖူးတော့တယ်။”

ထုံးစံအတိုင်း ပွင့်ပွင့်လင်းလင်း အားပါးတရ လေသံဖြင့် အစ်မကြီးတစ်ယောက်က ပြောရင်း ပြေးဖက်လာမှာလား။

“ကျွန်တော် ယုံကြည်တယ်။ ကျွန်တော်တို့ အားလုံးမှာ တူညီတဲ့ နှလုံးသားတွေ ရှိတယ်။ အဲဒါကို မိုးပေါ်က လှိုင်းတွေကြားမှာ အနုပညာနဲ့ ၀တ်မှုန်ကူးခဲ့ကြတယ်”

ယူနီဖောင်းဝတ်ထားသည့် လူငယ်လေး တစ်ယောက်က ဒီလိုပြောလာလိမ့်မည်လား။

“ဖြစ်နိုင်ရင်ပေါ့လေ။ မသေခင်မှာ တွေ့ဖူးခဲ့ချင်သူတွေ များများစားစားတော့ မရှိပါဘူး။ အခုမှပဲ..”

တွေ့ချင်သူ တဦးဦးက ဒီ့ထက်ပိုပြီး စကားမဆက်နိုင်တော့ပဲ ဆို့နင့်နေမှာလား။

“လမ်းပေါ်မှာ လူအုပ်ကြီး ဖြတ်သွားတော့ ခဏ ဆိုပြီး အိမ်ပေါ်က ဆင်းလာလိုက်တာပါ။ အမေက ညနေ ထမင်းစား စောင့်နေမယ် မြန်မြန်ပြန်လာ လို့တောင် လှမ်းအော် လိုက်သေးတယ်။ ခဏဆိုပြီး ထွက်လာခဲ့တဲ့ ကျွန်တော် နောက်ဆုံးတော့ ပြန်ရောက်ခဲ့ပြီလေ..။ အမေကတော့…”

တယောက်ယောက်က ဒီလို ကြေကြေကွဲကွဲ ဇာတ်ကြောင်းပြန်နေမှာလား။

“ဟေ့.. ဘာတွေ စိတ်မကောင်း ဖြစ်နေကြသလဲ။ အခုတွေ့ကြပြီပဲ။ နေ့လည်ကျ မြို့ထဲမှာ ဒိန်ချဉ်သွားသောက်ကြရအောင်။ အဲဒီဆိုင် မထိုင်ရတာ အနှစ် ၂၀ကျော် ကြာပြီ။ ဟားဟား..”

တယောက်ယောက်က ဒီလို ပေါ့ပေါ့ပါးပါး ပြောလာလေမည်လား။

“အမယ်.. အပြင်မှာတော့ စကားပြောတာ ခင်ဗျား ကျနော် နဲ့ မပြောတော့ဘူးလား”

ဒီလို မေးလာလျှင်တော့ ကိုယ်က ရုပ်တည်နှင့် ပြုံးလို့သာ နေလိုက်ဦးမည်။

“ယူက တကယ်တွေ့တော့ ထင်တာထက် ပိုငယ်သားပဲ။ စာထဲမှာ အသက် ၅၀ ကျော် လေသံနဲ့ ရေးနေတာ။ ဟိဟိ..”

လူမှုရေးပါးနပ်ပြီး ပျော်တတ်သည့် သူငယ်ချင်း တစ်ဦးက ဒီလို စနောက်လာလျှင်တော့ ရှက်ချင်ယောင် ဆောင်လိုက်ဦးမည်။

“ကျွန်တော်တို့ မဂ္ဂဇင်း ထုတ်ကြမယ်နော်။ ဒီမှာ အားလုံး အဆင်သင့်ဖြစ်နေပြီ။ အစ်မတို့ အစ်ကိုတို့ ရောက်ဖို့ မျှော်နေတာ သိလား”

အလုပ်ကို ချက်ချင်းလုပ်ဖို့ စိုင်းပြင်းနေသော လူငယ်လေး တစ်စုလည်း ရှိကောင်းရှိမည်။ ဒီလို တက်တက်ကြွကြွ ပြောလာသူကိုတော့ အားလုံးက တွန်းထိုးဝိုင်းတိုက်ကာ ဟေ့ကောင် ဖြည်းဖြည်း လုပ်ပါကွ။ ခုမှ ခရီးရောက်မဆိုက်ကြီး ဟု အော်ချင် အော်ကြဦးမည်။

“အစ်မက တကယ်ပဲ နေနိုင်တယ်။ တစ်ကျွန်းထဲ နေတာများ တစ်ခါမှ အတွေ့မခံဘူး။ အခုမှပဲ သူများတွေနဲ့ အတူတူ ဆုံရတော့တယ်။”

ဒီလို စကားနာ ထိုးလာသူ တစ်ယောက်ယောက် ရှိလာလျှင်တော့ ကိုယ်က ချော့မော့ ရပါဦးမည်။

“ဟေး.. နေ့တိုင်း အစောကြီး အိပ်ရာထပြီး ရုံးကို တန်းပြေးစရာ မလိုတော့ဘူး။ မနက်ဖြန် မနက်စာကို မုန့်ဟင်းခါးစားရင်ကောင်းမလား။ ပဲပလာတာ စားရင်ကောင်းမလား။ ဒါမှမဟုတ် နန်းကြီးသုပ်..။ အုန်းနို့ခေါက်ဆွဲ…”

အစားပုပ်သူ တစ်ယောက်က ဒီလို ပြောလာလျှင်တော့ အားလုံးက ၀ိုင်းရယ်ကြမည် ထင်သည်။

ကြည့်စမ်းပါကွယ်။ နေမင်းကြီးကလည်း ပြုံးလို့။ ကောင်းကင်ကြီးက ကြည်လင်လို့။ ငှက်တွေ ကျီကျီကျာကျာ တေးဆိုလို့။ လေပြည်က သာသာတိုက်ခတ်လို့။ ကိုယ်တို့အားလုံး ရယ်မောလို့။ မျက်ရည်တွေ ကျခဲ့လျှင်တောင် ၀မ်းသာလို့ပဲ ဖြစ်တော့မည်လေ။ ဟိုးရှေ့မှာ ကြမ်းတမ်းနေဦးမည့် လမ်းပျပျကိုတော့ တွဲဆက်ထားတဲ့ လက်တွေနဲ့ ပြန်လည်တည်ဆောက် အတူလျှောက်ကြရဦးမည်ပေါ့။

အကြောက်တရားရဲ့ အားပြိုင်မှုတွေ ပြိုကွဲသွားတဲ့အခါ…..

အနိုင်ကျင့်မှုတွေ၊ မတရားမှုတွေ၊ မရိုးသားမှုတွေ၊ မသင်္ကာမှုတွေ၊ အမုန်းတွေ၊ အာဃာတတွေ အားလုံး ပါးလျသွားကြတဲ့ အခါ…..

ကွေကွင်းနေတဲ့ ချစ်သူတွေကြားက သောကတွေ၊ မိခင်တို့ရဲ့ မျက်ရည်ပေါက် ကြီးငယ်တွေ လွင့်စင်ခမ်းခြောက် သွားတဲ့အခါ…..

ရွေးချယ်စရာမရှိလို့ ဆွံ့အနေခဲ့ကြတဲ့ နှလုံးသားတွေ စကားပြောခွင့် ပွင့်လင်းသွားတဲ့အခါ…….။


ပန်ဒိုရာ

(မနှစ်က ဒီနေရာမှာ တင်ခဲ့တဲ့ စိတ်ကူးယဉ် အိပ်မက် တက်ဂ်ပို့စ် အဟောင်းလေးကို ပြန်တင်လိုက်တာပါ။ မင်္ဂလာရှိတဲ့ ၂၀၁၀ သာ ဖြစ်စေဖို့ နှစ်သစ်ဆုတောင်းမချွေခင် ကြိုတင် ကြည်နူးပျော်ရွှင်နိုင်ကြစေချင်လို့ပါ။)



Expand..

Friday, December 25, 2009

နှစ်ထောင့်တစ်ဆယ်က လာတော့မယ်


နှစ်ထောင့်တစ်ဆယ်က လာတော့မယ်

ဟိုမှာ နှစ်ထောင့်တစ်ဆယ်ကြီး လာနေပြီ
ဘာမှတ်နေသလဲ ဟဲ့.. တဲ့
ညညဆို ထထငိုတဲ့ ကလေးတွေဆို အသံတိတ် ချောက်ချား ပြားပြားဝပ်နေကြပုံ
အဖြစ်မရှိတော့လည်း ဂျလိဂျလိ တိုးတိုးတိတ်တိတ် အံတုံးတုံးကို ဖိကြိတ်နေကြပုံ
အုံးအွမ်အုံးအွမ် ညာသံပေး ရေမရှိတဲ့ချောင်းမှာ အသံကောင်းဟစ်နေကြပုံ
အညောင်းအညာဆန့်သန်းဝေရင်း မျက်တောင်စင်း တရေးနိုးသော် ပြန်အိပ်ပျော်သွားပုံ
ကာလာရောင်စုံသွင်း ဈေးဗန်းကြီးဖြန့်ခင်းထားတဲ့ နှစ်ထောင့်တစ်ဆယ်
ဝစ်လစ်စလစ်နဲ့ တခစ်ခစ် ဖျစ်ညှစ်ရယ်မောနေတဲ့ နှစ်ထောင့်တစ်ဆယ်
ကျည်အပြည့်ထိုးမောင်းတင်ပြီးလက်ညိုးလေးကွေးလိုက်တော့မယ့်နှစ်ထောင့်တစ်ဆယ်
နှစ်ထောင့်ဆယ့်နှစ်ရဲ့ဂုတ်ပိုးကို အခုကတည်းကအတင်းခွစီးထားတဲ့နှစ်ထောင့်တစ်ဆယ်
အို.. ဘာတဲ့တုန်း နှစ်ထောင့်တစ်ဆယ်
နင်လားဟဲ့ နှစ်ထောင့်တစ်ဆယ်
လာထားကွဲ့ နှစ်ထောင့်တစ်ဆယ်
နှစ်ထောင် နဲ့ရယ်တဲ့မှ တစ်ဆယ်
နှစ်သစ်ပေါင်းများစွာထဲက နှစ်သစ်ခပ်သေးသေးတစ်ခုပါကွယ်
အတ္တတွေမြေချခင်း ထုတ်ချင်းပေါက် ရင်ဘတ်တွေ ဖွင့်ထားလိုက်ကြမယ်။


ပန်ဒိုရာ

Expand..

Wednesday, December 23, 2009

စင်္ကာပူရဲ့ ဒီဇင်ဘာည ၂၀၀၉

စာမရေးအားလို့ ပုံလေးတွေပဲ တင်လိုက်ပါတယ်။ စာအသစ်တင်မလားလို့ လာရှာသူများ (ရှိခဲ့ရင်) တောင်းပန်ပါတယ်။ ခဏလေး စောင့်ပါဦးနော်။ :)
















Expand..

Saturday, December 19, 2009

ပန်ဒိုရာ စိတ်နောက်နေသည်။

ပို့စ်အသစ်မတင်ဖြစ်တာ တစ်လနီးပါး ဖြစ်သွားပြီမို့ တခုခု ရေးတင်လိုက်တာပါ။ စာရေးတယ် ဆိုတာ စိတ်လက်ကြည်လင်မှ ရေးနိုင်တာမဟုတ်လား။ စာမရေးနိုင်ဘူး ဆိုတော့ စိတ်မကြည်လင်သေးလို့ (တနည်းအားဖြင့်) စိတ်နောက်နေလို့ လို့ပြောလိုက်တာပါ။ မလန့်ပါနဲ့။

အွန်လိုင်း သိပ်မ၀င်ဖြစ်တဲ့ ကာလအတွင်း လုပ်ဖြစ်တာလေးတွေကတော့…

၂၀၁၂ ရုပ်ရှင်ကို ရုံတင်ပြီးစ ရက်ပိုင်းအတွင်းမှာပဲ သွားကြည့်ဖြစ်ခဲ့ပါတယ်။ အော်.. ကမ္ဘာက ပျက်ရင် ဒီလိုကြီး နေမှာပါလား လို့ မှတ်သားရပါတယ်။ ဒီဇာတ်ကားအကြောင်း သူများတွေလည်း အတော်များများ ပြောပြီးပြီမို့ သင်ခန်းစာတွေကိုပဲ လိုရင်းတိုရှင်းပြောပါမယ်။ ကြိုတင်ပြင်ဆင်ချင်သူများ အတွက် အကျိုးရှိနိုင်ပါတယ်။

- ကမ္ဘာပျက်ကာလမှာ ရှင်သန်လွတ်မြောက်ချင်တယ် ဆိုရင် လေယာဉ်ပျံ မောင်းတတ်ဖို့ လိုပါတယ်။ (အခုကတည်းက သင်တန်းတက်ထား လေ့ကျင့်ထားသင့်ပါပြီ။)
- အရမ်းချမ်းသာတဲ့ ဘီလျံနာသူဌေးတွေနဲ့ သိကျွမ်းထားရင် အကျိုးရှိနိုင်ပါတယ်။ (ဒါတောင်မှ သူဌေးတွေက နိုင်ငံခေါင်းဆောင်တွေလောက်တော့ ဦးစားပေးအဆင့် မရောက်နိုင်တာ ရှိတတ်တယ်။)
- နောက်ဆုံးတော့ မိတ်အင်ချိုင်းနားပစ္စည်း ကိုပဲ အားကိုးရပါမယ်။ ရေယာဉ်ကြီးတွေပါ။(အမှားအယွင်းတော့ မခံဘူး။ တခုခုပိတ်ဆို့ရင် ဂျမ်းတွေဘာတွေဖြစ်တတ်တယ်။)
- ကမ္ဘာပျက်ပေမယ့် Sony က တော့ မပျက်ပါ။ (အခုတလော Apple နောက် လိုက်နေသူများ Sony ကွန်ပြူတာများ၊ လက်ကိုင်ဖုန်းများ ပြန်စဉ်းစားရန်။ :P)

(ရုပ်ရှင်ကြည့်ရင်း အထက်ပါ အကြောင်းအရာတွေကို အတူစဉ်းစားတွေးခေါ်ခဲ့ကြတဲ့ မိတ်ဆွေများကို ကျေးဇူးတင်ပါတယ်။)

ဘာပဲပြောပြော ကြည့်ကောင်းတဲ့ကားပါ။ Independence Day နဲ့ The Day After Tomorrow ကိုလည်း ကြိုက်ခဲ့တာမို့ ဒီကားကိုလည်း နှစ်သက်ပါတယ်။ အထူးပြုလုပ်ချက်တွေက သဘောကျစရာပါ။ ရသအနေနဲ့ကတော့The Day After Tomorrow ကို ပိုခံစားရပါတယ်။

မင်းကိုနိုင် ရဲ့ နောက်ကြည့်မှန် ၀တ္ထုကို ဖတ်ဖြစ်ပါတယ်။ ဒီဝတ္ထုအပေါ် အမြင်တွေကိုတော့ အင်တာနက်ထဲမှာ အတော်များများက ရေးခဲ့ကြပြီးဖြစ်ပါတယ်။ စာရေးသူရဲ့ ရိုးသားမှုကို ခံစားရပါတယ်။


တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ အဲဒီဝတ္ထု မဖတ်ဖြစ်ခင် လီဗျောင်ဟွန်း ပါတဲ့ ကိုရီးယားရုပ်ရှင် (လုံးချင်း) တစ်ကား ကြည့်ဖြစ်သေးတယ်။ ဇာတ်လမ်းသဘောက နောက်ကြည့်မှန်နဲ့ ဆင်သလိုလို ရှိပါတယ်။ ကိုရီးယားရုပ်ရှင်ထဲမှာ မင်းသားက တောင်ကိုရီးယား အာဏာရှင် လက်ထက်က အရေးအခင်းထဲမှာ ပါဝင်တဲ့ ကျောင်းသားတစ်ယောက်ပါ။ ဒါပေမယ့် သူက မင်းကိုနိုင်ဝတ္ထုထဲက ဇာတ်လိုက်လိုမဟုတ်ဘူး။ အရေးပါတဲ့ စီးပွားရေးသမား တစ်ယောက်ရဲ့သား ခပ်ပေပေလူဆိုး၊ ဘာခံယူချက်မှ ရှိလို့မဟုတ်ပဲ သူငယ်ချင်းတွေနောက်ကို ရောယောင်ပါတဲ့ စရိုက်ကို ပြထားပါတယ်။ နယ်မှာ ပုန်းရှောင်နေကြတုန်း အဲဒီက မိန်းကလေးတစ်ယောက်နဲ့ တွေ့ကြတဲ့ ဇာတ်လမ်းမျိုးပါပဲ။ နောက်တော့ မိန်းကလေးက မြို့ကိုလိုက်လာတယ်။ အရေးအခင်းတွေ ပြန်ဖြစ်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ကြ ကွဲသွားကြတဲ့ ဇာတ်လမ်းမျိုးပါ။ အသေးစိတ်တော့ မပြောတော့ပါဘူး။ ကိုရီးယားကား ပီပီ အချစ်ဇာတ်လမ်းကို ပဲ ဦးစားပေးထားပါတယ်။ နောက်ခံသမိုင်းတို့ နိုင်ငံရေးအခြေအနေ တို့က ပြတယ် ဆိုရုံပါပဲ။

လွင်မိုးခရီးသွားနေသည် ဆိုတဲ့ ဗွီဒီယို ကြည့်ဖြစ်တယ်။ ရှုခင်းတွေ ယဉ်ကျေးမှုတွေ ရိုက်ပြထားတာ လှပါတယ်။ ဒါရိုက်တာနဲ့ အသေအချာ ညွှန်ကြားပြီး ရိုက်တာ မဟုတ်မှန်းတော့ သိနေတယ်။ ဒီလိုအစီအစဉ်ကို ရိုက်ကူးဖြစ်တဲ့ စေတနာက ကောင်းပေမယ့် အင်တာဗျုးတဲ့ အခန်းတွေမှာ လွင်မိုးရဲ့ မေးပုံပြောပုံတွေက အမေးခံရသူ တိုင်းရင်းသားတွေအပေါ် သိပ်မလေးစားသလို ပုံစံပေါက်နေတယ်။ ဒီ့ထက်ပိုပြီး ချိုချိုသာသာ ယဉ်ယဉ်ကျေးကျေး ပြောဆိုနိုင်ရင် (ခဏသရုပ်ဆောင်တဲ့အနေနဲ့ပဲ ဖြစ်ဖြစ်ပေါ့) ပိုကောင်းမယ်လို့ ထင်မိတယ်။ ကိုယ့်အမြင်ပါ။

Wacom Bamboo Pen & Touch ၀ယ်ဖြစ်တယ်။ iPhone လည်း ၀ယ်ဖြစ်တယ်။ (ကြွားချင်တာက အခုမှ ရောက်တယ်။း)) Bamboo နဲ့ အကြမ်း စမ်းခြစ်ထားတဲ့ ပုံလေးတစ်ပုံ တင်လိုက်တယ်။


အခြား ဘာမှတော့ ဆွဲမကြည့်အားသေးဘူး။ သြော်.. ဒီကြားထဲ ချစ်သူပုံတူလေး တစ်ပုံတော့ ခဲတံနဲ့ ဆွဲဖြစ်သေးတယ်။ ကွန်ပြူတာနဲ့မဟုတ်။ လက်နဲ့ပါ။ တူတယ် ပြောကြတာပဲ။ (တူရမှာပေါ့။) အဲဒီပုံတော့ မတင်တော့ပါဘူး။ တခြားမိန်းကလေးတွေ သဘောကျသွားမှာစိုးလို့။

အလုပ်များတယ်ဆိုပြီး ရုပ်ရှင်တွေကြည့် ၀တ္ထုတွေ ဖတ်ဖြစ်နေသလား လျှောက်လည်နေသလား လို့လည်း ထင်နေဦးမယ်။ စာရေးဖို့အတွက်ကို အချိန်နဲ့နေရာလပ် မရတာပါ။ အလုပ်ထဲမှာလည်း သိပ်အရေးမပါတဲ့ ကိစ္စတွေနဲ့ပဲ အလုပ်ရှုပ်နေပါတယ်။ အလုပ်အကြွေးတွေ အိမ်ကို သယ်ရတာမျိုး ရှိတယ်။ ဒီလိုနဲ့ပဲ တစ်နှစ် ကုန်ပြန်ဦးမယ်။

ပန်ဒိုရာ


Expand..