Thursday, April 30, 2009

အသက်ရှူသံတွေ မူးဝေခြင်း



အသက်ရှူသံတွေ မူးဝေခြင်း

အသက်ရှူလမ်းကြောင်းမှာ ဆူးတွေထနေတယ်
ရင်ဘတ်ကို တင်းတင်းကျပ်ကျပ် ကျားကန်ထားတယ်
တေဇောဓာတ်များနေတဲ့ ဂြိုဟ်ပြာကြီးက
ကူးစက်တုပ်ကွေးသံသယနဲ့
ငါ့ကို ချောင်းဆိုးပျောက်ဆေး သောက်ခိုင်းတယ်
လူသူထူထပ်ရာ မသွားနဲ့
ရေများများသောက်
တနေ့နှစ်ခေါက် ကိုယ်ပူချိန်မှတ်
အလွှာအထပ်ထပ် မျက်နှာဖုံး ကာ
သွေးခုန်နှုန်းမကြာမကြာတိုင်းပေး
နွေးနွေးထွေးထွေးနေ
လက်တွေစင်ကြယ်အောင်ဆေးကြော
ဘယ်လိုပြောပြောပါလေ
အနာဂတ်ကို ငါမတွေး
ချောင်းဆိုးပျောက်ဆေးက ချိုတယ်
နှစ်ခွက်တည်းနဲ့ အမြင့်တက်နေတော့တယ်။

ပန်ဒိုရာ

Expand..

Tuesday, April 28, 2009

ဆုံတွေ့ကြတဲ့အခါ…

တွေ့ဖူးချင်တဲ့လူ ၁၀ ယောက်တဲ့… မတန်ခူးကရော မနော်ကပါ တက်ဂ်ထားပါတယ်။
ကိုယ့်ကိုယ်ကို ပြန်တွေးမိတယ်။ ကိုယ်က ခက်တယ်။ လူမှုရေးနဲ့ ပတ်သက်ရင် မခင်မင်တာလည်း မဟုတ်ပဲနဲ့ တခါတခါ လူတွေနဲ့ ဝေးရာကို ပြေးပြေးနေတတ်တယ်။ အခုလည်း ဆက်ဆံရေးတွေ ကျဲနေတာ ကြာလှပေါ့။

သူများတွေ ဘယ်သူ့ကို တွေ့ချင်သလဲ လိုက်ကြည့်တော့ တချို့ကတော့ သူငယ်ချင်းဘလော့ဂါတွေ အပြင် နာမည်ကျော်ပုဂ္ဂိုလ်တွေ ဆယ်လစ်ဘရစ်တီတွေလည်း ပါရဲ့။

ကိုယ့်အတွက်တော့ တွေ့လို့မဖြစ်နိုင်တာတွေ၊ တွေ့လို့ရပေမယ့် မတွေ့ဖြစ်သေးတာတွေ၊ မတွေ့ချင်ပေမယ့် တွေ့ချင်နေတာတွေ၊ တွေ့ချင်ပေမယ့် မတွေ့ချင်နေတာတွေ…။ ကိုယ်ကိုက ရှုပ်ထွေး အတွေးခေါင်တတ်ပါတယ်။

ဘယ်လိုဖြစ်ဖြစ် ချစ်သူတွေကိုသာ တွေ့လိုပါတယ်။ မုန်းသူဆိုတာ မရှိချင်ပါ။ ဒီစာကို ဖတ်ဖြစ်တဲ့ လူအားလုံးကို တနေ့နေ့မှာ လှိုက်လှိုက်လှဲလှဲ ဆုံတွေ့ချင်တယ် လို့ မှတ်ယူလိုက်ကြပါ။ ချစ်ခင်သူတွေ အားလုံးအတွက် ကဗျာလေး တစ်ပုဒ် လက်ဆောင် ပေးလိုက်ပါတယ်။ ကျေနပ်ကြပါနော်။ ဆုံတွေ့ကြတဲ့အခါ ….





ဆုံတွေ့ကြတဲ့အခါ


ယမ်းငွေ့တွေစဲပြီ
ခေါင်းလောင်းသံတွေ ဒေါင်ဒင်မြည်
ဝိုင်ချိုစည်တွေ ဖောက်ကြ
အသားကင်တွေကို လှီးဖြတ်ကြ
အိမ်ရှင်မတွေက ပန်းအိုးတွေ ပြင်လို့
ကလေးသူငယ်တွေက ၀တ်ကောင်းစားလှတွေနဲ့ မြူးထူးလို့
မိုးပျံပူဖောင်းတွေ ခရာတွေ ဦးထုပ်ချွန်တွေနဲ့
ပွဲတော်ညမှာ အားလုံး နိုးထလာကြပြီ
အနာဂတ်ရနံ့ သင်းထုံလတ်ဆတ်နေတဲ့ ညစာစားပွဲမှာ
ကလေးငယ်တွေ ရေးဆွဲထားတဲ့ ပန်းပွင့်ပုံတွေအကြောင်းကို
ရေးကြီးခွင်ကျယ် စိတ်ဝင်စား ဆွေးနွေးကြမယ်
ဝတ်စုံအောက်မှာဖုံးထားတဲ့ ဆတ်ဆတ်ခါ အနာရွတ်တွေအကြောင်း
သဲတွေလူးသွားခဲ့တဲ့ အေးစက်စက် စားမြိန်ထုပ်တွေအကြောင်း
ပြန်ပေါ်မလာတော့တဲ့ ခြောက်သွေသွေ့ ခြေရာတွေအကြောင်း
အို... စစ်ကြီးတုန်းက ဆိုတာတွေကိုတော့
ယောင်လို့များတောင် ခွန်းဟမသီကြပါနဲ့တော့ကွယ်
သစ်ရွက်ချွန်တွေကြားက ညလေပြည်ပုဝါပါးဟာ
လေမှုတ်တူရိယာ တေးသွားထဲ တိုးတိုးသဲ့သဲ့ စိမ့်ဝင်လို့
ချိုးဖြူငှက်တကောင် တငြိမ့်ငြိမ့် ပျံသန်းသွားတဲ့အခါ
အားလုံးမော့ကြည့် လက်ခုပ်တီးလိုက်ကြပေါ့ကွယ်
လှိုက်လှိုက်လှဲလှဲ ရယ်သံချိုလွင်တွေ
ရင်ခွင်ချင်း ချိတ်ဆက်ထားတဲ့ လက်တွေ
တလျှပ်လျှပ် မီးပုံနံဘေး နွေးထွေးလှုပ်ခါနေ
မာယာကင်းစင်သွားတဲ့ ပင်လယ်ထဲက လှိုင်းတွေလည်း
စည်းချက်မှန် တေးသွားနဲ့ အသာချော့သိပ် လို့
အားလုံး ပြုံးပြီး အိပ်မောကျသွားတော့မှ
ဟိုအဝေးတောတန်းက ၀ံပုလွေသံတွေ နားစွင့်ရင်း
ဒဏ်ရာတွေ သံပတ်တင်းလာတဲ့အခါ
တိတ်တိတ် မျက်ရည်ဝဲကြတာပေါ့ သူငယ်ချင်းရယ်။



ပန်ဒိုရာ



Type the rest of your post here.

Expand..

Sunday, April 26, 2009

အနုပညာသမား

စိတ်ပင်လယ်စာတန်း ထဲက စာတချို့ကို ဒီဘလော့ဂ်မှာ တင်ရင်ကောင်းမလား အကြိမ်ကြိမ် စဉ်းစားခဲ့ပေမယ့် မတင်ဖြစ်ခဲ့ဘူး။ ပိုင်ဆိုင်သူထံက ခွင့်ပြုချက် ရယူတာမျိုး မလုပ်နိုင်တဲ့အပြင် (ကိုယ်သိသလောက်) ဒီစာအုပ်က ရှားပါးပြီး နောက်တကြိမ် ပြန်ထုတ်ဖို့ဆိုတာလည်း မဖြစ်နိုင်တော့ဘူးလို့ ယူဆတဲ့အတွက် ပျောက်ပျက်မသွားအောင်နဲ့ မြန်မာစာပေ မြတ်နိုးသူတွေ ဖတ်ရှုလို့ရအောင် အက်ဆေး တချို့ကို ဒီဘလော့ဂ်မှာ အခါအားလျော်စွာ တင်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မူပိုင်ခွင့် ပိုင်ဆိုင်သူက ကန့်ကွက်လာရင် အချိန်မရွေး ပြန်ဖြုတ်ပေးပါမယ်။ နောက်ထပ် အခြားနေရာမှာ ကူးယူဖော်ပြဖို့ ခွင့်ပြုနိုင်ခွင့်တော့ ပန်ဒိုရာမှာ မရှိပါ။

ပထမဆုံး ဆရာအောင်ပြည့်(ဦးဆောက်ပန်း) ရေးထားတဲ့ အက်ဆေးတစ်ပုဒ်ကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ အဲဒီစာအုပ်ထဲမှာ ရေးထားတဲ့ စာရေးသူရဲ့ အထ္ထုပတ္တိ အကျဉ်းလေးပါ ရေးပေးလိုက်တယ်။ စာလုံးပေါင်းတွေကတော့ မူရင်းအတိုင်းပါ။

ဦးဆောက်ပန်း

ပြွန်တန်ဆာ ဇာတိဖြစ်သည်။ အလွတ်ပညာသင် ကျောင်းဆရာတဦး ဖြစ်သည်။ “အောင်ပြည့်” သည် သူရေးနေသော အခြားကလောင်အမည် ဖြစ်သည်။ စနစ်သစ် တက္ကသိုလ်တွင် မြန်မာစာ အမြင့်ဆုံးအဆင့် (ဂုဏ်ထူး) ကို ပထမဆုံး ရခဲ့သူဖြစ်သည်။ “ထူး- အထက်တန်း မြန်မာစာ လေ့လာချက်များ” စာအုပ်ရေးသားခဲ့သည်။



အနုပညာသမား



အနုပညာသမားဘဲ ဟူသောအသုံးသည် ယနေ့ အတော်ခေတ်စား၏။ အနုပညာသမားသည်လည်း လူတန်းစား တမျိုးလို ဖြစ်နေ၏။ ဘယ်သင်းမျိုးပါနည်း။ အသိရတော့ အတော်ခက်ပါသည်။ ကြည့်မြော်ရသည်မှာလည်း မလွယ်ကူလှပါ။ အနုပညာဆန်သည်ဟု အပြောခံရသူများသည် တခါတရံ ညစ်ပေနေသည်ကို တွေ့ရ၏။ တချို့လည်း ကြော့မော့လင်းထိန်နေပြန်သည်။ တချို့ကလည်း မသိမသာ၊ အရိုးစစ်ပင်။ ဘယ်သူက ပိုဆန်သည်တော့မသိ။

အချို့က နှုတ်ခမ်းမွှေး ဘရဗျစ်နှင့်။ ညစ်ထပ်ထပ် အ၀တ်အစားနှင့်။ မျက်မှန် ထူပိန်းပိန်းနှင့်။ ခေါင်းမွှေး ဖွာရာကြဲနှင့်။ မှုံတေတေ၊ ဘောက်ဆတ်ဆတ်၊ အချိုးက အဆင်မပြေချင်။ ဘယ်သူမှ လူမထင်ဟန်လို။ အချို့မျိုးကလည်း ဇာတ်မင်းသားလိုလို။ မိုးကျရွှေကိုယ်လိုလို။ ဘာလိင်မှန်းပင် အသိရခပ်ခက်ခက်။ ပိုးပုဆိုး ပိုးတိုက်ပုံနှင့်။ တပြောင်ပြောင် တထိန်ထိန်။ ကြည့်လိုက်လျှင် ဖျော့တော့တော့။ နုပျော့ပျော့ အိဖတ်ဖတ်။

သည်အမျိုးအစားများတွင် ပထမအမျိုးက လူသိပိုမြန်သည်ထင်၏။ သူတို့ပုံမျိုးကို ကြည့်၍ စာရေးဆရာလား။ ဂီတသမားလား၊ ပန်းချီဆရာလား၊ ဘာလားညာလား ထင်နိုင်၏။ အထင်မခံချင်သူလည်း လူပုံပန်းကြောင့် အထင်ခံရတတ်၏။ မူးရေလေး သောက်မိလျှင် ပိုဆိုး၏။ ပါးစပ်အကုန်ဖြဲ၍ သဲသဲမဲမဲ ပြောတတ်၏။ အာပေါင်အာရင်း သန်သန် ငြင်းသူလည်း ရှိသေး၏။ စားပွဲခုံနှင့် ကပ်နေပြီဟူလျှင် ခုံကို ပုတ်ကာရိုက်ကာ ပြော၏။ စိတ်မထင်လျှင် ရိုက်ချိုးပစ်တတ်၏။ စကားပြောနည်းသူမျိုးကမူ အေးအေးငြိမ်ငြိမ်ပင်။ ငေးနေ တွေးနေ တတ်၏။ ကြောင်နေကြက်နေတတ်၏။ မတုန်မလှုပ် ကျောက်ရုပ်လို။ ထူးခြားချက်တော့ ရှိသေးသား။

ခေါင်းမွှေးဖွားဖွား လည်ဂုတ်ကျားနှင့် လူမျိုးရှိသေးသည်။ နှုတ်ခမ်းမွှေးက အမျှင်တန်းတန်း။ လမ်းလျှောက်တော့ ဟိုရမ်းသည်ရမ်း။ စဉ်းစားစရာပင်။ ယောက်ျားချည်းတွင်လား။ မဟုတ်သေး။ မိန်းမများလည်း ထိုနည်းနှင်နှင် ရှိသည်။ ဘယ်လို လူမျိုးများတော့ မသိ။ စူးစမ်းပေအုံးမှ။

အနုပညာသမားကလည်း အများသား။ အကြမ်းသမား မဟုတ်သူတိုင်းကို ခေါ်၍တော့ ရမည်မထင်။ သို့သော် အကြမ်းသမား မဟုတ်သည်ကတော့ အသေအချာပင်။ အနုလို့ ဆိုထားနေမှဘဲ။ သို့ဆိုလျှင် ဘယ်လို အနုပညာသမားမျိုးပါလဲ။

ထွန်းသန်းကိုတွေ့ပါပြီ။ သည်ကောင်ကလေး အနုပညာသမား ဖြစ်ရမည်။ အင်မတန်လဲ နုသည်။ သူ့ကြည့်လျှင် ဆေးပေါ့လိပ်လေး ဖွာလို့။ ဗမာစာကဗျာတွေ အများကြီး ရွတ်ပြနိုင်သည်။ အင်္ဂလိပ် စကားလုံးတွေလဲ ပြောသည်။ စာတွေအများကြီး ဖတ်ထားပုံရသည်။ ဟုတ်ပါပြီ။ သူအနုပညာသမား အစစ်ပင်။ အမြဲတန်း လမ်းဘဲလျှောက်နေသည်။ ပညာရှာနေခြင်း ဖြစ်မည်။ နေခြစ်ခြစ် ပူနေသည့်တိုင် တိုက်ပုံအကျီ မချွတ်။ မိုးမဲမဲ ရွာသော်လည်း အကာအဆောင်း မလွှမ်း။ ငိုမှသာ ငိုရရော၊ ရယ်ရယ်ပြုံးပြုံးပင်။ စုတ်ပြတ်နေသော လွယ်အိတ်အနီလေးကလည်း အမြဲပါလိုက်သေးသည်။ သူ့ကိုတွေ့တွေ့ချင်း ကျွန်တော် အတော်ကျေနပ်သွားပါသည်။ အတွေးအခေါ် ပြင်းထန်၍ ရုန်းကန်လျှံထွက်နေသူလေး ဖြစ်မည်ကိုလည်း သိလိုက်မိသည်။ ဘယ်လောက် ပြင်းထန်နေသည်တော့မသိ။ သူတယောက် ရင့်ကျက်သောအနုပညာပုံ ပေါ်နေသည်ကတော့ အသေအချာပင်။ သို့သော် အကိုကြီးပြောမှ အမှန်ကို သိရတော့သည်။ သူပြင်းထန်လွန်း၍ သံကြိုးနှင့်ပင် ဆိုင်းထားရသည်ဟူ၍။ ရံခါမှ ကြိုးဖြုတ်ပေးရဟူ၍။ ဖြစ်မှ ဖြစ်ရတတ်ပလေလေ။

လွန်ခဲ့သော ငါးနှစ်ကျော်က လူတယောက်ကို တွေ့ပါသည်။ သူ့ကိုတွေ့တိုင်း ဘောင်းဘီအဖြူ၊ အကျီအဖြူကို ၀တ်လျက်။ ဟိုသွားသည်သွား လမ်းသလားနေသည်ချည်း။ အလုပ်ကော လုပ်ရဲ့လား။ တခါတရံ သံဖြူဆွဲသေတ္တာ တလုံးလည်း ပါလိုက်သေးသည်။ သူဆံပင်ညှပ်သမား ဖြစ်ရမည်။ ဒါမှမဟုတ် မီးရထားလက်မှတ်စစ်ဘဲ။ သို့သော် ညီလေး ခင်မောင်မြင့် ပြောတော့ လွဲရပြန်သည်။ အဲဒါ သူ့ဆရာတဲ့။ အကိုမြတ်နိုးတဲ့ အနုပညာသမားမျိုး တဲ့။ သိပ်သိမ်မွေ့တဲ့လူတဲ့၊ အလုပ်လည်း တကယ်လုပ်တယ်တဲ့။ ဟိုတုန်းကတော့ တော်လှန်ရေး ခေါင်းဆောင်တယောက်ဘဲတဲ့။ အခုတော့ ပညာရှာသမားကြီးတဲ့။ ပန်းချီလည်းဆွဲတယ်တဲ့။ မိန်းမ မယူအားလောက်အောင်တောင် စိတ်ရောကိုယ်ပါ အလုပ်နဲ့ဘဲတဲ့။ နံမယ်က ဦးနန်းဝေတဲ့။ သည်နံမယ်ကြားကာမှ ကျွန်တော် တခါ အံ့ဩရပြန်ပါသည်။

ကြာတော့ ကျွန်တော်နားရှုပ်လာပါသည်။ အနုပညာသမားများ တွေ့ရသည်ကို စိတ်ပျက်လာသလို သိချင်စိတ်လည်း ပိုလာပါသည်။ စုတ်တိုင်း ချာတိုင်းလည်း အနုပညာသမား မဆိုရဲတော့။ သန့်တိုင်းပျံ့တိုင်းလည်း မပုတ်ခတ်ရဲတော့၊ အနုပညာသမား ဆိုကတည်းက အနုပညာကို ထုတ်လုပ်သူ ဖြစ်ရမည်ဘဲ။

အနုပညာ ထုတ်လုပ်သူ၊ ကြံစည်သူဟု ဆိုရသည်တွင်လည်း လူကောင်းချည်းဟု မပြောသာတော့။ လူဆိုးလည်း ဖြစ်ချင်ဖြစ်တော့မည်။ လူဖြူလည်း ဖြစ်မည်။ လူမည်းလည်း ဖြစ်မည်။ သေသပ်ကျစ်လျစ်သူလည်း ဖြစ်ချင်ဖြစ်မည်။ ပွဖောင်းပြန့်ကားသူလည်း ဖြစ်ချင်ဖြစ်မည်။ ဖြစ်လိုရာ ဖြစ်စေတော့။ အနုပညာသမားသည် အနုပညာသမားဘဲ။ အနုပညာမှုလုပ်သူသည် အနုပညာသည်ပင်။ သည်လိုပဲမှတ်ထားလိုက်ရပါသည်။ သူတို့ စိတ်ကြိုက် မျက်မှန်ထူထူ တပ်ချင်လည်း တပ်ကြစေတော့။ ခေါင်းမဖြီး ဆံမသဘဲ၊ ပွချင်လည်း ပွစေတော့။ မူးရေယစ်ရေလည်း သောက်လိုလျှင် သောက်စေတော့။ မပြောသာပါချေ။ အကြောင်းတခုတည်းနှင့်လည်း အနုပညာသည်ကို မသတ်မှတ်ရဲတော့ပေ။ ပန်းချီဆရာတိုင်း အရက်သေရည် သောက်သည်မှ မဟုတ်ဘဲ။ စာရေးဆရာတိုင်းလည်း အရက် သောက်ကြသည်မှ မဟုတ်ဘဲ။ တချို့ ဆေးလိပ်ပင် မသောက်မရှုကြ၊ ရှားတော့ အတော်ရှားပါသည်။

ပညာသည် အများစုကမူ အတွေး၌ နစ်မျောနေ၏။ ဆေးလိပ်မီးခိုးနှင့်အတူ စိတ်လွှင့်နေ၏။ လမ်းသွားနေချိန်၌ပင် မအားကြ။ ဘေးလူကို မြင်ချင်မှမြင်၏။ ကြည့်နေလျက်မမြင်။ သူငယ်ချင်းမိတ်ဆွေမျိုးကို မမြင်လျှင် ကိစ္စမရှိ။ ချစ်သူကို မမြင်သော် ခက်ရတတ်ပါသည်။ ခက်ခဲ့ကြပေါင်းလည်း များခဲ့ပါပြီကော။ အချို့ကလည်းအဆန်း။ သူတို့ကို ကဲ့ရဲ့သော်လည်း ပြုံးနေနိုင်၏။ မကြားသလိုပင်။ ဆဲသော်လည်း နာချင်မှ နာ၏။ သူတို့ပညာကို အံ့အဲချီးပ ပြောဆိုပါလျက် ဒေါကန်ချင်လည်း ကန်နေပြန်၏။ အကြောင်းတော့ ရှိမည် ထင်ပါသည်။ နိုင်ငံရေးသမားသည် ခွင့်လွှတ်ခဲ၏။ စိတ်ကြီး၏။ အနုပညာသမားက ခွင့်လွှတ်တတ်၏။ စိတ်ပျော့၏။ ထို့ကြောင့် တပါးကိုခွင့်လွှတ်ပြီး ကိုယ့်မှာ အနာပေါ်ချင် ပေါ်နေတတ်၏။

ယင်းမှာ ဒေါသကြီးခြင်းနှင့် တူသလိုထင်ရသည်။ မဟုတ်ချေ။ သည်းခံခွင့်လွှတ်ခြင်း အနာသာဖြစ်မည်။ သို့သော် လုပ်ချင်သမျှ လုပ်နေရလျှင် ကျေနပ်ကြသည်မျိုး။ ကိုယ့်လုပ်ချက်တရပ် အနုပညာမြောက်သွားလျှင် အပျော်ကြီး ပျော်တတ်သူမျိုးပင်။ သူတို့တတွေ ခံစားမှုအရှိန် ဖြစ်လျှင် လောကကြီးကိုပါ မေ့နေသည်လား မပြောတတ်။ ဂီတသမားလည်း အသံ၌ ယစ်မူးနေရလျှင် ပီတိကိုဖြစ်နေ၏။ စာရေးဆရာလည်း စာပေရသ၌ ၀င်စားနေရလျှင် ကျေနပ်လန်းဆန်းနေ၏။ သဘင်သည်လည်း လမိုင်းပူးကပ်ပြီဆိုလျှင် မိုးလင်းမှာပင် စိုးနေ၏။ ပန်းချီသမားလည်း အရောင်၌ ကသိုဏ်းဝင်စားပြီဆိုလျှင် ထမင်းမေ့ ဟင်းမေ့။ ပန်းပုဆရာလည်း ပုံသဏ္ဍာန်ရူပစွဲလျှင် ထီမထင်တော့။ စွဲဘဲစွဲတတ်ကြပါပေ့။

မနှစ်က သူငယ်ချင်း အနုပညာသည် တဦးနှင့် ဟီးနိုးကား အတူစီးဖြစ်ပါ၏။ ကိစ္စအရေးကြီးသည်နှင့် ကားရပ်လျှင်ရပ်ချင်း ကားပေါ်သို့ အပြေးအလွှားတက်လိုက်ရသည်။ ကားပေါ်တွင် လူကလည်း အကြားမလပ် ကြပ်ခဲနေ၏။ သူငယ်ချင်းပုံစံကလည်း ထူးထူးခြားခြား။ သံပုရာခွံ ဦးထုပ်ကို ဆောင်းထား၏။ လွယ်အိတ်ကလည်း စုတ်ပြတ်၍ အနားလံနေ၏။ သူ့ရေးလက်စ စာမူတွေလည်း အိတ်ထဲအပြည့်။ အ၀တ်အစားကလည်း ဖို့ယို့ဖားယား။ ပန်းချီလည်း ဆွဲလိုက်သေး၍ အကျီကလည်း ဆေးရောင်စုံအညစ်။ သူသုတ်သုတ်ပျာပျာ တက်လာပြီး ကားလယ်ရောက်လျှင်ပင် သူ့နောက်နားမှ မိန်းမကြီးတယောက်က သူ့ကို စပယ်ယာအထင်နှင့် ကားခဆယ်ပြားစေ့ လှမ်ပေး၏။ သူကလည်း ခပ်ကြောင်ကြောင်ကောင်။ လှမ်းယူပြီး လွယ်အိတ်စုတ်ထဲ ထည့်လိုက်၏။ သူတို့နောက်က တက္ကသိုလ်ကျောင်းသူ ဖြစ်ဟန်ရှိသော မိန်းမပျိုလေးငါးယောက်က ကြောင်ကြည့်ပြီး တယောက်တယောက် လက်တို့ကြ၏။ ပြီး ပြုံးကြ၏။ သူငယ်ချင်းကတော့ မသိ၍ထင့်၊ တည်တည်ပင်၊ ခဏအကြာတွင် `လက်မှတ်မပေးရသေးဘူးနော်´ ဟု သူ့ကို မိန်းမကြီးက လှမ်းအော်ပြော၏။ ကျွန်တော်လည်း နောက်ဆုံးရောက်နေ၍ ဘာမှ မရှင်းပြသာတော့။ သူငယ်ချင်းကတော့ ငေးကြောင်ကြောင်။ သူ့ကိုမပြောသလိုပင်။ နောက်မှ စပယ်ယာရောက်လာပြီး မိန်းမကြီးနှင့် ရှင်းလိုက်၏။ တစတစ လူတွေပွဲကျသွား၏။ သည်တော့ သူငယ်ချင်းက ဘုကြည့်တချက် လှမ်းကြည့်လိုက်ပြီး မှုံတေတေ ပြန်ရပ်လိုက်၏။ သူ့အကြည့် အရိုင်းဆန်လေမှ တကားလုံး ငြိမ်ကျသွားလေတော့သည်။ အဖြစ်စုံကို ကားပေါ်ဆင်းပြီး ကျွန်တော်ပြောမှ သူအားနာမှု၊ စိတ်မကောင်းမှုများ ဖြစ်တော့သည်။ ပိုက်ဆံဆယ်ပြားအတွက် စိတ်မကောင်းဖြစ်ပြီး ခုတိုင်ပြောမဆုံးတော့၊ ခံစားမဆုံးတော့။ ကြုံမှ ကြုံရတတ်ပလေလေ။

မြင့်စိုးနှင့် ရထားစီး၍လည်း သည်လိုပင်ဖြစ်ခဲ့ဘူးပါသည်။ သို့သော်သူက တဇာတ်ကွက်။ မြင့်စိုးက အတွေးနှင့် ဟာသရှာနေသူဖြစ်၏။ ပတ်ဝန်းကျင်အားလုံးကို ဟာသရှုဒေါင့်ကသာ ကြည့်၏။ သတင်းစာဖတ်လည်းရယ်၏။ ရယ်စရာလည်း အတော် ပြောပါ၏။ ဟာသ၀တ္ထုရေးနေသော စာရေးဆရာ ပူပူနွေးနွေးလည်း ဖြစ်လေ၏။ တော်ရုံမျှ ပြောရမည့် အကြောင်းအရာသည် သူပြောပြလျှင် အူနှိပ်နေရ၏။ အပြောလည်း အပြောကောင်း။ သူစာရေးခြင်းဖြင့် မအောင်မြင်လျှင် လူရွှင်တော်ဖြစ်မည်တော့မုချ။

ထိုနေ့က ရန်ကုန်ဘူတာကြီးက လှည်းတန်းကို စီးခဲ့ခြင်းဖြစ်၏။ သူကလည်း ရယ်လား ပြုံးလားနှင့် စကားဖောင်လာ၏။ ကြည့်မြင်တိုင် မရောက်မီပင် လားလားလက်မှတ်စစ် ပေါက်လာတော့သည်။ ထူးထူးဆန်းဆန်း လက်မှတ်စစ်ကလည်း သူ့ဆီ ဦးတည်လာ၏။ ရီနေသော မြင့်စိုးသည် ချက်ချင်း မျက်နှာပျက်သွား၏။ ပြီးတော့ နေရာပြောင်းပြီး အ၀နား ရွှေ့ထိုင်လိုက်လေသည်။ သူရွှေ့သည့်နောက်သို့ လက်မှတ်စစ်ရောက်လာပြန်သည်။ သို့နှင့် ကြည့်မြင်တိုင်ဘူတာ ဆိုက်လေသည်။ မြင့်စိုးလည်း တချိုးတည်း ဆင်းပြေးတော့၏။ လက်မှတ်စစ်က ချက်ချင်း သူ့နောက်လိုက်၏။ သူက ဘူတာရုံနောက်က ဂျစ်ကားရှိရာပြေး၏။ လက်မှတ်စစ်ကလည်း မျက်ခြေမပြတ်လိုက်၏။ ကားကိုကွယ်၍ နှစ်ယောက်သား ရှေ့တိုးနောက်ငင် လုပ်နေ၏။ ထိုအချိန်မှာပင် လက်မှတ်စစ် နောက်တစ်ယောက် ဘယ်ကပေါက်လာသည်မသိ။ သူ့ကို ပတ်လိုက်ပြန်၏။ သူကလည်း အမိမခံ ၀ိုင်းကြီးပတ်ပတ် လှည့်နေ၏။ ခဏကြာသော် မီးရထား ရဲသားတယောက် ရောက်လာပြန်၏။ သူ မပြေးသာတော့၊ အမိခံလိုက်ရ၏။ သုံးယောက်နှင့် တယောက်ကိုး။ မိသာမိသည် သူတို့အားလုံး မသက်သာလှ။ ချွေးပြန်၍မောနေ၏။ မြင့်စိုးက မောသော်လည်း မချိုချဉ်ပင်။ ပထမလက်မှတ်စစ်က ဒေါပွပွနှင့် ရိုက်မည်ပြုပြီး လက်မှတ်တောင်း၏။ သူက သည်တော့မှ အိတ်ထဲက လက်မှတ်ထုတ်ပေးလိုက်၏။ အားလုံး ကြောင်သွားလေတော့သည်။ `မင်းလက်မှတ်ပါရက်နဲ့ ဘာလို့ ထွက်ပြေးတာလဲ´ ဟု သူ့ကို ၀ိုင်းမေး၏။ `ခင်ဗျားတို့က ဘာလို့ ကျွန်တော့နောက်လိုက်နေရတာလဲ´ ဟု သူကပြန်မေးလိုက်၏။ ရထားကြာကြာ ရပ်ထားရသော်လည်း ခရီးသည်အားလုံး ကျေနပ်ကြလေသည်။ ဘယ်သူ့ကြည့်ကြည့် ခပ်ပြုံးပြုံးပင်။ ရထားကြီးကသာ မြင့်စိုးတက်မိသည်နှင့် ဒေါပွပွ ထွက်လာရခြင်း ဖြစ်ပါသည်။

အနုပညာ ပြဿနာကို ကြံရ ရှာရသည်မှာ အပန်းကြီးလှပါသည်။ အနုပညာသည်ကလည်း အမျိုးစုံလွန်း၍ မမြင်သာတော့ပါ။ မကြည့်စွမ်းတော့ပါ။ အခုတော့ တိုတိုသာ မှတ်ထားရပါတော့သည်။ အနုပညာမှုပြုသူသည် အနုပညာသမားဘဲ။ အနုပညာသမားမှန်လျှင် အနုပညာသည်ဘဲ ဟူ၍ပင်။ အနုပညာစိတ်၊ အနုပညာမာန၊ အနုပညာဟန်နှင့် တာဝန်ပြီသသူမျိုး ဖြစ်လျှင်ကား ထူးချင်ထူး၊ ဆန်းချင်ဆန်း၊ အပြစ်မဆိုချင်တော့။ သူ့အပြုအမူ အနေအထိုင်သည် သူ့အတွက်ဖြစ်ဖြစ်၊ သူ့အိမ်အတွက်ဖြစ်ဖြစ်၊ တိုင်းပြည်အတွက်ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် သူ့ကိုခွင့်လွှတ်ချင်ပါသည်။

ရည်ရွယ်ချက် အောင်မြင်သူသည် စိတ်ချမ်းသာသူ ဖြစ်ပါသည်။ ကျွန်တော်တော့ အမြဲ စိတ်ရောကိုယ်ပါ ချမ်းသာလိုပါသည်။ အနုပညာသမားတို့လည်း ချမ်းသာလိုကြပါမည်။ အနုပညာသည်တို့သည် အကြမ်းသမားများ မဟုတ်မူ၍ အနုပြုသမားများပါတည်း။ လူသာမန်တို့ထက် ပိုမိုခံစားတတ်ကြသူများပါတည်း။


ဦးဆောက်ပန်း
(စိတ်ပင်လယ်စာတန်း ၁၉၆၇ မှ)

ဖြည့်စွက်ချက်။ ၂၀၀၉ ဧပြီ ၂၆ ရက်နေ့မှာ ဆရာကွယ်လွန်ခဲ့တာ ၃ နှစ် တင်းတင်း ပြည့်ပြီတဲ့။ ရိုးရိုးသားသား ပြောရရင် ဒီပို့စ်ကို တင်စဉ်က မေ့လျော့နေမိပါတယ်။ မတူးတူးသာ ဘလော့ဂ်မှာ တွေ့မှ သတိရခဲ့ပါတယ်။ ညက ဒီပို့စ်ကို တင်ချင်စိတ်ပေါက်လို့ တင်မိတာပါ။ တိုက်ဆိုင်လိုက်တာ။


Expand..

Friday, April 24, 2009

လက်ဖက်ရည်ဆိုင်ကစောင့်နေတယ်



လက်ဖက်ရည်ဆိုင်ကစောင့်နေတယ်

ညတွေမှောင်ရီပျိုးတာ
မိုးချုပ်တာမှ မဟုတ်ပဲ.. တဲ့
မင်းအတွေးတွေက နေမ၀င်အင်ပိုင်ယာ
ဘ၀ အကန့်အကန့်လေးတွေထဲမှာ
ရင်ဘတ်တခုလုံးဖွင့်လို့
ဟိုနားဒီနားလမ်းထွက်လျှောက်တဲ့အခါ
မင်းခြေလှမ်းတွေက နောက်လှည့်ပြန်မလာ
မွှေမွှေနှောက်နှောက် ညကိုကြောက်လိုက်
စေးစေးပျစ်ပျစ် ညကိုချစ်လိုက်
သာသာတိတ်တိတ် ညမှာ မအိပ်တတ်တဲ့လူ
အကြောင်းပြချက်တွေ အများကြီးနဲ့လူ
အကြောင်းပြချက်တွေ တခုမှမရှိတဲ့လူ
လရောင်တွေ စွန်းထင်းပေကျံနေတဲ့လူ
မြေပြင်ပေါ်မှာကြယ်တွေကို လိုက်လိုက်ရှာနေတဲ့လူ
နွေဦးကိုမျှော်ရင်း အိပ်ပျော်သွားတတ်တဲ့လူ
မေ့လျော့ခြင်းတွေကို စကားလုံးတွေနဲ့ ဖလှယ်ချင်တဲ့လူ
လွတ်လပ်ခြင်းတွေ နှောင်သွင်းထားတဲ့
အဲဒီ လက်ဖက်ရည်ဆိုင်ထဲမှာ
သူငယ်ချင်း… မင်းကပေါ်မလာ
ငါတယောက်တည်း တိမ်တွေကို မော့ကြည့်ရင်း
လက်ဖက်ရည်တွေ တခွက်ပြီးတခွက် ယစ်ထွေနေပေါ့ကွာ။


ပန်ဒိုရာ

Expand..

Thursday, April 23, 2009

နွေဦးရင်ခွင်မှ လန့်နိုးခြင်း



နွေဦးရင်ခွင်မှ လန့်နိုးခြင်း

ပျော်ခဲ့ဖူးတယ်
နွေဦးစို့စို့၊ ပြုံးညှို့နွဲ့ငင်
ကြယ်ဖြူ့ရင်ထဲ၊ ရဲရဲတိုးတိတ်
အရိပ်ချိုသာ
စိတ်ခိုရာ
ဟို… မှာ…
နက်လာတဲ့တော
မောတယ်မောတယ်…
သွား…. ကွယ်
မှောင်စွယ်ကြားက
လက်များခေါ်ငင်၊ မလိုက်ချင်ဘူး
တွင်တွင်ငြင်းဆန်၊ ရုန်းကန်အော်မိ
ခလုတ်ထိရင်း၊ တွယ်ငြိပြန်ပြီ
ဟိုဒီယိမ်းထိုး၊ ၀ိုးဝါးလှုပ်သန်း
ရနံ့ဆန်းတွေ၊ ဖြန်းခနဲလွင့်
ပန်းတွေပွင့်ခိုက်၊ တိမ်နှင့်ပြိုင်ကာ
လ၀ါခိုစီး၊ တေးဆိုညည်းစဉ်
ခရီးခုလတ်၊ ဆတ်ခနဲထ
အိပ်မက်ညမှာ
ဗလာ…။


ပန်ဒိုရာ

Expand..

Wednesday, April 22, 2009

???



အားလုံးပဲ မင်္ဂလာ မြန်မာ့နှစ်သစ်မှာ လန်းဆန်းပျော်ရွှင်ကြပါစေ။ ဘလော့ဂါတွေ အမှတ်တရ ပို့စ်မှာ ရေးသွားတာတွေ ဖတ်သွားကြတာတွေ အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ခုတလော ပျောက်နေတာအတွက်ရော အရသာရှိသောစာတွေ မရေးဖြစ်တာအတွက်ရော ဆောရီးပါ။ တခါမှ မသွားဖြစ်ခဲ့တဲ့ zoo ကို သွားကြည့်ဖြစ်ပါတယ်။ ရိုက်လာခဲ့တဲ့ ဓာတ်ပုံတွေ မတည်းဖြတ်ရသေးလို့ လောလောဆယ် ပုံလေးတစ်ပုံကို အရင်တင်လိုက်ပါတယ်။ ဘလော့ဂ် ထဲက ဆရာသမား တယောက်ယောက်ရဲ့ အမှတ်တရ သင်္ကေတ ရုပ်တု လိုလို ဘာလိုလိုပေါ့။ ခန့်ခန့်ကြီးနော်။ ဘယ်သူများလဲ။ (ဟဲဟဲ)

Expand..

Tuesday, April 21, 2009

သံလွင်အိပ်မက် အတွဲ (၃) အမှတ် (၂)





စောင့်မျှော်နေကြတဲ့ သံလွင်အိပ်မက် အတွဲ (၃) အမှတ် (၂) ထွက်လာပါပြီ။ ဒီတပတ်အတွက် သံလွင်ရဲ့ Theme ကတော့ အခွင့်အလမ်း ဖြစ်ပါတယ်။ လူငယ်တွေအတွက် အခွင့်အလမ်းနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေထဲမှာ အထူး ညွှန်းချင်တာကတော့ -

မှတ်သားစရာတွေ အပြည့်မို့ မဖြစ်မနေ ဖတ်သင့်တဲ့ “ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်နဲ့ အင်တာဗျူး”

ဘ၀အချိုးအကွေ့တခုကို ခေါ်ဆောင်လာပေးစေခဲ့တဲ့ ပညာရေးခရီးကို မှတ်တမ်းတင်ထားတဲ့ ဆရာယောဟန်အောင်ရဲ့ “ဟားဗတ် ဒိုင်ယာရီ (၁)”

စိတ်ဝင်စားစရာ ရှုထောင့်တမျိုးကနေ သုံးသပ်ထားတဲ့ S.S ရဲ့ “မြန်မာဘလော့ဂ်တွေကြားမှာ မှေးမှိန်နေတဲ့ အခွင့်အလမ်းများ”

ပန်ဒိုရာရေးထားတဲ့ ကဗျာတစ်ပုဒ်နဲ့ အက်ဆေး တစ်ပုဒ်ကိုလည်း ဖော်ပြထားပါတယ်။ ဒီတပတ်တော့ ၀တ္ထုတို မရေးဖြစ်တာ ခွင့်လွှတ်ပါ။

====================

ဦးထုပ်ထဲကငှက် (အက်ဆေး)

ဒီလိုပါပဲ။ သွားရင်းလာရင်း တေလေတစ်ကောင်နဲ့ တွေ့ခဲ့တယ်။

တေလေမှာ တေလေ ဆိုတဲ့ နာမည်တစ်ခု ရှိတယ်။ ကိုယ့်မှာတော့ ဘာမှမရှိဘူး။ လက်ချည်းဗလာ။

တေလေနဲ့ ကိုယ် ခြေသွားလမ်းလေးအတိုင်း တောင်ကုန်းတစ်ခုပေါ် အတူတူ တက်လာခဲ့တယ်။ လမ်းတလျှောက်မှာ တောပန်းတွေ ပွင့်နေတယ်။ အဲဒီပန်းတွေပေါ်မှာ ပျားတွေ ပိတုန်းတွေ ၀ဲနေတယ်။ တောင်ကုန်းပေါ်ကနေ အောက်ကို လှမ်းကြည့်လိုက်ရင် ခေါင်မိုးနီနီနဲ့ အိမ်လေးတွေကို မြင်ရတယ်။ ရေကန်တစ်ခုဘေး သစ်ရိပ်အောက်မှာ ကိုယ်တို့ အေးအေးလူလူ ထိုင်ချလိုက်ပါတယ်။

တေလေက သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်တယ်။

ဆက်ဖတ်ဖို့ ဒီကို သွားပါ။


=================
ဧရာဝတီမြစ်ရိုးမှာ ပျိုးသွားတဲ့ တန်ခူးလေ (ကဗျာ)

မနှစ်က ဒဏ်ရာဟောင်းတွေကို သယ်ပိုးရင်း
မချိပြုံးပြုံးနေရှာတဲ့ ဧရာဝတီရဲ့ရင်ခွင်ကို
ညင်ညင်သာသာ တိုးဝင်လိုက်တယ်

ဆက်ဖတ်ဖို့ ဒီကို သွားပါ။

Expand..

Friday, April 17, 2009

ပြိုင်တူလင်းတဲ့ ကောင်းကင် ကဗျာစာအုပ်

သင်္ကြန်အတွက် စုပေါင်းပြီး အမှတ်တရ ရေးသားထားကြတဲ့ - ပြိုင်တူလင်းတဲ့ကောင်းကင် - သင်္ကြန်အမှတ်တရ ကဗျာစု ကို PDF format နဲ့ ထုတ်ဝေလိုက်ပါပြီ။ Download ကို အောက်ကလင့်ခ်မှာ သွားလုပ်နိုင်ပါတယ်။

ပန်ဒိုရာရေးတဲ့ ကဗျာအသစ် တပုဒ်နဲ့ သရုပ်ဖော်ပုံ တပုံပါပါတယ်။


မြန်မာနှစ်သစ်မှာ အားလုံး အေးချမ်းပျော်ရွှင်ကြပါစေ။

download ယူရန် MediaFire

thingyan

Expand..

Saturday, April 11, 2009

ဘလော့ဂါတွေ ရင်ထဲက သင်္ကြန် (အထူး အစီအစဉ်)



ဘလော့ဂါတွေ ရင်ထဲက သင်္ကြန်

သင်္ကြန်နီးလာလို့ ရင်ထဲမှာ တူးပို့တူးပို့ ဖြစ်နေကြပြီ ထင်ပါတယ်။ လွမ်းသူကလွမ်း၊ ရင်ခုန်သူကခုန်၊ ကဲဖို့ပြင်သူကပြင်၊ ကောင်းမှုကုသိုလ် လုပ်မယ့်လူက လုပ်။ မီဒီယာတွေမှာတော့ ဆယ်လစ်ဘရစ်တီတွေ ပြောတဲ့ နှစ်သစ်အမှတ်တရ စကားတို့ဘာတို့ ရေးထားတာ ဖတ်ရတယ်။ ဒါနဲ့ ကိုယ်လည်း ကိုယ့်ဘော်ဒါ ဘလော့ဂါတွေကို ချောက်တွန်း အဲလေ အမှတ်တရဖြစ်စေဖို့ အခုလို အလကားပဲတင်း အင်တာဗျုးလိုက်ပါကြောင်း။

(နောက်ထပ် မေးလို့ရသမျှ ဆက်ဆက်ပြီး တင်သွားပါမည်။ မည်သူမဆို မှတ်ချက်မှာလည်း ရေးသွားနိုင်ပါသည်။ ပို့စ်ထဲ ပြန်ထည့်ပေးပါမည်။ အချိန်နဲ့ တပြေးညီ update လုပ်နေပါသည်။ :P)

မေးခွန်းကတော့….


သင်္ကြန်မှာ ဘယ်လိုခံစားရပါသလဲ
သင်္ကြန်မှာ ဘာလုပ်ဖို့ အစီအစဉ်ရှိပါသလဲ



မနော်ဟရီ
သင်္ကြန်ကိုငယ်ငယ်လေးတည်းက မခံစားတတ်ဘူး။
တစ်ခါမှလည်းအပြင်ထွက်မလည်တတ် မဏ္ဍတ်တွေမသွားတတ်ဘူး။
အိမ်ထဲမှာပဲ စာဖတ်၊ရုပ်ရှင်ကြည့်၊သီချင်းနားထောင် ဖုန်းပြောနဲ့နေခဲ့တာ။
ခုနေ ပြန်တွေးကြည့်ရင်တော့ ကိုယ့်ကိုကိုယ်သနားပါတယ်။သတိရစရာအကြောင်းလေး တစ်ခုတောင်မရှိခဲ့လို့..း)
လက်ရာမြောက်တဲ့သင်္ကြန်သီချင်းတွေ ကိုတော့ ချွင်းချက်အနေနဲ့ကြိုက်တယ်။
ပိတောက်ကိုချစ်တယ်။



သင်ကာ
သင်္ကြန်က နက်ဖြန်မှတ်နေတာ။ မနက်က သူများ လာပြောမှပဲ ဒီနေ့စတယ် သိတယ်။
ပြက္ခဒိန်က ထိုင်းလို ရေးထားတာကိုး။ ဘာလုပ်ရမလဲ။ လုပ်ရမှာပေါ့။
ဆိုင်မဖွင့်သေးလို့ စောင့်နေတာ။ သောက်မယ်။ သီချင်းဖွင့်မယ်။ နောက်နေ့ ဘော်ဒါတွေ ဟန်သစ်မငြိမ် အပါအဝင် ခေါ်မယ်။ လျှောက်သွားမယ်။


ကိုရင်နော်
ဟဲဟဲ.. ကျုပ်ကတော့ သင်္ကြန်သီချင်း အကျယ်ကြီးဖွင့်ပြီး ရေချိုးခန်းထဲက ရေပန်းအောက်မှာ ရေအဝချိုးမယ်..း)မျက်လုံးလေးသာ ပိတ်ထားလိုက်ရင် အင်းယားလမ်းက ချာတိတ်မ အလန်းလေးတွေ ရေးဝိုင်းလောင်းနေသလိုလိုပေါ့..
အဟေးး.. လွမ်းတယ်ဗျို့..
ကိုယ့်မြေ.. ကိုယ့်ရေမှာ သင်္ကြန်မကျရတာ နှစ်တွေတောင်ကြာပေါ့..
အင်းး.. ကုသိုလ်ရအောင် အလှူတစ်ခုမှာတော့ အလှူငွေထည့်လိုက်တယ်..
စလုံးက ရွှေသင်္ကြန်ကိုတော့ ဓါတ်ပုံရိုက်ထွက်ဖို့ စဉ်းစားထားလေရဲ့..
မမပန်ရေ.. မမပန်ကို ဦးဦးဖျားဖျားရေလောင်းလိုက်ပါတယ်.. (((((ဗွမ်းးးးး)))))



မျက်လုံး(သက်ထူး)
သင်္ကြန်နီးလာတော့ ငယ်ငယ်တုန်းက ရေဆော့ခဲ့တာကိုပဲ ပြန်သတိရပါတယ်။ အခုအချိန်မှာတော့ အသက်ကြီးလာလို့ လား မသိပါဘူးဘာမှ သိပ်မလုပ်ချင်တော့ဘူး။ မကဲချင်တော့ဘူး :)
သင်္ကြန်မှာ အင်တာနက်လေး ကောင်းရင်တော့ စာတွေ လိုက်ဖတ်ချင်တယ်။ အချိန်ပေးပြီး ဘလော့လေးလည်း ရေးချင်တယ်။ အိမ်မှာလက်ခံပြီး လုပ်လို့ရမယ့် အလုပ်ကလေးတွေ လုပ်မယ်။
သင်္ကြန်မှာ ရနံ့တစ်ခုရှိတယ်။ ဘာလည်းတော့ ပြောတတ်ဘူး။ အဲဒါလေးက လွမ်းစရာကောင်းတယ်။ ဟိ။ မိန်းမသိရင်တော့ ရိုက်တော့မယ်။



နှင်းနဲ့မာယာ
အခုတော့ လွမ်းနေတယ်။ ဒီက မြန်မာတွေနဲ့အတူတူ သင်္ကြန်ကျမယ်အမရေ
သောကြာနေ့မှာ အဘူဒါဘီမှာပါ။ မြန်မာစာတွေ လုပ်စားကြမယ် မုန့်လုံးရေပေါ်လေ။
ဒူဘိုင်းမြို့မှာက ကြာသပတေးနေ့ မန်ဇာ မှာ သင်္ကြန်ပွဲရှိတယ်။
အဘူဒါဘီမြို့မှာက သောကြာနေ့မှာ ကောနစ်ခ်ျမှာ လုပ်မယ်။
ငြိမ်ငြိမ်လေးထိုင်ပြီး လွမ်းနေချင်သေးတယ်။
ပြီးတော့သင်္ကြန်အငွေ့အသက်တွေကို အွန်လိုင်းမှာ လိုက်ရှာမယ်လေ။




ကလေးအတွေး
အခုတော့လည်းရင်မခုန်တော့ပါဘူး။ ဘာမှမှလုပ်လို့မရတာ ..
အလုပ်ကဘော်ဒါတွေကိုတော့ နှစ်ကူးအမှတ်တရ ရွှေရင်အေးလုပ်ကျွေးမလားလို့။
ကိုယ်ကတော့ သင်္ကြန်မကျရလို့ ရန်ကုန်က သင်္ကြန်ကျမယ့်မောင်လေးကို မုန့်ဖိုးပေးလိုက်တယ်။
နှစ်ဆန်း၁ရက်နေ့မှာကောင်းမှု့ကုသိုလ် ၁ခုခုတော့လုပ်ဖြစ်အောင်လုပ်မယ်လို့စီစဉ်ထားတယ်။
လုပ်မယ့်ကောင်းမှု့ကုသိုလ် က ၃၁ဘုံသားအားလုံးအတွက်နော်။



မင်းဒင်
၁။ ငယ်ငယ်တုန်းက ပျော်ခဲ့ပါးခဲ့၊ မူးခဲ့ရူးခဲ့တဲ့ အချိန် ရောက်တော့မှာပါလား လို့တွေးမိရုံလောက်ပါပဲ။ ထွေထွေထူးထူး ခံစားချက်မရှိပါ။ ရေခြားမြေခြားရောက်နေတော့ ပိုဆိုးပါတယ်။ သင်္ကြန်ဆိုတာ ကိုယ်နဲ့မဆိုင်သလိုလိုတောင် ဖြစ်လာသဗျာ။ ။
၂။ သာမန်နေ့ရက်များကဲ့သို့ပင် ကုန်ဆုံးဖြတ်ကျော် ရန် ဖြစ်ပါသည်။



မွန် (နတ်သမီးလေး)
သင်္ကြန်နားနီးတော့ လူကလွမ်းသလိုလို ငိုချင်သလိုလို အိမ်ပြန်ပြေးချင်သလိုလိုနဲ့ ငူနေတယ်
ရေကစားလို့မရပေမယ့် သင်္ကြန်မှာအရောင်တောက်တောက်ကလေးဝတ်ပြီး ပျော်သလို စိတ်ကူးယဉ်နေမယ်



နိုင်းနိုင်းစနေ
(၁၁) နှစ် ကြာ ဝေးခဲ့တဲ့ သင်္ကြန်မို့ ရင်ခုန်မိပါတယ်
သင်္ကြန်မှာ ကိုယ်တိုင်ရေဝင်ကစားပြီး မဏ္ဍပ်တွေ ဓာတ်ပုံလိုက်ရိုက်ဖို့ စီစဉ်ထားပါတယ်း)



ပုံရိပ်
သင်္ကြန်နဲ့ပတ်သက်လို့တော့ စာလေး ရေးလိုက်ရတာ ပုံလေးဆွဲလိုက်ရတာနဲ့ ကျေနပ်သွားပါပြီ။



ရွာသားလေးဝိုင်တီယူ
သင်္ကြန်
လွမ်းတယ်ဆိုတာပါပဲ
ဒီနှစ်တော့ စိတ်သွားတိုင်းကိုယ်မပါနိုင်တော့




ကြည်
သင်္ကြန်နားနီးတော့ ပျော်သလိုလို..လွမ်းသလိုလိုပါ။
မုန့်ဟင်းခါးချက်ပြီး မိတ်ဆွေတွေကိုခေါ်ကျွေးမယ်။



အောင်သာငယ်
သင်္ကြန်နီးလာတော့ ဘယ်လိုခံစားရပါသလဲ... ဆိုတော့

ရီးစားဦးကို သတိရတယ်
ကလေးတွေ ဘယ်လောက်ရပြီး
ခုချိန်ဆို ဘယ်လောက် အလုပ်ရှုပ်နေ
စိတ်ညစ်နေပြီလဲ တွေးမိတယ်...
တခါတလေပါ...
ကိုယ်နဲ့ မနီးစပ်ခဲ့တာ
သူ အတော် ကံကောင်းပါတယ်လို့လည်း
ရဲရဲကြီး တွေးနေမိသေး....

သင်္ကြန်နားနီးတော့
ပိတောက်ရနံ့တွေရတယ်
အ၀ါရောင်တွေရဲ့ အရိပ်ကို ရင်ခုန်တယ် ...
ရန်ကုန်မြို့ကြီးရဲ့
ရေတွေစိုရွှဲနေတဲ့ ကတ္တရာလမ်းကို
ခုချိန်မှာ ပြေးနမ်းနေချင်တယ် အရူးအမူးပဲ...
မနှစ်က သင်္ကြန်ရက်ထဲ ဆုံးသွားတဲ့ အမေ့ကို
အိပ်မက်ထဲမှာ အတင်း ပွေ့ထားရတယ်...
နောက်ထပ်တခါ လွတ်သွားမှာစိုးလို့...
ရွာလယ်လမ်းထိပ်က
ပိတောက်အိပ်မက်ဆိုတဲ့
ရေပက်တဲ့ နေရာလေးကို
အတွေးထဲမှာ ပြန်ရောက်တယ်....
သူငယ်ချင်းတွေနဲ့
အတူသောက်ရင်းကနေ
အိပ်ပျော်ခဲ့ဖူးတဲ့
မင်္ဂလာလမ်းထိပ်က
အရိပ်ကောင်းတဲ့ အရက်ဆိုင်လေးကို လွမ်းတယ်...
တမ်းတရတာတွေကို ပြောရင်
မောတယ်...
တထောင့်တညထက်
ရှည်လျားတဲ့ ညတွေအတွက်
စိတ်ပျက်တယ်...
ခုတော့
သင်္ကြန်ကို
မသိသလိုလို အယောင်ဆောင်နေတယ်...
အောင်မြင်မယ်တော့ မထင်ဘူး...
ဘာပဲဖြစ်ဖြစ်
စကားပြောဖြစ်တာကျေးဇူးတင်တယ်
- နောင်နှစ်ခါလည်း ဆီးလို့ကြိုကွယ် မောင်ကြီးလာပါမယ်-
ရင်ခုန်ဖွယ် တေးတစနဲ့
ပြန်လည် အိပ်မောကျသွားပါပေါ့...

သင်္ကြန်မှာ ဘာလုပ်ဖို့ အစီအစဉ်ရှိပါသလဲ... ဆိုတော့

ခုလောလောဆယ်တော့ - ပြိုင်တူလင်းတဲ့ ကောင်းကင်-လို့ အမည်ပေးထားတဲ့ ကဗျာစုတခုကို သင်္ကြန်အမှတ်တရအဖြစ် E-book တခု ဖြစ်လာအောင် စုစည်းနေတယ်။ တတ်နိုင်သမျှ အကောင်းဆုံး ဖြစ်အောင် ကြိုးစားနေပါတယ်။



အယ်ဇီ
မလွမ်းပဲ မနေနိုင်တာက လွဲလို့ 
သင်္ကြန် သီချင်းတွေ နားထောင်တာက လွဲလို့ 
ကိုယ်တတ်နိုင်တာ မရှိဘူးလေ
အလွမ်းတွေပြေစေဖို့ ဘလော့လည်ကာသာ နေမယ်လေ။



တက်စလာ
ငှက်အသွင် ပျံကြွ မတတ်သော်...... အော်... ပိတောက်တွေ တောင် .. ရွှေရီလူးပြီကော.... ဖူးးးးးးးးး....



အိန္ဒြာ
တရားစခန်းဝင်ဖြစ်တယ်
တစ်နှစ်လုံးညစ်ခဲ့တဲ့စိတ်တွေကို..
နည်းနည်းပါးပါးလျှော်ဖွတ်ကြည့်တာပေါ့...
ဒီနှစ်တော့...ဒီညစ်ထပ်ထပ်စိတ် အနွမ်းကြီးအတိုင်း
နောက်တစ်နှစ်ဆိုတာဆီကို...သွားရတော့မယ်လေ...



သက်ပိုင်သူ
city hall မှာ အပြတ်ကဲမယ်... မမပန်ရေ



လင်းဒီပ
စလုံးရဲ့ သင်္ကြန်အငွေ့အသက်ရှိမယ့် နေရာတွေမှာ သင်္ကြန်ကျနေမိမယ်..။ မိုးရေထဲက သင်္ကြန်ဖြစ်မယ်ထင်ပါတယ်..။အခုလည်း မိုးတွေရွာနေတယ်။ မနက်ဖြန်လည်း ရွာမယ်ထင်ပါရဲ့။



နုသွဲ့
ပြောချင်နေတာ ရေငတ်တုံး ရေတွင်းထဲကျ ဟိ။ အတွေးကောင်းတဲ့ မပန်ကို ကျေးဇူးတင်တယ်။

သင်္ကြန်နီးလာတော့ ငယ်ငယ်တုံးက အကြောင်းတွေ သတိရပြီး ပြုံးမိတာ ခဏခဏပေါ့။ သူငယ်ချင်းတွေနဲ့ နွှဲခဲ့တဲ့ သင်္ကြန် သိပ်မများလှပါဘူး။ ဒါပေမယ့် ငယ်တုံး ပျော်ခဲ့မိတာ မှန်တယ်၊ တန်တယ်။ အဲဒီတုံးက အပြင်းအထန် ခံစားချက်တွေဟာ ခုတော့ sweet old memories လောက်ပါပဲ။ အရေးမပါတော့ပါဘူး။ (လူငယ်များ မှတ်သားကြပါ) လောလောဆယ်မှာ သင်္ကြန်မိုး သီချင်းတွေ အပြန်ပြန် အလှန်လှန် နားထောင်နေတယ်။ ရုပ်ရှင်ကို ဗီဒီယို ကူးထားတာလေးလည်း ပြန်ကြည့်ကောင်း ကြည့်မယ်။ ဒီကားက Classic movie ပဲ။ DVD ရှိရင် လိုချင်တယ်။

သင်္ကြန်တွင်းက ဒီမှာ အလုပ်လုပ်ရက်ပါ။ နေ့မှာ ဆေးရုံသွားရမှာပေါ့။ ညနေကျ ဘလော့ဂ်ကနေ သူများတွေ ဘာလုပ်ကြလဲ စပ်စုအားကျမယ်လေ။ နှစ်ဆန်း စနေ-တနင်္ဂနွေမှာတော့ ဒီက သင်္ကြန်ပွဲ တခုခုကို သွားဖြစ်ဖို့ များပါတယ်။ သွားဖြစ်ရင် ပို့စ်တင်လိုက်မယ်။



ရွှန်းမီ
စာမေးပွဲတွေ မစဲရှိပါတယ်.. ဟူး .. .
အလွမ်းပြေလေးတောင် စိတ်ကူးမယဉ်နိုင်တဲ့ဘ၀ . . ဘ၀ .. ဘ၀။


မောင်ခင်လေး
လောလောဆယ်တော့ သင်္ကြန်တွင်း ကျောင်းမပိတ်ပေးလို့အခက်တွေ့နေပါတယ်
ဘယ်လိုကျောင်းပြေးရင်ကောင်းမလည်း စဉ်းစားနေတယ်အမပန် :)



စိုးဇေယျ
သင်္ကြန်နားနီးလာတော့ သင်္ကြန်သီချင်းတွေ ကြားရတယ်
ပိတောက်ပင်တွေကို မြင်တိုင်း အပွင့်များ ပွင့်နေမလားဆိုပြီး မော့ကြည့်မိတယ်
သင်္ကြန်သီချင်းဟောင်းတွေကို ကြားရရင် လွန်းခဲ့တဲ့ သုံးလေးနှစ်ကို ပြန်ရောက်သွားတယ်
ဒီနှစ်သင်္ကြန်ကတော့ ရန်ကုန်မြို့တွင်းမှာ ဓာတ်ပုံ လိုက်ရိုက်ဖြစ်လိမ့်မယ်
ကဲဖို့တော့ အစီစဉ်မရှိဘူး
ဘာကြောင့်မကဲလဲဆိုတော့
နန်းစုရတီစိုးလေး တရားစခန်းဝင်နေလို့



ထူးမြတ်
ဒီမှာ ဘာမှမလုပ်ကြဘူး ထင်ပါရဲ့ဗျာ...
၁၃ရက်နေ့ ကျရင်တော့ ချစ်သူနဲ့ ချစ်သူသက်တမ်း တစ်နှစ်ပြည့်တော့ သူ့ကို ဖုန်းခေါ်ဖြစ်မယ်။ ဒါပဲ ထူးထူးခြားခြားရှိမယ်



မိုးလှိုင်ည
ကျွန်တော် အင်တာနက်ဆိုင်ကို ညနေပိုင်းဖွင့်ရတယ်
နေ့လည်ပိုင်းက သီလယူမယ် စာအုပ်ဖတ်မယ် စာရေးမယ်
နှစ်ရက်လောက်တော့ ဘီယာသောက်ဖို့စဉ်းစားထားတယ်
သင်္ကြန်နီးတော့ အရင်ကလို ဘာလို့မပျော်တာလဲလို့တော့ စဉ်းစားမိတယ်


ဝင်းပေါ်မောင်
အလွမ်းဆုံးကတော့ သင်္ကြန်အနုပညာတွေပဲ။ ပညာသည်တွေ ဖန်တီးတာ မဟုတ်တဲ့ လူထုအနုပညာတွေ၊ အစုလိုက် အဖွဲ့လိုက် ဖော်ထုတ်တဲ့ အနုပညာတွေကို တမ်းတမ်းတတ နှမျောတယ်။ ကိုယ်ရောက်နေတဲ့နေရာမှာ တတ်နိုင်သမျှ ဖော်ထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် အခက်အခဲ များစွာကြောင့် ဒီနှစ် ဘာမှ မလုပ်တော့ဘဲ အားလုံးကို မေ့ပစ်လိုက်တယ်။ ပြည်တွင်းက သင်္ကြန်သတင်းတွေကိုလည်း မကြားချင် မမြင်ချင်တော့ဘူး။ ဝေးခဲ့ပြီ သင်္ကြန်ရေ...



တန်ခူး
သင်္ကြန်နားနီးလာတော့ သင်္ကြန်ပိုးလေးတွေ ၀င်လာပါတယ်…
တခုထူးခြားတာက ငယ်ငယ်က ပိုးနဲ့ ခုပိုးနဲ့  ပြင်းထန်တဲ့နှုန်းသိသိသာသာ လျော့ကျသွားပါတယ်…
ဒါပေမယ့်လေ… ပိုးကတော့ ရှိတုန်း…
ပြန်ချင်တယ်… သူများတွေရေပက်တာကို မဏ္ဍပ်ပေါ်က ထိုင်ကြည့်ချင်တယ်…
စိတ်ပါရင် ပိုက်လေးနဲ့ ရေထပက်ချင်တယ်…

မနက်ဖြန်ကျတော့ သားကို လိုက်ပို့ မလို့ …
သင်္ကြန်ဆိုတာ ရေပက်တာလောက်ပဲသားက သိတာကို…
ပြီးတော့ အိမ်ရှင်းမယ်… ဘုရားရေသပ္ပါယ်မယ်…
ဒီလောက်ပါပဲ…



သက်ဝေ
သင်္ကြန်နားနီးလာရင်...
ငယ်ငယ်ကထဲက သင်္ကြန်ကို မပျော်တတ်ပေမယ့် မျှော်တော့ မျှော်တတ်ပါတယ်။ ကိုယ်တိုင် ရေမကစားပေမယ့် သူများတွေ ကစားတာ ကြည့်ရင်း တူးပို့ တူးပို့ သီချင်းသံတွေအောက်မှာ ပျော်နေခဲ့ပါတယ်...။ သို့သော် အသက်ဝင် ပျော်ရွှင်စရာ သင်္ကြန်နဲ့ ဝေးဝေးမှာရောက်နေတာ ကြာလာတော့ သင်္ကြန်နဲ့ နီးတာတွေ ဝေးတာတွေ ဘာမှ ခံစားလို့ မရတော့ပါဘူး...။ အသက်ကြီးလာတာလဲ ပါမယ် ထင်ပါရဲ့...။ :-)

သင်္ကြန် အစီအစဉ်...
ထွေထွေထူးထူးတော့ ဘာမှမရှိပါဘူးလို့ပဲ ဖြေရပါလိမ့်မယ်...။ ရုံးမှ မပိတ်တာလေ...။
ရုံးက မြန်မာတစ်စုကတော့ တရက်လောက် ရုံးမှာပဲ ရွှေရင်အေး လုပ်စားကြရင် ကောင်းမလားလို့ ပြောနေကြတယ်။ တယောက်တမျိုးစီ ယူလာပြီး တကယ် လုပ်စားဖြစ်ကြရင်တော့ ပျော်စရာကောင်းမှာပါ...။


ကေသွယ်
သင်္ကြန် မှာ- ဘလော့ပိတ်ပြီး သီလယူ ဥပုပ် စောင့်ပါမည်။း)



ခင်ဦးမေ
စိတ်ကူးနဲ့တင်ပျော်စရာကောင်းပါတယ်။


ယောဟန်အောင်
အရည်ပျော်ဖို့ ရှိပါတယ်
သင်္ကြန်ကတော့ နားရက်ပါ
သောက်တယ်၊ နားတယ်
ဥပုသ်တော့ မစောင့်တော့ပါ
ကျနော်က နယ်စပ်ကရဲဘော်တွေကို နှစ်စဉ်သင်္ကြန်မှာ ပျော်အောင် လုပ်ပေးပါတယ်၊ ငွေစိုက်တယ်၊ ပျော်ပွဲရွှင်ပွဲလေးလုပ်ပေးတယ်၊
ကျနော် ဥပုသ်စောင့်ရင် သူတို့ဝမ်းနည်းမှာ စိုးလို့ပါ ;)



ဇာနည်ဝင်း
သင်္ကြန်ပွဲတော့ ၀င်မနွဲဖို့ ဆုံးဖြတ်ထားတယ် မအားလို့။ မနွှဲပေမယ့် သင်္ကြန်ရောက်တော့ အလိုလို ပျော်နေတယ်
ပိတောက်ပန်းမတွေ့ရ တူးပို့သံမကြားရပေမယ့် ပျော်တယ်ဗျာ။ :)




တူးတူးသာ
ဟီဟိ ဒါမျိုးကတော့ တို့က ပါပြီးသားပဲ .. သင်္ကြန်နားနီးတော့ ရုံးပိတ်တော့မယ်ဆိုပြီး ပျော်တာပေါ့ ..။ သင်္ကြန်ကျရင်လား .. ဒါကတော့ ဆင်ဆာကွဲ့ .. လုပ်မှာတွေက သိပ်များတယ် .. မဟုတ်တာက ပိုများနေလို့ :P


မေငြိမ်း
မပြောချင်လို့ ရှောင်နေတာကို .. :(
သင်္ကြန်ဆိုရင် သိတတ်တဲ့ အရွယ်ကစပြီး တခါမှ မလွတ်ဖူးအောင် နွှဲခဲ့တာ.. မနှစ်ကအထိပေါ့..။
ထိုင်းရောက်တော့လည်း ကိုယ်နေတဲ့ ဇင်းမယ်က ဗမာပြည်နဲ့ဆင်တဲ့အပြင် သင်္ကြန်နဲ့ ပတ်သက်ရင် နာမည်ကြီးဖြစ်လေတော့ ဘာပြောကောင်းမလဲ..။
ဆိုတော့ သင်္ကြန်ကို သင်္ကြန်မှန်းမသိလောက်အောင် ဖြတ်ရမှာတော့ ဒီနှစ်က အမှတ်တရ ပထမဆုံးနှစ် ပါပဲ... :( လူတွေ.. ပိတောက်ပန်းတွေ.. သူငယ်ချင်းတွေနဲ့ သင်္ကြန်ရှိနေကျ ရပ်ဝန်းတွေကို လွမ်းတယ်...ငေါင်တယ်။


ကျားကျား
သင်္ကြန်ဆိုရင် သိတတ်တဲ့ အရွယ်ကစပြီး တခါမှ မလွတ်ဖူးအောင် နွှဲခဲ့တာ.. မနှစ်ကအထိပေါ့..။
သင်္ကြန်
လွမ်းတယ်ဆိုတာပါပဲ
သင်္ကြန်နားနီးတော့ ပျော်သလိုလို..လွမ်းသလိုလိုပါ။
အလွမ်းပြေလေးပါ


blueskyforest
တနေကုန်စိုရွှဲ။ တွေ့ကရာအရက် အစုံသောက်။ သီချင်းသံကြားတိုင်း ထထခုန်။ စိတ်ကူးတည့်ရာ နောက်ပြောင်အော်ဟစ်။ သွေးထွက် ဖျားနာသွားတဲ့ အထိ ပျော်ပစ်ခဲ့တဲ့ အရသာဟာ သင်္ကြန်မှာပဲအပြည့် ရတယ်လို့ ထင်ပါတယ်။ လွမ်းစရာကောင်းတဲ့ကိစ္စပါ။
အခု သင်္ကြန်နဲ့ဝေးနေတာကြာတော့ သိပ်ပြီးသွေးမဆူ တော့ပါ။ သင်္ကြန်ပိုးလည်း သိပ်မရွတော့ပါ။ သင်္ကြန် သီချင်းသံကြားရင်တော့ သတိတရပြုံးဖြစ်ပါတယ်။
သင်္ကြန်ဆိုတာက သာမန်ပျော်ရွှင်ဖွယ်ကိစ္စ မဟုတ်ပါ။ အလွန်အမင်း ပျော်ရွှင်ဖွယ်ရာသာဖြစ်ပါတယ်။ မိတ်ဆွေများအားလုံး သင်္ကြန်တွင်းမှာ အလွန်အမင်း ဖြစ်ကြပါစေ။


ဆည်းဆာသံစဉ်
မပန်ရေ သင်္ကြန်နဲ့ဝေးတော့ သူ့ရနံ့တွေ ပျက်ပြယ်သလောက်ဖြစ်နေတယ်ဗျာ
ဒါပေမယ့်တစ်ရေးနိးလို့ထကြည့်တော့ သင်္ကြန်ဆိုတာတစ်ခေါက်ပြန်ရောက်ပြန်ပြီပေါ့
သူ့ရင်ခွင်ကို တစ်ခေါက်တော့ပြန်ခိုအုံးမယ်လို့ အိပ်မက်တွေမက်နေတုန်းပါပဲ ....
လွမ်းရပါတယ် သင်္ကြန်ရေပေါ့ ဗျာ



မီယာ
သင်္ကြန်နီးလာတော့ မုန့်လက်ဆောင် အေးအေးလေး သောက်ချင်ပါတယ်။ ရန်ကုန်မှာလို ရုံး အရှည်ကြီး ပိတ်ရင်ကောင်းမယ် လို့ စဉ်းစားနေတယ်။

သင်္ကြန်မှာ အလုပ်သွားရမယ်။ အနီးအနားမှာ သင်္ကြန်ပွဲလည်း မရှိတော့ စင်ကာပူက သင်္ကြန်ပွဲတွေအကြောင်းပဲ စောင့်ဖတ်တော့မယ်။



ဖိုးသင်္ကြန်
သင်္ကြန်နဲ့ပတ်သတ်ရင် သတိအရဆုံးက ကတ္တရာလမ်းပေါ် ရေစက်တွေကျလို့ပဲဖြစ်ဖြစ်
သင်္ကြန်မိုးရွာလို့ပဲဖြစ်ဖြစ်
ကြွတက်လာတက်တဲ့ မြေသင်းနံ့လေးတွေပါ။
ခု အလုပ်လုပ်နေရင်း သားစိုးသီချင်းကို ဂိတ်ဆုံးဖွင့်နားထောင်ပြီး လိုက်အော်နေပါတယ်။

စာအုရေ...ရွာမှာတော့ ငါတို့ သူငယ်ချင်းတွေ တစ်ယောက်မှ မရှိတော့ဘူး။ နင်ရော
ဘယ်ရောက်နေပြီလဲ?
ဟ... ဟ... ဟ... ဟ...


မာရေးသျှင်
သင်္ကြန်အဦး
ပိတောက်ဖူးကို
ခြွေခူးမိယောင်ယမ်း …
မျက်ရည်ခန်းထိ
စွတ်ဖြန်းလန်းပွင့်စေပါ့မည်။……….။



choco thazin
သင်္ကြန်အကြောင်းတွေ လိုက်ဖတ်ရင်း.. သင်္ကြန်ပုံတွေလိုက်ကြည့်ရင်းနဲ့  ရယ်ချင်သလိုလို ငိုချင်သလိုလိုကြီးဖြစ်ပြီး ကိုယ်တွေပူပြီးဖျားလာပါတယ်
ဒီညလည်း ဆေးသောက်ပြီးအိပ်ရပါဦးမယ်
မနက်လည်းအလုပ်တက်ရပါမယ်
သင်္ကြန်ဆိုရင်...
၎ နှစ်သမီးမူကြိုစနေကတည်းက ညိုမြသီချင်းနဲ့ ကခဲ့တာပါ
သိတတ်စအရွယ်ကတည်းက ညီမတို့ အိမ်ကလူကြီးလူငယ်မကျန် ကားတစ်စီးနဲ့ မိုးလင်းမိုးချုပ်လည်ခဲ့ကြတာဆိုတော့ အစ်ကိုတွေ၊ ဦးလေးတွေ မောင်တွေ ညီမတွေ အို...အားလုံးကိုလွမ်းပါတယ်
ဟင်း... သင်္ကြန်နဲ့ ဝေးတာ ၂ကြိမ်ရှိပါပြီ



ကိုလူထွေး
ပိတောက်တစ်ခက်
စောင့်ရက်ရှည်ကြာ
မပေါ်လာသူ
မျှော်ကာပူရ
ဤလိုမှဖြင့်
နေ့ သစ်တို့ လွှမ်း
ရင်မှာလွမ်း၍
ပိတောက်ပန်းတို့  ပွင့်ပြန်ပြီ..



ဝင်းလတ်
သင်္ကြန်နီးလာတော့ (ပထမ) အမေ့ကိုသတိရတယ်
အမေက သင်္ကြန်လဲပြီးရော ကျွန်တော်တို့မောင်နှမလေးယောက်နဲ့ အဖေ့ကို ထားပစ်ခဲ့တာလေ...အခုဆို ၂၁ နှစ်တောင်ရှိသွားပြီ။
(ဒုတိယ)သူမကိုသတိရတယ်။
သင်္ကြန်ပြီးတော့ နောက်လမှာ သူမနဲ့ မင်္ဂလာဆောင်ပစ်လိုက်တယ်ဗျာ။သင်္ကြန်တွင်းမှာ ကုသိုလ်တွေပို လုပ်ပစ်လိုက်မှာပေါ့....နော့်



ပင့်ဂိုးလ်
သင်္ကြန်နားနီးရင် အလိုလို ရင်ခုန်တယ်.. သင်္ကြန် သီချင်းတွေကြားရင် ကချင်တယ်.. သင်္ကြန် ရောက်ရင် ပျော်တယ်....

ဒီနှစ်တော့ ဘာမှ လုပ်ဖို့ စိတ်ကုးမရှိပါဘူး.. အိမ်မှာနေတယ် ရှစ်ပါးသီလ ခံမယ်.. စာကျက်မယ်.. ရုံးပြန်ဖွင့်ရင် ရုံးတက်မယ်..



ဟန်သစ်ငြိမ်
ဒီတန်ခူးရွှင်မြူး နှစ်ဦးရောက်ပြီလေ... မူးနေအောင် သောက်လိုက်တော့လေ... မောင်မောင်ရယ်တဲ့ မူးနေအောင် သောက်လိုက်တော့ ရမ်းပါတယ်တဲ့ခင်ဗျ ၀ီစကီတွေ အေးပါတယ်ဆို... ဘီယာက ချမ်းပါတယ်ဆို...


ပုလင်းတွေ စီကာသောက်ကာဝိုင်း တန်ခူးလရောက်လေတိုင်း ဘီယာဘားလေးနား ရေကစားထွက်လို့လည် ကိုကိုတို့ ရေကစားထွက်လို့လည်...
သင်္ကြန်နှစ်ဦး သောက်စို့ သောက်စို့ သောက်လို့မြူးမယ်ဗျာ... သင်္ကြန်မယ်များ သောက်လို့ သောက်လို့ သောက်လို့မြူးတယ်ဗျာ... ရွှေပတ်၊ မြန်မာသောက်လို့ သောက်လို့ အာရုံဖျော်ဖြေတာ... မယ်တို့ကိုလည်း သောက်ဖို့သောက်ဖို့ အမှာစာချွေချင်တာ...

==============

သင်္ကြန်ခါတော် ဘီယာသောက်ကြတာ ပျော်ရွှင်စရာ သောက်ခါ မူးခါ မောင်ရင်းနှမမှာ ညူစူကာ အော်... ရေကစားမှာ ရေကစားမှာ ငမူးလို့ အခေါ်မခံချင်နဲ့ကွာ

သောက်သောက် သောက်လိုက်ပါ... မူးအောင် သောက်လိုက်ပါ ပက်ပက်ပက်လိုက်ပါ ညီမလေးတွေလည်းပါ...

နောင်နှစ်ခါလည်း ဒီနှစ်လိုပဲ ကျွန်တော်တို့ ကဲကြမှာ
အ၀ီစိမှာလည်း ရက်ချိန်ယူပြီး ဆက်ပြီး ကဲအုန်းမှာ
ရက်မြတ်အခါ ဒီအချိန် ဒီအတာ နှစ်ဦးတန်ခူးမို့
ဘီယာမူးကြပြီး ကားမောင်းမယ်လေကွာ...။

အစ်မရေ... ပျော်စေပျက်စေနော်...




မိုးချိုသင်း
သင်္ကြန်မှာ ဘယ်လို ခံစားရသလဲ ဆိုတော့ သင်္ကြန်လိုပဲ ခံစားရတာပေါ့။ သင်္ကြန်ဆိုကတည်းက ရေတွေနဲ့ ၊ မြူးမြူးကြွကြွ သီချင်းတွေနဲ့ သင်္ကြန်သံချပ်တွေနဲ့ သင်းပျံ့နေတာမျိုးလေ။

ကိုယ့်မြေနဲ့ အဝေးကို ရောက်နေသူအဖို့မှာတော့ အကျဉ်းကျနေသူတွေ အပြင်က သင်္ကြန်ကို စိတ်ကူးနဲ့ မျှော်သလိုမျိုးပါပဲ။ လူအကျဉ်းကျတာ မဟုတ်ပေမဲ့ စိတ်အကျဉ်းကျတဲ့ ခံစားမှုမျိုးပါပဲ။ အပျော်မစွက်တစွက်ပေါ့လေ။

LAမှာတော့ ၁၉ရက်မှာ သင်္ကြန်ပွဲလုပ်မှာပါ။ သင်္ကြန်ဈေးရောင်းပွဲမှာ ဒီက နိုင်ငံရေးလုပ်ကြတဲ့ မိတ်ဆွေတွေကို ဈေးကူရောင်းပေးဖို့ အစီအစဉ် ရှိပါတယ်။ သင်္ကြန် သီချင်းတွေ နားထောင်ရင်း မြက်ခင်းပေါ်မှာ ဖျာခင်းပြီး သူငယ်ချင်းတွေ ဆုံကြ၊ စားကြမယ်။ ပျော်တော့ ပျော်မှာပဲ။ ဒါပေမဲ့ တခုခုတော့ လိုနေသလို ဖြစ်နေအုံးမှာပဲ။



ကလိုစေးထူး
ရေခြားမြေခြား ရောက်နေတော့ ငါမပျော်ရတဲ့ သင်္ကြန်ရောက်လာ ပြန်ပါပေါ့လားလို့ ခံစားရတယ်။ ကိုယ့်တိုင်းပြည် ကိုယ်ပြန်ရောက်ရင်တော့ သင်္ကြန်ခံစားချက် ပြောင်းသွားနိုင်တယ်။

နေ့ဘက်အလုပ်လုပ်၊ ညဘက်မှာ သင်္ကြန်သီချင်းနားထောင်လို့ သင်္ကြန်သတင်းတွေ လိုက်ဖတ်ရင်းနဲ့ပဲ အချိန်ကုန်ဖို့ရှိပါတယ်။



ခင်မင်းဇော်
ပန်ပန်က လာမရေးလို့တဲ့..
တို့တွေက ရင်ထဲက သင်္ကြန်မဟုတ်ဘူးလေ။
တကယ်သင်္ကြန်ကျနေတယ်။ ဒီနှစ်ဆို သင်္ကြန်ကို ၂ ရက်တိုးပြီး ကျင်းပရမတဲ့လေ..
သင်္ကြန်ထမင်းကလဲ တနေ့ တရုံး၊ မုန့်လုံးရေပေါ်၊ ရွှေရင်အေး။ ပေါင်မုန့်အုန်းနို့ဆမ်း တနေ့ သုံးလေးမျိုး။
တူးတူးသာတို့သင်ကာတို့ ဟန်သစ်ငြိမ်တို့ကို အရှုံးမပေးပဲ
ခုတောင် ၀ိုင်နီသောက်ပြီး လာရေးတာ ဟဟ။
(မနာလိုဖြစ်ကြပါစေ သတည်း)



အိဝေ
သင်္ကြန်သီချင်းတွေနားထောင်ပြီး ဘလော့တွေမှာရေလိုက်ပက်ဖြစ်တယ်..... သင်္ကြန်ကိုလွမ်းတယ်။ အရင်နှစ်တွေက အပြင်ထွက်လည်တာတွေ ရေပက်တာတွေ မလုပ်ဖြစ်ပေမယ့် သူများတွေ ရေကစားနေကြတာ ကြည့်ရင်း ပျော်လို့ရသေးတယ်.... ခုတော့ အဲဒါတောင်မှကြည့်လို့ရတော့ဘူး။ ဘေးအိမ်က ပိတောက်တွေပွင့်လို့ ပိတောက်နံ့လေးတသင်းသင်းနဲ့ နေလို့ရခဲ့သေးတယ်..... လွမ်းတယ် သင်္ကြန်ရဲ့အငွေ့အသက်တွေကို...... :)

ညီညီ(သံလွင်)
သင်္ကြန်ဆို ငယ်ငယ်က အိပ်မပျော်ဘူး။ ရေပူဖောင်းတွေ လုပ်ရတာ အမော။ ဆယ်ကျော်သက်ဖြစ်လာတော့ ဂျစ်ကား ရှေ့မှာ ထိုင်ရတဲ့ အရသာကို ကြိုက်တတ်လာတယ်။ ၁၉ နှစ်သားကတည်းက သင်္ကြန်နဲ့ ခွဲလိုက်ရတာ ၈ နှစ်ကြာမှ တစ်ကြိမ် ထပ်တွေ့တယ်။ ၂၀၀၆ သင်္ကြန်ကို တွေးမိတိုင်း သံလွင်အဖွဲ့သား လတ်ပုံတူတွေ ဖြစ်တဲ့ ဇင်ကိုလတ်၊ နေဘုန်းလတ်တို့နဲ့အတူ အင်းလျားလမ်းက NYPian မဏ္ဍပ်မှာ ပျော်ခဲ့ကြတာ သတိရတယ်။ ဓာတ်ပုံတွေ ပြန်ကြည့်ဖြစ်တော့ နေဘုန်းလတ်ကို သတိရမိပြီး စိတ်မကောင်းဘူး။

သင်္ကြန်မှာ ချန်ပီယံလိဂ် ဘောလုံးပွဲတွေ ကြည့်လိုက် မကြာခင်ထွက်မယ့် သံလွင်အိပ်မက် အီးဇင်းအတွက် အလုပ်ရှုပ်လိုက်နဲ့ ဒီလိုပဲ သင်္ကြန်ဆိုတာ ကိုယ်နဲ့မဆိုင်သလို ဖြတ်ကျော်နေမိတယ်။ ဘယ် ပိုလီ သင်္ကြန်မှလဲ မသွားဖြစ်ဘူး။ ဘယ် ဘုန်းကြီးကျောင်း သင်္ကြန်မှလဲ မသွားဖြစ်ဘူး။ မုန့်လုံးရေပေါ်တောင် မိန်းမ လုပ်ကျွေးလို့ စားရတာ :)

ကိုဖြိုး
အဲဗျာ ... သင်္ကြန်တောင်ကျပြီလား ...
သိတောင်သိလိုက်ဘူး ...
အရင်တုန်းကတော့ ဘုန်းကြီးကျောင်းမှာ လုပ်အားပေးပြီး ညာတုပ်တယ်ဗျ ...
အခုတော့ အမိမြေနဲ့အဝေးမှာ ခွေးတောင်လာမဟောင်ဘူး ... (စိတ်ပျက်စရာ)
သင်္ကြန်ကို ဘယ်လိုခံစားရလဲဆိုရင်တော့ ဘယ်လိုမှ မခံစားရဘူးဗျ ... သင်္ကြန်မှမဟုတ်ဘူး ဘယ်ပွဲကိုမှ ဘယ်လိုမှ မခံစားရဘူး ... ဟီးဟီး (ပိုက်ပိုက်မရှိရင် မကဲတာကောင်းတယ် ဟဲဟဲ)
သင်္ကြန်မှာ ဘာလုပ်မယ်လို့ အစီအစဉ်တောင် မချရသေးဘူး ... ဟိုအကောင် ညီညီလာပါဦး ပုံဆွဲပါဦးဆိုလို့ ဗိုက်နာနာနဲ့ဆွဲလိုက်ရတယ် ...
သူများတွေ သင်္ကြန်ကျပြီး ကဲကြ ပြဲကြ ရွဲကြတာကို မြင်နေတွေ့နေရတာတော့ အားကျသလိုလို ဆဲချင်သလိုလိုပါပဲ ...
ဘာမှတော့ မပြောပါဘူးနော် (သူလည်းသူလုပ်ချင်ရာသူလုပ် ကိုယ်လည်းကိုယ်လုပ်ချင်ရာကိုယ်လုပ်ပေါ့)
ကြိုက်တဲ့အရက်ချင်းမတူဘူးဆိုပြီးတော့တော့ ပုလင်းရိုက်မခွဲပါဘူး ... ဟီးဟီး
နှစ်ဆန်းတစ်ရက်နေ့ကိုတော့ သီလယူမယ်စဉ်းစားထားတာပါပဲလေ ... တစ်ပါးသီလပေါ့ဗျာ ...
အန်တီပန် ပန့် ပန်ကတော့ ပျော်နေမှာပေါ့လေ ... သတင်းရထားတယ်နော် ...



ခမ်းကီး
အဟဲ... ကျနော်လည်း ၀င်နွဲမယ်နော်။
ဒီနေ့အဖို့ ဘယ်မှကို မလည်ဖြစ်လို့ သူများအိမ်တွေမှာ လိုက်မွှေနေတာ။

ဒီနှစ်သင်္ကြန်အတွက် လူသိနည်းတဲ့ ပျဉ်းမပန်း ပို့စ်ကို အမှတ်တရ တင်ခဲ့ပါတယ်။

သင်္ကြန်သီချင်း ကာရာအိုကေဖွင့်ပြီး အပြတ်ကို ရင်ဖွင့်မယ်ဗျာ။

ဘေးဘယာဝေးကွာ မင်္ဂလာအဖြာဖြာ ပြည့်စုံသော နှစ်သစ်ကို ပိုင်ဆိုင်နိုင်ပါစေ..


ညလေး
မင်္ဂလာနှစ်သစ်ပါ မပန်ရေ...
ပို့စ်စတင်ထားတည်းက ကြည့်နေတာ ရေးရင်ကောင်းမလားလဲ တွေးမိပါရဲ့။ သို့သော် သင်္ကြန်က ကိုယ်နဲ့ ဘာမှ မဆိုင်သလိုပဲ။ ပိတောက်လဲ မရှိ ရေလဲ စိုမှာ မဟုတ်လို့ ခံစားလို့မရလို့ ခု သူများတွေ ရေးထားတော့လဲ ရေးချင်လာပြန်ရော (စိတ်ကိုက)။ ကောင်းမှုတော့ လုပ်ဖြစ်ပါတယ်။
ရန်ကုန်ရောက်ရင်တော့ ခံစားချက် ပြောင်းသွားမှာပါ၊ ကဲမှာပေါ့နော။ ၂၀၀၅ တုန်းက လည်ခဲ့ရတဲ့ မန်းသင်္ကြန်းကို လွမ်းပါတယ်။



မောင်မျိုး
သင်္ကြန်နားနီးရင် ကိုယ်ထဲက ပိုးတွေက ကြွကြွလာသလိုနဲ့ အလိုလိုနေရင်း ပျော်သလိုခံစားရပါတယ် ။ သင်္ကြန်ရက် အစီစဉ်က စိတ်ညစ်စရာတွေများနေတာ ကြာလို့ စိတ်ငြိမ်းချမ်းမှု ရှာပုံတော်ဖွင့်တဲ့ အနေနဲ့ ၁၁ ရက် ဘုန်းကြီးသွားဝတ်ခဲ့တယ် ။
နောက်တော့ကျနေပြီင်္း ဒါပေမယ့် ဖြေလိုက်တယ်နော့်း)


Expand..

Tuesday, April 7, 2009

ဆေးဆိုးထားတဲ့ကဗျာ



ဆေးဆိုးထားတဲ့ကဗျာ

အဖြူထည်သက်သက်က
ဈေးကွက်မ၀င်ဘူးဆရာ
ခေတ်ဆိုး ဆိုးခေတ်မှာ
ဆိုးနိုင်မှ တော်ရုံကျတယ်
တကယ်တော့ ဘယ်ဆိုးချင်ပါ့မလဲ
ဆိုးနေလို့ ဆိုးမိတာပါ
ဆိုးတာကို ဆိုးတယ်လို့ ပြောလို့မရပေမယ့်
ဆိုးတာကျတော့ ဆိုးမှန်းသိသတဲ့
ဆိုးကို ဆိုးပါတယ်လေ
ဆိုးတာတွေကြားထဲ ကိုယ်ယောင်ဖျောက်ဖို့
အရဲကိုးပြီး ဒီကဗျာကိုလည်း ဆိုးလိုက်တယ်။



ပန်ဒိုရာ




ရေးဖို့ဦးတည်တာတခြား ထွက်တာတလွဲ ဖြစ်နေတော့ ဘလော့ဂ်အတွက် ဖြစ်သွားတယ်။း)

Expand..

Monday, April 6, 2009

အထိအမိမရှိတဲ့နေ့

………………………….xxxxxxxx
………………xxxxxxxxxxxx………………………xxxxxxx
………….xxxxxxxxxxxxxxxxxxx…………….xxxx
……xxxxxxxxxxxxxxxxxxxxxxxxxx…..xxx
>@xxxxxxxxxxxxxxxxxxxxxxxxxxxxx
……xxxxxxxxxxxxxxxxxxxxxxxxxx…..xxx
………….xxxxxxxxxxxxxxxxxxx…………….xxxx
………………xxxxxxxxxxxx………………………xxxxxxx
………………………….xxxxxxxx


အထိအမိမရှိတဲ့နေ့

တောင်လေရေကျမှာ
ပင်လယ်ဝက လှော်ခတ်ပြန်ခဲ့တယ်
ဝမ်းပေါက်ထဲကရေတွေ တယောက်တည်း ခပ်ထုတ်လို့
နက်ပကျွန်းရဲ့ ခက်ရင်းခွအောက်မှာ လုံးလုံးမြုပ်မတတ်
သောင်ကိုဆိုက်တော့ မိုးစုန်းစုန်းချုပ်ပြီ
ပိုက်ဖာတဲ့ ကလေးမတွေ ငါ့လှေလေးထဲ ၀ိုင်းအုံရွေးကောက်ကြ
တကယ်တော့ မိခဲ့တာ ဗလာ တွေချည်း
သောင်ပြင်ပေါ်မှာ သဲတွေလူးနေတဲ့ ခရုတကောင်ကို ကန်ထုတ်လိုက်တယ်
ပင်လယ်ရေ စဉ့်တအိုးနဲ့ ရေဆေး ငန်ပျစ်ပျစ်ဖျော်ပြီး
ရှိရှိသမျှအုန်းပင်တွေမှာ ငါလျှောက်ခြယ်
လွတ်ခဲ့သမျှရေသတ္တ၀ါတွေ အကုန်ကြီးနေတော့တယ်။

ပန်ဒိုရာ



ပြီးခဲ့တဲ့ ရက်တွေက စာရေးရတာ အာရုံမကျလို့ ခြစ်မိတဲ့ စာကြောင်းတချို့ပါ။ အခုလည်း အီးဇင်းတွေအတွက် ဦးစားပေးပြီး အချိန်မီအောင် ရေးနေပါတယ်။ လတ်တလော ဘလော့ဂ်ထဲတော့ အဟောင်းတချို့ဖြစ်ဖြစ် ပုံတချို့ဖြစ်ဖြစ် ဆက်တင်ဖြစ်မယ်။


Expand..

Saturday, April 4, 2009

ပန်ဒိုရာ လောကအလှ အင်တာဗျူး




လောကအလှ ဆိုတဲ့ အွန်လိုင်း မဂ္ဂဇင်းလေးကို ကြားဖူးကြမှာပါ။ ဟိုမေးဒီမေး မေးလာလို့ ဟိုဖြေဒီဖြေ ဖြေလိုက်ပါတယ်။ :)

မေးခွန်းတွေထဲမှာ ....

  • ဘယ်အချိန်ကစလို့ စာတွေရေးခဲ့တာပါလဲ။ 
  • ဘယ်လို ခံစားရေးပါသလဲ။ 
  • ရေးတဲ့အခါမှာ စာဖတ်သူကို တစ်ခုခု ပေးလိုက်မယ်လို့ ရည်ရွယ်ရေးတာလား ဘယ်လို မု(ဒ်)မျိုး နဲ့ရေးပါသလဲ။ 
  • ကဗျာတွေထဲမှာရော ဘယ်လိုကဗျာ အမျိုးအစားတွေ ကြိုက်ပြီး ရေးဖွဲ့ပါသလဲ။ 
  • ယနေ့ခေတ်လူငယ်တွေကို ဘယ်လိုမြင်မိပါသလဲ။ 

... စတာတွေ ပါပါတယ်။ ဘယ်လို ဖြီးလိုက်လဲ အဲ ဖြေလိုက်သလဲ သိချင်ရင်တော့ ဒီမှာ သွားဖတ်ကြပါ။ :)


Expand..

Thursday, April 2, 2009

ပန်ဒိုရာရဲ့ ဒုတိယအကြိမ် - ၁

ကိုရင်နော် ခင်လေးငယ် တို့က တက်ဂ်လာပါတယ်။ ဒုတိယအကြိမ် ပြန်ဖတ်စေချင်တဲ့ ပို့စ်လေးတွေ ရှိရင် တင်ပေးပါတဲ့။  ကိုယ့်ဘာသာလည်း ဒီဘလော့ဂ်က စာတွေကို လူတွေ ဘယ်လောက် ဖတ်ပြီးပြီလဲဆိုတာ စစ်တမ်းလေး ကောက်ထားပါတယ်။ မဖတ်ရသေးတဲ့လူတွေ များနေရင် ပြန်တင်ချင်တဲ့ တချို့ပို့စ်တွေကို ဒုတိယအကြိမ် တင်သွားရင် ကောင်းမလားလို့ စဉ်းစားနေတုန်းမှာပဲ တက်ဂ်လိုက်တော့ အတော်ဖြစ်သွားပါတယ်။

ပေါ့ပေါ့ပါးပါး ရေးခဲ့တဲ့ ပို့စ်လေးတစ်ခုကို သတိရမိပါတယ်။ ကိုရင်နော်ခင်လေးငယ် အမှတ်တရလည်း ဖြစ်တာပေါ့။ သူတို့ဘလော့ဂ်ကို ပထမဆုံးသွားလည်ခဲ့စဉ်က သူငယ်ချင်းနှစ်ဦး ပေါင်းပြီး လုပ်ထားတဲ့ ဘလော့ဂ်လေးမို့ သဘောကျပြီး ပန်ဒိုရာရေးတဲ့ ဒီပို့စ်လေးကိုလည်း လာဖတ်ပါဦးလို့ ခေါ်ခဲ့သေးတယ်။ ကိုရင်နော်ခင်လေးငယ် တို့လည်း မှတ်မိမယ် ထင်ပါတယ်နော်။

၂၀၀၇ ဂျွန်လက ရေးခဲ့တဲ့ ၀တ္ထုတိုလေးပါ။ အဲဒီအချိန်ပိုင်းတွေက ရယ်စရာမောစရာ ပေါ့ပေါ့ပါးပါးတွေ တော်တော်ရေးဖြစ်တယ်။ ရယ်စရာသန့်သန့်ကို ဖန်တီးဖို့ရာဖြစ်ဖြစ် ခံစားနိုင်ဖို့ဖြစ်ဖြစ် ဆိုတာ လူတွေရဲ့စိတ်ထဲမှာ လောဘ ဒေါသ မောဟတွေ စင်နေတဲ့ အချိန်ပိုင်းလေးဖြစ်မှ ဒါမှမဟုတ် အတော်ပါးလျနေမှ ရနိုင်တယ် လို့ ကြားဖူးပါတယ်။ ကိုယ့်အတွက်တော့ ပေါ့ပေါ့ပါးပါးစာကို ရေးချင်တိုင်း ရေးလို့ အလွယ်တကူ မရပါ။ အခုတော့ အရင်လောက် စိတ်တွေ မကြည်လင်နိုင်တော့တာလည်း ကြာခဲ့ပြီလေ။ ဧပြီ ၁ ရက်နေ့ကတော့ ပျော်ရွှင်စရာ စာတခု ရေးဖြစ်ပါတယ်။ ဖတ်ပြီး ရယ်မောသွားကြတယ်ဆိုရင် ၀မ်းသာပါတယ်။

ပို့စ်အဟောင်းလေးကို ပြန်ခံစားကြည့်ကြပါဦး။ မဖတ်ရသေးရင်တော့ အသစ်ပေါ့နော်။

.......................

ကိုဖိုးရမ် မဘလောက်

ကိုဖိုးရမ်နှင့် မဘလောက်တို့သည် ဗာကျုရယ်ဝါးလ်ဒ် (virtual world) ဟုခေါ်သော အင်တာနက်ကမ္ဘာ လောကသားများ ဖြစ်ကြသည်။

အင်တာနက် လောကသား မှန်လျှင် ဘလော့ဂ်တစ်ခုတော့ ပိုင်ဆိုင်ကြသော ယနေ့ ခေတ်ကြီးတွင် ကိုဖိုးရမ်လည်း ဘလော့ဂ်တစ်ခု တည်ထောင် ထားပါသည်။ သို့သော် သူ့ စိတ်ဝင်စားမှုကတော့ ဖိုရမ် forum များတွင် ရေးသားခြင်းကို ပိုသည်။ အဦးဆုံး မြန်မာဖိုရမ်များထဲမှ ဖြစ်သော ဇလုံဖိုရမ်မှ စ၍ ရတာနာ၊ ပုလင်းနက်၊ မြန်မာကော်ဖီရှော့၊ နှေးထစ်ဖိုရမ်၊ ပဒုံပျော့ ဖိုရမ်၊ မြန်မာဘလော့ဂါဖိုရမ် စသည်တို့သာမက ပရော်ဖက်ရှင်နယ်များ စုဝေးသော မြန်မာအန်ဂျီပျိုများ ဖိုရမ်ပါမကျန် သူ့ခြေရာ အဲ.. သူ့အိုင်ပီအက်ဒရက်စ် တွေချည်း။ အပြော ကလည်း ကောင်း၊ ငြင်းခုံ ဆွေးနွေးရာတွင်လည်း ချက်ကျလက်ကျ အာဘောင်အာရင်း သန်ပေရာ အလွန် လူကြိုက်များ ရေပန်းစားလှလေသည်။

မဘလောက်ကတော့ ဘလော့ဂါလောကတွင် ပိုမို နာမည် ထင်ရှားသည်။ သူမသည် မြန်မာ အင်တာနက် ခေတ်ဦးက ဖိုရမ်များတွင် ၀င်ဖတ်ဝင်ရေး လုပ်ခဲ့သော်လည်း ဘလော့ဂ် blog ဆိုသည်များ ခေတ်စားလာတော့ ဘလော့ဂ်ကိုသာ ပိုစိတ်ဝင်စားကာ ဖိဖိစီးစီး ရေးနေသူ ဖြစ်သည်။ စိတ်ဝင်စားဖွယ် စာ၊ကဗျာ၊ ရုပ်ပုံလှလှ၊ သီချင်းကောင်းကောင်းများ ဝေေ၀ဆာဆာဖြင့် အင်တာနက် ပရိသတ်ကို ဆွဲဆောင်နိုင်သူဖြစ်သည်။ ဘာသာစကား ကျွမ်းကျင်ကာ အရေးအသားကောင်းရုံ သာမက ဘန်နာ လှလှ ဘက်ဂရောင်း ဆန်းဆန်းပြားပြား ကလေးများ ဖြင့် ဘလော့ဂ်ကို သပ်သပ်ရပ်ရပ် အလှဆင်ကာ ပို့စ်များကိုလည်း စနစ်တကျ နေရာချ စီစဉ်တတ်သော မိန်းကလေးဘလော့ဂါ ပီသသူလေး ဖြစ်သည်။

သူတို့နှစ်ယောက် စတွေ့ကြပုံကတော့ ဒီလို။

မဘလောက် က မြန်မာ ဘလော့ဂါ ဖိုရမ်တွင် သူမ၏ဘလော့ဂ် ကို မိတ်ဆက်သည့် ပို့စ်တစ်ခု သွားတင်ထားသည်။ ဒါကိုကိုဖိုးရမ်က တွေ့သွားပြီး ဘာရယ်မဟုတ် လာလည်မိရာမှ မဘလောက် ၏ ပရိသတ် ဖြစ်သွားကာ ဆီပုံးဟုခေါ်သော C Box ထဲတွင် အမှတ်တရ စာတစ်ကြောင်း နှစ်ကြောင်း အမြဲ ရေးသွားလေ့ရှိသည်။ မဘလောက်ကလည်း ကိုဖိုးရမ်၏ ဘလော့ဂ်ကို ပြန်လည်ပတ်သည့် အပြင် ကိုဖိုးရမ်ရေးလေ့ရှိသော ဖိုရမ်များတွင် သူမပါ ရီဂျစ်စတာ လုပ်ပြီး ၀င်ဖတ် ကြည့်ရင်း ကိုဖိုးရမ်၏ ပြောနိုင်ဟောနိုင် ဗဟုသုတ အရည်အချင်းများကို အထင်တကြီး သဘောကျ လာမိသည်။

ဒီလိုနှင့် အချိန်ကြာလာသည်နှင့်အမျှ တစ်ယောက်အကြောင်း တစ်ယောက်သိလာ အပေးအယူမျှလာသည်။ အခေါ်အဝေါ်လေးတွေက အစ “ကိုကိုရမ်” က “လောက်လေး” က ဟုကြင်ကြင်နာနာ ဖြစ်လာကြပြီ။

ဒီတော့လည်း ဒီလောက် လိုက်ဖက်ညီတဲ့ နှစ်ယောက် ဘလော့ဂေ့ဂ်ျ blogage လုပ်ကြပါလား ဟု ပတ်ဝန်းကျင်က တိုက်တွန်း လာကြသည်။ ( မှတ်ချက်။ အဓိပ္ပာယ် အနှစ်သာရ တနည်းအားဖြင့် ဆင်သယောင် ရှိသော်လည်း blockage မဟုတ်ပါ။) ဘလော့ဂေ့ဂ်ျ လုပ်ခြင်း ဆိုသည်မှာကား ဘလော့ဂါနှစ်ဦး ပူးပေါင်း၍ ပရော်ဖက်ရှင်နယ် ဘလော့ဂ် တစ်ခု ထူထောင်ခြင်းဖြစ်သည်။ မြန်မာဘလော့ဂါများကတော့ ဘလော့ဂ်ထောင်ကျခြင်း ဟုလည်း တင်စား ခေါ်ကြလေသည်။

အင်တာနက် လောကကြီး အရည်အသွေး တိုးတက်ရေးအတွက် ဘလော့ဂေ့ဂ်ျ လုပ်ခြင်းကို ပေါ်လစီအရ ကမ္ဘာနှင့်အ၀ှမ်း အလွန်အားပေးလေသည်။ ဘလော့ဂေ့ဂ်ျ လုပ်လိုပါက ဘလော့ဂါနှစ်ဦးသည် အင်တာနက်ဆိုင်ရာ ကုလသမဂ္ဂမှ တရားဝင် ယူအာအယ်လ် နှင့် ၀က်ပေ့ဂ်ျ ခေါ် အင်တာနက် စာမျက်နှာ တစ်ခု လျှောက်ထားရသည်။ သာမန် အပျော်ထမ်း ဘလောက်နေကြသော ဘလော့ဂါများသည် ယခုအခါတွင် အခမဲ့ ရသော အင်တာနက် စာမျက်နှာ များကိုသာ သုံးခွင့်ရလေသည်။ တာဝန်ယူမှုမရှိသည့်အတွက် တရားဝင် ပရော်ဖက်ရှင်နယ် စာမျက်နှာကို အင်တာနက်ဆိုင်ရာ ကုလသမဂ္ဂမှ သုံးခွင့်မပြု။ (ယုံချင်ယုံ မယုံချင်နေ။) ထို့ကြောင့် သူတို့၏ဘ၀မှာ မတည်ငြိမ်။ အာမခံချက်မရှိ ။ တစ်နေ့နေ့ ဆားဗစ်ပရိုဗိုက်တာ က ၀န်ဆောင်မှု ဖြတ်လိုက်လျှင် သွားပြီ။ အဲ.. တစ်ဖက်ကလည်း သူတို့ဘ၀က လွတ်လပ်သည်။ တာဝန်ယူမှု များမှ ကင်းသည်။ ကိုယ့်ဖာသာ ပုံမှန် ပို့စ်တင်ချင်တင် မတင်ချင်နေ။ ပြီးတော့ ကိုယ်ရေးချင်တာ လွတ်လပ်စွာ ရေးလို့ရသည်။

ဘလော့ဂေ့ဂ်ျလုပ်ထားသော ဘလော့ဂ်များကတော့ ဒီလိုမဟုတ်။ ပုံမှန်ဝန်ဆောင်မှု အပါအ၀င် ကြော်ငြာ အကျိုးခံစားခွင့်များပါ ရှိသော တရားဝင် နိုင်ငံတကာ အင်တာနက် အသိအမှတ်ပြု ပရော်ဖက်ရှင်နယ် အင်တာနက် စာမျက်နှာကို ကိုယ်ပိုင် ပိုင်ဆိုင်ခွင့် ရသည်။ အလွန်ဂုဏ်ရှိ ကာ တင့်တယ် တည်ငြိမ်သော ဘ၀ပါပေ။ သို့သော် တစ်လလျှင် ပို့စ်ဘယ်လောက် တင်ရမည်။ အဲဒီအထဲမှာ အင်တာနက် လောကကို အကျိုးပြုရန် နည်းပညာပို့စ်က ဘယ်လောက်၊ ဖျော်ဖြေမှုက ဘယ်လောက် စသည်ဖြင့် သတ်မှတ်ထားသည်များကို လိုက်နာရသည်။ ဘန်နာ ၊ တန်းပလိတ် များကို အချိန် ဘယ်လောက်ကြာလျှင် အပ်ပဒိတ် လုပ်ရန် ဆိုတာမျိုးက ရှိသေးသည်။ ကိုယ်သုံးမည့် အိုင်ပီအက်ဒရက်စ်များကို မှတ်ပုံ တင်ရခြင်း၊ ကိုယ်သုံးမည့် ကွန်ပျုတာနှင့် အီလက်ထရွန်းနစ် ဒီဗိုက်စ်များမှာ ဗိုင်းရပ်စ် ကင်းရှင်းကြောင်း ထောက်ခံစာယူရခြင်း၊ ဒါတွေက လိုသေးသည်။ ဒီလို ကော်မစ်မန့်ဆိုတာများ ကို ဘလော့ဂါ တစ်ဦးချင်း အနေနှင့်ဆိုလျှင် လိုက်နာနိုင်ရန် မလွယ်။ ဒါကြောင့်လည်း အတွေးအခေါ် မျှတကာ တာဝန်ခွဲဝေယူနိုင်ကြရန် အမျိုးသား အမျိုးသမီး ဘလော့ဂါနှစ်ဦးတို့ ပူးပေါင်းစေရခြင်း ဖြစ်သည်။ ဘလော့ဂေ့ဂ်ျ လုပ်ပြီးလျှင်တော့ တသက်လုံး မကွဲမကွာ ချစ်ချစ်ခင်ခင် သစ္စာရှိစွာဖြင့် ဘလော့ဂ်ကလေး ကို တိုးတက် စည်ပင်အောင် မောင်တစ်ကီး မယ်တစ်ကလစ် (မှတ်ချက်၊ 1 key, 1 click ကိုဆိုလိုသည်။) ဆောင်ရွက်ကြရလေသည်။

ဒီအထဲမှာ ဘလော့ဂါရိုက် ဆိုလားဘာလား၊ ဂေးဘလော့ဂါ လက်ဘ်ဘလော့ဂါတို့က ကျားကျားချင်း မမချင်း ဘလော့ဂေ့ဂ်ျ တော့ ဘာဖြစ်လဲ၊ သူတို့ကိုလည်း အသိအမှတ်ပြု အင်တာနက် စာမျက်နှာ ချပေးသင့်သည် ဆိုပြီး တစခန်းထကြသေးသည်။ အဲဒါတွေ အသေးစိတ် ပြောပြရလျှင် ဇာတ်လမ်းကို ရောက်တော့မှာ မဟုတ်။ ဒီတော့ ဇာတ်လမ်းကို ဆက်ပါမည်။

တိုတိုပြောရလျှင် မစွမ်းရင်းကလည်းရှိ ကန်စွန်းခင်းကလည်းငြိ ဆိုတော့ ကိုဖိုးရမ်နှင့် မဘလောက်တို့ ဘလော့ဂေ့ဂ်ျလုပ်ရန် ဆုံးဖြတ်လိုက်ကြသည်။ နာမည်ကြီးကြသူများ ပီပီ ကိုဖိုးရမ်နှင့် မဘလောက်တို့၏ ဘလော့ဂေ့ဂ်ျပွဲကြီးကား ပေါ့ပ်အပ်ပ်ပျံမကျ စည်ကား လှပေသည်။ ဖိုရမ်ရေးဖော်ရေးဖက် ဘလောက်ဖော်ဘလောက်ဖက် အားလုံး အင်တာနက် လုံးကျွတ် တက်ရောက် အားပေးကြသည်။ မြန်မာ ဘလော့ဂါသားများ စုပေါင်း လက်ဆောင်ပေးသော သီရိဘလော့ဂဟာ အမည်ရှိ ဘန်နာကြီးကလည်း လှပ ခန်းနားပေသည်။ ဖိုရမ်ရောင်းရင်းများ အထူးအော်ဒါ မှာပေးထားသော ဘက်ဂရောင်း ပန်းနုရောင် အသစ်စက်စက် ကလေးကလည်း တင့်တယ်ပေစွ။ ၀ိုင်းဝန်း ရေးသားထားသော ဘလော့ဂေ့ဂ်ျ ဆုတောင်းများမှာလည်း များပြားလွန်းသဖြင့် ဆီပုံးခန်းမကျယ်ကြီး ထဲတွင် ပြည့်လျှံသွားသည်။ နေနှင့်လ ရွှေနှင့်မြ ဆိုသလို အတွဲညီသူ ကိုဖိုးရမ်နှင့် မဘလောက်တို့ ပျော်တပြုံးပြုံး ဧည့်ခံရသည်မှာ စာရိုက်ရလွန်းသဖြင့် လက်များပင် ကိုက်ခဲလို့နေသည်။

အဲ.. နှစ်ယောက်ပိုင် ဘလော့ကမ္ဘာလေး တည်ထောင်စတော့ ကြည်နူးမဆုံးနိုင်။ ဘလော့ဂ်ကို စီမံခန့်ခွဲပိုင်ခွင့် admin access က နှစ်ယောက် နာမည် ကိုယ်စီဖြင့် ပုံသေ default လုပ်ထားသည်။ လော့အင် log in ၀င်ပြီး နှစ်ဦးတည်း ရေးသားတိုင်ပင်နိုင်ရန် အများမမြင်နိုင်သော အထူး ဆီပုံးကလေး ကတော့ သူတို့နှစ်ယောက် အတွက် သီးသန့်ကမ္ဘာလေးဖြစ်သည်။ တစ်နေ့တစ်နေ့ ဘာပို့စ်လေးတွေ တင်ကြမလဲ တိုင်ပင်ကြ။ ကိုဖိုးရမ်က ပို့စ်တစ်ခု ရေးပြီးလျှင် ဘာသာဗေဒ ကျွမ်းကျင်သူ မဘလောက်က စာလုံးပေါင်းတွေ စစ်ပေး သီချင်းလေးတွေ အမောပြေ ဖွင့်ပြနှင့် အရာရာသည် လမင်းသာသလို။ ဘလော့တစ်ခုလုံးလည်း စာနု ကဗျာနုလေးများ၊ သီချင်း ဓာတ်ပုံ ကလေးများ၊ နည်းပညာ အသစ်ကလေးများ လွှမ်းခြုံကာ ရောမန္တိက ဖြစ်နေလေသည်။ ကိုကိုရမ် နှင့် လောက်လေး တို့၏ ပျော်ရွှင်ဖွယ်ရာ ဘလော့ဂဟာလေးပေတည်း။

ဤသို့ဖြင့် ငါးလ ခြောက်လ ကြာလာခဲ့ပြီ။ တစ်ခါလာလည်း လော့အင်ဝင်ကာ ငြိမ်ငြိမ်ထိုင်ပြီး တန်းပလိတ်ပြင်ရ တစ်ခါလာလည်း လင့်ခ်တွေ အပ်ပဒိတ်လုပ်ရ ပို့စ်အသစ်ရေးရ ကွန်မန့်တွေကို ပြန်ရေးရ နှင့်ဆိုတော့ ဘလော့ဂ်တာဝန်တွေကို ကိုဖိုးရမ် ငြီးငွေ့စပြုလာသည်။ တနေ့တနေ့ ဘာပို့စ်တင်ရမလဲ ဆိုတာ တွေးရတာကိုက ဦးနှောက် ခမ်းခြောက်စ ပြုလာသည်။ ပြီးတော့ အရင်ကလိုလည်း မဟုတ်။ ကိုယ့်သဘောနှင့်ကိုယ် ပို့စ်တွေ တန်းတင်လို့မရ။ မတင်ခင် မဘလောက်ကို ပြရ၊ စာလုံးပေါင်းစစ်ရ၊ သဘောတူမတူ ညှိရနှိုင်းရ တာတွေကလည်း စိတ်ကျဉ်းကျပ်စရာ ကောင်းလေသည်။

အရေးထဲ ဖိုရမ်ထဲက အပေါင်းအသင်း တွေက

“ကိုဖိုးရမ်ကြီး ဘယ်လိုလဲဗျ။ ဘလော့ဂ်ထောင်ကျသွား ကတည်းက ဖိုရမ်တွေဘက် ခြေဦးတောင် မလှည့်တော့ပါလား။ ဧကန္တ မဘလောက်ကို ကြောက်ရတယ်နဲ့ တူတယ်။ ဟတ် ဟတ် ဟတ်..”

ဟု ဆီပုံးထဲ လာရေးကာတစ်မျိုး ပီအမ်ပို့ကာတစ်ဖုံ ပျက်ရယ်ပြု ခံရတာလည်း အောင့်သက်သက် နိုင်လှသည်။

ဒီတော့ တခါတခါ မယောင်မလည်ဖြင့် ဖိုရမ်တွေ ဘက်ကို ခဏဆိုပြီး လစ်ထွက်သွား တတ်သည်။ မဘလောက်က သြော် သူလည်းပျင်းမှာပေါ့လေ ဟု နားလည်စွာဖြင့် အစပိုင်းက ကြည်ကြည်သာသာ ခွင့်ပြု ခဲ့ပါသည်။ ဒါပေမယ့် တစတစ လေးလံလာသော ဘလော့ထိန်းသိမ်းမှု တာဝန်တွေ ကြားမှာ ကိုဖိုးရမ်က နမော်နမဲ့ အလျင်စလို လုပ်သွားသဖြင့် ပို့စ်အမှားများ အက်ဒစ် ပြန်လုပ်ရတာတို့။ နေရာပြန်ချရတာတို့က များလာတော့ နည်းနည်း ငြိုငြင်ချင်လာသည်။ အရင်ကလို ကိုကိုရမ် ဟုပင် ချိုချိုသာသာ မခေါ်နိုင်။

“တော့ ကဖိုးရမ် ရှင်ဟာလေ.. ပို့စ်တွေကို သေသေချာချာ သတ်ပုံမစစ်ဘူး ။ သြော်.. ဒီမှာလည်း ကြည့်စမ်းပါဦး တန်းပလိတ်မှာ ဖောင့်သွင်းတာ ကျန်ခဲ့ပြန်ပြီ။ ဒီနေရာမှာ မြန်မာစာ မပေါ်ဘူးရှင့်။ ကျွန်မက ဒီလို အသေးစိတ်တွေ ကအစ အကုန် လိုက်စစ် နေရတော့မှာလား..”

ကိုဖိုးရမ်ကလည်း တနေ့တနေ့ လော့ဂ်အင် ၀င်လိုက်တိုင်း မဘလောက်၏ ပူညံပူညံ မက်ဆေ့ခ်ျများကိုသာ တွေ့နေရတော့ စိတ်ပိန်လာသည်။ ဖိုရမ်တွေဘက်ကိုသာ အချိန်ရတိုင်း မျက်စိအေးအောင် သွားနေနေကာ အပေါင်းအသင်းများနှင့် တော်ကီပွားနေတော့သည်။

တစ်နေ့တော့ စောစောစီးစီး ဆီပုံးထဲမှာ မက်ဆေ့ခ်ျ တစ်ခုကို မဘလောက် သွားတွေ့သည်။

“ဦးရမ် …မောနင်း.. မီးက နှေးထစ်ဖိုရမ်မှာ တွေ့ခဲ့တဲ့ မီးမီးလေ။ မီးလည်း အခု ဘလော့ဂ်တစ်ခု လုပ်ထားတယ် သိလား။ ဦးရမ်က သိပ်တော်တာပဲနော်။ ဦးရမ် မီးဆီလာလည်ပြီး မီးကိုသင်ပေးနော်.. နော် ။”

မဘလောက် ယမ်းပုံမီးကျ ဖြစ်ရပြီ။ ဟင်း .. နှစ်ယောက်ပိုင် ဘလော့ဂေ့ဂ်ျ လုပ်ထားတဲ့ ဘလော့ဂ်ကိုများ သိလျက်နှင့် မိန်းကလေး အချင်းချင်းတော့ အကူအညီ မတောင်း။ အခုခေတ် ဘလော့ဂါမ ပေါက်စကလေးတွေများ ကဲကိုကဲသည်။

ခုတလော ကိုဖိုးရမ် ရေးထားသည့် ပို့စ်များကို လိုက်စစ်မိသည်။ အားလားလား..မမျှော်လင့်ပဲ ပို့စ်တစ်ခုအောက်မှာ သွားတွေ့မိသည်။ နည်းတဲ့ကွန်မန့် တွေမဟုတ်။ အပြန်အလှန် ရေးထားငြင်းထား ကြတာ ကွန်မန့်ပေါင်း တစ်ရာကျော်။ သေသေချာချာ ဖတ်ကြည့်လိုက်တော့ ဒင်းတို့က ဖိုရမ်ထဲမှာ အစာမကြေဖြစ်ခဲ့တဲ့ ကိစ္စတွေ ဒီမှာ ဆက်ငြင်းနေကြတာကိုး။ မဘလောက် တစ်ယောက်တည်း ဘလော့ဂ်ကမ္ဘာလေးတုန်းက ဒါမျိုး ဘယ်ရှိခဲ့မှာတုန်း။ အခုတော့ ရှုပ်ရှုပ်ယှက်ယှက် တော်။ ကိုဖိုးရမ် နောက်တစ်မှု တိုးပြန်ပြီ။

မဘလောက်တစ်ယောက် ကိုဖိုးရမ် လော့ဂ်အင်ဝင်လာမည့် အချိန်ကို ကလစ်တခေါက်ခေါက် နှင့် စောင့်နေသည်။ ကြာတော့ စိတ်တိုလာသည်။ ကိုဖိုးရမ် ရှိနိုင်မည့် ဖိုရမ်များကို လိုက်သွားပြီး လော့အင် ၀င်ကာ ပီအမ်တွေ ပို့ပစ်လိုက်သည်။

“ဦးဖိုးရမ်ရှင့်၊ ကိုယ့်ဘလော့ဂ်ကိုလည်း တစ်ချက်လောက်များ ပြန်လှည့်ကြည့်ပါဦး။”

ဟု ခပ်ငေါ့ငေါ့လေး ရေးလိုက်သည်။

ကော်ဖီရှော့မှာ ဆွေးနွေးနေတာ အရှိန်ကောင်းနေတုန်း ပီအမ်တွေက တဒိုင်းဒိုင်း ၀င်လာတော့ ကိုဖိုးရမ် စိတ်တိုသွားသည်။

“ကဲ လစ်လိုက်ဦးမယ်ဗျို့။”

ဒီလိုနှုတ်ဆက်တော့ ဖိုရမ်ရောင်းရင်း များက

“ဟတ် ဟတ် သိပါတယ်ဗျာ။ ပီအမ်စကြာ ရိုက်နေပြီဆိုတာ။ ကိုဖိုးရမ်ကြီး က အရင်ကလို စိတ်သွားတိုင်း ကိုယ်မပါ တော့ဘူးပေါ့”

ဟု လှောင်ကြသည်ကို တဟဲဟဲနှင့် သာ အံကြိတ်ခံလိုက်ရသည်။ တောက်.. လူကြားသူကြား မရှောင် ဖိုရမ်ထဲ အထိများ လိုက်လာရတယ်လို့။ မိန်းမတွေဟာ အလိုက်ကန်းဆိုးကို မသိဘူး။ တွေ့မယ်..။

ဒေါနှင့် မောနှင့် ဘလော့ဂ်ထဲကို လော့အင်ဝင်တော့ ပူညံပူညံ မက်ဆေ့ခ်ျတစ်ခုက စောင့်ကြိုနေသည်။

“တော့ ကဖိုးရမ်.. ရှင့်အရှုပ်ထုပ် တွေ ရှင်လာရှင်းပါဦး။”

“ဘာအရှုပ်ထုပ်လဲကွ။”

“ဒီမှာ ဆီပုံးထဲမှာ ကောင်မလေးတစ်ယောက်။ ပြီးတော့ ဒီပို့စ်အောက်က ကွန်မန့်တွေ။ ကျွန်မရှင့်ကို ပြောတယ်။ ဖိုရမ်ထဲက ကိစ္စတွေ ဘလော့ဂ်ကို သယ်မလာပါနဲ့လို့။ ဟင်.. ဒါတွေ ရှင်ဘယ်လို ရှင်းမှာလဲ။”

“ဟ.. ဖိုရမ်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ဗဟုသုတဖလှယ်ရာ။ မိတ်ဆွေဖွဲ့ကူညီရာ။ ဆွေးနွေးတယ်ဆိုတာ အရေးကြီးလာတဲ့အခါ ဘလော့ဂ်ထဲပါရင် ပါလာမှာပေါ့။ ငါအရင်ကတည်းက ဖိုရမ်ကို အဓိက ရေးလာခဲ့တာ မင်းမသိဘူးလား။ ဟင်…”

“သြော် အရင်ကကိစ္စ လာမပြောနဲ့လေ။ အခုကိုယ့် ဘလော့ဂ်ရယ်လို့ အတည်တကျ ဖြစ်လာတော့မှ ဒီလို လတ်လျားလတ်လျား လျှောက်သွားနေစရာလား.. တော့ ကဖိုးရမ်ရဲ့..”

“သြော်.. မင်းကရော ဘာထူးလို့လဲ။ တစ်နေ့တစ်နေ့ မိုးလင်းလာရင် မျက်စိနှစ်လုံး ပွင့်မယ်တောင် မကြံသေးဘူး။ ဘလော့ဂ်တကာ ဆီပုံးပေါက်စေ့ လိုက်လည် အရည်မရ အဖတ်မရတွေ လိုက်ရေး။ ငါမသိဘူးများ မှတ်နေသလား။”

“ရှင်.. ဒီလိုမပြောပါနဲ့။ ဒါက လူမှုဝတ္တရားရှင့်။ ရှင်သာ ကိုယ့်တာဝန်မကျေတဲ့သူ။”

တာဝန်..။ ဒါကတော့ ယောင်္ကျားမာနကို ထိပြီ။ လွန်လာပြီ။

“ဟေ့ ငါ့လောက် တစ်လတစ်လ သတ်မှတ်ထားတဲ့ပို့စ်ကို ပြည့်မီ ကျော်လွန် ပြီး တာဝန်ကျေတာ ငါပဲရှိတယ်ကွ.. မင်းလက်ထဲ ငါရေးသမျှ အကုန်အပ်တာပဲ။ မင်းဒီလိုစကား မပြောပါနဲ့။”

“သြော်.. ဘာရေးရေး ရှင်တလွဲတချော်လုပ်ထားတာတွေ ကျွန်မက လိုက်လိုက် ပြင်ပေးနေရတဲ့ အချိန်တွေကိုလည်း ထည့်တွက်ဦးမှပေါ့။”

“ဟေ့ ယောင်္ကျားလေးကွ အဲဒီလောက် အသေးစိတ်တွေ အာရုံစိုက်မနေနိုင်ဘူး။”

“ဒါပေါ့.. ဒါပေါ့.. ရှင့်အာရုံတွေက ဘလော့ဂ်ထဲမှာမှ မရှိပဲ။ ဖိုရမ်ထဲက ဟာတွေ ဆီမှာပဲ ရောက်နေတာကိုး။”

“ဟေ့ ငါ့ကိုပြောရင်ပြော။ ငါ့ အပေါင်းအသင်း တွေကို ဆွဲမထည့်နဲ့ကွ။”

ခက်ကပြီ။ ကွန်ပြူတာအသစ် မောက်စ်ကလေးမှ ဂျီး (ကြေး) မတက်ခင် ဒီဘလော့ဂေ့ဂ်ျတစ်ခု အပျက်အပျက် နဲ့ နှာခေါင်းသွေးထွက် ဆိုသလို ဖြစ်ကြတော့မှာလား။

တိုက်ပွဲက ပြင်းထန်လာသည်။ ကိုယ်ပိုင် ပရိုက်ဗိတ်ဆီပုံးမှာသာမက အပြင်က ဆီပုံးထဲကိုပါ လျှံကျကုန်သည်။ စိတ်ကြီးသူနှစ်ဦးဆိုတော့ ဘလောက်နီးနားချင်းတို့လည်း ၀င်မပြောရဲ။ အသာလေး ဘေးကသာ အရိပ်အခြည် စောင့်ကြည့်နေရသည်။

နောက်ဆုံးတော့ နှစ်ယောက်စလုံး ၀ုန်းဒိုင်းနှင့် လော့အောက်လုပ်ကာ သီရိ ဘလော့ဂဟာလေးထဲက အသီးသီး ထွက်သွားကြတော့သည်။

တစ်ရက်.. နှစ်ရက်.. သုံးရက် တောင် ကြာခဲ့ပြီ။

မဘလောက် တစ်ယောက် လော့အင် မ၀င်သော်လည်း ကိုယ့်ဘလော့ဂ်ကလေးကို ရစ်သီရစ်သီ လာချောင်းဖတ် နေမိသည်။ ပို့စ်အသစ် မရှိသော ဘလော့ဂ်ကလေးကတော့ ခြောက်ကပ်လို့နေသည်။ ကြည့်ရတာ ကိုဖိုးရမ်လည်း ဒီကြားထဲ တစ်ခါမှ လော့အင်မ၀င်ဘူးထင်ပါရဲ့။

ဒီလို စဉ်းစားမိတော့ ကိုဖိုးရမ်နှင့် တွေ့စကာလများကို မြင်ယောင်လာမိသည်။

အို.. တွေ့စ ကာလတွေကများ နည်းပညာအသစ်တစ်ခု ရလာလျှင် သူ့ဘလော့ဂ်မှာတောင် ပို့စ် မတင်ရသေးခင် ကိုဖိုးရမ်တစ်ယောက် လာလာပြောခဲ့ပုံ။ မဘလောက် မလုပ်တတ်လျှင် ၀င်ပြင်ပြင် ပေးလိုက်ရတာက အမော။ မနက်မနက် ဆိုလျှင်လည်း သူများထက်ဦးအောင် ဆီပုံးထဲ လာလာ နှုတ်ဆက်ရတာက တမျိုး။ မဘလောက် ကြိုက်တတ်သည့် ပန်းပွင့်ပုံ ရှုခင်းပုံ လှလှကလေးများ ရလာလျှင် ပိုးကြေးပန်းကြေး လာလာပေးရသည်က တဖုံ။ စောင်းမြောင်းကာ ကဗျာတွေ စပ်ရသည်ကတော့ မရေမတွက်နိုင်။ ဒါတွေကို တစိမ့်စိမ့်တွေးမိတော့ ကွန်ပြူတာ စခရင်ပေါ်မှာ တရေးရေး မြင်ယောင်လာသည်။ အင်း သူ ငါ့အပေါ်မှာ ကောင်းခဲ့တာတွေ အများကြီး ရှိခဲ့ပါတယ်လေ။ ငါကိုယ်တိုင် ကိုက ဘလော့ဂေ့ဂ်ျ လုပ်ပြီး တော်တော်လေးကြာတော့ သူ့ကို အရင်လို ပျော်ရွှင်အောင် ထားဖို့ တာဝန်တွေကြားမှာ မေ့လျော့ နေခဲ့တာပဲ။

ခုချိန်ဆို သူဘယ်ရောက်နေမလဲ။

ကြည့်နေရင်း ရီဖရက်ရှ် တစ်ခါလုပ်လိုက်တော့ မြင်ကွင်းကပြောင်းသွားသည်။ အို.. ရောင်စုံပန်းခင်းကြီးထဲ လိပ်ပြာလေးတွေပျံဝဲ နေကာ ရေတံခွန်ကြီး တသွင်သွင်စီးကျနေပုံနှင့် ဘက်ဂရောင်း အသစ်ဖြစ်နေပါပေါ့လား။

ဒါဆို သူ လော့အင်ဝင်ပြီး အထဲမှာ ပြင်ဆင်နေတာပေါ့။ လိုက်ဝင်ရရင် ကောင်းမလား။ အကောင့်နာမည်နှင့် ပတ်စ၀ပ် ကို ရိုက်ထည့်လိုက်သည်။ လက်ညိုးကလေးက မောက်စ် ပေါ်မှာ တင်ချည် ချချည်။ အဲရိုး ကာဆာ လေးက ကွန်ပြူတာ စခရင်ပေါ်မှာ တုန်ခါလို့ နေသည်။ နောက်ဆုံးတော့ ကလစ်နှိပ်ချလိုက်သည်။

မဘလောက်နာမည် အစိမ်းရောင်လေး လင်းလာသည်။ နှစ်ဦးပိုင် ဆီပုံးလေးထဲမှာ ကိုဖိုးရမ်၏ စာကြောင်းကလေးတစ်ခု မရဲတရဲ ပေါ်လာသည်။

“ဟဲလို”

မဘလောက် ဘာမှ ပြန်မရိုက်ပဲ ကြည့်ရုံသာကြည့်နေမိသည်။ နည်းနည်းကြာတော့ စာတစ်ကြောင်း ပေါ်လာပြန်သည်။

“တန်းပလိတ် အသစ်တစ်ခု လာတပ်နေတာလေ။”

မဘလောက် ထံမှ စကားပြန်မလာ။ ကိုဖိုးရမ် ရေးသော စာလုံးလေးတွေ ထပ်ပေါ်လာပြန်သည်။

“ကိုယ် ပို့စ် အသစ်တွေ ရေးထားတယ်။ သတ်ပုံတွေလည်း အကုန်စစ်ပြီးပြီ။ ဘယ်တော့ တင်လိုက်ရမလဲဟင် လောက်လေး။”

ကိုဖိုးရမ် ရပ်လိုက်ပြီး ဆီပုံးကို အသက်မရှုတမ်း စောင့်ကြည့်နေသည်။ တအောင့်ကြာတော့ မှ စာလုံးလေးတွေ ပေါ်လာသည်။

“အို.. နေပါဦး ကျွန်မ တစ်ခေါက် ထပ်စစ်ပေးဦး မှာပေါ့။”

ယိစ်… ကိုဖိုးရမ်စိတ်ထဲက အားရပါးရ အော်ပစ်လိုက်လေသည်။

ဤသို့ဖြင့် ကိုဖိုးရမ် နှင့် မဘလောက်တို့ ပြန်ပေါင်းထုပ် ကြလေသတည်း။



ပန်ဒိုရာ
၃၊၆၊၂၀၀ရ



Expand..

Wednesday, April 1, 2009

April Fool Day မှာ Conficker Worm အတိုက်အခိုက် မခံရဖို့

ကိုအောင်သာငယ်မိုးမခ နဲ့ တခြား ဘလော့ဂ်တွေ ၀က်ဘ်ဆိုက်တွေ တော်တော်များများမှာ Conficker ဆိုတဲ့ Worm က ကွန်ပြူတာတွေကို တိုက်ခိုက်နိုင်တဲ့အကြောင်း ဖတ်လိုက်ရပါတယ်။

ဒီ worm တိုက်ခိုက်ခံရရင် ကိုယ့်ကွန်ပြူတာကို hacker က ကြိုက်သလို ထိန်းချုပ်တာ ခံရနိုင်သတဲ့။ ဒီပိုးကို ထွင်တဲ့လူတွေကလည်း ကွန်ပြူတာတွေ သန်းနဲ့ချီ အများကြီး လိုက်ထိန်းချုပ်ဖို့ သူတို့မှာ ဘယ်လောက် အချိန်ရှိမှာလဲ။ ကိုယ့်လို ဘာမှ အရေးကြီးတာတွေ မရှိတဲ့ ကွန်ပြူတာလောက်ကို စိတ်ဝင်စားမှာ မဟုတ်ပါဘူး လို့လဲ တွေးမိပါတယ်။ ဘဏ်စာရင်း password ခိုးမယ်ဆိုရင်တောင်မှ ကိုယ့်မဖြစ်ညစ်ကျယ် ပိုက်ဆံလောက်ကိုတော့ မလုပ်လောက်ပါဘူးလေလို့ စဉ်းစားမိပါသေးတယ်။ ဘာပဲဖြစ်ဖြစ် သတိပေးထားကြတာက ကြောက်စရာကြီးပေါ့။

ဟိုးအရင်ကတော့ virus, worm, trojan ဆိုတာတွေကို ကွဲကွဲပြားပြား မသိခဲ့ဘူး။ အခု Conficker ကတော့ worm အမျိုးအစားဆိုတော့ ကပ်ပါးကောင်တွေလိုပဲ ခိုအောင်းနိုင်စွမ်း ရှိပြီး တခုကနေ တခုက ကူးသွားနိုင်တဲ့ ဂုဏ်သတ္တိရှိတယ် လို့ သိလိုက်ပါတယ်။ ကိုယ်ကလည်း ကွန်ပြူတာနဲ့ အင်တာနက်ကို ၂၄ နာရီနီးပါး ချိတ်ဆက်ထားသူဆိုတော့ အဲဒါ ၀င်နေမလားလို့ ပူမိပါတယ်။

ဖြစ်နိုင်ရင် ကွန်ပြူတာကို ဧပြီ ၁ ရက်နေ့ မတိုင်ခင် ပိတ်ပြီး ဧပြီ ၂ ရက်နေ့မှ ပြန်ဖွင့်ပါ လို့ပြောကြတယ်။ အိမ်ပြန်ရောက်ရင် ကွန်ပြူတာနဲ့ လက်နဲ့ မပြတ်နေမှ နေသာထိုင်သာ ရှိသူမို့ ဒုက္ခပါပဲ လို့တွက်မိပါတယ်။ ဒါနဲ့ပဲ ကွန်ပြူတာနဲ့တော့ မဝေးနိုင်ဘူး ပိုးမ၀င်အောင် ဒါမှမဟုတ် ၀င်နေရင်လည်း ဖယ်ရှားနိုင်အောင် အကြံပြုထားကြတဲ့ အတိုင်းလုပ်ဦးမှ ဆိုပြီး ဒီညတော့ ကိုယ့် laptop ထဲမှာ တပ်ထားတဲ့ BitDefender Internet Security ကို full scan လုပ်လိုက်ပါတယ်။ ဒီနေ့မှ ကွန်ပြူတာကလည်း ပိုနှေးနေသလိုပါပဲ။ ည ၁၀ နာရီကျော်လာပါတယ်။ scan run နေတာကလည်း အခုထိ မပြီးနိုင်သေးပါ။ စိတ်ထဲမှာ ကွန်ပြူတာအောက်က run နေတဲ့ ပန်ကာက တ၀ီးဝီးနဲ့ အသံပိုမြည်လာသလိုပဲ။ ပူလည်းပူတယ်။ ဒါနဲ့ပဲ ဖူဂျစ်ဆု လက်ပ်တော့ လေးကို ပြောင်းပြန်လှန် ပြီး ဟိုကြည့် ဒီကြည့် ကြည့်လိုက်ပါတယ်။

အခု မြားပြထားတဲ့ နေရာလေးကို သေသေချာချာ ကြည့်လိုက်တဲ့ အခါကျတော့.. လားလား..။ အဖြူရောင် တွန့်တွန့်သေးသေးလေး တလှုပ်လှုပ်ကို တွေ့လိုက်ရပါတယ်။ ဒါနဲ့ပဲ ဇာဂနာလေးနဲ့ ဖြည်းဖြည်းချင်း ဆွဲနှုတ်လိုက်ပြီးတဲ့အခါ ချက်ချင်းပဲ ကွန်ပြူတာ အရှိန်လည်း ပြန်မြန်လာတယ်။ အေးလည်းအေးသွားပါတယ်။ စိတ်ထဲ သိပ်မရှင်းတာနဲ့ google ကနေ “how to kill conficker worm” လို့ ရိုက်ထည့်ပြီး ရှာကြည့်လိုက်တော့ ကိုယ့်လို ကြုံတွေ့ပြီး ဖြေရှင်းလိုက်ကြတဲ့ အကြောင်း တွေ ဖတ်လိုက်ရပါတယ်။ စိတ်ထဲမှာ matrix ရုပ်ရှင်ကိုတောင် သတိရသွားသေးတယ်။ ကွန်ပြူတာပိုးတွေက တကယ့်ကို physical အကောင် အနေနဲ့ ရောက်လာတာကိုး။ hacker တွေကိုလည်း အံ့သြမိပါတယ်။ အခုတော့ ဧပြီ ၁ ရက်မှာ ကွန်ပြူတာကို စိတ်အေးလက်အေး ဖွင့်နိုင်ပြီပေါ့။ ဒါနဲ့ပဲ ညသန်းခေါင်ကျော်အထိ ဒီစာကို ဆက်ရေးလိုက်ပါတယ်။

Deskstop ဆိုရင်တော့ CPU ပုံး ကိုစစ်ရမယ် ထင်ပါတယ်။ Laptop တွေကတော့ စောစောက ပြထားတဲ့ နေရာကို သေသေချာချာ ကြည့်ပါ။ လှုပ်လှုပ် တွန့်တွန့် အကောင်လေးတွေ တွေ့ရင်တော့ ဇာဂနာနဲ့ ဆွဲနုတ်လိုက်ပါ။ တိုးတက်နေတဲ့ နည်းပညာကြီးကလည်း အံ့သြစရာ ကောင်းလိုက်တာနော်။


ပန်ဒိုရာ


Expand..