Sunday, April 26, 2009

အနုပညာသမား

စိတ်ပင်လယ်စာတန်း ထဲက စာတချို့ကို ဒီဘလော့ဂ်မှာ တင်ရင်ကောင်းမလား အကြိမ်ကြိမ် စဉ်းစားခဲ့ပေမယ့် မတင်ဖြစ်ခဲ့ဘူး။ ပိုင်ဆိုင်သူထံက ခွင့်ပြုချက် ရယူတာမျိုး မလုပ်နိုင်တဲ့အပြင် (ကိုယ်သိသလောက်) ဒီစာအုပ်က ရှားပါးပြီး နောက်တကြိမ် ပြန်ထုတ်ဖို့ဆိုတာလည်း မဖြစ်နိုင်တော့ဘူးလို့ ယူဆတဲ့အတွက် ပျောက်ပျက်မသွားအောင်နဲ့ မြန်မာစာပေ မြတ်နိုးသူတွေ ဖတ်ရှုလို့ရအောင် အက်ဆေး တချို့ကို ဒီဘလော့ဂ်မှာ အခါအားလျော်စွာ တင်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မူပိုင်ခွင့် ပိုင်ဆိုင်သူက ကန့်ကွက်လာရင် အချိန်မရွေး ပြန်ဖြုတ်ပေးပါမယ်။ နောက်ထပ် အခြားနေရာမှာ ကူးယူဖော်ပြဖို့ ခွင့်ပြုနိုင်ခွင့်တော့ ပန်ဒိုရာမှာ မရှိပါ။

ပထမဆုံး ဆရာအောင်ပြည့်(ဦးဆောက်ပန်း) ရေးထားတဲ့ အက်ဆေးတစ်ပုဒ်ကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ အဲဒီစာအုပ်ထဲမှာ ရေးထားတဲ့ စာရေးသူရဲ့ အထ္ထုပတ္တိ အကျဉ်းလေးပါ ရေးပေးလိုက်တယ်။ စာလုံးပေါင်းတွေကတော့ မူရင်းအတိုင်းပါ။

ဦးဆောက်ပန်း

ပြွန်တန်ဆာ ဇာတိဖြစ်သည်။ အလွတ်ပညာသင် ကျောင်းဆရာတဦး ဖြစ်သည်။ “အောင်ပြည့်” သည် သူရေးနေသော အခြားကလောင်အမည် ဖြစ်သည်။ စနစ်သစ် တက္ကသိုလ်တွင် မြန်မာစာ အမြင့်ဆုံးအဆင့် (ဂုဏ်ထူး) ကို ပထမဆုံး ရခဲ့သူဖြစ်သည်။ “ထူး- အထက်တန်း မြန်မာစာ လေ့လာချက်များ” စာအုပ်ရေးသားခဲ့သည်။



အနုပညာသမား



အနုပညာသမားဘဲ ဟူသောအသုံးသည် ယနေ့ အတော်ခေတ်စား၏။ အနုပညာသမားသည်လည်း လူတန်းစား တမျိုးလို ဖြစ်နေ၏။ ဘယ်သင်းမျိုးပါနည်း။ အသိရတော့ အတော်ခက်ပါသည်။ ကြည့်မြော်ရသည်မှာလည်း မလွယ်ကူလှပါ။ အနုပညာဆန်သည်ဟု အပြောခံရသူများသည် တခါတရံ ညစ်ပေနေသည်ကို တွေ့ရ၏။ တချို့လည်း ကြော့မော့လင်းထိန်နေပြန်သည်။ တချို့ကလည်း မသိမသာ၊ အရိုးစစ်ပင်။ ဘယ်သူက ပိုဆန်သည်တော့မသိ။

အချို့က နှုတ်ခမ်းမွှေး ဘရဗျစ်နှင့်။ ညစ်ထပ်ထပ် အ၀တ်အစားနှင့်။ မျက်မှန် ထူပိန်းပိန်းနှင့်။ ခေါင်းမွှေး ဖွာရာကြဲနှင့်။ မှုံတေတေ၊ ဘောက်ဆတ်ဆတ်၊ အချိုးက အဆင်မပြေချင်။ ဘယ်သူမှ လူမထင်ဟန်လို။ အချို့မျိုးကလည်း ဇာတ်မင်းသားလိုလို။ မိုးကျရွှေကိုယ်လိုလို။ ဘာလိင်မှန်းပင် အသိရခပ်ခက်ခက်။ ပိုးပုဆိုး ပိုးတိုက်ပုံနှင့်။ တပြောင်ပြောင် တထိန်ထိန်။ ကြည့်လိုက်လျှင် ဖျော့တော့တော့။ နုပျော့ပျော့ အိဖတ်ဖတ်။

သည်အမျိုးအစားများတွင် ပထမအမျိုးက လူသိပိုမြန်သည်ထင်၏။ သူတို့ပုံမျိုးကို ကြည့်၍ စာရေးဆရာလား။ ဂီတသမားလား၊ ပန်းချီဆရာလား၊ ဘာလားညာလား ထင်နိုင်၏။ အထင်မခံချင်သူလည်း လူပုံပန်းကြောင့် အထင်ခံရတတ်၏။ မူးရေလေး သောက်မိလျှင် ပိုဆိုး၏။ ပါးစပ်အကုန်ဖြဲ၍ သဲသဲမဲမဲ ပြောတတ်၏။ အာပေါင်အာရင်း သန်သန် ငြင်းသူလည်း ရှိသေး၏။ စားပွဲခုံနှင့် ကပ်နေပြီဟူလျှင် ခုံကို ပုတ်ကာရိုက်ကာ ပြော၏။ စိတ်မထင်လျှင် ရိုက်ချိုးပစ်တတ်၏။ စကားပြောနည်းသူမျိုးကမူ အေးအေးငြိမ်ငြိမ်ပင်။ ငေးနေ တွေးနေ တတ်၏။ ကြောင်နေကြက်နေတတ်၏။ မတုန်မလှုပ် ကျောက်ရုပ်လို။ ထူးခြားချက်တော့ ရှိသေးသား။

ခေါင်းမွှေးဖွားဖွား လည်ဂုတ်ကျားနှင့် လူမျိုးရှိသေးသည်။ နှုတ်ခမ်းမွှေးက အမျှင်တန်းတန်း။ လမ်းလျှောက်တော့ ဟိုရမ်းသည်ရမ်း။ စဉ်းစားစရာပင်။ ယောက်ျားချည်းတွင်လား။ မဟုတ်သေး။ မိန်းမများလည်း ထိုနည်းနှင်နှင် ရှိသည်။ ဘယ်လို လူမျိုးများတော့ မသိ။ စူးစမ်းပေအုံးမှ။

အနုပညာသမားကလည်း အများသား။ အကြမ်းသမား မဟုတ်သူတိုင်းကို ခေါ်၍တော့ ရမည်မထင်။ သို့သော် အကြမ်းသမား မဟုတ်သည်ကတော့ အသေအချာပင်။ အနုလို့ ဆိုထားနေမှဘဲ။ သို့ဆိုလျှင် ဘယ်လို အနုပညာသမားမျိုးပါလဲ။

ထွန်းသန်းကိုတွေ့ပါပြီ။ သည်ကောင်ကလေး အနုပညာသမား ဖြစ်ရမည်။ အင်မတန်လဲ နုသည်။ သူ့ကြည့်လျှင် ဆေးပေါ့လိပ်လေး ဖွာလို့။ ဗမာစာကဗျာတွေ အများကြီး ရွတ်ပြနိုင်သည်။ အင်္ဂလိပ် စကားလုံးတွေလဲ ပြောသည်။ စာတွေအများကြီး ဖတ်ထားပုံရသည်။ ဟုတ်ပါပြီ။ သူအနုပညာသမား အစစ်ပင်။ အမြဲတန်း လမ်းဘဲလျှောက်နေသည်။ ပညာရှာနေခြင်း ဖြစ်မည်။ နေခြစ်ခြစ် ပူနေသည့်တိုင် တိုက်ပုံအကျီ မချွတ်။ မိုးမဲမဲ ရွာသော်လည်း အကာအဆောင်း မလွှမ်း။ ငိုမှသာ ငိုရရော၊ ရယ်ရယ်ပြုံးပြုံးပင်။ စုတ်ပြတ်နေသော လွယ်အိတ်အနီလေးကလည်း အမြဲပါလိုက်သေးသည်။ သူ့ကိုတွေ့တွေ့ချင်း ကျွန်တော် အတော်ကျေနပ်သွားပါသည်။ အတွေးအခေါ် ပြင်းထန်၍ ရုန်းကန်လျှံထွက်နေသူလေး ဖြစ်မည်ကိုလည်း သိလိုက်မိသည်။ ဘယ်လောက် ပြင်းထန်နေသည်တော့မသိ။ သူတယောက် ရင့်ကျက်သောအနုပညာပုံ ပေါ်နေသည်ကတော့ အသေအချာပင်။ သို့သော် အကိုကြီးပြောမှ အမှန်ကို သိရတော့သည်။ သူပြင်းထန်လွန်း၍ သံကြိုးနှင့်ပင် ဆိုင်းထားရသည်ဟူ၍။ ရံခါမှ ကြိုးဖြုတ်ပေးရဟူ၍။ ဖြစ်မှ ဖြစ်ရတတ်ပလေလေ။

လွန်ခဲ့သော ငါးနှစ်ကျော်က လူတယောက်ကို တွေ့ပါသည်။ သူ့ကိုတွေ့တိုင်း ဘောင်းဘီအဖြူ၊ အကျီအဖြူကို ၀တ်လျက်။ ဟိုသွားသည်သွား လမ်းသလားနေသည်ချည်း။ အလုပ်ကော လုပ်ရဲ့လား။ တခါတရံ သံဖြူဆွဲသေတ္တာ တလုံးလည်း ပါလိုက်သေးသည်။ သူဆံပင်ညှပ်သမား ဖြစ်ရမည်။ ဒါမှမဟုတ် မီးရထားလက်မှတ်စစ်ဘဲ။ သို့သော် ညီလေး ခင်မောင်မြင့် ပြောတော့ လွဲရပြန်သည်။ အဲဒါ သူ့ဆရာတဲ့။ အကိုမြတ်နိုးတဲ့ အနုပညာသမားမျိုး တဲ့။ သိပ်သိမ်မွေ့တဲ့လူတဲ့၊ အလုပ်လည်း တကယ်လုပ်တယ်တဲ့။ ဟိုတုန်းကတော့ တော်လှန်ရေး ခေါင်းဆောင်တယောက်ဘဲတဲ့။ အခုတော့ ပညာရှာသမားကြီးတဲ့။ ပန်းချီလည်းဆွဲတယ်တဲ့။ မိန်းမ မယူအားလောက်အောင်တောင် စိတ်ရောကိုယ်ပါ အလုပ်နဲ့ဘဲတဲ့။ နံမယ်က ဦးနန်းဝေတဲ့။ သည်နံမယ်ကြားကာမှ ကျွန်တော် တခါ အံ့ဩရပြန်ပါသည်။

ကြာတော့ ကျွန်တော်နားရှုပ်လာပါသည်။ အနုပညာသမားများ တွေ့ရသည်ကို စိတ်ပျက်လာသလို သိချင်စိတ်လည်း ပိုလာပါသည်။ စုတ်တိုင်း ချာတိုင်းလည်း အနုပညာသမား မဆိုရဲတော့။ သန့်တိုင်းပျံ့တိုင်းလည်း မပုတ်ခတ်ရဲတော့၊ အနုပညာသမား ဆိုကတည်းက အနုပညာကို ထုတ်လုပ်သူ ဖြစ်ရမည်ဘဲ။

အနုပညာ ထုတ်လုပ်သူ၊ ကြံစည်သူဟု ဆိုရသည်တွင်လည်း လူကောင်းချည်းဟု မပြောသာတော့။ လူဆိုးလည်း ဖြစ်ချင်ဖြစ်တော့မည်။ လူဖြူလည်း ဖြစ်မည်။ လူမည်းလည်း ဖြစ်မည်။ သေသပ်ကျစ်လျစ်သူလည်း ဖြစ်ချင်ဖြစ်မည်။ ပွဖောင်းပြန့်ကားသူလည်း ဖြစ်ချင်ဖြစ်မည်။ ဖြစ်လိုရာ ဖြစ်စေတော့။ အနုပညာသမားသည် အနုပညာသမားဘဲ။ အနုပညာမှုလုပ်သူသည် အနုပညာသည်ပင်။ သည်လိုပဲမှတ်ထားလိုက်ရပါသည်။ သူတို့ စိတ်ကြိုက် မျက်မှန်ထူထူ တပ်ချင်လည်း တပ်ကြစေတော့။ ခေါင်းမဖြီး ဆံမသဘဲ၊ ပွချင်လည်း ပွစေတော့။ မူးရေယစ်ရေလည်း သောက်လိုလျှင် သောက်စေတော့။ မပြောသာပါချေ။ အကြောင်းတခုတည်းနှင့်လည်း အနုပညာသည်ကို မသတ်မှတ်ရဲတော့ပေ။ ပန်းချီဆရာတိုင်း အရက်သေရည် သောက်သည်မှ မဟုတ်ဘဲ။ စာရေးဆရာတိုင်းလည်း အရက် သောက်ကြသည်မှ မဟုတ်ဘဲ။ တချို့ ဆေးလိပ်ပင် မသောက်မရှုကြ၊ ရှားတော့ အတော်ရှားပါသည်။

ပညာသည် အများစုကမူ အတွေး၌ နစ်မျောနေ၏။ ဆေးလိပ်မီးခိုးနှင့်အတူ စိတ်လွှင့်နေ၏။ လမ်းသွားနေချိန်၌ပင် မအားကြ။ ဘေးလူကို မြင်ချင်မှမြင်၏။ ကြည့်နေလျက်မမြင်။ သူငယ်ချင်းမိတ်ဆွေမျိုးကို မမြင်လျှင် ကိစ္စမရှိ။ ချစ်သူကို မမြင်သော် ခက်ရတတ်ပါသည်။ ခက်ခဲ့ကြပေါင်းလည်း များခဲ့ပါပြီကော။ အချို့ကလည်းအဆန်း။ သူတို့ကို ကဲ့ရဲ့သော်လည်း ပြုံးနေနိုင်၏။ မကြားသလိုပင်။ ဆဲသော်လည်း နာချင်မှ နာ၏။ သူတို့ပညာကို အံ့အဲချီးပ ပြောဆိုပါလျက် ဒေါကန်ချင်လည်း ကန်နေပြန်၏။ အကြောင်းတော့ ရှိမည် ထင်ပါသည်။ နိုင်ငံရေးသမားသည် ခွင့်လွှတ်ခဲ၏။ စိတ်ကြီး၏။ အနုပညာသမားက ခွင့်လွှတ်တတ်၏။ စိတ်ပျော့၏။ ထို့ကြောင့် တပါးကိုခွင့်လွှတ်ပြီး ကိုယ့်မှာ အနာပေါ်ချင် ပေါ်နေတတ်၏။

ယင်းမှာ ဒေါသကြီးခြင်းနှင့် တူသလိုထင်ရသည်။ မဟုတ်ချေ။ သည်းခံခွင့်လွှတ်ခြင်း အနာသာဖြစ်မည်။ သို့သော် လုပ်ချင်သမျှ လုပ်နေရလျှင် ကျေနပ်ကြသည်မျိုး။ ကိုယ့်လုပ်ချက်တရပ် အနုပညာမြောက်သွားလျှင် အပျော်ကြီး ပျော်တတ်သူမျိုးပင်။ သူတို့တတွေ ခံစားမှုအရှိန် ဖြစ်လျှင် လောကကြီးကိုပါ မေ့နေသည်လား မပြောတတ်။ ဂီတသမားလည်း အသံ၌ ယစ်မူးနေရလျှင် ပီတိကိုဖြစ်နေ၏။ စာရေးဆရာလည်း စာပေရသ၌ ၀င်စားနေရလျှင် ကျေနပ်လန်းဆန်းနေ၏။ သဘင်သည်လည်း လမိုင်းပူးကပ်ပြီဆိုလျှင် မိုးလင်းမှာပင် စိုးနေ၏။ ပန်းချီသမားလည်း အရောင်၌ ကသိုဏ်းဝင်စားပြီဆိုလျှင် ထမင်းမေ့ ဟင်းမေ့။ ပန်းပုဆရာလည်း ပုံသဏ္ဍာန်ရူပစွဲလျှင် ထီမထင်တော့။ စွဲဘဲစွဲတတ်ကြပါပေ့။

မနှစ်က သူငယ်ချင်း အနုပညာသည် တဦးနှင့် ဟီးနိုးကား အတူစီးဖြစ်ပါ၏။ ကိစ္စအရေးကြီးသည်နှင့် ကားရပ်လျှင်ရပ်ချင်း ကားပေါ်သို့ အပြေးအလွှားတက်လိုက်ရသည်။ ကားပေါ်တွင် လူကလည်း အကြားမလပ် ကြပ်ခဲနေ၏။ သူငယ်ချင်းပုံစံကလည်း ထူးထူးခြားခြား။ သံပုရာခွံ ဦးထုပ်ကို ဆောင်းထား၏။ လွယ်အိတ်ကလည်း စုတ်ပြတ်၍ အနားလံနေ၏။ သူ့ရေးလက်စ စာမူတွေလည်း အိတ်ထဲအပြည့်။ အ၀တ်အစားကလည်း ဖို့ယို့ဖားယား။ ပန်းချီလည်း ဆွဲလိုက်သေး၍ အကျီကလည်း ဆေးရောင်စုံအညစ်။ သူသုတ်သုတ်ပျာပျာ တက်လာပြီး ကားလယ်ရောက်လျှင်ပင် သူ့နောက်နားမှ မိန်းမကြီးတယောက်က သူ့ကို စပယ်ယာအထင်နှင့် ကားခဆယ်ပြားစေ့ လှမ်ပေး၏။ သူကလည်း ခပ်ကြောင်ကြောင်ကောင်။ လှမ်းယူပြီး လွယ်အိတ်စုတ်ထဲ ထည့်လိုက်၏။ သူတို့နောက်က တက္ကသိုလ်ကျောင်းသူ ဖြစ်ဟန်ရှိသော မိန်းမပျိုလေးငါးယောက်က ကြောင်ကြည့်ပြီး တယောက်တယောက် လက်တို့ကြ၏။ ပြီး ပြုံးကြ၏။ သူငယ်ချင်းကတော့ မသိ၍ထင့်၊ တည်တည်ပင်၊ ခဏအကြာတွင် `လက်မှတ်မပေးရသေးဘူးနော်´ ဟု သူ့ကို မိန်းမကြီးက လှမ်းအော်ပြော၏။ ကျွန်တော်လည်း နောက်ဆုံးရောက်နေ၍ ဘာမှ မရှင်းပြသာတော့။ သူငယ်ချင်းကတော့ ငေးကြောင်ကြောင်။ သူ့ကိုမပြောသလိုပင်။ နောက်မှ စပယ်ယာရောက်လာပြီး မိန်းမကြီးနှင့် ရှင်းလိုက်၏။ တစတစ လူတွေပွဲကျသွား၏။ သည်တော့ သူငယ်ချင်းက ဘုကြည့်တချက် လှမ်းကြည့်လိုက်ပြီး မှုံတေတေ ပြန်ရပ်လိုက်၏။ သူ့အကြည့် အရိုင်းဆန်လေမှ တကားလုံး ငြိမ်ကျသွားလေတော့သည်။ အဖြစ်စုံကို ကားပေါ်ဆင်းပြီး ကျွန်တော်ပြောမှ သူအားနာမှု၊ စိတ်မကောင်းမှုများ ဖြစ်တော့သည်။ ပိုက်ဆံဆယ်ပြားအတွက် စိတ်မကောင်းဖြစ်ပြီး ခုတိုင်ပြောမဆုံးတော့၊ ခံစားမဆုံးတော့။ ကြုံမှ ကြုံရတတ်ပလေလေ။

မြင့်စိုးနှင့် ရထားစီး၍လည်း သည်လိုပင်ဖြစ်ခဲ့ဘူးပါသည်။ သို့သော်သူက တဇာတ်ကွက်။ မြင့်စိုးက အတွေးနှင့် ဟာသရှာနေသူဖြစ်၏။ ပတ်ဝန်းကျင်အားလုံးကို ဟာသရှုဒေါင့်ကသာ ကြည့်၏။ သတင်းစာဖတ်လည်းရယ်၏။ ရယ်စရာလည်း အတော် ပြောပါ၏။ ဟာသ၀တ္ထုရေးနေသော စာရေးဆရာ ပူပူနွေးနွေးလည်း ဖြစ်လေ၏။ တော်ရုံမျှ ပြောရမည့် အကြောင်းအရာသည် သူပြောပြလျှင် အူနှိပ်နေရ၏။ အပြောလည်း အပြောကောင်း။ သူစာရေးခြင်းဖြင့် မအောင်မြင်လျှင် လူရွှင်တော်ဖြစ်မည်တော့မုချ။

ထိုနေ့က ရန်ကုန်ဘူတာကြီးက လှည်းတန်းကို စီးခဲ့ခြင်းဖြစ်၏။ သူကလည်း ရယ်လား ပြုံးလားနှင့် စကားဖောင်လာ၏။ ကြည့်မြင်တိုင် မရောက်မီပင် လားလားလက်မှတ်စစ် ပေါက်လာတော့သည်။ ထူးထူးဆန်းဆန်း လက်မှတ်စစ်ကလည်း သူ့ဆီ ဦးတည်လာ၏။ ရီနေသော မြင့်စိုးသည် ချက်ချင်း မျက်နှာပျက်သွား၏။ ပြီးတော့ နေရာပြောင်းပြီး အ၀နား ရွှေ့ထိုင်လိုက်လေသည်။ သူရွှေ့သည့်နောက်သို့ လက်မှတ်စစ်ရောက်လာပြန်သည်။ သို့နှင့် ကြည့်မြင်တိုင်ဘူတာ ဆိုက်လေသည်။ မြင့်စိုးလည်း တချိုးတည်း ဆင်းပြေးတော့၏။ လက်မှတ်စစ်က ချက်ချင်း သူ့နောက်လိုက်၏။ သူက ဘူတာရုံနောက်က ဂျစ်ကားရှိရာပြေး၏။ လက်မှတ်စစ်ကလည်း မျက်ခြေမပြတ်လိုက်၏။ ကားကိုကွယ်၍ နှစ်ယောက်သား ရှေ့တိုးနောက်ငင် လုပ်နေ၏။ ထိုအချိန်မှာပင် လက်မှတ်စစ် နောက်တစ်ယောက် ဘယ်ကပေါက်လာသည်မသိ။ သူ့ကို ပတ်လိုက်ပြန်၏။ သူကလည်း အမိမခံ ၀ိုင်းကြီးပတ်ပတ် လှည့်နေ၏။ ခဏကြာသော် မီးရထား ရဲသားတယောက် ရောက်လာပြန်၏။ သူ မပြေးသာတော့၊ အမိခံလိုက်ရ၏။ သုံးယောက်နှင့် တယောက်ကိုး။ မိသာမိသည် သူတို့အားလုံး မသက်သာလှ။ ချွေးပြန်၍မောနေ၏။ မြင့်စိုးက မောသော်လည်း မချိုချဉ်ပင်။ ပထမလက်မှတ်စစ်က ဒေါပွပွနှင့် ရိုက်မည်ပြုပြီး လက်မှတ်တောင်း၏။ သူက သည်တော့မှ အိတ်ထဲက လက်မှတ်ထုတ်ပေးလိုက်၏။ အားလုံး ကြောင်သွားလေတော့သည်။ `မင်းလက်မှတ်ပါရက်နဲ့ ဘာလို့ ထွက်ပြေးတာလဲ´ ဟု သူ့ကို ၀ိုင်းမေး၏။ `ခင်ဗျားတို့က ဘာလို့ ကျွန်တော့နောက်လိုက်နေရတာလဲ´ ဟု သူကပြန်မေးလိုက်၏။ ရထားကြာကြာ ရပ်ထားရသော်လည်း ခရီးသည်အားလုံး ကျေနပ်ကြလေသည်။ ဘယ်သူ့ကြည့်ကြည့် ခပ်ပြုံးပြုံးပင်။ ရထားကြီးကသာ မြင့်စိုးတက်မိသည်နှင့် ဒေါပွပွ ထွက်လာရခြင်း ဖြစ်ပါသည်။

အနုပညာ ပြဿနာကို ကြံရ ရှာရသည်မှာ အပန်းကြီးလှပါသည်။ အနုပညာသည်ကလည်း အမျိုးစုံလွန်း၍ မမြင်သာတော့ပါ။ မကြည့်စွမ်းတော့ပါ။ အခုတော့ တိုတိုသာ မှတ်ထားရပါတော့သည်။ အနုပညာမှုပြုသူသည် အနုပညာသမားဘဲ။ အနုပညာသမားမှန်လျှင် အနုပညာသည်ဘဲ ဟူ၍ပင်။ အနုပညာစိတ်၊ အနုပညာမာန၊ အနုပညာဟန်နှင့် တာဝန်ပြီသသူမျိုး ဖြစ်လျှင်ကား ထူးချင်ထူး၊ ဆန်းချင်ဆန်း၊ အပြစ်မဆိုချင်တော့။ သူ့အပြုအမူ အနေအထိုင်သည် သူ့အတွက်ဖြစ်ဖြစ်၊ သူ့အိမ်အတွက်ဖြစ်ဖြစ်၊ တိုင်းပြည်အတွက်ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် သူ့ကိုခွင့်လွှတ်ချင်ပါသည်။

ရည်ရွယ်ချက် အောင်မြင်သူသည် စိတ်ချမ်းသာသူ ဖြစ်ပါသည်။ ကျွန်တော်တော့ အမြဲ စိတ်ရောကိုယ်ပါ ချမ်းသာလိုပါသည်။ အနုပညာသမားတို့လည်း ချမ်းသာလိုကြပါမည်။ အနုပညာသည်တို့သည် အကြမ်းသမားများ မဟုတ်မူ၍ အနုပြုသမားများပါတည်း။ လူသာမန်တို့ထက် ပိုမိုခံစားတတ်ကြသူများပါတည်း။


ဦးဆောက်ပန်း
(စိတ်ပင်လယ်စာတန်း ၁၉၆၇ မှ)

ဖြည့်စွက်ချက်။ ၂၀၀၉ ဧပြီ ၂၆ ရက်နေ့မှာ ဆရာကွယ်လွန်ခဲ့တာ ၃ နှစ် တင်းတင်း ပြည့်ပြီတဲ့။ ရိုးရိုးသားသား ပြောရရင် ဒီပို့စ်ကို တင်စဉ်က မေ့လျော့နေမိပါတယ်။ မတူးတူးသာ ဘလော့ဂ်မှာ တွေ့မှ သတိရခဲ့ပါတယ်။ ညက ဒီပို့စ်ကို တင်ချင်စိတ်ပေါက်လို့ တင်မိတာပါ။ တိုက်ဆိုင်လိုက်တာ။


15 comments:

Anonymous said...

“အနုပညာမှုပြုသူသည် အနုပညာသမားဘဲ။” လို့ ဆရာဦးဆောက်ပန်းက ၁၉၆၇ မှာပြောတယ်။
“အနုပညာဆိုတာ အနုပညာသမားရဲ့ ထင်ရာမြင်ရာပဲ။” လို့ ဝေမှူးသွင် က ပြောတာကို ၁၉၉၇ လောက်မှာ ကြားဖူးတယ်။
အခုလို ဝေမျှတာ တကယ်ကို ကျေးဇူးကြီးလှပါတယ်။

အိန္ဒြာ said...

အနုပညာ ပြဿနာကို ကြံရ ရှာရသည်မှာ အပန်းကြီးလှပါသည်။ အနုပညာသည်ကလည်း အမျိုးစုံလွန်း၍ မမြင်သာတော့ပါ။ မကြည့်စွမ်းတော့ပါ။ အခုတော့ တိုတိုသာ မှတ်ထားရပါတော့သည်။ အနုပညာမှုပြုသူသည် အနုပညာသမားဘဲ။ အနုပညာသမားမှန်လျှင် အနုပညာသည်ဘဲ ဟူ၍ပင်။ အနုပညာစိတ်၊ အနုပညာမာန၊ အနုပညာဟန်နှင့် တာဝန်ပြီသသူမျိုး ဖြစ်လျှင်ကား ထူးချင်ထူး၊ ဆန်းချင်ဆန်း၊ အပြစ်မဆိုချင်တော့။ သူ့အပြုအမူ အနေအထိုင်သည် သူ့အတွက်ဖြစ်ဖြစ်၊ သူ့အိမ်အတွက်ဖြစ်ဖြစ်၊ တိုင်းပြည်အတွက်ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် သူ့ကိုခွင့်လွှတ်ချင်ပါသည်။

(((ခွင့်လွှတ်ကြပေတော့)))

Anonymous said...

အမပန်ရေ ကျေးဇူးပါ အနုပညာသမား ရဲ့ ဖွင့်ဆိုချက်လေးတွေဖတ်သွားပါတယ် နှစ်သက်မိတယ်
ကောင်းသောနေ့ပါ :)

Anonymous said...

အမပန်ရေ ကျေးဇူးပါ အနုပညာသမား ရဲ့ ဖွင့်ဆိုချက်လေးတွေဖတ်သွားပါတယ် နှစ်သက်မိတယ်
ကောင်းသောနေ့ပါ :)

သစ်နက်ဆူး said...

ပန်ဒို...
ဒီစာလေးဖတ်ခွင့်ရတာ ကျေးဇူးတင်ပါတယ်..။
မှတ်မှတ်ယယကို ရင်ထဲကဖတ်သွားပါတယ်...။

အပြုံးပန်း said...

ကျေးဇူးအထူးတင်ပါတယ်။
ဆက်ဖတ်ချင်ပါသေးတယ်။

minn thuka said...

“အနုပညာသမားတို့လည်း ချမ်းသာလိုကြပါမည်။ အနုပညာသည်တို့သည် အကြမ်းသမားများ မဟုတ်မူ၍ အနုပြုသမားများပါတည်း။ လူသာမန်တို့ထက် ပိုမိုခံစားတတ်ကြသူများပါတည်း။”

ကျေးဇူးအများကြီးတင်ပါတယ်ဗျို့....

ကိုဂစ်တာ said...

ဖတ်ရတာ ဘရိတ်ဖတ်စ်လွတ်သွားတော့မယ်...
ကောင်းလို့း)
ကျေးဇူးတင်ပါတယ် တီ

Anonymous said...

ဦးအောင်ပြည့်ကိုယ်တိုင်က အနုပညာသမားတစ်ယောက်
ဒါကိုသူက မတူတဲ့ပုံတွေတစ်ခုချင်းစီဆွဲထုတ်ပြထား
တယ်။အနုပညာကအနုပညာ..ထိုအနုပညာကိုဖန်တီးသူ
အနုပညာသမား..လူရဲ့ဗီဇ နေထိုင်မှုဝန်းကျင်ကိုလိုက်
ပြီး..အပြုအမူအနေအထိုင်လေးတွေတော့ကွဲတယ်ဆို
တာလေးကိုသူပြောထားတာပဲ..ကိုယ်လည်းကိုယ်တွေ့ခဲ့
တဲ့အနုပညာသမားတစ်ယောက်စီအကြောင်းကိုပြန်မြင်ရင်း
တစ်နေ့ရေးဖြစ်နိုင်အောင်ကြိုးစားကြည့်ဦးမယ်...
အသက်တွေသိပ်ကြီးလာတဲ့အခါပေါ့...း)
မနော်

Eduking said...

“သန့်တိုင်းပျံ့တိုင်းလည်း မပုတ်ခတ်ရဲတော့၊ အနုပညာသမား ဆိုကတည်းက အနုပညာကို ထုတ်လုပ်သူ ဖြစ်ရမည်ဘဲ။”

အနုပညာကို ထုတ်လုပ်သူဆိုတာထက်၊ ဖန်တီးသူဆိုတာလေးကိုတော့ ပိုသဘောကျမိတယ် အစ်မရေ.. ထုတ်လုပ်သူဆိုရင်.. ထုတ်ကုန်တွေ ဖြစ်ကုန်မှာ စိုးလို့..

ကျွန်တော့်အမြင်လေးပါ။ အက်ဆေးတစ်ခုလုံးကတော့ မှတ်သားစရာတွေချည်းပဲဗျာ.. နောက်လည်း အဲဒါမျိုးလေးတွေ အဆင်ပြေရင် ရှယ်ပေးပါ အစ်မရေ... =)

mgngal said...

ဖတ် မှတ်သွားပါတယ် ။

တန်ခူး said...

ကောင်းလိုက်တဲ့အက်ဆေးလေးနော်… ထောင့်စေ့အောင် ရေးသွားနိုင်တယ်… ဝေမျှပေးတာ အရမ်းကျေးဇူးတင်ပါတယ် ပန်ရေ… ဦးမြင့်စိုးအကြောင်းရောက်တော့ မရယ်ပဲ မနေနိုင်ဘူး… ဒါပေမယ့်လေ… ဆရာနဲ့ သာ ဆုံခွင့်ရခဲ့ရင် ပြောချင်တာလေးရှိတယ်… မြန်မာပြည်က လူတော်အနုပညာသမားတွေ အသက်တိုကြရတာ အရက်တွေ သိပ်သောက်ကြလို့ က အဓိက အကြောင်းရင်းဖြစ်နေတယ်နော်… နှမျောမိတယ်… စကားမစပ်… တက်ဂ်ထားတယ်နော်… ရေးပေးရမှာ…

Phyo Maw said...

ဆရာအောင်ပြည့် ကို လွမ်းမိပါသည်။
ဖတ်စရာဂျာနယ်လို ဂျာနယ်မျိုး ဆရာ့ကြောင့်သာ ပေါ်ထွန်းခဲ့သည်။

သက်ဝေ said...

စကားလုံး တစ်လုံးချင်း၊ စကားစု တစ်စုချင်း၊ ဝါကျ တစ်ကြောင်းချင်း ကျစ်ကျစ်လစ်လစ် သိပ်သိပ်သည်းသည်းရှိတဲ့ တကယ့် အက်ဆေးပါပဲ...
ဝါကျတိုတိုလေးတွေနဲ့ ရေးထားပုံလေးကို တကယ် နှစ်သက်မိပါတယ်...
ဝေမျှပေးတာကျေးဇူးပါ...။

tututha said...

ညီမပန်ရေ .. အမြဲတမ်းနောက်ကျတဲ့ အစ်မလို့သာ မှတ်လိုက်ပါတော့။ ဒီပို့စ်လေးအတွက် သိပ်ကိုကျေးဇူးတင်တယ်။ အထူးသဖြင့် တိုက်တိုက် ဆိုင်ဆိုင် ဦးမြင့် (ဦးအောင်ပြည့်ရဲ့) ၃ နှစ်ပြည့် မှာ အစ်မ အမှတ်တရ ပို့စ်ရေးတဲ့အချိန်မှာ .. ညီမက ဒီအက်ဆေးလေး တင်ပေးလို့ (တိုက်ဆိုင်တာပဲဖြစ်ဖြစ်) ကျေးဇူးသိပ်တင်ပါတယ်။ တခါက ညီမ ပဟေဠိ ဝှက်တုန်းက အစ်မ အဖြေပေးခဲ့ဦးမလို့ပါပဲ။ ဒါပေမယ့် ညီမဘာသာပဲ အဖြေပေးပစေ ဆိုပြီး ဒီတိုင်း ထားခဲ့တာ။ ညီမရေ .. တဆက်တည်း စိတ်ပင်လယ် စာတန်း ထဲက တခြားစာတန်းတွေကိုပါ ဖြန့်ဝေပေးစေ ချင်ပါတယ်။ ညီမက ခရက်ဒစ် ပေးထားတာပဲ။ မျှဝေပေးတာပဲ။ သူများရေးတာကို ကိုယ်ရေးတာလိုလို လုပ်တာမှမဟုတ်ဘဲ .. ဖတ်ချင်တယ်ညီမရေ။