Wednesday, January 27, 2010

ဒီမြို့ထဲကို နောက်တခေါက်

ဒီကဗျာကို ၂၀၀၇ သြဂတ်စ် လ လောက်မှာ စရေးပြီး စက်တင်ဘာလ ၂ရက်နေ့မှာ အပြီးသတ်ခဲ့ပါတယ်။ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းကြီး ကဗျာဆရာတစ်ယောက်ကတော့ ဒီကဗျာကို သူ့အနေနဲ့ မကြိုက် မနှစ်သက်တဲ့အကြောင်း စကားစပ်မိတိုင်း ပြောလေ့ရှိပါတယ်။ ကျန်တဲ့ အတော်များများကတော့ နားမလည်နိုင်ဘူး ဆိုတာမျိုးလောက် ပြောပါတယ်။ ဒီကဗျာကို ရေးနေခိုက်မှာတော့ (ခေတ်နောက်ပြန်ဆွဲတယ် ပဲ ပြောပြော) Coleridge ရဲ့ လွှမ်းမိုးမှုတချို့ ခေါင်းထဲမှာ ရှိနေတာကိုတော့ ၀န်ခံရမှာပါ။ မိတ်ဆွေ တယောက်ဖြစ်တဲ့ M.Y. က သူ့ရဲ့ ထင်မြင်ချက်တွေကို အရှည်ကြီး ရေးပေးခဲ့ပါတယ်။ သူ့ထင်မြင်ချက်တွေကိုလည်း သူရေးခဲ့တဲ့ အရှိအတိုင်း ပြန်တင်လိုက်ပါတယ်။ (အဲဒီမှတ်ချက်က ကဗျာထက် ပိုပြီး ဖတ်လို့ကောင်းနေတာ တွေ့ရမယ်။)

အလုပ်များလို့ ခေါင်းထဲမှာနေရာလွတ်မရှိ စာအသစ်မရေးဖြစ်တဲ့ အချိန်မှာ ဒီကဗျာကို မဖတ်ဖြစ်ခဲ့သူတွေအတွက် ဖတ်ချင်ရင် ဖတ်လို့ရအောင် ပြန်တင်လိုက်တာ ဖြစ်ပါတယ်။




ဒီမြို့ထဲမှာ

( ၁)

မပျော်ဘူး
ဘိုင်ရွန်ဆန်ဆန်မပျော်ဘူး^..တဲ့
အနီးကပ်အမှောင်ပိန်းနေမှ
ဘာကိုမြင်ရမှာလဲ
အဝေးမှုန်တာအတွက်လည်း
မျက်မှန်တစ်လက်မ၀ယ်နိုင်ဘူး
အုတ်နီခဲရင့်ရင့်အရောင်တွေပဲ
တစ်ခွက်ပြီးတစ်ခွက်သောက်ကြတယ်
လွယ်အိတ်တစ်လုံးစာ သက်ပြင်းတွေကြား
စားပွဲပုလေးတွေပဲ ဓားစာခံပြားသွားကြတယ်
အဲဒီ မုတ်ဆိတ်ကျိုးကျဲတွေရဲ့
ခြေဦးတည့်ရာနောက်က
တရွတ်တိုက်လမ်းမကြီးက ရှက်ဝမ်းနည်းမိတယ်။


(၂)

ဝမ်းမီးတောက်ဖို့တောင်
မီးစာကုန် ဆီခန်းတော့
လည်ပင်းတွေ ညောင်းနေအောင် မော့မော့ကြည့်နေရတယ်
ထသွား ထလာ ၀တ်သင့်တဲ့
ဖြူညစ်ညစ် အင်္ကျီတစ်ထည် ကိုတောင်
နောက်ဆုံးညစာအတွက် ရှို့ပစ်ဖို့စဉ်းစားနေပြီ
ကဲ ဘာဆက်လုပ်ကြမလဲ
ယုံကြည်ချက်ဆိုတာ
မနက်ဖြန် ဆိုတဲ့ ဝေါဟာရ ခေါင်းပါးရာဒေသမှာ
မရှင်သန်နိုင်ဘူး
ဟိုကောင်တွေလည်း ငေးငေးငိုင်ငိုင်
လွယ်အိတ်ထဲက လက်ကျန်အကြွေတွေ
ချိုးချိုးချွင်ချွင်နဲ့ စားပွဲပေါ်ကလိမ့်ကျ
ဘယ်သူမှ ထမကောက်ကြဘူး
အဲဒီအခိုက် ကားတစ်စီး ဝေါခနဲအဖြတ်
ဖုန်တထောင်းထောင်းထသွား
အဲဒီင်္ဖုန်တွေ အမှိုက်တွေပါ
အုတ်ခဲရင့်ရောင်ထဲ ဖျော်စပ်လို့
ပျစ်ပျစ်နှစ်နှစ်ကြီး
ရင်ဘတ်ထဲအရောက် မော့ချလိုက်ကြတယ်။


(၃)

နေကမြင့်မြင့်လာတယ်
ဆိုင်ကနေ လမ်းအခွဲ
တံလျှပ်ရဲ့ဖမ်းစားမှုမှာ
ဘာဖြစ်သွားလဲမသိဘူး
အုတ်ခဲရင့်ရောင်တွေ ကြည်လင်
ရွှေအိုရောင် ဖိတ်ဖိတ်စင်သွားတယ်
လမ်းမကြီးက ဒယိမ်းဒယိုင်လိုက်လာတယ်
အဲဒီမှာ
အဲလ်ဘက်ထရော့စ်* (ငှက်) ကို
ငါတို့ထဲကတချို့ဟာ
မြင်ရာမဆိုင်း ပစ်ချလိုက်မိတယ်
အဲလ်ဘက်ထရော့စ်.. အဲလ်ဘက်ထရော့စ်..
သူ့အရိပ်တွေ ထင်နေတယ်..
အဲလ်ဘက်ထရော့စ်.. အဲလ်ဘက်ထရော့စ်..
သူ့အရိပ်တွေ ထင်နေတယ်..
အဲလ်ဘက်ထရော့စ်.. အဲလ်ဘက်ထရော့စ်..
သူ့အရိပ်တွေ ထင်နေတယ်..
အဲလ်ဘက်ထရော့စ်.. အဲလ်ဘက်ထရော့စ်..
ငါတို့ရဲ့စိတ်လိုက်မာန်ပါရယ်
ကျိန်စာတွေခ သွေးမြေကျခဲ့တယ်။


(၄)

မျက်ရည်ငန်ပျပျတွေကို
ဝေမျှသောက်သုံးသူတွေဟာ
ရဲဘော်ရဲဘက်ဖြစ်တယ်
အတိတ်ကိုအတိတ်မှာပဲ ထားလိုက်ကြမယ်
ပင်လယ်ကိုဖြတ်သန်းမှတော့
ပင်လယ်ရဲ့အနမ်းကိုခံနိုင်ရည်ရှိရမယ်
လက်တွေ့အရ ဖြစ်မလာဘူး
သဘောတရားအရ မှန်ကန်တယ်
ဒါဆိုငါတို့မှန်ခဲ့တယ်
ဒါဆိုငါတို့မှားခဲ့တယ်
သွေးရူးသွေးတန်း ဓာတ်ပြားဟောင်းတစ်ချပ်
ဖြတ်ခနဲ အက်ရာထင်သွားတယ်။


(၅)

အတူတူဆက်ထွက်လာခဲ့ကြတယ်
အဲလ်ဘက်ထရော့စ် အပုပ်ကောင်ကို
လည်ပင်းမှာဆွဲထားတဲ့ကောင်တွေလည်းပါတယ်
တရွက်တိုက် လမ်းမကြီးက အိပဲ့အိပဲ့နဲ့ လိုက်လာတယ်
တစ်ချက်အကွေ့ ငါတို့ကျောအလစ်မှာ
လမ်းမကြီးက ငါတို့ကို
ကျောက်စရစ်ခဲတစ်လုံးလို
ပိုးစိုးပက်စက် ကန်ထုတ်လိုက်တယ်
အုတ်ခဲရင့်ရောင်တွေ ဖိတ်လျှံ အန်ကျကုန်တယ်
အုတ်ခဲရင့်ရောင် စွန်းထင်းပေပွ ဒီလမ်းမဟာ
အော့ကြောလန်စရာ ဖြစ်လာလိမ့်မယ်လို့
ဘယ်သူကထင်ခဲ့ကြမှာလဲ
ရင်ဘတ်အောင့်နေအောင် နံရံကိုဝင်တိုးမိမှ
မျက်မှန်တစ်လက်ကို ဆွေးဆွေးမြေ့မြေ့ တမ်းတမိတယ်။


(၆)

မပျော်ဘူး
ဘိုင်ရွန်ဆန်ဆန်မပျော်ဘူး
ဖြူညစ်ညစ်အင်္ကျီလည်း အမွှာမွှာကွဲ
အာရုံတွေေ၀၀ါးကုန်ပြီ
လုံးတီးဘ၀ ရှက်ကြသတဲ့
ဖုန်တွေကိုပဲ လုံခြုံနိုးနဲ့
တချို့လူးလှိမ့်ဝတ်ဆင်ကုန်ကြတယ်
မဲ မှောင် စွန်း ထင်း
တစ်ယောက်နဲ့တစ်ယောက်လည်း
မမှတ်မိတော့ဘူး
အချင်းချင်း ကုတ်ခြစ်ဖို့
မာန်ဖီသံတွေကြားနေရတယ်
အုတ်ခဲရင့်ရောင်မိုးတွေရယ်
ပိန်းပိန်းပိတ်ပိတ် လွှမ်းခြုံသွားအောင်
ရွာချလိုက်
ရွာချလိုက်
ရွာချလိုက် ပါ ကွယ်။


(၇)

အုတ်ခဲရင့်ရောင် မိုးကခေါင်တယ်
ကိုယ့်ဘာသာပဲ ဖျော်စပ်ဖို့
အုတ်ခဲကိုထုခွဲကြရင်း
အဖိတ်အစင်တွေ ရှိသွားတယ်
ဟေ့ကောင် ဟေ့ကောင်…
စကားတွေအများကြီးမပြောနဲ့ မောနေမယ်
ဟေ့ကောင် ဟေ့ကောင်…
မကြာခင် ရောက်လာကြတော့မှာပါ
ဟေ့ကောင် ဟေ့ကောင်…
အားတင်းထားကွာ
ဟေ့ကောင် ဟေ့ကောင်…
ငါတို့လုပ်စရာတွေ တန်းလန်းကြီးကွ
ဟေ့ကောင် ဟေ့ကောင်…
ဆောရီး.. ဒီအချိန်မှာ ဒါတွေခေါင်းထဲ မထည့်နဲ့တော့နော်
ဟေ့ကောင် ဟေ့ကောင်…
ငါပြောနေတာ ကြားရဲ့လား
ဟေ့ကောင် ဟေ့ကောင်…
ဟေ့ကောင် ဟေ့ကောင်…
ဟေ့ကောင် ဟေ့ကောင်…
......
......
......
မင်း... ကွာ...။


(၈)

မုန်တိုင်းစဲခါစ
ကောင်းကင်က သူမဟုတ်ခဲ့သလိုပေါ့
တသက်လုံးသောက်ခဲ့တဲ့
အုတ်နီခဲရင့်ရင့်အရောင်တွေဟာ
မျက်နှာငယ်နဲ့ အငွေ့သေပြီး စောင့်နေတယ်
လူစုံပြီလား ခွက်စုံပြီလား
ဟိုကောင်တွေသာ ရှိရင်ကွာ…..
ဘယ်သူမှ စကားပြန်မရဘူး
ဆို့
နင့်

စားပွဲပုလေးပေါ် ပစ်ချထားတဲ့
လွယ်အိတ်တွေထဲက
ချိုးချိုးချွင်ချွင်သံပဲ တစ်ချက်ထွက်လာတယ်
နောက်တစ်ခါ ဒီဆိုင်မှာပြန်ထိုင်ရင်
ဘယ်နှစ်ယောက်ကျန်ဦးမှာလဲ..
ငေးမိငေးရာငေးခိုက်
လမ်းမကြီးကိုလှိုင်းစီးလာတဲ့
အဲလ်ဘက်ထရော့စ်ကို
ဖုန်တထောင်းထောင်းကြား
မှုန်ဝါးဝါးမြင်လိုက်ရသေးတယ်…။ ။


ပန်ဒိုရာ
၂ စက်တင်ဘာ ၂၀၀၇

^Byronic unhappiness
*Albatross


M. Y. ၏ မှတ်ချက်

ကဗျာအဖွင့်မှာ ဘိုင်ရွန် ဆန်သော မပျော်ရွှင်မှုဆိုတာနဲ့ စဖွင့် လိုက်တယ်ဆိုကထဲက ကဗျာရှင် နောက် တော်တော်လိုက်ယူရမယ်ဆိုတာ သဘောပေါက်လိုက်တယ်.. မြင့်တော့မြင့်တယ်.. ကဗျာအဖွဲ့ ထက် ပေးချင်တဲ့ Message ကိုပြောတာပါ..

၂ဝ ရာစုကိုအလွှမ်းမိုးနိုင်ဆုံး အတွေးအခေါ်ပညာရှင်လို တင်စားတဲ့ ဘာ့(တ)ထရန် ရပ်ဆဲ(လ) နဲ့  ချီလာပြီ.. ဘိုင်ရွန်နဲ့ စဖွင့်လိုက် က ထဲက လူ့ အသိုင်းအ၀န်းတစ်ခုလုံးနဲ့ ဆိုင်တဲ့ ဒသနတွေ၊ စိတ်မတိုက်ဆိုင်စရာ အဖြစ်အပျက်တွေကို ပြောချင်နေတာတွေ ပါလာတော့မယ်လို့ တွက်လိုက်တယ်… (ဒီနေရာမှာ ဘိုင်ရွန်မပျော်ရွှင်မှုများ ရဲ့  ဖခင် ဘာ့(တ)ထရန် ရပ်ဆဲ(လ) ကိုတော့မိတ်ဆက်ပေးဖို့ လို မယ်မထင်ပါဘူး..) Nobel Prize in Literature in 1950 ပါ။ ဘိုင်ရွန်ဆန်သောမပျော်ရွှင်မှုကို ကဗျာရှင် ဘာကြောင့်သုံးထားပါသလဲ…စကားလုံးဖောင်းပွရုံသက်သက်ပဲလား.. ကြည့်ရအောင်..

ဒသနိက၀ါဒ ကို ချေပခဲ့ တဲ့ ဘာ့(တ)ထရန် ရပ်ဆဲ(လ) ရဲ့  လူမှု အသိုင်းအဝန်းမှာ ဒီမိုကရေစီကျကျ ပျော်ရွှင်မှုဆိုတာလူသားတစ်ဦးအနေ နဲ့ ရကိုရ ရမယ့်အရာ..တိတိကျကျဆိုရရင် အောင်အောင်မြင်မြင်ကို ဆွတ်ခူးနိုင်ရမယ့်အရာဖြစ်တယ်လို့ ဆိုတယ်…

ဘာ့(တ)ထရန် ရပ်ဆဲ(လ) ရဲ့ ဂန္ထဝင်The Conquest of Happiness ထဲမှာချပြခဲ့တဲ့ ဘိုင်ရွန်ဆန်သော မပျော်ရွှင်မှု Byronic unhappiness … က တော့

မရိုးဖြောင့်တဲ့အတ္တ၀ါဒ ကို ရေသောက်မြစ် ခံထားပြီး အားလုံးမှားယွင်းနေရင်တော့ ကမ္ဘာကြီးကိုစိတ်ကုန်နေလောက်အောင်မပျော်ရွှင်ခြင်းတွေ နဲ့  သာမွန်းကျပ်နွမ်းလျ နေလိမ့်မယ်…ဒါမှမဟုတ် ပညာဥာဏ် ဆင်ခြင်တုံတရားနဲ့ ပြည့်ဝတဲ့သူ လိုမျိုး လဲ ဖြစ်ခွင့် ရှိနေသေးတာပဲ..ဒီနှစ်ခုအကြား မျှခြေ ရှာနိုင်ဖို့ လို အပ်တယ်..

ဒါပေမယ့် ရပ်ဆဲ(လ) က ဒီ ပျော်ရွှင်မှုကိုအောင်နိုင်ခြင်း ဆိုတာ ကို ဆင်းရဲမွဲတေမှု၊ အဆုံးစွန်ကျဆင်းမှု၊ စိတ်ဒါဏ်ရာစတဲ့ အခြေအနေတွေကို ကုစားဖို့ မစွမ်းတဲ့သူတွေအတွက်ရေးခဲ့တာ တော့မဟုတ်ဘူး။
အဖက်ဖက်က ပိတ်ဆို့ တိုက်ခိုက်မခံတဲ့ လူမျိုးတွေအတွက်သာရည်ရွယ်ခဲ့တယ်..

ဖြစ်တည်မှု အတွေးအခေါ်ပညာရှင်ကြီးတစ်ချို့  ရဲ့ အစာမကြေတဲ့ ရှုထောင့်တွေ လိုမျိုးပေါ့..

လူသားတွေရဲ့ ပြသနာ ၊ အဓိက ကတော့ သမားရိုးကျမှာပျင်းရိငြီးငွေ့ လာမှု၊ ဗလာခံစားမှု ၊ စိတ်လှုပ်ရှားစရာကောင်းတဲ့ လောင်းကစား လိုမျိုး စိတ်ကျေနပ်တဲ့ ခံစားမှုတစ်ခု ရဖို
အလုပ်ဒါဏ်.. ဒါဏ်ပိမှု၊ လိုချင်တာတွေ စိတ်ဝင်စားစရာတွေများပြားလွန်းတာကရလာတဲ့ ဒါဏ် ၊ တစ်ခါတစ်လေမှာ သိပ်လိုအပ်လှတာလဲမဟုတ်ပဲနဲ့ လောဘတွေဇောတွေ ကြောင့်ပြန်ရလာတဲ့မပျော်ရွှင်မှု၊ နောက်တစ်ခါ မကောင်းမှု အပြစ် ကို သိနေမှု…ကြောင့်ရလာတဲ့မပျော်ရွှင်မှု…မူမမှန်စိတ္တဇ တွေနဲ့ လူ့ အသိုင်းအ၀န်းတစ်ခုလုံးကျဆုံးမှု၊

နောက်ကြောင်းခင်းပြနေတာနဲ့ ရှည်သွားပါပြီ။ ဒါပေမယ့် ကဗျာတစ်ခုလုံးရဲ့ အသက်လို့ ခံစားရလို့ ဒီ နောက်ကြောင်းကိုသိထားမှရပါမယ်..မဟုတ်ရင် ဒီမြို့ ထဲမှာ နဲ့ အလှမ်းဝေးသွားမယ်..ကဲကဗျာကိုပြန်သွားရအောင်..
ဘိုင်ရွန်ဆန်ဆန်မပျော်ဘူး..တဲ့
အနီးကပ်အမှောင်ပိန်းနေမှ
ဘာကိုမြင်ရမှာလဲ အဝေးမှုန်တာအတွက်လည်း
မျက်မှန်တစ်လက်မ၀ယ်နိုင်ဘူး…
ဒါကတော့ရှင်းပါတယ်.. အနီးမှာ ဘာမှမမြင်ရလောက်အောင်ဘာတွေက ဖုံးကွယ်ထားတာတဲ့လဲ..နောက်ပြီး အဝေးမှုန်တယ်ဆိုတော့ ကိုယ်နဲ့ နေသာသပ လေညာက ဆိုလို့ ရတဲ့ ဘ၀တွေ ကို ကုစားပေးဖို့ ရော …လိုအပ်တာတွေကိုယ်ကိုအဆုံးစွန် စွန့် လွှတ်လုပ်ဆောင်ပေးနိုင်ပြီလား..

ဒီ မေးခွန်းနဲ့ တင် အထက်က ဘိုင်ရွန်ဆန်သော မပျော်ရွှင်မှုဇာတ်လမ်းကစလာပါပြီ..

အုတ်နီခဲရင့်ရင့်အရောင်တွေ … ဆိုတဲ့ သင်္ကေတ ကို စဉ်းစားကြည့်မိတယ်..အရောင်ကိုတွေ့ မှ ဖြစ်မယ်..တွေးကြည့်ပါ. နီညိုရင့်ရင့်.. ခပ်ပျစ်ပျစ်အရောင်.အဲ ဒီအရောင်က စိတ်ဓာတ်လား၊ကိုယ်ထဲက သတ္တိသွေးအရောင် လား.. သောက်လို့ ရောရသလား… ဒီမြို့ ထဲမှာ….. ယူတတ်သလို ခံစားနိုင်ပါတယ်..

၂။
ဝမ်းမီးတောက်ဖို့တောင် မီးစာကုန် ဆီခန်းတော့ လည်ပင်းတွေ ညောင်းနေအောင် မော့မော့ကြည့်နေရတယ်….
အင်း ဒါလဲ Fatigue တစ်မျိုးပဲ။ ဘိုင်ရွန်ထဲမှာသူလဲပါတယ်…အင်္ကျီဖြု ကတော့ ရှင်းပါတယ်.. ကိုထူးအိမ်သင်သီချင်းပဲကြားယောင်မိပါတယ်.. ဒီအကျီင်္ ဖြုကိုပြန်ရှက်နေရလောက်အောင် ကိုယ့်ဂုဏ်သိက္ခာကို ထုခွဲလိုက်ကြဖို့ စဉ်းစားတဲ့လူတွေအကြောင်း…
လွယ်အိတ်ထဲက လက်ကျန်အကြွေတွေ ဆိုတဲ့ အဖွဲ့ ကိုသတိထားကြည့်ပါ။ သူကနောက်ပိုင်းမှာဇာတ်ကောင်အဖြစ်ပြန်ပါလာတယ်..လက်ကျန်ဆိုကထဲက မက်လောက်စရာတော့သိပ်မရှိဘူး။ ထလဲကောက်မနေနဲ့ ။ ခုနက အုတ်နီခဲရင့်ရင့်အရောင် ကလဲ အမှိုက်တွေဖုံတွေနဲ့ ရောသွားပြီဆိုကထဲက မူလဓာတ်မရှိတော့ဘူး။ စိတ်ပဲဖြစ်ဖြစ် သွေးပဲဖြစ်ဖြစ်။ ယူတတ်သလို ခံစားနိုင်ပါတယ်. ဒီမြို့ ထဲမှာ…..

၃။
နေကမြင့်မြင့်လာတယ် ဆိုတော့ နေမြင့်ရင် စိတ်မမှန်တဲ့သတ္တဝါလဲ ရောဂါကရင့်ရင့်လာမယ်…အချိန်ဒီရေ..ကာလကြာစောင့်ဆိုင်းနေရမှုတွေ အမြင့်ဆုံး peak ကိုရောက်လာမယ်လို့ ဆိုချင်လဲဖြစ်တယ်…အဲ ဒီမှာ အုတ်ခဲရင့်ရောင်က ဘာလို့ ကြည်လင်လာရတာလဲ…ရွှေအိုရောင်ကရောဘာလို့ လမ်းမပေါ်ပြန့် ကျဲသွားရတာလဲ… albatross ကရောဘာကောင်လဲ….

တစ်နေ့ ပြီးတစ်နေ့ 
အသက်မရှု၊မလှုပ်ရှားနိုင်အား
ဆေးချယ်ထားတဲ့ဆွံ့ အသင်္ဘောတစ်စင်းလိုပ
ဆေးချယ်ထားတဲ့ပင်လယ်ပြင်ပေါ်
ငါတို့ ပိတ်မိနေလို့ …

နေရာတိုင်းမှာ ရေ..ရေတွေ..
လှေတစ်စင်းလုံးကျုံ့ သထက်ကျုံ့ 
နေရာတိုင်းမှာ…ရေ..ရေတွေ..
တစ်စက်မှ..သောက်သုံးဖို့ တော့မဟုတ်…

The Rime of the Ancient Mariner by Samuel Taylor Coleridge မှ


နိမိတ်ြပကောင်းပေးမယ့် သင်္ဘောနောက်က ပျံသန်းလိုက်ပါလာတဲ့ albatross ငှက်ကလေးကို သင်္ဘောပေါ်ကတစ်ယောက်ကပစ်ချလိုက်တယ်.. albatrossတွေ မြို့ ရဲ့  လမ်းမတွေမှာ ရောက်လာတဲ့အခါမှာတော့………..
အပေါ်ကအယ်လဘတ်ထရော့ စ က အများအတွက်ထွက်လာတယ်… ငါတို့ရဲ့စိတ်လိုက်မာန်ပါရယ်… ကျိန်စာတွေခ သွေးမြေကျခဲ့တယ်.. ဆိုရင်ရှင်းသွားပါပြီ..မဆင်မခြင်မိုက်မဲမှုကြောင့်ရလာမယ့် ဆိုးကျိုးတွေ..နမိတ်ဆိုးတွေ..ရှေ့မှာသင်္ဘောနစ်ဖို့ ကံကြမာဆိုး ကစောင့်နေတယ်… ဒီမြို့ ထဲမှာ…..

၎။
အကျပ်အတည်းကိုအတူဖြေရှင်း၊ သောကကို ဝေမျှခံစားမှ ရဲ ဘော်ရဲဘက်အစစ်မဟုတ်လား ၊ အာဃာတတွေ မေ့ ထားလိုက်တော့။ လှိုင်းထန်တဲ့ ပင်လယ်ကိုဖြတ်ရဲပြီဆိုမှတော့ မုန်တိုင်းကို တွေးကြောက်နေလို့ ဖြစ်မတဲ့လား။ လုပ်ရမယ့်အရာကို လုပ်ခဲ့တယ်။ မှားသလား..မှန်သလား…ယုတ္တိဗေဒ တွေနဲ့  ဓာတ်ပြားဟောင်းတစ်ချပ် လာထပ် မဖွင့်နဲ့ တော့.. ဒီမြို့ ထဲမှာ…..

၅။
ခရီးကမပြီးသေးဘူး။ ခုနက အယ်လဘတ်ထရော့ စ ကိုပစ်ချပြီး သူ့ ခန်ဓာကို ထမ်းတောင်လာဝံ့တဲ့ကောင်လဲ ဒီလမ်း ဒီခရီး ကိုလျှောက်ရမှာပဲ။ လျှောက်နေရတာပဲ။
ခရီးကတော့ ပေါက်လှတာမဟုတ်… သတိတစ်ချက် လွတ်သွားတဲ့အခိုက်မှာတော့ နောက်ကျောကနေ ထိုးလာတဲ့ဓားချက်တွေ…. အုတ်နီခဲရင့်ရင့်ရောင် တွေက လမ်းမပေါ် မှာ… ဖွားခနဲ… နောက်တစ်ချီ.. သွားပြန်ပြီ… ရှေ့မှာဘာမှလမ်းမရှိတော့လောက်အောင် ကာဆီးခံရ၊ ထွက်ပေါက်တွေ ပိတ်ဆို့ နေပြီဆိုတော့မှ..ကိုယ်နဲ့ ဝေးနေ တယ်ထင်ခဲ့တဲ့ အရာတွေကို မြင်အောင်မကြည့်ခဲ့မိတဲ့ ဆင်ခြင်တုံတရားမဲ့မှုကို နောင်တရနေလဲ..နောက်တော့ကျသွားခဲ့ပြီ…ဒီမြို့ ထဲမှာ…..

၆။
ကဲ..အဲဒါတွေကြောင့်ပါပဲ… ဘယ်သူမှ ပြီးပြည့်စုံတဲ့ပျော်ရွှင်ခြင်းမရှိဘူး။ ဘိုင်ရွန်ဆန်သောမပျော်ရွှင်ခြင်းတွေနဲ့ ပဲအဆုံးသတ်ရပြီ။အလိုမကျမှု၊ငြီးငွေ့ မှု၊ဆင်းရဲမှု၊ လောဘ၊ မောဟ၊ အတ္တ.တွေနဲ့ တောက်လောင်.ကိုယ့်ကျင့်တရားတွေကိုရောင်းချဖလှယ်ကြ၊ အ၀ိဇ္ဇာတွေနဲ့ ညစ်နွမ်းစွာ ကိုယ့်ကိုကိုယ်တန်ဆာဆင်ကြ..ဘယ်ဟာအမှန်တရားလဲမခွဲခြားနိုင်တော့ဘူး။ ကိုယ့်စားကျက်ထဲဝင်လာရင်ကိုယ့်စားခွက်လုတယ်ပဲမှတ်နေတော့ ဘယ်နည်းနဲ့ ဖြစ်ဖြစ်တိုက်ထုတ်ပစ်ရမှာလဲဝန်မလေးတော့ဘူး…

တစ်ချိန်ကတစ်သွေးထဲတစ်သားထဲ စိတ်ဓာတ်တွေကိုပဲတောင့်တမိတယ်…မိုးလိုရွာချလိုက်ပါဦးလား.. ခွန်အားတွေထပ်ဖြည့်ပေးပါဦးလား… ဒီမြို့ ထဲမှာ တောင်းဆိုတယ်…

၇။ ကဗျာရှင်က ဆိုတယ်…ကိုယ်တတ်နိုင်သလောက်နဲ့ ကိုယ်စွမ်းသမျှလေး ပြန်တည်ဆောက်ကြည့်ရအောင်..အုတ်ခဲရင့်ရောင်စိတ်ဓာတ်ဖြစ်ဖြစ်၊ သတ္တိသွေးဆိုဆိုပေါ့… မပြိုလဲဖို့ လိုတယ်။အချင်းချင်းအားပေးတယ်။ဒါပေမယ့်..ဟေ့ကောင်...ဟေ့ကောင်. ဟေ့ကောင်. ဟေ့ကောင်...ဟေ့ကောင်. ဟေ့ကောင်….အထပ်ထပ်သတိပေးတယ်..ပြောတယ်..ခေါ်တယ်..ခွန်းတုန့် မပြန်တာလား.. သေသွားတာလား… ဝေးရာရောက်သွားတာလား.. ပျောက်သွားတာလား… အဖက်မလုပ်တော့တာလား… အဲဒိဟေ့ကောင်က ရဲ ဘော်ရဲဘက်လား.. စိတ်ဓာတ်လား.. သတ္တိလား….. မင်းကွာ ဆိုတဲ့ မချင့်မရဲသံပဲ ပဲ့တင်ထပ်သွားတယ်….. ဒီမြို့ ထဲမှာ…

၈။
အဆုံးမှာ ကဗျာရှင်က ဘိုင်ရွန်ဆန်ဆန်မပျော်ခဲ့တဲ့ ဟိုးအစကို ပြန်ခေါ်သွားတယ်.. မပျော်ရွှင်မှုဇာတ်လမ်းကမပြီးသေးဘူး။ လူအများကြီးတကယ်ပျော်ကြရဲ့ လား။ လူအများကြီးအတွက်အရေးပါတဲ့ ဆောင်ရွက်ချက်တွေ၊ လုပ်လို့ ပြီးပြည့်စုံသောပျော်ရွှင်ခြင်းတွေ ရအောင်လုပ်ချင် စိတ်ရှိသေးလား... အုတ်နီခဲရင့်ရင့် အရောင်တွေက အုတ်နီခဲရင့်ရင့်ရောဟုတ်သေးရဲ့ လားလို့ နောက်ဆုံးပိုဒ် အရောက်မှာ ကျွန်တော်သံသယဝင်သွားပြီ... ကျွန်တော်လဲဘိုင်ရွန်ဆန်ဆန်မပျော်ရွှင်ခြင်းတွေ သုံးသပ်မိ သွားပြီ..

ပြီးပြည့်စုံသော ပျော်ရွှင်မှုဆိုတာ ပလေတို တို့ ခေတ်ကစပြီးအတွေးအခေါ်ပညာရှင်တွေ ထင်မှတ်ချပြခဲ့သလောက်မရိုးရှင်းဘူး လို့ ရပ်ဆဲ (လ) ကဆိုခဲ့တယ်.. ရပ်ဆဲ (လ) က သိပ်ပံပညာရှင်တွေကိုတော့သဘောကျတယ်။ သူ တို့ ရဲ့ လောကကြီးအတွက်ရှာဖွေ တီထွင်ပေးမှုက ရှိသမျှစွမ်းအင်တွေ အကုန်ထုတ်သုံးပြီး ရလာတဲ့ရလာဒ် က သူတစ်ဦးထဲအတွက် လူတွေအများကြီး အတွက်အရေးပါတာကိုး။

ဒါပေမယ့်ရပ်ဆဲ(လ)ခေတ်တုန်းက စိတ်ကျရောဂါတွေဓာတုဇီဝ နည်းပညာတွေ ပဋိဇီဝတွေ စိတ်ပညာတွေ ထွန်းကားခဲ့တာမဟုတ်သေးတော့ သူ့ တွေးခေါ်ချက်တစ်ချို့ က ဒီနေ့ ခေတ်နဲ့ ချိန်လိုက်ရင် ခေတ်တော့နောက်ကျနေပြီလို့ လဲ ဆိုကြတယ်။

ကျွန်တော်လဲထင်တယ် ရပ်ဆဲ(လ) ရဲ့  ဘိုင်ရွန်ဆန်သော မပျော်ရွှင်ခြင်းဆိုတာ ဗုဒ္ဓဘာသာနဲ့ များ ချဉ်းကပ်ခဲ့ရင် တော့ ဒိထက်ကောင်းတဲ့ ဒသနတွေသူချပြသွားနိုင်မလားလို့ ပါ။

သူတို့ စုစည်းပြီး ဒီ.မြို့ ထဲကိုစောင့်ကြည့်နေတဲ့နေရာလေးရဲ့ ခပ်လှမ်းလှမ်းမှာ အများအတွက်နမိတ်ကောင်းကလေးတွေပြပေးမယ့် ကယ်တင်ရှင် အဲလ်ဘက်ထရော့စ် ကိုမသဲမကွဲ မြင်လိုက်ရပြန်ပြီ… ကဲဒီတစ်ခါ…ကျွန်တော်ဘာလုပ်မလဲ…ခင်ဗျားဆိုရင် ရောဘာလုပ်မလဲ.. အရင်တစ်ခါ အဲလ်ဘက်ထရော့စ်ကို အောင်သေအောင်သားစားသုံးခဲ့တဲ့သူတွေရောဘာလုပ်မလဲ….. ဒီမြို့ ထဲမှာ…



ပန်ဒိုရာ ရဲ့ ဒီကဗျာ ကပေးတဲ့ Message နဲ့ အတွေးကို ကျွန်တော်ခံစားမိတဲ့ရှုထောင့်အရ နှစ်သက်တယ်။ ဒါပေမယ့် အဖွဲ့ ပိုင်းမှာ သင်္ကေတပိုင်းတွေကလွဲပြီး.. သွယ်ဝိုက်ထားတဲ့ဟာတစ်ချို့ က အပိုင်း ခြောက်ရောက်တဲ့ အထိ ရင်ထဲကို ရောက် သွားအောင်သယ်မသွားနိုင်ဘူး။အင်မတန် လေးနက်တဲ့ အကြောင်းအရာကိုတော့ ရတယ်..

ကျွန်တော်အကြိုက်ဆုံး က အပိုင်းသုံးမှာ အယ်လ ဘတ်ထရော့(စ) စ၀င်လာတဲ့နေရာပဲ။ ပစ်ချလိုက်တဲ့နေရာရောက်တော့ ရင်ထဲမှာတော်တော်လေး ယူကြုံးမရဖြစ်သွားမိစေတယ်။ အပိုင်း ၇မှာ ဟေ့ကောင်. ဟေ့ကောင်…အထပ်ထပ်အော်သံက ဆို့ ဆို့ နင့်နင့်ကြီး ဖြတ်ဝင်လာတယ်။ မလိုအပ်ပဲ စကားလုံးတွေထပ်ထားတာမဟုတ်တဲ့ ဒီနေရာကိုတကယ်ခံစားရတယ်…

ကျွန်တော် တတ်သိတဲ့ပညာရှင်မဟုတ်ပါ။ ခံစားမိတဲ့အတိုင်းအလွန်ရှည်လျားစွာကွန်မန့် တာပါ။ ဒီကွန်မန့် ရေးဖို့  အချိန် အများကြီးယူရပါတယ်။ ဘာမှတော့မဟုတ်ပါဘူး။

ကြုံလာလို့ ဘာတရန်ရပ်ဆဲ တို့ မပျော်ရွှင်မှု အကြောင်းတရား တို့ ကို ဝေမျှခံစားချင်တဲ့စိတ်သက်သက်ပါ။ အခုဖြစ်ပျက်နေတာတွေကိုလဲကိုယ်စားပြုနေတယ်ထင်လို့ ပါ။ သူ့ ကဗျာက ရှည်သလို နောက်ကြောင်းကလဲ ပေတော်တော်ရှည်တာကိုး။ ဒါမျိုးက တစ်ခါတစ်ခါကျတော့စာဖတ်သူနဲ့ အလှမ်းဝေးသွားတတ်တယ်။ ကျွန်တော်ခံစားမိသလောက် အချိန်ကုန်မခံနိုင်သူတွေ ခံစားနိုင်ဖို့ ဒီမှာ လာပေရှည်လိုက်မိပါတယ်။ နောက်တစ်ခေါက် အစအဆုံးပြန်ဖတ်ကြည့်ပါလား… ကျွန်တော့်လို ခံစားရမလားလို့…

ခြုံရရင် ဒီမြို့ထဲမှာ….. ရဲ့ subject, message နဲ့ symbolism တွေကို သဘောကျတယ်။ ကဗျာ အဖွဲ့ ကိုတော့ တစ်ချို့ နေရာတွေမှာ နည်းနည်း လျော့နေသလိုထင်မိတယ်။ ကျွန်တော်ရေးရင်လဲ ဒီလောက်ကောင်းချင်မှ ကောင်းမှာပါ။ ကျွန်တော်အတွက်ကတော့ ဒီလို တွေးပြီးခံစားရတဲ့ နောက်ကွယ်က hidden message တွေနောက်လိုက်ရတာကိုပိုပျော်တယ်။ စာလဲများများဖတ်ဖြစ်သွားတယ်။ ဒီနောက်ရေးတဲ့ အပေါ်က ကဗျာ အမှန်တရား ကဗျာ ကိုတော့ ဒီမြို့ ထဲမှာလောက် မခံစားရဘူး။

M.Y.

12 comments:

Anonymous said...

နောက်တစ်ခေါက် ထပ်ဖတ်သွားပါတယ် မပန်ဒိုရာ။M.Yရဲ့comment နဲ့တွဲပြီးဖတ်လိုက်ရတော့ ကဗျာကို ပိုပြီးနားလည်သွားပါတယ်။

( I see you. )
လေးစားလျှက်..

မပန်ဒိုရာရဲ့ထာဝရပရိတ်သတ်

yawnetthan said...

ကဗျာ ရော မှတ်ချက်ပါ ဖတ်သွားပါတယ်။

khin oo may said...

ကိုယ့်အဆင့်နဲ့မှတ်ချက်ပေးရမှအားနာတယ်။

ကိုအောင်(ပျူနိုင်ငံ) said...

ကဗျာရော မှတ်ချက်ပါ ဖတ်ကြည့်တယ်၊ အားလုံး ကောင်းပါတယ်၊ ကဗျာအသစ်တွေ မျှော်နေတယ်ဗျို့ ...း)

ကိုချစ်ဖေ said...

တယ် ဒီဆရာမ..ပစ်တောက်ပစ်တောက်နဲ့..(ဗစ်တောက် ဗစ်တောက်) ရေးတတ်တိုင်း..

tin min htet said...

မပန်ရေ ..
အကြမ်းဖျင်းတော့ ဖတ်ပြီးသွားပါပြီ။ ပြန်ဖတ်ပါဦးမယ်။ ကိုမောင်ရင် ကွန်မန့်နဲ့ ပြန်တွဲဖတ်ရတာ ပိုစိတ်ဝင်စားစရာ ကောင်းပါတယ်။

မှန်တာပြောရရင် ကဗျာ ခက်ခက်တွေ မဖတ်ဖြစ်တာ ကြာပြီ။ ဒီ တပုဒ်ကိုတော့ တော်တော်ကို စိတ်ဝင်စားတာနဲ့ ဖတ်ဖြစ်တာ။

(စကားမစပ် - ကိုမောင်ရင် ဘလော့ဂ် ဖတ်လို့ မရတော့တာ စိတ်မကောင်းပါ။ အရင်တုန်းက ကျွန်တော် အမြဲဖတ်ဖြစ်တဲ့ ဘလော့ဂ်ပါ။)

ငြိမ်းဝေ said...

ဒေါ်ပန်လေး
ဟောင်း အာ u ။
ဒီကဗျာဖတ်ရလို့ ကျေးဇူးတင်တယ်။
ကျနော် ကဗျာမရေးဖြစ်တာ အဲသလို ကဗျာစုံးလေးတွေကြောင့်ပေါ့ဗျာ။ M.Y ကိုလည်းကျေးဇူးတင်တယ်။ အခုတလော နှင်းခါးမိုး ရဲ့ကဗျာ ။ခင်ဗျားရဲ့ကဗျာ ကျနော်တော်တော်ရေငတ်ပြေတယ်။ ကျနော်က အခုရက်အတွင်း ရာစုနှစ်တဝက်အတွင်း မြန်မာကဗျာနာကျင်မှု ဆိုတဲ့ စာတမ်းငယ်လေးတခုရေးနေတုန်း ခင်ဗျားကဗျာဖတ်ရတော့ တကယ့်ကို ရေးလို့ အားရှိသွားရတယ်။ အေးဗျာ ကဗျာရေးရင် ဝေးရာက နီးလာကြတယ်လို့ ဆိုတယ်မို့ လား။
ဒီကဗျာကို ကျနော်ကြိုက်တယ်။ M.Y နဲ့ မတူတဲ့ Mood ကိုလည်းကျနော်ရလိုက်တယ်။ ဒါပေါ့ ဘယ်သူဖတ်ဖတ်မတူတဲ့ Mood ကိုရမှ ကဗျာမြောက်မှာပေါ့နော်။
ဒေါ်ပန်လေး ခင်ဗျားကတော့ ကျနော်တို့ ရပ်ကွက်ထဲက ကဗျာလော်ပန်လေးပါပဲဗျား။

ငြိမ်းဝေ said...

ဒေါ်ပန်လေး ဟောင်းR U.
ကျနော်ပထမ ကွန်မန့် က ဘာဖြစ်လို့ လည်းမသိဘူးပျောက်သွားတယ်ဗျ။ ဒါထပ်ရေးတာပါ။
ကျနော် ဒီကဗျာကို ကြိုက်တယ်။ နောက်တခါ လာပြီးဖတ်ရပါလိမ့်ဦးမယ်။

အိန္ဒြာ said...

အဲဒီ့ကဗျာလိုချင်တယ်...ပန်ပန်

sosegado said...

အမှား. အမှန် ရိုးသားခြင်း မရိုးသားခြင်း တွေးပြီးခံစားရ တွေ နှစ်သက်မိပါတယ်၊

Anonymous said...

ဖတ်တုန်းတော့ခပ်ဝါးဝါးဘဲ...ကိုမောင်ရင် ကော်မန့်ဖတ်မှ နဲနဲ အိုကေတယ်ဆိုမလားဘဲ...။ စကားမစပ် ကိုမောင်ရင်ကို မြင်တော့အတော်ဝမ်းသာ
မိသား... ကိုမောင်ရင် ( ဗိုလ်အောင်ဒင် ) ဘယ်တော့ ပြန်လာမတုန်း???????

Moe Cho Thinn said...

ကဗျာတွေကို footnotes တွေ မပါဘဲ ဖတ်လို့ရတဲ့ဘ၀ ရောက်ချင်တယ်လို့ ကဗျာဆရာမင်းသစ်လား မသိ ပြောခဲ့တာ သတိရတယ်။ အခုကဗျာကတော့ ကိုမောင်ရင် မှတ်ချက်နဲ့မို့ ပိုပြည့်စုံသွားသလိုပဲ။

တို့ကတော့ ကဗျာစပ်ဖြစ်တဲ့ အချိန်ကာလကို နောက်ခံပိတ်ကားအနေနဲ့ ခံစားနေမိတာပါ။ အုတ်နီခဲရောင်ရင့်ရင့် တွေ ရွှေရောင်တောက်သွားတဲ့ ကာလတွေကိုပေါ့။

ဟေ့ကောင် ဟေ့ကောင် ဆိုတဲ့ အပုဒ်က ရင်ကို အထိဆုံးပါ။ မင်း..ကွာ.. ဆိုတော့ ငိုချင်သွားတာပဲ။