Monday, April 19, 2010

စွယ်တော်ရိပ်သို့တစ်ခေါက်



Cultural Show တွေ သွားမကြည့်ဖြစ်တာ ကြာပါပြီ။ စင်္ကာပူရောက် စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းတွေ ဦးဆောင်စီစဉ်တဲ့ စွယ်တော်ရိပ်သင်္ကြန် ကို ပြီးခဲ့တဲ့ စနေနေ့ညနေက သွားကြည့်ဖြစ်ပါတယ်။ အနီးကပ်အားပေးချင်လို့ ၂၅ ဒေါ်လာ တန်းကို ၀ယ်လိုက်ပေမယ့် ဘေးအစွန်ကို ရောက်သွားတယ်။


(ဓာတ်ပုံမရိုက်ရဘူး ဆိုပေမယ့် ရိုက်မိတဲ့ ပုံတစ်ပုံကို ကြော်ငြာအနေနဲ့ တင်လိုက်တယ်နော်။)

ရောက်သွားချိန်မှာ ညနေ ၄ နာရီ ခွဲသာသာပါ။ ၄ နာရီ ၄၅ စမယ် ဆိုပေမယ့် ရုံမဖွင့်သေးလို့ လူတွေ အပြင်မှာ မိုးတိုးမတ်တတ် စောင့်နေကြတယ်။ နောက်တော့ MAI က ကံစမ်းမဲအတွက် မေးခွန်းလေးတွေ စာရွက်ထဲမှာ ဖြေခိုင်းတယ်။ ကံစမ်းမဲဆိုရင် မပေါက်တတ်သူမို့ ထင်ရာတွေ ရှာဖွေ ဖြည့်ပြီး ထားခဲ့ပါတယ်။ ရုံတံခါးဖွင့်လို့ လူတွေ ၀င်ခွင့်ရတဲ့ အချိန်မှာတော့ တချို့က ကံစမ်းမဲကိုပဲ ဆက်ဖြည့်နေကြတုန်းမို့ ရုံထဲမှာ တော်တော်နဲ့ လူပြည့်မလာဘူး။ ဒီတော့ အစီအစဉ် စချိန်ကိုက နည်းနည်း နောက်ကျနေပါပြီ။

ပွဲတစ်ခုလုံးကို ခြုံပြောရရင် တော်တော် ကြည့်လို့ကောင်းပါတယ်။ ဟာသတွေကိုလည်း တ၀ါးဝါး တဟားဟား ရယ်နေရတယ်။ ပြောရမယ်ဆိုရင် ရယ်ရတာက MC နှစ်ယောက် အပါအ၀င်ပါပဲ။ ချီးကျူးစရာ ကောင်းတာကတော့ မမျှော်လင့်တဲ့ အထစ်အငေါ့လေးတွေ ရှိပေမယ့် MC နှစ်ယောက်ဟာ မျက်နှာမပျက်ဘဲ ပရိသတ်နဲ့ ရင်းရင်းနှီးနှီး ဆက်အရွှမ်းဖောက်သွားကြတာပါ။

မိုက်ခရိုဖုန်းက တချို့တွေအတွက် အသံနည်းနည်း လုံးနေတာကလွဲလို့ ရှေ့ပိုင်းမှာ သင်္ကြန်သီချင်း ဆိုသူတွေ အားလုံး အဆင်ပြေကြပါတယ်။ ပိတောက်ချစ်သူ ဆိုတဲ့ သီချင်းလေးကို ရိုးရိုးမဆိုပဲ စကားပြောလေးတွေနဲ့ ဇာတ်လမ်းလေးဆန်ဆန် တင်ဆက်သွားတာကလည်း စိတ်ဝင်စားစရာကောင်းတယ်။ အကတွေထဲမှာတော့ စတိုင်ကျတဲ့ မြိုင်ထမှာ ထူးထူးခြားခြား ယောင်္ကျားမင်းသမီးအဖြစ် က ပြသွားတဲ့ လူရွှင်တော် ကိုသြဘာကိုလည်း အထူးချီးကျူးမိပါတယ်။ လူငယ်လေးတွေ စုပေါင်းကကြတဲ့ ခေတ်ပေါ်အကကို ထည့်ထားတာကလည်း မြန်မာ့ရိုးရာမဟုတ်ပေမယ့် အရသာတမျိုး ပေးပါတယ်။

လူရွှင်တော်တွေထဲမှာ အငယ်ဆုံး အချောဆုံးလေးဖြစ်တဲ့ ဓာတ်ကြိုး စီစဉ်တဲ့ နှစ်ဆယ့်တစ်ရာစု သားတရားစီရင်ခန်းဆိုတဲ့ ဟာသပြဇာတ်ကိုလည်း အားပေးခဲ့ပါတယ် (လက်ခုပ်နဲ့)။ အားပေးရမှာပေါ့ ဓာတ်ကြိုးဆိုတာ တခြားသူမှမဟုတ်ပဲ။ ပန်ဒိုရာရဲ့ ပန်ဒိုရီကို ပန်ဒိုရီဆိုတဲ့ နာမည်ပေးခဲ့တာ သူ ပေါ့။ မိတ်ဟောင်းဆွေဟောင်း ဖိုရမ်မာ၊ ဘလော့ဂါပါ။ (ဒီနေရာက) ။ တချိန်က အသည်းကွဲကဗျာဆရာပေါ့လေ။ (အခုတော့ အွန်လိုင်းမှာ သိပ်မတက်ကြွတော့ဘူး။ ရည်းစားရသွားလို့ လို့ ပြောကြတာပဲ။) :P

စတီရီယို သီချင်းအစီအစဉ်မှာ တီးမှုတ်သူတွေရော သီဆိုသူတွေပါ အထူးပြောစရာမရှိပါဘူး။ အားလုံး လက်ရွေးစဉ်တွေချည်းပါပဲ။ တစ်ခုပါပဲ။ တချို့သီချင်းတွေက အဆိုကောင်းပေမယ့် ဒီခေတ်အနေနဲ့ လတ်တလော ဟော့နေတာမဟုတ်ပဲ နည်းနည်း ဒိတ်အောက်နေတဲ့ သီချင်းတွေ ပါတယ်။ ယောင်္ကျားလေးတွေ ဆိုတဲ့ သီချင်းတွေကို ပြောတာပါ။ ဒီအရွယ်တွေ ဆိုတော့လည်း သူတို့ခေတ်က သီချင်းတွေကိုပဲ ပြန်ပြောင်းဆိုကြတာ ဖြစ်နိုင်ပါတယ် (ဟီး.. ချိတ်မချိုးပါနဲ့)။ တချို့ သီဆိုသူတွေကတော့ ၀တ်စားဆင်ယင်တာကို ရုံးတက်သလို ပုံစံမျိုးမဟုတ်ပဲ စတိတ်ခုံနဲ့ ပိုလိုက်ဖက်အောင် ၀တ်စားနိုင်ရင် ပိုကောင်းမယ် ထင်မိတယ်။ :)

နောက်ဆုံးမှာတော့ အားလုံးမျှော်လင့်နေကြတဲ့ စွယ်တော်ရိပ်အငြိမ့် အစီအစဉ်ပါ။ မင်းသမီးလေး နှစ်ယောက်လုံး ကပြသွားကြတာ သိပ်လှပါတယ်။ နောက်ခံသီချင်းနဲ့ ကတာမို့ မင်းသမီးတွေ သီချင်းဆန်ဆန် တစ်ပိုဒ်လောက်ပဲ ဆိုဖြစ်ကြပေမယ့် အသံတကယ်ကောင်းကြတာကို သတိထားမိတယ်။ ပုဝါ ပြောင်ပြောင်လက်လက်လေးတွေကိုလည်း သဘောကျမိတယ်။ လူရွှင်တော်တွေကလည်း အထစ်အငေါ့ အလွန်နည်းပါးစွာ ၀ါရင့်ပရော်ဖက်ရှင်နယ်တွေအလား ပြက်လုံးထုတ်ကြပါတယ်။ ဆင်တူယိုးမှား မကြားဖူးတဲ့ ပြက်လုံးအသစ် တော်တော်များများဟာ သဘောကျစရာ ကောင်းပါတယ်။ လက်ရှိခေတ် အခြေအနေတွေကို သရော်ထားတဲ့ ခပ်ပါးပါး ပြက်လုံးတွေက ပညာပါတယ်။ လူရွှင်တော် လေးယောက်စလုံး ဘက်ညီကြပါပေတယ်။

အသံပိုင်းဆိုင်ရာ မိုက်ခရိုဖုန်း ပြဿနာအချို့ တလျှောက်လုံးမှာ တွေ့ရပေမယ့် ထိန်းသွားနိုင်ခဲ့ပါတယ်။ အောင်မြင်တဲ့ပွဲလို့ပဲ ဆိုရမှာပါ။ နည်းနည်းဆိုးတာကတော့ အချိန်လွန်သွားတာပါ။ ည ၉ နာရီ ပြီးရမယ့် အစီအစဉ်က ည ၁၁နာရီ ကျော်သွားတယ်ဆိုတော့လည်း များသွားတာပေါ့နော။ ကလေးအဖေတွေ၊ ကလေးအမေတွေ၊ နောက်ကြောင်းမအေးသူတွေခမျာ အငြိမ့်ကောင်းနေတုန်းမှာ ထပြန်ရရှာပါတယ်။ ကိုယ်တိုင်ကတော့ ပြန်လာတာ ညသန်းခေါင် ကျော်သွားတော့ ဒီစာကိုတောင် ဘလော့ဂ်ပေါ် ချက်ချင်းတင်ဖို့ မရေးနိုင်တော့ဘူး။ နောက်နေ့ကျတော့လည်း မအားမလပ်တာနဲ့ အခုမှရေးလိုက်ရပါတော့တယ်။ (ရေးပြီးလို့ ကြည့်လိုက်တော့ ရီတာကလည်း စွယ်တော်ရိပ်အကြောင်း တင်ထားတာ တွေ့ရပါတယ်။ သွားဖတ်ကြပါဦး။) နောင်နှစ်တွေမှာတော့ ပွဲကို ဒီ့ထက် အချိန်စောစော စတာတို့ တချို့အစီအစဉ်တွေ နည်းနည်းလျှော့တာတို့ လုပ်နိုင်မယ် ထင်ပါတယ်။

ခါတိုင်းနှစ်တွေလိုပဲ ဒီပွဲကို ဒီဗွီဒီ ထွက်မယ်၊ ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချပေးမယ် လို့ပြောပါတယ်။ စင်္ကာပူမှာ မနေတဲ့လူတွေ အတွက်တော့ တချို့ ပျက်လုံးတွေကို နားမလည်ဘူး ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီဗွီဒီ ထွက်လာရင်တော့ ၀ယ်ကြည့်ကြသင့်တယ်လို့ ထင်မိတယ်။ ကြော်ငြာပေးတာတော့ မဟုတ်ပါဘူး။ ခံစားမိသလို ရေးလိုက်တာပါ။ နောင်နှစ်မှာ မေတ္တာလက်ဆောင် လက်မှတ် ပေးစေချင်လို့ မဟုတ်ပါဘူး။ (စကားခေါ်တယ် လို့လည်း မထင်ပါနဲ့ ဟဲ….)

Ex-RIT တွေ စီစဉ်တဲ့ပွဲကို ကြည့်ဖြစ်ပြီး Poly ကျောင်းက ပွဲတွေ မကြည့်ဖြစ်ခဲ့လို့ စိတ်ကွက်နေကြဦးမယ်။ နောင်နှစ်တွေမှာတော့ အားလုံးကို တတ်နိုင်သမျှ အားပေးဖြစ်အောင် ကြိုးစားပါမယ်။ ရွှေပြည်နဲ့ဝေးနေချိန်မှာ မြန်မာမှုတွေကို အတတ်နိုင်ဆုံး ဖော်ထုတ်ထားတဲ့ ဒီလိုပွဲမျိုးတွေကို ကိုယ်တိုင်ပါဝင်နိုင်သူတွေလည်း ပါဝင်ကြ မပါဝင်နိုင်သူတွေလည်း အချိန်ရနိုင်သလောက် အားပေးကြသင့်တယ် လို့ ထင်မိပါတယ်။

မြန်မာနှစ်သစ်မှာ ကျန်းမာရွှင်လန်းကြပါစေ။

ပန်ဒိုရာ



8 comments:

Ree Noe Mann said...

ဒီပိုစ့်လေးနဲပတင် တော်တော် ကောင်းနေပြီ အမရေ။ ခွေထွက်ရင် ကြည့်အုံးမယ်။

ရွှေပြည်သူ said...

သူငယ်ချင်းတွေက အတင်းခေါ်ပေမယ့် မလိုက်ဖြစ်လိုက်တာ... အခုမှ ကြည့်ချင်နေမိတယ် အစ်မပန်ဒိုရာရယ်။ အစ်မရေးထားတာ ဖတ်ရတော့ ပိုကြည့်ချင်လာတယ်။ အခွေထွက်မှပဲ သေချာ ကြည့်ရတော့မယ်း)

နှစ်သစ်ကို ချစ်သောသူတွေနဲ့အတူ ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းနိုင်ပါစေ အစ်မ...

သက်ဝေ said...

ဒီနှစ်တော့ ရှိစေတော့...
အခွေထွက်မှပဲ ကြည့်တော့မယ်... နောက်နှစ်ကျရင်တော့ အတူတူ သွားကြည့်ကြမယ်... ပြောပြီး စလစ် နံပါတ် တစ် နော်...း))

Rita said...

ဒါကြောင့် တွေ့လိုက်သလိုလိုပဲ။
:D

မိုးငွေ့...... said...

အမရေးပြလို့ အခွေထွက်ရင်တော့ ကြည့်ချင်သေးတယ်..။

နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ...

ခင်မင်စွာဖြင့်
မိုးငွေ့

Craton said...

ကြည့်ချင်လိုက်တာ....

Anonymous said...

တော်တော်ကောင်းပြီး စွဲတောင် စွဲလန်းမိတယ်....

Aye Win said...

စွယ်တော်ရိပ်မှာ ကိုယ့်ဘ၀ရဲ့ နောက်ဆုံးနေ့ ရောက်ခါနီးမှာ စင်တင်ပြသွားတဲ့ "သာတဲ့အခါသာပါလိမ့်မယ်" ပြဇာတ်ကို ဒီနေ့ထိ မမေ့ပါဘူး။ ပြဇာတ်ဒါရိုက်တာက မောင်မှိုင်းလွင်(အင်းဝ)၊ ဇာတ်ကောင်သရုပ်ဆောင်သူ များက တင်ဝင်း(ဓါတု) မခင်တင့် (လျှပ်စစ်)၊ မြန်မာစာဌာနက ဆရာတယောက်လဲပါတယ်။ နံမည်က ဦးတင်ထွန်းလား မမှတ်မိဘူး။