Sunday, April 10, 2011

စွယ်တော်ရိပ် ၂၀၁၁



Ex-RIT က စီစဉ်တဲ့ စွယ်တော်ရိပ်သင်္ကြန် ကိုသွားကြည့်ဖြစ်ပါတယ်။ ဒီပွဲအကြောင်းကို ကြော်ငြာသဘောမျိုး သတင်းပေးတဲ့ ပို့စ်တစ်ခုလည်း တင်ခဲ့ဖူးပါတယ်။

ခါတိုင်းနှစ်တွေလိုပဲ အစီအစဉ်က အောင်အောင်မြင်မြင် ချောချောမွေ့မွေ့ ပြီးဆုံးသွားပါတယ်။ ညနေ ၅ နာရီပတ်ဝန်းကျင်လောက်မှာ စတင်ခဲ့ပြီး ည၁၁ နာရီထိုးလုလုမှာ ပြီးဆုံးသွားခဲ့ပါတယ်။ ကြားထဲမှာ အားလပ်ချိန် နာရီဝက်လောက် နားပါတယ်။ ဒီနှစ်မှာ ခေတ်ပေါ်သီချင်း စင်တင်ဖျော်ဖြေမှု ကဏ္ဍ မပါဝင်ပါဘူး။

အခမ်းအနား ကြေညာသူ လူငယ် အမျိုးသား အမျိုးသမီးလေးတွေဟာ ရဲရင့်သွက်လက်စွာ အဆင်ပြေပြေ ပြောဆိုသွားကြတာကို တွေ့ရပါတယ်။ တီးဝိုင်းကလည်း အထူးကောင်းမွန်ပါတယ်။ ဒီလိုကပွဲတွေမှာ ဟိုးအရင်က တူရိယာ မပြည့်မစုံနဲ့ ကြိုးစားခဲ့ရတဲ့ အချိန်ကနေ အခုလို ဇာတ်ပွဲကြီးတွေအလား ပြည့်ပြည့်စုံစုံ ပံ့ပိုးပေးနိုင်လာတာလည်း ၀မ်းသာစရာပါ။ အ၀တ်အစားတွေကလည်း လိုအပ်သလို မခိုမကပ် အကျအန ပြင်ဆင်ထားပြီး အစီအစဉ်တွေတိုင်းမှာ လှပတောက်ပြောင်နေပါတယ်။ အကတွေထဲမှာ ပါဝင်တဲ့ မိန်းကလေးတချို့ကို မြင်ဖူးနေပါလားလို့ ထင်မိတယ်။ facebook ထဲမှာ ဓာတ်ပုံဆရာကိုဖြိုး တင်ထားတဲ့ အလှဓာတ်ပုံတွေထဲက မော်ဒယ်လ်လေးတွေ ဖြစ်နေတာကို သတိထားမိလိုက်ပါတယ်။

ပွဲတစ်ခုလုံးကို ခြုံပြောရရင် အထူးနှစ်သက်မိတာကတော့ အစီအစဉ်တိုင်းလိုလိုမှာ တီထွင်ဆန်းသစ်တဲ့ တင်ပြပုံတွေကို တွေ့ရတာပါပဲ။ ဒီလိုပွဲမျိုးတွေမှာ ထုံးတမ်းစဉ်လာ တင်ဆက်နေကျဖြစ်တဲ့ သင်္ကြန်ယိမ်းအက၊ နှစ်ပါးသွား မင်းသားမင်းသမီးအက၊ တိုင်းရင်းသားရိုးရာအက၊ ကျေးလက်အက စတာတွေကိုတောင်မှ ထူးခြားတဲ့ သီချင်းရွေးချယ်မှု၊ စိတ်ကူးစိတ်သန်းကောင်းတဲ့ တင်ပြပုံတွေနဲ့ မငြီးငွေ့ရလေအောင် တင်ဆက်သွားတာကို တွေ့ရတယ်။ အချိန် စီမံခန့်ခွဲပုံကလည်း ပိုကောင်းလာပါတယ်။ အကူးအပြောင်း တွေမှာ ပျင်းစရာ မဖြစ်စေဘဲ မြန်မြန်သွက်သွက်နဲ့ ချိတ်ဆက်သွားတာကို တွေ့ရပါတယ်။

လူရွှင်တော် ဓာတ်ကြိုး စီစဉ်တဲ့ တာဝတိံသာ နတ်ပြည် ခရီးသွားနှစ်အကြောင်း ပြဇာတ်ကလည်း ထိမိပါတယ်။ ပြဇာတ်ထဲက ဒိုင်ယာလော့တွေ၊ သီချင်းတွေ၊ ဇာတ်လမ်းဇာတ်အိမ်၊ ဥပမာ - သားဆုတောင်းတဲ့ မိန်းကလေးကို ဇာတ်သိမ်းခါနီးမှာ ကိုယ်ဝန်ဆောင်အဖြစ်နဲ့ အခန်းတိုကလေးမှာ ပြန်ထည့်ပုံ လိုမျိုး အကွက်စေ့ပြီး အသေအချာစီမံ ဇာတ်လမ်းဆင်ထားပုံတွေကို ချီးကျူးမိပါတယ်။

အငြိမ့်ခန်းရောက်တဲ့အခါ လူရွှင်တော်လေးဦး ဖြစ်တဲ့ သြဘာ၊ ဓာတ်ကြိုး၊ ချိန်သီး၊ ပူလီတို့ရဲ့ ခေတ်အခြေအနေတွေကို ထင်ဟပ်နေတဲ့ ကြံကြံဖန်ဖန် ပြက်လုံးတွေကို လူတိုင်းနှစ်သက် သဘောကျကြပါတယ်။ ကြားဖူးနေကျ ပြက်လုံးတွေ မဟုတ်ဘဲ အသစ်အသစ်တွေကို နှစ်တိုင်း တီထွင်လာနိုင်တာ ချီးကျူးစရာပါ။ (ကိုယ်တစ်ယောက်တည်း အကြိုက် ပြောရရင်တော့ မနှစ်က ပြက်လုံးတွေက ပိုရယ်ရတယ် လို့ ထင်မိသေးတယ်။)

ရွှေရည်သန်း ဆိုတဲ့ ရှေ့ထွက်မင်းသမီး အသစ်ကလေးရဲ့ ငြိမ့်ညောင်းတဲ့ အကအလှကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ရွှေရည်သန်းကတော့ “မမမန်းကေသီ” သီချင်းကို သီဆိုခဲ့တဲ့ အဆိုတော် (ဦး)ခင်မောင်သန်းလေးရဲ့ သမီးဖြစ်ပါတယ်။ ခေါင်းဆောင်မင်းသမီး ဇင်မာဝင်းကတော့ မနှစ်က ရှေ့ထွက်မင်းသမီးအဖြစ် ကပြခဲ့သူပါ။ အသစ်အသစ် ပေါ်လာတဲ့ မျိုးဆက်တွေကို အခုလို အဆင့်ဆင့် လက်ဆင့်ကမ်းသွားပုံကလည်း ကြည်နူးစရာပါ။

ထူးခြားတာကတော့ အလုပ်သမား လယ်သမား လူတန်းစားကို အခြေခံထား ဦးစားပေးတယ် ဆိုတဲ့ ခေတ်က ရေဒီယိုမှာ မကြာခဏ ကြားဖူးခဲ့တဲ့ အငြိမ့်သီချင်းတစ်ပုဒ်ဖြစ်တဲ့ “မောင်.. အလုပ်သမားဆိုရင် မေကပင် စတင် ချစ် ချစ်ပါရစေရှင်..” လို့ အစချီတဲ့ သီချင်းကလေးနဲ့ ကပြသွားတာပါပဲ။ အခုခေတ် လူငယ်တွေ အတော်များများ ကြားဖူးကြပါ့မလား မသိပါဘူး။ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ကိုယ့်လူမျိုးတွေအတွက် ရည်ညွှန်းတဲ့ ရည်ရွယ်ချက်နဲ့ ဒီသီချင်းကလေးကို သုံးသွားခဲ့တာပါ။

အကတွေမှာရော ပြဇာတ်ထဲမှာပါ အရင်နှစ်က မတွေ့ဖူးတဲ့ လူငယ် အမျိုးသား အမျိုးသမီးလေးတွေ ပါဝင်လာတာကို တွေ့ရတယ်။ ကျရာကဏ္ဍတွေမှာ မထစ်မငေါ့ဘဲ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ပါဝင်ကြတာ ကြည့်လို့ သိပ်ကောင်းပါတယ်။ နောက်နှစ်တွေအတွက် အထူး potential ရှိသူကလေးကတော့ ကရင်ရိုးရာ အကမှာ အမူးသမားအဖြစ်၊ ပြဇာတ်ထဲမှာ သိကြားမင်းအဖြစ် သရုပ်ဆောင်တဲ့ အပြုံးချိုချိုနဲ့ လူငယ်လေးပါ။ နီအန်းပိုလီကျောင်းက ထွက်တာ ထင်ပါတယ်။ ပွဲအပြီး နှုတ်ဆက်သီချင်းနဲ့ အဖွဲ့သားအားလုံး လာဖျော်ဖြေကြတဲ့အချိန်မှာ သူဟာ မင်းသားအကကို ကျွမ်းကျွမ်းကျင်ကျင် လှလှပပ ကနေတာကိုလည်း တွေ့လိုက်ရတယ်။

ကောင်းကွက်တွေကိုချည်း ချီးမွမ်းနေမိတာမို့ အားနည်းချက်တွေကိုလည်း ရှာကြံပြောရရင်တော့ အငြိမ့်မင်းသမီးတွေ ကတဲ့အခါ တစ်နေရာမှာ ပြက်လုံးနဲ့ အချိန်သိပ်မခြားပဲ နှစ်ယောက် ဆက်တိုက်ဆိုသလို ဖြစ်သွားတာလောက်ပါပဲ။ ဒါပေမယ့်လည်း မင်းသမီးတွေရဲ့ သီချင်းနဲ့ အကက စိတ်ဝင်စားစရာကောင်းတာမို့ ပျင်းစရာတော့ မဖြစ်ခဲ့ပါဘူး။ ၀တ်စားဆင်ယင်တဲ့ နေရာမှာတော့ အကတွေထဲ တချို့ အခန်းတွေမှာ လုံချည်ကိုတွယ်ထားတဲ့ ချိတ် ပြုတ်နေလို့ နည်းနည်း မသပ်ရပ်တာမျိုးလောက် သတိထားမိပါတယ်။ မီး၊ အသံ၊ မိုက်ကရိုဖုန်း ပြောပလောက်အောင် ကြီးတဲ့ အနှောင့်အယှက် မရှိလှပါဘူး။

လူအတော်များများ ပြောနေတာကို ကြားလိုက်ရတာကတော့ ဒီနှစ်စီစဉ်တဲ့ အစားအသောက်ပါ။ တစ်ယောက်ကို တစ်လုံး ဝေပေးတဲ့ MacDonald’s က Burger ကို ခြောက်သွေ့လွန်းတယ်လို့ ပြောကြတယ်။ အအေးမပါလို့လည်း ဖြစ်နိုင်ပါတယ်။ မနှစ်ကတော့ ဆီထမင်းနဲ့ ငါးခြောက်ထောင်းကြော်ပါ။

ကပြနေစဉ် ဓာတ်ပုံမရိုက်ရဘူးလို့ ပြောထားတာမို့ ကပြပြီးသွားတဲ့အချိန်မှာ အဖွဲ့သားတွေ စင်ပေါ်မှာ တန်းစီ ဓာတ်ပုံ အရိုက်ခံနေကြတုန်းမှာ ဘေးကနေ လှမ်းရိုက်ထားတဲ့ ပုံကိုပဲ တင်လိုက်ပါတယ်။ ဒီပွဲကို သွားမကြည့် ဖြစ်လိုက်သူတွေကတော့ အခွေထွက်လာရင် အားပေးနိုင်ကြတာပေါ့။ မနှစ်က ဗွီဒီယိုခွေကတော့ တော်တော်မှောင်နေတယ်။ ထစ်တာတွေလည်း ပါတယ်။ ဒီနှစ်အခွေကိုတော့ အဲဒီ့ထက် ပိုပြီး ကွာလတီကောင်းအောင် ပြုပြင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

ပိုလီကျောင်းတွေက တင်ဆက်တဲ့ ကပွဲတွေကိုလည်း အားပေးဦးမှာပါ။ တခါတလေကျတော့ ဘယ်အချိန် လုပ်ကြမလဲ ဆိုတာကို မသိလိုက်တာ ဖြစ်နေတယ်။

ဘယ်နေရာရောက်ရောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနုပညာတွေကို အခုလိုပဲ အရှိန်အဟုန်အပျက် တီထွင်ဆန်းသစ်မှုတွေ အားဖြည့်လို့ ဆက်လက်ဖော်ထုတ်နိုင်ကြပါစေ။ စိတ်ဝင်စား အားပေးမှုများလည်း ဆက်လက် ရှင်သန်နေကြပါစေ။


ပန်ဒိုရာ

9 comments:

ုkokosein said...

ဒီလိုမျိုး မြန်မာ့ယဉ်ကျေးမှုထုံးတမ်းစဉ်လာတွေကို
ဘယ်နိုင်ငံေ၇ာက်ေ၇ာက်တင်ဆက်ပြသနိုင်
တာကိုဂုဏ်ယူမိပါတယ်....နောက်နှစ်တွေမှာ
လည်းဆထက်တပိုးတိုးလို့ဖျော်ဖြေနိုင်ပါစေ။

Angelhlaing(May everybody be happy and healthy! said...

ညီမလေးရောက် နေတဲ့ ဆီမှာလည်း အခုလို မြန်မာ ပွဲလေးတွေ လုပ်မယ် ရှိမယ်ဆို သိပ်ကောင်းမှာပဲ မမရယ် ခုတော့ မြန်မာဆိုတဲ့ အခမ်းနားနဲ့ သိပ်အလှမ်းဝေးနေ တဲ့ ဒေသလို ဖြစ်နေတာလည်း ကံဆိုးမှု တစ်ခုပဲ ထင်ပါရဲ့... လွမ်းလိုက်တာ မမရယ်.။
ကောင်းသောနေ့လေးဖြစ်ပါစေမမ။

Maung Myo said...

နိုင်ငံခြားမှာ ဒီလိုပွဲမျိုးကြည့်ရတယ်ဆိုတော့ သိပ်ကောင်းတာပေါ့လေ ဒီမှာတော့ နီးပြီးမရှိပါဘူးဗျာ တစ်ခါခါ ကျောင်းပွဲတွေမှာတော့ ရှိတယ် ၀တ်စုံတွေက တစ်ယောက် တစ်ရောင်နဲ့ သူများခလေးတွေနဲ့ယှဉ်ရင် ဟာသလိုလိုဖြစ်နေတာ စိတ်ထဲမခံသာစရာ ။

အဖြူရောင်နတ်သမီး said...

ဆိုက်ပရပ်စ်မှာလည်း နှစ်တိုင်းလုပ်တယ်..။
ဒီနှစ်တော့ ဘာအသံမှမကြားသေးဘူး..၊ မြန်မာပြည်ပြန်တဲ့သူတွေများတော့ ဒီမှာ ပွဲလုပ်ဖို့ အားနည်းသွားတာပေါ့..။

မေသိမ့်သိမ့်ကျော် said...

လာလည်သွားတယ် မပန်ရေ။ ဒီနေ့သူများတွေ သင်္ကြန်သွားကြလေရဲ့။ ကျွန်မတော့ မအားမလပ်နဲ့မို့ အိမ်တွင်းပုန်းကုလားမလုပ်နေတယ်။း)

မပန်ရေ ကျွန်မ ခုလုပ်နေတဲ့ Ning ဆိုက်အသစ်လေးကို လည်း လာရောက်ပြီးပို့စ်လေးတွေရေးသားပေးဖို့ ဖိတ်ပါတယ်ရှင်။ www.moba4all.org ပါ။ Myanmar Online Bloggers Association ပါရှင်။ မပန်လာရင်တော့ အရမ်းကို အားရှိသွားရမှာပါ။

မျှော်နေမယ်နော်....

ခင်မင်လေးစားလျက်
မေသိမ့်သိမ့်ကျော်

လင်းခေတ်ဒီနို said...

မပန် ဒါက TP နဲ့ တူတူပဲလား သို့မဟုတ် သီးသန့်လုပ်တဲ့ပွဲလား မပန်း) ခွေဝယ်လို့ကောရလား ရရင် ၀ယ်ချင်ပါတယ် မပန်း))) အခုလို မြန်မာတွေရဲ့ ပွဲလေးတွေကို တင်ဆက်ပေးတဲ့အတွက် ကျေးဇူးတင်မိတယ်ဗျာ

ခင်မင်တဲ့
ဗညားရှိန်

Han Myo Htwe said...

A yann ko kaung tae a khan a narr layy par pa... Thank:):)

T T Sweet said...

စွယ်တော်ရိပ်သင်္ကြံန်ကတော့ အစဉ်အလာကြီးမားပါတယ်။ ပါဝင်တဲ့သူတွေအားလုံး ကြိုးစားထားကြတော့ ပွဲငတ်နေတဲ့သူတွေအတွက် ဇာတ်ပွဲကြီးတွေနဲ့ မခြားပါပဲ။
ဒီနှစ် စတိတ်ရှိုးမပါတော့ တစ်ခုခုလိုနေသလိုကလွဲလို့ အားလုံးကောင်းပါသည်ခင်ညား။

Turn On Ideas said...

စွယ်တော်ရိပ်အပေါ်မှာ အထူးတလည်ရင်းနှီးကျွမ်းဝင်ခြင်း၊ နှစ်သက်ခြင်းနဲ့ ဂုဏ်ယူဝမ်းမြောက်မိတဲ့ စိတ်ကနေဖြစ်တည်လာတဲ့ ပြောချင်နေတာလေးတွေကို အခုလို ပြောခွင့်ပေးတဲ့ စွယ်တော်ရိပ်အဖွဲ့ရေ ကျေးဇူးပါ...

ကျနော်တို့ရဲ့ လက်ရှိပုံစံခွက်လူနေမှုဘဝတွေထဲက စက်ရုပ်လူသားတွေအတွက် အိုအေစစ်လို့ စွယ်တော်ရိပ်ကို ချီးမွမ်းစကား ဆိုချင်ပါတယ်...

ဆင်းရဲလှတဲ့ အချိန်တွေထဲက တန်ဖိုးကြီးလှတဲ့ ကိုယ်ပိုင်နားနေတဲ့အချိန်လေးတွေကို ဝေမျှ၊ တခါတလေများဆိုရင်... သူ့အားလို့ ငါမအား ငါအားပြန်တော့ သူကမအား သူလည်းမအား ငါလည်းမအားဘူးလို့ ဆိုလာခဲ့ရင်တော့ ခွင့်ပါယူလိုက်ကြရတဲ့ စွယ်တော်ရိပ်အဖွဲ့သားတွေရဲ့ အားထုတ်ကြိုးပမ်းရမှုတွေ...

လုပ်သလိုမဖြစ်လို့ ဖြစ်သလိုမလုပ်လိုက်ကြဘဲ မဖြစ်ဖြစ်အောင်ကို လုပ်ပစ်တတ်ကြတာ စွယ်တော်ရိပ်ပါပဲဆိုတာ ကြည့်ခဲ့တဲ့ ပွဲတွေက သက်သေပဲမို့...

စွယ်တော်ရိပ်ဆိုတာ စွယ်တော်ရိပ်ပဲလေ လို့ပဲ ပြောလိုက်တော့မယ်...း))

မြန်မာပြည်မှာ နှစ်ပေါင်း၂၀နီးပါး(သို့)ကျော်ကျော်နေခဲ့ကြတဲ့ ကျနော်တို့အားလုံး ပုံစံခွက်ထဲက တိုင်းပြည် ရွှေပြည်ဝေးမှာ ငတ်မွတ်နေကြတာ မြန်မာ့ဓလေ့၊ မြန်မာ့ပတ်ဝန်းကျင်၊ မြန်မာ့ယဉ်ကျေးမှုနဲ့ မြန်မာ့အငွေ့အသက်တွေပါပဲ...

စွယ်တော်ရိပ်ရဲ့ ပရိသတ်တွေ(၉၀%ကျော်ကျော်)က သူတို့တွေလွမ်းဆွတ်တမ်းတနေကြတဲ့ မြန်မာ့အငွေ့အသက်တွေကို လာပြီးစားသုံးကြတာပါ ဆိုတာကို ဘယ်သူမှ ငြင်းမရနိုင်ဘူး...

အဲဒိတော့ စွယ်တော်ရိပ်ရဲ့နှစ်စဉ်တင်ဆက်တာတွေအပေါ်မှာ ဘယ်လောက်ထိကျေနပ်တယ်၊ မကျေနပ်ဘူးဆိုတာက...
ူသူတို့ငတ်မွတ်တောင့်တနေတာတွေကို ဘယ်လောက်အာသာပြေသွားကြလဲ၊ ဘယ်လောက်မြိန်ယှက်သွားကြလဲဆိုတာပေါ်မှာ မူတည်တယ်လို့ ကျနော်ကတော့ အသေအချာပြောချင်တယ်...

ဒါ့ကြောင့်မို့...
စွယ်တော်ရိပ်ပရိသတ်ဟာ မြန်မာ့ဓလေ့၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့အနုပညာနဲ့မြန်မာ့အငွေ့အသက်တွေကို လာရောက်စားသုံးကြတာဖြစ်လို့ နေရာတကာမှာ တွေ့နိုင်မြင်နိုင်တဲ့၊ တွေ့နေမြင်နေရတဲ့ အနောက်တိုင်းယဉ်ကျေးမှုတွေကိုတော့ သိပ်ပြီး မက်မက်စက်စက် ရှိကြမှာ မဟုတ်ပါဘူးလို့ ပြောချင်ပါတယ်...

အခုလို သူတပါးရဲ့ စိတ်အာဟာရလိုအပ်ချက်တွေကို အကောင်းဆုံးကြိုးစားပြီး ဖြည့်ဆည်းနေကြတဲ့ စွယ်တော်ရိပ်အဖွဲ့ရဲ့ ကောင်းသတင်းတွေဟာ... စင်ကာပူ၁နိုင်ငံတည်းတင်မကပါဘူး၊ ကမ္ဘာတဝန်းက မြန်မာတွေ သိနေကြတဲ့ စွယ်တော်ရိပ်ဖြစ်ပါတယ်ဆိုတာ ပြောရင်း...

အစ်မပန်ဒိုရာရဲ့စကားလေး ယူသုံးပြီး အဆုံးသတ်ရရင်....
“ဘယ်နေရာရောက်ရောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနုပညာတွေကို အခုလိုပဲ အရှိန်အဟုန်အပျက် တီထွင်ဆန်းသစ်မှုတွေ အားဖြည့်လို့ ဆက်လက်ဖော်ထုတ်နိုင်ကြပါစေ။ စိတ်ဝင်စား အားပေးမှုများလည်း ဆက်လက် ရှင်သန်နေကြပါစေ။”