Sunday, July 17, 2011

စေးပျစ်ပျစ် ဟိုက်ဘရစ် အသက်ရှူသံများ


Painting by icn2, oil and pastel on paper

စေးပျစ်ပျစ် ဟိုက်ဘရစ် အသက်ရှူသံများ


မြို့လေးရဲ့
ရှည်ရှည်ကျလာတဲ့ အရိပ်တွေက
ကိုယ့်ကိုထိပါးစပြုလာတယ်

တရေးနိုးတိုင်း
ပွင့်ပြီလားလို့ ထထကြည့်မိတဲ့
သနပ်ခါးပင်လေးလည်း
လရောင်ကိုမွတ်သိပ်လို့
မြေဆီသြဇာကို အငန်းမရမျှော်လင့်လို့

အရည်ပျော်လာတဲ့ နံရံတွေနဲ့
လေးထောင့်စပ်စပ် နိုက်ထရိုဂျင်ငွေ့ဟပ်နေတဲ့ လေထုနဲ့

ဘ၀ဆိုတာ သိက္ခာ ဘ၀ဆိုတာ ဥစ္စာ
ဘ၀ဆိုတာ ပညာ ဘ၀ဆိုတာ … ဘာ.. ညာ

ဘ၀ဆိုတာ
လူငယ်စိတ်ထဲက ကန်ထုတ်လိုက်တဲ့ ဘောလုံးတစ်လုံး
ကိုယ့်ဆိပ်ကမ်း ကိုယ်ပြန်မဆိုက်နိုင်တဲ့
မုတ်သုန်ရာသီနဲ့ အမြဲစိမ်းသစ်တော

မွေးဖွားခြင်းဟာ ကူးစက်ရောဂါ
သေဆုံးခြင်းဟာ သဘာဝရဲ့လက်ဆောင်မွန်

မြို့တွေမှာ
သူရူးတွေ တန်းစီပြေးလွှားနေကြ
တိုးတိုက်တွန်းထိုးကြ လဲပြိုတက်နင်းကြ

အမှန်တရားဟာ
နောက်ဆုံးပေါ်အမှားတွေကို
နာရီမပြတ် အရှင်လတ်လတ် လွှင့်ထုတ်ပြ

မဖုံးမကွယ်အလှနဲ့
မားမားမတ်မတ် ရပ်နေတဲ့ အဲဒီတောင်တန်းတွေဆီကိုတော့
လေကောင်းလေသန့် ရှူရှိုက်ချင်ရုံသက်သက်နဲ့ တက်လာမိခဲ့တာပါ

မကြာခင်
ငှက်တွေအိမ်ပြန်ပေါ့
ကောင်းကင်မှာ ရှက်စနိုးအလှတွေ ဖြာကျလာတော့မယ်

သူ့နောက်ကျောကနေ သိုင်းဖက်ပြီး
ဆည်းဆာကို မျက်တောင်မခတ်တမ်း ငေးကြည့်ချင်နေခဲ့တယ်

လွင့်မျောနေတဲ့ တိမ်တွေ
အဆုံးကို မမြင်ရတဲ့ နက်ရှိုင်းမှု
ရှေ့မနီးမဝေးမှာတော့ ဖွင့်ဟထားတဲ့ ချောက်ကမ်းပါးတစ်ခု


ပန်ဒိုရာ
၁၁-၁၇/၇/၂၀၁၁

7 comments:

တောက်ပကြယ်စင် said...

ဘ၀ဆိုတာ ဘာ...ညာ။ ကဗျာကောင်းလေးကို အစဦးဆုံး လာဖတ်သွားတယ် ပန်ပန်ရေ။ ကျန်းမာပျော်ရွှင်ပါစေနော့...

Cameron said...

အဓိပ္ပါယ်ကောင်းတဲ့ ကဗျာလှလှလေးကို လာခံစားသွားပါတယ် မပန်...း)
ပျော်ရွှင်ပါစေ....


ခင်တဲ့
မိုးငွေ့

San San Htun said...

ကဗျာကောင်းလေးကို လာဖတ်သွားပါတယ် မမပန်။

သဒ္ဓါလှိုင်း said...

ဘဝတခုရဲ့ထင်ဟပ်နေတဲ့ ကဗျာကောင်းလေးကို
ထပ်ခါထပ်ခါ ဖတ်နေမိတယ်မပန်။
ချမ်းမြေ့ပါစေ။
ခင်မင်လျက်
သဒ္ဓါ

လင်းဒီပ said...

ဖန်တီးမှုအသစ် အသစ်တွေအတွက် အစ်မဘလောဂ့်ကို အမြဲတမ်း လေးလေးစားစား လာဖတ်ပါတယ် ။

အဖြူရောင်နတ်သမီး said...

မပန်..
ကဗျာလေး အရမ်းခံစားလို့ကောင်းတယ်..
အဲလိုလေးတွေ ကြိုက်တယ်..
အစဉ်အားပေးလျှက်...

Hmoo said...

မွေးဖွားချင်းဆိုတာအိမ်လည်ထွက်တာကော
ဖြစ်နိုင်ပါသလားခင်ဗျာ.. :)