
ပန်ဒိုရာကလုံး
ပန်ဒိုရာကလုံး ပေါ်လာသတဲ့
ဘာတုန်း ကလုံး ဆိုတာ
ပန်ဒိုရာ အော်ဒီကလုံး ရေမွှေးအသစ်လား
ဆင်တူယိုးမှား ကြားသူက ကြား
ပန်ဒိုရာက အလုံးကြီးလား ပုံသဏ္ဌာန်ပြောင်းသွား
ပန်ဒိုရာ လုံးလုံးသာ ဖြစ်နေသတဲ့ သူ့ချည်းပဲလား
ပန်ဒိုရာကို ဝန်လုံးတွေ ပိနေသလိုလို
ပန်ဒိုရာ အလုံ ပိတ်ထားခံရသလိုလို
ပန်ဒိုရာ အလုံဘက်မှာ နေသလိုလို
ကောလဟလတွေ ထွက်လိုထွက်
ပန်ဒိုရာ ငတုံးလား ပန်ဒိုရာ ကတုံး တုံးလိုက်တာလား
လေသံဖမ်းပြီး ဘလိုင်းကြီး ဝင်ထည့်သူထည့်
မဟုတ်သေးဘူး မဟုတ်ပါဘူး
ကျွန်မ ပန်ဒိုရာ ကလုံးပါ
ကျွန်မဟာ တရားဝင်ထုတ်လုပ်ထားတဲ့ ပန်ဒိုရာကလုံးပါ
မိတ္တူမဟုတ် ပုံတူမျိုးပွားလည်းမဟုတ်တဲ့ ကလုံးစစ်စစ်ပါ
ကျွန်မကို မူရင်းနဲ့ အချိန်မရွေး တိုက်ဆိုင်စစ်ဆေးနိုင်ပါတယ်
ကျွန်မမှာ လက်တွေ့ကျတဲ့ လတ်တလော မှတ်ဥာဏ်ပဲရှိတယ်
ကလေးဘဝရဲ့ ခြောက်ပြစ်ကင်း အတိတ်တွေ ပါမလာဘူး
ကျွန်မဟာ တန်ဖိုးမြင့် အစားထိုးတန်ဆာပလာတို့ရဲ့ အစုအဝေးမျှသာ
လူလုပ်နာမ်နဲ့ ရှင်သန်နေတဲ့ ရုပ်သက်သက် - ဘဝ မပါဘူး
ကျွန်မဟာ ကံ၊စိတ်၊ဥတု၊အာဟာရနဲ့ တိုက်ရိုက်အချိုးကျချင်မှ ကျမယ်
ဇာတိစက်ဝိုင်းမှာ အငိုက်ဖမ်းဝင်လာတဲ့ လောက်လန်းလေးတစ်ကောင်ဟာ ကျွန်မပေါ့
ကျွန်မရဲ့ ဖြစ်တည်မှုကို ဘုရားတွေက ဘယ်လိုများ ဟောခဲ့ပါလိမ့်
လူသားဆိုတဲ့ ခေါင်းစဉ်ကြီးအောက်မှာ ကျွန်မရဲ့ ခေါင်းစဉ်ခွဲဟာ ဘယ်အဆင့်မှာလဲ
ဗေဒင်ဆရာတွေရဲ့ တွက်ချက်မှုက ကျွန်မအတွက် ကျိုးကြောင်းဆီလျော်ပါဦးမလား
ကျွန်မရဲ့ ရုပ်ရည်ရူပကာ၊ ခန္ဓာကိုယ်အချိုးအစား၊ အကျင့်စရိုက်၊ အရည်အသွေးဟာ မူလရဲ့ဗီဇ
ကျွန်မရဲ့ ခံစားမှု၊ ရပ်တည်ချက်၊ အတွေးအခေါ်၊ အယူဝါဒတွေကတော့ အကျုံးမဝင်ရင်နေပါစေ
ကျွန်မရဲ့ ရှင်သန်မှုဟာ ကျွန်မ မပါတဲ့ သူတို့အသိုင်းအဝိုင်းအတွက်
ကျွန်မဟာ ပုဂ္ဂလိကမဟုတ်ဘူး အများဆိုင်နာမ် - အများအတွက်တစ်ယောက်
ကျွန်မရဲ့ ပေါင်းစပ်ပါဝင်မှုဟာ တစ်ခုမက - သုံးမျိုးစပ်တစ်ခါသုံးကော်ဖီမစ်လိုမျိုး
ကျွန်မဟာ လူသားမျိုးနွယ်ပြုခြင်းဖြစ်စဉ်ရဲ့ နောက်ဆုံးပေါ် အောင်မြင်မှုတစ်ရပ်
အခုလို ဗျူဟာတကျ စနစ်တကျ ကြိုတင်ကြံစည်ခြင်းရဲ့ အရေးပါမှုဟာ
ဗီဇစိတ်လှုံ့ဆော်မှုထက် မြန်နှုန်းမြင့် စွမ်းဆောင်ရည် သာလွန်မှာပါ
မခုန်လှုပ်တတ်တဲ့ နှလုံးနဲ့ မယိမ်းယိုင်တတ်တဲ့ အူခွေတွေနဲ့
အနာဂတ်ကမ္ဘာမှာ တွက်ခြေကိုက်မယ့် အများသူငါအကျိုးစီးပွားအတွက်
ရောဂါဘယတို့ရဲ့ ကုထုံးအတွက် အမြင့်မားဆုံး ကုန်ထုတ်လုပ်မှုအတွက်
လူ့သဘာဝရဲ့ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ
လက်ဝါးကြီးအုပ်မှုတွေ တကိုယ်ကောင်းဆန်မှုတွေ ပပျောက်ကင်းစင်သွားဖို့အတွက်
ကလုံးတို့ရဲ့လောကဟာ အပြီးအပိုင်အစားထိုး ကြီးစိုးသွားသည် အထိ
အတတ်နိုင်ဆုံး ယုံကြည်လိုက်စေချင်ပါသေးတယ်
ကလုံးကလည်း ကလုံးစစ်စစ် အစစ်ကလည်း အစစ်စစ်စစ်
အရာရာဟာ သူ့ရှုထောင့်ကသူကြည့်ရင် အမှန်တွေ အစစ်တွေချည်းပါပဲ
ပန်ဒိုရာကလုံး စည်းရုံးရေးဆင်းသွားတယ်
ပြုံးပြသွားတယ် လက်ကလေးဝှေ့ယမ်းသွားတယ်
သူ့လက်ချောင်းတွေထိပ်ဖျားကို လှမ်းထိခွင့်တောင် ရလိုက်ကြတယ်
မအဝှာရဲ့ သမီးကလေးကို ပါးလေးတောင် ဆွဲနမ်းသွားတယ်
ပန်းစည်းတွေ ပန်းကုံးတွေ ဗီနိုင်းစာတမ်းတွေ စက္ကူအပိုင်းအစတွေ
ကင်မရာမီးတွေ ခရာတွတ်သံတွေ ကားစက်နှိုးသံတွေ ဘီးလှိမ့်ရာတွေ
ပွက်လောရိုက်ကျန်ခဲ့တဲ့ ပြောစရာဆိုစရာတွေ
ဘာတွေဆက်ဖြစ်ဦးမလဲ မဆိုနိုင်ဘူး
မူလလက်ဟောင်းပန်ဒိုရာ ဆိုသူကတော့ အသာငြိမ်နေလေရဲ့
ဒီအဆင်နဲ့ ဒီအဆင် ဆိုတော့လည်း ခြေမြင်နေကြတာများလား
ပန်ဒိုရာ
၂၁.၂.၂၀၁၂
Mushroom chicken creamy pasta
-
Photo credit GoogleChicken breast - 500 gm (Dice 1.5cm )Pasta - 300
gm Mushroom - 250 gm ( chop thin cut)Thicken cream - 300 mlCheese (grate) -
200 gmBlack...
11 hours ago





7 comments:
ပန်ပန်ရေ....
လင့်ခ်ကနေဖတ်လိုက်တာ ပန်ဒိုရာ ကတုံးလို့တောင် မှားဖတ်လိုက်မိသေးတယ်။
ကဗျာလေး သဘောကျတယ်။
ကလုံးကလည်း ကလုံးစစ်စစ် အစစ်ကလည်း အစစ်စစ်စစ်
အရာရာဟာ သူ့ရှုထောင့်ကသူကြည့်ရင် အမှန်တွေ အစစ်တွေချည်းပါပဲ....
အင်း ဟုတ်တာပဲ....း)
ကလုံးလေး သဘောကျလိုက်တာ....
ဒါရိုက်တာ မင်းထင်ကိုကိုကြီးရဲ့ ရာဇာနေ၀င်းကလုံးပြီးရင် မပန်ရဲ့ ပန်ဒိုရာကလုံးကို အကြိုက်ဆုံးပဲ...။
ခေါင်းစဉ်ကို ကမန်းကတန်းဖတ်မိတော့ ”ပန်ဒိုရာကတုံး“ ဆိုတော့ သီလရှင်များဝတ်သွားပြီလားလို့။ ကတုံးလည်းကောင်းတာပါပဲ။ ကလုံးကတော့ ထားလိုက်ပါတော့။ လူတိုင်း ကလုံးချင်နေကြသကိုး။း)
ပန်ဒိုရာကလုန်းလုပ်တာ ကလိမ်ကျချင်လို့ ဖြစ်မှာပေါ့
ပန်ဒိုရာဘဲဝလုံးလိုဝလာသလိုလို...
ကလုမ်းဆိုတာဇာတာဖွဲ့ဖို့မလိုဘူးဆိုရင်တော့
နောက်တယောက်လောက်ထပ်လုပ်ပါဦး... :)
ပန်ဒိုရာဘဲဝလုံးလိုလုံးလာသလိုလို....
You dont need to change your clone! Be yourself! :D
Post a Comment