Thursday, March 22, 2012

၂၀၁၂ ကမ္ဘာ့ကဗျာနေ့တွင် ပန်ဒိုရာ ဖတ်ကြားခဲ့သော စာတမ်းငယ်

စာတမ်းခေါင်းစဉ် ။ ။ မြန်မာအမျိုးသမီးကဗျာဆရာများ၏ အခန်းကဏ္ဍ
စာတမ်းပြုစု ဖတ်ကြား တင်သွင်းသူ ။ ။ ပန်ဒိုရာ
စာတမ်းတင်သွင်းသည့်အခမ်းအနား ။ ။ ၂ဝ၁၂ ကမ္ဘာ့ကဗျာနေ့အခမ်းအနား
ရက်စွဲနှင့် အချိန် ။ ။ ၂၁.၃.၂ဝ၁၂ နံနက် ၉ နာရီမှ ညနေ ၅ နာရီ
နေရာ ။ ။ ယုဒဿန်ခန်းမ၊ ပြည်လမ်း၊ ရန်ကုန်မြို့
…………………………………………………………………………………………………………………………………………
မြန်မာအမျိုးသမီးကဗျာဆရာများ၏ အခန်းကဏ္ဍ

လေးစားအပ်တဲ့ အမျိုးသမီးအမျိုးသားကဗျာဆရာများ၊ ကဗျာမြတ်နိုးသူများ၊ ကြွရောက်လာကြသူများ အားလုံး မင်္ဂလာပါ။ ဒီကနေ့ကျင်းပတဲ့ ကမ္ဘာ့ကဗျာနေ့အခမ်းအနားမှာ မြန်မာအမျိုးသမီးကဗျာဆရာများ၏ အခန်းကဏ္ဍ ဆိုတဲ့ စာတမ်းကို ကျွန်မ ပန်ဒိုရာက ဖတ်ကြားသွားမှာ ဖြစ်ပါတယ်။ စာတမ်းရဲ့ ရည်ရွက်ချက်ကတော့ “မြန်မာကဗျာလောက ဖွံ့ဖြိုးတိုးတက်ရေးတွင် အမျိုးသမီးကဗျာဆရာများ၏ အခန်းကဏ္ဍကို ဆန်းစစ်ရန်” ဖြစ်ပါတယ်။ ဒီစာတမ်းမှာ အပိုင်း ၅ ပိုင်းခွဲခြားထားပါတယ်။

၁။ ကဗျာဆရာများ၏ အရေအတွက်နှင့် အရည်အသွေး

ဒီစာတမ်းဖြစ်ပေါ်လာရခြင်းရဲ့ အကြောင်းရင်းတွေထဲက တစ်ချက်ကတော့ မြန်မာကဗျာသမိုင်းတလျှောက် ရှေးခေတ်ကရော ယနေ့ခေတ်မှာပါ အမျိုးသမီးကဗျာရေးသူတွေ နည်းပါးနေတယ်လို့ တွေ့မြင်မိတဲ့အတွက်ဖြစ်ပါတယ်။ ဒါကတော့ အရေအတွက်ပိုင်းဆိုင်ရာကို ဆိုလိုပါတယ်။ စာရင်းဇယားများနဲ့ တွက်စစ်ကြည့်ရင်လည်း သိသာ ထင်ရှားပါတယ်။ ဥပမာအားဖြင့် ညိုသစ်ငယ် စီစဉ်တဲ့ မြန်မာကဗျာ၂ဝ၁ဝ ဆိုတဲ့ စာအုပ်ထဲက မြန်မာကဗျာဆရာ ၁၆၃ ယောက်မှာ အမျိုးသမီးကဗျာဆရာ ၁ဝ ဦးခန့်ကိုသာ တွေ့မြင်ရပါတယ်။ မဂ္ဂဇင်း စာမျက်နှာပေါ်မှာ တွေ့မြင်နေရတဲ့ ကဗျာတွေနဲ့ ပုံနှိပ်ထုတ်ဝေထားတဲ့ ကဗျာစာအုပ်တွေကို စစ်တမ်းကောက်ကြည့်မယ် ဆိုရင်လည်း အရေအတွက်အားဖြင့် မြန်မာနိုင်ငံမှာ အမျိုးသားကဗျာဆရာ အများအပြားရှိပေမယ့် အမျိုးသမီးကတော့ အတော်နည်းပါးနေတယ်ဆိုတာ ငြင်းချက်ထုတ်စရာမရှိပါဘူး။

အရည်အသွေးပိုင်းဆိုင်ရာကတော့ ဆန်းစစ်ဝေဖန်ဖို့အတွက် ပိုပြီးခက်ခဲပါတယ်။ “ယနေ့ခေတ်မှာ နိုင်ငံတကာနဲ့ယှဉ် ရင်ဘောင်တန်းနိုင်လောက်အောင် အားကောင်းတဲ့ မြန်မာအမျိုးသမီးကဗျာဆရာတွေ ရှိပါသလား” ဆိုတာ မေးခွန်းထုတ်သင့်တဲ့ အခြေအနေတစ်ရပ် ဖြစ်ပါတယ်။ ဒီမေးခွန်းကို တရားမျှတစေဖို့ ဆက်စပ်နေတဲ့ နောက်မေးခွန်းတစ်ခုကတော့ “ယနေ့ခေတ်မှာ နိုင်ငံတကာနဲ့ယှဉ် ရင်ဘောင်တန်းနိုင်လောက်အောင် အားကောင်းတဲ့ မြန်မာအမျိုးသားကဗျာဆရာတွေရော ရှိပါသလား” လို့ပဲဖြစ်ပါတယ်။ ဒီမေးခွန်းတွေကို ဖြေဆိုဖို့အတွက်တော့ မြန်မာကဗျာတွေ ကမ္ဘာပေါ်မှာ ကျော်ဇောထင်ရှားလူသိများမှုနဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုခံရမှု အပေါ်မှာ မူတည်သတ်မှတ်မှာလား၊ ဒါမှမဟုတ် ကဗျာတွေကိုယ်တိုင်ရဲ့ ကဗျာမြောက်မှုစွမ်းရည်ကို နိုင်ငံတကာကဗျာတွေနဲ့ နှိုင်းယှဉ်တိုင်းတာပြီး သတ်မှတ်မှာလားဆိုတာ ပညာရှင်တွေသုံးသပ်ဖို့ ချန်လှပ်ထားခဲ့ပါမယ်။ မြန်မာ့ကဗျာလောကရဲ့ လက်ရှိအနေအထားမှာတော့ ပိုပြီးများပြားတဲ့ ကဗျာပုဒ်ရေတွေ၊ ပြည်တွင်းအသိအမှတ်ပြု ကဗျာဆုတွေကို ချီးမြှင့်ခံရသူတွေ၊ ကဗျာရေးသားခြင်းသာမက ကဗျာနဲ့ပတ်သက်တဲ့ သီအိုရီ၊ အသိပညာ၊ ခွဲခြမ်းစိတ်ဖြာမှု၊ ဝေဖန်ရေး၊ နိုင်ငံတကာကဗျာ အစရှိတဲ့ ကဗျာကိစ္စ ကဗျာရေးရာတွေ၊ ဒါတွေအားလုံးမှာ ဦးဆောင်နေသူတွေဟာ အမျိုးသားတွေ အများစုဖြစ်နေပါတယ်။

အဲဒီတော့ အခြေအနေတစ်ရပ်ဟာ မြန်မာပြည်မှာပဲ ထူးခြားဖြစ်ပေါ်နေတာလား။ နိုင်ငံတကာ ကဗျာနယ်ပယ်မှာရော အခြေအနေဘယ်လိုရှိသလဲဆိုတာကို တစေ့တစောင်း အကဲခတ်ကြည့်ဖို့ လိုအပ်လာပါတယ်။ ပြီးပြည့်စုံတဲ့ သုတေသနမဟုတ်ပေမယ့် အနီးစပ်ဆုံး နမူနာ စစ်တမ်းတစ်ခုအဖြစ် Poetry Foundation website (http://www.poetryfoundation.org) ထဲမှာ ကိန်းဂဏန်းတွေ ထုတ်နုတ်ပြီး ရှာဖွေကြည့်ခဲ့ပါတယ်။

အင်္ဂလိပ်ကဗျာတွေသာမက အင်္ဂလိပ်ဘာသာကို ပြန်ဆိုထားတဲ့ နိုင်ငံတကာကဗျာတွေကိုပါ ဖော်ပြထားတဲ့ Poetry Foundation ဝက်ဘ်ဆိုက်မှာ ၂ဝ၁၂ မတ်လ ၁၅ ရက်က ကောက်ယူလိုက်တဲ့ စာရင်းအရ အမျိုးသားကဗျာဆရာ စုစုပေါင်း ၄ဝ၁၄ ဦးနဲ့ အမျိုးသမီးကဗျာဆရာ စုစုပေါင်း ၂၃၂၃ ဦးတွေ့ရှိရပါတယ်။
တစ်ဖန် အဲဒီဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ ခေတ်အလိုက်၊ ကဗျာဂိုဏ်းအလိုက်၊ အသက်အရွယ်အလိုက် အမျိုးသမီးအမျိုးသား ကဗျာဆရာများရဲ့ အချိုးကို တွက်ထုတ်လိုက်တဲ့အခါမှာလည်း အမျိုးသမီးဦးရေဟာ အမျိုးသားဦးရေလောက် မတိမ်းမယိမ်းလိုက်နေတဲ့ Romantic နဲ့ Imagist ကဗျာတွေကလွဲလို့ ကျန်တဲ့ အမျိုးအစားတိုင်းမှာ အမျိုးသမီးများရဲ့ ဦးရေဟာ သိသိသာသာ နည်းနေတာကို တွေ့ရပါတယ်။ (အသေးစိတ်ကို နောက်ဆက်တွဲ (က) တွင်ရှု။)

အမျိုးသမီးတွေရဲ့ ကဗျာအရည်အသွေးပိုင်းကို ခန့်မှန်းနိုင်ဖို့အတွက် နိုင်ငံတကာမှာ ထင်ရှားတဲ့ ကဗျာဆုအချို့ကို လေ့လာကြည့်ပါတယ်။ စာပေနိုဘဲလ်ဆုမှာ ကဗျာနဲ့ပတ်သက်လို့ ဆုရရှိတဲ့ ကဗျာဆရာ ၁၇ ယောက်မှာ အမျိုးသမီးကဗျာဆရာ ၂ ယောက်နဲ့ အမျိုးသားကဗျာဆရာ ၁၅ ယောက်ပါဝင်ပါတယ်။
ကဗျာပူလစ်ဇာဆုရရှိသူ အမေရိကန်ကဗျာဆရာ ၇၈ ယောက်ထဲမှာ အမျိုးသမီးကဗျာဆရာ ၂၆ ယောက်နဲ့ အမျိုးသားကဗျာဆရာ ၅၂ ယောက် ပါဝင်ပါတယ်။ လတ်တလောနှစ်များဖြစ်တဲ့ ၂ဝ၁ဝ နဲ့ ၂ဝ၁၁ အတွက် ကဗျာပူလစ်ဇာဆုကို အမျိုးသမီးကဗျာဆရာတွေဖြစ်ကြတဲ့ Rae Armantrout နဲ့ Kay Ryan တို့ ဆက်တိုက် ရရှိထားတာကို တွေ့ရပါတယ်။

အာဖရိက၊ အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသတွေအတွက် အမျိုးသမီးကဗျာ အနေအထားကို အမျိုးသမီးကဗျာများ စုစည်းမှု anthology တွေက တဆင့် အကြမ်းဖျဉ်း အကဲခတ်ကြည့်ခဲ့ပါတယ်။ လေ့လာကြည့်တဲ့အခါ အာဖရိကတိုက်ရဲ့ နိုင်ငံပေါင်း ၁၈ နိုင်ငံက အမျိုးသမီးကဗျာဆရာ ၄၂ ယောက်ကို စုစည်းထားတဲ့ African Women’s poetry၊ ဂျပန်အမျိုးသမီးကဗျာဆရာ ၁ဝဝကျော်ပါဝင်တဲ့ Japanese women poets: An Anthology၊ တရုတ် ပြည်မကြီးက အမျိုးသမီးကဗျာဆရာ ၁၆ ယောက်နဲ့ ထိုင်ဝမ်က အမျိုးသမီး ကဗျာဆရာ ၂၄ ယောက်ကို စုစည်းထားတဲ့ Twentieth-Century Chinese Women's Poetry: An Anthology၊ အိုမင်နိုင်ငံနဲ့ဆူဒန်နိုင်ငံတွေက လွဲလို့ ကျန်တဲ့ အာရပ်ကမ္ဘာကရော၊ ပြည်ပရောက် အာရပ်လူမျိုးတွေ ထဲကပါ အာရပ်အမျိုးသမီးကဗျာဆရာ ၈ဝ ကျော်ကို စုစည်းထားတဲ့ The Poetry of Arab Women: A Contemporary Anthology ဆိုတဲ့ ကဗျာစာအုပ်တွေ စသည်ဖြင့် ထုတ်ဝေထားခဲ့တယ်ဆိုတာ လေ့လာတွေ့ရှိရပါတယ်။

ဒီတော့ ခြုံငုံသုံးသပ်ရရင် ယနေ့အချိန်အထိ နိုင်ငံတကာကဗျာမြင်ကွင်းမှာတော့ အမျိုးသမီးကဗျာဆရာတွေကို တွေ့မြင်နေရတာ အမျိုးသားကဗျာဆရာတွေနဲ့ နှိုင်းယှဉ်ရင် အရေအတွက်အားဖြင့် နည်းပါးသော်လည်း အရည်အသွေးအားဖြင့် စံချိန်မီသူ ထင်ရှားသူတွေ ထွက်ပေါ်လျက်ရှိကြောင်း တွေ့ရှိရပါတယ်။


၂။ ဆန်းသစ်တီထွင်မှုနှင့် ရဲတင်းမှု

အမျိုးသမီးတွေ စာပေသင်ကြားမှုကို ဖိနှိပ်ချိုးနှိမ်ထားတဲ့ ဘုရင်ခေတ်ကတည်းက အမျိုးသမီးနန်းတွင်းစာဆိုများ ပေါ်ပေါက်ခဲ့ပါတယ်။ နန်းတွင်းစာဆို မိဖြူ၊ မိညို၊ မယ်ခွေ၊ မင်းကြီးကတော် ခင်ဆုံ၊ အနောက်နန်းမိဖုရား မမြကလေး၊ လှိုင်ထိပ်ခေါင်တင် စသည်တို့ ပေါ်ထွန်းခဲ့ပါတယ်။ သို့သော်လည်း မြန်မာအမျိုးသမီးတွေ ရှေးခေတ်က ရေးခဲ့တဲ့ကဗျာတွေထဲမှာ အဲဒီအချိန်အခါက လွှမ်းမိုးခဲ့တဲ့ သဘာဝတောတောင်ရေမြေ အဖွဲ့အနွဲ့တွေနဲ့ ယောင်္ကျားကို အားကိုးတဲ့စိတ် မျှော်လင့်တဲ့စိတ်နဲ့ အားနွဲ့သူမိန်းမသားအဖြစ် အချစ်အလွမ်း ဖော်ကျူးတဲ့ကဗျာတွေကို အများအပြား တွေ့ခဲ့ရပါတယ်။ သာမန်အရပ်သူဘဝကနေ နန်းတွင်းစာဆို ဖြစ်လာခဲ့တဲ့ ရှင်ငြိမ်းမယ်ကတော့ ထီးသံကြငှာန်းသံ မပါ တမူခွဲထွက်ပြီး ရိုးစင်းလှပ ခေတ်အဆက်ဆက်မှာ သစ်လွင်တောက်ပနေစေတဲ့ ကဗျာမျိုးတွေကို ရေးခဲ့ပါတယ်။ ဒါပေမယ့်လည်း အချုပ်တန်းဆရာဖေတို့ရေးသလို နိုင်ငံရေး အမျိုးသားရေးနဲ့ပတ်သက်ပြီး နာနာနှက်ထားတဲ့ကဗျာ၊ ဦးပုညတို့ရေးသလို သရော်သံလေးစွက်လို့ လူ့သဘာဝကို လက်သံပြောင်ပြောင် လှစ်ဟနေတဲ့ ကဗျာမျိုးတွေကိုတော့ အဲဒီခေတ်ကာလက အမျိုးသမီးတွေရေးခဲ့တာ မတွေ့ရသလောက်ပါပဲ။

ဒီလိုနဲ့ ခေတ်တွေပြောင်းပြီး ကဗျာအကြောင်းအရာတွေ အမျိုးအစားတွေ ပုံစံတွေ ရွေ့လာကြတဲ့အခါ မြန်မာကဗျာတွေဟာလည်း ရေစီးကြောင်းအသစ်တွေထဲမှာ အရှိန်ကောင်းလာခဲ့ပါတယ်။ ငွေတာရီ၊ နုယဉ်၊ ကြည်အေး အစရှိသူတို့ဟာ လှပတဲ့ ဖွဲ့နွဲ့မှုတွေနဲ့ ခေတ်စမ်းရေစီးမှာ ထင်ရှားခဲ့တဲ့ အမျိုးသမီးကဗျာဆရာတွေပါ။ အဲဒီလိုနဲ့ နွယ်(စစ်တွေ)၊ ခင်နှင်းယု၊ ခင်လေးမြင့်(မြစ်ကြီးနား)၊ ဖြူမြင့်ဝေ(ဒိုင်အို)၊ ခင်(တိုင်းရင်းမေ)၊ စမ်းစမ်းနွဲ့(သာယာဝတီ)၊ သိမ့်(ဟင်္သာတ)၊ ခင်မြဇင်၊ ဧဧသန်း၊ ဖြူမွန်၊ ဂျူး၊ ဝိုင်၊ ခင်ဝင်းသစ်၊ မြသွေးရည်၊ မရီဝေ၊ မအိ၊ ချစ်ချစ်ချိုင်း၊ သင်းသင်းသာ၊ မြတ်၊ ငြိမ်း(ဒဿန)၊ သန့်စင်အေး၊ မိကောက်၊ စမ်းသီတာ၊ ကေမြနွယ်၊ မနော်ဟရီ၊ အိန္ဒြာ၊ သွေး(စစ်ကိုင်း)၊ စုမီအောင်၊ လုံမငြိမ်းချမ်း၊ ညိုပြာဝိုင်၊ ရှင်ဒေဝီ၊ မိုးဒေဝါ၊ ငယ်ငယ်(ကျောက်ဆည်)၊ မယ်ယွေး စသည်ဖြင့် အဆုံးမရှိတဲ့ ကဗျာရေစီးကြောင်းကို တွေ့နေရပါတယ်။ အရေးအသားအတွေးအခေါ်တွေလည်း ဒီဘက်ခေတ်တွေမှာ ပိုမိုလွတ်လပ် ပွင့်လင်းလာခဲ့ပါတယ်။ ဒီနေရာမှာတော့ ကဗျာအရွေ့တွေကို ဦးဆောင်ဦးရွက် လုပ်တဲ့အထဲမှာ မြန်မာအမျိုးသမီး ကဗျာဆရာတွေရဲ့ အရှိန်အဟုန်က ဘယ်လောက်နှုန်းရှိပါသလဲဆိုတာကလည်း ဆန်းစစ်သင့်တဲ့ အချက်တစ်ခုပါ။

တီထွင်ဆန်းသစ်တဲ့ ကဗျာပုံစံရေးဖွဲ့မှုတွေ၊ ကဗျာဗေဒအသစ်တွေ၊ ထင်ရှားတဲ့ ကဗျာလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ နိုင်ငံရပ်ခြား အမျိုးသမီးကဗျာဆရာတွေရဲ့ ပါဝင်မှုကို လေ့လာကြည့်တဲ့အခါ ၁၉၅ဝခုနှစ်တွေက Beat generation မှာတော့ အမျိုးသမီးများဟာ ဦးဆောင်လှုပ်ရှားသူများအဖြစ် အသိအမှတ်ပြုခံရတာ မတွေ့ရပါဘူး။ ဒါပေမဲ့ New York School မှာ အမျိုးသမီးကဗျာဆရာ Babara Guest ဟာဦးဆောင်သူတွေထဲမှ ပါဝင်ခဲ့ပါတယ်။ Language Poetry မှာ အမျိုးသမီးကဗျာဆရာတွေ အများအပြား ပါဝင်ပါတယ်။ ၂၁ရာစု အင်တာနက်ရဲ့ ကဗျာအသီးအပွင့်တစ်ခုဖြစ်တဲ့ flurf poetry မှာလည်း Nada Gordon တို့လို အမျိုးသမီးကဗျာဆရာတွေကို တွေ့နေရပါတယ်။ ဒီဥပမာတွေကတော့ အဓိကအားဖြင့် အနောက်တိုင်းမှာ တွေ့ရတာပါ။

အရှေ့တိုင်းယဉ်ကျေးမှုရဲ့ အကန့်အသတ်တွေဟာ အမျိုးသမီးတွေရဲ့ ကဗျာဆိုင်ရာ ဆန်းသစ်မှုနဲ့ ရဲတင်းပွင့်လင်းမှုကို တားမြစ်နေနိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေဟာ အားနွဲ့သူ ဆိုတဲ့အယူအဆတွေ၊ လိင်နဲ့ပတ်သက်တဲ့ အရေးအသားကို လူရှေ့သူရှေ့ချပြတာ အမျိုးသမီးတစ်ယောက်အနေနဲ့ မသင့်တော်ဘူး ဆိုတဲ့ သဘောထားမျိုးတွေ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုပတ်ဝန်းကျင် စတဲ့ ပြင်ပဗဟုသုတတွေကို အမျိုးသမီးမို့လို့ စိတ်ဝင်စားမှု နည်းပါးတယ် ဆိုတာတွေ ရှိနေသေးတယ်ဆိုရင် ကဗျာရေးတဲ့နေရာမှာ ထက်မြက်ပြတ်သားတဲ့ အမြင်တွေကို ပိတ်ပင်နေနိုင်ပါတယ်။

အဲဒီလိုယဉ်ကျေးမှုရဲ့ အကြောင်းတရားတွေဟာ မြန်မာနိုင်ငံမှာမှ ထူးခြားထင်ရှားနေသလား ဆိုတာကို အဖြေရှာဖို့ဆိုရင်တော့ အာရှတိုက်ထဲက အခြားနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ ကိုရီးယား နဲ့ အရှေ့တောင်အာရှနိုင်ငံတွေက ကဗျာလှုပ်ရှားမှုတွေကို ဒီ့ထက်ပိုပြီး ဆက်လက်လေ့လာရဦးမှာဖြစ်ပါတယ်။ ၂၁ရာစု တရုတ်အမျိုးသမီးကဗျာများ စုစည်းမှုစာအုပ်ရဲ့ စာမြည်းတစ်ခုမှာ ဖတ်ရှုရတာကတော့ ပြည်မကြီးနဲ့ ထိုင်ဝမ်က ၁၉၈ဝခုနှစ်များရဲ့ မျိုးဆက်သစ်တွေဖြစ်တဲ့ အမျိုးသမီးကဗျာဆရာအချို့ဟာ မိန်းမသားဝါဒီ ပင်မရေစီးကနေ ထင်ထင်ရှားရှား ခွဲထွက်လာတဲ့ အရည်အသွေးရှိသူတွေလို့ ဆိုထားပါတယ်။ သူတို့ရဲ့ကဗျာတွေမှာ မိန်းမတွေရဲ့ လိင်မှုကိစ္စတွေကို အတိအလင်း ထည့်သွင်းရေးသားထားတာကိုလည်း ဥပမာပေး ဖော်ပြထားပါတယ်။

မြန်မာပြည်မှာ ယနေ့ခေတ်အထိ အမျိုးသမီးကဗျာဆရာတွေဟာ သိလျက်နဲ့ဖြစ်စေ အမှတ်တမဲ့ဖြစ်စေ ရှေးရိုးစွဲ အချစ်အလွမ်း အားငယ်မှုတွေကို ကဗျာတွေထဲ ထင်ဟပ်နေမိဆဲဆိုတာ တွေ့ရှိမိပါတယ်။ ဒီနေရာမှာတော့ ပန်ဒိုရာကိုယ်တိုင် ရေးထားခဲ့တဲ့ ခရီးတောလမ်း ဆိုတဲ့ ကဗျာထဲက စာကြောင်းအချို့ကိုပဲ နမူနာထုတ်နုတ်ပြချင်ပါတယ်။ ဒီကဗျာကတော့ ဆရာနှင်းခါးမိုးရဲ့ တောလမ်းခရီး ဆိုတဲ့ ကဗျာကိုမူတည်ပြီး မြိုင်ထနှစ်ပါးသွားတစ်ပုဒ်မှာ မင်းသမီးဘက်က ပြန်ရေးလေဟန် ဖွဲ့ဆိုခဲ့တာဖြစ်ပါတယ်။

ညဥ့်ယံနက်နက်
မျက်လုံးဝင်းလက်လက်
တောကောင်ရဲ့ခေါ်သံ
ဖန်ဖန်ပဲ့တင်
ဟင်...ပြန်မထူးနဲ့
ထောင်ချောက်ကိုသတိထား
လင့်စင်ကိုခိုင်ခိုင်ကိုင်ထား
တောကမာယာများတယ်
မိန်းမသားဆိုတော့လည်း
အားငယ်...... တဲ့။

မတွေ့ ခြေရာ
လှိုက်ဟာ မောပန်း
အနိုင်နိုင်လှမ်းစဉ်
ဘယ်စခန်းပေါက်
ဘယ်လမ်းရောက်ခဲ့ပြီလဲ
ဟိုတောင်တန်း ဟိုသောင်ကမ်းကို
မှန်းလို့မျှော်ရ ရင်ဝမှာဆို့တယ်။

ဒီကဗျာရဲ့ ဆန့်ကျင်ဘက်အနေနဲ့ မိမိရဲ့ကိုယ်ခန္ဓာကို ကဗျာအကြောင်းအရာထဲမှာ တည်ထားပြီး အားမာန်ပါပါ ရေးသားခဲ့တဲ့ အမေရိကန် လူမဲအမျိုးသမီးကဗျာဆရာ မာယာအန်ဂျလူရဲ့ phonemenal woman ဆိုတဲ့ ကဗျာထဲက တစ်ပိုဒ်ကို ဘာသာပြန်ပြီး နမူနာအဖြစ် ကောက်နုတ်ချင်ပါတယ်။

ယောင်္ကျားတွေ ကိုယ်တိုင် သိချင်ကြ
ကျွန်မဆီမှာ ဘာမြင်ရမလဲလို့
အလူးအလဲကြိုးစားကြ
ဒါပေမယ့်လည်း ကျွန်မရဲ့လျှို့ဝှက်ဆန်းကြယ်အဇ္ဈတ္တကို
ဒင်းတို့လှမ်းမထိနိုင်
ကျွန်မက ပြဖို့ ကြိုးစားတော့လည်း
ဒင်းတို့ခမျာ မြင်ကို မမြင်နိုင်ကြသေး
ကျွန်မပြောပြမယ်
အဲဒါ ကျွန်မတင်ပါးရဲ့ ကောက်ကြောင်း
ကျွန်မအပြုံးရဲ့ နေခြည်
ကျွန်မရင်သားတွေရဲ့ နိမ့်တုံမြင့်တုံဖြစ်မှု
ကျွန်မစတိုင်ရဲ့ တင့်တယ်မှု
ကျွန်မက မိန်းမတစ်ယောက်လေ
တစ်မိပေါက်တစ်ယောက်ထွန်း
အာဂမိန်းမ
အဲဒါ ကျွန်မပေါ့

၃။ ကဗျာဗဟုသုတရှာမှီးမှု

မြန်မာနိုင်ငံမှာ ကဗျာစာပေကို လေ့လာလိုက်စားဖို့အတွက် ကဗျာသီအိုရီတွေ၊ ကဗျာစပ်ဆိုနည်းတွေ၊ ကဗျာခံစားမှုတွေကို ဘယ်နေရာကနေ အခြေခံပြီး အသိပညာ ရလာနိုင်သလဲဆိုတာ ရှာဖွေကြည့်ခဲ့ပါတယ်။ တချိန်ကတော့ အမျိုးသမီးတွေဟာ စာပေရဲ့အဖူးအညွန့်ဖြစ်တဲ့ ကဗျာရေးစပ်နိုင်ဖို့ဝေလာဝေး မိန်းကလေးဆိုရင် သေစာရှင်စာတတ်ပြီးရောပေါ့ဆိုတဲ့ ကာလတွေကိုလည်း ဖြတ်သန်းခဲ့ရပါတယ်။ ယနေ့ခေတ်ကာလမှာလည်း အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ ငယ်ငယ်က တက်ခဲ့ရတဲ့ စာသင်ကျောင်းတွေက သင်ပေးလိုက်တဲ့ မြန်မာကဗျာသင်ရိုးဟာ ယနေ့ခေတ်နဲ့ကိုက်ညီတဲ့ ကဗျာဆရာတစ်ယောက် ဖြစ်လာဖို့ အခြေခံလုံလောက်မှု မရှိပါဘူး။

အခြေခံပညာ အထက်တန်းမှာပြဌာန်းထားတဲ့ မြန်မာကဗျာတွေထဲမှာ ခေတ်ပေါ်ကဗျာ၊ ခေတ်ပြိုင်ကဗျာတွေ မပါဝင်ပါဘူး။ အခြေခံပညာအထက်တန်း၊ မြန်မာကဗျာ လက်ရွေးစင်စာအုပ် အမှာစာမှာ ကဗျာရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို “ကဗျာဆိုသည်မှာ ခံစားမှု ရသပေါ်လွင်အောင် ကာရန်စည်းကမ်းနှင့် ဖွင့်ဆို သီကုံးရသော စာဖြစ်သည်” လို့ဆိုပါတယ်။ အဲဒီဖွင့်ဆိုချက်ဟာ အခုခေတ်ရေးသားနေတဲ့ ကဗျာတွေအတွက် အကျုံးဝင်မှု မရှိတော့ဘူးဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။

ဒီလို အခြေခံပညာ စာသင်ကျောင်းတွေကနေပြီး ခေတ်ပေါ် ခေတ်ပြိုင်ကဗျာများရဲ့ အခြေခံကို သိရှိလာဖို့ အခွင့်အရေး မရှိတဲ့အခါ မြန်မာကဗျာလောကမှာ ကိုယ်ထူကိုယ်ထ ကဗျာပညာရေး စနစ် ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒါကတော့ နိုင်ငံတကာကဗျာတွေကို ဘာသာပြန်ကြ၊ ကဗျာဗေဒ ဆောင်းပါးတွေရေးကြ၊ စာအုပ်တွေထုတ်ဝေကြ၊ ကဗျာလေ့လာသူအချင်းချင်း ဗဟုသုတ အသိပညာတွေ ဝေမျှကြတာဖြစ်ပါတယ်။ ဒီတော့ အမျိုးသမီးများအနေနဲ့ အဲဒီလို ကျောင်းသင်ရိုးပြင်ပ ပညာရေးထဲမှာ ကိုယ်တိုင် လုံ့လထုတ်ပြီး ရှာဖွေလေ့လာသင်ယူကြမှသာလျှင် ကိုယ်ခံအားကောင်းတဲ့ ကဗျာဆရာတစ်ဦးဖြစ်လာဖို့ အခွင့်အလမ်းရှိပါတယ်။

ဒီနေရာမှာလည်း လူနည်းစုဖြစ်တဲ့ အမျိုးသမီးတွေက လူများစုကဗျာဆရာ အမျိုးသားတွေနဲ့ ရောနှောသွားလာ ဆွေးနွေးတိုင်ပင်တာမျိုး (ဥပမာ- လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်တွေမှာ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားအများအပြား ထိုင်ပြီး စကားပြောနေကြတာမျိုး) ဟာ မြန်မာအသိုင်းအဝိုင်းမှာ အမြင်မကြည်လင်စရာ ဖြစ်နေမလားဆိုတာမျိုးတွေအထိ စဉ်းစားလာနိုင်ပါတယ်။ အဲဒီလို လူမှုဝန်းကျင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို နောက်ခေါင်းစဉ်အောက်မှာ ဆက်ပြီးဆွေးနွေးချင်ပါတယ်။

၎။ ပတ်ဝန်းကျင်လူ့အဖွဲ့အစည်း၏ အမျိုးသမီးများအပေါ်ရှုမြင်မှု


လူ့အဖွဲ့အစည်းတစ်ခုဟာ မိမိတို့ရဲ့ သဘောထားကို ထင်ဟပ်နေတဲ့ ရလာဒ်တွေကိုပဲ ပြန်ရလေ့ရှိပါတယ်။ နိုင်ငံအဆင့် လူ့အဖွဲ့အစည်းတစ်ခုလုံးနဲ့ ကြည့်ရရင် မြန်မာနိုင်ငံမှာ အမျိုးသမီးတွေနဲ့ ပတ်သက်လို့ ခွဲခြားမှုတွေ၊ မိန်းမဆိုရင် ဒီလိုဖြစ်မှာပဲ ဒါမှမဟုတ် ဒီလိုဖြစ်သင့်တယ် လို့ ကြိုတင်ကောက်ချက်ချထားမှုတွေ၊ လိင်နဲ့ပတ်သက်လို့ အနိုင်ကျင့်နှိမ့်ချမှုတွေ၊ စော်ကားထိပါးမှုတွေဟာ လူမှုရေးနယ်ပယ်တွေထဲမှာ ကျန်ရှိနေသေးတယ်လို့ပဲ သုံးသပ်ရပါမယ်။ ရန်ကုန်မြို့လယ်ခေါင်မှာ မိန်းမကောင်းတစ်ယောက်အနေနဲ့ ညအချိန်မတော် လွတ်လပ်စွာသွားလာလို့ မသင့်သေးပုံ၊ အမျိုးသမီးသီးသန့်ယာဉ်အဖြစ် လိုအပ်လာပုံ စတဲ့ ထင်ရှားတဲ့ သာဓကတွေအများကြီးရှိပါတယ်။ အဲဒီလို အခြေအနေတွေဟာ လူ့အသိုင်းအဝိုင်းရဲ့ သတ်မှတ်ချက်တွေကို ကျိုးနွံကျင့်သားရနေပြီး ထိုးဖောက်မှုမရှိတဲ့ ကဗျာတွေအဖြစ် ရောက်ရှိသွားနိုင်ပါတယ်။ အလားတူပဲ ကဗျာအသိုင်းအဝိုင်းကိုယ်တိုင်ရဲ့ အမျိုးသမီးကဗျာလက်ရာတွေ အမျိုးသမီးကဗျာဆရာတွေအပေါ် ရှုမြင်ပုံဟာ ဘယ်လိုအခြေအနေမှာ ရှိသလဲဆိုတာကို သုံးသပ်ဖို့လိုအပ်ပါတယ်။

နိုင်ငံတကာမဂ္ဂဇင်းစာစောင်တွေမှာ အမျိုးသမီးတွေရဲ့ ကဗျာကို ရွေးချယ်ဖော်ပြတာနဲ့ ပတ်သက်လို့ ၂ဝဝ၇ ဆောင်းဦးမှာ ထုတ်ခဲ့တဲ့ Chicago Review မှာဖော်ပြပါရှိခဲ့တဲ့ Poetry Magazines & Women Poets ဆိုတဲ့ ခေါင်းစဉ်နဲ့ဆောင်းပါးမှာ - အမျိုးသမီးတွေရဲ့ကဗျာတွေကို ကဗျာမဂ္ဂဇင်းတွေမှာ ဖော်ပြမှုဟာ ၁၉၇ဝ ခုနှစ်က ၁၃% ပဲရှိခဲ့ရာကနေ ၂ဝဝ၅ ခုနှစ်မှာ ၃၈% အထိတဖြည်းဖြည်း တိုးတက်လာခဲ့တယ်- လို့ဆိုပါတယ်။ Are Women Underrepresented in the Small Press? ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ထဲက ကဗျာဆရာတွေ ကဗျာအယ်ဒီတာတွေရဲ့ မှတ်ချက်စကားတွေထဲမှာတော့ - အမျိုးသမီးကဗျာနည်းပါးရခြင်းအကြောင်းတစ်ခုက ကဗျာပေးပို့မှုမှာ အမျိုးသားတွေဟာ ပိုပြီး အားတက်သရော ကြိုးပမ်းလေ့ရှိကြပေမယ့် အမျိုးသမီးတွေကတော့ ကဗျာတွေကို ရေးရုံပဲရေးပြီး မဂ္ဂဇင်းတွေကို ပေးပို့တာနည်းလို့ဖြစ်နိုင်တယ်- ဆိုတဲ့ မှတ်ချက်တစ်ခုကို ဖတ်ရှုရပါတယ်။

အမျိုးသမီးကဗျာဆရာတွေရဲ့ ကဗျာပုဒ်ရေ ပိုများများ မြင်တွေ့နိုင်ရေးနဲ့၊ လက်ရှိထက်ပိုအားကောင်းတဲ့ မြန်မာအမျိုးသမီးကဗျာတွေ ပေါ်ထွက်လာရေးမှာ မြန်မာ့ကဗျာအသိုင်းအဝိုင်း ကိုယ်တိုင်ရဲ့ သဘောထားဟာ တွန်းအားပေးစေတဲ့ရှုမြင်ပုံမျိုးလား ဒါမှမဟုတ် အားလျော့စေတဲ့ရှုမြင်ပုံမျိုးလားဆိုတဲ့ အပေါ်မှာလည်း အတိုင်းအတာတစ်ခုအထိ မူတည်နေပါတယ်။

အခြားတစ်ဖက်က ကြည့်ရင်လည်း မြန်မာ့ကဗျာစာပေမှာ အမျိုးသမီးကဗျာဆရာတွေ နည်းပါးနေပေမယ့် စာပေရဲ့အခြားနယ်ပယ်ဖြစ်တဲ့ စကားပြေနယ်ပယ်မှာတော့ ဦးဆောင်ထင်ရှားတဲ့ စာရေးဆရာမတွေအများအပြား ရှိနေကြပါတယ်။ စာပေရဲ့ပြင်ပက လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနယ်ပယ်တွေမှာလည်း ထူးချွန်ထက်မြက်တဲ့ အသိပညာ အတတ်ပညာရှင် မြန်မာအမျိုးသမီးတွေ ရှိနေကြတယ်ဆိုတာ တွေ့မြင်နေရပါတယ်။ ဒီတော့ ထူးချွန်သူတွေ ရှိနေပေမယ့်လည်း အမျိုးသမီးတွေရဲ့ လက်တွေ့ကျမှုနဲ့ မိသားစုရေးကို တာဝန်သိ ဦးစားပေးတတ်တဲ့ သဘာဝတွေက ကဗျာကို စိတ်ရောကိုယ်ပါ တစိုက်မတ်မတ် လေ့လာရေးသားဖို့ဘက်ကို ပို့ဆောင်မပေးပဲ လမ်းကြောင်း ပြောင်းသွားစေတာလား ဆိုတာလည်း စဉ်းစားစရာဖြစ်ပါတယ်။

၅။ မြန်မာအမျိုးသမီးကဗျာဆရာများ၏ အနာဂတ်


အထက်က တင်ပြသွားခဲ့တာတွေအပြင် အရေးပါတဲ့ အခြားအကြောင်းရင်းတွေကို ဆက်ပြီးလေ့လာဖို့ လိုအပ်ပါမယ်။ လေ့လာချက်တွေကို မဆီလျော် ဖြစ်သွားနိုင်စေတဲ့ မေးခွန်းတွေလည်း ရှိပါသေးတယ်။ “နိုင်ငံတကာနဲ့ယှဉ် ရင်ဘောင်တန်းနိုင်လောက်တဲ့ မြန်မာအမျိုးသမီးကဗျာဆရာတွေ ရှိလာဖို့ ဘာကြောင့် လိုအပ်ရမှာလဲ။ မြန်မာအမျိုးသမီးတွေ ကဗျာမရေးတော့ ဘာဖြစ်သလဲ၊ ကဗျာကောင်းကောင်းတွေ မရေးတော့ရော ဘာဖြစ်သလဲ။” ဆိုတာတွေပါ။ လိုအပ်ခြင်း မလိုအပ်ခြင်း မည်သို့ပင်ဖြစ်စေကာမူ အခြေအနေတစ်ခုကို အရှိအတိုင်း လက်ခံမြင်နိုင်ကြဖို့တော့ အရေးကြီးပါတယ်။ ဒါမှလည်း ဒီအခြေအနေကနေ ပိုမိုတိုးတက် ကျော်လွှားနိုင်မှာဖြစ်ပါတယ်။

ဒီအခြေအနေကိုလည်း ပြဿနာ ဒါမှမဟုတ် အားနည်းချက်လို့ အပြစ်ဆိုတာမျိုးတွေထက် အခွင့်အရေး တစ်ခုလို့ မှတ်ယူကြမယ်ဆိုရင် ဘယ်သူမှ လက်မခံနိုင်စရာ မရှိဘူးလို့ ယူဆပါတယ်။ ဆိုလိုတာကတော့ အမျိုးသမီးကဗျာဆရာတွေ ပိုများလာဖို့၊ ကဗျာနဲ့ပတ်သက်တာတွေကို ပိုပြီးနှီးနှောဖလှယ်ကြဖို့၊ အခုထက်ပိုပြီး အားကောင်းမောင်းသန်တဲ့ ကဗျာတွေ ရေးဖြစ်ဖို့ အခွင့်အရေးတွေ အများကြီး ကျန်ပါသေးတယ်။ အဲဒီ အခွင့်အရေးတွေကို အကောင်အထည်ဖော်ဖို့ကတော့ ကဗျာရေးဖို့ကြိုးစားနေတဲ့ ကျွန်မပန်ဒိုရာ အပါအဝင် အမျိုးသမီးကဗျာဆရာတွေ ကိုယ်တိုင်ရဲ့ အားထုတ်မှု လိုအပ်သလို၊ အမျိုးသား ကဗျာဆရာတွေရော ပတ်သက်နှီးနွယ်နေတဲ့ လူ့အဖွဲ့အစည်းကပါ မိမိတို့သက်ဆိုင်တဲ့ ကဏ္ဍကိုယ်စီကနေ အပြုသဘောနဲ့ အားပေး ဆောင်ရွက်ကြပြီး မလိုလားအပ်တဲ့ အကန့်အသတ် အဟန့်အတားတွေကို ပယ်ဖျက်နိုင်ကြဖို့လိုပါတယ်။

ယနေ့ခေတ်မှာ ကမ္ဘာဆန်လာမှုနဲ့အတူ ဗဟုသုတတွေ၊ နိုင်ငံတကာကွန်ယက်တွေ၊ လွတ်လပ်မှု၊ လင်းပွင့်မှုတွေကို အရှိန်အဟုန်ကောင်းကောင်းနဲ့ ယူဆောင်လာတဲ့ “အင်တာနက်”ရဲ့ အခန်းကဏ္ဍကိုလည်း ချန်လှပ်မထားသင့်ပါဘူး။ အွန်လိုင်းကဗျာတွေထဲက ဥပမာ pemskool တို့လို ဆယ်ကျော်သက် အသက်နှစ်ဆယ်ကျော် လူငယ်ကလေးတွေဟာ ကိုယ့်လမ်းကိုယ်ထွင်ပြီး ပင်မရေစီးထဲကနေ မီဒီယာအားဖြင့်ရော အရေးအသားအားဖြင့်ပါ ခွဲထွက်လာတဲ့ ကဗျာတွေကို ရေးသားနေကြပါတယ်။ ကောင်းဖို့အတွက်ဖြစ်စေ ဆိုးဖို့အတွက်ဖြစ်စေ မျိုးဆက်သစ်တွေရဲ့ ယဉ်ကျေးမှုတွေ တန်ဖိုးတွေ ပြောင်းလာတာကိုလည်း ကဗျာတွေထဲမှာ မြင်နေရပါတယ်။ အဲဒီအထဲမှာ အမျိုးသမီးငယ်တွေရဲ့ ထူးခြားတဲ့ အရေးအသားတွေကိုလည်း တွေ့မြင်နေရတာဟာ မြန်မာအမျိုးသမီးကဗျာ အနာဂတ်အတွက် အပြောင်းအလဲ သို့မဟုတ် အသစ်တစ်ခုကို ထိုးဖောက်လာဖို့ မျှော်လင့်ချက်တစ်ခု ဖြစ်ပါတယ်။

ဒီစာတမ်းကို နိဂုံးမချုပ်ခင် ဖေ့စ်ဘွတ်ခ်မှာ ရှာတွေ့ခဲ့တဲ့ကဗျာတွေထဲက လူငယ်အမျိုးသမီးကဗျာဆရာတစ်ဦးရဲ့ ချွန်မြနေတဲ့ ကဗျာစာကြောင်းတချို့ကို မိတ်ဆက်ပေးချင်ပါတယ်။

“ကြုံဖူးကြမယ် ထင်ပါတယ်
ကျေနပ်တဲ့အခါ …..
အကြောပေါင်း တစ်သိန်းခြောက်သောင်း စိမ့်ဝင်
အပြုံးလက်လက်တွေ လျှာပေါ်တက်လာတယ်

တဒိတ်ဒိတ်သွေးတွေက
တဒုတ်ဒုတ် ရင်ကို ရှိက်ဆွဲ
ဘူတာရုံအောက်မှာ အီလက်ထရို နဲ့
လမ်း လျှောက်သင်ပြီ

ပေါင်မုန့်ကို မလိုင်ဖြစ်ဖြစ်အုပ်ပြီး
အာခံတွင်းထဲငုံ
နာကျင်သောချစ်ခြင်းများ၏ ကျောက်တိုင်
ကိုယ်ထဲကပိုးမွှားတွေ တသားထဲ ပူးကပ်
သစ်ပင်တပင် အမြစ်တွယ်ခြင်း

sex ကို ညစ်တယ်လို့  ထင်တဲ့သူတွေ
လက်သည်းဝှက်သောကျားတွေ
မြင်နေရတယ်
ကိုယ့်ခန္ဓာကို ပြန်ကြည့်
မင်းတို့ငါတို့ဟာ ချက်တော်ကို လက်တော်နဲ့သပ်ရုံ မှာ
ရင့်မှည့်လာခဲ့သောသစ်သီးတွေလား”

“လူဖြစ်ခဲ့သော လူပျိုများအတွက် ဂုဏ်ပြုမှတ်တမ်း” ဆိုတဲ့ကဗျာထဲက စာကြောင်းအချို့ ဖြစ်ပါတယ်။ ရေးဖွဲ့သူ အမျိုးသမီးကဗျာဆရာ မွန်းသူအိမ် ဟာ ဆယ်ကျော်သက်အရွယ်သာ ရှိသေးပါတယ်။
နိဂုံးချုပ်အနေနဲ့ အနာဂတ် မြန်မာကဗျာလောက ဖွံ့ဖြိုးတိုးတက်ရေးမှာ အမျိုးသမီးကဗျာဆရာတွေရဲ့ အခန်းကဏ္ဍဟာ ယခုထက်ပိုပြီး တစ်တပ်တစ်အား ဖြစ်လာစေဖို့ ဆန္ဒပြုလိုက်ပါတယ်။ မြန်မာကဗျာဆရာများအားလုံး စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာစွာနဲ့ ကဗျာကိစ္စအဝဝကို ဆက်လက် အားထုတ်နိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်။

ရည်ညွှန်း/ကိုးကားစာရင်း

- http://www.poetryfoundation.org
- http://en.wikipedia.org/wiki/Category:Pulitzer_Prize_for_Poetry_winners
- http://en.wikipedia.org/wiki/Pulitzer_Prize_for_Poetry
- http://www.pakistan.web.pk/threads/list-of-poets-winners-of-the-nobel-prize-in-literature.452/
- http://www.amazon.com/Heinemann-Book-African-Womens-Poetry/dp/product-description/0435906801
- http://books.google.com/books/about/Japanese_women_poets.html?id=BO8sJ4TYpaUC
- http://mclc.osu.edu/rc/pubs/reviews/zhu.htm
- http://www.poets.org/viewmedia.php/prmMID/5690
- Are Women Unrepresented in the Small Press http://greatamericanpoetryshow.com/articles-and-essays/are-women-unrepresented-in-the-small-press/
- Poetry Magazines and Women Poets www.humanities.uchicago.edu/orgs/review/CR_532_Kotin_Baird.pdf
- Women Get Published and Reviewed Less Than Men in Big Magazines, Say Red-and-Blue Pie Charts http://thehairpin.com/2011/02/women-get-published-and-reviewed-less-than-men-in-big-magazines-say-red-and-blue-pie-charts
- ငြိမ်းဝေ၊ ၂၀၀၉၊ အထက်တန်း မြန်မာကဗျာလက်ရွေးစင် ပြဌာန်းချက်ကို ဖြည့်စွက်အကြံပြုခြင်း စာတမ်း





(မှတ်ချက်။ ။ အချိန်နဲ့ resource မလုံလောက်မှုကြောင့် ဒီစာတမ်းငယ်ကို academic paper မဟုတ်တဲ့ အက်ဆေးတစ်ခုအဖြစ်ပဲ တင်သွင်းခဲ့တာပါ။)

8 comments:

အလင်္ကာ said...

Bravo!!!

သဒ္ဓါလှိုင်း said...

မပန်..
အဓိပ္ပါယ်လေးနက်ပြီး တန်ဖိုးရှိတဲ့ စာတမ်းတစ်ခုကို ဖတ်လိုက်ရလို့ ကျေးဇူးအရမ်းတင်ပါတယ်။
ရှေ့ဆက်ပြီး အမျိုးသမီးကဗျာဆရာ များစွာ ပေါ်ထွက်လာဖို့လည်း ဆန္ဒပြုမိပါတယ်။
(မပန်ရဲ့အသံလေးပါ နားထောင်ချင်ပါသေးတယ်။)
ခင်မင်လေးစားလျက်
သဒ္ဓါ

Anonymous said...

Well done Pandora.
Appreciate your valuable contributions!
Regards,
MC

mstint said...

ကမ္ဘာ့ကဗျာနေ့က ပန်ဒိုရာဖတ်ခဲ့တဲ့ စာတမ်းလေးကို
စိတ်ဝင်တစ်စားဖတ်သွားပါတယ်ကွယ်။
အရည်အချင်းရှိတဲ့ကဗျာဆရာတွေအနာဂါတ်မှာ
မြောက်များစွာပေါ်ထွန်းလာနိုင်ပါစေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

သိင်္ဂါကျော် said...

စိတ်ဝင်စားဖို့ ကောင်းတဲ့ စာတမ်းလေးပါ..
ခေတ်အဆက်ဆက် အရေအတွက် နည်းပေမယ့် အရည်အချင်းကတော့ အမျိုးသားတွေကို ယှဉ်နိုင်ခဲ့တယ် လို့ ထင်ပါတယ်.. ငွေတာရီ တို့ ကြည်အေး တို့ စသဖြင့်ပေါ့လေ..။
မြန်မာအမျိုးသမီး ကဗျာဆရာမများ များများ ပေါ်ထွန်းပါစေ လို့ ဆန္ဒပြုလျှက်..။

အိမ့်ချမ်းမြေ့ said...

ကောင်းတယ် မပန်...
မလေး သေချာဖတ်သွားတယ်..
မွန်းသူအိမ့် ကဗျာလေးလည်း တော်တော်ကောင်းတယ်..

နှင်းခါးမိုး said...

ငွေတာရီနောက်ပိုင်းမှာ ကဗျာတခုထဲအာရုံထားသွားပြီး မြန်မာကဗျာလောကမှာ ကြီးကြီးမားမားနေရာယူနိုင်တဲ့ အမျိုးသမီးကဗျာဆရာ မရှိတော့ဘူး။ ဒီတော့ အမျိုးသမီးကဗျာဆရာတွေအတွက် ငွေတာရီကဗျာဆုချီးမြင့်ပြီး အားပေးသင့်တယ်။ မြန်မာကဗျာရေးရာ ပညာရှင်ပိုင်းမှာ ပန်ဒိုရာတယောက်ပေါ်ထွက်လာတာကတော့ အားလုံးကကြိုဆိုကြမှာပါ။

ကြိုးကြာနီ said...

အရမ်း စိတ်ဝင်စားဖို့ကောင်းပါတယ် အစ်မရေ ။
နောက်လည်း ကဗျာတွေ အများကြီး ရေးသားနိုင်ပါစေ ... ။
အမြဲ အားပေးနေပါမယ် ။