နှစ်ကုန်တဲ့အခါ
ဘာတွေကျော်ဖြတ်ခဲ့တယ် ဆိုတာ ပြန်ပြောရမယ်ဆိုရင်တော့ ၂၀၁၂ ကိုပါ ထည့်ပြောရလိမ့်မယ်။
၂၀၁၁ စက်တင်ဘာမှာ အမိမြေကို ပြန်ခဲ့တာကိုး။ ၂၀၁၂ တစ်နှစ်လုံးနဲ့ ၂၀၁၃ တစ်နှစ်လုံးကို
မြန်မာပြည်မှာပဲ အဓိက ဖြတ်သန်းခဲ့ရ။ ပြန်လာခဲ့တာဟာ ကိုယ်လိုချင်တာ တစ်ခုရနိုင်ဖို့
ဖိစီးမှုတွေ လျော့ပါးချင်တဲ့ ရည်ရွယ်ရင်းမို့ ကဗျာတွေစာတွေ အချိန်ပေးနိုင်သလောက်ထဲမှာ
ဖိစီးမှုမဖြစ်ရုံ ရေးခဲ့။ ဒါပေမယ့်လည်း အလေးအနက်ထားတဲ့ အရာတိုင်းမှာ အလေးချိန်တစ်ခုက
အမြဲဖိနေတာဆိုတော့ အချိန်တွေပိလာရင် နောက်ပြန်ဆုတ် ချိန်ညှိခဲ့ရ။ ကြံရွယ်ထားသလို မိသားစုနဲ့
အရည်အသွေးပြည့် အရသာပြည့်အချိန်တွေ ဦးစားပေး ဖန်တီး၊ ခံစား၊ ကျော်ဖြတ်။
အမိမြေကို
ပြန်ရောက်ခိုက် ကမ္ဘာတုနဲ့ ကမ္ဘာစစ်ကြား ကွဲပြားနေတဲ့ ဘဝနှစ်ခုကို ပေါင်းစည်းပေးဖို့
အချိန်တန်ပြီလို့ ထင်မြင်လာတဲ့အခါ အင်တာနက်ဥခွံကနေ အပြင်ကိုထွက်လာခဲ့တယ်။ ဒါကလည်း ထွက်ဖို့
အခွင့်သာနေတုန်း အခိုက်အတန့်လေးမှာမို့ ထွက်ခဲ့တာမျိုး။ ကဗျာပွဲတွေ၊ တချို့သော အခမ်းအနားတွေ၊
ပြပွဲတွေ ရောက်ခဲ့။ ကဗျာဆရာ/ဆရာမ၊ စာရေးဆရာ/ဆရာမ အချို့နဲ့ သိကျွမ်းခဲ့။ ကဗျာပွဲတွေ
စာအုပ်မိတ်ဆက်ပွဲတွေ သွားဖြစ်ခဲ့။ နိုင်ငံတကာပွဲတွေထဲမှာ Women in Media ၊ Blue
Winds Multimedia Art Festival, Irrawaddy Literary Festival စသည်ဖြင့် အမှတ်တရ။ ပြည်ပခရီးအနေနဲ့ ပျောက်သွား(တယ်ထင်ခဲ့)တဲ့ IC
card အသစ်ပြန်လုပ်ဖို့ စင်ကာပူကို တစ်ခေါက်ပဲ ပြန်ရောက်ခဲ့။ အခုအထိတော့ ထပ်မရောက်နိုင်သေး။
၂၀၁၂ သြဂတ်စ်လမှာ IWP တက်ဖို့ အမေရိကကို မမျှော်လင့်ပဲ ရောက်သွားခဲ့။
၂၀၁၃။ နှစ်ကုန်ပေမယ့်
အကြွေးတွေကတော့ အများကြီးပဲ။ စာပေနဲ့ ပတ်သက်လို့တော့ -ဘာသာပြန်လက်စတွေ တန်းလန်း။ ဘလော့ဂ်တွေအကြောင်း
ရေးလက်စ ပို့စ်က တန်းလန်း။ အိုင်အိုဝါရက်စွဲများ ရေးပြီးပေမယ့်လည်း ဘလော့ဂ်မှာ တင်ဖို့
နောက်ဆုံးတစ်ပိုင်းကျန်နေတယ်။ သူများတွေဆီက ရရန်ရှိတွေလည်း ရှိပါတယ်။ ကဗျာပါထားတဲ့
ပန်းဆိုးတန်းဂျာနယ် ဆရာမောင်လင်းရိပ်ဆီမှာ သွားမယူဖြစ်သေးဘူး။ တော်လှန်ကြောင် ခရီးရှည်ချီတက်ပွဲ
စာအုပ်ကို မမြင်ရသေး။ ပိတောက်ပွင့်သစ်မှာ ကဗျာတစ်ပုဒ်ပါထားတာ ကြာလှပေမယ့် စာအုပ် သွားမယူဖြစ်။
၂၀၁၄ ကို သယ်ဆောင်သွားမယ့် လုပ်လက်စတွေ။ အရေးအကြီးဆုံးကတော့ ကြွေးဟောင်းတွေ ကုန်အောင်
မဆပ်နိုင်ခင်မှာ တသက်လုံးဆပ်ရဖို့တွက် ချထားလိုက်တဲ့ ကြွေးသစ်ကလေး။
ဒီအသက်ဒီအရွယ်ရောက်နေသူ
ကိုယ့်ပြောင်းလဲမှုရဲ့ အရှိန်က ၂၀၁၃ ဖေဖော်ဝါရီကတည်းက ဝမ်းကြာတိုက်မှာ ခိုအောင်းနေတဲ့
လူအသစ်ကလေးကို ဘယ်မီမလဲ။ အောက်တိုဘာလကုန်မှာ သူကလေးဟာ လောကအလယ်ကို ရောက်လာ၊ အခု ဒီဇင်ဘာလကုန်မှာ
၂ လပြည့်တော့ နေ့ချင်းညချင်း လူလူသူသူဖြစ်လာတဲ့ အပြောင်းအလဲ။ မျက်စိရှေ့မှောက်မှာ တစ်ရွက်ချင်းလှန်သွားတဲ့
အချိန်စာမျက်နှာတွေ ဟာ အလှပဆုံးသော ကဗျာတစ်ပုဒ်။
အခုတော့ ကမ္ဘာတုမှာ
မပြောနဲ့၊ တကယ့် လက်တွေ့ အပြင်ကမ္ဘာမှာတောင် ဟိုမသွားနိုင် ဒီမသွားနိုင်၊ မိတ်ဆွေများ
ဆွေမျိုးများ ကို လောကဝတ် မကျေပွန်နိုင်။ ဒါကတော့ ဆုံးဖြတ်ချက်တစ်ခု အစပြုတဲ့ ကာလတွေကတည်းက
နှစ်ပေါင်းအတော်ကြာခဲ့ပြီ။ ပြောရရင် ၅နှစ်ပျော့ပျော့။ အချိန်များ၊ ငွေများ၊ အခွင့်အရေးများ၊
အခွင့်အလမ်းများ၊ အခြားသော ဖြစ်နိုင်ခြေများ၊ ကိုယ်ပိုင်လွတ်လပ်ခွင့်များ၊ သားသမီးဝတ္ထရား၊
မိတ်ဆွေဝတ္တရား၊ ဆွေမျိုးဝတ္တရား၊ တပည့်ဝတ္တရား အစရှိသော ဝတ္တရားများနဲ့ ပျော်ရွှင်မှုတချို့တလေ
- အားလုံးဟာ မရေရာတဲ့ တစ်ခုခုအတွက် ကျေကျေနပ်နပ် စိုက်ထိုး စီးဆင်းသွားခဲ့တာပါ။
ဒီလိုနဲ့
မျှော်လင့်မရဲတရဲမှာ အကောင်အထည်ပေါ်လာတော့ ပြန်ရတာက ရုပ်ဝတ္ထုချမ်းသာမှုမဟုတ် ကိုင်တွယ်ဖမ်းဆုပ်ပြလို့
မရတဲ့ ဝမ်းသာကြည်နူးမှုရယ်သာ။ ရှေ့လျှောက်ပြီး ကိုယ်ဝါသနာပါရာ လုပ်ဖို့ဖြစ်စေ၊ အလုပ်လုပ်ဖို့ဖြစ်စေ၊
ဝင်ငွေရဖို့ဖြစ်စေ ဖြစ်နိုင်ခြေတွေဟာ ပိုမိုတင်းကျပ်။ ၁၈ နှစ်နီးပါး တစ်ကိုယ်တော် လွတ်လွတ်လပ်လပ်
နေလာသူအတွက် အခုတော့ အချိန်တွေဟာ အခြားဘက်ကို ပါသွား။ လောလောဆယ်တောင်မှ သူလေးအိပ်နေတုန်း
အခုလို စာလေး ကမန်းကတန်း ရေးရ။ ဘာပဲဖြစ်ဖြစ် လွန်ခဲ့တဲ့ ၁၀ နှစ်က နှစ်ကူးညမှာ အမှတ်တရတစ်ခု
နှစ်ဦးကြား။ အခုတော့ တစ်ယောက်ထပ်တိုး သုံးဦးကြား။ ဒီစာကိုလည်း နောက်တစ်ခေါက် ပြန်မဖတ်(အားတော့)ဘူး။
တင်လိုက်တယ်။ Happy 2014.
ပန်ဒိုရာ
၃၁.၁၂.၂၀၁၃
ည ၁၀း၀၉ နာရီ