Monday, March 21, 2016

အပြောင်းအလဲမှာ ဘယ်လိုကဗျာတွေ ရေးကြမလဲ



အပြောင်းအလဲမှာ ဘယ်လိုကဗျာတွေ ရေးကြမလဲ

ဒီမေးခွန်းကို မေးနေကြတာ အခုမှမဟုတ်ပါဘူး။ ၂၀၁၀ နောက်ပိုင်းကတည်းက ဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံခြားသားတွေပါ။ သူတို့ကတော့ မြန်မာပြည်ကို အပြင်ကကြည့်ပြီး ပြောင်းလာပြီလို့ ထင်တာကိုး။ ၂၀၁၀ တုန်းက အများဆုံးကြားရတဲ့ စကားကတော့ “transition အကူးအပြောင်း” ဆိုတာပါ။ ၂၀၁၅ မှာတော့ “change အပြောင်းအလဲ” ဆိုတဲ့ စကားလုံးကို ပိုသုံးလာကြပါတယ်။ တူမလိုလိုနဲ့ ကွဲတော့ကွဲပါတယ်။ ကူးပြောင်းတာဖြစ်ဖြစ် ပြောင်းလဲတာဖြစ်ဖြစ် နေ့ချင်းညချင်းတော့ အသစ်ရဲ့ အနှစ်သာရတွေကို ခံစားရဖို့ မလွယ်ပါဘူး။

စိစစ်ရေးတင်းကျပ်စဉ်ကာလက ကဗျာတွေ ဖြတ်တောက်ခံရတယ်။ ပိတ်ဆို့ခံရတယ်။ ကဗျာစာအုပ်တစ်အုပ် ထွက်ဖို့အရေး အချိန်ယူရတယ်။  ၂၀၀၈ ခု ဇွန်လ ချယ်ရီ မဂ္ဂဇင်းမှာ ထုတ်ဝေခဲ့တဲ့ ဆရာလှသန်းရဲ့ ဒီပရင်္ဂ ဟာ တစ်နိုင်ငံလုံးက ကဗျာဖတ်သူတွေကြား ပြန့်နှံ့သွားခဲ့တယ်။ နောက်ကြောင်းပြန် အရေးယူလို့ ချယ်ရီ အယ်ဒီတာအဖွဲ့ အပြောင်းအလဲ လုပ်လိုက်ရပါတယ်။  ၂၀၀၈ ဇန်နဝါရီ အချစ်ဂျာနယ်ထဲက ဆရာစောဝေရဲ့ကဗျာထဲမှာ အာနာရူးကြီးမှူးကြီးသန်းရွှေ လို့ ကဗျာစာကြောင်းအစ စာလုံးတွေကို ဒေါင်လိုက်စီထားလို့ ကဗျာဆရာ ထောင်ကျသွားပါတယ်။  ဒီလို အမှုကိစ္စတွေ ဖြစ်ပွားခဲ့ပါတယ်။ 

အင်တာနက် သုံးစွဲလာကြတဲ့အခါ စိစစ်ရေးရှိစဉ်ကာလမှာ စိစစ်ရေးနဲ့ မလွတ်နိုင်တဲ့ ကဗျာတွေကို အွန်လိုင်းမှာ လွတ်လပ်စွာတင်လာကြတယ်။ စိစစ်ရေးနဲ့ မလွတ်နိုင်ဘူးဆိုတာ နိုင်ငံရေး တစ်ခုတည်းမဟုတ်ပါဘူး။ ဘာသာရေး လူမှုရေးဆိုင်ရာ အကြောင်းအရာတွေ စကားလုံးတွေလည်း ပါပါတယ်။ စိစစ်ရေး မရှိတော့တဲ့အခါ ကဗျာစာအုပ်တွေ အများအပြားထွက်လာတယ်။ ကဗျာဆရာဆရာမ အသစ်တွေလည်း ပိုများလာတာကို တွေ့ရတယ်။ ဒါပေမဲ့ အဲဒီအချိန်က စိစစ်ရေး မရှိတော့တာကလွဲလို့ အုပ်ချုပ်ရေးစနစ်နဲ့ အုပ်ချုပ်သူတွေဟာ ဒီမိုကရေစီ နည်းလမ်းကျ ပြည်သူ့ကိုယ်စားလှယ်လို့ ပြောနိုင်တဲ့ အနေအထားမှာ မရှိပါဘူး။ အမြင်အားဖြင့် လွတ်လပ်သော်လည်း လုံခြုံတယ်လို့တော့ မဆိုနိုင်သေးပါဘူး။
၂၀၁၄ ခုနှစ် PEN Myanmar နှစ်လည်ညီလာခံမှာ ခေတ်ပြိုင်စာပေ ဆွေးနွေးပွဲတစ်ခု လုပ်တော့ ဆရာဇေယျာလင်းက ပြောပါတယ်။ အကူးအပြောင်းမှာ ဘယ်လိုကဗျာတွေရေးကြမလဲ ဆိုတော့ ဝါရင့်ကဗျာဆရာမ တစ်ဦးက “ကျွန်မရေးတတ်တဲ့ ကဗျာမျိုးတွေပဲ ကျွန်မ ဆက်ရေးမှာပါ” လို့ ပြောဖူးတယ် တဲ့။ ဒါဟာ မှတ်သားစရာပါ။ ရေးတတ်သလိုပဲ ရေးမယ်ဆိုတာလည်း အတော်များများအတွက် ဖြစ်နိုင်ပါတယ်။ အသစ်ကိုတွေ့ရှိဖို့ လိုက်ပြောင်းဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ မရေးတတ်တာမျိုးတွေ ရေးတတ်အောင် ကြိုးစားနေတဲ့ ကဗျာဆရာတွေလည်း အများအပြားရှိကြတယ်။ အထူးသဖြင့် စူးစမ်းမှုအားကောင်းတဲ့ လူငယ်ထုထဲမှာပါ။ 

တချို့အခြေအနေတွေမှာ တားမြစ်ပိတ်ဆို့ခံထားရတဲ့အတွက် အနုပညာလက်ရာတွေ ပိုအားကောင်းလာတတ်တယ် ဆိုတာရှိနိုင်ပါတယ်။ ဒီအကြောင်းကို တစ်ခါက ဆွေးနွေးပွဲတစ်ခုမှာ ထည့်ပြောဖြစ်ခဲ့တယ်။ အတိုချုပ်ပဲ ပြောချိန်ရတဲ့အတွက် ဝါရင့်စာရေးဆရာကြီးတစ်ယောက်ကတောင် သိပ်အစာမကြေပါဘူး။  “စာတွေပိုကောင်းအောင် စိစစ်ရေးတော့ ပြန်မသွားနိုင်ဘူး” လို့ ဆိုပါတယ်။ တကယ့်တကယ် ဆိုလိုတာကတော့ ဖောက်ထွက်နိုင်အောင် ရုန်းကန်လှုပ်ရှားရင်း ထွက်ပေါ်လာတဲ့ လူသားရဲ့ တီထွင်ဖန်တီးမှုစွမ်းရည်ကို ပြောပြတာပါ။ ပိတ်ဆို့ကာမှ ပိုအားကောင်းတဲ့ လက်ရာတွေဟာ စာပေထဲမှာတော့ ပရိသတ်အများနဲ့ ပိုကင်းကွာတဲ့ အမျိုးအစားတွေမှာ ပိုရှိတတ်ပါတယ်။ ဥပမာ လူတိုင်းမဖတ်ကြတဲ့ စာပေအမျိုးအစားဖြစ်တဲ့ ကဗျာ လိုမျိုးပါ။ ပိတ်ဆို့ထားလို့ ဆန်းသစ်လာတာဟာ ပန်းချီတွေ၊ visual art တွေမှာလည်း တွေ့ရပါတယ်။ တရုတ်ပြည်က တင်းကျပ်မှုတွေ ရှိနေသေးတဲ့ စနစ်အောက်မှာ အိုင်ဝေဝေလို အားကောင်းတဲ့ အနုပညာရှင် ပေါ်ထွက်လာပါတယ်။ မည်သို့ပင်ဖြစ်စေကာမူ လွတ်လပ်တဲ့ စနစ်သစ်အောက်မှာတော့  အနုပညာ မျိုးစုံဟာ တီထွင်ဖန်တီးဖို့ အခွင့်အရေးတွေ ပိုရလာပြီး အကန့်အသတ်မဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ ပိုမိုထူးခြားပြောင်မြောက်တဲ့ လက်ရာတွေ ဖန်တီးနိုင်လာရမှာပါ။ 

၂၀၁၂ အိုင်အိုဝါ သွားတုန်းက “ဘာအကြောင်းတွေကို စာရေးကြမလဲ” ဆိုတာနဲ့ ပတ်သက်လို့ ထိုင်ဝမ်က ကဗျာဆရာတစ်ယောက်၊ တောင်ကိုရီးယားက စာရေးဆရာတစ်ယောက်နဲ့ ဆွေးနွေးခဲ့ဖူးပါတယ်။ အချက် ၂ ချက် ရှိပါတယ်။ တစ်ချက်ကတော့ “မင်းတို့မြန်မာနိုင်ငံမှာ ဘုံရန်သူ ဒါမှမဟုတ် ဘုံပစ်မှတ် တစ်ခုရှိနေတယ်။ ငါတို့ဆီမှာ အဲဒီလို လူတိုင်းက ပစ်မှတ်ထားတဲ့အရာ မရှိဘူး” လို့ဆိုပါတယ်။ နောက်တစ်ချက်ကတော့ နေ့စဉ်လူမှုဘဝထဲက ဆင်းရဲမွဲတေမှုတွေ၊ အခက်အခဲတွေပါ။ ဆင်းရဲခြင်း ကင်းလွတ်တဲ့ နိုင်ငံဆိုတာ မရှိနိုင်ပေမဲ့ သူတို့ဆီမှာတော့ ပြေလည်တဲ့အဆင့်တစ်ခုအထိ ရှိနေတယ်ဆိုတာက ကိုယ်နဲ့ယှဉ်ရင် သိသိသာသာ ထင်ရှားပါတယ်။ သူတို့ဆီမှာ ဒီမိုကရေစီအရ လူထုကတင်မြှောက်ထားတဲ့ အစိုးရရှိနေတယ်။ လူမှုဘဝတွေက စီးပွားရေး ပြေလည်လာကြတယ်။ မြို့ပြလည်း ဆန်လာကြတယ်။ ဒီတော့ကာ “ဘာအကြောင်းတွေကို စာထဲ ထည့်ရေးမလဲ ဆိုတာ ခက်ခဲလာတယ်” လို့ ဆိုပါတယ်။ တစ်ဖက်ကလည်း စိတ်ဝင်စားစရာကောင်းတာက “အကြောင်းအရာဘက်ကို အာရုံမစိုက်ဘဲ အရေးအသားဘက်ကို ဆန်းသစ်ဖို့ပဲ အာရုံစိုက်လာကြတာမျိုး ရှိလာတယ်” တဲ့။ ပြီးတော့ “အပြင်ဘက်က အကြောင်းအရာတွေကို မကြည့်တော့ဘဲ မိမိကိုယ်တွင်းကို ပြန်ကြည့်တာ၊ ငါ ကို ဖွင့်ဆိုတာ၊ ရှာဖွေတာ တွေဟာ စာပေလက်ရာတွေထဲမှာ ထင်ဟပ်လာတယ်” တဲ့။ အဲဒီအပြင် “စာရေးသူတစ်ဦးရဲ့ ပစ်မှတ်နဲ့ နောက်တစ်ဦးရဲ့ ပစ်မှတ်ဟာ မတူညီတဲ့အတွက် စာပေလက်ရာတွေကြား ကွဲပြားမှုတွေ  ပိုရှိလာတယ်” တဲ့။ ဒါတွေဟာ အလွတ်သဘော ပြောဆိုခဲ့ကြတာတွေမို့ ကိုးကားရတာ ခက်ခဲပါတယ်။ နမူနာ လက်ရာတွေရှာဖွေပြီး သုတေသန လုပ်နိုင်ရင် ပိုကောင်းမှာပါ။

စင်ကာပူတို့ ဂျပန်တို့မှာလည်း ဒီသဘောဆန်ဆန်ပဲ ဖြစ်မယ်။ အမေရိကမှာတော့ “လွတ်လွတ်လပ်လပ် လူတိုင်းရေးခွင့်ရှိတဲ့အခါ ကိုယ်ရေးတဲ့ကဗျာ သိသာထင်ရှားဖို့ “ပေါက်” ဖို့ အတွက် ပြိုင်ဆိုင်မှု အလွန်များတယ်” လို့ အမေရိကန် ကဗျာဆရာတွေက ဆိုပါတယ်။ ကွန်ဆက်ချူရယ်ကဗျာဆရာ ကဲနက်ဂိုးလ်စမစ်ဟာ ကနေဒီလုပ်ကြံမှု၊ မိုက်ကယ်ဂျက်ဆင်သေဆုံးမှု၊ 9-11 စတဲ့ အမေရိက အဖြစ်ဆိုး ၇ ခုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ  ယူသုံးထားတဲ့“The Day” ဆိုတဲ့ ကဗျာရှည်မှာ လူတွေရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်ခဲ့ပေမယ့် ၂၀၁၄ ခုနှစ်က ဖာဂူဆန်မှာ သေနတ်ပစ်ခံရတဲ့ မိုက်ကယ်ဘရောင်း ရဲ့ သေဆုံးမှုမှတ်တမ်းကို ကွန်ဆက်ချူရယ်ကဗျာအဖြစ် ယူသုံးလိုက်တဲ့အခါမှာတော့ လူမျိုးရေးခွဲခြားမှု၊ လူသားချင်း စာနာစိတ်ကင်းမဲ့မှုတွေပေါ်မှာ အငြင်းပွားဖွယ် ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ရပါတယ်။ လွတ်လပ်မှု နဲ့ ဒီမိုကရေစီ ရှိနေပေမဲ့လည်း လူမှုစည်းမျဉ်းတွေက ပြဌာန်းထားဆဲမို့ စဉ်းစားစရာဖြစ်ပါတယ်။ 

ခေတ်စမ်းစာပေကာလက ခေတ်စမ်းကဗျာတွေဟာ ကဗျာဆိုရင် ဘယ်လိုပုံစံ ဘယ်လို အတည်အခန့် ရေးရမယ် ဆိုတဲ့ အတွေးတွေကို တော်လှန်ခဲ့ကြတယ်။ ဒါပေမဲ့လည်း ခေတ်စမ်းကဗျာတွေဟာ “အရေးအသား ခေတ်မီသော်လည်း စိတ်ကူးယဉ်ကမ္ဘာထဲမှာပဲ ရှိတယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိခဲ့ပေမယ့် နိုင်ငံရေး၊ အမျိုးသားရေးစိတ်ဓာတ်တွေနဲ့ တိုင်းပြည်လွတ်လပ်ရေးလှုပ်ရှားမှုတွေအပေါ် ထင်ဟပ်စေတဲ့ စာပေအရေးအသားတွေက ခေတ်စမ်းစာပေများထဲမှာလည်း ရှိနေပါတယ်” လို့ ဆရာပန်းချီထိန်လင်းရဲ့ “ခေတ်စမ်းစာပေမှ နိုင်ငံရေး” ဆိုတဲ့ ဆောင်းပါး တစ်ပုဒ်မှာ ကဗျာနမူနာတွေနဲ့တကွ ဖော်ပြထားတာကို ဖတ်ဖူးပါတယ်။ ထိုနည်းတူပါပဲ ဒီခေတ်ကာလ ကဗျာတွေထဲမှာ စမ်းသပ်မှုတွေ၊ နိုင်ငံရပ်ခြား ကဗျာဗေဒတွေကို မြန်မာမှုပြုတာတွေ၊ ရေးသူနဲ့သာ သက်ဆိုင်တဲ့ ပုဂ္ဂလိကဆန်မှုတွေ၊ စိတ်ကူးယဉ်မှုတွေ ရှိနေပေမဲ့ ဒီစနစ်အောက်မှာ ဖြတ်သန်းနေရသူများပီပီ နိုင်ငံရေးဆိုတဲ့ အဓိပ္ပာယ်ဖွင့်မှုတစ်ခုနဲ့ ပတ်သက်ဆက်စပ်နေတဲ့ အကြောင်းအရာတွေ၊ ခေတ်ပြိုင်ခံစားမှုတွေကို မြင်နေရဆဲပါ။

ဒီမိုကရေစီနည်းလမ်းတကျ တင်မြှောက်ထားတဲ့ မြန်မာအစိုးရ လက်ထက်မှာ ဘယ်လို မြန်မာကဗျာတွေ ရေးကြမှာလဲ။ ၂၀၁၅ နိုဝင်ဘာလထဲမှာ ပြင်သစ်သံရုံးက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲတစ်ခုမှာ သတင်းထောက်အမျိုးသမီး တစ်ဦးက ပြောသွားတာ ကြားခဲ့ပါတယ်။ “ဒေါ်အောင်ဆန်းစုကြည် အစိုးရ တက်လာတဲ့အခါ သတင်းထောက်တွေက အစိုးရကို ဝေဖန်ပြောဆိုစရာရှိရင် ပြောဆိုတဲ့အခါ လူတွေက မုန်းကြမှာလား” တဲ့။ အဲဒီလိုဆန်ဆန်ပါပဲ။ အစိုးရသစ် လက်ထက်မှာ အုပ်ချုပ်ရေးဆိုင်ရာ အားနည်းချက်တွေ၊ စနစ်ရဲ့အပြစ်တွေ၊ မပြေလည်သေးတဲ့ လူမှုဘဝတွေကို ကဗျာထဲ ထင်ဟပ်ချင်တဲ့အခါ အရင်အစိုးရတုန်းက ရေးခဲ့ကြသလို လက်ခုပ်သံတွေ ကြားရပါဦးမလား။ ဒီလိုမှမဟုတ်ဘဲ အစိုးရကောင်းကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုချစ်ကြောင်းတွေ ရေးကြရင်ရော ဘုန်းတော်ဘွဲ့ ဖြစ်နေမလား။ 

ဒီမိုကရေစီစနစ်အောက်မှာ လွတ်လပ်တာတွေ အဆင်ပြေတာတွေ များလာရင် ကဗျာရေးဖို့ ကုန်ကြမ်းတွေ ပိုခက်ခဲလာမလား။ ဖိနှိပ်တဲ့စနစ် ခေတ်ကုန်သွားလို့ တော်လှန်ရေးမရှိတဲ့ နိုင်ငံရေးဟာ ပျင်းစရာကောင်းသွားခဲ့ရင် ရိုးအီသွားရင် အချစ်အကြောင်းတို့၊ သဘာဝဝန်းကျင် ရေမြေတောတောင်အကြောင်း တို့ ပြန်ရေးကြမှာလား။ ဒီလိုမှမဟုတ်ဘဲ ထိုင်ဝမ်နဲ့ကိုရီးယားက စာရေးဆရာတွေ ပြောခဲ့သလို “ငါ” ကိုပဲ ဗဟိုပြုလာကြမှာလား။ အရေးအသားဆိုင်ရာ၊ ဟန်ဆိုင်ရာ တီထွင်ဆန်းသစ်မှုတွေဆီကို ပို စိတ်ပါကြမှာလား။ လူမှုရေး၊ ဘာသာရေး ဆိုင်ရာ ပိုမိုပွင့်လင်းတဲ့ အရေးအသားတွေ ထွက်လာမှာလား။ အငြင်းပွားဖွယ်တွေ ဖြစ်လာမှာလား။ အများပြည်သူ လူတွေနဲ့ပိုနီးစပ်မှာလား ပိုဝေးကွာမှာလား။ ဖတ်သူတွေက လိုက်လာမှာလား။  အစိုးရသစ်လက်ထက်ကျမှ ကဗျာ စရေးသူတွေကရော အရင်လူတွေရဲ့ လက်ရာနဲ့ ဘယ်လိုကွာခြားမလဲ။ ဒီ့ထက် စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းတစ်ခုကတော့ ကဗျာတွေ ပိုကောင်းလာမှာလား။ ကိုယ်တိုင်လည်းတွေးတောရင်း ဆက်လက်စောင့်ကြည့်သွားဖို့ဖြစ်ပါတယ်။

ပန်ဒိုရာ
၂၁.၃.၂၀၁၆ (ကမ္ဘာ့ကဗျာနေ့)

1 comment:

ရှဥ့်ညို လေး said...

အလည်လာသွားပါတယ် ဆရာမ...