Monday, July 23, 2018

ပျော်ရွှင်မှုမှတ်တမ်း


ပျော်ရွှင်မှုမှတ်တမ်း
ကိုယ်ပျော်ရွှင်တဲ့ အကြောင်းကို Facebook မှာ status တင်ဖို့ ၂၀၁၃- ၂၀၁၄ နှစ်လောက်ကတည်းက စဉ်းစားခဲ့တယ်။ ဒါပေမဲ့ အဲဒီလိုကြံတိုင်း သူငယ်ချင်းတစ်ယောက်ရဲ့ “လူတွေဟာ သတင်းဆိုးပဲကြားချင်တာ” ဆိုတဲ့ စိတ်ချဉ်ပေါက် စကားကို သွားသွားကြားယောင်တယ်။ အနီးစပ်ဆုံး Life is beautiful ဆိုတာလောက်ပဲ တင်ဖြစ်ခဲ့တယ်။ မျက်နှာမမြင်ရတဲ့ မျက်နှာစာအုပ်ထဲမှာ ဒရာမာတွေ ကြားရရင် ကရုဏာသက်ကြ ဖေးမကြတဲ့ စိတ်နှလုံးကောင်းသူတွေဟာ ကောင်းတဲ့သတင်းတွေကြားရင် ဟုတ်ရဲ့လားလို့ သင်္ကာမကင်း စောကြောချင်တတ်၊ ကောင်းတဲ့ကိစ္စတွေပြောဆိုရင် ကြွားဝါလှချည်ရဲ့လို့ စိတ်ကွက်ညိုညင်မိတတ်ပါတယ်။ ဒါတွေဟာ လူတိုင်းရဲ့ လူ့သဘာဝမှာ ယှဉ်တွဲပါဝင်ပြီးသား မလှပတဲ့ အစိတ်အပိုင်းတွေပါပဲ။ ပျော်ရွှင်မှု ဆိုတာကလည်း အလွန်လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပေဘူး။ ပေးဆပ် ဆိုတဲ့စကား မသုံးနှုန်းချင်တောင်မှ လူတစ်ယောက်ဟာ ပျော်ရွှင်ဖို့အတွက် အများကြီး ပြင်ဆင်ခဲ့ရတယ်။ ဖြတ်သန်းမှုပိုင်းဆိုင်ရာတွေရော စိတ်ပိုင်း/ ရုပ်ပိုင်းဆိုင်ရာတွေရော ပေါ့။ လူတွေဟာ ရွေးချယ်စရာတွေနဲ့ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရတယ်။ မသိလို့ဖြစ်စေ၊ သိလျက်နဲ့ဖြစ်စေ၊ တစ်စုံတခု တစ်စုံတဦးက တိုက်တွန်းလို့ဖြစ်စေ၊ ကိုယ်ပိုင် ဆုံးဖြတ်ချက်ကြောင့်ဖြစ်စေ၊ မိမိရွေးချယ်မှုပေါ်မူတည်ပြီး ဖြတ်သန်းမှု ပုံစံဒီဇိုင်းတွေ ကွဲပြားခဲ့ကြတယ်။ လူတစ်ဦးချင်းကြား ပျော်ရွှင်ရတဲ့ အချိန်၊ နေရာ၊ ဖြစ်ပေါ်မှုအဆင့်ဘယ်လိုမှ ထပ်တူညီစရာ အကြောင်းမရှိပါဘူး။  ကိုယ့်ပျော်ရွှင်မှုတွေကို ပြောပြပါဆိုရင်တော့ ၈၈ အရေးတော်ပုံမတိုင်ခင် ကလေးဘဝ အချိန်တွေက သေသေချာချာ ခံစားခဲ့ရတာကို သတိပြန်ရတယ်။ အဲဒီတုန်းက သိပ်မတွေးတတ်သေးတော့ အခုပြန်တွေးမှ ကိုယ်ပျော်ရွှင်ခဲ့တာကို ကိုယ့်ဘာသာသတိပြုမိတယ်။ ပျော်ရွှင်မှုကို အသေအချာသိဖို့ရာ ဒီလို နောက်ကျတဲ့ အဖြစ်မျိုး ဖြစ်နိုင်ပါတယ်။ တစ်ခုခုပျောက်ဆုံးသွားမှ အဲဒီတစ်ခုခုရှိတုန်းက ပျော်စရာပါလားလို့ ပြန်တွေးမိတတ်ကြတယ်။ ဒီအခါ ပစ္စုပ္ပာန်ကာလမှာ နောင်တ,စိတ်ဝင်သွားပြီး ပိုပြီး မပျော်မရွှင်ဖြစ်သွားတာလည်း ရှိတတ်ပါတယ်။ ပျော်ရွှင်ခဲ့တာကို တစိမ့်စိမ့်ပြန်တွေးပြီး ပစ္စုပ္ပာန်မှာ ပျော်ရွှင်စိတ်ဝင်သွားတာမျိုးလည်း ရှိတတ်ပါတယ်။ အကောင်းဆုံးကတော့ ပျော်ရွှင်မှုကို ပျော်ရွှင်နေခိုက် အသိအမှတ်ပြု ခံစားတာပါပဲ။ အရွယ်ရောက်ပြီး တွေးတောတတ်သူတစ်ဦးဟာ ပျော်ရွှင်မှုကို ခံစားနိုင်ဖို့ အခွင့်အလမ်း ပိုနည်းလာတတ်သလို အတွေးနေရာချပုံ တည့်သွားရင်တော့ ပိုများလာတာလည်း ဖြစ်နိုင်ပါတယ်။ “ပျော်နေရဲ့လား”လို့ အခုနေ တစ်ယောက်ယောက်က မေးလိုက်ရင် “ပျော်နေတယ်” လို့ တမဟုတ်ချင်း ဖြေလိုက်တဲ့အခါ ခေါင်းထဲက ဖျတ်ခနဲ အသိဉာဏ်မှာ သက်ရှိထင်ရှား ရှိနေသေးတဲ့ တန်ဖိုးထားရတဲ့ မိဘတွေပါတယ်။ ချစ်ခင်မြတ်နိုးရတဲ့ ခင်ပွန်းနဲ့ သမီးလေးတွေ ပါတယ်။ မေတ္တာထားရတဲ့ မောင်နှမတွေပါတယ်။ ကိုယ်အပါအဝင်ကိုယ်ချစ်ခင်သူတွေရဲ့ ဒေါင်ဒေါင်မြည် မဟုတ်ပေမဲ့ ပူပင်စရာအနေအထားမရှိတဲ့ ကျန်းမာရေးတွေ ပါတယ်။ ပြီးပြည့်စုံ မနေပေမယ့် အကြီးအမား လိုအပ်ချက်ရှိမနေတဲ့ စီးပွားရေးပါတယ်။ စင်းလုံးချောမဟုတ်ပေမဲ့ ထင်ရှားဖုထစ်တဲ့ အတားအဆီးတွေ မရှိတဲ့ လူမှုဆက်ဆံရေးတွေပါတယ်။ အမှတ်တစ်ရာပြည့် မဟုတ်ပေမဲ့ တစ်ခုပြီးတစ်ခု ကျေနပ်စွာ ပြီးမြောက်ကျော်ဖြတ်သွားနိုင်ခဲ့တဲ့ အကြံအစည် အဆင့်ဆင့် တွေ ပါတယ်။ ပျော်ရွင်မှုကို ခံစားနိုင်ဖို့အတွက် ကုန်ဆုံးသွားတဲ့ အတိတ်ကနေ နိုးထရသလို မမြင်ရတဲ့ အနာဂတ်ကိုလည်း အလွန်မျှော်မောမနေတော့ဘူး။ ဖြစ်ချင်ပြီး ဖြစ်မလာတော့တဲ့ အရာတွေကိုလည်း စားမြုံ့ပြန်မနေတော့ဘူး။ မိမိအတွေးထဲ အရာရာပြည့်နှက်နေရင် ပျော်ရွှင်မှုဟာ ဝင်မလာနိုင်ဘူး။ ပျော်ရွှင်မှုကို လက်ဝယ်ကိုင်စွဲနိုင်ဖို့ တချို့အရာတွေကို တင်းတင်း ဆုတ်ကိုင်မထားပဲ ဖြေချလိုက်ရပါတယ်။ လွှတ်ချလိုက်ရပါတယ်။ အဲဒီအထဲမှာ ပတ်ဝန်းကျင် ဆိုတဲ့အရာလည်း အတိုင်းအတာတစ်ခုအထိ ပါလိမ့်မယ်။ ဘဝတစ်ကွေ့မှာ ပညာသင်ဆုနဲ့ မပူပင်ရပဲ ကျောင်းတက်နေစဉ် စိတ်လှုပ်ရှားမှုများနဲ့အတူ ပျော်ရွှင်မှုကိုရခဲ့တယ် ဆိုတာ အမြဲအမှတ်ရနေတယ်။ သင်ယူရတာ ဝါသနာပါသူမို့ ကျောင်းစာကပေးတဲ့ ဖိစီးမှုဆိုတာဟာ ပျော်ရွှင်မှုကို အနှောင့်အယှက် မဖြစ်စေခဲ့ဘူး။ အိုင်အိုဝါ စာပေခရီးစဉ်တလျှောက်လည်း ထိုနည်းတူပါပဲ။ ကိုယ်စိတ်ပါဝင်စားတဲ့ အရာဆီကို အနီးဆုံး အရောက်သွားနိုင်ရင်လည်း ပျော်ရွှင်ရတတ်ပါတယ်။ ချစ်စိတ်ဟာ ပျော်ရွှင်မှုအတွက် ကြီးစွာသော အထောက်အကူဖြစ်ပါတယ်။ လတ်တလော ပျော်ရွှင်မှုကို အခိုင်မာဆုံး ပံ့ပိုးပေးထားတာ ချစ်ရတဲ့ သမီးလေးနှစ်ယောက်ပေါ့။ ပျော်ရွှင်မှုကို ရယူနိုင်ဖို့ လက်တွေ့ကျဖို့လည်း လိုပါတယ်။ ပျော်ရွှင်ခဲ့တဲ့ အချိန်တွေကို ဆန်းစစ်ကြည့်ရင် စားဝတ်နေရေးမှာ ပူပင်သောက ကင်းချိန်တွေ ဖြစ်နေပါတယ်။ ကျန်းမာရေးဟာ ပျော်ရွှင်မှုရဲ့ အကြီးမားဆုံးရန်သူပါ။ အိုမင်းလာတဲ့အခါ တစ်နေ့တစ်နေ့ မိုးလင်းလာရင် နေကောင်းနေတာကိုပဲ ပျော်နေရတယ် လို့ပြောကြပါတယ်။  တကယ်တော့ ပျော်ရွှင်မှုဟာ မပျော်ရွှင်မှုလိုပဲ လူတွေနဲ့အတူ အချိန်တိုင်းမှာ အနီးကပ် ရှိနေနိုင်ပါတယ်။ အနည်းနဲ့အများပဲ ကွာခြားမှာပါ။ ပျော်ရွှင်မှု ဒီဂရီအများဆုံး ထင်ထင်ရှားရှား ရှိခဲ့ချိန်ကိုပဲ အဲဒီတုန်းကပျော်ခဲ့တယ်လို့ ပြောကြတာပဲ ဖြစ်မှာပါ။  ထင်မြင်ချက် နောက်တစ်ခုကို ပြောရရင်တော့ ပျော်ရွှင်မှုနဲ့ မပျော်ရွှင်မှုဟာ zero sum game (အဖြူမဟုတ်ရင် အမည်းဖြစ်ရမယ် ဆိုတာမျိုး) မဟုတ်ပါဘူး။ ပျော်ရွှင်မှုမရှိဘူးဆိုရင် မပျော်မရွှင်ဖြစ်နေရမယ် လို့ ကျိန်းသေပေါက် မဟုတ်သလို မပျော်မရွှင် ဖြစ်မနေဘူး ဆိုရင်လည်း ပျော်ရွှင်နေရမယ် လို့ တပ်အပ် မပြောနိုင်ပါဘူး။  ပျော်ရွှင်နေတာလည်းမဟုတ်၊ မပျော်မရွှင်ကြီးဖြစ်နေ (စိတ်ညစ်နေ)တာလည်း မဟုတ်တဲ့ အနေအထား လူတွေမှာရှိနိုင်ပါတယ်။။  အခက်ခဲဆုံးကတော့ သူတပါးရဲ့ပျော်ရွှင်မှုအပေါ်မှာ လိုက်ပါပျော်ရွှင်ဖို့ပါပဲ။ “သူတို့ပျော်ရင် လိုက်ပျော်မလား “လို့မေးရင် မိဘ ညီအစ်ကိုမောင်နှမ ခင်ပွန်း သားသမီး သူငယ်ချင်းမိတ်ဆွေ အပါအဝင် အမှန်တကယ် ချစ်ခင်သူတွေအတွက်ကို “ပျော်မှာပေါ့” လို့ချက်ချင်း ပြန်ပြောလိုက်နိုင်ပေမဲ့  “လူတိုင်း” “ဘယ်သူမဆို” လို့ဆိုရင်တော့ မလှပတဲ့ လူ့သဘာဝအခြမ်းက မျက်စပစ်ပြနေပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိမိ ပျော်ရွှင်နေခိုက်မှာတော့ ကိုယ့်ပျော်ရွှင်မှုကို အသိအမှတ်ပြုဖို့လိုသလို ဘာကိုမှ ထည့်တွက်မနေဘဲ ရဲရဲပြောချနိုင်ဖို့လည်း သင့်တယ်လို့ထင်ပါတယ်။ ပျော်ရွှင်မှုဒေါက်တိုင်လေးတွေ မထိမခိုက် မယိုင်မလဲပဲ ကျားကန်ထားနိုင်တဲ့ အခိုက်အတန့်ဟာ တစ်ချိန်လုံးတော့ ရှိမနေနိုင်ပါဘူး။ ဒါဟာ ဘယ်လောက်ရှည်ကြာမလဲ ဒီလိုနောက်တစ်ကြိမ် ဘယ်လို ကြုံဦးမလဲ ဆိုတာကို စဉ်းစားရင် မမြဲခြင်းတရားက အမြဲခြောက်လှန့်နေတတ်ပါတယ်။ ပျော်ရွှင်တယ်ပြောမိကာမှ ပျောက်ဆုံးသွားမှာဟာ ကြောက်လန့်စရာ ကောင်းသလို ပျော်ရွှင်တယ်လို့ ပြောနိုင်စဉ်က မပြောမိဘဲ နောက်ထပ် ပြောခွင့်မရတော့မှာကလည်း ပိုကြောက်စရာ ကောင်းလှပါတယ်။ ဒါတွေအားလုံးကတော့ သာမန်လူတစ်ဦးရဲ့ လောကီပျော်ရွှင်မှုတွေပါ။ လောကုတ္တရာ ပျော်ရွှင်မှုတွေတော့ ထည့်မပြောတတ်၊ မပြောနိုင်၊ မပြောချင်ပါဘူး။ သာမန် ပုထုဇဉ်ပျော်ရွှင်မှုလေးတွေ မပျော်နိုင်ဖြစ်သွားမှာလည်း စိုးပါတယ်။ ဒါကြောင့် အခုအချိန်မှာ ပျော်ရွှင်သလား မေးရင် ပျော်ရွှင်ပါတယ်။ ပျော်နေတယ်။ ပျော်တယ်။ အားလုံးလည်း ပျော်ရွှင်ကြပါစေ။
ပန်ဒိုရာ
၆.၉.၂၀၁၆

1 comment: