Wednesday, July 18, 2012
၂၀၁၂ အာဇာနည်နေ့
မနက်ဖြန် ဂျူလိုင်၁၉ အာဇာနည်နေ့အခန်းအနားကို MRTV, MRTV4 နဲ့ Skynet တို့က တိုက်ရိုက်ထုတ်လွှင့်မယ်လို့ပြောပါတယ်။ နှစ်အတော်များများမှာ မှေးမှိန်လုနီးပါးဖြစ်နေတဲ့ နေ့တစ်နေ့ကို ကျယ်ကျယ်ပြန့်ပြန့် ပြန်ကျင်းပလာကြတဲ့ အခြေအနေတစ်ခု တည်တံ့ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
မစုချစ်သူရဲ့ ဘလော့ဂ်မှာ တန်ဖိုးရှိတဲ့ မှတ်တမ်းတချို့ကို သွားဖတ်နိုင်ပါတယ်။
www.suuchitthu.blogspot.com/2012/07/blog-post.html
Saturday, July 7, 2012
7 July records
7 July နဲ့ပတ်သက်တဲ့ မှတ်တမ်းလေးတချို့ကို ပန်ဒိုရာရဲ့ ဘကြီးတစ်ယောက်ဆီကနေ ရခဲ့တာ အတော်ကြာခဲ့ပါပြီ။ ဓာတ်ပုံတွေကို size ချုံ့ရမှာ မလုပ်ဖြစ်တာနဲ့ မတင်ဖြစ်တာ မနက်ဖြန် 7 July ရောက်တော့မယ်ဆိုမှ သတိရပြီး ပုံတချို့ကိုတင်လိုက်ပါတယ်။ အဆင်ပြေတဲ့အခါ နောက်ထပ် ဆက်တင်ပေးပါမယ်။
Thursday, July 5, 2012
ချဉ်ချဉ်ပြုံးပြုံး စပျစ်သီး(အမ)တစ်လုံး၏ မှတ်ချက်
ချဉ်ချဉ်ပြုံးပြုံး စပျစ်သီး(အမ)တစ်လုံး၏ မှတ်ချက်
ကျွန်မရဲ့
ငြင်းဆိုမှုတွေအားလုံး အခြေအမြစ်မပါ
ပညာမဲ့ဆန်ဆန်
ခပ်တုံးတုံးဦးနှောက်နဲ့ အရည်မရအဖတ်မရ
နှုတ်သီးကောင်းလျှာပါးသက်သက်
ကြံရာမရ ဇာချဲ့
ကျွန်မရဲ့
အောင်မြင်မှု(လို့မှတ်ယူရတာ) တွေ တခါတလေ
ထွန်းထွန်းပေါက်ပေါက်
ထိရောက်(သလိုဖြစ်) သွားတာတွေ
ကျွန်မကို
အသိအမှတ်ပြု(တယ်ထင်မိ) တဲ့ ဆုတံဆိပ်တွေ
အဲဒါ တိုက်ဆိုင်မှုတွေချည်း
ကြက်ကန်းဆန်အိုးတိုး ဆိုသလို
ဒါမှမဟုတ်
သုံးသပ်သူတွေက သူ့အတွေးနဲ့သူ တဖက်သတ် အထင်ကြီးလိုက်သလို
တချိန်က ရှင်လည်း
ထင်ယောင်ထင်မှား ဖြစ်ကောင်းဖြစ်ခဲ့မှာ
အခုတော့ ရှင့်နောင်တတွေကို
ကျွန်မရဲ့ အစုတ်ထုပ် အမှိုက်အိုးကြီးထဲ
အခုလို ထိုးချလိုက်တော့
ရှင်လည်း သက်တောင့်သက်သာ ဖြေသိမ့်စရာရသွားမှာပေါ့
ကျွန်မဟာ
ခံစားမှုသက်သက်နဲ့ ဘလိုင်းကြီး တောတိုးခဲ့ ထူထဲတဲ့ဆင်
စိတ်လိုက်မာန်ပါမှု
တစ်ခုတည်းနဲ့ တည်ဆောက်ထားတဲ့ အနှစ်မဲ့ဗလာ
တစ်ကိုယ်ကောင်းဆန်
အတ္တကြီး မျက်မွှေးတစ်ဆုံးသာ ကြည့်တတ်သူ
ကတိသစ္စာမဲ့
အလိမ်အညာမာယာတွေ အဆိပ်အပြည့်နဲ့ မဲမှောင်နေတဲ့ ငရဲတွင်း
ကျွန်မဟာ
စာနာမှုဆိုတာကိုမသိ ပတ်ဝန်းကျင်ဆိုတာကို ဂရုမစိုက်
နိုင်ငံရေး
စီးပွားရေး လူ့အဖွဲ့အစည်းရဲ့အရေး ပြည်တွင်းပြည်ပ ဗဟုသုတ နုံနဲ့သူ
အနာဂတ်ဆိုတာဝေလာဝေး
ခပ်ချာချာ အတွေးတိမ်တိမ်နဲ့
မူးမူးမိုက်မိုက်
အရွဲ့တိုက်ရတာကိုပဲ ရိုင်းရိုင်းပျပျ အရသာရှိလှ ထင်နေသူ
အရာရာကို
ပုဂ္ဂလိကဆန်ဆန် ခေါင်းမာမာ လိုရာဆွဲလို့ အမြင်ကျဉ်းကျဉ်း မှတ်ယူ
ကျွန်မပြောတာတွေကိုလည်း
ကျွန်မဘာသာတောင်မှ အသေအချာမသိ
ဝေဝေဝါးဝါး
တတ်ယောင်ကားနဲ့အဟုတ်ကြီးထင် မျှော်လင့်စရာ ဘာတစ်ခုမှမရှိ
တကယ်လို့
ကျွန်မဥာဏ်ရည်မမီတဲ့ ဘုတ်အုပ်ထူထူတွေကို
စိတ်ကောင်းဗလပွထားပြီး
ကျွန်မလက်ထဲ ဇွတ်ထည့်ပေးခဲ့လည်း
မီးမြိုက်ထင်းဆိုက်ဖို့လောက်ပဲ
အသုံးဝင်မယ်လို့ ကျွန်မက ခပ်ပြိန်းပြိန်းတွေးမိဦးမှာ
ကျွန်မဟာ
သင်ခန်းစာမယူတတ် စေတနာတွေ အထပ်ထပ်စော်ကား လူရမ်းကား
သဘောထားသေးသိမ်
ထိလွယ်ရှလွယ်နဲ့ ဝါးလုံးခေါင်းထဲမှာ ထိန်သာနေတဲ့ လခြမ်းပဲ့
ရှင်ကတော့
အလွတ်လပ်ဆုံးလူသား ရှင်ဟာ ကိစ္စပြီးမြောက်နေသူ
ရှင်ဟာအမှန်တရား
ရှင်ကတရားမျှတသူ ရှင်သာလူတော်လူတတ် မြင့်မြတ်တဲ့လူယဉ်ကျေး
တုနှိုင်းဖွယ်မမြင်
အဖိုးမဖြတ်နိုင် ထိုက်တန်သူမရှိ ကမ္ဘာမြေရဲ့ အံ့ချီးဖွယ်
ဒီတော့လည်း
ကျွန်မရဲ့ ပေါ့တန်တန် စရိုက်တွေကို စိတ်ပျက်လိုက် ခေါင်းခါလည်ခါလိုက်
အံ့သြတကြီး
ကဲ့ရဲ့ရှုတ်ချ အပြစ်တင် အဆုံးစွန်ထိ ငြိုငြင်ပစ်လိုက်ဦးပေါ့။
ပန်ဒိုရာ
၃.၇.၂ဝ၁၂
dedicated to KSL :)
dedicated to KSL :)
Tuesday, July 3, 2012
ရေနွေးငွေ့ခန်းထဲမှာ
ရေနွေးငွေ့ခန်းထဲမှာ
မျက်မှန် (တပ်ထားလျှင်)- ချွတ်
ဆွဲကြိုး/နာရီ/လက်စွပ် (ဝတ်ဆင်ထားလျှင်)- ချွတ်
အခြားသတ္ထုပစ္စည်းများ (ဝတ်ဆင်ထားလျှင်) - ချွတ်
အပေါ်အင်္ကျီ/အင်္ကျီ (ဝတ်ဆင်ထားခဲ့ဟုယူဆ)- ချွတ်
လုံချည်/ဘောင်းဘီ/စကပ် (ဝတ်ဆင်ထားခဲ့ဟုယူဆ)- ချွတ်
အတွင်းခံအင်္ကျီ (ဝတ်ဆင်ထားလျှင်)- ချွတ်
အတွင်းခံဘောင်းဘီ (ဝတ်ဆင်ထားလျှင်)- ချွတ်
ဤသို့ဖြင့်
အခန်းထဲမဝင်ခင်
ရေ အရင်ချိုးသင့်
အိပ်စက်ခြင်း
နှိပ်နယ်ခြင်း
လက်သည်းနီ ခြေသည်းနီ ဆိုးခြင်း
ဆေးလိပ်သောက်ခြင်း
အပေါ့အလေးစွန့်ခြင်း
များ
အခန်းတွင်းတွင်
မပြုလုပ်သင့်
အပူချိန်ဒီဂရီ ကိုးဆယ်ထက်
မကျော်သင့်
အသက်ရှူကျပ်လာလျှင်
ရပ်လိုက်သင့်
ဤသို့ဖြင့်
အခိုးအငွေ့များ
ကွေ့ကာ ဝိုက်ကာ
ရှိုက်ကာ ဖိုကာ
အရေပြားအောက်
အဆီပြင်များ
တိုက်စား
ပါးသထက်ပါးလွှာ
ပျော်ကျ
ကိုယ်ရည်ကိုယ်ငွေ့များ
တပေါက်ပေါက် တပေါက်ပေါက်
ပေါက်ပေါက်
ကျ
ဤသို့ဖြင့်
အေးခဲမှုတွေ - ချွတ်
တောင့်တင်းမှုတွေ - ချွတ်
ညောင်းညာခြင်းတွေ - ချွတ်
ကြေးညှော်တွေ - ချွတ်
အနံ့အသက်တွေ - ချွတ်
အပိုအလျှံတွေ - ချွတ်
အစွန်းအထင်းတွေ - ချွတ်
စိတ် ကိုပါ - ချွတ်
ပန်ဒိုရာ
၂ဝ.၁-၃.၇.၂ဝ၁၂
Monday, July 2, 2012
ငါ့ပူစီကို ဘယ်မှာထားသွားသလဲ - ပြော
ငါ့ပူစီကို ဘယ်မှာထားသွားသလဲ - ပြော
(pussy riot သို့)
မျက်လုံးလေးကြောင်ကြောင်ထိုးထွက်ပြူးတူး
ပါးနှစ်ခြမ်းမှာဖြာကျနေတဲ့နှုတ်ခမ်းမွှေးစစနဲ့
ညင်ညင်သာသာပွတ်သတ်ချွဲနွဲ့တတ်သူ
အစာဝတဲ့အခါ အပုံလိုက်ကလေးငြိမ်သက်ခွေအိပ်သူ
ငါ့ပူစီကို တစ်ယောက်ယောက်က စားသွားပြီလား
တစ်ယောက်ယောက် ကစား သွားပြီလား
ပူစီ - လေနုအေးလေး တနွဲ့နွဲ့နော့နေဆဲလေ
ပူစီ - မိုးရေတွေ တောက်-တောက်-တောက် နှင်းဖတ်တွေ
ပေါက်-ပေါက်-ပေါက်
ပူစီ - အခုလောက်ဆို စိုစွတ်ချမ်းတုန်နေရှာရော့မယ်
ပူစီ - မင်းသိပ်ကြိုက်တဲ့ နို့ဖြူဖြူတွေကို
မက်မက်မောမော လျှာနဲ့လျက်ခဲ့
ပူစီ - ဘဂ္ဂဒက်ရှေ့တန်းစစ်မျက်နှာတုန်းက ဘတပြန်ကျားတပြန်
အနိုင်မခံ
ပူစီ - ဆီးရီးယားအရေးအခင်းမှာ တက်ကြွတော်လှန်သူတစ်ဦးအဖြစ်
ပူစီ - အာရပ်ကမ္ဘာမှာ ပုဝါပါးလေး အလွှားခံထားရသော
ပူစီ - ဒီနှစ်နွေဦးကို ဘယ်လိုတက်ခွစီးနင်းရမှာလဲ
ပူစီ - စကားပြောရင် နိုင်ငံရေးတွေ မပါကြေးကွာ
စီတီဇင်ဂျာနယ်လစ်တစ်ဦး နောက်ဆုံးချန်ခဲ့သော
အော့ဖ်လိုင်း မက်ဆေ့ခ်ျ :
မျက်မြင်တွေ့ရှိသူများ၏ စကားအရ ပူစီသည် ညိုးညိုးညင်ညင်
မြည်တမ်းလျက် အနီနုရောင် ဘူးသီးပုပ်တစ်လုံးကို ပွေ့ပိုက်ကာ လိုင်းစိတ်လိုင်းကျဲများကို
ပါးဖြဲနားဖြဲ ဝါးမျိုခဲ့ပြီးနောက် “အာဂ” ဟုအမည်ရသော ငှက်တစ်ကောင်၏ ပင်လယ်ဓားပြကော်ပီ
အတောင်ပံ ကို လက်မ အတောင့်ပေါက် မှတဆင့် တပ်ဆင်ရန် ကြိုးစားသော်လည်း နားရွက်တစ်ဖက်သာ
တလှုပ်လှုပ် ကျန်ရစ်ခဲ့ကြောင်း
ကလေကဝတွေနဲ့
အလေမထနဲ့ ပူစီ။
ပန်ဒိုရာ
၁၈-၂ဝ.၃.၂၀၁၂
Tuesday, June 19, 2012
19 June 2012
ဘုရားတစ်ဆူလို ပြီးပြည့်စုံဖို့တော့ မမျှော်လင့်ကောင်းဘူး။ ဒါပေမယ့် လွတ်လပ်ခြင်းရဲ့ အလင်းရောင်ကို သယ်လာပေးသူ။ ကြံ့ကြံ့ခိုင်တဲ့ စိတ်ဓာတ်နဲ့ ဥာဏ်ပညာကြီးမား ရဲဝံ့ထက်မြက်တဲ့သူ။ မြန်မာနိုင်ငံသာမက ကမ္ဘာက လေးစားချီးကျူးရတဲ့ အတွေးအခေါ်ပညာရှင်။ တတ်စွမ်းသမျှ လက်ရာလေးနဲ့ မွေးနေ့မှာ ဂုဏ်ပြုဦးညွတ်ပါတယ်။
Tuesday, May 29, 2012
တန်းတူအခွင့်အရေး
တချို့အကြောင်းအရာတွေက ကာတွန်းနဲ့ပြောမှရတယ်။ မည်သူမဆို ပိုလှအောင် ပြန်ဆွဲပြီး သုံးစွဲနိုင်ပါသည်။
Monday, May 14, 2012
ကျွန်ုပ်တို့၏ ဇီးသီးများ (စိနတိုင်းတွင် တပ်ဆင်သည်)
ကျွန်ုပ်တို့၏ ဇီးသီးများ (စိနတိုင်းတွင် တပ်ဆင်သည်)
တစ်လုံးကို အခွံမနွှာပဲ ကိုက်စား (ပကတိအတိုင်း)
တစ်လုံးကို ခွဲခြမ်းစိတ်ဖြာပြီး ပန်းကန်ထဲထည့်ထား (ပန်းကန်ပြားထဲက အမှန်တရား)
တစ်လုံးဟာ ရေခဲသေတ္တာထဲမှာ အေးစက်တိတ်ဆိတ် (သိုလှောင်ခံထားရ)
တစ်လုံးကို မနေ့တနေ့က တစ်စစီခြေမွှ (ဖျော်သောက်ခံရ)
တစ်လုံးကို အချဉ်ထည့်ပြီး ဝိုင်ဖောက်ခဲ့ (အချိန်၏တန်ဖိုးကို တွက်ချက်နေဆဲ)
တစ်လုံးက ပုပ်ယိသွား (အနေအထား ချွတ်ချော်မှားယွင်းသူ)
ဒီတစ်လုံးကတော့ တတိယကမ္ဘာမှာ (ဆက်သွယ်မှုကို စောင့်နေရှာ)
Loading …..
Loading …..
လက်ဖျောက်တစ်ချက်တီးလျှင် ဗားရှင်းသစ်တစ်ခု ပေါ်ထွက်စေအံ့
လူ့သမိုင်းအား စတင်ခဲ့သူ မြွေတစ်ကောင်၏ ဇီးသီးငဲ့
(မြွေသမိုင်းကိုရော ဘာသီးနဲ့စခဲ့ပါ့)
မင်းဟာ ငါ့မျက်လုံးရဲ့ ဇီးသီးပါ
ငါ့ဇလုတ်ထဲက ဇီးသီးကို အန်ထုတ်ပေးကြပါ
ငါ့ဇီးသီးလှည်းကို ခလောက်မဆန်ကြနဲ့
မှောက်ကျသွားတဲ့ ဇီးသီးကို သန့်စင်ဆေးကြောရင်း အိုင်ထဲချော်ကျ
(နောက်တစ်အိုင်တွေ့တော့ ထပ်ဆေးရ)
လူ့ကျောက်ကပ်ကို ဇီးသီးနှင့် အစားထိုးခြင်း
ဇီးသီးနှင့် အပျိုစင်ဘဝ လဲလှယ်ခြင်း
အို ဘဲ့… မရှိမဖြစ် ဇီးသီးမိုးကြီး ကောင်းချီးသွန်းလိုက်ပါ
မျှော်တုန်းမျှော်ဆဲ သူလည်းကြွေကျလာ (သင့်ငယ်ထိပ်ပေါ်တည့်တည့်)
ဇီးသီးမှည့်တဝင်းဝင်း ဇီးသီးကင်းတဖြုတ်ဖြုတ်
ဆီလီကွန်တောင်ကြားမှာ မျိုးသုဉ်းသွားရှာတဲ့ သနားစရာဇီးသီး
အရှေ့အရပ်ကို ၇၂ ရာခိုင်နှုန်းနဲ့ ချီတက်သွားလေပြီ
အလို.. စွေးစွေးနီနောက်ခံမှာ ဇီးသီးဖြူတစ်လုံး ပွင့်လန်းနေသော အလံတော်။
ပန်ဒိုရာ
၂၈.၄-၁၄.၅.၂ဝ၁၂
ဇီးသီး = ဆီးသီး (မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းအရ)
Tuesday, May 8, 2012
ဒီဂရီ လေးဆယ့်ငါး
ဒီဂရီ လေးဆယ့်ငါး
လာတယ် ပျက်တယ် ပြန်လာတယ် ပြတ်တယ် ဖြတ်တယ်
ပုရွက်ဆိတ်တွေ တရွရွအုံဖွဲ့ အိမ်ပေါ်တွားတက်လာတယ်
………………………………………………………. မတ်
………………………………………………………..ဧပရယ်
………………………………………………………..မေ
………………………………………………………..အို.. ချစ်သောနွေ
အနီနဲ့အဝါ ဇောက်ထိုးပြောင်းပြန် လိမ်းကျံထားတဲ့ စိန်ပန်းတွေ ငုတွေ
သဘာဝကို မျက်မှန်မည်းမည်းကြီး တပ်ကြည့်မှ ခုသာခံသာတယ်
မိုးဦးစောမှာလား မိုးနှောင်းကောင်းမှာလား အမှုန်အမွှားလေထုနဲ့
ဒီမိုးတွေ (ဒီ-မိုးတွေ)လည်း ရွာမယောင် ဟိုတောင်ကမည်းတယ်
ဝေဖန်ရှုတ်ချသံများနဲ့ ရိုးရာကာလချာ ဒူးနေရာဒူး ပေါင်နေရာပေါင် ခါးနေရာခါး
အတိုအပြတ်ခပ်ပါးပါးဝတ်ပြီး အေးရာအေးကြောင်း တဖျတ်ဖျတ် ယပ်ခပ်တယ်
တံလျှပ်တွေ ဖလန်းဖလန်း လမ်းမပေါ် တလွှားလွှားမင်းမူတယ်
ရေခဲရေအေးအေး သောက်ချင်ရင် ဒီကိုလာ (ဘယ်ကိုလာရမလဲ)
လေအေးစက်ကင်းမဲ့ဇုန်ပါ ဖန်လုံဓာတ်ငွေ့ကို လက်ဖဝါးနဲ့ပိတ်တားမယ်
ဥသြ ဥသြ - ဥသြမှ ကျီးကန်း ကျီးကန်းမှ ဥသြ အသံဘယ်လောက်ကြားသလဲ
ရိုးတံကျဲကျဲ ပင်အိုတို့အလှချင်းပြိုင် ဘယ်သူနိုင်သွားသလဲ
သတိထား အပူရှိန်ကြောင့် လူစိမ်းတစ်ယောက် ဘာဖြစ်သွားခဲ့လဲ (ဆိုတာ သူ့ကိုယ်သူမသိလိုက်ဘူးတဲ့)
လေဖိအားနည်းရပ်ဝန်းက လက်ဝဲလက်ယာရစ်ရင်း လမ်းခုလတ်မှာ သောင်တင်နေတယ်
ညောင်ညိုရိပ်အေးအေး ကြောင်ပိန်ကလေးတစ်ကောင် ကွန်ပျူတာရိုက်နေတယ်
လှမ်းထားတဲ့ဗန်းထဲ ချွေးတွေတရွှဲရွှဲ သက်ကြီးရွယ်အို ပျိုမေတသင်း ထွေခင်းကြတယ်
အရိုးစွဲနေတဲ့ ကြောက်စိတ် နှံကောင်တစ်ကောင်ဟာ မိုးရာသီအတွက် သိုသိပ်ထားလိုက်တယ်
မီးစက်နှိုးရင်း ဓာတ်ငွေ့သိုက်ကို တူးဖော်ရင်း ကြက်မနဲ့ကြက်ဥကိုလဲလှယ်ရင်း
စိုစွတ်တဲ့နှုတ်ခမ်းဖျားနဲ့ ခြောက်သွေ့တဲ့အာခေါင် ကန္တာရဝမ်းဗိုက်များ
~~အိပ်၍မပျော်သော ညတစ်ည သံသရာလည်~~
ကယောင်ကတမ်းနွေဟာ အားလုံးကို သင်ပုန်းချေလိုက်တယ်
ပျိုးပင်ပေါက်များကို ဘယ်လက်ဖြင့် တစ်ဆုပ်ကြဲရင်း (ငါသည်လည်း)
သက်တမ်းရင့်သစ်တော ဧကတစ်ရာကို ညာလက်ဖြင့် ခုတ်ထွင်လေသတတ်။
ပန်ဒိုရာ
၂၇-.၄-၈.၅.၂ဝ၁၂
Wednesday, May 2, 2012
happy bd to me
နာဂစ်နှစ်ပတ်လည်နေ့ ပန်ဒိုရာမွေးနေ့ ( ဒေးဗစ်ဘက်ခန်းမွေးနေ့လည်း ဟုတ်တယ်) အခုတော့လည်း NLD ပထမဆုံး လွှတ်တော်တက်တဲ့နေ့ပေါ့။ ထူးထူးခြားခြား ဘာမှ အမှတ်တရ မလုပ်ဖြစ်ပါ။ မေဒေးပိတ်ရက်တုန်းက acrylic နဲ့ paper ပေါ်မှာ ပထမဆုံး စမ်းဆွဲကြည့်မိတဲ့ ပုံလေးနဲ့ ဧည့်ခံလိုက်ပါတယ်။ beach rocks. ပုံကတော့ မပြီးသေးသလိုလိုပဲ။ လက်မှတ်တောင် မထိုးရသေးဘူး။ ဒစ်ဂျစ်တယ်လက်မှတ်ပဲ လောလောဆယ် ထည့်လိုက်တယ်။ :)
Subscribe to:
Posts (Atom)














