လှိုင်းမရိုက်ခင်မှာ
ခဏတာဖြစ်ဖြစ်
နှစ်သက်ပါရစေ
မြေပြင်ပေါ်မှာ ပွင့်တဲ့ ကြယ်။
တကယ့်ကို ဘာဆို ဘာရယ်မှ မဟုတ်ပါဘူး။ ပေါ့ပေါ့ပါးပါးလေး။ စကားလုံးအဆန်းလည်း ဘာမှမပါ။ အတတ်ပညာမပါတဲ့ စာလေး။ ကဗျာလို့ခေါ်လို့ရသလားတောင် မပြောတတ်ဘူး။ အင်း ၇ နှစ် ၈ နှစ်အရွယ် ကောင်လေးတစ်ယောက်ကို မြင်ယောင် ဖတ်ကြည့်ရင်တော့ ပိုကောင်းမယ် ထင်တယ်။ ရေးခဲ့တာ အောက်တိုဘာလောက် ကတည်းက။ နိုဝင်ဘာမှာ အချောနည်းနည်း ထပ်ပြင်ခဲ့။
ပျိုးပင်ပေါက်ကလေး
ကျွန်တော်ရယ် စုတ်ဖွားလေးရယ်
သာယာတဲ့နံနက်ခင်းမှာ အပျင်းဆန့်ထွက်ကြ
စုတ်ဖွားလေး စူးစူးဝါးဝါး ဟောင်တဲ့
လမ်းဘေးက ထိုးထိုးထောင်ထောင် ပျိုးပင်ပေါက်ကလေးကို
ဆွဲနှုတ်ယူလာခဲ့တယ်
ခြံရှေ့ လေ၀င်လေထွက်ကောင်းတဲ့နေရာမှာ
ပျိုးပင်လေးကို ကျွန်တော်စိုက်တော့
စုတ်ဖွားလေးက အမြီးတနှံ့နှံ့နဲ့ အနားမှာရစ်သီရစ်သီ
ဒီအပင်လေးဟာ ဘာပင်လေးလဲ ကျွန်တော်မသိပါဘူး
သရက်ပင်လေးသာဆိုရင်
သရက်သီးပေါက်စလေးတွေကြွေချိန်
စုတ်ဖွားလေးနဲ့ကျွန်တော် ပစ်ပေါက်ကစားလို့ရတယ်
သရက်သီးမှည့်ရင်တော့
စုတ်ဖွားလေးကိုလည်း စားကြည့်ခိုင်းရမယ်
ညောင်ပင်ဝိုင်းဝိုင်းလေးလည်း ဖြစ်ချင်ဖြစ်မယ်နော်
ဒါဆိုရင်တော့ နေ့လည်နေ့ခင်းတွေဆို
အရိပ်အောက်မှာ စုတ်ဖွားလေးနဲ့အတူတူ ခွေအိပ်ကြတာပေါ့
ကွပ်ပျစ်ကလေးတောင် ရိုက်လို့ရတယ်
စုတ်ဖွားလေးပါ ကွပ်ပျစ်ပေါ်လာအိပ်ရင်တော့
ကျွန်တော် ဖယ်ပေးရမှာပဲ
ကုက္ကိုပင်လေးများ ဖြစ်နေမလား
ကုက္ကိုသီးရှည်မျောမျောတွေ ကြွေကျချိန်ရောက်တော့
စုတ်ဖွားလေးက လူးလိမ့်ဆော့ရင်
အစေးတွေက အမွေးဖြူဖြူလေးကို ညစ်ပတ်ကုန်တော့မှာ
ခရေပင်လေးဆိုရင်တော့
ကျွန်တော်က စောစောထပြီး ခရေပန်းကောက်တိုင်း
စုတ်ဖွားလေးက မြေကြီးတွေဖွ လာရှုပ်တော့မှာပဲထင်တယ်
ပျိုးပင်ပေါက်ကလေး
စိုက်ထားခဲ့တယ်
အဲဒီညက
စုတ်ဖွားလေးလည်း ပျော်လို့ထင်တယ်
တအီအီနဲ့ ညည်းပြီး လာချွဲ နေလို့
မနည်းချော့သိပ်ရတယ်
နောက်နေ့ အိပ်ရာထနောက်ကျတယ်
မျက်နှာသစ်ပြီးပြီးချင်း ခြံထဲဆင်းတာပေါ့
ကြည့်လိုက်တော့ ပျိုးပင်ပေါက်ကလေး မရှိတော့ဘူး
အားလုံး ကစဥ့်ကလျားနဲ့
မြေပုံအသစ် ပွပွကလေး တစ်ခုပဲကျန်တယ်
အသာလေး တူးကြည့်လိုက်တော့ အမဲရိုးလေးတစ်ချောင်း။
ပန်ဒိုရာ
၆ နိုဝင်ဘာ ၂၀၀၇
ဒီနေ့တော့ ပန်ဒိုရာတစ်ယောက် ရုံးဆင်းချိန်မှာ ကင်မရာတစ်လုံးနဲ့ အော့ချာ့ဒ် လမ်းမပေါ် ခြေဆန့်မိပါတယ်။
ကြိုဆိုပုံလေး မလှဘူးလား။ လာလှည့်ပါ ရွှေဧည့်သည်ပေါ့လေ။
လမ်းမမှာ ထွန်းထားတဲ့ မီးရောင်စုံတွေ။ ကုန်တိုက်တွေမှာ သူ့ထက်ငါ အပြိုင်လှပအောင် ဆင်ယင်ထားကြတာတွေ။
လမ်းလျှောက်ရင်း ဗိုက်ဆာလာတယ်။ ခဏနားမယ်။ ကိုရီးယားစာတဲ့။ Hot Plate Sotong (squid). ကြည့်လို့ လှတယ်နော်။ စားလို့ သိပ်မကောင်းဘူး။ အရသာက တခုခုလိုနေသလိုပဲ။ စလုံး ခြောက်ဒေါ်လာခွဲ။ နည်းနည်းများသွားလား။ တခါတလေပါ။
ဆက်လျှောက်မယ်။ ဆက်ကြည့်မယ်။
ဘာရယ်မဟုတ်ဘူး။ ခြင်္သေ့ကလည်း ပါးစပ်ဟတယ်။ ကောင်မလေးကလည်း ပါးစပ်ဟတယ်။ ရှုမြင် ခံစားရပုံခြင်းတော့ မတူဘူးမဟုတ်လား။
ပြန်တော့မယ်။
အင်း Singapore Icon တစ်ခု လို့ ပြောကြတဲ့ တေးသီဆို ဖျော်ဖြေသူပေါ့။ သူ့ကို လူတိုင်းသိကြတယ်။ သူကတော့ လူတိုင်းကို ကြားနေတယ်တဲ့။ လူတန်းကြီးက သူ့ဘေးမှာ စုန်ချည်ဆန်ချည် စီးဆင်းလို့။ သူကတော့ သူ့အလုပ် သူလုပ်နေတာပါပဲလေ။
Reading makes a full man; conference a ready man; and writing an exact man လို့ Francis Bacon ကပြောခဲ့တယ်တဲ့။ ပြည့်လား မပြည့်လားတော့ မသိ။ စာဖတ်ရတာကို သဘောကျတယ်။ ကျောင်းမနေခင် အရွယ်ကတည်းက စပြီး မြန်မာစာ ပထမဆုံး သင်ပေးတာကတော့ မေမေပါ။ မြန်မာစာ ဖတ်တတ်တဲ့ အရွယ်ကစလို့ စာလုံးမြင်ရင် လိုက်ဖတ်တာပဲ လို့ မေမေက ပြန်ပြောပါတယ်။ ၀တ္တုစာအုပ် တစ်အုပ် အစအဆုံး စဖတ်တာ ၂ တန်းအရွယ်ပါ။ တရုပ်သိုင်း ဘာသာပြန် စာအုပ်တစ်အုပ်ဆိုရင် ရယ်ကြမလားပဲ။
မြန်မာစာပေမှာရော ကမ္ဘာ့ စာပေမှာရော လူတိုင်း အသိအမှတ်ပြုတဲ့ စာအုပ်ကောင်းတွေ အများကြီးပါ။ ကိုယ်မဖတ်ဖူးတာတွေက ဖတ်ဖူးတာနဲ့စာရင် မနှိုင်းယှဉ်သာအောင် များလှပါသေးတယ်။ ဒီစာကိုရေးဖို့ တက်ဂ်ထားသူ ညိမ်းညိုနဲ့ နှစ်သက်တဲ့ စာအုပ် အတော်များများ တိုက်ဆိုင်ပါတယ်။ စာရေးဆရာ မင်းကျော်ရဲ့ဝတ္တုတွေထဲမှာ ငါတို့ခေတ်နှင့်အပြိုင် အပြင် လှိုင်တို့ တစ္ဆေ တို့ကိုလည်း ကြိုက်ပါတယ်။ ဆရာရန်ကုန်ဘဆွေရဲ့ ရွှေဝါပြည် (ပိတ်ထားသောစာအုပ်လို့ ဆိုကြတယ်) ရဲ့ သရော်စာ အရေးအသားကို သဘောကျသလို မင်းလိုလူစားအများကြီးဟေ့ ဆိုတဲ့ စာအုပ်က အတွေးအခေါ် အချို့ကိုလည်း သဘောကျခဲ့ဖူးတယ်။ ဆရာမ ဂျုးကိုတော့ နာမည်ကြီးမလာခင် အချိန်က ရှုမ၀မှာပါတဲ့ ၀တ္တုတိုလေးတွေကနေ စပြီး အရေးအသားပုံစံကို နှစ်သက်မိတာပါ။ သူ့ဝတ္တုတွေပါတဲ့ မဂ္ဂဇင်းဆိုရင် သိမ်းထားမိတယ်။ နောက်တော့ ကိုယ်နှစ်သက်တဲ့ စာရေးဆရာမက နာမည်ကြီးလာတော့ ၀မ်းသာရပါတယ်။ တခြားနှစ်သက်မိသော စာရေးဆရာများ စာရင်းကို အရှည်မရေးလိုတော့ပါ။ အခုတော့ ဘလော့ဂ်ထဲက သဘောကျမိတဲ့ ဆရာဆရာမ တချို့ပါ တိုးလာတော့ စာရင်းက ပိုရှည်သွားပြီ။
ညိမ်းညိုက ဘ၀အပေါ် သက်ရောက်မှုအရှိဆုံး စာအုပ်တစ်အုပ် အကြောင်းရေးပါလို့ ဆိုတယ်။ သက်ရောက်မှု ရှိသော စာအုပ် အများအပြားထဲက တစ်အုပ်အကြောင်းပဲ ပြောပါမယ်။
ဘ၀မှာ အရေးပါတဲ့ အတွေးအခေါ် ယုံကြည်မှု ဆိုတဲ့ အရာတွေဟာ လူတစ်ယောက်အဖို့ တသမတ်ထဲ ရှိချင်မှရှိမယ်။ ပြောင်းလဲတတ်တဲ့ အရာတွေပါ။ တခါတလေကျတော့ အတွေးအခေါ်တစ်ခု ပြောင်းဖို့ နှစ်နဲ့ချီ ကြာတတ်တယ်။ တခါတလေကျတော့ စာတစ်အုပ်ဖတ်ပြီး ဆာတိုရီရသလို ရုတ်ချည်း ပြောင်းလဲ သွားတာမျိုးလည်း ဖြစ်တတ်တယ်။ စာတစ်အုပ်ရဲ့ သက်ရောက်မှု ကြောင့် ဖြစ်ပေါ်သွားတဲ့ အတွေးအခေါ်တစ်ရပ်ကို နောက်စာတစ်အုပ် ဖတ်မိတော့မှ ပြန်ဖြည်လိုက်တာမျိုးလည်း ဖြစ်နိုင်တယ်။ ဒီစာတစ်အုပ်ထဲကိုပဲ တချိန်က ဖတ်မိတော့ တမျိုးခံစားပြီး နောင်တချိန်မှာ ပြန်ဖတ်တော့မှ တမျိုးမြင်သွားတာလည်း ဖြစ်နိုင်တယ်။ စာဖတ်ခြင်းက ဘ၀ကို သင်ပေးတယ်။ ဘ၀က စာဖတ်ခြင်းကို သင်ပေးတယ်။
It was the best of times, it was the worst of times,
it was the age of wisdom, it was the age of foolishness,
it was the epoch of belief, it was the epoch of incredulity,
it was the season of Light, it was the season of Darkness,
it was the spring of hope, it was the winter of despair,
we had everything before us, we had nothing before us,
we were all going direct to Heaven, we were all going direct
the other way--in short, the period was so far like the present
period, that some of its noisiest authorities insisted on its
being received, for good or for evil, in the superlative degree
of comparison only.
အခုလို ပြောင်မြောက်လှပတဲ့ စာသားတွေနဲ့အစပြုလာတဲ့ စိတ်ဝင်စားစရာ ၀တ္တုတစ်ပုဒ်ကတော့ Charles Dickens ရဲ့ A Tale of Two Cities ဖြစ်ပါတယ်။ ဒီစာအုပ်ကို ဆရာကြီး ဒဂုန်ရွှေမျှားက မြို့တော်ညီနောင် ဆိုတဲ့ အမည်နဲ့ မြန်မာပြန်ထားခဲ့ပါတယ်။ အဲဒီ ဘာသာပြန် စာအုပ်ကို ဖတ်ချိန်မှာ ပန်ဒိုရာဟာ ဆယ်ကျော်သက် စွန်းစွန်းပဲ ရှိပါသေးတယ်။ အင်္ဂလိပ်လိုကတော့ နောက်ပိုင်းမှာမှ ဖတ်ခဲ့တာပါ။
လူလူချင်း မတရား ဖိနှိပ်မှုတွေ လွန်ကျုးလာတဲ့အခါ ပြင်သစ်တော်လှန်ရေး ဆိုပြီး ပြင်းထန်ကြမ်းတမ်းတဲ့ အုံကြွမှု တစ်ရပ် သမိုင်းမှာပေါ်ပေါက်ခဲ့တယ်။ လူသားတွေရဲ့ စိတ်ပဲ ဖြစ်တဲ့အတွက် အလွန်အမင်း ပိတ်ဆို့ထားခဲ့တဲ့ လွတ်လပ်မှုကို ရှာဖွေကြတဲ့အခါ ဒေါသ အာဃာတ ရန်ငြိုး ကလဲ့စားခြေမှု ဆိုတာတွေနဲ့လည်း မကင်းနိုင်ကြဘူး။ တခါတလေကျတော့ လူတစ်ယောက် ကောင်းတယ် ဆိုးတယ်ဆိုတာကို ပကတိအတိုင်း မမြင်နိုင်ပဲ ကြိုတင်သတ်မှတ် ထားခဲ့တဲ့ အကြောင်းအရာတွေက ဆုံးဖြတ်ချက်ကို လွှမ်းမိုးသွားတတ်တယ်။ အဲဒီအခါ အပြစ်မဲ့သူများဟာလည်း အရှုပ်အထွေးတွေကြားမှာ စနစ်ဆိုးတစ်ခုရဲ့ သားကောင်တွေ ဖြစ်သွားတတ်တယ်။ သေရေးရှင်ရေးထဲမှာ အမှားအယွင်းတွေ နည်းနိုင်သမျှနည်းအောင် ဘယ်လိုကျော်လွှား ရုန်းကန်နိုင်မလဲ။ အမှားအယွင်းကို ကြောက်တာနဲ့ အောင်မြင်မှုကို အတားအဆီးလည်း အဖြစ် မခံနိုင်ကြပြန်ဘူးလေ။ အမျိုးသားရေးစိတ်နဲ့ လူသားဆန်တဲ့စိတ်ကြားမှာ ပဋိပက္ခတွေရှိခဲ့ရင် ဘယ်အတိုင်းအတာ အထိ ညှိနှိုင်းလို့ ရနိုင်မလဲ။ မီးတောက်မီးလျှံတွေကြားက ပွင့်ဖူးလာတဲ့ ပေးဆပ်သူတို့ရဲ့ ချစ်ခြင်းမေတ္တာကို ဘယ်လောက်အထိ အသိအမှတ်ပြု ခံစားနိုင်မလဲ။
ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက် အင်္ဂလိပ်လူမျိုး အရက်သမား ရှေ့နေဟာ သူတဖက်သက်ချစ်နေတဲ့ ကောင်မလေးရဲ့ ခင်ပွန်းဖြစ်သူ၊ သူနဲ့လည်းရုပ်ချင်းဆင်တူတဲ့ အပြစ်မဲ့ ပြင်သစ်မင်းမျိုးမင်းနွယ်တစ်ဦးကို တော်လှန်ရေးကာလမှာ ခေါင်းဖြတ် စီရင်ရာကနေ လွတ်မြောက်အောင် လူစားထိုးပေးလိုက်ပါတယ်။ ဇာတ်လမ်းရဲ့ အဆုံးမှာ ဒီလို ရေးထားခဲ့တယ်။
"I see that child who lay upon her bosom and who bore my name, a man
winning his way up in that path of life which once was mine. I see
him winning it so well, that my name is made illustrious there by the
light of his. I see the blots I threw upon it, faded away. I see
him, fore-most of just judges and honoured men, bringing a boy of my
name, with a forehead that I know and golden hair, to this place--
then fair to look upon, with not a trace of this day's disfigurement
--and I hear him tell the child my story, with a tender and a faltering
voice.
"It is a far, far better thing that I do, than I have ever done;
it is a far, far better rest that I go to than I have ever known."
(အဲဒီစာအုပ်ကို ဒီနေရာမှာ ဖရီး ဒေါင်းလုဒ် ရနိုင်ပါတယ်။)
ပန်ဒိုရာ
ဒီနှစ်ထဲတော့ ကဗျာ အသစ် ထပ်ရေးဖြစ်မယ် မထင်ဘူး။ ဒါပေမယ့် ကဗျာချစ်သူများအတွက် မကြာမီက ချရေးခဲ့ဖူးတဲ့ စာကြောင်းတချို့ကို တင်ပေးလိုက်ပါတယ်။
အိပ်မပျော်သေးတဲ့အနှစ်နှစ်ဆယ်
အဲဒီသီချင်းကို
အဲဒီလိုညမျိုးမှာမှ
ငါကဖွင့်နားထောင်မိတယ်
အတိတ်ရဲ့အကျဉ်းသား….တဲ့
ငါမဟုတ်ဘူး
ငါမဟုတ်ဘူး
ငါဘယ်တုန်းကမှ အကျဉ်းသားမဟုတ်ခဲ့
စိတ္တဇ ညများ ကုန်ဆုံးလွန်မြောက်ပါစေကွယ်..
စိတ္တဇ ညများ ကုန်ဆုံးလွန်မြောက်ပါစေကွယ်..
အဲဒီ အနှစ်နှစ်ဆယ်ခေတ်သီချင်းနဲ့
အဲဒီ အနှစ်နှစ်ဆယ်ခေတ်က လူတစ်ယောက်ကို
ကုန်ဆုံးလွန်မြောက်ခဲ့တာ
ခြောက်နှစ် ငါးလ ရက်ပေါင်းနှစ်ဆယ်နဲ့…
မဟုတ်ဘူး
ငါကရက်စွဲတွေကို မမှတ်မိတတ်ဘူး
အဲဒီအနှစ်နှစ်ဆယ်
အတိတ်ရဲ့အကျဉ်းသားတစ်ယောက်ကို
နှောင်ကြိုးဖြေဖို့ကြိုးစားတုန်း
ငါသာနှောင်ကြိုးငင်ခံခဲ့ရသလား
မဟုတ်ဘူး
အချစ်ဆိုတာ ဘယ်တော့မှ မမှားယွင်းပါဘူး
ခေါင်းမာမာနဲ့ ဒီလိုဆိုခဲ့တယ်
အဲဒီအနှစ်နှစ်ဆယ်
မမှားယွင်းတဲ့အချစ်တွေနဲ့
မမှားယွင်းတဲ့လူနှစ်ယောက်ကို
ကံကြမ္မာက ပက်ပက်စက်စက်
မှားယွင်းနေရာချခဲ့တယ်
အဲဒီအနှစ်နှစ်ဆယ်
ငါသာဆယ်နှစ်လောက်စောပြီး
ကမ္ဘာမြေကိုရောက်ခဲ့ရင်
မဟုတ်ဘူး
ငါက လမင်းကို မတမ်းတတတ်သူ
ငါမငိုတတ်တော့ပါဘူး
အဲဒီအနှစ်နှစ်ဆယ်
ငါကအတိတ်မှာမနေထိုင်ဘူး…
အဲဒီအနှစ်နှစ်ဆယ်
ငါအားလုံးကိုမေ့နေမှပဲ…
အနှစ်နှစ်ဆယ်
အဲဒီ မိုးတွေရွာတဲ့ညက…
အနှစ်နှစ်ဆယ်
အချစ်ဆိုတာ ဘယ်တော့မှ မမှားဘူး…
အနှစ်နှစ်ဆယ်
ငါကအနည်ထိုင်နေပြီ…
အနှစ်နှစ်ဆယ်
လပြည့်တည စူးရှရှသာခဲ့…
အနှစ်နှစ်ဆယ်
အစွဲများ ခြောက်လှန့်နေသည်နှယ်…
အနှစ်နှစ်ဆယ်
ငါ့နားတွေကိုပိတ်မရ….
အနှစ်နှစ်ဆယ်
ဝိုးတ၀ါး ညဥ့်လယ်အိပ်မက်ဆိုးများ….
အနှစ်နှစ်ဆယ်
ကျေးဇူးပြု၍အဲဒီသီချင်းကိုပိတ်လိုက်ပါ
ငါ့ကိုသောက်ရေတစ်ခွက်လောက်ခပ်ပေးပါ
ဒါစိတ္တဇညမဟုတ်ဘူး
ငါအိပ်မပျော်သေးတာ
အိပ်မက်မက်မိမှာစိုးလို့ပါ…။
ပန်ဒိုရာ
8/11/2007
ကျွန်းပိစိရဲ့ အော့ချာ့ဒ် လမ်းမှာတော့ မီးရောင်စုံတွေ ခရစ်စမတ် သစ်ပင်တွေနဲ့ အလှဆင်နေပြီ။ သူတို့နိုင်ငံမှာဖြင့် အလှအပအတွက် ဧည့်သည်တွေကို ဆွဲဆောင်ဖို့အတွက် ဒီလို နှစ်စဉ် စီမံချက်ချ ငွေကြေးအမြောက်အမြား သုံးစွဲနိုင်တာ ကြည်နူးရမှာလား မုဒိတာ ပွားရမှာလား မနာလိုရမှာလား။
တစ်ခုသော ဒီဇင်ဘာ ၁ ရက်နေ့ မှာတော့ အင်္ဂလိပ်အက္ခရာ အေ ကို အနီရောင် မျဉ်းတကြောင်း ကန့်လန့်ဖြတ်ထားတဲ့ လိုဂိုတစ်ခု ရိုက်ထားတဲ့ တီရှပ်ဖြူလေးတွေ ဆင်တူဝတ်ရင်း သူငယ်ချင်းတွေဟာ အထိမ်းအမှတ်နေ့တစ်ခုအတွက် ပျော်ရွှင်စွာ လမ်းလျှောက် ထွက်ခဲ့ကြတယ်။ လူတွေအများကြီး ပျော်စရာ။ အပျော်လွန်ပြီးတော့ နောက်ပြောင်ကြရင်း ရှက်တတ်တဲ့ ကောင်လေးတစ်ယောက်ကို မလုပ်စဖူး နောက်ကနေ အုပ်စုဖွဲ့ လိုက်စမိတာ မှတ်မိသေးတော့။ နောက်တနေ့ ကျောင်းထဲမှာ ပြန်တွေ့တော့လည်း ဘာမှ မလုပ်ခဲ့သလို ခပ်တည်တည်ပေါ့။ အဲဒီတုန်းကတော့ ကျောင်းသားဘ၀ အပူအပင်ကင်းခဲ့။ မကြာခင်မှာ မုန်တိုင်းကြီး တစ်ခု တိုက်ခတ်လာတော့မယ်လို့ ဘယ်မျှော်လင့်ခဲ့ကြမလဲ။
ဟိုတလောက အိမ်ကိုဖုန်းဆက်တော့ စကားစပ်မိရင်း ကိုယ်သိကျွမ်းသူတွေထဲမှာပဲ ရောဂါဆိုးတစ်ခု ကျရောက်သူတွေ တော်တော်ရှိလာတာ သိလိုက်ရတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတော့ ဒါဟာ အရပ်ထဲမှာ ကိုယ့်အသိအကျွမ်းတွေထဲမှာ ဆိုရင် စကားထဲ တဖွဖွ ထည့်ပြောရလောက်အောင် မကြားဖူးသလောက် ရှားပါးသော ရောဂါတစ်ခု။ အခုတော့... “အဲဒါ သူ့မိန်းမလေးကလည်း သူ့ဆီက ကူးတာ အခုတော့ ဆုံးရှာပြီ။ ကလေးနဲ့ သူပဲ ကျန်တာပေါ့။ ကောင်လေးလည်း ပိန်လိန်နေတာပဲ။ ဒါနဲ့ နင့်အစ်ကို သူငယ်ချင်း ဟိုတလောက ဆုံးသွားတဲ့ တစ်ယောက်လည်း တကယ်တော့ အဲဒီရောဂါလို့ ပြောတာပဲ သိလား။ ဟိုရပ်ကွက်က ဦးဘယ်သူရဲ့ သားလေးရှိပါရောလား အဲဒါ သူလည်း ပေါ့စတစ် လို့ပြောနေကြတယ်” …. ဘုရား ဘုရား ဆက်နားထောင်ရမှာ လန့်လာမိတယ်။
ချစ်စရာကောင်းတဲ့ အဲဒီနိုင်ငံကလေးက လူတွေအတွက် ဘက်ပေါင်းစုံက ယိုယွင်းလာမှုတွေကို ဘယ်လို ကယ်တင်နိုင်မှာလဲ။ ဘာတွေကို အရေးအကြီးဆုံးလို့ သတ်မှတ်ပြီး ဘာတွေကို ကြောက်လန့်ဖုံးအုပ်နေရင်း ဘယ်လောက်အထိ ဆိုးရွားလာဦးမှာလဲကွယ်။ လောလောဆယ် ကိုယ်တတ်နိုင်တာလေး တစ်ခုကတော့…
အေအိုင်ဒီအက်စ် တိုက်ဖျက်ဖို့၊ အားလုံးပါဝင်ဆောင်ရွက်စို့။
ကိုယ်ချင်းစာနာ နားလည်ပါ၊ သင်လည်း လူသားပါ။
ဒီနေရာက ပြန်လည်ရယူပါသည်။