Sunday, February 22, 2009

ပန်ဒိုရာနှင့် ဘန်နာများ -၂

ဟိုးအရင်ပို့စ် တစ်ခုမှာ ဘန်နာ တွေအကြောင်းရေးခဲ့ဖူးတယ်။ အဲဒီနောက်ပိုင်း ထပ်လုပ်ဖြစ်တဲ့ ဘန်နာလေးတွေနဲ့ မူရင်းဓာတ်ပုံတွေကို ပြချင်ပါတယ်။ အဲဒီမှာ ဘန်နာ နံပါတ် (၈) အထိ ပြောခဲ့ပါတယ်။ အခု (၉) ကနေ ဆက်တာပေါ့။

မူလဓာတ်ပုံ (၉)
(မိတ်ဆွေတစ်ယောက် လက်ဆောင်ပေးထားတဲ့ ဓာတ်ပုံကို ဘန်နာလုပ်ဖို့ ခွင့်တောင်းပြီး လုပ်ပါတယ်။ ရိုက်တဲ့ နေရာကို မသိပါ။ )



ဘန်နာ (၉)


မူလဓာတ်ပုံ (၁၀)
(ဒီဆရာရဲ့ ဘလော့ဂ်က ဓာတ်ပုံတစ်ပုံကို တောင်းယူထားတာပါ။)


ဘန်နာ (၁၀)


မူလဓာတ်ပုံ (၁၁)
(ဒီပုံက ဆြာရဲမွံ အပိုင်ပေးထားတဲ့ ပုံလေးတစ်ပုံပါ။ မောင်းမကန်မှာလို့ ပြောတယ်။ ဒီဆရာက ဓာတ်ပုံရိုက်တော့ တော်ရှာတယ်။ ဘန်နာလုပ်လို့ လှတာလေးတွေ နောက်ထပ် ရှိသေးသည်။ လာမည်။)



ဘန်နာ (၁၁)



မူလဓာတ်ပုံ (၁၂)
(ဒါကတော့ စင်္ကာပူ ငါးခြင်္သေ့ရုပ်နားမှာ ရိုက်ထားတာ။ အုတ်နံရံအပိုင်းကို ဖြတ်ယူထားတာ။ ကိုယ်တိုင်ရိုက်တာပါ။)



ဘန်နာ (၁၂)


မူလဓာတ်ပုံ (၁၃)
(ဒါက စင်္ကာပူ Esplanade Theater အထဲမှာ တရုတ်မီးပုံးလေးတွေကို ရိုက်ထားခဲ့တာကို ဖြတ်ပြီး effect တွေထည့်ထားတာပါ။ ကိုယ်တိုင်ရိုက်တာ။)



ဘန်နာ (၁၃)



မူလဓာတ်ပုံ (၁၄)
(ဒါကတော့ ဖယောင်းတိုင်လှလှလေးတစ်ခုကို မီးထွန်းပြီး ရိုက်ထားတာကို photoshop ထဲမှာ ရောထည့်ထားတာ။ ကိုယ်တိုင်ရိုက်တာပါ။)


ဘန်နာ (၁၄)



မူလဓာတ်ပုံ (၁၅)
(ဒီပုံက စင်္ကာပူ Orchard လမ်းပေါ်မှာ ခရစ်စမတ်အကြို ဆင်ယင်ထားတာကို ကိုယ်တိုင်ရိုက်လာခဲ့တာပါ။)


ဘန်နာ (၁၅)



မူလဓာတ်ပုံ (၁၆)
(ဒီအလုံးလေးတွေ စင်္ကာပူမြစ်ထဲမှာ မျှောထားတာကိုလည်း ကိုယ်တိုင်ရိုက်ထားတာပါ။)



ဘန်နာ (၁၆)



မူလဓာတ်ပုံ (၁၇)
(ဒါကတော့ ဧရာဝတီမြစ်ဝကျွန်းပေါ် ဆိပ်ကမ်းတနေရာကို နာဂစ်မတိုင်မီ ရက်ပိုင်းအလို လောက်က ရိုက်ထားတာ ဖြစ်တယ်။ ကိုကို ခရီးသွားရင်း ရိုက်ထားတာပါ။ (ကိုကိုဆိုတာ အစ်ကိုဖြစ်ပါတယ်။ စကားမစပ် လူပျိုဂျီးဗျ။ :P ))



ဘန်နာ (၁၇)



ဘန်နာ (၁၈)
(အခုနောက်ဆုံး ဘန်နာကတော့ ဓာတ်ပုံ မဟုတ်ဘူး။ photoshop ထဲမှာ ညီမလေး ဆွဲထားတာပါ။ စာလုံးကတော့ ကိုအောင်သာငယ် နမူနာ ဆွဲပေးထားတဲ့ စာလုံးကို သုံးထားတယ်။)



ဘယ်ဟာကို အကြိုက်ဆုံးလဲ။ ၁ ၂ ၃ ရွေးချင်သေးလား။ ဒီတခါတော့ မဲမလိမ်ပါဘူးလေ။ ဟဲဟဲ။


Expand..

Saturday, February 21, 2009

နားလည်ခြင်းရဲ့ နှင်းဆီတစ်ပွင့်




နားလည်ခြင်းရဲ့ နှင်းဆီတစ်ပွင့်


နားလည်မှုဆိုတာ ကမ္ဘာတစ်ခုဆိုရင်
ဥက္ကာပျံတစ်စင်း ပဲ့ကျလာသလိုမျိုး
ရှောင်မရတိမ်းမရ
မျှော်လင့်ချက်တွေကို ထက်ပိုင်းချိုးချရတယ်။

နားလည်မှုဆိုတာ ရာသီဥတုဆိုရင်
နွေခေါင်ခေါင်မှာ သွန်းချသွားတဲ့
မိုးရေစက်ခါးခါးရဲ့ ပွတ်တိုက်ရှတမှုတွေပါတယ်။

နားလည်မှုဆိုတာ ခရီးရှည်ဆိုရင်
ကန္တာရထဲက ရေကြည်တစ်ပေါက်အတွက်
လှီးဖြတ်သောက်သုံးရတဲ့ ဆူးပင်တွေပါတယ်။

နားလည်မှုဆိုတာ ကစားပွဲတစ်ပွဲဆိုရင်
အလျော်အစားမပါတဲ့ လောင်းကြေးနဲ့
မတိုက်ဖြစ်တော့မယ့် ထီလက်မှတ်တစ်စောင်ပါတယ်။

နားလည်မှုဆိုတာ ကဗျာတစ်ပုဒ်ဆိုရင်
စကားလုံးတွေကို ဖောက်သီထားတဲ့
ကြိုးမျှင်တစ်ချောင်းရဲ့ တုန်ခါမှုတွေပါတယ်။

နားလည်မှုဆိုတာ ပန်းတစ်ပွင့်ဆိုရင်
ပန်းနိယာမရဲ့ အကန့်အသတ်ပြင်ပက
ခြွေမှကြွေမယ့် ဆူးမဲ့သက်တမ်းတစ်ခုပါတယ်။

လူဆိုးကြီးရေ…
နားလည်ခြင်းလှိုင်းလုံးတွေ ဖုံးသွားပြီးတဲ့အခါ
ကမ်းစပ်မှာ တင်ကျန်ခဲ့မယ့်
မျက်ရည်တစ်စက်ရဲ့ ခြေရာ
ငါလိုက်ရှာခဲ့ပါတယ်ကွယ်…။


ပန်ဒိုရာ


Expand..

အပိုင်းအစများ

(ဖွဲ့တည်ရာက သရုပ်ဖော်ပုံလေး ပြန်ထည့်ပြီး ပို့စ်လေး ကို ရှေ့ပြန်တင်တာပါ။ :) အပိုင်းအစလေးတွေကို အုပ်မိနေလို့။ ပို့စ်အသစ်များ မကြာမီ လာပါမည်။ )




------


တနင်္လာနေ့ကို ရောက်လို့ အလုပ်ရှုပ်ပြန်ပါပြီ။ ခုတလော လာလည်သွားသူတွေ မှတ်ချက်ရေးသွားသူတွေကို ကျေးဇူးတင်ပါတယ်။ အားလုံးကို အချိန်ရတဲ့အခါ ပြန်ဖြေကြားပေးပါမယ်။ လောလောဆယ်တော့ ဖွဲ့တည်ရာ အတွဲ (၁) အမှတ် (၆) မှာ ဖော်ပြခဲ့တဲ့ ၀တ္ထုလေးကို တင်လိုက်ပါတယ်။ download လုပ်မရသူတွေ အဆင်ပြေစေဖို့ပါ။ (အလုပ်များလို့ ပုံလေးတောင် မထည့်နိုင်တော့ပါ။) ဖေဖေါ်ဝါရီလကုန်ပိုင်းရောက်ရင်တော့ နည်းနည်း အချိန်ပိုရလာမယ် ထင်ပါတယ်။ ၀တ္ထုခေါင်းစဉ်ကို မြင်တော့ ဂျစ်တူးကိုတောင် သတိရသွားမလားပဲ။ ဇာတ်လမ်းကတော့ ဂျစ်တူးနဲ့ မဆိုင်ပါ။ :P

-------------------



အပိုင်းအစများ


“ဒါဆို လူကြုံပစ္စည်း ပေးရင်း ညနေစာ အတူစားကြတာပေါ့”

သူ ဒီလို ပြောလာတော့ သူမက ပေါ့ပေါ့ပါးပါးပဲ လက်ခံလိုက်မိသည်လေ။ တွေ့ကြမယ့် နေ့မှာလည်း ခါတိုင်း ရုံးသွားနေကျလိုပဲ သပ်ရပ်သည့် ၀တ်စားဆင်ယင်မှုမှ လွဲ၍ ထူးထူးခြားခြား ခြယ်သခဲ့ခြင်းမျိုး မရှိခဲ့တာ အမှန်ဖြစ်ပါသည်။ ထိုနေ့က အလုပ်တွေ အိမ်ကိုပါလာ၍ စာရွက်စာတန်းများနှင့် ပြည့်နေသော ခပ်လေးလေး ကွန်ပြူတာအိတ်ကြီး တစ်လုံးကိုပင် ဒရွတ်တိုက်မတတ် ရုပ်ပျက်ဆင်းပျက် သယ်လာခဲ့သေးသည်ပဲ။

တကယ်တော့ သူမနှင့် သူ ပြန်ဆုံတွေ့ဖြစ်ကြတာ မကြာခဏဟု မဆိုနိုင်သလို မတွေ့တာကြာပြီ ဟုလည်း မဆိုနိုင်ပါ။ ပြီးခဲ့သော ခြောက်လခန့်ကလည်း ဒီနိုင်ငံလေးကို သူအလုပ်ကိစ္စ တစ်ခုနှင့် ရောက်လာတော့ သူ့ညီငယ်ရယ် သူမ၏ သူငယ်ချင်း တစ်ယောက်ရယ် နှင့်အတူ နေ့လည်စာ အတူ စားဖြစ်ကြရန် ကြုံခဲ့သေးသည်။ သူ့မိသားစုအတွက်တောင် သူမက လက်ဆောင်အချို့ ထည့်ပေးခဲ့သေးသည်။ သူမ တစ်နှစ်တစ်ခါလောက် အိမ်ပြန်တိုင်းလည်း သူနဲ့ အဆက်အသွယ် အပြတ်ကြီးမဟုတ်ပဲ ကြုံကြိုက်တိုင်း တွေ့ဆုံ နှုတ်ဆက်ဖြစ်သည်လေ။

Oriental House ဟူသော မြန်မာပိုင် စားသောက်ဆိုင်လေးကို မြန်မာတွေစုရပ်ဖြစ်တဲ့ သည်နေရာမှာ လာဖွင့်ထားခဲ့တာ မကြာသေး။ ဒီနေရာက လာရတာ လွယ်သလို တရုတ်စာ မြန်မာအစားအစာ စသည်ဖြင့် မျိုးစုံရနိုင်တာမို့ ဒီဆိုင်မှာ ချိန်းဆိုလိုက်ခဲ့သည်။ ဆိုင်ထောင့်က စားပွဲတစ်လုံးမှာ သူမကို တစ်ယောက်တည်း ထိုင်စောင့်နေသော သူ့ကို တွေ့လိုက်ရတော့မှသာ ဒီတစ်ခါ နှစ်ဦးတည်း အတူတူ ညစာ စားဖြစ်ကြတော့မှာပါလား ဆိုသည့် အသိက ခေါင်းထဲကို ၀င်လာတော့သည်။

“ဟိုင်း… ရောက်နေတာ ကြာပြီလား”


“ဟဲလို.. ရုံးဆင်းလာပြီပေါ့”

သမားရိုးကျ နှုတ်ဆက်မှုများဖြင့်သာ သူမတို့၏ တွေ့ဆုံမှုကို စတင် လိုက်ပါသည်။ သူက ပါလာသော အထုပ်တစ်ထုပ်ကို သူမကို ကမ်းပေးပါသည်။ ဒါက လူကြုံ ထည့်ပေးလိုက်တာတွေ ဟု ဆိုသည်။

“ဘာစားမလဲဟင်။ ကျွန်မ ကျွေးမယ်နော်။”

“မလုပ်ပါနဲ့ ကျွန်တော်ကျွေးမယ်။”

“မဟုတ်ဘူးလေ။ ဧည့်သည်ကို ကျွေးရမှာပေါ့။ မြန်မာပြည် ပြန်ရောက်တဲ့အခါ ပြန်ကျွေးပေါ့”

သည်အချိန်အထိတော့ သူမတို့ ကြားမှာ သာမန်မိတ်ဆွေတို့ ပြောလေ့ပြောထရှိသော စကားများဖြင့် ဘာမှ မထူးခြားလှပါ။

“ထမင်းပဲ စားကြမယ်လေ။ ထမင်းနဲ့ ဟင်းနဲ့ပဲ မှာကြတာပေါ့။”

သူက သည်လို အကြံပေးလာတော့ ကောင်းသားပဲ ဟုပြောရင်း သူမက ဟင်းစာရင်း စာအုပ်ကို ကောက်ကိုင်လိုက်ပါသည်။

“ငါး.. မှာလေ။ ဒီမှာ ကျွန်တော် တွေ့ထားတယ်။ ကကတစ် ဆိုရင် မကောင်းဘူးလား။”

သူမက ကြည့်မယ်လေဟု အမှတ်မဲ့ပင် ပြန်ပြောကာ ငါး စာမျက်နှာကို အသာ လျှပ်ကြည့်လိုက်ပြီးမှ နောက်တစ်ရွက်ကို လှန်သည်။

“အိုး.. Dry chili & minced pork တဲ့။ ကောင်းမယ့်ပုံပဲ ။ မှာမလားဟင်။”

“ကျွန်တော် pork မကြိုက်ဘူးလေ။ ငရုပ်သီးလည်း မစားဘူးလေ။”

ပြောရင်း သူ မျက်နှာ မသိမသာ ပျက်သွားတာကို တွေ့မှ သူမ ခေါင်းထဲ မီးလုံးတွေ တဖြတ်ဖြတ် လင်းသွားသည်။ သေတော့မှာပဲ..။ တကယ်ဆို ဟိုးလွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ကာလ တွေက သူနဲ့ အကြိမ်ကြိမ် သွားခဲ့ စားခဲ့စဉ် သူဘယ်လို အရသာ အချိုအချဉ် အပေါ့အငန် ကအစ ကြိုက်တတ်သလဲ မှတ်သားလို့ အသေးစိတ် ဂရုစိုက်ခဲ့ဖူးတဲ့ မိန်းကလေးတစ်ယောက်ဟာ အခုတော့ သူ ဘာမစားသလဲ ဆိုတဲ့ အခြေခံလေးတွေကိုတောင်မှ မေ့လျော့နေခဲ့ပြီ။

ဘာကြောင့် ငါးကို အတင်း မှာခိုင်းနေသလဲ ဆိုတာလည်း သူမ အခုမှ တွေးမိသွားတော့သည်။ ကြည့်စမ်း။ အဲသည်အချိန်တွေက သူမ ဘာကြိုက်တတ်မှန်း သူက အသေအချာ မသိတဲ့အခါ စိတ်ကောက်ခဲ့ဖူးတာ။ ငါးကို ကြိုက်တယ်။ ငါးထဲမှာမှ ကကတစ်ဆိုရင် ဘယ်လိုချက်ချက် ကြော်ကြော် သိပ်ကြိုက်တာ လို့ သူမ မကြာခဏ ပြောပြမိတာ။ ဒါကို သူ အခုအထိများ မှတ်ထားလေသလားဟင်။ ဒါပေမယ့်လေ… ဆယ်နှစ်လောက် အချိန်တွေ ကြာသွားတဲ့အခါ တချို့ အကြိုက်တွေ ပြောင်းသွားတတ်တယ် ဆိုတာ သူသိအောင် သူမ ဘယ်လို ပြောပြရပါ့။

ငါးပေါင်း၊ ကြက်တောင်ပံကြော်၊ အရွက်ကြော်တချို့၊ ဟင်းချို.. မှာထားတဲ့ဟင်းတွေ ရောက်မလာခင်မှာ ဘာဆက်ပြောရမလဲ လို့ခေါင်းထဲမှာ စဉ်းစားနေမိသည် ။ တကယ်ဆို ဒီလူကြုံပစ္စည်းကို လာမယူခင် အခုလို နှစ်ယောက်တည်း မျက်နှာချင်းဆိုင် စားဖို့ ကြုံရမယ့် အရေးကို သူမ ကြိုစဉ်းစားသင့်ခဲ့ပါသည်။

အပြင်ဘက်မှာ မိုးတွေ ရွာနေသည် ထင်သည်။ ဆိုင်ထဲကို ၀င်လာသော လူတစ်ဦးစ နှစ်ဦးစ ကိုင်လာသော ထီးကလေးများ စိုနေသည်ကို တွေ့လိုက်ရသည်။ သည်လို မိုးရွာတုန်း အိမ်ပြန် နောက်ကျသွားတတ်တဲ့ ရုံးဆင်းချိန် ညနေမျိုးမှာ…. ညရဲ့ လျှပ်စစ်မီးရောင်တွေ အောက်မှာ မိုးရေစိုရွှဲနေတဲ့ ကတ္တရာလမ်းမတွေပေါ်က ကားဘီးပွတ်တိုက်သံသဲ့သဲ့ကို ကြားလိုက်သလိုလို…။ သူမ ခေါင်းခါရမ်းလိုက်ပါသည်။

“သားလေးက ကျောင်းတက်နေပြီပေါ့”

အခုလိုအချိန်မှာ ဒါဟာ အကောင်းဆုံး စကားခေါင်းစဉ် တစ်ခုဖြစ်မည်။

“သားလား။ ဒီနှစ် သူငယ်တန်း စတက်နေပြီလေ။ အခု အိမ်မှာတောင် အင်္ဂလိပ်လို တော်တော်ပြောနေပြီ”

ပြောရင်း သူ့မျက်နှာက ပြုံးလာသည်။ သားလေးကို အကောင်းဆုံး ကျောင်းမှာ သူ ထားမှာပေါ့။ သူ့သားလေးကို တော်တော်ချစ်မှာပါ။ သူ့သားလေးကို.. သူ့မိသားစုကို.. အင်း.. သူ့အမျိုးသမီးကိုရော နေမှာပေါ့။ တကယ်တော့ သူက စိတ်ထားနူးညံ့သူ ချစ်တတ်သူ တစ်ယောက်ပဲမဟုတ်လား။

ဒီလို နူးညံ့သူ တစ်ယောက်က ငြိတွယ်ခိုင်မာခဲ့တဲ့ ကြိုးစလေးတွေကို အပိုင်းပိုင်း ပြတ်သွားခဲ့အောင် စပြီး ဖြတ်တောက်ရက်လိမ့်မယ် ဆိုတာ ဘယ်သူက ယုံနိုင်မှာတဲ့လဲ။ ဒီတုန်းက သူ့ပခုံးပေါ်မှာ နောက်ဆုံးအကြိမ် မှီတွယ်ရင်း သူမ ကျခဲ့တဲ့ မျက်ရည်တွေဟာ နာကျင်မှုတွေနဲ့ ပြည့်နှက်ခါးသီးနေခဲ့သည်။

“မင်းရှေ့လျှောက်ရမယ့်လမ်းဟာ ကိုယ်လျှောက်မယ့်လမ်းနဲ့ မတူနိုင်တဲ့အခါ မင်းဘ၀ တိုးတက်ရာလမ်းမှာ ကိုယ်ဟာ အတားအဆီး မဖြစ်ချင်သလို ကိုယ်လည်း ဖြစ်သင့်တဲ့ ဘ၀တစ်ခုကို ဆက်တည်ဆောက်ရဦးမယ်။”

ဒီစကားတွေဟာ တခြားတစ်ယောက်နဲ့အတူ သူ ထူထောင်တော့မယ့် ဘ၀အတွက် လုံလောက်တဲ့ အကြောင်းပြချက်တွေ ဟုတ်မဟုတ် သူမ စဉ်းစားမနေတော့ဘဲ သူ့ကို အနှောင့်အယှက်မရှိ ထွက်သွားခွင့်ပြုခဲ့သည်။ သူမရဲ့ နေ့စဉ်မှတ်တမ်း စာအုပ်လေးထဲက စာမျက်နှာတစ်ရွက်မှာ သွေးရူးသွေးတန်း ရေးမှတ်ခဲ့သော စာကြောင်းတစ်ကြောင်းသာ ကျန်ရစ်ခဲ့သည်လေ။

သတ္တိမရှိသူမှာ အချစ်ဆိုတာ မရှိပါဘူး။ အချစ်မရှိသူမှာ သစ္စာဆိုတာလည်း မရှိဘူး။

“စားဦးလေ ဟင်းတွေအေးကုန်မယ်”

သူက သူမ ပန်းကန်ထဲကို ဟင်းတချို့ ခပ်ထည့်ပေးမလို လုပ်တော့ သူမက ဦးအောင် ကိုယ့်ဘာသာ မြန်မြန် ခပ်ထည့်လိုက်ပါသည်။ သည်တခါ စားတဲ့ ညစာဟာ သူမအတွက် အနှောင့်အယှက် ၀င်နေသလို ဖိစီးမှုတစ်ခုနဲ့ ဘယ်လိုမှ အရသာ ခံစားလို့ မရအောင် ဖြစ်နေတာ ကိုယ့်ကိုယ်ကိုလည်း အံ့သြမိသည်။ တကယ်ဆိုရင် ဆယ်နှစ်အတွင်းမှာ အခုလို ပထမဆုံး သူနဲ့ နှစ်ယောက်တည်း အတူတူ ညစာစားဖြစ်ခဲ့ချိန်မှာ သူမဟာ အရင်လို တက်ကြွပျော်ရွှင် နေတာမျိုး မဖြစ်တော့တောင်မှ ဒီလောက် အေးစက်စက် မသက်မသာတော့ ဖြစ်မနေသင့်လေ။ မိသားစုအကြောင်း အလုပ်အကြောင်း ရောက်တတ်ရာရာ ပြောရင်း သွက်သွက်စားမိတဲ့ ညစာ အပြီးမှာတော့ အိမ်ပြန်သင့်တဲ့ အချိန် ရောက်ပြီ။

“သြော်.. ပေးစရာ ရှိသေးတယ် သိလား”

သူက သူ့အိတ်ထဲက မြန်မာမဂ္ဂဇင်း သုံးလေးအုပ်ကို ထုတ်ကာ ကမ်းပေးပြီး ကျွန်တော့်ဆောင်းပါးလေးတွေ ပါတဲ့ မဂ္ဂဇင်းတွေပါ။ အားတဲ့အခါ ဖတ်ကြည့်ပေါ့ ဟု ပြောသည်။

အိုး.. စာတွေရေးဖြစ်နေလား။ သူမ လှိုက်ခနဲ ၀မ်းသာစွာ ရုတ်တရက် ပြောလိုက်သည်။ သူနဲ့ သူမတို့နှစ်ဦးကြားက ကြိုးမျှင်လေးတွေ နေရောင်အောက်မှာ တလက်လက် လှုပ်ခတ်နေခဲ့တဲ့ ကာလတွေတုန်းကတော့ ၀ါသနာတူသူတွေပီပီ စာအုပ်တွေအကြောင်း တမေ့တမော ပြောခဲ့ကြတာတွေ… သူမ ရေးထားတဲ့ ကဗျာတွေ စာတွေ သူ့ကိုပေးဖတ်ခဲ့တာတွေ.. လေ။ သူကတော့ ရသစာပေတွေထက် သူ့အလုပ်နှင့် ပတ်သက်သော သူလည်းလေ့လာခဲ့သော သစ်ပင်တွေနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ ရေးချင်သတဲ့။ အဲဒီအခါကျရင် ကိုယ့်အတွက် အယ်ဒီတာ လုပ်ပေး သိလား လို့ပြောရင်း ကြည်ကြည်နူးနူး ရယ်မောခဲ့တဲ့ အချိန်တွေ ရှိခဲ့ဖူးတာပေါ့။

သူမ စာအုပ်တစ်အုပ်ကို ကောက်ကိုင်ကာ တဖြတ်ဖြတ် လှန်လိုက်သည်။ ပတ်ဝန်းကျင် ကဏ္ဍ ဆိုတဲ့ အောက်မှာ သစ်ပင်တွေအကြောင်း ရေးထားတဲ့ ကျွန်တော့် ဆောင်းပါး ပါတယ် ဟု သူက လှမ်းပြောသည်။

မာတိကာ မှာ မြင်လိုက်ရသော ကလောင်နာမည် က သူမကို တအံ့တသြ မျက်ခုံးပင့် သွားစေသည်။ အို… သူ့နာမည်ရင်း တစ်လုံးရဲ့နောက်မှာ ရှားပါးစာလုံး တစ်လုံးဖြစ်တဲ့ သူမရဲ့နာမည်ကို ပေါင်းထည့်ထားတဲ့ ကလောင်နာမည်ဟာ ဘာသဘောလဲ။ အိမ်ပြန်ရောက်မှ ဒီမဂ္ဂဇင်းတွေကို ဖွင့်ကြည့်လိုက်ရ ကောင်းသား..။ အခုတော့ သူ့ရှေ့မှောက်မှာပဲ ဒီလိုနာမည်ကို မြင်လိုက်တဲ့အခါမှာ …. ။

အပင်တွေ စိုက်ဖြစ်သေးလား ဟု စာအုပ်ကို ပြန်ပိတ်ကာ သူမက မေးလိုက်ပါသည်။

“အင်း.. Indoor ပင်လေးတွေတော့ စိုက်ဖြစ်ပါသေးတယ်။ ဟိုတခါ စိုက်ထားတဲ့ အပင်လေးတောင် ရှင်နေသေးတယ်လေ..”

ဟိုတခါ စိုက်ထားတဲ့အပင်။ သူမ မျက်ခုံးတွန့်ကာ သူ့ကို နှစ်စက္ကန့်လောက် ကြည့်နေမိသေးသည်။ သေပါတော့…။ စကားလမ်းကြောင်းလွှဲမယ် ကြံပါမှ နောက်တစ်ခု တည့်တည့်တိုးရပြန်ပြီ။ သူမ မေ့လျော့နေခဲ့သော အပင်တစ်ပင်..။ အမှတ်တရ နေ့တစ်နေ့က သူက အုန်းထန်းပင်ပုလေး တစ်ပင်ဝယ်လာပြီး သူမကို ပြခဲ့သည်။ သူမအတွက် သူ့အိမ်ထဲမှာ စိုက်ထားမယ် ဆိုပဲ။ သူမက အပင်လေး မသေစေနဲ့ ရေမှန်မှန်လောင်းနော် လို့တောင် ဆိုလိုက်သေးသည်။

ပြီးခဲ့တာတွေ ပြီးသွားပြန်တော့ ဘယ်လိုအခြေအနေဖြစ်ဖြစ် လေးလေးစားစား ဆက်ဆံရေး ပျက်စရာမရှိခဲ့တဲ့ သူလိုလူတစ်ယောက်ဟာ အခုအချိန်မှာ သူမကို မရိုးဖြောင့်တဲ့ သဘောနဲ့ ဒါတွေ တမင်တကာ ပြောနေတာ မဟုတ်လို့ သူမက ယုံကြည်ပါသည်လေ။ ဟိုတုန်းကတည်းက ခေါင်းထဲက ဖယ်လိုက်သော ဘာကြောင့်လဲ ဆိုသည့် မေးခွန်းတစ်ခုကို အခုလည်း မစဉ်းစားချင်တော့ပါ။ ဒါပေမယ့်.. ဒါပေမယ့်.. မှောင်ရီရီ ညနေခင်းရဲ့ နှစ်ယောက်တည်း အချိန်တွေဟာ ဖမ်းစားတတ်တယ်ကွယ်။

ပြီးဆုံးသွားခဲ့တဲ့ ကာလတွေကတော့ ကိုယ်နဲ့ ချည်နှောင်ခဲ့တဲ့ တစ်ယောက်ဟာ တခြားသူအတွက် ဖြစ်သွားခဲ့တဲ့အခါ ခံစားပူလောင် မပျော်ရွှင်ခဲ့တဲ့ အချိန်တွေဟာ ဘာနဲ့မှ အလျော်အစား ပြန်ပေးလို့မရတာ သေချာလှပါသည်။ ဒီလိုပဲ အဲသည့်နောက်ပိုင်း အရောင်တွေ ကင်းမဲ့စွာ ဆက်လက်ခဲ့တဲ့ ဆက်ဆံရေးတွေဟာလည်း ခွင့်လွှတ် သဘောထားကြီးခြင်း ဆိုတဲ့ ကြီးကြီးကျယ်ကျယ် အရာမျိုးလို့ သေချာချင်မှ သေချာပေမယ့် မျှော်လင့်ချက် တစုံတရာ မပါတော့တာကိုတော့ သူ နားလည်စေချင်ပါသည်။

ကိုယ့်ရှေ့လမ်းအတွက် သူက အတားအဆီးတစ်ခု မဖြစ်ချင်ခဲ့ဘူးတဲ့လား။ သူမ မတွေးချင်ပါ။ သူ့အပေါ်မှာ ဘာမှ မမှားခဲ့ဘူး။ သူ့အကြောင်းပြချက်တွေကိုလည်း ခေါင်းထဲမှာ စိစစ်မနေတော့ဘူး။ သူ့စေတနာမှန်ခဲ့တယ် ဆိုရင်လည်း မှန်သလို ရောင်ပြန်ဟပ်ပါလိမ့်မယ်။ သူအပြစ်လုပ်ခဲ့ရင်လည်း သူခံစားရပါလိမ့်မယ်။

ဒီလို သဘောထားကို အနိုင်နိုင် တည်ဆောက်လို့ အားလုံးကို မေ့သွားစေမယ့် အချိန်တစ်ခုကို ဖြတ်ကျော်ပြီးသွားတဲ့ အခါကျပြန်တော့လည်း မိန်းကလေးတစ်ယောက်ရဲ့ တစုံတယောက်အပေါ် ခံစားခဲ့တဲ့ ရင်ခုန်သံတွေဟာ အံ့သြစရာကောင်းလောက်အောင် ခမ်းခြောက်သွားတတ်တယ် ဆိုတာ သူ သိပါလေစ။ ဒါပေမယ့် သူ့ရဲ့စိတ်ထဲမှာ သူမအတွက် နေရာသေးသေးလေးဖြစ်ဖြစ် တနေရာ ယူထားသေးတယ် ဆိုလျှင်တော့ဖြင့် သူမ အားတုံ့အားနာ စိတ်မကောင်းပါ။ သူဟာ ဖြစ်သင့်ဖြစ်ထိုက်တာ တစ်ခုကြောင့် ကိုယ့်လမ်း ကိုယ်လျှောက်ကြဖို့ ဦးဆောင်ဆုံးဖြတ်ခဲ့တယ် ဆိုလျှင် သူမအတွက် နောင်တလိုလို အမှတ်တရလိုလို ဖြစ်နေစရာ အကြောင်းမရှိ ဟုသာ မှတ်ယူချင်ပါသည်။

“ပြန်ကြမယ်လေ”

သူမ စပြီး စကားဆိုတော့ သူက နာရီကို တချက်ကြည့်လိုက်ပြီး အစောကြီး ရှိသေးတာပဲနော် ဟု ခပ်တိုးတိုးဆိုသည်။ ဒီစကားက သူမ ယခုပဲ ဆုံးဖြတ်မိသော အရာတစ်ခုကို ပိုခိုင်မာသွားစေသည်။

သူမ ထရပ်လိုက်ပြီး ငွေရှင်းရန် ပြင်တော့ သူက မဂ္ဂဇင်းစာအုပ်တွေကို ယူသွားဦးလေ ဟုဆိုသည်။ သူမက သြော်.. ဟုတ်သားပဲ ဟု ခပ်ပေါ့ပေါ့ ပြောကာ စားပွဲပေါ်က စာအုပ်တွေကိုလှမ်းယူက ကွန်ပြူတာအိတ်ထဲသို့ ထည့်ဖို့လုပ်လိုက်သည်။ အလုပ်ထဲက စာရွက်တွေနှင့် ပြည့်ကျပ်နေသော အိတ်ထဲမှာ စာအုပ် သုံးလေးအုပ်အတွက် နေရာမဆန့်ပါ။

“သြော်.. နေရာတောင် မဆန့်တော့ဘူး။ တစ်အုပ်ပဲ ယူသွားတော့မယ်လေ။ နမူနာပေါ့။ ဟိုစာအုပ်တွေကတာ့ နောက်ကြုံမှပဲ ပေးတော့ပေါ့နော်။”

သူမက သိပ်အလေးမထားပုံနှင့် အပေါ်ဆုံးက စာအုပ်တစ်အုပ်ကို ထိုးထည့်လိုက်ပြီး ကျန်တဲ့စာအုပ်တွေကို သူ့ဘက် ပြန်တွန်းပေးလိုက်တော့ သူမျက်နှာညိုသွားပုံမှာ သိသာလွန်းလှပါသည်။ သူမ မျက်နှာကို တဖက်သို့လှည့်ရင်း နှုတ်ခမ်းကို ဖွဖွကိုက်လိုက်ပါသည်။ တကယ်ဆို စာအုပ်တွေကို လက်က ကိုင်သွားလျှင်လည်း ရသားပဲ။ တကယ်ဆို .. တကယ်ဆို.. ဒါပေါ့လေ။ တကယ်ဆို အဲသည်လို ရွေးချယ်စရာ ရှိခဲ့တဲ့ အချိန်တွေမှာ လုပ်ခဲ့ရင် ရနိုင်ခဲ့တဲ့ အကြောင်းအရာတွေကို မလုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့ အခါမျိုးတွေမှာ…..။

နှစ်ယောက်သား ဘာစကားမှ မဆိုဖြစ်တော့ပဲ စားသောက်ဆိုင်ရှိရာ မြေအောက်ထပ်မှ လမ်းမပေါ်ကို လှေခါးအတိုင်း တက်လာခဲ့ကြသည်။ ကဲ.. သွားတော့မယ်နော်။ နောက်တော့ တွေ့ကြတာပေါ့။

လမ်းမရဲ့ ဟိုဘက်အခြမ်းကို ဖြတ်ကူးဖို့ စောင့်နေစဉ် သူ့ကို လှည့်မကြည့်ဖြစ်တော့ပါ။ အပြင်ဘက်မှာ တစိမ့်စိမ့်ရွာခဲ့သော မိုးကတော့ အသေအချာကို တိတ်သွားခဲ့ပြီလေ။





ပန်ဒိုရာ





Expand..

Monday, February 16, 2009

အချစ်၏ နောက်ဆက်တွဲ သို့မဟုတ် ဘလော့ဂ်များတွင် ကူးယူဖော်ပြခြင်း ပြဿနာ

ရှေ့ကပို့စ်မှာ မှတ်ချက်တွေ လာရေးသွားသူတွေကို ကျေးဇူးတင်ပါတယ်။ ကိုယ့်ရဲ့ ရပ်တည်ချက်ကို ဒီ့ထက်ပို ရှင်းရှင်းလင်းလင်း ရေးစရာလိုတယ် ထင်လို့ ဒီစာကို ထပ်ရေးလိုက်ပါတယ်။

ပထမဦးဆုံး ကောင်းကင်ကိုရဲ့ နောက်ဆက်တွဲပို့စ်ကနေ ညွှန်းချင်ပါတယ်။

ကောင်းကင်ကိုပြောတာကို သဘောတူပါတယ်။ သူတပါးစာကို ဘလော့ပေါ်မှာ ကူးယူဖော်ပြတဲ့ လူတိုင်းကို ခိုးတယ်လို့ ၀ါးလုံးရှည်နဲ့ ရမ်းလို့မရပါဘူး။ ပန်ဒိုရာရဲ့ ရှေ့က ပို့စ်မှာလည်း အတိအလင်း ရေးထားပါတယ်။ အဲဒီပို့စ်မှာ ကိုယ့်စာကို ဖော်ပြထားတဲ့ ဘလော့ဂ်တွေ စာရင်းရေးပြီးတဲ့အခါ မောင်သစ်ဆင်းဘလော့ဂ်က စာ (အခုတော့ ဖြေရှင်းပြီး) ကလွဲလို့ “အထက်က လင့်ခ်တွေကတော့ ဘယ်ကမှန်းမသိတဲ့ စာကို နှစ်သက်လို့ ပြန်ဖော်ပြရုံလို့ ယူဆရပါတယ်။” လို့ ရေးထားခဲ့တာပါ။ အပြစ်တင်မထားပါဘူး။

ကောင်းကင်ကိုက အုပ်စု လေးမျိုးခွဲပြသွားတယ်။


(၁) တစ်အုပ်စုက ခွင့်တောင်းသည်ဖြစ်စေ၊ ခွင့်မတောင်းသည် ဖြစ်စေ နာမည်တပ်ပေးတာပါ။

(၂) နောက်အုပ်စုက မေးလ်ထဲက ရလို့ ဖြစ်စေ တစ်ခြားတစ်နည်းနည်းနဲ့ ရလို့ ရေးသူ အမည်မသိတော့ပဲ တင်တာပါ။ ဒါပေမယ့် သူတို့ က ကိုယ်တိုင်ရေးမဟုတ်ကြောင်း အသိပေးထားပါတယ်။ မေးလ်ထဲက ရတာတို့ ၊Label မှာ from a site လို့ ရေးတာတို့ (သူတို့ အရင်ရက်တွေက ဖိုင်ကို saveလုပ် ပြီး မှ ဆိုဒ်နာမည်မမှတ်မိတော့လို့ ဖြစ်လိမ့်မယ်)


အထက်ကပြောခဲ့တဲ့ နှစ်အုပ်စုကို ပြဿနာရှိတယ်လို့ ပန်ဒိုရာလည်း မယူဆပါ။ ကိုယ့်စာကို နှစ်သက်ပြီး ဖြန့်ဝေပေးတာမို့လို့ ကျေးဇူးတင်ရမယ့် အုပ်စုပါ။ အုပ်စု ၂ အနေနဲ့ကတော့ စာရေးသူ ဘယ်သူလဲ သိသွားတဲ့အခါမှာ စာရေးသူနာမည်ကို ပြန်ဖော်ပြလိုက်လို့ရပါတယ်။

(၃) နံပါတ်သုံးအုပ်စုကတော့ ကလောင်ရှင် နာမည်လည်း မတပ်၊ သူ့ နာမည်လည်း မတပ်၊ ဘယ်က ရတယ်ဆိုတာကိုလည်း တုံးတိတိကြီးလုပ်ထားတာပါ။

ကောင်းကင်ကိုက သူတို့ကိုလည်း အပြစ်တင်မစောဖို့ ပြောထားပါတယ်။ ဒါလည်း သဘောတူပါတယ်။ တချို့ကတော့ ကိုယ်ရေးတယ် အထင်ခံရအောင် မရိုးမသား အသာငြိမ်နေတာ ဖြစ်နိုင်ပေမယ့် တချို့က တကယ်ကို ရိုးရိုးသားသားနဲ့ ဒီလို တခုခု ပြောရကောင်းမှန်း မသိလို့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဘယ်လိုသဘောထားလဲ ဆိုတာ ကိစ္စပေါ်မလာမချင်း အတပ်မပြောနိုင်ပါဘူး။ ရေးသူ ဘယ်သူလဲ သိရတဲ့အခါ ပို့စ်ကို ဖျက်ပစ်စရာ မလိုပါဘူး။ ရေးသူနာမည် တပ်ချင်ရင် တပ်လိုက်ရင် ပြီးပါပြီ။ ဒါကိုလည်း သေသေချာချာ နားလည်စေချင်တယ်။

(၄) ယူပြီး ကိုယ့်နာမည် တပ်ပစ်တာဖြစ်စေ၊ ပြင်ပစ်တာ ဖြစ်စေ အဲဒါတွေကိုတော့ လုံးဝ ပြင်းပြင်းထန်ထန် ဆန့် ကျင်ပါတယ်။

ဟုတ်ပါတယ်။ အခု ပြောနေကြတာက ဒီအခြေအနေကို အဓိကပါ။ အုပ်စု ၄ ရဲ့ လုပ်ရပ်ဟာ လက်ခံစရာ မရှိပါဘူး။ မရိုးသားတာ ပေါ်လွင်ပါတယ်။ ဒါတောင်မှ ပြင်ပစ်တယ် ဆိုတဲ့နေရာမှာ မူရင်းစာကို ဖော်ပြပြီး ဆင့်ပွားဖန်တီးတာပါလို့ ရိုးရိုးသားသား ပြောထားရင် လက်ခံနိုင်စရာ အကြောင်းရှိနိုင်ပါသေးတယ်။

နောက်ထပ် အုပ်စုတစ်ခု ထပ်ထည့်ချင်ပါတယ်။ အဲဒါကတော့ …

(၅) ဘလော့ဂ်ကို လာဖတ်ပြီးတဲ့အခါ ကူးယူပြီး forward mail နဲ့ စပြီး ပို့ကြတဲ့လူတွေပါပဲ။ အဲဒီ အုပ်စုကျတော့ ဘလော့ဂ်ပေါ်မှာ မြင်နေရမှာမဟုတ်ဘူး။ ဘယ်သူတွေမှန်းလည်း သိမှာမဟုတ်ဘူး။ သို့သော် သူတို့ကြောင့် နောက်ဆက်တွဲ ပြဿနာတွေကတော့ ဖြစ်သွားနိုင်တယ်။ သူတို့ကိုတော့ မသိနားမလည်ခဲ့လို့ ဆိုရင်လည်း နောက်တခါဆိုရင် ဖန်တီးသူတွေရဲ့ ကိုယ့်ဖန်တီးမှုတခု အပေါ် ထားတဲ့ သဘောထားကို ကိုယ်ချင်းစာတတ်အောင် ကြည့်စေချင်ပါတယ်။ forward လုံးဝ မလုပ်ရဘူးလို့ ပြောနေတာ မဟုတ်ပါဘူး။ ကိုယ်နှစ်သက်ရာတခုကို ဝေမျှချင်တယ်ဆိုတာ ကောင်းတဲ့စိတ် ဖြစ်ပါတယ်။ ဖန်တီးသူ သို့မဟုတ် ဘလော့ဂ်ရဲ့ လိပ်စာလေးနဲ့တကွ forward လုပ်ပေးစေချင်ပါတယ်။ ဒါဆိုရင် ဘယ်သူ့ကိုမှ မထိခိုက်စေပဲ အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ဝေမျှ လို့ရတယ်။

ဒီနေရာမှာ ဆက်ပြီး anonymous နာမည်နဲ့ အင်္ဂလိပ်လို ရေးသွားတဲ့ မှတ်ချက်နဲ့ ပတ်သက်လို့လည်း နည်းနည်း ရှင်းပြချင်ပါတယ်။ (ဒီလို ပြောလို့ အပြန်အလှန်တွေ ဖြစ်ကုန်ကြပဟဲ့ လို့လည်း မမှတ်လိုက်ကြပါနဲ့ဦး။ အဲဒါ အချင်းချင်း အားနာနေစရာ မလိုပဲ ပြောနိုင်ဆိုနိုင် ခင်မင်ရတဲ့ သူငယ်ချင်း တစ်ယောက်ပါ။)

သူပြောတာကို အားလုံးတော့ ပြန်မပြောတော့ပါ။ မှတ်ချက်မှာ ပြန်ဖတ်ကြည့်ပါ။ အနှစ်ချုပ်ရရင် .. ဒီလို မူပိုင်ခွင့်ဖောက်ဖျက်နေတာတွေဟာ ကူးစက် ရောဂါလိုပဲ မနိုင်နိုင်တဲ့စစ်ပွဲ ဖြစ်တယ်ပေါ့။ ဒါက ကိုယ်ကြီးပြင်းလာတဲ့ နိုင်ငံရဲ့ ပညာရေးနဲ့လည်း ဆိုင်သလို လူတွေရဲ့ စိတ်သဘာဝနဲ့ လည်း ဆိုင်တယ်။ ဖြစ်နေတာလည်း ကြာလှပြီ။ လူတွေအတော်များများဟာလည်း အစစ်မဟုတ်တဲ့ စီဒီတွေ၊ ဆော့်ဖ်ဝဲ တွေ၊ အလကား ဒေါင်းလုဒ် ရတဲ့ သီချင်းတွေ အီးဘွတ်ခ် တွေ စတာတွေကို သုံးစွဲနေကြတာပဲပေါ့လေ။ နာမည်ကြီးတဲ့ တခြားစာရေးသူ တွေဆီကလည်းကူးနေကြတာတွေ ဒုနဲ့ဒေးပါ။ အင်တာနက်မှာဆို လူတွေက အလကားရတယ်လို့ ထင်ကြတယ်။ ကူးကြတယ်။ ဒီတော့ ပန်ဒိုရာရယ် မနိုင်နိုင်တဲ့ စစ်ပွဲမှာ ကိုယ့်စာတွေ အယူခံရလို့ ခံစားနေမယ့်အစား မင်းစာတွေ ကောင်းနေလို့ သူများက ယူတာ ယူပါစေလား ပေါ့။ အရည်အသွေးကို အဓိကမထားတဲ့ ဘလော့ဂ်တွေဟာ သူ့ဘာသာ ကွယ်ပျောက်သွားမယ်ပေါ့။

ပြဿနာတွေကို ရောထွေးမပစ်စေလိုပါ။ သူငယ်ချင်း ပြောခဲ့တဲ့ ကိစ္စများဟာ တိုးတက်တဲ့ နိုင်ငံတွေမှာတောင် ဖိုရမ်တွေ အစည်းအဝေးတွေမှာ ဆွေးနွေးငြင်းခုံကြဆဲ။ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ကိုယ်တိုင်လည်း ခေါင်းခဲနေဆဲပါ။ တကယ် စိတ်ဝင်စားကြမယ် ဆိုရင်တော့ နိုင်ငံအဆင့် အမျိုးမျိုးမှာ မူပိုင်ခွင့် အမျိုးမျိုးရဲ့ စီးပွားရေး လူမှုရေး ဆက်နွယ်နေတဲ့ လက်ရှိ ပြဿနာတွေ အကြောင်းကို အချိန်ရရင် ရေးပေးချင်ပါတယ်။

အခုဟာကတော့ အလွန် အခြေခံကျတဲ့ ကျင့်ဝတ်တခု ကိစ္စကိုပဲ ပြောနေတာပါ။ ဒါကို စောစောက ကိစ္စတွေနဲ့ ယေဘုယျ မလုပ်စေချင်ပါ။ မူပိုင်ခွင့် ပြဿနာမျိုးစုံဟာ သူ့သဘာဝနဲ့သူ သီးခြားတည်ရှိပါတယ်။ ဥပမာ ပြောရရင်.. မောင်ကကြီးဟာ မိုက်ခရိုဆော့ဖ် အတု သုံးထားတဲ့အတွက် သူဖန်တီးထားတဲ့ ကဗျာတစ်ပုဒ်ကို မောင်ခခွေးကပိုင်တယ်လို့ ပြောနေတာ ငြိမ်ခံလိုက်ပါ .. ဆိုတာမျိုး ဆက်စပ်လို့မရပါ။

အခုပြောနေတာက …

သူများပိုင်ပစ္စည်းကို ကိုယ်ပိုင်ပစ္စည်းလို့ မပြောနဲ့။ ထင်အောင်လည်း မလုပ်နဲ့။ ….

ဒါလောက်ပါပဲ။ ဒီ့ထက်မပိုပါ။ ဒါဟာ လူတိုင်း လက်ခံနိုင်မယ့် အခြေခံ စောင့်စည်းမှု တခုလို့လည်း ယူဆပါတယ်။ ဖန်တီးသူတွေ စိတ်ပျက်မသွားစေဖို့ ဖန်တီးမှုတွေကို အားပေးဖို့အတွက် ဒီအသိုင်းအ၀ိုင်းလေးမှာ ဒီလောက်ကလေးကိုတော့ ထောက်ပြသင့်တယ် လို့လည်း ယုံကြည်ပါတယ်။ တချို့ကိစ္စတွေဟာ ပြောမှပဲ သိမယ်ဆိုရင် ပြောပြဖို့လိုအပ်ပါတယ်။

ဒီတော့ ကိုယ်က မသိလို့ဖြစ်စေ အမှတ်တမဲ့ဖြစ်စေ ကိုယ်ဖန်တီးတာ မဟုတ်တဲ့ တခုခုကို ကူးယူဖော်ပြမိတဲ့အခါ အထက်မှာ ပြောပြီးခဲ့တဲ့ ဘယ်အုပ်စုမှာ ပါနေသလဲဆိုတာ ကိုယ့်ဘာသာ ကြည့်ပါ။ ပန်ဒိုရာတို့ အခု လက်မခံနိုင်တာဟာ မရိုးသားသူများကိုသာ ဖြစ်ကြောင်းပါ။ ကိုယ့်ကို မရိုးမသားလို့ အထင်မခံရအောင် ကာကွယ်နိုင်တဲ့ နည်းလေးတွေကိုတော့ အကြံပြုထားဖူးပါတယ်။ သူများဟာလည်းမခိုးနဲ့ ကိုယ့်ဟာလည်း အခိုးမခံရစေနဲ့ ဆိုတဲ့ ပို့စ်မှာ ဖတ်နိုင်ပါတယ်။

နောက်ဆုံး ရှင်းပြချင်တာကတော့ ပန်ဒိုရာရဲ့ ဒီဘလော့မှာ ဖော်ပြထားတဲ့ စာတွေကို creative commons license 3.0 အောက်မှာ ထည့်ထားပြီးသားပါ။ side bar မှာတွေ့နိုင်ပါတယ်။ အဲဒါကတော့ ပန်ဒိုရာ ဘလော့ဂ်လိုမျိုး အခကြေးငွေနဲ့ မပတ်သက်တာ (အလကားဖြန့်ဝေတာ) ဆိုရင် ပန်ဒိုရာရေးတဲ့ ပို့စ်တွေကို စာရေးသူအမည် (ဖြစ်နိုင်ရင်တော့ ဘလော့ဂ်လင့်ခ်ကိုပါ) ဖော်ပြပြီး ပြန်ကူးယူ ဖော်ပြ ဖြန့်ဝေလို့ရပါတယ်။ ခွင့်လည်း တောင်းစရာ မလိုပါ။ စီးပွားရေးနဲ့ သက်ဆိုင်တဲ့ နေရာမှာ သုံးမယ်ဆိုမှသာ ခွင့်ပြုချက် အရင်ယူပါ။

ကျေးဇူးတင်ပါတယ်။ မရှင်းသေးရင်လည်း မှတ်ချက်ထပ်ရေးသွားလို့ ရပါတယ်။

ပန်ဒိုရာ



Expand..

Sunday, February 15, 2009

အချစ်တွေ အခိုးခံရတယ်

ကောင်းကင်ကို နဲ့ ကိုအောင်သာငယ် တို့က သူတို့ရဲ့ အချစ်ဆိုသည်မှာ ပို့စ်လေးတွေကို တခြားဘလော့ဂ်တွေမှာ ရေးသူအမည် မပါပဲ ဖော်ပြထားတာကို တွေ့တယ်လို့ ရေးကြတာနဲ့ ကိုယ်လည်းအားကျမခံ အချစ်ပို့စ်လေး ထဲက keyword တစ်ကြောင်းရိုက်ပြီး ရှာကြည့်လိုက်ပါတယ်။

ဂူဂယ်လ်မှာ ဒီလိုထွက်လာတယ်။



ဒါနဲ့ လိုက်ကြည့်လိုက်တော့ တချို့ကလည်း mail ကရတယ်လို့ ရေးထားကြတယ်။ multiply မှာလည်း အတော်များတာ တွေ့ရတယ်။ အချစ် (၁) ဆိုတဲ့ အပိုင်းလေး တစ်ပိုင်းတည်းကို ဖော်ပြထားတာမျိုးလည်း တွေ့ရပါတယ်။ စာရေးသူ ပန်ဒိုရာ ဆိုတာကိုတော့ ဖော်ပြထားတာ မတွေ့ပါဘူး။

http://beautifulsoul4all.multiply.com/journal/item/11 (မနောဖြူဆိုတဲ့ တစ်ယောက်ကတော့ သင့်တော်ရာပုံလေးတွေနဲ့တောင် ရှာဖွေတွဲဖက် တင်ထားလိုက်ပါသေးတယ်။း))

http://ahmayelattya.blogspot.com/2008/11/blog-post_33.html

http://vayotethotekha.ning.com/profiles/blogs/2516877:BlogPost:3532

http://phoewalone.blogspot.com/2008/10/blog-post_27.html


http://keaixiaoliu6.blogspot.com/2008/12/blog-post_22.html

http://groups.google.com/group/taunggyifamily-tgi/msg/bc0e54d1aa100f9f?

http://lartyar.multiply.com/journal


http://yp1357.ning.com/profiles/blogs/2659818:BlogPost:3996


http://toiletwall.ning.com/profiles/blogs/2387570:BlogPost:255614

http://shweknowledge.blogspot.com/2008/11/blog-post.html

အထက်က လင့်ခ်တွေကတော့ ဘယ်ကမှန်းမသိတဲ့ စာကို နှစ်သက်လို့ ပြန်ဖော်ပြရုံလို့ ယူဆရပါတယ်။

မောင်သစ်ဆင်း ဆိုတဲ့ ဘလော့ဂါရဲ့ ဒီပို့စ်မှာတော့ ပန်ဒိုရာရေးတဲ့ အချစ် (၁) ဆိုတာကို ရေးသူက အောင်ကိုကို လို့ကို အတိအလင်း ရေးထားပါတယ်။ အောင်ကိုကို ဆိုသူကလည်း သူ့စိတ်ကူးလေးပါ လို့ မှတ်ချက်မှာ ရေးသွားပါတယ်။ ပြောကိုမပြောချင်တော့ဘူး လို့ပဲ ပြောချင်ပါတယ်။ :)

http://thitsinn.blogspot.com/2008/10/blog-post_27.html






ကိုယ်ရေးတာတွေကို လူတွေကြိုက်တာကို စာရေးသူတိုင်း သဘောကျကြမှာပါ။ ကြိုက်လို့ လာဖတ်ပြီး ဖြန့်ဝေပေးသူကိုလည်း ကျေးဇူးတင်ကြမှာ အသေအချာပါပဲ။ ဒါပေမယ့် စာတစ်ခုလုံးကိုတောင် ကူးသွားပြီးမှ စာရေးသူ နာမည်ကို ဒါမှမဟုတ် ဘလော့ဂ်လင့်ခ်ကို ချန်ခဲ့တတ်တယ်ဆိုတာ ဘာကြောင့်ဆိုတာ မစဉ်းစားတတ်ပါဘူး။ ဆိုးတာက ကိုယ်မရေးပဲ ရေးသယောင် လုပ်ကြတာကို ပါ။

ပန်ဒိုရာရေးထားတဲ့ တခြားစာလေးတချို့ နောက်ထပ် နိုင်သလောက် google search ရှာကြည့်သေးတယ်။ ခုထိတော့ ထပ်မတွေ့သေးဘူး။ (လူကြိုက်မများတဲ့ သဘောပေါ့။ ၀မ်းနည်းလိုက်တာ။ :P)

ကော်ပီရိုက်နဲ့ ပတ်သက်တဲ့ ဒီအခြေခံကျင့်ဝတ်လေး ကိစ္စကို ပြောရပါများလို့လည်း အကျယ်မရေးချင်တော့ပါဘူး။ တခုလောက် မေတ္တာရပ်ခံချင်ပါတယ်။ နောက်တခါ forward မေးလ်တွေထဲမှာ စာရေးသူအမည်မပါပဲ ဖတ်စရာလေးတွေ ရောက်လာခဲ့ရင် ဘယ်သူရေးတာလဲ ဆိုတာကို ဖော်ပြဖို့ ပို့သူထံ အီးမေးလ် ပြန်ပို့ပေးဖို့ပါပဲ။ ဒါဆိုရင် အဆင့်ဆင့်နဲ့ ပထမဆုံး စာကို ကူးယူဖြန့်ဝေပေးသူဆီကို ရောက်နိုင်ပါတယ်။ အခုလို အဖြစ်မျိုးတွေ ထပ်မဖြစ်အောင် တတ်နိုင်သလောက် စမ်းကြည့်ကြရအောင်။

ဒီလိုမှ မဟုတ်ရင်တော့ ကိုယ်ရေးတဲ့စာမှန်း သေချာအောင် စာထဲမှာ စာရေးသူတွေ နာမည်ပါအောင် အမြဲ ထည့်ထည့် ရေးရတော့မယ် ထင်ပါရဲ့။ ဘာကို သွားသတိရသလဲဆိုတော့ နန်းတော်ရှေ့ ဆရာတင်ကိုပါ။ ဆရာတင်က သူသီချင်း စပ်တိုင်းမှာ သူ့နာမည် ပါအောင် ထည့်စပ်သတဲ့။ (အဲဒီ ခေတ်ကတည်းက ကော်ပီရိုက် အရှုပ်အရှင်း သတိပြုမိဟန် ပေါ်တယ်။ :)) လေဘာတီမမြရင်ရဲ့ အလှူ့ရှင် သီချင်း နောက်ဆုံးပိုဒ်ကလေးကို အထူး သတိရမိပါတယ်။

“နိုင်ငံကျော်ပါရှင် ပြိုင်စံပေါ်စရာမမြင် နန်းတော်ရှေ့က တင်
ဘယ်သူကတော့ ဘယ်လိုမြင်မြင် သူကတော့ တမျိုးထွင်ချင်
အလှူ့ရှင်မှန်း အားလုံးသိကြပါတယ် ရှင်
စာစီညွှန်ဖွဲ့ရင်… နာမည်အလွန်ထည့်ချင်”

(အခုလို စာမျိုးလေးတွေကိုလည်း email နဲ့ forward လုပ်ပေးရင် အထူးကျေးဇူးတင်တာပေါ့။ :))

ပန်ဒိုရာ


နောက်ဆက်တွဲ။ ။ မောင်သစ်ဆင်း ဘလော့ဂ်ပိုင်ရှင် က လာရောက် တောင်းပန်ဖြေရှင်းသွားလို့ ကျေးဇူးတင်ပါတယ်။ မှတ်ချက်ထဲမှာ ဖတ်ပါ။

Expand..

Saturday, February 14, 2009

Valentine

တစ်ယောက်တည်းသောသူအတွက်ပေးလိုက်တဲ့ကဒ်ကလေးပေါ့။ (ကြွားတယ် ထင်ပါနဲ့)



ဒါကတော့ကြည်ကြည်လင်လင်ချစ်ခင်ရသူတွေအားလုံးအတွက်ပါ။ (လာအော်မှာစိုးလို့အားလုံးကို မျက်နှာချိုသွေးလိုက်တာ)




မနှစ်ကတော့ ကဗျာလေးတစ်ပုဒ် ရေးဖြစ်ပါတယ်။

Expand..

Friday, February 13, 2009

ဗိုလ်ချုပ်



ဓာတ်ပုံကို မသက်ဝေ ထံမှ ရယူသည်။


တို့ဗိုလ်ချုပ်ပါ။

ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား.. တဲ့


နောက်ထပ်ပြောချင်တာတွေကတော့ ဒီစာမှာ ပြောချင်တာနဲ့ ဆင်တယ်။ အဲဒီမှာပဲ ဖတ်လိုက်ကြပါတော့။

Expand..

Wednesday, February 11, 2009

ပြည်ထောင်စုနေ့ တို့မမေ့

Expand..

ဖွဲ့တည်ရာ မဂ္ဂဇင်း အတွဲ (၁) အမှတ် (၆)


ဖွဲ့တည်ရာ မဂ္ဂဇင်း အတွဲ (၁) အမှတ် (၆) တစ်နှစ်ပြည့် အထူးထုတ် အဖြစ် ထွက်ပါပြီ။ အားပေးဖတ်ရှုဖို့ ဖွဲ့တည်ရာ မီဒီယာ ၀က်ဘ်ဆိုက်မှာ ယူနိုင်ပါတယ်။
http://existencemediagroup.com/

ပန်ဒိုရာရေးတဲ့ အပိုင်းအစများ လို့အမည်ရတဲ့ ၀တ္ထုလေး တစ်ပုဒ် ကိုလည်း ဖော်ပြထားပါတယ်။ ဘလော့ဂ်မှာ မတင်ရသေးတဲ့ အသစ်ပါ။ အောက်မှာ နမူနာ ပေးလိုက်ပါတယ်။
---


အပိုင်းအစများ



“ဒါဆို လူကြုံပစ္စည်း ပေးရင်း ညနေစာ အတူစားကြတာပေါ့”


သူ ဒီလို ပြောလာတော့ သူမက ပေါ့ပေါ့ပါးပါးပဲ လက်ခံလိုက်မိသည်လေ။ တွေ့ကြမယ့် နေ့မှာလည်း ခါတိုင်း ရုံးသွားနေကျလိုပဲ သပ်ရပ်သည့် ၀တ်စားဆင်ယင်မှုမှ လွဲ၍ ထူးထူးခြားခြား ခြယ်သခဲ့ခြင်းမျိုး မရှိခဲ့တာ အမှန်ဖြစ်ပါသည်။ ထိုနေ့က အလုပ်တွေ အိမ်ကိုပါလာ၍ စာရွက်စာတန်းများနှင့် ပြည့်နေသော ခပ်လေးလေး ကွန်ပြူတာအိတ်ကြီး တစ်လုံးကိုပင် ဒရွတ်တိုက်မတတ် ရုပ်ပျက်ဆင်းပျက် သယ်လာခဲ့သေးသည်ပဲ။


တကယ်တော့ သူမနှင့် သူ ပြန်ဆုံတွေ့ဖြစ်ကြတာ မကြာခဏဟု မဆိုနိုင်သလို မတွေ့တာကြာပြီ ဟုလည်း မဆိုနိုင်ပါ။ ပြီးခဲ့သော ခြောက်လခန့်ကလည်း ဒီနိုင်ငံလေးကို သူအလုပ်ကိစ္စ တစ်ခုနှင့် ရောက်လာတော့ သူ့ညီငယ်ရယ် သူမ၏ သူငယ်ချင်း တစ်ယောက်ရယ် နှင့်အတူ နေ့လည်စာ အတူ စားဖြစ်ကြရန် ကြုံခဲ့သေးသည်။ သူ့မိသားစုအတွက်တောင် သူမက လက်ဆောင်အချို့ ထည့်ပေးခဲ့သေးသည်။ သူမ တစ်နှစ်တစ်ခါလောက် အိမ်ပြန်တိုင်းလည်း သူနဲ့ အဆက်အသွယ် အပြတ်ကြီးမဟုတ်ပဲ ကြုံကြိုက်တိုင်း တွေ့ဆုံ နှုတ်ဆက်ဖြစ်သည်လေ။


Oriental House ဟူသော မြန်မာပိုင် စားသောက်ဆိုင်လေးကို မြန်မာတွေစုရပ်ဖြစ်တဲ့ သည်နေရာမှာ လာဖွင့်ထားခဲ့တာ မကြာသေး။ ဒီနေရာက လာရတာ လွယ်သလို တရုတ်စာ မြန်မာအစားအစာ စသည်ဖြင့် မျိုးစုံရနိုင်တာမို့ ဒီဆိုင်မှာ ချိန်းဆိုလိုက်ခဲ့သည်။ ဆိုင်ထောင့်က စားပွဲတစ်လုံးမှာ သူမကို တစ်ယောက်တည်း ထိုင်စောင့်နေသော သူ့ကို တွေ့လိုက်ရတော့မှသာ ဒီတစ်ခါ နှစ်ဦးတည်း အတူတူ ညစာ စားဖြစ်ကြတော့မှာပါလား ဆိုသည့် အသိက ခေါင်းထဲကို ၀င်လာတော့သည်။

ဆက်ဖတ်ရန် ဒီမှာ Download



Expand..

Saturday, February 7, 2009

စာအုပ်မျက်နှာဖုံး (စိတ်ပင်လယ်စာတန်း)

စာအုပ်အဖုံး အဟောင်းလေးတွေကို စိတ်ဝင်တစား လာအားပေးကြလို့ ကျေးဇူးတင်ပါတယ်။ အခုတခါတော့ အတော်များများ သိချင်မှ သိကြမယ့် စာအုပ်တစ်အုပ်ကို ပြလိုပါတယ်။ ဒီစာအုပ်ကို ပြန်ထုတ်ဝေဖို့တော့ မဖြစ်လောက်တော့ဘူး ထင်ပါတယ်။

၁၉၆၇ က ထုတ်ဝေခဲ့တဲ့ "စိတ်ပင်လယ် စာတန်း" ဆိုတဲ့ စာအုပ်လေးပါ။ စာရေးဆရာ အများစုဟာ မြန်မာစာနဲ့ ကျောင်းပြီးသူများ ဒါမှမဟုတ် မြန်မာစာဌာနက ဆရာများ ဖြစ်ကြပါတယ်။ အထဲမှာပါတဲ့ စာတွေကတော့ အက်ဆေးတွေဖြစ်ပါတယ်။

ထင်ရှားတဲ့ (ဆရာ) သိန်းသန်းထွန်း၊ ထင်လင်း၊ မင်းကျော်၊ မောင်ကိုယု၊ တက္ကသိုလ်မင်းမော်၊ မောင်ခင်မင်(ဓနုဖြူ)၊ အောင်သင်း၊ ဗမိုး၊ မောင်ထွန်းလူ၊ ဦးဆောက်ပန်း စတဲ့ ဆရာတွေရဲ့ အက်ဆေးတွေ ပါဝင်ပါတယ်။

အက်ဆေးကို မြန်မာလို ပြောရရင် ကျောင်းတွေမှာ စာစီစာကုံးလို့ ခေါ်ကြပေမယ့် အစမ်းစာ လို့ခေါ်တာလည်း တွေ့ဖူးတယ်။ ဥပမာ - ကိုရင်ဂျမ်း (ဆရာကြီးတင်မိုး) ၏ အစမ်းစာများ။ အခုဒီစာအုပ်မှာတော့ စာတန်း လို့သုံးထားတာကို တွေ့ရတယ်။ အခုတော့လည်း အက်ဆေးကို အက်ဆေးလို့ပဲ ခေါ်တာများတယ်။

နှစ်ပေါင်း ၃၀ ကျော် ကြာခဲ့ပေမယ့် စိတ်ပင်လယ်စာတန်း ထဲမှာ အခုအချိန်အထိ အတွေးအခေါ်ပိုင်းရော အရေးအသားပိုင်းမှာပါ ခေတ်မီလတ်ဆတ်နေတဲ့ (မော်ဒန်ဖြစ်နေတဲ့) အက်ဆေးတွေကို တွေ့ရတယ်။ မြန်မာစာနဲ့ ပတ်သက်လာရင် ကျောင်းကပြဌာန်းမထားပေမယ့် သင်ရိုးတွေလို သဘောထားပြီး ဖတ်ရှုလေ့လာခဲ့ရတဲ့ ကိုယ့်အိမ်မှာရှိတဲ့ စာအုပ်တွေထဲမှာ ပါတဲ့အတွက် စာဖတ်သူတွေကိုလည်း တကယ်ကို ဝေမျှချင်ပါတယ်။ အဆင်ပြေရင်တော့ တချို့ အက်ဆေးတွေ တင်ပေးကောင်း တင်ပေးဖြစ်မယ်။

ဒီစာအုပ်ကို စီစဉ်သူနဲ့ ဒီဇိုင်းဆွဲသူကတော့ ဦးဆောက်ပန်း ဖြစ်ပါတယ်။ ဦးဆောက်ပန်းဆိုတာ အထင်ကရ စာရေးဆရာတစ်ယောက်ရဲ့ ကလောင်ခွဲတစ်ခုပေါ့။ သူက စွယ်စုံတော်ပါတယ်။ ဘယ်သူလဲဆိုတာ သိကြမယ် ထင်ပါတယ်။ (ဒီတခါတော့ မသိလို့မေးတာမဟုတ်)။ လူငယ်တွေ အရင် ဖြေကြည့်မလား။ လူကြီး (အသက် ၄၀ အထက်) တွေ ဒီနေ့မဖြေပဲ မနက်ဖြန်မှ လာပြောရင် ကောင်းမယ်။ ဟဲ…။






(ဓာတ်ပုံတွေက ကိုယ်ပိုင်ပါ။ ပန်းချီပုံ ကော်ပီရိုက်နဲ့ ပတ်သက်လို့ ပိုင်ရှင်က ကန့်ကွက်မှု ပေါ်လာလျှင် အချိန်မရွေးဖြုတ်ပေးမည်။)

Expand..

Wednesday, February 4, 2009

လက်ဖြောင့်တပ်သား

မိုးလှိုင်ည ရေးတဲ့ စစ်ပွဲ ဆိုတဲ့ ကဗျာကိုဖတ်ဖြစ်တယ်။ ပြီးခဲ့တဲ့ တစ်လလောက်က စစ်ကားတွေကို ဆက်တိုက်ဆိုသလို ကြည့်ဖြစ်တာကို သတိရတယ်။ ဒုတိယကမ္ဘာစစ်ထဲက အကြောင်းတွေကို ရိုက်ထားတဲ့ ကားတွေလည်း ပါတာပေါ့။ စစ်ပွဲတစ်ပွဲမှာ ရှေ့တန်းကနေ လက်နက်ချင်း လူအင်အားချင်း အပြိုင်အဆိုင် သူသေကိုယ်ကြေ အော်ဟစ်တိုက်ရတာတွေရှိသလို အသံထွက်ဖို့ သိပ်မလိုတဲ့ နေရာတွေမှာ တာဝန်ယူရသူတွေကိုလည်း ခံစားကြည့်လိုက်တာပါ။




လက်ဖြောင့်တပ်သား

သူများတွေအလံကိုင်ချီတက်ရင်
ကြွနေတဲ့ပိုးတွေထိန်းထား
အမြောက်ဆန်မပါဘူး ဗုံးသံမပါဘူး
ဒီစစ်ပွဲက တိုးတိုးတိတ်တိတ်
စိတ်ငြိမ်ရတယ် သွေးအေးရတယ်
တိကျ လက်ယဉ်ရတယ်
အချိန်ရတိုင်း တောက်ပြောင်နေအောင် သွေးထားရမယ်
ပုတ်သင်ညိုလို အရောင်ပြောင်းနိုင်ရမယ်
သစ်တုံးတစ်တုံးလို မရွေ့တမ်းနေနိုင်ရမယ်
မျက်တောင်မခတ်နဲ့အိပ်မငိုက်နဲ့
အကွက်ကောင်းမှာ မလစ်စေနဲ့
လိုအပ်ရင် လူသေကောင်လို ပျော့ဖတ်အယောင်ဆောင်ရတယ်
ခြေနဲ့ကန်ကျောက် တက်နင်းသွားလည်း ခံ
သေချာအောင် အနီးကပ် ထပ်ပစ်သွားရင်တော့ ကံ
စောင့်နေရင်းနဲ့ပဲ လူမသိသူမသိ ဘ၀ကပြီးသွားနိုင်တယ်
ရွေးစရာကတော့ သိပ်မကျန်တတ်ဘူး
ဥပမာ…
ရှေ့မှာ ရန်သူ ငါးယောက်
လက်ထဲမှာက ကျည် ငါးတောင့်။

ပန်ဒိုရာ



Expand..

စာအုပ်မျက်နှာဖုံး (ခိုင်)

အလွန့်အလွန် အလုပ်များလို့ ခေါင်းမကြည်ဘူး။ စာမရေးနိုင်သေးဘူး ဖြစ်နေတယ်။ ၀တ္ထုစာအုပ် အဖုံး အဟောင်းလေးတွေကို မှတ်တမ်းတင်တဲ့အနေနဲ့ ဓာတ်ပုံရိုက်ထားတာကို တင်ပေးလိုက်ပါတယ်။ ဆရာတက္ကသိုလ် ဘုန်းနိုင်ရဲ့ သူငယ်ချင်းလို့ဘဲ ဆက်၍ခေါ်မည်ခိုင် ပထမအကြိမ်ထုတ် စာအုပ်တွေ ဖြစ်ပါတယ်။ မြစာပေက ထုတ်ထားတာ ဖြစ်ပါတယ်။ သဘောကျမိတာက အဲဒီခေတ်က စာလုံးဒီဇိုင်းတွေ။ အခုခေတ် ဖောင့်တွေထဲမှာ အဲဒါမျိုး ပြန်လုပ်ကြတာ မတွေ့ဖူးဘူး။ ပန်းချီဆရာကတော့ လက်မှတ် ပါပါတယ်။ ဘယ်သူလဲ သိရင် ပြောပါဦး။



အတွဲ ၁ (ရှေ့ဖုံး)





အတွဲ ၁ (နောက်ဖုံး)




အတွဲ ၁ (အတွင်းပထမစာမျက်နှာ)




အတွဲ ၂ (ရှေ့ဖုံး)




အတွဲ ၂ (နောက်ဖုံး)




အတွဲ ၃ (ရှေ့ဖုံး)
အတွဲ ၃ (နောက်ဖုံး) က အတွဲ ၂ (နောက်ဖုံး) ကပုံနဲ့ အတူတူပါပဲ။


(ဓာတ်ပုံတွေက ကိုယ်ပိုင်ပါ။ ပန်းချီပုံ ကော်ပီရိုက်နဲ့ ပတ်သက်လို့ ပိုင်ရှင်က ကန့်ကွက်မှု ပေါ်လာလျှင် အချိန်မရွေးဖြုတ်ပေးမည်။)



Expand..