Saturday, February 21, 2009

အပိုင်းအစများ

(ဖွဲ့တည်ရာက သရုပ်ဖော်ပုံလေး ပြန်ထည့်ပြီး ပို့စ်လေး ကို ရှေ့ပြန်တင်တာပါ။ :) အပိုင်းအစလေးတွေကို အုပ်မိနေလို့။ ပို့စ်အသစ်များ မကြာမီ လာပါမည်။ )




------


တနင်္လာနေ့ကို ရောက်လို့ အလုပ်ရှုပ်ပြန်ပါပြီ။ ခုတလော လာလည်သွားသူတွေ မှတ်ချက်ရေးသွားသူတွေကို ကျေးဇူးတင်ပါတယ်။ အားလုံးကို အချိန်ရတဲ့အခါ ပြန်ဖြေကြားပေးပါမယ်။ လောလောဆယ်တော့ ဖွဲ့တည်ရာ အတွဲ (၁) အမှတ် (၆) မှာ ဖော်ပြခဲ့တဲ့ ၀တ္ထုလေးကို တင်လိုက်ပါတယ်။ download လုပ်မရသူတွေ အဆင်ပြေစေဖို့ပါ။ (အလုပ်များလို့ ပုံလေးတောင် မထည့်နိုင်တော့ပါ။) ဖေဖေါ်ဝါရီလကုန်ပိုင်းရောက်ရင်တော့ နည်းနည်း အချိန်ပိုရလာမယ် ထင်ပါတယ်။ ၀တ္ထုခေါင်းစဉ်ကို မြင်တော့ ဂျစ်တူးကိုတောင် သတိရသွားမလားပဲ။ ဇာတ်လမ်းကတော့ ဂျစ်တူးနဲ့ မဆိုင်ပါ။ :P

-------------------



အပိုင်းအစများ


“ဒါဆို လူကြုံပစ္စည်း ပေးရင်း ညနေစာ အတူစားကြတာပေါ့”

သူ ဒီလို ပြောလာတော့ သူမက ပေါ့ပေါ့ပါးပါးပဲ လက်ခံလိုက်မိသည်လေ။ တွေ့ကြမယ့် နေ့မှာလည်း ခါတိုင်း ရုံးသွားနေကျလိုပဲ သပ်ရပ်သည့် ၀တ်စားဆင်ယင်မှုမှ လွဲ၍ ထူးထူးခြားခြား ခြယ်သခဲ့ခြင်းမျိုး မရှိခဲ့တာ အမှန်ဖြစ်ပါသည်။ ထိုနေ့က အလုပ်တွေ အိမ်ကိုပါလာ၍ စာရွက်စာတန်းများနှင့် ပြည့်နေသော ခပ်လေးလေး ကွန်ပြူတာအိတ်ကြီး တစ်လုံးကိုပင် ဒရွတ်တိုက်မတတ် ရုပ်ပျက်ဆင်းပျက် သယ်လာခဲ့သေးသည်ပဲ။

တကယ်တော့ သူမနှင့် သူ ပြန်ဆုံတွေ့ဖြစ်ကြတာ မကြာခဏဟု မဆိုနိုင်သလို မတွေ့တာကြာပြီ ဟုလည်း မဆိုနိုင်ပါ။ ပြီးခဲ့သော ခြောက်လခန့်ကလည်း ဒီနိုင်ငံလေးကို သူအလုပ်ကိစ္စ တစ်ခုနှင့် ရောက်လာတော့ သူ့ညီငယ်ရယ် သူမ၏ သူငယ်ချင်း တစ်ယောက်ရယ် နှင့်အတူ နေ့လည်စာ အတူ စားဖြစ်ကြရန် ကြုံခဲ့သေးသည်။ သူ့မိသားစုအတွက်တောင် သူမက လက်ဆောင်အချို့ ထည့်ပေးခဲ့သေးသည်။ သူမ တစ်နှစ်တစ်ခါလောက် အိမ်ပြန်တိုင်းလည်း သူနဲ့ အဆက်အသွယ် အပြတ်ကြီးမဟုတ်ပဲ ကြုံကြိုက်တိုင်း တွေ့ဆုံ နှုတ်ဆက်ဖြစ်သည်လေ။

Oriental House ဟူသော မြန်မာပိုင် စားသောက်ဆိုင်လေးကို မြန်မာတွေစုရပ်ဖြစ်တဲ့ သည်နေရာမှာ လာဖွင့်ထားခဲ့တာ မကြာသေး။ ဒီနေရာက လာရတာ လွယ်သလို တရုတ်စာ မြန်မာအစားအစာ စသည်ဖြင့် မျိုးစုံရနိုင်တာမို့ ဒီဆိုင်မှာ ချိန်းဆိုလိုက်ခဲ့သည်။ ဆိုင်ထောင့်က စားပွဲတစ်လုံးမှာ သူမကို တစ်ယောက်တည်း ထိုင်စောင့်နေသော သူ့ကို တွေ့လိုက်ရတော့မှသာ ဒီတစ်ခါ နှစ်ဦးတည်း အတူတူ ညစာ စားဖြစ်ကြတော့မှာပါလား ဆိုသည့် အသိက ခေါင်းထဲကို ၀င်လာတော့သည်။

“ဟိုင်း… ရောက်နေတာ ကြာပြီလား”


“ဟဲလို.. ရုံးဆင်းလာပြီပေါ့”

သမားရိုးကျ နှုတ်ဆက်မှုများဖြင့်သာ သူမတို့၏ တွေ့ဆုံမှုကို စတင် လိုက်ပါသည်။ သူက ပါလာသော အထုပ်တစ်ထုပ်ကို သူမကို ကမ်းပေးပါသည်။ ဒါက လူကြုံ ထည့်ပေးလိုက်တာတွေ ဟု ဆိုသည်။

“ဘာစားမလဲဟင်။ ကျွန်မ ကျွေးမယ်နော်။”

“မလုပ်ပါနဲ့ ကျွန်တော်ကျွေးမယ်။”

“မဟုတ်ဘူးလေ။ ဧည့်သည်ကို ကျွေးရမှာပေါ့။ မြန်မာပြည် ပြန်ရောက်တဲ့အခါ ပြန်ကျွေးပေါ့”

သည်အချိန်အထိတော့ သူမတို့ ကြားမှာ သာမန်မိတ်ဆွေတို့ ပြောလေ့ပြောထရှိသော စကားများဖြင့် ဘာမှ မထူးခြားလှပါ။

“ထမင်းပဲ စားကြမယ်လေ။ ထမင်းနဲ့ ဟင်းနဲ့ပဲ မှာကြတာပေါ့။”

သူက သည်လို အကြံပေးလာတော့ ကောင်းသားပဲ ဟုပြောရင်း သူမက ဟင်းစာရင်း စာအုပ်ကို ကောက်ကိုင်လိုက်ပါသည်။

“ငါး.. မှာလေ။ ဒီမှာ ကျွန်တော် တွေ့ထားတယ်။ ကကတစ် ဆိုရင် မကောင်းဘူးလား။”

သူမက ကြည့်မယ်လေဟု အမှတ်မဲ့ပင် ပြန်ပြောကာ ငါး စာမျက်နှာကို အသာ လျှပ်ကြည့်လိုက်ပြီးမှ နောက်တစ်ရွက်ကို လှန်သည်။

“အိုး.. Dry chili & minced pork တဲ့။ ကောင်းမယ့်ပုံပဲ ။ မှာမလားဟင်။”

“ကျွန်တော် pork မကြိုက်ဘူးလေ။ ငရုပ်သီးလည်း မစားဘူးလေ။”

ပြောရင်း သူ မျက်နှာ မသိမသာ ပျက်သွားတာကို တွေ့မှ သူမ ခေါင်းထဲ မီးလုံးတွေ တဖြတ်ဖြတ် လင်းသွားသည်။ သေတော့မှာပဲ..။ တကယ်ဆို ဟိုးလွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ကာလ တွေက သူနဲ့ အကြိမ်ကြိမ် သွားခဲ့ စားခဲ့စဉ် သူဘယ်လို အရသာ အချိုအချဉ် အပေါ့အငန် ကအစ ကြိုက်တတ်သလဲ မှတ်သားလို့ အသေးစိတ် ဂရုစိုက်ခဲ့ဖူးတဲ့ မိန်းကလေးတစ်ယောက်ဟာ အခုတော့ သူ ဘာမစားသလဲ ဆိုတဲ့ အခြေခံလေးတွေကိုတောင်မှ မေ့လျော့နေခဲ့ပြီ။

ဘာကြောင့် ငါးကို အတင်း မှာခိုင်းနေသလဲ ဆိုတာလည်း သူမ အခုမှ တွေးမိသွားတော့သည်။ ကြည့်စမ်း။ အဲသည်အချိန်တွေက သူမ ဘာကြိုက်တတ်မှန်း သူက အသေအချာ မသိတဲ့အခါ စိတ်ကောက်ခဲ့ဖူးတာ။ ငါးကို ကြိုက်တယ်။ ငါးထဲမှာမှ ကကတစ်ဆိုရင် ဘယ်လိုချက်ချက် ကြော်ကြော် သိပ်ကြိုက်တာ လို့ သူမ မကြာခဏ ပြောပြမိတာ။ ဒါကို သူ အခုအထိများ မှတ်ထားလေသလားဟင်။ ဒါပေမယ့်လေ… ဆယ်နှစ်လောက် အချိန်တွေ ကြာသွားတဲ့အခါ တချို့ အကြိုက်တွေ ပြောင်းသွားတတ်တယ် ဆိုတာ သူသိအောင် သူမ ဘယ်လို ပြောပြရပါ့။

ငါးပေါင်း၊ ကြက်တောင်ပံကြော်၊ အရွက်ကြော်တချို့၊ ဟင်းချို.. မှာထားတဲ့ဟင်းတွေ ရောက်မလာခင်မှာ ဘာဆက်ပြောရမလဲ လို့ခေါင်းထဲမှာ စဉ်းစားနေမိသည် ။ တကယ်ဆို ဒီလူကြုံပစ္စည်းကို လာမယူခင် အခုလို နှစ်ယောက်တည်း မျက်နှာချင်းဆိုင် စားဖို့ ကြုံရမယ့် အရေးကို သူမ ကြိုစဉ်းစားသင့်ခဲ့ပါသည်။

အပြင်ဘက်မှာ မိုးတွေ ရွာနေသည် ထင်သည်။ ဆိုင်ထဲကို ၀င်လာသော လူတစ်ဦးစ နှစ်ဦးစ ကိုင်လာသော ထီးကလေးများ စိုနေသည်ကို တွေ့လိုက်ရသည်။ သည်လို မိုးရွာတုန်း အိမ်ပြန် နောက်ကျသွားတတ်တဲ့ ရုံးဆင်းချိန် ညနေမျိုးမှာ…. ညရဲ့ လျှပ်စစ်မီးရောင်တွေ အောက်မှာ မိုးရေစိုရွှဲနေတဲ့ ကတ္တရာလမ်းမတွေပေါ်က ကားဘီးပွတ်တိုက်သံသဲ့သဲ့ကို ကြားလိုက်သလိုလို…။ သူမ ခေါင်းခါရမ်းလိုက်ပါသည်။

“သားလေးက ကျောင်းတက်နေပြီပေါ့”

အခုလိုအချိန်မှာ ဒါဟာ အကောင်းဆုံး စကားခေါင်းစဉ် တစ်ခုဖြစ်မည်။

“သားလား။ ဒီနှစ် သူငယ်တန်း စတက်နေပြီလေ။ အခု အိမ်မှာတောင် အင်္ဂလိပ်လို တော်တော်ပြောနေပြီ”

ပြောရင်း သူ့မျက်နှာက ပြုံးလာသည်။ သားလေးကို အကောင်းဆုံး ကျောင်းမှာ သူ ထားမှာပေါ့။ သူ့သားလေးကို တော်တော်ချစ်မှာပါ။ သူ့သားလေးကို.. သူ့မိသားစုကို.. အင်း.. သူ့အမျိုးသမီးကိုရော နေမှာပေါ့။ တကယ်တော့ သူက စိတ်ထားနူးညံ့သူ ချစ်တတ်သူ တစ်ယောက်ပဲမဟုတ်လား။

ဒီလို နူးညံ့သူ တစ်ယောက်က ငြိတွယ်ခိုင်မာခဲ့တဲ့ ကြိုးစလေးတွေကို အပိုင်းပိုင်း ပြတ်သွားခဲ့အောင် စပြီး ဖြတ်တောက်ရက်လိမ့်မယ် ဆိုတာ ဘယ်သူက ယုံနိုင်မှာတဲ့လဲ။ ဒီတုန်းက သူ့ပခုံးပေါ်မှာ နောက်ဆုံးအကြိမ် မှီတွယ်ရင်း သူမ ကျခဲ့တဲ့ မျက်ရည်တွေဟာ နာကျင်မှုတွေနဲ့ ပြည့်နှက်ခါးသီးနေခဲ့သည်။

“မင်းရှေ့လျှောက်ရမယ့်လမ်းဟာ ကိုယ်လျှောက်မယ့်လမ်းနဲ့ မတူနိုင်တဲ့အခါ မင်းဘ၀ တိုးတက်ရာလမ်းမှာ ကိုယ်ဟာ အတားအဆီး မဖြစ်ချင်သလို ကိုယ်လည်း ဖြစ်သင့်တဲ့ ဘ၀တစ်ခုကို ဆက်တည်ဆောက်ရဦးမယ်။”

ဒီစကားတွေဟာ တခြားတစ်ယောက်နဲ့အတူ သူ ထူထောင်တော့မယ့် ဘ၀အတွက် လုံလောက်တဲ့ အကြောင်းပြချက်တွေ ဟုတ်မဟုတ် သူမ စဉ်းစားမနေတော့ဘဲ သူ့ကို အနှောင့်အယှက်မရှိ ထွက်သွားခွင့်ပြုခဲ့သည်။ သူမရဲ့ နေ့စဉ်မှတ်တမ်း စာအုပ်လေးထဲက စာမျက်နှာတစ်ရွက်မှာ သွေးရူးသွေးတန်း ရေးမှတ်ခဲ့သော စာကြောင်းတစ်ကြောင်းသာ ကျန်ရစ်ခဲ့သည်လေ။

သတ္တိမရှိသူမှာ အချစ်ဆိုတာ မရှိပါဘူး။ အချစ်မရှိသူမှာ သစ္စာဆိုတာလည်း မရှိဘူး။

“စားဦးလေ ဟင်းတွေအေးကုန်မယ်”

သူက သူမ ပန်းကန်ထဲကို ဟင်းတချို့ ခပ်ထည့်ပေးမလို လုပ်တော့ သူမက ဦးအောင် ကိုယ့်ဘာသာ မြန်မြန် ခပ်ထည့်လိုက်ပါသည်။ သည်တခါ စားတဲ့ ညစာဟာ သူမအတွက် အနှောင့်အယှက် ၀င်နေသလို ဖိစီးမှုတစ်ခုနဲ့ ဘယ်လိုမှ အရသာ ခံစားလို့ မရအောင် ဖြစ်နေတာ ကိုယ့်ကိုယ်ကိုလည်း အံ့သြမိသည်။ တကယ်ဆိုရင် ဆယ်နှစ်အတွင်းမှာ အခုလို ပထမဆုံး သူနဲ့ နှစ်ယောက်တည်း အတူတူ ညစာစားဖြစ်ခဲ့ချိန်မှာ သူမဟာ အရင်လို တက်ကြွပျော်ရွှင် နေတာမျိုး မဖြစ်တော့တောင်မှ ဒီလောက် အေးစက်စက် မသက်မသာတော့ ဖြစ်မနေသင့်လေ။ မိသားစုအကြောင်း အလုပ်အကြောင်း ရောက်တတ်ရာရာ ပြောရင်း သွက်သွက်စားမိတဲ့ ညစာ အပြီးမှာတော့ အိမ်ပြန်သင့်တဲ့ အချိန် ရောက်ပြီ။

“သြော်.. ပေးစရာ ရှိသေးတယ် သိလား”

သူက သူ့အိတ်ထဲက မြန်မာမဂ္ဂဇင်း သုံးလေးအုပ်ကို ထုတ်ကာ ကမ်းပေးပြီး ကျွန်တော့်ဆောင်းပါးလေးတွေ ပါတဲ့ မဂ္ဂဇင်းတွေပါ။ အားတဲ့အခါ ဖတ်ကြည့်ပေါ့ ဟု ပြောသည်။

အိုး.. စာတွေရေးဖြစ်နေလား။ သူမ လှိုက်ခနဲ ၀မ်းသာစွာ ရုတ်တရက် ပြောလိုက်သည်။ သူနဲ့ သူမတို့နှစ်ဦးကြားက ကြိုးမျှင်လေးတွေ နေရောင်အောက်မှာ တလက်လက် လှုပ်ခတ်နေခဲ့တဲ့ ကာလတွေတုန်းကတော့ ၀ါသနာတူသူတွေပီပီ စာအုပ်တွေအကြောင်း တမေ့တမော ပြောခဲ့ကြတာတွေ… သူမ ရေးထားတဲ့ ကဗျာတွေ စာတွေ သူ့ကိုပေးဖတ်ခဲ့တာတွေ.. လေ။ သူကတော့ ရသစာပေတွေထက် သူ့အလုပ်နှင့် ပတ်သက်သော သူလည်းလေ့လာခဲ့သော သစ်ပင်တွေနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ ရေးချင်သတဲ့။ အဲဒီအခါကျရင် ကိုယ့်အတွက် အယ်ဒီတာ လုပ်ပေး သိလား လို့ပြောရင်း ကြည်ကြည်နူးနူး ရယ်မောခဲ့တဲ့ အချိန်တွေ ရှိခဲ့ဖူးတာပေါ့။

သူမ စာအုပ်တစ်အုပ်ကို ကောက်ကိုင်ကာ တဖြတ်ဖြတ် လှန်လိုက်သည်။ ပတ်ဝန်းကျင် ကဏ္ဍ ဆိုတဲ့ အောက်မှာ သစ်ပင်တွေအကြောင်း ရေးထားတဲ့ ကျွန်တော့် ဆောင်းပါး ပါတယ် ဟု သူက လှမ်းပြောသည်။

မာတိကာ မှာ မြင်လိုက်ရသော ကလောင်နာမည် က သူမကို တအံ့တသြ မျက်ခုံးပင့် သွားစေသည်။ အို… သူ့နာမည်ရင်း တစ်လုံးရဲ့နောက်မှာ ရှားပါးစာလုံး တစ်လုံးဖြစ်တဲ့ သူမရဲ့နာမည်ကို ပေါင်းထည့်ထားတဲ့ ကလောင်နာမည်ဟာ ဘာသဘောလဲ။ အိမ်ပြန်ရောက်မှ ဒီမဂ္ဂဇင်းတွေကို ဖွင့်ကြည့်လိုက်ရ ကောင်းသား..။ အခုတော့ သူ့ရှေ့မှောက်မှာပဲ ဒီလိုနာမည်ကို မြင်လိုက်တဲ့အခါမှာ …. ။

အပင်တွေ စိုက်ဖြစ်သေးလား ဟု စာအုပ်ကို ပြန်ပိတ်ကာ သူမက မေးလိုက်ပါသည်။

“အင်း.. Indoor ပင်လေးတွေတော့ စိုက်ဖြစ်ပါသေးတယ်။ ဟိုတခါ စိုက်ထားတဲ့ အပင်လေးတောင် ရှင်နေသေးတယ်လေ..”

ဟိုတခါ စိုက်ထားတဲ့အပင်။ သူမ မျက်ခုံးတွန့်ကာ သူ့ကို နှစ်စက္ကန့်လောက် ကြည့်နေမိသေးသည်။ သေပါတော့…။ စကားလမ်းကြောင်းလွှဲမယ် ကြံပါမှ နောက်တစ်ခု တည့်တည့်တိုးရပြန်ပြီ။ သူမ မေ့လျော့နေခဲ့သော အပင်တစ်ပင်..။ အမှတ်တရ နေ့တစ်နေ့က သူက အုန်းထန်းပင်ပုလေး တစ်ပင်ဝယ်လာပြီး သူမကို ပြခဲ့သည်။ သူမအတွက် သူ့အိမ်ထဲမှာ စိုက်ထားမယ် ဆိုပဲ။ သူမက အပင်လေး မသေစေနဲ့ ရေမှန်မှန်လောင်းနော် လို့တောင် ဆိုလိုက်သေးသည်။

ပြီးခဲ့တာတွေ ပြီးသွားပြန်တော့ ဘယ်လိုအခြေအနေဖြစ်ဖြစ် လေးလေးစားစား ဆက်ဆံရေး ပျက်စရာမရှိခဲ့တဲ့ သူလိုလူတစ်ယောက်ဟာ အခုအချိန်မှာ သူမကို မရိုးဖြောင့်တဲ့ သဘောနဲ့ ဒါတွေ တမင်တကာ ပြောနေတာ မဟုတ်လို့ သူမက ယုံကြည်ပါသည်လေ။ ဟိုတုန်းကတည်းက ခေါင်းထဲက ဖယ်လိုက်သော ဘာကြောင့်လဲ ဆိုသည့် မေးခွန်းတစ်ခုကို အခုလည်း မစဉ်းစားချင်တော့ပါ။ ဒါပေမယ့်.. ဒါပေမယ့်.. မှောင်ရီရီ ညနေခင်းရဲ့ နှစ်ယောက်တည်း အချိန်တွေဟာ ဖမ်းစားတတ်တယ်ကွယ်။

ပြီးဆုံးသွားခဲ့တဲ့ ကာလတွေကတော့ ကိုယ်နဲ့ ချည်နှောင်ခဲ့တဲ့ တစ်ယောက်ဟာ တခြားသူအတွက် ဖြစ်သွားခဲ့တဲ့အခါ ခံစားပူလောင် မပျော်ရွှင်ခဲ့တဲ့ အချိန်တွေဟာ ဘာနဲ့မှ အလျော်အစား ပြန်ပေးလို့မရတာ သေချာလှပါသည်။ ဒီလိုပဲ အဲသည့်နောက်ပိုင်း အရောင်တွေ ကင်းမဲ့စွာ ဆက်လက်ခဲ့တဲ့ ဆက်ဆံရေးတွေဟာလည်း ခွင့်လွှတ် သဘောထားကြီးခြင်း ဆိုတဲ့ ကြီးကြီးကျယ်ကျယ် အရာမျိုးလို့ သေချာချင်မှ သေချာပေမယ့် မျှော်လင့်ချက် တစုံတရာ မပါတော့တာကိုတော့ သူ နားလည်စေချင်ပါသည်။

ကိုယ့်ရှေ့လမ်းအတွက် သူက အတားအဆီးတစ်ခု မဖြစ်ချင်ခဲ့ဘူးတဲ့လား။ သူမ မတွေးချင်ပါ။ သူ့အပေါ်မှာ ဘာမှ မမှားခဲ့ဘူး။ သူ့အကြောင်းပြချက်တွေကိုလည်း ခေါင်းထဲမှာ စိစစ်မနေတော့ဘူး။ သူ့စေတနာမှန်ခဲ့တယ် ဆိုရင်လည်း မှန်သလို ရောင်ပြန်ဟပ်ပါလိမ့်မယ်။ သူအပြစ်လုပ်ခဲ့ရင်လည်း သူခံစားရပါလိမ့်မယ်။

ဒီလို သဘောထားကို အနိုင်နိုင် တည်ဆောက်လို့ အားလုံးကို မေ့သွားစေမယ့် အချိန်တစ်ခုကို ဖြတ်ကျော်ပြီးသွားတဲ့ အခါကျပြန်တော့လည်း မိန်းကလေးတစ်ယောက်ရဲ့ တစုံတယောက်အပေါ် ခံစားခဲ့တဲ့ ရင်ခုန်သံတွေဟာ အံ့သြစရာကောင်းလောက်အောင် ခမ်းခြောက်သွားတတ်တယ် ဆိုတာ သူ သိပါလေစ။ ဒါပေမယ့် သူ့ရဲ့စိတ်ထဲမှာ သူမအတွက် နေရာသေးသေးလေးဖြစ်ဖြစ် တနေရာ ယူထားသေးတယ် ဆိုလျှင်တော့ဖြင့် သူမ အားတုံ့အားနာ စိတ်မကောင်းပါ။ သူဟာ ဖြစ်သင့်ဖြစ်ထိုက်တာ တစ်ခုကြောင့် ကိုယ့်လမ်း ကိုယ်လျှောက်ကြဖို့ ဦးဆောင်ဆုံးဖြတ်ခဲ့တယ် ဆိုလျှင် သူမအတွက် နောင်တလိုလို အမှတ်တရလိုလို ဖြစ်နေစရာ အကြောင်းမရှိ ဟုသာ မှတ်ယူချင်ပါသည်။

“ပြန်ကြမယ်လေ”

သူမ စပြီး စကားဆိုတော့ သူက နာရီကို တချက်ကြည့်လိုက်ပြီး အစောကြီး ရှိသေးတာပဲနော် ဟု ခပ်တိုးတိုးဆိုသည်။ ဒီစကားက သူမ ယခုပဲ ဆုံးဖြတ်မိသော အရာတစ်ခုကို ပိုခိုင်မာသွားစေသည်။

သူမ ထရပ်လိုက်ပြီး ငွေရှင်းရန် ပြင်တော့ သူက မဂ္ဂဇင်းစာအုပ်တွေကို ယူသွားဦးလေ ဟုဆိုသည်။ သူမက သြော်.. ဟုတ်သားပဲ ဟု ခပ်ပေါ့ပေါ့ ပြောကာ စားပွဲပေါ်က စာအုပ်တွေကိုလှမ်းယူက ကွန်ပြူတာအိတ်ထဲသို့ ထည့်ဖို့လုပ်လိုက်သည်။ အလုပ်ထဲက စာရွက်တွေနှင့် ပြည့်ကျပ်နေသော အိတ်ထဲမှာ စာအုပ် သုံးလေးအုပ်အတွက် နေရာမဆန့်ပါ။

“သြော်.. နေရာတောင် မဆန့်တော့ဘူး။ တစ်အုပ်ပဲ ယူသွားတော့မယ်လေ။ နမူနာပေါ့။ ဟိုစာအုပ်တွေကတာ့ နောက်ကြုံမှပဲ ပေးတော့ပေါ့နော်။”

သူမက သိပ်အလေးမထားပုံနှင့် အပေါ်ဆုံးက စာအုပ်တစ်အုပ်ကို ထိုးထည့်လိုက်ပြီး ကျန်တဲ့စာအုပ်တွေကို သူ့ဘက် ပြန်တွန်းပေးလိုက်တော့ သူမျက်နှာညိုသွားပုံမှာ သိသာလွန်းလှပါသည်။ သူမ မျက်နှာကို တဖက်သို့လှည့်ရင်း နှုတ်ခမ်းကို ဖွဖွကိုက်လိုက်ပါသည်။ တကယ်ဆို စာအုပ်တွေကို လက်က ကိုင်သွားလျှင်လည်း ရသားပဲ။ တကယ်ဆို .. တကယ်ဆို.. ဒါပေါ့လေ။ တကယ်ဆို အဲသည်လို ရွေးချယ်စရာ ရှိခဲ့တဲ့ အချိန်တွေမှာ လုပ်ခဲ့ရင် ရနိုင်ခဲ့တဲ့ အကြောင်းအရာတွေကို မလုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့ အခါမျိုးတွေမှာ…..။

နှစ်ယောက်သား ဘာစကားမှ မဆိုဖြစ်တော့ပဲ စားသောက်ဆိုင်ရှိရာ မြေအောက်ထပ်မှ လမ်းမပေါ်ကို လှေခါးအတိုင်း တက်လာခဲ့ကြသည်။ ကဲ.. သွားတော့မယ်နော်။ နောက်တော့ တွေ့ကြတာပေါ့။

လမ်းမရဲ့ ဟိုဘက်အခြမ်းကို ဖြတ်ကူးဖို့ စောင့်နေစဉ် သူ့ကို လှည့်မကြည့်ဖြစ်တော့ပါ။ အပြင်ဘက်မှာ တစိမ့်စိမ့်ရွာခဲ့သော မိုးကတော့ အသေအချာကို တိတ်သွားခဲ့ပြီလေ။





ပန်ဒိုရာ





22 comments:

Anonymous said...

အချိန်နည်းနေလို့ ခပ်သုတ်သုတ်လေး တစ်ခေါက်ဖတ် သွားပါတယ် ။ နောက်တစ်ခေါက်လာဖတ်ပါဦးမယ် ။ လောလော ဆယ်ပြောနိုင်တာကတော့ `သိပ်ကောင်းတယ်´ ။ဒီလောက်ပါပဲ ။ :)

မီယာ said...

ဖတ်ရတာတောင် မ၀ဘူး မပန်... အဆက်ရှိဦးမှာလား

Unknown said...

မိုးတွေ တိတ်သွားပြီတဲ့လား အစ်မရယ်....။ တကယ်ဗျာ ဖတ်ပြီးတော့ ရင်ထဲမှာ တစ်မျိုးကြီးပဲ...။ ကျွန်တော် အစ်မပို့စ်ကို ဖတ်နေတုန်း Step ရဲ့ Heartbeat ဆိုတဲ့သီချင်းကိုနားထောင်နေတာ...။ ရင်ထဲကို ပိုနက်နက်ရှိုင်းရှိုင်း ၀င်သွားသလိုခံစားလိုက်ရတယ်...။

Anonymous said...

ဖတ်ပီးသားကို ထပ်ဖတ်သွားတယ်...
ကောင်းပြီးသားကို ကောင်းတယ်လို့ ထပ်ပြောသွားတယ်...း)

မိုးဆိုတာမျိုးကလည်း ရွာချင်တဲ့ အချိန်
ရွာချင်တဲ့ နေရာမျိုးမှာ ရွာတတ်တာကိုးလေ... နော..

ATN

ဆောင်းယွန်းလ said...

ပြန်မဆက်နိုင်တော့တဲ့ အပိုင်းအစများပေါ့...
ဖတ်ပြီး အဆုံးမှာ မောသွားတယ် မပန်ရေ...

Nu Thwe said...

အမြန် ဖတ်သွားပါတယ်။ သူ့ဖာသာသူ ရွေးချယ်သွားတဲ့ လမ်းကနေ ခုမှ ဘာလို့ ငဲ့စောင်းချင်ရတာလဲလို့ တွေးရင်း မပန်ရဲ့ ဇာတ်ကောင်အမျိုးသားကို ဒေါသထွက်နေမိတယ်။ အရေးကောင်းတာကြောင့်ရော၊ မပြတ်သားသူများရဲ့ အနာဟောင်းပြန်ဆွတတ်မှုတွေကို ကြားဖူးနေတာကြောင့်ရော ဖြစ်မယ် ထင်ရဲ့။ စိတ်ပျက်စရာ။ အဲသလို စိတ်ဓာတ် မခိုင်မာမှုနဲ့ နိမ့်ကျတဲ့ အကျင့် ရှိသူများကို stupid လို့ သတ်မှတ်မယ်ဆိုရင်
ဒီလိုလူစားမျိုး ပြန်အလာကို (တလွဲ သဘောထားကြီးစွာ) လက်ခံသူများကို more stupid လို့ ခေါ်ရပါလိမ့်မယ်။ မပန်ရဲ့ ဇာတ်ကောင်အမျိုးသမီးရဲ့ ပြတ်သားမှုကို ကြိုက်တယ်။ ဒီလိုပဲ ဖြစ်ရမှာပေါ့။ ဘာမှ သနားစရာအကြောင်း မရှိဘူး။

MANORHARY said...

အဟမ်း..တို့ကတော့ဝတ္ထုကိုဝတ္ထုလိုပဲဖတ်သွားတယ်နော်
တကယ်အရေးအသားကောင်းလေတော့ ခံစားမှုတွေ
တကယ်ပါသလားထင်ရတာပေါ့..း)
'သတ္တိမရှိသူမှာ အချစ်ဆိုတာ မရှိပါဘူး။ အချစ်မရှိသူမှာ သစ္စာဆိုတာလည်း မရှိဘူး။'...တဲ့လာ
ကြိုက်တယ်။တစ်ခါတစ်ခါကျတော့ကိုယ်ကသတ္တိရှိလိုက်
တာပဲ..တစ်ဖက်ကသတ္တိကြောင်စွာကိုယ့်ဆီလွဲမှားရောက်
လာခဲ့ရင်တော့...
..............................

Anonymous said...

ရသမြောက်သော စာကောင်းလေးကို ခံစားသွားပါတယ်။ လေးစား အားပေးလျက်ပါ...

Anonymous said...

အရမ်းကောင်းတယ် ။ အခုအဲဒီလိုမျိုးခံစားနေရတယ် ။ ချစ်သူကလက်ထက်တော့မှာ ... (အခြားသူနဲ့လေ ) ။တကယ်ကိုကောင်းပါတယ်။

Anonymous said...

အပိုင်းအစများကို ပို့စ်အဖြစ်တင်ပေးလို့ ကျေးဇူးပဲ မပန်.. ဒီလိုအချိန်မှာ ဒီလိုမျိုးပဲ ဆုံးဖြတ် ရမှာပေါ့နော်..ထပ်တူခံစားသွားပါတယ်

သက်ဝေ said...

သတ္တိမရှိသူမှာ အချစ်ဆိုတာ မရှိပါဘူး... ဆိုတဲ့ စကားကို “သွေးရူးသွေးတန်း” ရေးမှတ်ခဲ့သော
ဆိုတဲ့ စာလုံးလေးကြောင့် လက်ခံလိုက်တယ် နော်...
:-P <3

:P said...

ဖတ်သွားပါတယ်..။ ကောင်းတယ်...။

Anonymous said...

ကျနော်လည်း ဒီလိုမျိုး လေး ရေးတတ်ချင်တယ် ကိုယ့်အကြောင်း ကိုပြန်ပြောနေရတာလည်း မောပြီး ဒါမျိုးလေး ကြိုးစားကြည့်အုံးမယ်း)

Anonymous said...

Hi Ma Pan

I wrongly considered that this post is not well enough at the first time I read. :)
After reading again today, now, I feel that it's nice. I withdrawal what I had said. :P

NattSoe

လင်းလက်ကြယ်စင် said...

မမပန် အရေးအသားကောင်းတယ်။ ရှင်းရှင်းလေးနဲ့ ဆွဲဆောင်မှုရှိတယ်။ ရင်ထဲမှာ ခံစားမှုလေးတစ်ခု တိုးဝင်သွားမိတယ်။

Kaung Kin Ko said...

သြော် သတိရစရာလေးတွေ။

တန်ခူး said...

ပန်ရေ… ဒေါင်းလုပ်လုပ်လို့ မရတာ ကိုယ်မလုပ်တတ်လို့ ထင်ပြီး တိတ်တိတ်လေးငြိမ်နေမိတာ… ခုလို တင်ပေးလိုက်တော့ ပျော်သွားတာပဲ…
တခါတလေကျတော့ အပိုင်းအစလေးတွေက အပိုင်းအစလေးတွေ အတိုင်းပဲ ကောင်းပါတယ်… ဘယ်လိုအကြောင်းအရာမျိုးကြောင့်ပဲ လမ်းခွဲခဲ့ကြပေမယ့် အိမ်ထောင်ရှိယောင်္ကျားတယောက် ဆိုတဲ့ အသိက အရာရာကို ထိန်းချုပ်သင့်တာပေါ့… ရှိဖူးတဲ့သံယောဇဉ်တွေ ကြွင်းကျန်ရစ်ရင်တောင် မသိဟန်ဆောင်သင့်တာပေါ့နော်… အပိုင်းအစလေးတွေကို အပိုင်းအစလေးတွေ အတိုင်းထားပစ်နိုင်တဲ့ ကောင်မလေးက တကယ်အတုယူစရာပါ…

Rita said...

Cheers!
စဉ်းစားစရာလေး

Anonymous said...

အပြင်ဘက်မှာ တစိမ့်စိမ့်ရွာခဲ့သော မိုးကတော့ အသေအချာကို တိတ်သွားခဲ့ပြီလေ။

ရင်ထဲမှာတော့ တိမ်မည်းတွေညို့နေတုန်းပေါ့...

ခပ်စိတ်စိတ်ရေးတဲ့အရေးအသားသားညက်ညက်ကလေးကို
လည်းနှစ်သက်စွာ..
ရှိတတ်ဖြစ်တတ်ခဲ့မယ့် အတိတ်ဆိုတာကို သုံးဆယ်ကျော်ငါးနှစ်အတွင်းက
သက်တောင့်သက်သာပြန်ကြည့်နေတဲ့အကြည့်တွေ
အကြောင်းမို့လဲသဘောကျစွာ.

နှစ်သက်သဘောကျစွာပြန်သွားကြောင်း

Tin said...

Ma Pan ,that's right time to say good bye.

Anonymous said...

စောင်းများရေးထားသလားထင်မိပါတယ်

Anonymous said...

where did you get that photo, huh?
Did you use the genuine software to edit it? huh? Then don't yell for copyright again. What a shame!