မတ်လ ၂၇ ရက်ဟာ ဘာနေ့လဲ လို့မေးကြရင်
တခါတလေတော့ ပုဂ္ဂလိကဆန်ဆန် သီးသန့်နေထိုင်ပါရစေ။
လေရူးနဲ့ ရွက်ဝါတွေကြားက ယမ်းငွေ့တွေ သွေးစက်တွေ
သမိုင်းတွေ အမှန်တွေ အမှားတွေ ခဏဘေးဖယ်ထားလိုက်ပါရစေ။
အေးစက်နေတဲ့ လက်နက်တွေ တောင့်တင်းနေတဲ့ တူညီဝတ်စုံတွေ
သံပြိုင်အော်သံတွေ ခြေသံတဖြောင်းဖြောင်းတွေ
အနိုင်တွေ အရှုံးတွေ အငြင်းပွားမှုတွေ မရေရာမှုတွေ
အားလုံးကိုလည်း ခဏ မေ့ထားပါရစေ။
ဒီနေ့ဟာ ပန်ဒိုရာ ဘလော့ဂ်ရေးခဲ့တာ ၂ နှစ်ပြည့်တဲ့နေ့ ဖြစ်တယ်။
ဒီဘလော့ဂ်ကို လာလည်တဲ့ လူတွေ ဘယ် source ကနေ လာဖတ်ကြလဲ လို့ google analytics ကနေ ကြည့်မိပါတယ်။
google analytics ကို ဘလော့ဂ် စရေးရေးချင်းက ထည့်မထားသေးပါဘူး။၂၀၀၇ သြဂုတ် လောက်ကမှ အဲဒါကို တပ်ခဲ့တယ်။ အဲဒီကနေ အခုအချိန်အထိ စုစုပေါင်းကို ကြည့်ရင် ဒီဘလော့ဂ်လင့်ခ်ကို တိုက်ရိုက် လာတာက ၁၅.၀၅ % ရှိတယ် ပြောတယ်။ Referral ကနေ လာတဲ့အထဲမှာ wesheme က ၇.၅၆ % ဆုံဆည်းရာက ၅.၆၈ % နိုင်းနိုင်းစနေဘလော့ဂ်က ၅.၄၈ % ဖြစ်တယ်။ ကျန်တာတွေက တခြား ဘလော့ဂ်နဲ့ တခြား sources တွေကပါ။ ဒါက တစ်နှစ်ကျော် စုစုပေါင်း စာရင်း ကိုပြောတာပါ။
လတ်တလော နောက်ပိုင်း အချိန်တွေမှာတော့ မနိုင်းနိုင်းဆီက တဆင့် လာတာ များပါတယ်။ ဆုံဆည်းရာကတော့ လင့်ခ် မရှိတော့တာကို တွေ့ရတယ်။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၇ ကနေ မတ်လ ၂၆ အထိဆိုရင် ဘလော့ဂ်ကို တိုက်ရိုက်လာတာ ၁၅.၅၂%၊ နိုင်းနိုင်းစနေက ၁၁.၆၂%၊ နဲ့ ကိုပေါက ၇.၇၆%၊ whesheme က ၆.၆၁% ဖြစ်ပါတယ်။ ကျန်တာတွေကတော့ တခြားဆိုဒ်တွေကပေါ့။
မနိုင်းနိုင်း၊ ကိုပေါ၊ ကိုအန်ဒီမြင့်၊ ဆုံဆည်းရာ အပါအ၀င် တခြားလင့်ခ်ပေးထားတဲ့ လူတွေ၊ လာဖတ်ကြတဲ့လူတွေ၊ ဝေဖန်အကြံပြုသွားသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ စာရေးတယ်ဆိုတာ ရေးချင်လို့ ရေးတာက တပိုင်း ဆိုပေမယ့် ဝေမျှဖတ်ရှုခြင်းကလည်း အရေးကြီးနေပါတယ်။ တချို့ရင့်ကျက်မှု အဆင့်တခုကို ရောက်သွားရင်တော့ ဘယ်သူခံစားစား မစားစား ကိုယ့်ဘာသာ ဖန်တီးနေရတာကိုပဲ ပျော်မွေ့နေတယ် လို့ ကြားဖူးပါတယ်။ ကိုယ်တိုင်ကတော့ အဲဒီအဆင့်နဲ့ မနီးစပ်သေးပါဘူး။ လာဖတ်ကြတဲ့ အတွက် ကိုယ်ရေးတာလေးတွေကို ဝေမျှခံစားခွင့်ရလို့ ကျေနပ်ပါတယ်။
ဘာလို့ဒီဘလော့ဂ်ကို လာသလဲ ဆိုတာကိုလည်း စစ်တမ်းလေး ကောက်ခဲ့သေးတယ်။ အများစုက စာဖတ်ချင်လို့ လာတယ် လို့ ဖြေပါတယ်။ အချိန်တွေ ရှားပါးလွန်းတဲ့ အတွက် စာဖတ်ပြီး စာရေးတဲ့ ဘက်ကို ပိုများများသုံးဖြစ်မှာမို့ လာဖတ်သူတွေကို ဧည့်ဝတ်မကျေနိုင်တဲ့အခါ ခွင့်လွှတ်စေလိုပါတယ်။
ဆက်လက်ရှင်သန်နေပါဦးမယ်။
ကျေးဇူးတင်ပါတယ်။
ပန်ဒိုရာ
(မနှစ်က တနှစ်ပြည့် ရေးခဲ့တဲ့ ကဗျာ)
Friday, March 27, 2009
ပန်ဒိုရာရဲ့ မတ် ၂၇
Thursday, March 26, 2009
နေရောင်အောက်မှာ လင်းလက်နေတဲ့ အခွင့်အလမ်းတွေ
Under the Tuscan Sun ဒီနာမည်ကို စမြင်လိုက်တုန်းကတော့ Nothing is new under the sun. ဆိုတဲ့စကားလေးကို ဗြုန်းဆို သတိရမိခဲ့တယ်။ ခင်မင်ရတဲ့ အစ်မတစ်ယောက်က လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဒီကားလေးကောင်းတယ် ကြည့်ပါလားလို့ အခွေလေး ပေးလာလို့ ကြည့်ဖြစ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတခု ဖြစ်ပါတယ်။ ထွက်တာတော့ ကြာလှပြီ ၂၀၀၃ ခုနှစ်ကတည်းကပါ။
ဒီဇာတ်လမ်းက မင်းသမီးဇာတ်ပါ။ အသက်ကြီးတဲ့အထိ မပျက်စီးပဲ လှနေသေးတဲ့ Diane Lane က အဓိက ဇာတ်ဆောင်ပေါ့။ ဇာတ်လမ်းထဲမှာ သူက အသက် ၃၅ နှစ်လောက် ရှိတဲ့ စာရေးဆရာမ Frances အနေနဲ့ သရုပ်ဆောင်ထားတယ်။ အမျိုးသားနဲ့ ကွာရှင်းပြတ်စဲပြီးခါစ စိတ်ဓာတ်တွေ သုညအထိ ကျနေတဲ့ အနေအထားကနေ ဇာတ်လမ်းကို စထားပါတယ်။ သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ Patti (Sandra Oh) က စိတ်ပြေလက်ပျောက် ခရီးထွက်ဖို့ အကြံပေးလာပါတယ်။ တကယ်ကတော့ အဲဒီခရီးဟာ ယောင်္ကျားရှာလေး ဖြစ်တဲ့ Patti နဲ့ သူ့ပါတနာတို့ သွားဖို့ စီစဉ်ထားတဲ့ gay trip ပါ။ နောက်တော့ Patti က ကိုယ်ဝန်ရလာလို့ မသွားဖြစ်တာနဲ့ အစားထိုးသွားဖို့ Frances ကို တိုက်တွန်းလိုက်တာပါ။
ဒီလိုနဲ့ Frances လည်း အီတလီနိုင်ငံက Tuscany ဆိုတဲ့ နေရာကို ခရီးထွက်လာခဲ့ပါတယ်။ ပြီးတော့ သွားရင်းလာရင်း အဲဒီမှာ တွေ့တဲ့ အိမ်တအိမ်ကို သဘောကျလို့ မမျှော်လင့်ပဲ ၀ယ်ဖြစ်သွားပါတယ်။ အဲဒီမှာပဲ သူ့ဘ၀က အသစ် ပြန်စသလို ဖြစ်သွားတော့တယ်။
သူ့အိမ်ကို ပြင်ဆင်မွမ်းမံဖို့ ပိုလန်က ရွှေ့ပြောင်းအလုပ်သမားတွေ အဖွဲ့ကို ငှားရမ်းပါတယ်။ နောက်ပိုင်း အလုပ်လုပ်ကြရင်း အဲဒီအလုပ်သမားတွေနဲ့ ခင်မင်ရင်းနှီးသွားပါတယ်။ သူ့ကို အိမ်ကိစ္စတွေ အကျိုးဆောင် ကူညီပေးတဲ့ အဲဒီအရပ်က အမျိုးသားတယောက်နဲ့လည်း ခင်မင်မှု တည်ဆောက်ခဲ့ပါတယ်။ အဲဒီအမျိုးသားမှာ အိမ်ထောင်နဲ့ မိသားစုရှိတယ်။ Frances ဟာ တယောက်တည်းမို့ တခါတလေလည်း အဲဒီလူကို အားကိုးမိသလို ဖြစ်ခဲ့တယ်။ ချစ်စရာကောင်းတဲ့ Frances ကိုလည်း သနားကြင်နာမိသလို ဖြစ်လာတာကို ကိုယ့်ဘာသာ သတိထားမိတဲ့ အမျိုးသားဟာ ပွင့်ပွင့်လင်းလင်း ပြောပြပြီး ခြေလှမ်းမလွန်ခင် နောက်ဆုတ်လိုက်ပါတယ်။
Frances ဟာ ဒီကြားထဲမှာ နည်းနည်း ဂေါက်သလိုရှိတဲ့ စိတ်ဝင်စားစရာ ရုပ်ရှင်မင်းသမီးဟောင်း အမျိုးသမီးကြီး တယောက်နဲ့လည်း တွေ့ဆုံခင်မင်ခဲ့တယ်။ ဒီလိုနဲ့ပဲ သူစိမ်းတို့ရဲ့အလယ်မှာ ၀န်းကျင်အသစ်ကို လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်စူးစမ်းရင်း ပျော်ရွှင်မှုကို ပြန်ရှာခဲ့ပါတယ်။ တနေ့တော့ မြို့ထဲ ထွက်လည်ရင်းနဲ့ ပျော်ရွှင်မှုရဲ့ လမ်းစတခုကို တွေ့ခဲ့တယ်။ အဲဒါကတော့ အမှတ်မထင် တွေ့ခဲ့တဲ့ လူတယောက်ပါ။ တိုတိုပြောရရင်တော့ အဲဒီလူနဲ့ Frances တို့ ဓာတ်တည့်သွားကြတယ်။ ချစ်ကြိုက်သွားကြတယ်ပေါ့။ ဒါပေမယ့်လည်း ပျော်ရွှင်မှုတွေဟာ ကြာရှည်မခံခဲ့ဘူး။
သူငယ်ချင်း Patti က ကိုယ်ဝန်ကြီးနဲ့ ရောက်လာပါတယ်။ သူငယ်ချင်းကို ဂရုစိုက်နေရင်းနဲ့ပဲ ချိန်းထားတာတွေ ပျက်ကွက်ခဲ့တယ်။ နောက်မှ ပြန်တွေ့ဖို့ ကြိုးစားတဲ့အချိန်မှာ ဟိုလူက နောက်တယောက်နဲ့ ငြိသွားခဲ့ပြီ။ သူကလည်း အဆက်အသွယ် မရတဲ့အချိန်မှာ Frances နဲ့ ဇာတ်လမ်း ရှေ့မဆက်ဖြစ်တော့ဘူးလို့ ထင်မိခဲ့တော့ စိတ်မကောင်းပေမယ့်လည်း မတတ်နိုင်တော့ဘူး။ Frances စိတ်ဓာတ်ကျရပြန်ပြီ။ နေရောင်တွေက လင်းမလိုလိုနဲ့ ပြန်မှိန်သွားခဲ့ရပြီ။
ဒီအချိန်မှာပဲ သူနဲ့ခင်မင်တဲ့ အိမ်ပြင်ပေးတဲ့အဖွဲ့က ပိုလန်အလုပ်သမားလေး တယောက်ဟာ ဒေသခံ မိန်းကလေးတစ်ယောက်နဲ့ ချစ်ကြိုက်ပါတယ်။ မိန်းကလေးဘက်က သဘောမတူတော့ ကောင်လေးက Frances ကို အားကိုးတကြီး တိုင်တည်ပါတယ်။ Frances က ကူညီရပ်တည်ပေးလိုက်တော့ စုံတွဲလည်း အဆင်ပြေသွားတယ်။ ဒီလို ကူညီနိုင်လိုက်တော့ Frances လည်း ပီတိဖြစ်နေရတော့တယ်။
အခွင့်အလမ်းတွေက ရပ်မသွားပါဘူး။ ဇာတ်သိမ်းပိုင်းမှာတော့ ဧည့်ခံပွဲမှာ Frances ကို လေးစားတဲ့ စာဖတ်ပရိသတ်ဖြစ်တဲ့ အမျိုးသားတယောက်က မိတ်ဆက်လာတယ်။ Frances ရဲ့ မျက်လုံးတွေလည်း အရောင်တောက်ပလာတယ်။ သူတို့နှစ်ယောက် စကားလက်ဆုံ ကျနေတုန်းမှာပဲ ရုပ်ရှင်က ပြီးသွားပါတယ်။
ဇာတ်လမ်းရဲ့ Theme က ဒီလိုဆိုပါတယ်။ Life offers you a thousand chances ... all you have to do is take one. တဲ့။ ဘ၀က သင့်ကို အခွင့်အလမ်းတထောင် ပေးပါတယ်။ လုပ်ရမှာကတော့ တခုကိုသာ ယူလိုက်ပါလေ.. တဲ့။
ဒီဇတ်လမ်းထဲမှာတော့ Frances ပျောက်ဆုံးခဲ့တာဟာ ပျော်ရွှင်မှုနဲ့ ချစ်ခြင်းမေတ္တာပေါ့။ နောက်တော့ သူလိုချင်တာကို ပြန်ရနိုင်တဲ့ အခွင့်အလမ်းတွေ ပေါ်လာပါတယ်။ ပြောရမယ်ဆိုရင်တော့ မဖြစ်နိုင်ခဲ့တဲ့ အိမ်အကျိုးဆောင်နဲ့ ခင်မင်ခဲ့တာတောင်မှ မယူဖြစ်ခဲ့တဲ့ အခွင့်အလမ်းတခုပါပဲ။ ဇာတ်သိမ်းမှာတော့ အခွင့်အလမ်း နောက်ထပ်တခုကို လှစ်ရုံလေး လှစ်ပြပြီး အဆုံးသတ်ထားတယ်။
ဇာတ်လမ်းထဲမှာ တခြား စိတ်ဝင်စားစရာ ဇာတ်ကွက်လေးတွေ ရှိပါသေးတယ်။ တခုခုကို မမေ့နိုင်မပျောက်နိုင် နေ့စဉ်မှန်မှန် ပန်းစည်းလေး လာချနေတဲ့ အဘိုးကြီးတယောက်ကိုလည်း နှိုင်းယှဉ် တွေးတောစရာ ဖြစ်အောင်ပြထားသေးတယ်။ Frances ၀ယ်လိုက်တဲ့ အိမ်ရဲ့ နာမည်က Bramasole ဆိုတာ နေရောင်ခြည်ကို မျှော်လင့်တမ်းတနေတဲ့ အရာတခု လို့အဓိပ္ပါယ်ရတယ် ဆိုတာကလည်း ဇာတ်လမ်းရဲ့ ဆိုလိုချက်ကို ပံ့ပိုးပေးထားပါတယ်။
ကြိုက်မိတဲ့ စကားပြောလေးတွေ ရှိပါတယ်။ အဲဒီအထဲမှာတော့ Katherine ဆိုတဲ့ အမျိုးသမီးကြီးက Frances ကို ပြောခဲ့တာတချို့လည်း ပါတယ်။
Katherine: Regrets are a waste of time. They're the past crippling you in the present.
နောင်တတွေဟာ အချိန်ကို အလဟသဖြစ်စေတယ်။ ဒါတွေက မင်းရဲ့ ပစ္စုပ္ပန်ကို ချိနဲ့စေတဲ့ အတိတ်တွေပဲ။
Katherine: Never lose your childish innocence. It's the most important thing.
မင်းရဲ့ကလေးဆန်တဲ့ အပြစ်ကင်းစင်မှုကို မပျောက်ပါစေနဲ့။ အဲဒါ အရေးအကြီးဆုံးအရာပဲ။
ဒီနေရာမှာ (ကိုယ်တယောက်တည်းအနေနဲ့) နားလည်မိတာ တခု ရှိပါတယ်။ အခွင့်အရေး (opportunity) နဲ့ အခွင့်အလမ်း (chance) တူမလိုလိုနဲ့ နည်းနည်းကွဲတယ်လို့ ခံစားမိတယ် ။ (သဘောတူချင်မှတူပါ။ ထင်တာပြောတာ။)
အခွင့်အရေး (opportunity) လို့ ပြောလိုက်ရင် အပေါင်းလက္ခဏာ အဓိပ္ပါယ်ပါတယ် လို့ စိတ်ထဲခံစားရတယ် ။ သေချာမှု ပိုတယ်။ ယူသာယူလိုက်ပါ။ ကောင်းကျိုးကို ဆောင်ကြဉ်းလာမယ်လို့ နားလည်မိသလိုပဲ။ ဒါပေမယ့် အခွင့်အလမ်း (chance) ဆိုရင်တော့ ပိုပြီး ဘက်လိုက်မှု ကင်းတယ်လို့ ထင်မိတယ်။ ကောင်းချင်လည်း ကောင်းမယ် ဆိုးချင်လည်း ဆိုးမယ်။ ဒါပေမယ့် ယူလိုက်ရင်တော့ တခုခု ကြိုးစားခွင့်ကို ပေးထားတယ်။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ လုပ်ရည်ကိုင်ရည်ကို မူတည်ပြီး ကောင်းကျိုး ဆိုးကျိုးက ဖြစ်လာမယ် လို့ သဘောပေါက်မိတယ်။ အခွင့်အလမ်းဆိုတာ ပိတ်ဆို့ အကျဉ်းကျပြီး အတိတ်က ရုန်းမထွက်နိုင်တဲ့အချိန်မှာ ပေါ်ပေါက်လာတဲ့ လမ်းစ တခုလိုပါပဲ။ အဲဒီလမ်းစကို မြင်လိုက်သလား ဆိုတာရယ် လှမ်းယူလိုက်ပြီး ဘယ်ကိုရောက်သွားမလဲ ဆိုတာရယ် ကတော့ ကိုယ့်ဥာဏ်ပညာ အဆုံးအဖြတ်နဲ့ အားထုတ်မှုမှာပဲ ဆက်မူတည်နေမယ်။
ဒီဇာတ်လမ်းက ပြောထားတယ်။ ဘ၀မှာ အခွင့်အလမ်းဆိုတာ အကြိမ်ထောင်ချီ လာပါတယ်တဲ့။ တစ်ခုသာ ယူလိုက်ဖို့လိုပါတယ် တဲ့။ အခွင့်အလမ်းကို အခွင့်အလမ်းမှန်း သိဖို့တော့ လိုမယ်။ ဘယ်အချိန်မှာ လှမ်းယူပြီး ဘယ်လို ဆက်လုပ်ရမယ် ဆိုတာ သတိမပြတ်ဖို့တော့ လိုပါမယ်။ အတိတ်မှာ နစ်မြုပ်ပြီး စိတ်ဓာတ်ကျဆင်း နေမယ့်အစား ရုန်းထွက်ချင်စိတ်လည်း ရှိရပါမယ်။ ဒီဇာတ်လမ်းက လူတဦးချင်းရဲ့ ပုဂ္ဂလိက ဘ၀ကို ဖော်ကျုးပါတယ်။ လူအများနဲ့ အစုအဖွဲ့နဲ့ ဆိုင်တဲ့ ကိစ္စတွေမှာဆိုရင်ရော ဘယ်လို အဓိပ္ပါယ် သက်ရောက်နိုင်မလဲ။ ဆက်တွေးနေမိတယ်။
ပန်ဒိုရာ
Wednesday, March 25, 2009
ကြော်ငြာ
စင်္ကာပူက အင်္ဂလိပ်စာ သင်တန်းတခုပါ။ ပညာရေး လူမှုဝန်ထမ်းကိစ္စများ နဲ့ ပတ်သက်တာတွေဆိုရင် ခင်ရာခင်ကြောင်း အကူအညီတောင်းလာရင် အလကားပဲတင်း ကြော်ငြာပေးနေပါတယ်။ :)
မမြင်ရရင် ဓာတ်ပုံပေါ် ကလစ် နှိပ်ကြည့်ပါ။ ဘေးက ဆိုဒ်ဘားမှာလည်း တင်ထားပါတယ်။ သင်တန်းနဲ့ပတ်သက်တဲ့ မေးခွန်းများ ဒီမှာမေးခြင်း သည်းခံပါ။ ကာယကံရှင်တွေဆီ ဖုန်းဆက်ပြီး မေးမြန်းပါ။
Sunday, March 22, 2009
မိန်းမကြီးလေးယောက်
သောကြာညနေဟာ ပြိုဆင်းလာတဲ့ လူအုပ်ကို ဘူတာရုံလေးကနေ စောင့်နေတယ်။ ရထားပေါ် အလျင်စလို တိုးဝှေ့တက်ကြသူတွေ၊ ဘူတာရုံဝကနေ ဟိုကြည့်ဒီကြည့် လုပ်ကြသူတွေ၊ ဖုန်းခေါ်ကြသူတွေ၊ အက်စ်အမ်အက်စ် ပို့ကြသူတွေ၊ ချိန်းထားတဲ့လူတွေ တွေ့တော့ဝမ်းသာကြသူ၊ မတွေ့တော့ လည်တဆန့်ဆန့်ဖြစ်ကြသူတွေ ကြားမှာ ရထားတွေ တစင်းပြီးတစင်း ၀င်လာတယ်။
ကွန်ပြူတာအိတ်တချို့ စလင်းဘက်ပြောင်ပြောင်လက်လက်တချို့ ထိပ်ဝိုင်းရှုးဖိနပ်အပါးတွေ၊ ရုံးဝတ်စုံကို ဖြေလျော့ထားတဲ့ ဂျင်းပြာပြာတွေ၊ အသားကပ် ခြေသလုံးတ၀က် ဘောင်းဘီတွေ၊ ခါးပတ်ပြားကြီး ပတ်ထားတဲ့ မီနီစကပ်တွေ၊ လူတယောက်ချင်းတွေ၊ နှစ်ယောက်ချင်းတွေ၊ လူအစုလိုက်တွေ ဘူတာရုံထဲမှာ ဟိုနားဒီနား မိုးတိုးမတ်တတ်တွေကြားမှာ သူတို့ ချိန်းထားကြတယ်။
တယောက်က ရောက်နှင့်နေပြီ။ နောက်တယောက်က ဖုန်းဆက်လိုက်တယ်။ ဘယ်နေရာမှာလဲ။ လက်မှတ်ရောင်းကောင်တာရဲ့ ရှေ့တည့်တည့်မှာ ရပ်နေတယ်။ တွေ့ပြီ။ ဟိုနှစ်ယောက်က လမ်းမှာလို့ပြောတယ်။ ဟော.. ရောက်လာကြပြီ။ လူစုံပြီလား။ တယောက် နှစ်ယောက် သုံးယောက် လေးယောက်..။ အိုကေ.. သွားကြစို့။
ဆည်းဆာရီရီအောက်မှာ လူလုပ်ဆိပ်ကမ်းတခုရဲ့ ရှုခင်းအတုကို လူတွေဟာ အာသာပြေ ငေးမောနေကြတယ်။ မီးရောင်တွေလက်နေတဲ့ အဆောက်အဦတွေ ရေယာဉ်တွေ မြစ်ဟိုဘက်ကမ်းက ဆောက်လက်စ ထိုးထိုးထောင်ထောင် အရာတွေက မြို့ပြရဲ့ ညနေကို တန်ဆာဆင်ထားတယ်။
“ဟိုနားက ဆိုင်တန်းတွေမှာ ညနေစာ အရင်စားကြတာပေါ့။” အနီရောင် ဆွယ်တာဝတ်ထားတဲ့ တယောက်က စကားစ လိုက်တယ်။
“ကောင်းတယ်။” ဇာနားတွန့်လေးတွေ တပ်ထားတဲ့ ဘလောက်စ် ပါးပါးပွပွ အဖြူရောင်ကို ၀တ်ထားတဲ့တယောက်က ချက်ချင်း ထောက်ခံလိုက်တယ်။
“ငါကတော့ ဘာဖြစ်ဖြစ် စားတာပဲ။” ချည်ထည်လိုလို အ၀ါနုနု အင်္ကျီကို စကပ်တိုတိုနဲ့ တွဲဝတ်ဆင်ထားတဲ့ တယောက်က ခပ်အေးအေးပြောတယ်။
“အဲဒီဆိုင်တွေမှာ မစားဖူးသေးဘူး။ ဒီဆိုင်တွေရှိတာ ဘာလို့များ မသိခဲ့ပါလိမ့်။” ရင်ဘတ်မှာ ဘာမှန်းမသိတဲ့ အရုပ်တရုပ်ပါတဲ့ အစိမ်းရောင် တီရှပ်ကို ၀တ်ထားတဲ့ တယောက်က ရေရွတ်တယ်။
စားပွဲအားလုံးလိုလို လူတွေပြည့်နေတယ်။ အပြင်ဘက်ကျကျ စားပွဲတစ်လုံးမှာ တချို့ ထသွားတော့ သူတို့ ၀င်ထိုင်လိုက်ကြတယ်။ အနီရယ် အစိမ်းရယ်က စားစရာတွေ သွားမှာတယ်။ အဖြူက အအေးရောင်းတဲ့ ဘက်ကို ထွက်သွားတယ်။ အ၀ါက စားပွဲကနေ ထိုင်စောင့်တယ်။
လေအေးစက် တပ်မထားတဲ့ ၀န်းကျင်ဟာ အညှော်ငွေ့တွေနဲ့ ဗလုံးဗထွေး ဖြစ်နေတယ်။ မြစ်ဘက်က တခါတခါ တိုက်လာတဲ့ လေသာမရှိဘူးဆိုရင် ၀ါးတားတား လေထုဟာ ကြည်လင်စရာ မရှိလှဘူး။ လူတွေက တန်းစီစောင့်ကြတယ်။ ဆိုင်တွေရှေ့က စောင့်နေသူတွေရဲ့ ခြေထောက်တွေအောက်မှာ ရေတွေ စိုစိစိဖြစ်နေတယ်။ ဆယ်မိနစ်ကြာမှ ပြန်လာပါ။ ဆယ့်ငါးမိနစ်မှရမယ်။ တရှဲရှဲ ကြော်လှော်ကြ။ တရှုးရှုး စားသောက်ကြ။ မတ်တပ်ရပ်သူက ရပ်နေ။ နေရာကောင်း ရထားသူတွေက စိမ်ပြေနပြေစားကြ။ စားပွဲမှာ အထုပ်တွေနဲ့ နေရာဦးထားပြီး လက်ကိုင်ဖုန်းတလုံးနဲ့ တယောက်တည်း အလုပ်ရှုပ်သူကရှုပ်နေကြ။ မြို့ပြရဲ့ သောကြာညနေခင်းဟာ အခုထိတော့ ဒရောသောပါး မျောပါနေတုန်းပဲ။
မြစ်ကိုကျောခိုင်းပြီး နောက်မှီလုပ်ထားတဲ့ ခုံတန်းရှည်တွေဟာ စားသောက်ပြီးသူတွေအဖို့ နောက်ထပ်ဆက်ရွှေ့သွားစရာ နေရာပေါ့။ ညဟာ ပီပြင်နေပြီ။ လျှပ်စစ်မီးရောင်စုံတွေက မြစ်ရေပြင်ကို ဟပ်နေတယ်။အနီက ခြေထောက်နှစ်ဘက်ကို ဆန့်တန်းပြီး အညောင်းဖြေတယ်။ အဖြူက အင်္ကျီအဖြူကို မပေကျံအောင် ထိုင်ခုံကို သေသေချာချာကြည့်ပြီးမှ ဖြည်းဖြည်းထိုင်တယ်။ အစိမ်းက နောက်ခိုင်းဖြစ်နေတဲ့ မြစ်ရေပြင်ကို ကိုယ်တစောင်းလိမ်ပြီး လှည့်ကြည့်နေတယ်။ အ၀ါက အဖြူဘေးမှာ ထိုင်ပြီး စကပ်တိုအောက်က ခြေသလုံးတွေကို ကြက်ခြေခတ် ချိတ်ထားလိုက်တယ်။
“ငါတို့ မဆုံဖြစ်တာ ကြာပြီနော်…”
တယောက်က စပြောတော့ ကျန်လူတွေက အသီးသီး ခေါင်းညိတ်လိုက်ကြတယ်။ ဟုတ်တယ်။ မြို့လေးမှာ အတူတူရှိနေကြပေမယ့် သူတို့ အခုလိုမဆုံဖြစ်ခဲ့ကြတာ တနှစ်နီးပါး ရှိနေပြီ။ သူတို့တွေဟာ မွေးရပ်ကို ခွာပြီး ဒီနေရာကို တယောက်ပြီး တယောက် ရောက်လာကြတယ်။ ရောက်စကတော့ မကြာခဏ ဆုံတွေ့ဖြစ်ကြတယ်။ အသစ်တယောက် ထပ်ရောက်လာတိုင်း ၀မ်းသာအားရ ချိန်းကြ ဖုန်းဆက်ကြ လည်ကြပတ်ကြ။ အခုတော့ အနည်ထိုင် အီလေးစပြုလာပြီ။ ကိုယ်ပိုင်ကိစ္စ အသီးသီးတွေနဲ့မို့ နွေးထွေးတဲ့ အချိန်တွေ မဖန်တီးနိုင်ခဲ့တာ အတော့်ကိုကြာနေပြီ။
“ငါ ဒီနေ့ အလုပ်ထွက်စာ တင်လာတယ်” အဖြူက ဆိုင်းမပါ ဗုံမဆင့် ပြောလိုက်တယ်။
“ဘယ်လိုဖြစ်တာတုန်း။ ဒီလိုအချိန်ကြီးမှာ” အစိမ်းက တအံ့တသြ မေးလိုက်တယ်။
“သည်းမခံနိုင်တော့ဘူး။ သူတို့ ဆက်ဆံရေးကို ငါမကြိုက်ဘူး”
အားလုံး ခဏ တိတ်သွားကြတယ်။
“ခက်ပါတယ်။ ဒီမှာလည်း တချို့နေရာတွေမှာက တို့တွေကိုဆို ခွဲခြားနေသလို ရှိတယ်” အ၀ါက ကောက်ချက်ချတယ်။
“ဒီလိုတော့လည်း မဟုတ်ပါဘူး” အနီက ကန့်ကွက်တယ်။ “ကိုယ့်မှာ တကယ်အရည်အချင်းနဲ့ဆိုရင် ဘယ်သူက နှိပ်ကွပ်လို့ရမလဲ”
“လူတိုင်းဟာ နင့်လိုတော့လည်း အရည်အချင်းတွေ ရှိမနေနိုင်ဘူးလေ” ဖြတ်ခနဲ ၀င်ပြောတဲ့ အစိမ်းကို အနီက မျက်စောင်းခဲလိုက်တယ်။ သူတို့တွေက တွေ့လိုက်ရင် အဲဒီလိုပါပဲ။ နည်းနည်းပါးပါး အတိုက်အခံလေးတွေတော့ ရှိစမြဲ။ ဒါပေမယ့်လည်း ခဏပါ။
ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာလေးမှာ အမြဲနေထိုင်ခွင့် ရနေတဲ့ အဖြူအတွက် နောက်ထပ် အလုပ်အခွင့်အရေးတခု ဆိုတာ မရှားကြောင်း။ ကိုယ်ပိုင်စီးပွားရေးတခုပဲ ဖြစ်ဖြစ် တည်ထောင်ရင်တောင် ရနိုင်ကြောင်း အားလုံးက တညီတညွတ်တည်း အားပေးကြတယ်။
ခဏကြာတော့ သူတို့စကားလမ်းကြောင်း ပြောင်းသွားပြန်တယ်။ လာမယ့်နှစ်မှာ ဘာအပြောင်းအလဲတွေ ဖြစ်နိုင်မလဲ ဆိုတာကနေ ဆင်းရဲကျပ်တည်းမှုတွေ အကြောင်းကို ဆက်ကူးသွားတယ်။ အဲဒီကနေ အော်စကာဆုရတဲ့ ကလေကလွင့် သန်းကြွယ်သူဌေး ဆိုတဲ့ ရုပ်ရှင်ကားတစ်ကား အကြောင်း ဆက်ရောက်သွားကြပြန်တယ်။
လေက အေးရုံလေး အေးနေတယ်။ မိုးလည်းမရွာဘူး။ ကောင်းကင်မှာ တိမ်တွေက ဟိုတစ ဒီတစလွင့်နေတယ်။ ကြယ်တချို့ကိုလည်း မြင်နေရတယ်။ ဒီည ရာသီဥတုက သာယာတယ်လို့ ဆိုနိုင်တယ်။ ညက ရင့်ရင့်လာတယ်။ သူတို့ရှေ့မလှမ်းမကမ်းမှာ ထိုင်နေတဲ့ အိန္ဒိယလူမျိုး စုံတွဲတတွဲဟာ တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်ကြတယ်။
“နင်အပျိုကြီးပဲ လုပ်တော့မှာလား”
အစိမ်းက အဖြူကို မေးလိုက်တယ်။ အနီက ဘေးကနေ ခွိကနဲ ရယ်တယ်။
“နင့်ကိုတော့ မမေးတော့ပါဘူး” အစိမ်းက အနီဘက်ကို လှည့်ပြောလိုက်တယ်။
အ၀ါကတော့ ခပ်ပြုံးပြုံးနဲ့ ငြိမ်နေတယ်။ ၀င်မပြောဘူး။
“ဒီနှစ်ပိုင်းတွေမှာ မတွေ့ဘူးလား” အစိမ်းက အဖြူကို ထပ်စပ်စုပြန်တယ်။
“ဟင့်အင်း …လေ။ နင်တခါ မိတ်ဆက်ပေးတဲ့ တရုတ်ကလေးတစ်ယောက်က လွဲလို့ပေါ့”
“ငါဘယ်တုန်းက မိတ်ဆက်ပေးလို့လဲ”အစိမ်းက အူကြောင်ကြောင်လုပ်နေတယ်။ သူက ဒီလိုပဲ မေ့တတ်တယ်။
အဖြူက ပြုံးနေပါတယ်။ သူ့ရဲ့ ရွှေရောင်အချိန်တွေကို ပြန်တွေးနေလား မသိပါဘူး။ သူပိုင်ဆိုင်တဲ့ ပျော့စင်းတဲ့ ဆံနွယ်တွေနဲ့ ချိုမြတဲ့ အပြုံးတွေဟာ အတော်ကို လူကြိုက်များခဲ့တာပဲ။ ဒါပေမယ့် လူကြိုက်များခြင်းရယ် ကိုယ်နဲ့ ဓာတုဓာတ်ပြုနိုင်သူကို တွေ့ဆုံခြင်းရယ် ဆိုတာ တိုက်ရိုက်ထပ်တူကျလို့မရတဲ့ ဖြစ်နိုင်ခြေတွေပဲ။
“ငါက တကယ်လို့ တယောက်ယောက်နဲ့ လက်တွဲမယ် ဆိုရင်တောင် လူမျိုးတူ ဘာသာစကားတူချင်းပဲ စဉ်းစားမှာပါ။ နို့မို့ရင် ဘာသာစကား က စည်းခြားနေရင် တယောက်နဲ့တယောက် အပြည့်အ၀ နားလည်ဖို့မလွယ်ဘူးလို့ ငါထင်တယ်”
အဖြူက သူ့အယူအဆကို ပြောပြနေတယ်။
“တော်ပါပြီ။ ဒီအရွယ်ရောက်မှတော့ ငါလည်း တွေ့မယ် မထင်တော့ပါဘူး”
ဒီလိုဆက်ပြောရင်းနဲ့ စကားကို လက်စသတ်တယ်။
“ဟုတ်တယ်။ လက်တွဲဖော် ဆိုတာ တယောက်နဲ့တယောက် နားလည်ဖို့ လိုတယ်”
အနီက ၀င်ပြောတယ်။
“နင်တို့ကျတော့ရော နားလည်မှုတွေကို ဘယ်လိုတည်ဆောက်ခဲ့သလဲ” အနီက အ၀ါဘက်ကို လှည့်မေးတယ်။
“ငါတို့က ဒီလောက် ကြီးကြီးကျယ်ကျယ်တွေ မတွေးမိခဲ့ပါဘူးအေ့။ နင်တို့သိတဲ့အတိုင်း သူကလည်း အေးဆေးပဲလေ” အ၀ါက ပေါ့ပေါ့ပါးပါးပဲ တုန့်ပြန်တယ်။
မေးခွန်းက အစိမ်းဘက်ကို လှည့်လာပြန်တယ်။ သူကဖြေတယ်။ မြန်မာလိုတော့ မဟုတ်ဘူး။
“Well … you know he's a nice guy.”
“ဟုတ်ပါတယ်။ အဲဒီတော့…”
“And …. I'm trying to be a good girl.”
ကျန်တဲ့သုံးယောက်က ၀ါးခနဲ ရယ်လိုက်ကြတယ်။ မြစ်ထဲမှာ စည်းချက်မှန်မှန် တငြိမ့်ငြိမ့် လှုပ်ယိမ်းရင်း ငိုက်မျဉ်းနေတဲ့ လှိုင်းကြပ်ခွပ်လေးတွေတောင် လန့်နိုးသွားပြီး မလိုတမာ ကြည့်လိုက်ကြသလိုပဲ။ အစိမ်းက ပြုံးရုံလေး ပြုံးနေတယ်။ သူက ဆက်မပြောပါဘူး။ ဘာသာလည်း ပြန်မနေဘူး။ ဟုတ်တယ်။ တချို့အရာတွေက တော်တော် ရှင်းပါတယ်။ ဟို သုံးယောက်ကလည်း ထွေထွေထူးထူး ဆက်ပြောမနေပါဘူး။ ဒါဟာ ညနေခင်းရဲ့ အပျင်းပြေ ဟာသတပုဒ်လို့ သဘောထားကြမှာပဲ။
“ရထားတွေ ကားတွေ ရှိသေးရဲ့လားမသိဘူး။ ငါတို့ပြန်မှဖြစ်မယ်။ ဘူတာကို အပြင်ဘက်လမ်းကနေ လမ်းလျှောက်သွားကြမယ်လေ” အနီက စပြီး လှုံ့ဆော်လိုက်ပြန်တယ်။
အပြန်လမ်းမှာ သူတို့ တဖြည်းဖြည်းလျှောက်လာရင်း ကွင်းပြင်တခုကို ဖြတ်လာကြတယ်။ ကွင်းပြင်ဟိုဘက်မှာတော့ မြို့တော်ခန်းမက မီးရောင်တွေဖြာလို့။
ညအေးအေးရဲ့ မြက်ခင်းပြင်ပေါ်မှာ အုပ်စုဖွဲ့ထိုင်နေကြတဲ့ ယောင်္ကျားလေးတချို့ ရှိတယ်။ ခပ်လှမ်းလှမ်းကနေ ဖြတ်လျှောက်သွားတော့ ဂစ်တာသံနဲ့အတူ သီချင်းသံသဲ့သဲ့ ကြားလိုက်ရတယ်။
“ရွှေလည်တိုင်ကိုကွယ် အနမ်းလေး ပေးစဉ်ဝယ်.. ရင်ခုန်စရာ သနပ်ခါးနံ့လေးတွေနဲ့
ရင်ခွင်ကြားမှာ ခေါင်းလေးငုံ့ကာ.. ရှက်ပြုံးလေး ပြုံးနေတဲ့သူရယ်…”
“ဒါ မြန်မာသီချင်းသံပဲ”
“သြော်.. ရွှေတွေကိုး”
“ဒါပေါ့ ပင်နီဆူလာ ပလာဇာနဲ့ နီးတာကိုး ညနေ အလုပ်ဆင်းချိန် ကျောင်းဆင်းချိန် စုချိန်းကြတာ နေမှာပေါ့”
“ဂစ်တာသံ မကြားရတာ ကြာပြီနော်”
သူတို့ မြန်မာလို ပြောတဲ့စကားတွေကိုလည်း ယောင်္ကျားလေးတွေက ကြားသလားမသိပါဘူး။ ခေါင်းတွေ လည်ကြည့်လာကြတာ တွေ့တယ်။
“ငါတို့ဖြတ်လျှောက်သွားလို့ သူတို့သီချင်းသံတောင် ပိုကျယ်လာသလိုပဲ”
အစိမ်းက ခပ်တိုးတိုးပြောတော့ အဖြူက ရယ်လိုက်တယ်။ “နင်ဟာလေ နောက်တီးနောက်တောက် အကျင့်တွေ မဖျောက်သေးဘူး”
“ကျောင်းတုန်းက အဆောင်ရှေ့မှာ ဂစ်တာလာတီးကြရင်း ကောင်လေးတွေ ရန်ဖြစ်ကြတာတောင် သတိရသေးတယ်” အ၀ါက ၀င်ပြောတယ်။
“ဟေ… ဟုတ်လား ဘယ်တုန်းကလဲ” အနီက မေးလိုက်တယ်။
“အဲဒီမှာ တဖွဲ့ပါလာတဲ့ ဂစ်တာကို နောက်တဖွဲ့က ခဏဆိုပြီး ငှားတီးတယ်လေ။ တော်တော်နဲ့ပြန်မပေးပဲ သူတို့ချည်း တီးနေလို့ ဆိုပြီး ရန်ဖြစ်ကြတာ နောက်ဆုံးတော့ ဂစ်တာကို ရိုက်ခွဲရော ဆိုလား” အ၀ါက ရှင်းပြတယ်။
“ဟုတ်လား ငါတောင် မသိလိုက်ဘူး” အစိမ်းက ၀င်ပြောပြန်တယ်။
“နင်ရော သိလား” အဖြူဘက်ကို လှည့်မေးတော့ အဖြူက လက်ခါပြတယ်။
“အဲဒါ ခက်တာပေါ့။ ကျောင်းတလျှောက်လုံး ဒီလောက် တခန်းထဲ နေနေတာ ငါတို့ကမသိဘူး နင်ကသိတယ်ဆိုတော့ ဘယ်တုန်းက ဒီလိုကောင်တွေနဲ့ အဆက်အသွယ် ရှိနေရတာတုန်း။ နင်လူကိုတော့ နင့်အကြောင်းတွေ ပြန်ပြောဦးမှပါပဲ” အစိမ်းက ရယ်သံတ၀က်နဲ့ ဆက်ပြောတယ်။
“နင်တို့နော်။ ငါ့ကို လာမကျပ်နဲ့။ ဘာလို့မသိရမှာလဲ။ ဒါ အဆောင်မှာ အားလုံးသိတဲ့ကိစ္စ”
“မသိဘူး မသိဘူးဟေ့။ ငါတို့က အေးအေးဆေးဆေး စာပဲကျက်နေခဲ့တာ ဒီလိုဟာတွေ စိတ်ဝင်စားခဲ့တာ မဟုတ်ခဲ့ဘူး။”
သူတို့ဟာ ရေးကြီးခွင်ကျယ် လုပ်ပြီး ငြင်းကြတယ်။ အနီ အစိမ်းနဲ့ အဖြူတို့က အ၀ါတယောက်တည်း မခံမရပ်နိုင်ဖြစ်သွားတာကို အရသာခံပြီး အော်ရယ်ကြတယ်။
လမ်းမကို ဖြတ်ကူးပြီးတော့ ခဏရပ်ပြီး အ၀ါက ပလက်ဖောင်းပေါ်မှာ ဟိုရှာဒီရှာ လုပ်တယ်။
“ခရေပန်းတွေ… ခရေပန်းတွေ”
“အေး ဟုတ်ပါရဲ့ ပန်းနံ့တွေရတယ်”
“ငါကတော့ ခရေပန်းဆို မကြိုက်ဘူး။ ငါ့အမေကတော့ သိပ်ကြိုက်တာ”
“ဒီကလူတွေကတော့ ပန်းတွေကို ကြိုက်ပုံမပေါ်ပါဘူးဟယ်”
ဟိုဟိုဒီဒီပြောရင်း ခရေပန်းတချို့ကို ကောက်ကြတယ်။
“ဒါနဲ့ ဘာလို့ အခုလို ချိန်းကြရတာလဲ။ ပျောက်နေကြပြီးမှ ဗြုန်းစားကြီး”
“ဒီလိုလေ ငါဟိုတနေ့က ဆရာတော် xxxx ကို သွားဖူးဖြစ်တယ်။ ပေါင်းသင်းဆက်ဆံရေးတွေကို တန်ဖိုးထားဖို့ လိုတဲ့အကြောင်း ဟောပြတယ်။ ဒါနဲ့ ငါတို့ဟာ အတူရှိနေပါလျက် မတွေ့တာကြာပြီ လို့ သတိရသွားတယ်” အနီက သူ စချိန်းရခြင်း အကြောင်းရင်းကို ပြောပြတယ်။
ဒီလောက်ဆို သူတို့ချင်းက သဘောပေါက်ပြီ။ အားလုံး ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားကြတယ်။ သက်ပြင်းချတဲ့လူက ချတယ်။
သူတို့လမ်းခွဲကြတဲ့ အချိန်မှာ ညတပိုင်းဟာ တိတိရိရိ ပြတ်ကျသွားပေါ့။
---
အဲဒီညမှာ သူတို့ထဲက တယောက်ဟာ တရေးနိုးလာတယ်။ ဗြုန်းခနဲ သတိရသွားပြီး လက်ကိုင်အိတ်ကို ခါချလိုက်တော့ အဖျားလေးတွေ ခြောက်စပြုနေတဲ့ ခရေပန်းလေးတွေ ထွက်ကျလာတယ်။ တစ်ပွင့် နှစ်ပွင့် သုံးပွင့်။ ဒါပဲ။
အိုး.. ဘာလို့သုံးပွင့် ဖြစ်ရတာလဲ။ လေးပွင့်သာဆို ငါတို့လေးယောက်။ သူက ခပ်ကြောင်ကြောင်တွေးတယ်။ ခဏ ငိုင်နေပြီးမှ တယောက်တည်း ထပ်ရေရွတ်တယ်။ အင်း သုံးပွင့်ဆိုတော့လည်း သူတို့သုံးယောက်ပေါ့။ သူက မီးကိုဖွင့်တယ်။ ကွန်ပြူတာကို ဖွင့်တယ်။ စာကြောင်းတချို့ကို ရိုက်လိုက်တယ်။
ပန်ဒိုရာ
Friday, March 20, 2009
ဆက်ဆံရေးတွေ ကျဲနေတယ်
ပထမတော့ အလုပ်များလို့ စာမရေးဖြစ်ပါ။ ကိုယ့်ဗွီအိုင်ပီကို အချိန်ပေးနေတာကလည်း တပိုင်းပေါ့။ နောက်တော့ စာရေးဖို့ စိတ်မပါလက်မပါ ဖြစ်နေလို့ မရေးဖြစ်ပါ။ မရေးဖြစ်တဲ့အပြင် အွန်လိုင်းလည်း သိပ်မ၀င်ဖြစ်ပါ။ သတင်းဝက်ဘ်ဆိုက်တွေ အပြင် ဘလော့ဂ် တချို့ကို ဖတ်ဖြစ်ပေမယ့်လည်း ပျောက်လက်စနဲ့မို့ ခြေရာမထားဖြစ်ပါ။ အမြဲလာရှာကြသူတွေကို အားနာပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။
အွန်လိုင်းပေါ်က လူမှုရေးတွေ ကျဆင်းနေပါတယ်။ ခရီးသွားမယ့်လူကို သေသေချာချာ နှုတ်မဆက်ဖြစ်တာတို့ ဘလော့ဂ်မွေးနေ့ လူမွေးနေ့တွေကို လွတ်သွားတာတို့ ကိုယ့်ကိုလာပြောတဲ့လူတွေကို စကားပြန်မပြောဖြစ်တာတို့။ စာရေးဖို့ စိတ်မရတာ အလုပ်ထဲက ဖိစီးမှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အလုပ်တွေ တဖြုတ်ဖြုတ် ပြုတ်တဲ့သူ ပြုတ်နေတဲ့အချိန်မှာ၊ စီးပွားရေးကျဆင်းလာတဲ့ အလုပ်ခွင်တွေမှာ၊ ဟိုလူဒီလူ အပြစ်တင် အပြစ်ရှာနေကြတဲ့ကြားမှာ အပြိုင်အဆိုင်တွေများတဲ့ ကျွန်းကလေးထဲ ကိုယ့်နေရာလေး မပျောက်အောင် သတိထားနေရတာကိုး။ ဒီကြားထဲမှာ ပို့စ်တချို့မှာ အစာမကြေတဲ့ မှတ်ချက်တချို့ကို တွေ့ရတယ်။ ပြေလည်အောင် ပြန်ဖြေကြားပေးပါမယ်။ အကြည်ဓာတ်ကလေးကတော့ ပျောက်သွားပြန်တယ်။
အပြင်မှာ သူများတွေကို နည်းနည်းပါးပါး ကူညီဖြစ်ပါတယ်။ တွေးစရာတွေ ကူစဉ်းစားပေးတာတို့ သူများအလှူကိစ္စ ဆက်သွယ်ပေးတာတို့ပေါ့။ အကျိုးရှိသွားကြတယ် အဆင်ပြေသွားအောင် နည်းနည်းလောက် လုပ်ပေးနိုင်တယ် ဆိုရင်တော့လည်း ၀မ်းသာပီတိဖြစ်စရာပါ။ နောက်ထပ် အကူအညီတောင်းထားတဲ့ တချို့ လုပ်ပေးစရာ အကြွေးလည်း ကျန်နေသေးတယ်။
သူ.. ကတော့ အားပေးပါတယ်။ ၀ါသနာပါတာကို တဖက်တလမ်းက လုပ်မယ်ဆိုရင်လည်း စူးစူးစိုက်စိုက် လုပ်ဖို့။ တန်ဖိုးရှိတဲ့ အချိန်တွေ ကြားမှာ လုပ်ချင်တာတွေ မပြန့်ကျဲဖို့။ သူကတော့ ကိုယ်တခုခု လုပ်မယ်ဆိုရင် မပြောမဆိုနဲ့ လိုက်လိုက်ပံ့ပိုးပါတယ်။ တချို့စာတွေ ကိုယ့်ဘာသာ လေ့လာမလို လုပ်တုန်းက သက်ဆိုင်တဲ့ စာအုပ်တွေ ၀ယ်ပေး။ ကျောင်းဆက်တက်မလို စဉ်းစားတော့ ကျောင်းတွေ လိုက်ရှာပေး။ ပုံတွေဆွဲမလို လုပ်တုန်းက ဆေးတွေ ခဲတံတွေ ပုံဆွဲစက္ကူတွေ ၀ယ်ပေး (အခုထိ မဖောက်ဖြစ်သေး)။ အခုလည်း မြန်မာပြည်မှာ အသစ်ထွက်တဲ့ ကဗျာစာအုပ်တချို့ ပေးလာပြန်ပါတယ်။
ဒါနဲ့ စကားမစပ် တနင်္လာ-သောကြာ အချိန်ဇယားလေး ပြောပြချင်ပါတယ်။ မနက်ဆိုရင် ၆ ခွဲ အိပ်ရာထ။ ရေမိုးချိုးပြီး ရုံးကိုပြေး။ ညနေ ၆ နာရီ ရုံးဆင်းပြီးရင် အိမ်ပြန်ရောက်ချိန်ဟာ ၇ နာရီခွဲလောက် အစောဆုံးပါပဲ။ ညစာချက် ညစာစား ရေချိုး တခြားဗာဟီရကိစ္စတွေနဲ့ ၉ နာရီလောက်မှ စပြီး အချိန်ရပါတယ်။ ည ၁၂ နာရီ အိပ်မယ် ဆိုရင် ၃ နာရီလောက် အချိန်ရတယ် ဆိုပါတော့။ အဲဒီကြားမှာ ဖုန်းပြောစရာတွေ ရှိမယ်။ အွန်လိုင်းဝင်ရင်လည်း သတင်းတို့ တခြားနေ့စဉ် ဖတ်စရာတွေ ရှိမယ်။ တွေးစရာတွေ တွေ့ရင်တော့ ဆက်တွေးမိနေသေးတယ်။ တခါတလေကျတော့လည်း ကိုယ်စကားပြောချင်သူတွေနဲ့ ဆွေးနွေးစရာ ရှိရင် ဖြစ်ဖြစ်၊ relax အနေနဲ့ ဘာရယ်မဟုတ် ဟိုဟိုဒီဒီ ဖြစ်ဖြစ် ခဏတဖြုတ် chat ချင်သေးတယ်။ ရုံးကအလုပ်တွေ အိမ်ပါလာတဲ့ ရက်မျိုးဆိုရင်တော့ အချိန်က ရှားပါးလှတယ်။ အလုပ်နဲ့ပတ်သက်တဲ့ မဖတ်ဖြစ်သေးတဲ့ လေ့လာစရာ စာတွေကလည်း စားပွဲပေါ်မှာ ကျောက်ချနေတယ်။ တီဗွီ ကြည့်တဲ့ အချိန်ကတော့ သိသိသာသာနည်းသွားတယ်။
ဒါပါပဲ။ ညည်းညူတယ်လို့ သဘောမထားပါနဲ့။ ဟိုရောက်ဒီရောက် ရေးရင်း ပြန်ပြီး အင်ထရို ၀င်တဲ့စာ ဆိုပါတော့။
ပန်ဒိုရာ
(ဒီညတော့ အစောကြီး အိပ်သွားပြီးမှ ၁နာရီလောက်မှာ တရေးနိုးပြီး ထရေးပါတယ်။)
Sunday, March 1, 2009
ဝိုင်မြစ်ချိုထဲမှာ မျှောလိုက်တယ် ဂျွန် -၂
ဝိုင်မြစ်ချိုထဲမှာ မျှောလိုက်တယ် ဂျွန် -၂
ဆောင်းလေပြင်းတွေ မတိတ်သေးဘူးလား ဂျွန်
သစ်ရွက်တွေ စင်သွားတဲ့ အရိုးပြိုင်းပြိုင်းပင်တွေ တစ္ဆေခြောက်လို့
ရယ်မောဖို့စောင့်ရတာ မျက်လုံးတွေညောင်းလို့
ပါးစပ်တွေဟောင်းလောင်းနဲ့ နားတွေပြားကပ်လို့
ရှုံးပြီး ရှင်ကျန်သူတွေကို ကူတိုက်ဖို့
ပိတ်မိနေတဲ့ ရဲဘော်တွေကို တူးထုတ်ဖို့
စစ်သတင်းတွေ တကျီကျီ လွှင့်ထုတ်နေတဲ့ ရေဒီယိုတွေကို ထားခဲ့ဖို့
ငါတို့စစ်မြေပြင်ကို ပြန်သွားကြမယ်ကွယ်…
ဟောဟိုမှာ အဆောက်အဦအပျက်တွေကြား
အရွေ့တွေတိုင်းမှာ အကွေ့တွေတိုင်းမှာ အတွေ့တွေတိုင်းမှာ
အချိန်မရွေး ခြုံခိုတိုက်ခိုက်မှုတွေ ရှိနိုင်တယ်
အရပ်သားတွေက ပစ်မှတ်ထဲ ၀င်ဝင်လာတယ်
မိန်းမတွေ ကလေးတွေ ဘေးကိုဖယ်ကြပါကွဲ့
အချိန်သိပ်မကြာတော့ပါဘူး ဂျွန်
နောက်တစ်နှစ်မှာ တပ်တွေ ရုပ်သိမ်းပြီးရင်
နောင် ဆယ်နှစ် အနှစ် နှစ်ဆယ် ကြာရင်
ငါတို့နာမည်တွေ ရုပ်တုတွေ ရေးထိုးထားကြမယ် (ထင်တယ်…)
ငါတို့ဟာ ကယ်တင်သူတွေ လွတ်လပ်ရေးကို ခေါ်လာသူတွေ (ထင်တယ်..)
ငါတို့ဟာ ဦးဆွေးဆံမြည့် ထမ်းရွက်သူတွေ (ထင်တယ်.. ငါထင်တယ်)
စစ်မြေပြင်ကိုပဲ ပြန်သွားကြပါစို့ ဂျွန်ရယ်
နေရောင်ကျဲကျဲထဲ တံလျှပ်တွေက တလက်လက်နဲ့
ဖုန်မှုန့်တွေ ဗလုံးဗထွေးနဲ့
ကန္တာရက ဖြားယောင်းတယ်
မသေချာဘူး ဘာမှ မမြင်ရဘူး
နေ့ဘက်မှာ လင်းလွန်းလို့မမြင်ရဘူး
ညရောက်တော့ မှောင်လွန်းလို့မမြင်ရဘူး
မှန်တဲ့ဘက်ဆိုတာ အသက်နဲ့ရင်းပြီး လိုက်ဖို့လိုတယ်
မှားတဲ့ဘက်မှာလည်း အသက်နဲ့ရင်းပြီး လိုက်ဖို့လိုတာပဲ
သူတို့လက်တွေနဲ့ ညွှန်.. လို့
သူတို့ပါးစပ်တွေနဲ့ ပြော… လို့
ငါတို့ခေါင်းကိုတော့ တည့်တည့်ချိန်ထားလေတယ်
ငါတို့ရင်ဘတ်တွေနဲ့ တွန်းတွန်းပြီး ရှေ့တက်ကြမယ်
ဂျွန်ရေ…
သတင်းတွေကလည်း မထူးသေးပါလားကွယ်
ငါတို့ဒဏ်ရာတွေကိုပဲ အရည်ဖျော်လို့
သစ်သီးဆန်ဆန်ဝိုင်ကလေးကိုဖောက်ပြီး
ကန္တာရထဲသွန်းချလိုက်ကြမယ်
ပြီးရင်အားလုံးကို မေ့လိုက်ကြမယ်
အလိုရှိတဲ့အချိန်မှာ စတင်ပြီး
အလိုရှိတဲ့အချိန်မှာ မရပ်စဲနိုင်ခဲ့တာ စစ်ပွဲတွေပဲ.. တဲ့
တင့်ကားတွေ သေနတ်တွေ အမြောက်တွေ
ပေါက်ကွဲသံတွေ ငိုယိုသံတွေ အသေခံဗုံးတွေ
ဖျက်ဆီးခံလိုက်ရတဲ့ သောက်ရေတိုင်ကီတွေ
ပဲ့ရွဲ့သွားတဲ့သစ်သီးတွေ ပုတ်ချခံလိုက်ရတဲ့ အစားအသောက်တွေ
ကလေးငယ်တွေရဲ့ စူးစူးဝါးဝါးအကြည့်တွေ
သွေးစက်တွေကြားကိုပဲ ပြန်သွားလိုက်ကြပါစို့ ဂျွန်ရယ်..။
ပန်ဒိုရာ
(၀ိုင်မြစ်ချိုထဲမှာ မျှောလိုက်တယ် ဂျွန် - ၁ သို့)