Sunday, March 22, 2009

မိန်းမကြီးလေးယောက်

သောကြာညနေဟာ ပြိုဆင်းလာတဲ့ လူအုပ်ကို ဘူတာရုံလေးကနေ စောင့်နေတယ်။ ရထားပေါ် အလျင်စလို တိုးဝှေ့တက်ကြသူတွေ၊ ဘူတာရုံဝကနေ ဟိုကြည့်ဒီကြည့် လုပ်ကြသူတွေ၊ ဖုန်းခေါ်ကြသူတွေ၊ အက်စ်အမ်အက်စ် ပို့ကြသူတွေ၊ ချိန်းထားတဲ့လူတွေ တွေ့တော့ဝမ်းသာကြသူ၊ မတွေ့တော့ လည်တဆန့်ဆန့်ဖြစ်ကြသူတွေ ကြားမှာ ရထားတွေ တစင်းပြီးတစင်း ၀င်လာတယ်။

ကွန်ပြူတာအိတ်တချို့ စလင်းဘက်ပြောင်ပြောင်လက်လက်တချို့ ထိပ်ဝိုင်းရှုးဖိနပ်အပါးတွေ၊ ရုံးဝတ်စုံကို ဖြေလျော့ထားတဲ့ ဂျင်းပြာပြာတွေ၊ အသားကပ် ခြေသလုံးတ၀က် ဘောင်းဘီတွေ၊ ခါးပတ်ပြားကြီး ပတ်ထားတဲ့ မီနီစကပ်တွေ၊ လူတယောက်ချင်းတွေ၊ နှစ်ယောက်ချင်းတွေ၊ လူအစုလိုက်တွေ ဘူတာရုံထဲမှာ ဟိုနားဒီနား မိုးတိုးမတ်တတ်တွေကြားမှာ သူတို့ ချိန်းထားကြတယ်။

တယောက်က ရောက်နှင့်နေပြီ။ နောက်တယောက်က ဖုန်းဆက်လိုက်တယ်။ ဘယ်နေရာမှာလဲ။ လက်မှတ်ရောင်းကောင်တာရဲ့ ရှေ့တည့်တည့်မှာ ရပ်နေတယ်။ တွေ့ပြီ။ ဟိုနှစ်ယောက်က လမ်းမှာလို့ပြောတယ်။ ဟော.. ရောက်လာကြပြီ။ လူစုံပြီလား။ တယောက် နှစ်ယောက် သုံးယောက် လေးယောက်..။ အိုကေ.. သွားကြစို့။

ဆည်းဆာရီရီအောက်မှာ လူလုပ်ဆိပ်ကမ်းတခုရဲ့ ရှုခင်းအတုကို လူတွေဟာ အာသာပြေ ငေးမောနေကြတယ်။ မီးရောင်တွေလက်နေတဲ့ အဆောက်အဦတွေ ရေယာဉ်တွေ မြစ်ဟိုဘက်ကမ်းက ဆောက်လက်စ ထိုးထိုးထောင်ထောင် အရာတွေက မြို့ပြရဲ့ ညနေကို တန်ဆာဆင်ထားတယ်။

“ဟိုနားက ဆိုင်တန်းတွေမှာ ညနေစာ အရင်စားကြတာပေါ့။” အနီရောင် ဆွယ်တာဝတ်ထားတဲ့ တယောက်က စကားစ လိုက်တယ်။

“ကောင်းတယ်။” ဇာနားတွန့်လေးတွေ တပ်ထားတဲ့ ဘလောက်စ် ပါးပါးပွပွ အဖြူရောင်ကို ၀တ်ထားတဲ့တယောက်က ချက်ချင်း ထောက်ခံလိုက်တယ်။

“ငါကတော့ ဘာဖြစ်ဖြစ် စားတာပဲ။” ချည်ထည်လိုလို အ၀ါနုနု အင်္ကျီကို စကပ်တိုတိုနဲ့ တွဲဝတ်ဆင်ထားတဲ့ တယောက်က ခပ်အေးအေးပြောတယ်။

“အဲဒီဆိုင်တွေမှာ မစားဖူးသေးဘူး။ ဒီဆိုင်တွေရှိတာ ဘာလို့များ မသိခဲ့ပါလိမ့်။” ရင်ဘတ်မှာ ဘာမှန်းမသိတဲ့ အရုပ်တရုပ်ပါတဲ့ အစိမ်းရောင် တီရှပ်ကို ၀တ်ထားတဲ့ တယောက်က ရေရွတ်တယ်။

စားပွဲအားလုံးလိုလို လူတွေပြည့်နေတယ်။ အပြင်ဘက်ကျကျ စားပွဲတစ်လုံးမှာ တချို့ ထသွားတော့ သူတို့ ၀င်ထိုင်လိုက်ကြတယ်။ အနီရယ် အစိမ်းရယ်က စားစရာတွေ သွားမှာတယ်။ အဖြူက အအေးရောင်းတဲ့ ဘက်ကို ထွက်သွားတယ်။ အ၀ါက စားပွဲကနေ ထိုင်စောင့်တယ်။

လေအေးစက် တပ်မထားတဲ့ ၀န်းကျင်ဟာ အညှော်ငွေ့တွေနဲ့ ဗလုံးဗထွေး ဖြစ်နေတယ်။ မြစ်ဘက်က တခါတခါ တိုက်လာတဲ့ လေသာမရှိဘူးဆိုရင် ၀ါးတားတား လေထုဟာ ကြည်လင်စရာ မရှိလှဘူး။ လူတွေက တန်းစီစောင့်ကြတယ်။ ဆိုင်တွေရှေ့က စောင့်နေသူတွေရဲ့ ခြေထောက်တွေအောက်မှာ ရေတွေ စိုစိစိဖြစ်နေတယ်။ ဆယ်မိနစ်ကြာမှ ပြန်လာပါ။ ဆယ့်ငါးမိနစ်မှရမယ်။ တရှဲရှဲ ကြော်လှော်ကြ။ တရှုးရှုး စားသောက်ကြ။ မတ်တပ်ရပ်သူက ရပ်နေ။ နေရာကောင်း ရထားသူတွေက စိမ်ပြေနပြေစားကြ။ စားပွဲမှာ အထုပ်တွေနဲ့ နေရာဦးထားပြီး လက်ကိုင်ဖုန်းတလုံးနဲ့ တယောက်တည်း အလုပ်ရှုပ်သူကရှုပ်နေကြ။ မြို့ပြရဲ့ သောကြာညနေခင်းဟာ အခုထိတော့ ဒရောသောပါး မျောပါနေတုန်းပဲ။

မြစ်ကိုကျောခိုင်းပြီး နောက်မှီလုပ်ထားတဲ့ ခုံတန်းရှည်တွေဟာ စားသောက်ပြီးသူတွေအဖို့ နောက်ထပ်ဆက်ရွှေ့သွားစရာ နေရာပေါ့။ ညဟာ ပီပြင်နေပြီ။ လျှပ်စစ်မီးရောင်စုံတွေက မြစ်ရေပြင်ကို ဟပ်နေတယ်။အနီက ခြေထောက်နှစ်ဘက်ကို ဆန့်တန်းပြီး အညောင်းဖြေတယ်။ အဖြူက အင်္ကျီအဖြူကို မပေကျံအောင် ထိုင်ခုံကို သေသေချာချာကြည့်ပြီးမှ ဖြည်းဖြည်းထိုင်တယ်။ အစိမ်းက နောက်ခိုင်းဖြစ်နေတဲ့ မြစ်ရေပြင်ကို ကိုယ်တစောင်းလိမ်ပြီး လှည့်ကြည့်နေတယ်။ အ၀ါက အဖြူဘေးမှာ ထိုင်ပြီး စကပ်တိုအောက်က ခြေသလုံးတွေကို ကြက်ခြေခတ် ချိတ်ထားလိုက်တယ်။



“ငါတို့ မဆုံဖြစ်တာ ကြာပြီနော်…”

တယောက်က စပြောတော့ ကျန်လူတွေက အသီးသီး ခေါင်းညိတ်လိုက်ကြတယ်။ ဟုတ်တယ်။ မြို့လေးမှာ အတူတူရှိနေကြပေမယ့် သူတို့ အခုလိုမဆုံဖြစ်ခဲ့ကြတာ တနှစ်နီးပါး ရှိနေပြီ။ သူတို့တွေဟာ မွေးရပ်ကို ခွာပြီး ဒီနေရာကို တယောက်ပြီး တယောက် ရောက်လာကြတယ်။ ရောက်စကတော့ မကြာခဏ ဆုံတွေ့ဖြစ်ကြတယ်။ အသစ်တယောက် ထပ်ရောက်လာတိုင်း ၀မ်းသာအားရ ချိန်းကြ ဖုန်းဆက်ကြ လည်ကြပတ်ကြ။ အခုတော့ အနည်ထိုင် အီလေးစပြုလာပြီ။ ကိုယ်ပိုင်ကိစ္စ အသီးသီးတွေနဲ့မို့ နွေးထွေးတဲ့ အချိန်တွေ မဖန်တီးနိုင်ခဲ့တာ အတော့်ကိုကြာနေပြီ။

“ငါ ဒီနေ့ အလုပ်ထွက်စာ တင်လာတယ်” အဖြူက ဆိုင်းမပါ ဗုံမဆင့် ပြောလိုက်တယ်။

“ဘယ်လိုဖြစ်တာတုန်း။ ဒီလိုအချိန်ကြီးမှာ” အစိမ်းက တအံ့တသြ မေးလိုက်တယ်။

“သည်းမခံနိုင်တော့ဘူး။ သူတို့ ဆက်ဆံရေးကို ငါမကြိုက်ဘူး”

အားလုံး ခဏ တိတ်သွားကြတယ်။

“ခက်ပါတယ်။ ဒီမှာလည်း တချို့နေရာတွေမှာက တို့တွေကိုဆို ခွဲခြားနေသလို ရှိတယ်” အ၀ါက ကောက်ချက်ချတယ်။

“ဒီလိုတော့လည်း မဟုတ်ပါဘူး” အနီက ကန့်ကွက်တယ်။ “ကိုယ့်မှာ တကယ်အရည်အချင်းနဲ့ဆိုရင် ဘယ်သူက နှိပ်ကွပ်လို့ရမလဲ”

“လူတိုင်းဟာ နင့်လိုတော့လည်း အရည်အချင်းတွေ ရှိမနေနိုင်ဘူးလေ” ဖြတ်ခနဲ ၀င်ပြောတဲ့ အစိမ်းကို အနီက မျက်စောင်းခဲလိုက်တယ်။ သူတို့တွေက တွေ့လိုက်ရင် အဲဒီလိုပါပဲ။ နည်းနည်းပါးပါး အတိုက်အခံလေးတွေတော့ ရှိစမြဲ။ ဒါပေမယ့်လည်း ခဏပါ။

ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာလေးမှာ အမြဲနေထိုင်ခွင့် ရနေတဲ့ အဖြူအတွက် နောက်ထပ် အလုပ်အခွင့်အရေးတခု ဆိုတာ မရှားကြောင်း။ ကိုယ်ပိုင်စီးပွားရေးတခုပဲ ဖြစ်ဖြစ် တည်ထောင်ရင်တောင် ရနိုင်ကြောင်း အားလုံးက တညီတညွတ်တည်း အားပေးကြတယ်။

ခဏကြာတော့ သူတို့စကားလမ်းကြောင်း ပြောင်းသွားပြန်တယ်။ လာမယ့်နှစ်မှာ ဘာအပြောင်းအလဲတွေ ဖြစ်နိုင်မလဲ ဆိုတာကနေ ဆင်းရဲကျပ်တည်းမှုတွေ အကြောင်းကို ဆက်ကူးသွားတယ်။ အဲဒီကနေ အော်စကာဆုရတဲ့ ကလေကလွင့် သန်းကြွယ်သူဌေး ဆိုတဲ့ ရုပ်ရှင်ကားတစ်ကား အကြောင်း ဆက်ရောက်သွားကြပြန်တယ်။

လေက အေးရုံလေး အေးနေတယ်။ မိုးလည်းမရွာဘူး။ ကောင်းကင်မှာ တိမ်တွေက ဟိုတစ ဒီတစလွင့်နေတယ်။ ကြယ်တချို့ကိုလည်း မြင်နေရတယ်။ ဒီည ရာသီဥတုက သာယာတယ်လို့ ဆိုနိုင်တယ်။ ညက ရင့်ရင့်လာတယ်။ သူတို့ရှေ့မလှမ်းမကမ်းမှာ ထိုင်နေတဲ့ အိန္ဒိယလူမျိုး စုံတွဲတတွဲဟာ တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်ကြတယ်။

“နင်အပျိုကြီးပဲ လုပ်တော့မှာလား”

အစိမ်းက အဖြူကို မေးလိုက်တယ်။ အနီက ဘေးကနေ ခွိကနဲ ရယ်တယ်။

“နင့်ကိုတော့ မမေးတော့ပါဘူး” အစိမ်းက အနီဘက်ကို လှည့်ပြောလိုက်တယ်။

အ၀ါကတော့ ခပ်ပြုံးပြုံးနဲ့ ငြိမ်နေတယ်။ ၀င်မပြောဘူး။

“ဒီနှစ်ပိုင်းတွေမှာ မတွေ့ဘူးလား” အစိမ်းက အဖြူကို ထပ်စပ်စုပြန်တယ်။

“ဟင့်အင်း …လေ။ နင်တခါ မိတ်ဆက်ပေးတဲ့ တရုတ်ကလေးတစ်ယောက်က လွဲလို့ပေါ့”

“ငါဘယ်တုန်းက မိတ်ဆက်ပေးလို့လဲ”အစိမ်းက အူကြောင်ကြောင်လုပ်နေတယ်။ သူက ဒီလိုပဲ မေ့တတ်တယ်။

အဖြူက ပြုံးနေပါတယ်။ သူ့ရဲ့ ရွှေရောင်အချိန်တွေကို ပြန်တွေးနေလား မသိပါဘူး။ သူပိုင်ဆိုင်တဲ့ ပျော့စင်းတဲ့ ဆံနွယ်တွေနဲ့ ချိုမြတဲ့ အပြုံးတွေဟာ အတော်ကို လူကြိုက်များခဲ့တာပဲ။ ဒါပေမယ့် လူကြိုက်များခြင်းရယ် ကိုယ်နဲ့ ဓာတုဓာတ်ပြုနိုင်သူကို တွေ့ဆုံခြင်းရယ် ဆိုတာ တိုက်ရိုက်ထပ်တူကျလို့မရတဲ့ ဖြစ်နိုင်ခြေတွေပဲ။

“ငါက တကယ်လို့ တယောက်ယောက်နဲ့ လက်တွဲမယ် ဆိုရင်တောင် လူမျိုးတူ ဘာသာစကားတူချင်းပဲ စဉ်းစားမှာပါ။ နို့မို့ရင် ဘာသာစကား က စည်းခြားနေရင် တယောက်နဲ့တယောက် အပြည့်အ၀ နားလည်ဖို့မလွယ်ဘူးလို့ ငါထင်တယ်”
အဖြူက သူ့အယူအဆကို ပြောပြနေတယ်။

“တော်ပါပြီ။ ဒီအရွယ်ရောက်မှတော့ ငါလည်း တွေ့မယ် မထင်တော့ပါဘူး”
ဒီလိုဆက်ပြောရင်းနဲ့ စကားကို လက်စသတ်တယ်။

“ဟုတ်တယ်။ လက်တွဲဖော် ဆိုတာ တယောက်နဲ့တယောက် နားလည်ဖို့ လိုတယ်”

အနီက ၀င်ပြောတယ်။

“နင်တို့ကျတော့ရော နားလည်မှုတွေကို ဘယ်လိုတည်ဆောက်ခဲ့သလဲ” အနီက အ၀ါဘက်ကို လှည့်မေးတယ်။

“ငါတို့က ဒီလောက် ကြီးကြီးကျယ်ကျယ်တွေ မတွေးမိခဲ့ပါဘူးအေ့။ နင်တို့သိတဲ့အတိုင်း သူကလည်း အေးဆေးပဲလေ” အ၀ါက ပေါ့ပေါ့ပါးပါးပဲ တုန့်ပြန်တယ်။

မေးခွန်းက အစိမ်းဘက်ကို လှည့်လာပြန်တယ်။ သူကဖြေတယ်။ မြန်မာလိုတော့ မဟုတ်ဘူး။

“Well … you know he's a nice guy.”

“ဟုတ်ပါတယ်။ အဲဒီတော့…”

“And …. I'm trying to be a good girl.”

ကျန်တဲ့သုံးယောက်က ၀ါးခနဲ ရယ်လိုက်ကြတယ်။ မြစ်ထဲမှာ စည်းချက်မှန်မှန် တငြိမ့်ငြိမ့် လှုပ်ယိမ်းရင်း ငိုက်မျဉ်းနေတဲ့ လှိုင်းကြပ်ခွပ်လေးတွေတောင် လန့်နိုးသွားပြီး မလိုတမာ ကြည့်လိုက်ကြသလိုပဲ။ အစိမ်းက ပြုံးရုံလေး ပြုံးနေတယ်။ သူက ဆက်မပြောပါဘူး။ ဘာသာလည်း ပြန်မနေဘူး။ ဟုတ်တယ်။ တချို့အရာတွေက တော်တော် ရှင်းပါတယ်။ ဟို သုံးယောက်ကလည်း ထွေထွေထူးထူး ဆက်ပြောမနေပါဘူး။ ဒါဟာ ညနေခင်းရဲ့ အပျင်းပြေ ဟာသတပုဒ်လို့ သဘောထားကြမှာပဲ။

“ရထားတွေ ကားတွေ ရှိသေးရဲ့လားမသိဘူး။ ငါတို့ပြန်မှဖြစ်မယ်။ ဘူတာကို အပြင်ဘက်လမ်းကနေ လမ်းလျှောက်သွားကြမယ်လေ” အနီက စပြီး လှုံ့ဆော်လိုက်ပြန်တယ်။

အပြန်လမ်းမှာ သူတို့ တဖြည်းဖြည်းလျှောက်လာရင်း ကွင်းပြင်တခုကို ဖြတ်လာကြတယ်။ ကွင်းပြင်ဟိုဘက်မှာတော့ မြို့တော်ခန်းမက မီးရောင်တွေဖြာလို့။



ညအေးအေးရဲ့ မြက်ခင်းပြင်ပေါ်မှာ အုပ်စုဖွဲ့ထိုင်နေကြတဲ့ ယောင်္ကျားလေးတချို့ ရှိတယ်။ ခပ်လှမ်းလှမ်းကနေ ဖြတ်လျှောက်သွားတော့ ဂစ်တာသံနဲ့အတူ သီချင်းသံသဲ့သဲ့ ကြားလိုက်ရတယ်။

“ရွှေလည်တိုင်ကိုကွယ် အနမ်းလေး ပေးစဉ်ဝယ်.. ရင်ခုန်စရာ သနပ်ခါးနံ့လေးတွေနဲ့
ရင်ခွင်ကြားမှာ ခေါင်းလေးငုံ့ကာ.. ရှက်ပြုံးလေး ပြုံးနေတဲ့သူရယ်…”

“ဒါ မြန်မာသီချင်းသံပဲ”
“သြော်.. ရွှေတွေကိုး”
“ဒါပေါ့ ပင်နီဆူလာ ပလာဇာနဲ့ နီးတာကိုး ညနေ အလုပ်ဆင်းချိန် ကျောင်းဆင်းချိန် စုချိန်းကြတာ နေမှာပေါ့”
“ဂစ်တာသံ မကြားရတာ ကြာပြီနော်”

သူတို့ မြန်မာလို ပြောတဲ့စကားတွေကိုလည်း ယောင်္ကျားလေးတွေက ကြားသလားမသိပါဘူး။ ခေါင်းတွေ လည်ကြည့်လာကြတာ တွေ့တယ်။

“ငါတို့ဖြတ်လျှောက်သွားလို့ သူတို့သီချင်းသံတောင် ပိုကျယ်လာသလိုပဲ”

အစိမ်းက ခပ်တိုးတိုးပြောတော့ အဖြူက ရယ်လိုက်တယ်။ “နင်ဟာလေ နောက်တီးနောက်တောက် အကျင့်တွေ မဖျောက်သေးဘူး”

“ကျောင်းတုန်းက အဆောင်ရှေ့မှာ ဂစ်တာလာတီးကြရင်း ကောင်လေးတွေ ရန်ဖြစ်ကြတာတောင် သတိရသေးတယ်” အ၀ါက ၀င်ပြောတယ်။

“ဟေ… ဟုတ်လား ဘယ်တုန်းကလဲ” အနီက မေးလိုက်တယ်။

“အဲဒီမှာ တဖွဲ့ပါလာတဲ့ ဂစ်တာကို နောက်တဖွဲ့က ခဏဆိုပြီး ငှားတီးတယ်လေ။ တော်တော်နဲ့ပြန်မပေးပဲ သူတို့ချည်း တီးနေလို့ ဆိုပြီး ရန်ဖြစ်ကြတာ နောက်ဆုံးတော့ ဂစ်တာကို ရိုက်ခွဲရော ဆိုလား” အ၀ါက ရှင်းပြတယ်။

“ဟုတ်လား ငါတောင် မသိလိုက်ဘူး” အစိမ်းက ၀င်ပြောပြန်တယ်။

“နင်ရော သိလား” အဖြူဘက်ကို လှည့်မေးတော့ အဖြူက လက်ခါပြတယ်။

“အဲဒါ ခက်တာပေါ့။ ကျောင်းတလျှောက်လုံး ဒီလောက် တခန်းထဲ နေနေတာ ငါတို့ကမသိဘူး နင်ကသိတယ်ဆိုတော့ ဘယ်တုန်းက ဒီလိုကောင်တွေနဲ့ အဆက်အသွယ် ရှိနေရတာတုန်း။ နင်လူကိုတော့ နင့်အကြောင်းတွေ ပြန်ပြောဦးမှပါပဲ” အစိမ်းက ရယ်သံတ၀က်နဲ့ ဆက်ပြောတယ်။

“နင်တို့နော်။ ငါ့ကို လာမကျပ်နဲ့။ ဘာလို့မသိရမှာလဲ။ ဒါ အဆောင်မှာ အားလုံးသိတဲ့ကိစ္စ”

“မသိဘူး မသိဘူးဟေ့။ ငါတို့က အေးအေးဆေးဆေး စာပဲကျက်နေခဲ့တာ ဒီလိုဟာတွေ စိတ်ဝင်စားခဲ့တာ မဟုတ်ခဲ့ဘူး။”

သူတို့ဟာ ရေးကြီးခွင်ကျယ် လုပ်ပြီး ငြင်းကြတယ်။ အနီ အစိမ်းနဲ့ အဖြူတို့က အ၀ါတယောက်တည်း မခံမရပ်နိုင်ဖြစ်သွားတာကို အရသာခံပြီး အော်ရယ်ကြတယ်။

လမ်းမကို ဖြတ်ကူးပြီးတော့ ခဏရပ်ပြီး အ၀ါက ပလက်ဖောင်းပေါ်မှာ ဟိုရှာဒီရှာ လုပ်တယ်။

“ခရေပန်းတွေ… ခရေပန်းတွေ”

“အေး ဟုတ်ပါရဲ့ ပန်းနံ့တွေရတယ်”

“ငါကတော့ ခရေပန်းဆို မကြိုက်ဘူး။ ငါ့အမေကတော့ သိပ်ကြိုက်တာ”

“ဒီကလူတွေကတော့ ပန်းတွေကို ကြိုက်ပုံမပေါ်ပါဘူးဟယ်”

ဟိုဟိုဒီဒီပြောရင်း ခရေပန်းတချို့ကို ကောက်ကြတယ်။

“ဒါနဲ့ ဘာလို့ အခုလို ချိန်းကြရတာလဲ။ ပျောက်နေကြပြီးမှ ဗြုန်းစားကြီး”

“ဒီလိုလေ ငါဟိုတနေ့က ဆရာတော် xxxx ကို သွားဖူးဖြစ်တယ်။ ပေါင်းသင်းဆက်ဆံရေးတွေကို တန်ဖိုးထားဖို့ လိုတဲ့အကြောင်း ဟောပြတယ်။ ဒါနဲ့ ငါတို့ဟာ အတူရှိနေပါလျက် မတွေ့တာကြာပြီ လို့ သတိရသွားတယ်” အနီက သူ စချိန်းရခြင်း အကြောင်းရင်းကို ပြောပြတယ်။

ဒီလောက်ဆို သူတို့ချင်းက သဘောပေါက်ပြီ။ အားလုံး ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားကြတယ်။ သက်ပြင်းချတဲ့လူက ချတယ်။

သူတို့လမ်းခွဲကြတဲ့ အချိန်မှာ ညတပိုင်းဟာ တိတိရိရိ ပြတ်ကျသွားပေါ့။


---


အဲဒီညမှာ သူတို့ထဲက တယောက်ဟာ တရေးနိုးလာတယ်။ ဗြုန်းခနဲ သတိရသွားပြီး လက်ကိုင်အိတ်ကို ခါချလိုက်တော့ အဖျားလေးတွေ ခြောက်စပြုနေတဲ့ ခရေပန်းလေးတွေ ထွက်ကျလာတယ်။ တစ်ပွင့် နှစ်ပွင့် သုံးပွင့်။ ဒါပဲ။

အိုး.. ဘာလို့သုံးပွင့် ဖြစ်ရတာလဲ။ လေးပွင့်သာဆို ငါတို့လေးယောက်။ သူက ခပ်ကြောင်ကြောင်တွေးတယ်။ ခဏ ငိုင်နေပြီးမှ တယောက်တည်း ထပ်ရေရွတ်တယ်။ အင်း သုံးပွင့်ဆိုတော့လည်း သူတို့သုံးယောက်ပေါ့။ သူက မီးကိုဖွင့်တယ်။ ကွန်ပြူတာကို ဖွင့်တယ်။ စာကြောင်းတချို့ကို ရိုက်လိုက်တယ်။


ညရဲ့လှုပ်ခတ်မှု
မွှေးရနံ့တောင် ကြွေကျသွား
အချိန်ခေါ်သံနောက်မှာ...။





ပန်ဒိုရာ


34 comments:

ခင်မင်းဇော် said...

ငယ်သူငယ်ချင်းတွေကိုတောင် လွမ်းသွားတယ်..
ခုတော့ ဘယ်ဆီဘယ်ဝယ်ရောက်နေကြလဲ အဆင်ရောပြေကြရဲ့လား... သူတို့ရော ငါ့ကို သတိရနေမလား ဘာညာဘာညာ ဆက်ပြီးအတွေးက ရှည်သွားတယ်... တို့တွေ ခုတော့ မိန်းမကြီးတွေ ဖြစ်သွားလေပြီကွယ်....

ညိမ်းညို said...

မကြီးပန်ရေ
မိန်းမကြီးလေးယောက် ပြောတာတွေကို ထိုင်နားထောင်သွားတယ်
အဲ အတော်တော့ ကြာသဗျ :D

နေညိုရင့် said...

လေးယောက်မှသည် သုံးပွင့်...တပွင့်ကတော့ ကဗျာကို ရေးနေ၏။

လင်းဒီပ said...

မိန်းမလေးကနေ မိန်းမကြီး...
ယောက်ျားလေးကနေ ယောက်ျားကြီး...

ဘဝဆိုတာကြီး ကလဲ..
တွေ့လိုက် ကြုံလိုက်
နောက်တော့လဲ...

အိန္ဒြာ said...

မပန်ရေ...

ရပ်ထားချင်တာ..တွေထဲမှာ..
အသက်ကရှေ့ဆုံးက..ပေါ့...
မိန်းမကြီးတွေ..အသက်ဘယ်လောက်လောက်ရှိကြပြီလဲဟင်..
၃၅ တော့ကမယ်...မထင်ဘူးနော်..။
ပန့်ဒို့ရာ့စတိုင်..သွက်သွက်တင်းတင်းလေးရေးထားတာကို
သဘောတကျဖတ်သွားပါတယ်..။

ရွှန်းမီ said...

း-) အမှတ်တရပေါ့..
မွှေးနေကြဦးမှာပါ။

Phyo Evergreen said...

ကောင်းလွန်းလို့ ကောင်းတယ်လို့ဘဲပြောပါတော့မယ်..။

myo said...

မပန်..မိန်းမကြီးတွေ မဖြစ်လောက်သေးပါဘူးနော်.. မိန်းမလတ်လောက်ပဲနေမှာပါ.. မိန်းမကြီးတွေဆို သားရေးသမီးရေး အကြောင်းတွေပြောနေမှာပေါ့..:P

ပုံရိပ် / Pon Yate said...

မပန်ရေးသလို သူငယ်ချင်းတွေ အကြောင်းရေးချင်လာပြီ။

khin oo may said...

ဖတ်သွားသည်။ ခေါင်းများအုံနေ၍ ..ဘာမှ မဆု့းဖြတ်နိုင်သး.

Nu Thwe said...

လွတ်လပ်စွာ တွေ့ဆုံနိုင်သေးတဲ့၊ အရင်က အကြောင်းတွေကို ပေါ့ပေါ့ပါးပါး စားမြုံ့ပြန်နိုင်သေးတဲ့ လေးယောက်ကို အားကျရင်း ပြုံးသွားပါတယ်။ သောကြာညနေဟာ ရက်သတ္တပတ်ကုန်ဆိုတော့ စိတ်မောလူမောနဲ့မို့ “မိန်းမကြီး”လို ခံစားရတာ ဖြစ်နိုင်တယ်။ နောက်တစ်ခါကျရင် စနေမှာ ဆုံပြီး တစ်နေကုန် လျှောက်လည်ပစ်လိုက်ပါ။ ပျော်ရွှင်ပါစေ။

Mhu Darye said...

သိပ်မကြာတော့ခင် မိန်းမကြီး ဖြစ်လာမယ့်သူ... မိန်းမကြီး၎ယောက် စကားလက်ဆုံ ကျနေတာကို အဆုံးထိ နားထောင် သွားပါတယ်။

Anonymous said...

မပန်က အစိမ်းနဲ့ တစ်ယောက်ပဲ ဖြစ်မယ်၊ ဟုတ်တယ်ဟုတ်။ သိနေတယ်နော်၊

ချစ်ချစ်(ကွန်မန့်ပေးသူ၏ နံမည် ဖြစ်ပါသည်)

Moe Cho Thinn said...

တပတ်တခါလောက် အဲဒီလို တွေ့ပါ။ တကယ်နုပျိုလာမှာ။

ZT said...

ဖတ်လို့ ကောင်းကြောင်းပါ။ Esplanade ဖက်တောင် မလျှောက်ဖြစ်တာ ကြာပြီဆိုတာ သတိရသွားတယ်။

အောင်သာငယ် said...

ညတပိုင်းဟာ တိတိရိရိ ပြတ်ကျသွားပေါ့။

(ည=ဘ၀)

Maydarwii said...

မြို့ပြည နောက်ခံ ရှုခင်း ခပ်ပါးပါးကို အမျိုးသမီးလေးယောက်ရဲ့ နောက်ခံဘ၀ ခပ်ဝါးဝါးနဲ့ ယက်ဖောက် ခြယ်မှုန်းထားပြီး ...
အ၀ါမလေးရဲ့ တရေးနိုး ဟိုက္ကူကဗျာနဲ့ အဆုံးသတ်ထားတာလေး ... လှတယ် ပန်ပန် ... ။

MANORHARY said...

ပျောက်နေတဲ့သူက အဲဒီမိန်းမကြီလေးယောက်ထဲက
အဝါရောင်လား..း)
တို့တွေမှာလည်းမိန်းမကြီးလေးယောက်ရှိတယ်
း)

မေငြိမ်း said...

ခရေဆိုတာ အများကြီး ကြွေတာ ဘာလို့ ၃ပွင့်တည်းလဲ.. :) ။ ဘာပဲဖြစ်ဖြစ်.. အသက်တွေ ကြီးရင့်သွားတဲ့အခါ... တယောက်တည်းပဲဖြစ်ဖြစ်.. နှစ်ယောက်တွဲပဲဖြစ်ဖြစ်.. တအုပ်စုဖြစ်ဖြစ်.. ရင်ဆိုင်ရတာတွေကတော့ သိပ်မကွာဘူးထင်တာပဲ..။

Phyo Maw said...

စာရေးသူလည်း ပျောက်တာကြာလှပေါ့....
အသစ်တင်တော့လည်း ဖတ်လို့ကောင်းပါ့။

ဒီလိုပဲ ငါတို့ဟိုရောက်ရင် အတူနေကြမယ်ကွာဆိုပြီး ဆုံးဖြတ်ထွက်ခဲ့တဲ့သူငယ်ချင်းတွေ ခုတော့ တယောက်တနေရာ... သတိတော့ရသား။ တယောက်အားရင် တယောက်မအားနဲ့ အားလုံးပြန်ဆုံဖို့ကခက်သား...။ :D

sin dan lar said...

စာရေးလေးကောင်းလိုက်တာ...။

မပန်က ဖြူ၊ဝါ။ နီ၊ စိမ်း.. ဘယ်သူလဲ....

Kay said...

အစိမ်းရောင် မိန်းမကြီး ရေ- ( မိန်းမလေးပဲ လုပ်ပါကွယ်)

စလုံး မြစ်ကမ်းက..အနံ့တွေ အသံတွေ.. ရလာတယ်။
သောကြာနေ့ရဲ့ ဘောင်းဘီ တ၀က်တွေ ကိုလည်း မြင်ယောင်လာတယ်။ သောကြာနေ့မှာ ဘောင်းဘီ တ၀က်မှ မ၀တ်နိုင်ရင်..ကော်လံပြာ လို့ ထင်ခံရမှာ ကြောက်လို့..တကျွန်းလုံး..ဘောင်းဘီ တွေကို ၀က်လိုက်ကြတာ..း)

OK.. be a good gal. ( Big Gal)

ကဒေါင်းညင်သာ said...

မိန်းမကြီးလား အန်တီကြီးတွေလားကွယ်.. ခွိခွိ

မောင်မျိုး said...

ပို့စ်လေးက ကောင်းလိုက်တာ သူငယ်ချင်းလေးယောက် ပြောနေတဲ့ စကားတွေမှာ ငယ်မူငယ်သွေးလေးတွေနဲ့ ပျော်စရာ ကျနော်လည်း သူငယ်ချင်းတွေကို သတိရသွားတယ် ပြီးခဲ့တဲ့ ၅ လလောက်က သူငယ်ချင်းတစ်ယောက်နဲ့တွေ့တော့ သူလည်း အလုပ်ဝင်နေ အလုပ်မှာ လူကြီးလိုနေရတဲ့ အကြောင်းတွေပြောဖြစ်ကြတယ် တခဏတော့ မေ့ပြီး ကျောင်းကအကြောင်းတွေပြန်ပြော ရယ်စရာတွေနဲ့ လွတ်၂လပ်၂ အော်ရယ်လိုက်မိတာ သူပြောတဲ့စကားက “ဒီလိုမျိုးသူငယ်ချင်းတွေနဲ့ ပျော်ခဲ့ရတဲ့ အချိန်တွေ ပြန်လိုချင်မိတယ် ” တဲ့ ။ ကျနော်တို့တွေပြန်ဆုံဖို့ခဲယဉ်သေးတယ်း)

မမသီရိ said...

ဘာလို့ များ ဒီလောက် ကြီးချင်နေရတာလဲ မပန်ရယ်
ပို့စ်လေး က ချစ်စရာ ကောင်း နေသေး..
တယောက် က စွံတော့မဲ့ နမိတ်ပေးတာလား
အဲဒါ မပန်များလား...း)

အပြုံးပန်း said...

သောကြာနေ့ည၊
စင်ကာပူမြင်ကွင်းကို
လာရူသွားတယ်။

ဒီကလူတွေ ပန်းမကြိုက်
ရေးမွှေးသာကြိုက်တာ သေချာတယ်။

အဲဒီလို ရေးတတ်ချင်လိုက်တာ။

မောင်ခင်လေး said...

အစ်မပန်ရေ ပေါ်မလာတာလည်းကြာပေါ့ :)
ပေါ်လာတော့လည်း သူငယ်ချင်းလေးယောက်ဆုံဖြစ်တဲ့
အကြောင်းလေး ခရေပန်းနံ့တွေပါ ခေါ်ဆောင်လာတယ်
ဘယ်လိုပြောရမလည်း ဖတ်ရတာ
ကြည်နူးစရာလေးပေါ့ သူငယ်ချင်းတွေဆုံဆည်းမှုက
ပြောစရာတွေတော့ ကုန်ခဲ့ကြမယ်မထင်ဘူး
ကောင်းသောနေ့ပါ အစ်မပန်ရေ အားပေးနေပါတယ်
:)

strike said...

ဘွားတော်ကြီးလေးယောက်ရဲ့တွတ်တီး၊တွတ်တာကို
ဝေမျှခံစားသွားပါတယ်။

တန်ခူး said...

အနီလေးနဲ့ အစိမ်းလေးကို သိသလိုပဲ…
ဖြူစိမ်းနီဝါ တို့ ရဲ့ လွတ်လပ်ပေါ့ပါး အနှောင်အဖွဲ့ ကင်းတဲ့ တွေ့ ဆုံမှုလေးက အားကျစရာ…
ကြည့်ရတာ အဖော်ရှိတဲ့ နှစ်ယောက် နောက်ဆံမတင်းပုံထောက်ရင် အိမ်ဆွဲလည်းလေးတွေ မရှိသေးလို့ ပဲ ဖြစ်ရမယ်…
မြို့ ပြရဲ့ ခရေရနံ့ လေးရသွားအောင် ဆွဲခေါ်သွားနိုင်တဲ့ ပို့ စ်လေးပါ…
ပို့ စ်ခေါင်းစဉ်လေးတွေ့ ကတည်းက စိတ်ဝင်စားသွားတာ…
စွယ်တော်လေး၎ပွင့်ကို သတိရသွားမိလို့ … ကြွေသွားတဲ့တပွင့်ကို လွမ်းလွန်းလို့  အဲဒီအကြောင်းရေးဖို့ ဆို အားအင်တွေ ချိနဲ့ နေတာ… ဒီပို့ စ်လေးတွေ့ တော့ ရေးဖို့ အင်အားတွေ ရှိသွားသလိုပဲ…

သက်ဝေ said...

ပန်ပန်...
ရေးထားတာလေး.. တွေးထားတာလေးကို အလွန်နှစ်သက်ပါတယ်...။
ဒါပေမယ့် မိန်းမကြီး ဆိုတဲ့စကားလုံးကို ခေါင်းစဉ်အဖြစ် တွေ့လိုက်ရတော့ အင်း.. ကိုယ်တွေလဲ မိန်းမကြီး အရွယ်တွေ ဖြစ်နေပါပေါ့လားလို့ တွေးလိုက်မိပြီး နဲနဲတော့ ကြောက်သွားတာပေါ့...
နောက်တခုက ဒီပိုစ့်ထဲက သူတို့လေးယောက်ကို ကိုယ်စားပြုတဲ့ အရောင်လေးရောင်နဲ့ ခြယ်ထားတဲ့ ပန်ပန့်ရဲ့ လက်ရာ ပန်းချီလေးနဲ့ တွေ့ရရင် ပိုများ ပြည့်စုံလေမလား လို့လဲ တွေးနေမိတယ်...

win latt said...

အပျိုဟိုင်းများ စကားဝိုင်းမှာ
နောက်ဆုံး အဖေါ်ရှာတာ နဲ့
ပန်သူမဲ့ ခရေသုံးပွင့်နဲ့
တစ်ပွင့်ကတော့ ပန်သူရှိသွားပြီထင်ပ
ဟုတ်လား...မပန်...
ခရေသုံးပွင့် သနားပါတယ်....

nyimuyar said...

nice writing

Anonymous said...

မပန်
စူးစူးရှရှကို ခံစားရပါတယ် .... မြို့ပြရဲ့မွန်းကျပ်မှုကို ...။
ကျွန်တော် ဂျွန်စတိန်းဘတ်ရဲ့ ဒေါသမာန် ထဲက


ကျွန်တော်တို့ပန်းသီးဆွတ်ဖို့ လာခဲ့ကြတာပါ... တွင်းတူးသမားတွေမဟုတ်ပါဘူး...။

ဆိုတဲ့စာကြောင်းလေးကို ပါ...

ခင်မင်လေးစားလျှက်
မိုးလှိုင်ည

အန်တီချမ်း said...

လူကြိုက်များခြင်းရယ် ကိုယ်နဲ့ ဓာတုဓာတ်ပြုနိုင်သူကို တွေ့ဆုံခြင်းရယ် ဆိုတာ တိုက်ရိုက်ထပ်တူကျလို့မရတဲ့ ဖြစ်နိုင်ခြေတွေပဲ။

ကြိုက်တယ်
အရေးသား က သွက်တယ်
တကယ့် အဖြစ်အပျက် (လို့ထင်တယ်) ပေမယ့်
ဘတ်ရတာ ဝတ္ထု တိုလိုပဲ
ခုတလောက
desperate housewives နဲ့ sex and the city ကြည့်တာများနေလို့
သူငယ်ချင်း လေးယောက်တွေ အကြောင်းခဏခဏ တွေးဖြစ်တယ်
နောက်ဆုံးကျတော့ ဘာပဲ ဖြစ်ဖြစ်
သူငယ်ချင်း သံယောဇဉ်က သာ အခံဆုံးပါ
ချစ်သူတွေ ဆိုတာ ခဏတာပါပဲ
တချို့ သူငယ်ချင်းတွေ နဲ့ဆို မိသားစု ထက်ပိုခင်တွယ်မိတယ်