Wednesday, April 1, 2009

April Fool Day မှာ Conficker Worm အတိုက်အခိုက် မခံရဖို့

ကိုအောင်သာငယ်မိုးမခ နဲ့ တခြား ဘလော့ဂ်တွေ ၀က်ဘ်ဆိုက်တွေ တော်တော်များများမှာ Conficker ဆိုတဲ့ Worm က ကွန်ပြူတာတွေကို တိုက်ခိုက်နိုင်တဲ့အကြောင်း ဖတ်လိုက်ရပါတယ်။

ဒီ worm တိုက်ခိုက်ခံရရင် ကိုယ့်ကွန်ပြူတာကို hacker က ကြိုက်သလို ထိန်းချုပ်တာ ခံရနိုင်သတဲ့။ ဒီပိုးကို ထွင်တဲ့လူတွေကလည်း ကွန်ပြူတာတွေ သန်းနဲ့ချီ အများကြီး လိုက်ထိန်းချုပ်ဖို့ သူတို့မှာ ဘယ်လောက် အချိန်ရှိမှာလဲ။ ကိုယ့်လို ဘာမှ အရေးကြီးတာတွေ မရှိတဲ့ ကွန်ပြူတာလောက်ကို စိတ်ဝင်စားမှာ မဟုတ်ပါဘူး လို့လဲ တွေးမိပါတယ်။ ဘဏ်စာရင်း password ခိုးမယ်ဆိုရင်တောင်မှ ကိုယ့်မဖြစ်ညစ်ကျယ် ပိုက်ဆံလောက်ကိုတော့ မလုပ်လောက်ပါဘူးလေလို့ စဉ်းစားမိပါသေးတယ်။ ဘာပဲဖြစ်ဖြစ် သတိပေးထားကြတာက ကြောက်စရာကြီးပေါ့။

ဟိုးအရင်ကတော့ virus, worm, trojan ဆိုတာတွေကို ကွဲကွဲပြားပြား မသိခဲ့ဘူး။ အခု Conficker ကတော့ worm အမျိုးအစားဆိုတော့ ကပ်ပါးကောင်တွေလိုပဲ ခိုအောင်းနိုင်စွမ်း ရှိပြီး တခုကနေ တခုက ကူးသွားနိုင်တဲ့ ဂုဏ်သတ္တိရှိတယ် လို့ သိလိုက်ပါတယ်။ ကိုယ်ကလည်း ကွန်ပြူတာနဲ့ အင်တာနက်ကို ၂၄ နာရီနီးပါး ချိတ်ဆက်ထားသူဆိုတော့ အဲဒါ ၀င်နေမလားလို့ ပူမိပါတယ်။

ဖြစ်နိုင်ရင် ကွန်ပြူတာကို ဧပြီ ၁ ရက်နေ့ မတိုင်ခင် ပိတ်ပြီး ဧပြီ ၂ ရက်နေ့မှ ပြန်ဖွင့်ပါ လို့ပြောကြတယ်။ အိမ်ပြန်ရောက်ရင် ကွန်ပြူတာနဲ့ လက်နဲ့ မပြတ်နေမှ နေသာထိုင်သာ ရှိသူမို့ ဒုက္ခပါပဲ လို့တွက်မိပါတယ်။ ဒါနဲ့ပဲ ကွန်ပြူတာနဲ့တော့ မဝေးနိုင်ဘူး ပိုးမ၀င်အောင် ဒါမှမဟုတ် ၀င်နေရင်လည်း ဖယ်ရှားနိုင်အောင် အကြံပြုထားကြတဲ့ အတိုင်းလုပ်ဦးမှ ဆိုပြီး ဒီညတော့ ကိုယ့် laptop ထဲမှာ တပ်ထားတဲ့ BitDefender Internet Security ကို full scan လုပ်လိုက်ပါတယ်။ ဒီနေ့မှ ကွန်ပြူတာကလည်း ပိုနှေးနေသလိုပါပဲ။ ည ၁၀ နာရီကျော်လာပါတယ်။ scan run နေတာကလည်း အခုထိ မပြီးနိုင်သေးပါ။ စိတ်ထဲမှာ ကွန်ပြူတာအောက်က run နေတဲ့ ပန်ကာက တ၀ီးဝီးနဲ့ အသံပိုမြည်လာသလိုပဲ။ ပူလည်းပူတယ်။ ဒါနဲ့ပဲ ဖူဂျစ်ဆု လက်ပ်တော့ လေးကို ပြောင်းပြန်လှန် ပြီး ဟိုကြည့် ဒီကြည့် ကြည့်လိုက်ပါတယ်။

အခု မြားပြထားတဲ့ နေရာလေးကို သေသေချာချာ ကြည့်လိုက်တဲ့ အခါကျတော့.. လားလား..။ အဖြူရောင် တွန့်တွန့်သေးသေးလေး တလှုပ်လှုပ်ကို တွေ့လိုက်ရပါတယ်။ ဒါနဲ့ပဲ ဇာဂနာလေးနဲ့ ဖြည်းဖြည်းချင်း ဆွဲနှုတ်လိုက်ပြီးတဲ့အခါ ချက်ချင်းပဲ ကွန်ပြူတာ အရှိန်လည်း ပြန်မြန်လာတယ်။ အေးလည်းအေးသွားပါတယ်။ စိတ်ထဲ သိပ်မရှင်းတာနဲ့ google ကနေ “how to kill conficker worm” လို့ ရိုက်ထည့်ပြီး ရှာကြည့်လိုက်တော့ ကိုယ့်လို ကြုံတွေ့ပြီး ဖြေရှင်းလိုက်ကြတဲ့ အကြောင်း တွေ ဖတ်လိုက်ရပါတယ်။ စိတ်ထဲမှာ matrix ရုပ်ရှင်ကိုတောင် သတိရသွားသေးတယ်။ ကွန်ပြူတာပိုးတွေက တကယ့်ကို physical အကောင် အနေနဲ့ ရောက်လာတာကိုး။ hacker တွေကိုလည်း အံ့သြမိပါတယ်။ အခုတော့ ဧပြီ ၁ ရက်မှာ ကွန်ပြူတာကို စိတ်အေးလက်အေး ဖွင့်နိုင်ပြီပေါ့။ ဒါနဲ့ပဲ ညသန်းခေါင်ကျော်အထိ ဒီစာကို ဆက်ရေးလိုက်ပါတယ်။

Deskstop ဆိုရင်တော့ CPU ပုံး ကိုစစ်ရမယ် ထင်ပါတယ်။ Laptop တွေကတော့ စောစောက ပြထားတဲ့ နေရာကို သေသေချာချာ ကြည့်ပါ။ လှုပ်လှုပ် တွန့်တွန့် အကောင်လေးတွေ တွေ့ရင်တော့ ဇာဂနာနဲ့ ဆွဲနုတ်လိုက်ပါ။ တိုးတက်နေတဲ့ နည်းပညာကြီးကလည်း အံ့သြစရာ ကောင်းလိုက်တာနော်။


ပန်ဒိုရာ


25 comments:

ရွှန်းမီ said...

အစ်မ ပန်ဒိုနောက် :-)

yehtutnaung said...

Conficker Worm ကလဲ ဆံပင်ရှည်ရှည်လေးနဲ့ လား :P

ကိုဇနိ said...

ဒါမျိုးတွေ ရိုးနေပြီ ဟ ဟ
း)

khin oo may said...

ကောက်ထားတာလား. ဖြောင့်ထားတာလား။
အဟက် ဟက်.

Unknown said...

ဘာလေးလည်းမသိဘူး :P

strike said...

ချစ်စရာလေး ဟယ်

မေဓာဝီ said...

သြော် .. ပန်ဒိုရာတယောက် ဆံပင်ဖြူတောင် ပေါက်နေပါပေါ့လား ....
ဇရာ ... ဇရာ ... ;)

ZT said...

Insect Killer နဲ့ ဖျန်းလိုက်ရင် ပိုကောင်းမယ်။ :D

Anonymous said...

အမလေး ကြောက်စရာကြီး..
ထိုသို့ပြောပြီး ကွန်ပျူတာလည်းမပိတ်နိုင်
ပိတ်လိုက်လို့က ပြတင်းရောတံခါးရောပိတ်သလို
အသက်ရှူကြပ်သွားနိုင်သည်ကိုး...
ထို့ကြောင့်
ကွန်ပျူတာတစ်ခုလုံး စကင်လုပ်ကာ
ဖင်တစ်ပြန်ခေါင်းတစ်ပြန်ကြည့်ရင်း
အမျှင်ကလေးကိုစောင့်စားရှာဖွေနေပါသည်။
မနော်

လင်းဒီပ said...

:)))

ဆောင်းယွန်းလ said...

ဘယ်သူ့ဆံပင်ဖြူကြီးလဲမပန်ရေ...
မပန်ကတော့ ငယ်သေးတယ်ဆိုတော့ မပန်ရဲ့ဆံပင်တော့
မဟုတ်လောက်ပါဘူးနော်...

Anonymous said...

အဲ့

Anonymous said...

ဟင်..အဲ့လိုကြီးတွေလည်းရှိတယ်လား

ဒေါ်လေး...တကယ်လည်းမဟုတ်ပဲ လိုက်နောက်နေတယ် ။ :)

သက်ဝေ said...

အိပ်ရင်းနဲ့ ပိုစ့်တွေရေး...
ပိုစ့်တွေရေးရင်းနဲ့ အိပ် ဆိုတော့... အဖြူရောင် တွန့်တွန့်သေးသေး လှုပ်လှုပ် အကောင်လေးတွေ တွေ့တတ်တာပေါ့... ဟီဟိ...

(အသဲယားစရာ ကောင်းလိုက်တာ...)

ဗီလိန် said...

ဧပရယ်ဖူးလ်တစ်ယောက်လာပြန်ပြီ။ :)

ဖိုးသင်္ကြန် said...

အမ၊ သေသေချာချာ ရှာပါဦး။ အမြှီးလေးပဲမိလိုက်တာလား။ တစ်ကောင်လုံးမြင်ဖူးချင်လို့ပါ။

Welcome said...

ပြီးရင် ဇာဂနာ ပြန်ပေးပါနော် .. ..

Phyo Evergreen said...

တီပန်ကတော့ ဖူဂျီစု.. ကျွန်တော့်ဟာကတော့ ဖူဂျီစုတ်. တကယ်စုတ်တယ်... လေးလည်းလေးသေးတယ်..။

မေ့သမီး said...

April Fool မှာ Pandora Worm အကိုက်မခံရဖို့ဆိုပြီး ရေးရင်ကောင်းမယ်။ :P

Mr. Z said...

ငါ့ဆီရောက်လာတဲ့အကောင်တွေက ပိုကြီးတယ်။ မော်နီတာကို ဖောက်ပြီး ထွက်လာတာ အဆက်မပြတ်ပဲ။ လူကိုတော့ အနှောက်အယှက် မပေးဘူး။ ဘေးကို ခုန်ထွက်တယ်။ ဒါနဲ့ ကွန်ပျူတာ တဘက်တချက်မှာ ဇလုံ၂လုံး ချထားလိုက်တယ်။ ကွမ်း၂ယာညက်လောက်ကြာတော့ ဇလုံ၂ခုလုံးပြည့်သွားရော။ ညစာ သုံးဆောင်ချိန် နီးပြီမို့ တ၀က်ကို အိုးကင်းနဲ့ လှော် ဆီနဲ့ ကြွပ်ကြွပ်ကြော်၊ ကဲ - အခုပဲ စားလိုက်ဦးမှ။

ကျန်တဲ့ တ၀က်ကိုတော့ ပန်းကန်နဲ့ အုပ်ထားလိုက်တယ်။ အဲဒါကို နက်ဖန် အလုပ်မသွားခင် ကြော်ပြီး သုတ်စားဖို့  စိတ်ကူးထားတယ်။

ဇာနည်ဝင်း

kay said...

မမေဓါဝီ ပြောတာကို ထောက်ခံပါတယ်။
အင်းနော်.. အသက်ကလေးကလဲ ထောက်-
ဆောင်ထား-း)

အိန္ဒြာ said...

အင်း...........

ယုံချင်လိုက်တာ...

ယုံတယ်...ဘာပြောပြော

သစ်နက်ဆူး said...

ပန်ဒို...ရေ
ကြောက်စရာကောင်းလှတဲ့ ဗိုင်းရပ်စ်ဘဲ....
ကျနော်က သိချင်ဇောနဲ့ ကွန်ပြူတာကိုဆွဲဖွင့်ပြီးကြည့်လိုက်တာ....
တခါတည်း ခေါင်းပေါ်ခုန်တက်လာလို့ ...အခု သမီးကို ဆွဲနုတ်ခိုင်းနေရတယ်..။

အိဝေ said...

အဟဲ....... ဘယ်လောက်တောင်လဲဆို ကိုယ့်လက်တော့ကိုယ် ပြန်ကြည့်မိတယ်....
တစ်ကယ်ကြီးလားလို့.... ဟီးး ဟီးး.....

Htoo Myat said...

တကယ်ဆိုရင်တောင် ကွန်ပျူတာကို အရင် ဖုန်ခါနေရမှာ ပျင်းလွန်းလို့ ထမကြည့်တော့ပါဘူးလေ... :D