Saturday, February 6, 2010

တချိန်က ၀တ်ဆင်ခဲ့သော

မသက်ဝေ က ရေးပါဆိုလို့ ရေးလိုက်ပါပြီ။

လုံချည်(ထဘီ)ကို ၀တ်တတ်အောင် ငယ်ငယ်လေးကတည်းက မေမေက သင်ပေးခဲ့ပါတယ်။ ပထမဆုံးဝတ်ခဲ့တာက ကလေးဘ၀က စပ်ထဘီလေး တစ်ထည်လို့ ထင်ပါတယ်။ မြန်မာ့ရိုးရာ လုံချည်အင်္ကျီ ၀တ်စုံတွေကိုလည်း အကြိမ်ပေါင်းများစွာ နှစ်နှစ်သက်သက် ၀တ်ဆင်ခဲ့ပါတယ်။ အခုလည်း သင့်တော်တဲ့ နေရာမှာ ၀တ်ဆင်ဖို့ ၀န်မလေးပါဘူး။ မိန်းကလေးတွေ လုံချည်လေး သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားရင် အားလုံးကို ကြည့်ကောင်းတယ် လို့ပဲ မြင်ပါတယ်။

မြန်မာဝတ်စုံ ၀တ်တဲ့နေရာမှာတော့ မြန်မာလုံချည်ကို မြန်မာအင်္ကျီ လက်ရှည်ခါးတို (ရင်ဖုံး သို့မဟုတ် ရင်စေ့) နဲ့ တွဲဝတ်ရတာကို အထူးပိုနှစ်သက်ခဲ့တယ်။ ပြည်ပကို ရောက်မလာခင် မြန်မာပြည်မှာ နေထိုင်တုန်းက မကြာခဏ ၀တ်လေ့လည်း ရှိခဲ့တယ်။

တစ်ခုတော့ ရှိပါတယ်။ နေ့စဉ် ၀တ်စားတဲ့အခါ ပုံစံတူကို စတိုင်တမျိုးတည်း အနေနဲ့ အမြဲတစေ မ၀တ်တတ်ပါ။ ကိုယ့်ဘလော့ဂ်မှာ ၀တ္ထု ကဗျာ ဆောင်းပါး ပန်းချီ ဓာတ်ပုံ နည်းနည်းစီနဲ့ ရေးပုံရေးဟန်ကလည်း စိတ်ကူးတည့်ရာ အစုံပါတာကို တွေ့ရသလိုပေါ့။ မြန်မာပြည်မှာ ကျောင်းတက်ခဲ့ အလုပ်လုပ်ခဲ့ ချိန်တွေကလည်း ဒီနေ့ မြန်မာဆန်ဆန် ဖြစ်ချင်ဖြစ်နေပေမယ့် မနက်ဖြန် ဂျင်းနဲ့တီရှပ်နဲ့ မြင်ချင်လည်း မြင်ရမယ်။ အခုဒီမှာနေတော့လည်း ပုံစံတစ်မျိုးတည်းမဟုတ်ပဲ ဘောင်းဘီ စကပ် dress ၀တ်စားပုံ အစုံ (လိုက်လိုက် မလိုက်လိုက်:P) ဟိုစပ်စပ် ဒီစပ်စပ် ၀တ်ဆင်ဖြစ်တဲ့အတွက် ပိုက်ဆံပိုကုန်ပါတယ်။ :)

မေမေက စည်းကမ်းရှိတဲ့အတွက် သူငယ်ငယ်က ၀တ်ခဲ့တဲ့ မြန်မာလုံချည် အင်္ကျီလေးတွေ သိမ်းထားတာတွေ ကျန်ခဲ့ပါတယ်။ ဟိုခေတ်က ဒီဇိုင်းတွေပေါ့။ ကိုယ်ငယ်ငယ်တုန်းက တခါတလေမှာ အဲဒါတွေလည်း တမင်စတိုင်လုပ်ပြီး ယူဝတ်ပါတယ်။ ပါတိတ်ကိုတော့ အဆင်သေးတာတွေ ၀တ်ဖြစ်ပါတယ်။ အဲဒီအချိန်က ဗူးပါတိတ် ဆိုတာလည်း ခေတ်စားလိုက်သေးတယ်။ ၀မ်းဆက် ၀တ်ကြပါတယ်။ ပြောင်လုံချည်တွေ၊ တရုတ်ပိတ် အပွင့် သေးသေးလေးတွေလည်း ၀တ်ပါတယ်။ တက္ကသိုလ်တက်ချိန်က အခမ်းအနားတခုခု ရှိလာရင် ချိတ်လုံချည်လေးတွေ အခြား မြန်မာ့ရိုးရာ လုံချည်လေးတွေ မကြာခဏ၀တ်ဖို့ ကြုံလာတတ်ပါတယ်။

အခုကတော့ မြန်မာလုံချည်တွေ နည်းနည်းကျန်သေးပေမယ့် ရိုးရာဝတ်စုံပြည့် ၀တ်တဲ့အခါ မြန်မာအင်္ကျီခါးတို ကိုတော့ မ၀တ်ဖြစ်တာ ကြာပါပြီ။ ရှိခဲ့တဲ့ အင်္ကျီတွေကလည်း မတော်တော့ပါဘူး။ အရင်တုန်းကတော့ အင်မတိအင်မတန် ပိန်တော့ ခါးမပေါ်အောင် နေရထိုင်ရတာလည်း ပိုသပ်ရပ်လွယ်ကူပါတယ်။ နောက်ပိုင်းတော့လည်း အသက်ကလေး ထောက်လာတော့ ၀လာတဲ့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း နည်းလာလို့ ၀တ်စရာလမ်း ကြုံလာရင်တောင်မှ မြန်မာအကျီင်္ဆို ခါးအောက်ကို ရှည်တာမျိုးပဲ ၀တ်ဖြစ်ပါတယ်။

မြန်မာပြည်ကို အလည်ပြန်တဲ့အခါမျိုးတော့ လုံချည်တွေ ပြန်ဝတ်ဖြစ်ပါတယ်။ အခက်အခဲတွေတော့ ရှိလာတယ်။ ပြည်ပကို ရောက်ကတည်းက လုံချည်စကပ် လိုဟာမျိုးက အသစ် ထပ်မချုပ်ဖြစ်တော့ဘူး ဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ချုပ်ခဲ့တာတွေက မတော်တော့ဘူး ဖြစ်နေတယ်။ လုံချည်စကပ် မဟုတ်တဲ့ ရိုးရိုးလုံချည်ကျပြန်တော့ ၀တ်နေမကျတဲ့အတွက် ခါးညှပ်တဲ့နေရာက နာပါတယ်။ နည်းနည်း အသားမာတဲ့ လုံချည်ဆိုရင် လမ်းလျှောက်တဲ့အခါ ခြေဖမိုးမှာ လုံချည်အနား ပွန်းပါတယ်။

အခု လက်ရှိကတော့ နေ့စဉ်သာမန်အချိန်တွေမှာ လုံချည်မ၀တ်ဖြစ်တော့ပါ။ သူများတွေနဲ့ ကွဲပြားနေပြီး မလိုအပ်ဘဲ လူတွေရဲ့ အာရုံစူးစိုက်မှုကို မရချင်လို့ ဖြစ်ပါတယ်။ မနှစ်ကတော့ အလုပ်ထဲက ပွဲတစ်ခုမှာ နောက်ဆုံးကျန်ပြီး တော်နေသေးတဲ့ ရင်ဖုံးအကျီလက်ရှည်နဲ့ ပန်းပွင့်လေးတွေပါတဲ့ လုံချည်စကပ်တစ်ထည်ကို ၀တ်ဖြစ်ပါတယ်။ စိမ်းပြာရောင်လေးပါ။ လုပ်ဖော်ကိုင်ဖက်တွေက သဘောကျကြပါတယ်။ အင်္ကျီမှာ ပန်းထိုးထားတာကိုလည်း နှစ်သက်ကြပါတယ်။

မြန်မာလုံချည်တွေထဲမှာ ဘယ်လို အဆင်အသွေးမျိုးကို နှစ်သက်တတ်လဲ ဆိုရင် မချစ်ကြည်အေး ဘလော့ဂ်မှာ တင်ထားတဲ့ပုံတွေထဲက အင်းလေးလုံချည်လေးတွေရယ် သူ့အထက်ကပ်လျက်က ပုံနှစ်ပုံထဲက လုံချည်လေးတွေမျိုးရယ်ပါ။(လက်ဆောင်ပေးချင်တယ် ဆိုရင် သိရအောင်လို့.. ဟဲဟဲ။) ချင်းမိုင်က ပတ်လုံချည်လေးတွေလည်း ဒီဇိုင်းအတော်များများကို ကြိုက်တယ်။

ဝတ်ခဲ့သမျှမှာ မှတ်မှတ်ရရ အဖြစ်ဆုံးက နံ့သာရောင် ချိတ်လုံချည်နဲ့ ပိုးအကျီင်္ မြန်မာဝတ်စုံတစ်စုံပါ။ (ဘာကြောင့်ပါလိမ့် ?)။ ဓာတ်ပုံတွေတော့ မတင်တော့ပါ။ စိတ်မှန်းနဲ့သာ ကြည့်လိုက်ကြပါတော့နော်။ :)

ပန်ဒိုရာ


8 comments:

သက်ဝေ said...

ကျေးဇူး ပန်ပန်...
သဘောထားတွေ တိုက်ဆိုင်ပြီး အနေအထားတွေ တူညီတဲ့ ပိုစ့်တခုလို့ ဆိုရမှာပါပဲ...။

နံ့သာရောင် ချိတ်လုံချည်နဲ့ ပိုးအင်္ကျီ မြန်မာဝတ်စုံနဲ့ ပြုံးနေတဲ့ ပုံလေးကို မျက်စေ့ထဲ ပြန်မြင်ကြည့်လိုက်တယ်...
အဲဒီတုံးက ဘာကြောင့် ပြုံးနေတာပါလိမ့်....
အော... သိပြီ သိပြီ... ဒါကြောင့်ကိုး....း))

khin oo may said...

ပုံမပြလို့မကျေနပ်ဘူး။

khin oo may said...

မပြလို့ကတော့ပုံပြောနေတယ်လို့ဘဲမှတ်ပလိုက်မယ်။

နှင်းနဲ့မာယာ said...

မပန်ရေ
မှန်းပြီးပုံဖော်ကြည့်နေတယ်...
အရမ်းကျက်သရေ ရှိတယ်နော်...

ညီမ
နှင်း

Moe Cho Thinn said...

အဲဒီအပြုံးကို တို့လဲ သိတယ် ထင်တယ်။ :)

ချစ်ကြည်အေး said...

ညီမ ပန်ပန်ရေ...အဆင် အကြိုက်ကို မှတ်ထားလိုက် ပြီနော်...အသွေးကိုပြောပြပါအုံးလေ...လက်ဆောင်ပေးဖို့ အခွင့်အလမ်း တကယ်ပဲ ကြုံချင်ပါတယ်နော်...။ ဟိုအပေါ်က တယောက်က လည်း သဘောထားတွေ တိုက်ဆိုင်တယ်လေး ဘာလေးနဲ့...ဘာတုန်း...။ ဓါတ်ပုံရိုက် မတင်ပြကြ တာကို ပြောနေတာမှုတ်လား...မုန်းစရာ။ တို့ကတော့ မမကွန် ပြောသလိုပဲ ပုံပြောနေတယ်ပဲ မှတ်လိုက် တယ်...။ ထမီလေးတွေ အကြောင်းရေးပြီး ပုံမပါတဲ့ ပို့စ်တွေကို ဖတ်ရတာဟာ ပွင့်ဖတ်တွေ အထပ်ထပ် နဲ့ ငွားစွင့်လှပနေတဲ့ ပန်းတပွင့် ရနံ့မဲ့နေသလို ခံစားရ တယ်။ ခံစားရတဲ့ အတိုင်းပဲရေးလိုက်ပါတယ်...စိတ်မရှိပါနဲ့ ညီမ ပန်...:))

Kay said...

တူလည်း ချင်းမိုင် ကြိုက်တယ်လား..
း)
တဒါဇင်ခွဲလောက် ၀ယ်မှပဲ..စလုံးမှာ လက်ဆောင်ပေးဖို့.. မမေ ကလည်း အတင်း ဒပြ တိုက်နေတယ်။

ဇွန်မိုးစက် said...

မှန်း...ကြည့်လိုက်ပါတယ်။း)