Sunday, February 7, 2010

ဆူးတို့ဖြင့်ထုံမွှမ်းထား၏။

ရေးထားတာ တစ်နှစ်ကျော် ကြာပြီဖြစ်တဲ့ ၀တ္ထုတို တစ်ပုဒ်ပါ။ စိတ်တိုင်းမကျလို့ နှစ်ခါ ပြန်ပြင်ခဲ့တယ်။ အခုတော့ နည်းနည်း ထပ်လက်စသတ် စိတ်ဖြတ်ပြီး ဘလော့ဂ်မှာ တင်လိုက်ပါတယ်။


ဆူးတို့ဖြင့်ထုံမွှမ်းထား၏။



(၁)
သူမရဲ့ နာမည်က ဆူး။ ဆူးကလေး တစ်ချောင်းလိုပဲ စူးရှနေတယ်။ ပန်းပွင့်လေးလို နူးညံ့နေရမယ့် သူမရဲ့ နှလုံးသားဟာ ဆူးချွန်မြမြတွေနဲ့ ထိုးထိုးထောင်ထောင် ၀န်းခက်ကာရံ ထားသလိုပါပဲ။

ရာသီဥတုသာယာတဲ့ မနက်ခင်းတစ်ခုမှာပေါ့။ အဲဒီနေ့က ဆူးဟာ မာကျောကျော ဖြစ်မနေခဲ့ပါဘူး။ ညှိုးခွေခွေနဲ့ အိပ်ချင်မူးတူး ဆူးကလေး တစ်ချောင်းရယ်ပါ။

“တနင်္ဂနွေ မနက် ၁၁ နာရီ Orchard လမ်းက Coffee Bean ကိုလာခဲ့ပါ။ ခဏလေး ထိုင်ပေးရုံပါ။ မိတ်ဆွေတယောက်နဲ့ ချိန်းထားတာ ကိုယ်တစ်ယောက်တည်း မတွေ့ချင်လို့”

ကိုယ်က အဲဒီ စာကြောင်းလေးကို ဆူးရဲ့ လက်ကိုင်ဖုန်းကို ပို့ထားခဲ့တယ်။ အိုခေ ဆိုတဲ့ အဖြေနဲ့အတူ အဲဒီမနက်က သူမ အချိန်မီ ရောက်အောင် လာခဲ့ပါတယ်။

ဆူးက Latte တစ်ခွက် မှာတယ်။ Salmon Salad တစ်ပွဲ မှာတယ်။ အိပ်ရာထပြီး တန်းလာတာ အရမ်းဆာနေတယ်လို့ ပြောတယ်။ အရှိန်မပြယ်သေးဘူး လို့လည်း ပြောတယ်။ မျက်လုံးလေးတွေက ရီနေတယ်။ ညက ဘယ်ကိုသွားခဲ့သလဲ ဘာတွေလုပ်ခဲ့သလဲ ကိုယ်က မမေးပါဘူး။ ကိုယ်နဲ့တော့ ဘယ်လိုမှ မတူနိုင်တဲ့ ယဉ်ကျေးမှုတွေမှာ ကြီးပြင်းနေထိုင်ခဲ့ရပြီး အရွယ်လည်း ကောင်းကောင်း ရောက်နေပြီ ဖြစ်တဲ့ သူမကို ပြုံးကြည့်နေလိုက်တယ်။

ဟိုမှာ ကိုယ်တို့ စောင့်နေသူ … ကော်ဖီဆိုင်ထဲ ၀င်လာတာကို ကိုယ်က အဝေးကြီး ကတည်းက မြင်သားပဲ။ ဒါပေမယ့်လည်း မိန်းကလေးတို့ ထုံးစံအတိုင်း ဆူးကို မသိမသာ အချက်ပြ ကိုယ်တို့အချင်းချင်း မသိသလို စကားပြောနေပြီး အနားရောက်တော့မှ .. ဟော.. ရောက်လာပြီလား ပေါ့။

ဥရောပတိုက်သား တစ်ဦးရဲ့ နာမည်ရှည်ရှည်ကို ပြောပြရတာ ထောင့်လွန်းပါတယ်။ အနီးစပ်ဆုံး အသံထွက်ချင်ရင်တော့ အေလီယန် (Alien) လို့ပဲ ခေါ်လိုက်ကြပါစို့။ ဟုတ်လည်း ဟုတ်တယ်လေ။ နောက်ပိုင်းကျတော့ သူက ဆူးရဲ့ ကမ္ဘာလေးထဲကို ၀င်လာခဲ့တဲ့ လူစိမ်းတယောက် ဖြစ်နေတော့တာကိုး။

အေလီယန်က ကိုယ့်ကို ဟိုင်း လို့ ခပ်တိုးတိုး နှုတ်ဆက်တယ်။ ကိုယ့်ဘေးက ဆူးကို စူးစမ်းသလို တချက်ကြည့်ပြီးတော့ ဆူးနဲ့ မျက်နှာချင်းဆိုင်တည့်တည့်က ခုံမှာ ၀င်ထိုင်လိုက်ပါတယ်။


(၂)
“မ, မှတ်မိလား။ အဲဒီနေ့က ဆူးက ခေါင်းထဲမှာ ရီဝေေ၀အရှိန်နဲ့ မူးနောက်နေသေးတာ။ သူနဲ့ပထမဆုံး တွေ့တဲ့အချိန်မှာ ဘာတွေပြောမိမှန်းကို မသိပါဘူး”

အဲဒီလို မေးတဲ့အချိန်မှာ ဆူးရဲ့ မျက်ဝန်းလေးတွေဟာ အရောင် တောက်နေတယ်။ နေရောင်ထဲမှာ တဖြတ်ဖြတ်လက်နေတဲ့ ရေလှိုင်းပြာပြာတွေလိုပဲ။ ဘ၀ရဲ့ချိုမြိန်တဲ့ အချိုးအကွေ့တစ်ခုမှာ ပျော်ဝင်နေတဲ့ အချိန်ပေပဲလို့ ကိုယ်ထင်မိတယ်။

“ဆူးရဲ့ ဘ၀မှာ ဆူးတွေ အများကြီး ကြမ်းခဲ့ရတယ် မ, ရယ်။ နူးညံ့မှု တစ်ခုအောက်မှာ အနည်ကျချင်ပါပြီ..” တဲ့။

သူမ မကြာခဏ ပြောပြခဲ့ပါတယ်။ အဖေနဲ့ အမေရဲ့ ပဋိပက္ခတွေ ကြားမှာ ကလေးတစ်ယောက်အတွက် နွေးထွေးတဲ့ ရင်ခွင် ပျောက်ခဲ့ရတာတွေ။ နိုင်ငံတွေ ပြောင်းနေရတော့ မျိုးမတူတဲ့ ယဉ်ကျေးမှုတွေကြား အထာမကျ ဖြစ်ခဲ့ရတာတွေ၊ အဲဒီကြားက လွဲချော်ခဲ့ရတဲ့ နှလုံးသား ဇာတ်လမ်းတွေ ဆိုပါတော့။

ကောင်းတဲ့အချက်ကတော့ ကိုယ်တို့တွေ ဖြတ်သန်းသင်ယူခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ မတူတဲ့ ဘာသာစကား ဗဟုသုတ အတွေးအခေါ် ဆိုင်ရာ တိုးတက်မှုတွေကို ဆူး အသက်အရွယ်မှာ ကိုယ့်ပြည်တွင်းက လူငယ်တယောက် ရနိုင်တာထက် ပိုပြီး ရယူလာနိုင်ခဲ့တယ်။ တဖက်ကလည်း အဲဒါကပဲ ဆူးကို ကိုယ့်လူမျိုးတွေရဲ့ လူမှုအသိုင်းအ၀ိုင်း ဆက်ဆံရေးတချို့မှာ ကိုးလို့ကန့်လန့် ဖြစ်လာစေတယ်။ အဲဒါကပဲ ဆူးကို သူမနဲ့ စကားပြောဖို့ နားလည်မှု ပိုရနိုင်သူ တွေနဲ့ ပတ်သက်လာဖို့ ဖြစ်လာတယ်။

ဘ၀တွေမှာ အပူနဲ့ အအေး နှစ်မျိုးပဲ ရှိတာမဟုတ်ဘူး။ အဖြူနဲ့ အနက် နှစ်ရောင်သာ ရှိတာမဟုတ်ဘူး။ အလင်းနဲ့ အမှောင် နှစ်ခြမ်းတည်း ကွဲပြားနေတာမဟုတ်ဘူး။ ရုပ်ရှင်ဇာတ်လမ်းတွေထဲကလို အတက်အကျတွေ ပြင်းပြင်းထန်ထန်နဲ့ အကြီးအကျယ် ဇာတ်မနာခဲ့ပေမယ့် သက်သက်ကလေး ခါးနေတဲ့ ဘ၀တွေ ရှိတယ်။ ခိုးလိုးခုလုလေး စူးရုံစူးနေတဲ့ ဆူးတွေ ရှိတယ်။ ဘယ်လိုပြောပြရပါ့မလဲ။

အပြောင်းအလဲတွေကြားမှာ ဟိုမရောက်ဒီမရောက် ကြီးပြင်းလာပြီး ကိုယ့်လူမျိုး တချို့အတွက်တော့ မျက်စိနောက်စရာ ဖြစ်နေနိုင်တဲ့ ဆူးကို ကိုယ် ဒီနိုင်ငံလေးမှာ လာဆုံတွေ့ခဲ့တယ်။ အဲဒီ ထိုးထိုးထောင်ထောင် ဆူးကလေးတစ်ချောင်းရဲ့ လူတကာ အလွယ်တကူ မမြင်နိုင်တဲ့ ဖြူစင်မှုလေးတွေကို ကိုယ်က အသိအမှတ်ပြုခဲ့ပါတယ်။

ကိုယ်နဲ့ ဆူး တွေ့စ ကာလတွေမှာတော့ သူမကို ကျောခိုင်းသွားတဲ့ တစုံတယောက်အတွက် ဆူးရိုင်းကလေးတွေ ကြမ်းရှနေချိန်ပေါ့။ ကော်ဖီဆိုင်မှာ ဆုံကြပြီးတဲ့ နောက်ပိုင်းရက်တွေမှာ ဆူးခက်ကလေးတွေ နုသစ် လန်းဆန်းလာတယ်။ သူမ ကို အေလီယန်က ဆက်ပြီး ဆက်သွယ်လာကြောင်း နောက်ထပ်ပြီး တွေ့ဖြစ်ကြတဲ့ အကြောင်း တခါတခါ လက်ကိုင်ဖုန်းကို လှမ်းပို့လာတဲ့ စာကြောင်းတွေထဲမှာ ရယ်ကျဲကျဲ ပျော်ရွှင်သံလေးတွေ ပါနေတာ ကိုယ်သတိထားမိတာပေါ့။

မမြန်လွန်းဘူးလား။ အေလီယန် က တခြား ပတ်သက်တာတွေ ရှိသလား။ အတည်လား အပျော်လား။ ဒီမေးခွန်းတွေကိုတော့ မမေးဖြစ်ခဲ့ဘူး။ အရွယ်ရောက်ပြီး အတွေ့အကြုံလည်း ရှိသင့်သလောက် ရှိပြီး ဖြစ်တဲ့ ဆူး ကိုယ်တိုင်အတွက်ပဲ ချန်ထားခဲ့ပါတယ်။ နောက်ပိုင်းတော့ အေလီယန်ရဲ့ သွားစရာ ပွဲလမ်းတွေကိုပါ ဆူးကို ခေါ်သွားတာတို့ အမျိုးတွေ ရင်းနှီးတဲ့ မိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးတာတို့ ဆူးက ပြောပြပါတယ်။

“မ.. ပြန်ပြောပြနော်။ အဲဒီ စတွေ့တဲ့နေ့က ဘာတွေ ပြောဖြစ်ကြလို့လဲ။ ဘာဖြစ်လို့ ဆူးနဲ့ သူ တစ်ခါတည်း ဓာတ်တည့်သွားကြတာလဲ။ ဆူး ဘာမှ မမှတ်မိတော့ဘူး သိလား”

ကိုယ်လည်း အလုပ်မအားတာက တစ်ကြောင်း ဆူးမေးတာကိုလည်း အမှတ်တမဲ့နဲ့ အာရုံသိပ်မထားမိတာက တစ်ကြောင်းမို့ အဲဒီအချိန်က ပြန်မပြောပြဖြစ်ခဲ့ဘူး။


(၃)
တချို့ဇာတ်လမ်းတွေက မျှော်လင့်ထားသလိုပါပဲ။ သိပ်ထူးထူးခြားခြားတော့ မဟုတ်လှဘူး။
ဇာတ်သိမ်းပိုင်းမှာ အကြမ်းဖျဉ်းကတော့ နှစ်မျိုးပဲလေ။ ဇာတ်ပေါင်းမှာလား ကွဲမှာလားပေါ့။

“ဒါက ဇာတ်လမ်းကို ဘယ်နေရာမှာ ဖြတ်လိုက်လဲ ဆိုတဲ့နေရာမှာ မူတည်တယ်။ တကယ့် လူ့ဘ၀ထဲမှာ ဇာတ်လမ်းတွေက မသေမချင်း သိမ်းလို့ရတာမှ မဟုတ်ပဲလေ”

ဆူးက မခိုးမခန့် ရယ်သွမ်းသွေးရင်း ဒီလို ပြောလာတယ်။

“တကယ်တော့ အဲဒီနေ့က အေလီယန်နဲ့ ဆူးကို ဒီလိုပတ်သက်လာအောင် တွေ့ပေးမယ့် ရည်ရွယ်ချက်တော့ မဟုတ်ခဲ့ဘူး”

ကိုယ်ဒီလိုပြောတော့ ဆူးက ခေါင်းခါပါတယ်။

“ဒီလိုလည်း မဟုတ်ဘူး။ နောက်ဆက်တွဲတွေက မ ရဲ့အပြစ်တော့ လုံးဝမဟုတ်ဘူးလေ”


(၄)
ဒီဇာတ်လမ်းရဲ့ အစက ကိုယ်ပါပဲ။ ဧည့်ခံပွဲ တစ်ခုမှာ အေလီယန် နဲ့ ဆုံတွေ့ခဲ့တယ်။

တကယ်တော့ အဲဒီအချိန်မှာ ဧည့်ခံပွဲက ပြီးဆုံးခါ နီးနေပြီ။ ထုံးစံအတိုင်း မိုးတိုးမတ်တတ် စားကြသောက်ကြရင်း မိတ်ဆက်ကြ လိပ်စာကဒ်တွေ လဲလှယ်ကြ အလုပ်ကိစ္စ ပတ်သက်မလား ချိတ်ဆက်ကြပေါ့။ ပြန်ခါနီးမှ တွေ့ပြီး နှုတ်ဆက်မိတဲ့ အေလီယန်နဲ့ ကိုယ် စကားပြောကြတာ သုံးလေးခွန်းတောင် မပြည့်ခဲ့ဘူး ထင်တာပဲ။ သွားတော့မယ် ဆိုတော့မှ သူက ကိုယ့်ရဲ့ လက်ကိုင်ဖုန်း နံပါတ်ကို တောင်းလာတယ်။ “ပွဲက ပြီးလုနေပြီလေ။ နောက်မှ အပြင်မှာ တွေ့ပြီး စကားပြောကြတာပေါ့။ မင်းတို့နိုင်ငံရဲ့ အကြောင်းတွေကိုလည်း ကိုယ်စိတ်ဝင်စားတယ်” တဲ့။

ဒီလို အသိုင်းအ၀ိုင်းတစ်ခုမှာ ဘေးကလူတွေလည်း ရှိတော့ အားနာပြီး ဖုန်းနံပါတ် ပေးမိသွားပါတယ်။ တကယ်တော့ ပြောရတာလည်း တော်တော် ခက်ပါတယ်။ ယောင်္ကျားလေး တစ်ယောက်ယောက်က ခင်မင်တွေ့ဆုံချင်တယ် ပြောတိုင်း ကိုယ့်ကို မရိုးသားတဲ့ သဘောနဲ့ စိတ်ဝင်စားတယ်လို့ အဲဒီ တဒင်္ဂမှာ ကိုယ့်ကိုယ်ကို အထင်တကြီးနဲ့ အလွယ်တကူ ဘယ်လိုလုပ် ကောက်ချက်ချနိုင်မှာလဲ။

ကိုယ့်ရဲ့ ဗယ်လက်က လက်ချောင်းတွေကို သူ သေသေချာချာ ကြည့်မိရဲ့လားတော့ မသိပါဘူး။ ကြည့်ရင်တော့လည်း စိန်ပွင့်သေးသေးပါတဲ့ လက်စွပ်လေးတစ်ကွင်းကို လက်ခလယ်မှာ ၀တ်ထားတာပဲ မြင်ရလိမ့်မယ်။

နောက်တနေ့မှာ အေလီယန့် ဆီက နှုတ်ခွန်းဆက်တဲ့ စာကြောင်းတချို့ ဖုန်းထဲဝင်လာတယ်။ ကိုယ်ကလည်း ဒီကြားထဲ ခရီးသွားဖို့ ဖြစ်နေတယ်။ မိသားစု ကိစ္စတွေနဲ့ အလုပ်များနေတယ် လို့ ပြန်လိုက်တယ်။ ဒါဆို သူ သဘောပေါက်လောက်ပါရဲ့လို့ ထင်လိုက်သေးတယ်။ ကိုယ်ခရီးက ပြန်လာတဲ့အချိန်မှာတော့ အားရင် ကော်ဖီသောက်ဖို့ တွေ့ကြရအောင် ဆိုတဲ့ စာကြောင်းတစ်ခုကို ထပ်ရပြန်တယ်။

ခက်တယ်လေ။ မတွေ့ချင်ဘူး ဆိုရင် ဒီလိုလူတစ်ယောက်အတွက် ရိုင်းရာရောက်နေမလား။ ဒီမှာ ပိုင်ရှင်နဲ့နော် လို့ စကားမဆက်မစပ်နဲ့ အသားလွတ် ပြောရမှာလည်း ကောင်းပါ့မလား။ သူဟာ တကယ်ကိုပဲ မိတ်ဖြစ်ဆွေဖြစ် တွေ့ဆုံချင်တာရော မဖြစ်နိုင်ဘူးလား။ ကိုယ့်လူလည်း အနားမှာ မရှိတဲ့အချိန် ဘယ်လိုလုပ်ရပါ့။


(၅)
“ဇာတ်လမ်းတစ်ခု ဖြစ်မလာအောင် တားဖို့လုပ်ခဲ့တာက ဇာတ်လမ်းနောက်တစ်ခု စဖို့ ဖြစ်လာတယ်… တကယ်လို့…”

ကိုယ်ခဏရပ်ပြီး စဉ်းစားလိုက်တယ်။ တကယ်လို့တွေ ကတော့ အများကြီးပါပဲ။

ကိုယ်က လက်စွပ်လေးကို ကြည့်လိုက်တယ်။ လက်စွပ်လေးက လက်ဆစ် ဖုထစ်မနေတဲ့ ကိုယ့်ရဲ့ လက်သူကြွယ်နဲ့ဆို တော်တော်ကိုချောင်တယ်။ လျှောပြီး ကျွတ်ကျမတတ်ပဲ။ လက်သူကြွယ်ကို ပြောင်းစွပ်လိုက်တော့ လက်ခလယ်မှာ ကြာရှည်ဝတ်ထားခဲ့တဲ့ နေရာက အဖြူရစ်ကလေး ပေါ်လာတယ်။

အဲဒီနေ့က ကော်ဖီဆိုင်မှာ စားပွဲပေါ်ကို တင်ထားတဲ့ ကိုယ့်လက်မှာ လက်သူကြွယ်ကို သေသေချာချာ ပြောင်းစွပ်ထားတဲ့ ဒီလက်စွပ်ကို အေလီယန် သတိထားမိမယ် ထင်တာပဲလေ။ အင်း.. အေလီယန်ရဲ့ လက်မှာတော့ ဘာမှ ၀တ်ဆင်ထားတာ မတွေ့ခဲ့ဘူး။

နောက်ပိုင်းမှာ ကိုယ့်ကို လုံးဝ မဆက်သွယ်တော့တဲ့ အေလီယန်၊ ကိုယ်မိတ်ဆက်ပေးမိတဲ့ ဆူးနဲ့ ဇာတ်လမ်းအသေအချာ ဆက်ဖြစ်အောင်ကို ဆက်သွားတဲ့ အေလီယန် ဟာ ဘယ်လိုရည်ရွယ်ချက်နဲ့ ကိုယ့်ကို စတွေ့ချင်ခဲ့တယ် ဆိုတာ သိပ်စဉ်းစားစရာတော့ မလိုတော့ဘူး။

တကယ်လို့ ကိုယ်သာ လက်စွပ်ကလေး တစ်ကွင်းကို မှန်ကန်တဲ့ လက်ချောင်းမှာ စွပ်ထားခဲ့မိရင် အေလီယန်က တွေ့ကြရအောင် လို့ ချိန်းဆိုလာစရာ အကြောင်းမရှိဘူး။ ဒါဆို အေလီယန်နဲ့ ဆူးနဲ့လည်း တွေ့လာစရာအကြောင်းမရှိဘူးပေါ့။

“တကယ်လို့ အေလီယန် ချိန်းတဲ့ နေရာကို မ က မလာခဲ့ရင်လည်း ကိစ္စက ပြတ်နေတာပဲ”

“ဟင့်အင်း သူက ထပ်ချိန်းနေဦးမှာပဲ ထင်တယ်လေ။ ကိုယ်က စပြီး တခုခု တည့်တိုး ပြောမပြလိုက်မချင်းပေါ့ ”

ကိုယ်က စောဒက တက်လိုက်သေးတယ်။ တခါတခါတော့လည်း သိမ်မွေ့တဲ့ လူမှုဆက်ဆံရေးတွေမှာ သူ့အလွန် ကိုယ့်အလွန် မဖြစ်အောင် ရွှေ့ကွက်တွေက ထင်သလောက် မလွယ်လှဘူး။ ဘယ်သူက စရွှေ့မှာလဲ။

တကယ်လို့ အဖော်ခေါ်သွားမိသူက ဆူး မဟုတ်ခဲ့ပဲ တခြားတစ်ယောက် ဆိုရင်ရော….။

သူတို့နှစ်ယောက် ပြောဖြစ်ခဲ့တဲ့ စကားတချို့ကို သတိရနေပါသေးတယ်။

“ဒါက ဆူး ပါ ကိုယ့်သူငယ်ချင်းပေါ့”

“အော်.. မင်းတို့လူမျိုးတူပေါ့။ သိပ်တော့ ရုပ်ချင်းမဆင်ဘူးနော်”

ကိုယ်နဲ့ ဆူး ရယ်လိုက်ခဲ့ကြတယ်။

“အင်း.. လူမျိုးက တူတော့တူတယ်။ မွေးခဲ့တဲ့ နိုင်ငံလည်း တူတယ်။ ဒါပေမယ့် ကြီးပြင်းခဲ့တာ မတူသလို ဆူးက သွေးတွေ အမျိုးစုံ ရောနေတယ်”

ကိုယ်တို့နိုင်ငံလေးမှာ တိုင်းရင်းသား လူမျိုးစုတွေ တစ်ရာကျော်ရှိတဲ့ အကြောင်း၊ တရုတ် အိန္ဒိယ က ရွှေ့ပြောင်းနေထိုင်ခဲ့ကြသူ တွေလည်း အများအပြား ရှိတဲ့အကြောင်း၊ ဆက်ပြောဖြစ်ကြတယ်။

အဲဒီကနေတဆင့် ဆက်ပြောဖြစ်သွားတဲ့ လတ်တလော အဖြစ်အပျက်တွေအကြောင်း ဘာသာစကားတွေအကြောင်း စတဲ့ ဟိုရောက်ဒီရောက် ခေါင်းစဉ် အစုံတွေကြားမှာ သွက်လက်တဲ့ ဆူးမှမဟုတ်ရင် ဘယ်သူက ၀င်ပြောနိုင်ခဲ့မလဲ။

နောက်ဆုံးတော့ ဆူးက သူ့အသက်ကို ပြောဖြစ်သွားတယ်။ အိုး.. မင်းက ငယ်ငယ်လေး ရှိသေးတာပဲ ဆိုပြီး အေလီယန်ဟာ နောက်ဆုံး တအံ့တသြနဲ့ သဘောကျသွားခဲ့တာ ဆူးတစ်ချောင်း စူးသွားတာပဲ ဖြစ်ခဲ့ရမှာပေါ့။

စောစောက ပြောခဲ့သလိုပေါ့။ တကယ်လို့ အေလီယန်က ကိုယ့်ကို တွေ့ချင်ခဲ့တာ မဟုတ်လို့ဖြစ်ဖြစ် ကိုယ်က ဘယ်လိုနည်းနဲ့မှ မတွေ့ဆုံပဲ ငြင်းခဲ့တာဖြစ်ဖြစ်ဆိုရင်တော့ အခု ဇာတ်ကြောင်းကို ပြန်ပြောပြနေစရာ အကြောင်းကို မရှိတော့ဘူးလေ။ သို့သော်လည်း ကိုယ်က အေလီယန်နဲ့ တွေ့ဆုံခဲ့တယ်။ ဆူးကိုမှလည်း ခေါ်သွားခဲ့မိတယ်။ တကယ်လို့ ဆူးမဟုတ်တဲ့ အခြားတစ်ယောက် ဆိုရင်…။

အဲဒါတွေအားလုံး လွန်မြောက်ခဲ့လို့ ဇာတ်လမ်းတစ်ခု ဖြစ်လာခဲ့တဲ့ အခါကျပြန်တော့ တကယ်လို့ ကိုယ်ဟာ ဒီဇာတ်လမ်းကို ဒီ့ထက်စောစော အချိန်တွေကတည်းက ပြောပြခဲ့ရင်တော့ ဇာတ်လမ်းရဲ့ အဆုံးဟာ ပျော်ရွှင်စရာ လို့ ကြားကြရလိမ့်မယ်။ အခုတော့….။


(၆)
ရှေ့လဆိုရင် အေလီယန်က အလုပ် စာချုပ်သက်တမ်းကုန်လို့ သူ့နိုင်ငံကို အပြီး ပြန်တော့မယ်တဲ့။

“ဒါဆို ဘာဆက်လုပ်မှာလဲ ဆူး။ ယူတို့က အလေးအနက်လား”

ကမ်းခြေတစ်ခုမှာ သူတို့နှစ်ယောက် ရိုက်ထားခဲ့တဲ့ ဓာတ်ပုံတွေကို ကြည့်ရင်း ပြုံးနေတဲ့ ဆူးကို ကိုယ်က မေးခဲ့ပါတယ်။

ဆူးက ခေါင်းညိတ်ပါတယ်။

“ဒါပေမယ့် သူ့မှာ ဆူးတစ်ယောက်တည်း ရှိတာမဟုတ်ဘူး”

ဆူး ဒီလို ပြောလာတာကို ကိုယ်သိပ်တော့ မအံ့သြမိတာ အမှန်ပဲ။

“သူ့ရဲ့ အိမ်မှာ နေရာလပ် တစ်နေရာ ရှိနေတာကတော့ သေချာတယ်။ ဒါပေမယ့် သူ့ဆီကို ဆူးလိုက်မသွားပါဘူး။ ဆူးက ဒီမှာ လုပ်စရာတွေက အများကြီး ရှိသေးတယ်။ သူကလည်း ဆူးကို မခေါ်သေးပါဘူး။ ဒါပေမယ့် သူက တခြားတစ်ယောက်တွေကိုလည်း မခေါ်ဘူး”

ဆူးက ဓာတ်ပုံတွေကို ယုယုယယ ပြန်ကောက်သိမ်းလိုက်တယ်။

“သူက စိတ်မကောင်းပါဘူး လို့ ပြောလာတယ်။ ကိစ္စမရှိဘူး။ ကျွန်မမှာ ပိုက်ဆံရှိရင် အချိန်ရှိရင် ဘယ်လောက်ပဲဝေးဝေး ရှင့်အိမ်တံခါးဝကို အချိန်မရွေး လာခေါက်လို့ ရတာပဲလေ.. လို့ ပဲ ဆူး ပြောလိုက်တော့ သူ ငိုင်သွားတယ်”

ဆူးက တည်တည်ငြိမ်ငြိမ်ပဲ ဆက်ပြောနေတယ်။ ဆူးရိုင်းကလေးတွေ ပြန်ကြမ်းရှ လာပြန်ပြီလား။ ဆူးခက်လေးတွေ အေလီယန်ကို တကယ် တွယ်ငြိသွားခဲ့သလား လို့ ကိုယ်မေးချင်နေခဲ့တယ်။ ဒါပေမယ့် ဘာမှ ဆက်မပြောဖြစ်ခဲ့ ပါဘူး။

ကိုယ်ဟာ ဒီဇာတ်လမ်းကို ဒီအချိန်မှာမှ ဇာတ်ကြောင်းပြန်ပြီး ပြောပြဖြစ်ခဲ့ပါတယ်။

တကယ်လို့ စောစောကသာ ပြောဖြစ်ခဲ့မယ် ဆိုရင် ပျော်ရွှင်စွာ တွေ့သွားကြလေသတည်း ဆိုတဲ့ ဇာတ်သိမ်းကို ကြားရမှာပေါ့။ အခုမှ ပြန်ပြောခဲ့တော့ သူတို့ ဝေးသွားကြတော့မယ် ဆိုတဲ့ ဇာတ်သိမ်းကို ကြားကြတော့မယ်။

တကယ်လို့ နောက် တစ်လ.. တစ်နှစ်.. သုံးနှစ်.. ဆယ်နှစ်ကြာမှ ပြန်ပြောဖြစ်ခဲ့မယ် ဆိုရင် ဇာတ်သိမ်းပိုင်းက ဘယ်လိုဖြစ်လာမလဲ မသိနိုင်ဘူး။

“တကယ်လို့ မ မှာ ဒီလက်စွပ်တစ်ကွင်း လုံးဝ မရှိခဲ့ဘူး ဆိုရင်ရော ဘယ်လိုဖြစ်မလဲ”

ဆူးက ဒီလိုမေးလာလိမ့်မယ်လို့ ကိုယ်ထင်သားပဲ။ ကိုယ်က ဘာမှပြန်မပြောပဲ အသာပြုံးလိုက်ပါတယ်။ ကိုယ်ဒီလို ဘာမှ ပြန်မပြောပဲ နေလိမ့်မယ် ဆိုတာကိုလည်း ဆူး သိသားပဲ။ လက်စွပ်ကလေး ၀တ်ထားတဲ့ ကိုယ့်လက်ဖျားတွေကို ဆူးက အသာ ဆုပ်ကိုင်လိုက်တယ်။ “တကယ်လို့”တွေ အများကြီးနဲ့ ဖွဲ့စည်းထားတဲ့ ဘ၀တလျောက်လုံးမှာ ဖူးစာ ဆိုတာ ကိုယ်တို့ ပြောပြဖို့ ခက်တဲ့ အကြောင်းအရာ တစ်ခုပါပဲ။ ချစ်ခြင်းမေတ္တာ ဆိုတာကရော…။

ကိုယ်တို့ ထိုင်နေတဲ့ ကော်ဖီဆိုင်လေးက ပြူတင်းပေါက်မှာ လေပြည်လေး သာသာတိုက်နေပါတယ်။ ကိုယ်တို့ လေကို မမြင်ရပါဘူး။ ဒါပေမယ့် ခန်းဆီးလေး လှုပ်နေတာကိုပဲ အသေအချာ မြင်နေရတော့တယ်။



ပန်ဒိုရာ



11 comments:

ဝေလင်း said...

ဖတ်တော့ဘူး..ကူးသွားတယ်။ အချိန်သိပ်မရလို့..။ ပြီးမှအေးအေးဆေးဆေးဖတ်တော့မယ်..
အစကတော့ c-box မှာပြောမလို့ပဲ မတွေ့လို့ ၀င်မန့်လိုက်တာ..

Anonymous said...

ဒါကိုဖတ်ဖူးတယ်လေ .. အဲဒီတုန်းကတော့ သေချာအချောမသပ်သေးဖူးလားမသိ .. ဒါပေမယ့် ခုဟာကို ပိုကြိုက်တယ် .. မျောပါသွားတယ် ၊ အရေးအသား အချိတ်အဆက် အရမ်းမိတယ်လို့ ခံစားရတယ် ။ အမရေးတဲ့ဝတ္ထုတိုတွေထဲက ကြိုက်တဲ့တပုဒ်ပေါ့ ။

ဒါနဲ့ ဆူးတွေကို ပျော့ပျောင်းစေမယ့်သူ မကြာခင်တွေ့နိုင်ပါစေလို့ အမှတ်တရ ဒီမှာထပ်ဆုတောင်းလိုက်တယ် ။

(ညီမ)

ဇွန်မိုးစက် said...

အေလီယန်လို့ နာမည်ပေးတာ သဘောကျသွားတယ်။ ဆူးရင်ထဲက ဆူးတစ်ချောင်းကို နှုတ်ခွင့်ရစေချင်မိတယ်။

Htar... said...

Umm...we never wear the ring :)

blueskyforest said...

ဟုတ်သားပဲ။ နှင်းကိစ္စပြောပါတယ်။ အကြိုက်ချင်းတူလို့ ဘောလုံးပွဲလူစည်တယ်ဆိုလား ။ ပန်ဒိုရာ ကျန်းမာပျော်ရွှင်စေ။

သက်ဝေ said...

သိပ်ကောင်းတဲ့ ရေးဟန်နဲ့ သဘာဝကျကျ တွေးထားတဲ့ ဝတ္ထုလေးပါ...။ ဖတ်ရတာ တကယ်ပဲ နှစ်သက်မိပါတယ်...။

တကယ့်လက်တွေ့ဘဝတွေမှာ လက်သူကြွယ်မှာ ရှိနေတဲ့ လက်စွပ်လေးတကွင်းက သူ့အလိုလို ဖြစ်ပေါ်လာတဲ့ ရင်ထဲက ချစ်ခြင်းတခုကို တကယ် တားဆီးနိုင်ပါ့မလား လို့ တွေးကြည့်နေမိတယ်...။ အဲဒီနောက်မှာ ဆက်တွေးနေမိတာတွေကတော့ အများကြီးပါပဲ...။

တကယ်လို့တွေ အများကြီးနဲ့ ဖွဲ့စည်းထားတဲ့ ကိုယ်စီ ဘဝတွေမှာ ဖူးစာ ဆိုတာ ရှင်းလင်း ပြောပြဖို့ တော်တော်ခက်တယ်... ဒီလိုပဲ ရင်ထဲကလာတဲ့ ချစ်ခြင်း မေတ္တာဆိုတာလဲ... ပြောပြဖို့ ခက်ခဲပါတယ်...

Moe Cho Thinn said...

ဝတ္ထုလေး ကောင်းတယ် ပန်ပန်။
တကယ်လို့ ခေါ်သွားသူဟာ ဆူး သာ မဖြစ်ခဲ့ရင်..၊ လက်စွပ်လေးသာ မ၀တ်ဖြစ်ခဲ့ရင် အဖြေက ကွဲပြားမယ် လို့ ထင်နေမိတယ်။
ဆက်တွေးသွားစေတဲ့ ၀တ္ထုလေးပါပဲ။

ရွာသားလေးဝိုင်တီယူ said...

အတွေးတွေ အများကြီးနဲ့ ကျန်ခဲ့တယ်

ကျနော့ကိုလည်း ဆူးစူးသွားပြီဗျာ

Anonymous said...

He turned 36 on the Feb 6th. ;)

ဝေလင်း said...

ဖတ်ပြီးသွားလို့ နောက်တစ်ခါလာမန့်တာ..။ ကြိုက်တယ်အစ်မရေ..။

မိုးငွေ့...... said...

မပန်ရေ...ကျမလည်း print ထုတ်ပြီး အိမ်ယူဖတ်ပါတယ်...။ အရေးအသားကောင်းတယ်..။ ဇာတ်အိမ်ပါးပါးလေးကို လှအောင်ရေးသွားတယ်...။

ခင်မင်စွာဖြင့်
မိုးငွေ့