Tuesday, February 15, 2011

လိပ်ပြာတောင်ပံတွေကြား ခပ်တိုးတိုး ဖြတ်တိုက်သွားတဲ့လေ

ခိုင်စိုးလင်းနဲ့ ဟန်သစ်ငြိမ်တို့ စီစဉ်တဲ့ သေဆုံးတတ်သည် (They die) ဆိုတဲ့ e-book ထွက်ပါပြီ။ ဒီနေရာကနေ download ယူနိုင်ပါတယ်။

ကောင်းကင်ကို၊ ကျော်ညိုသွေး၊ ခိုင်စိုးလင်း၊ ညီဇံလှ၊ တူးတူးသာ၊ တေဇာ (လရောင်လမ်း)၊ နေဦး၊ နန်းညီ၊ ပန်ဒိုရာ၊ မိုးလှိုင်ည၊ မယ်ကိုး၊ မောင်တေလေ၊ လင်းဒီပ၊ သက်ထွေး၊ ဟန်သစ်ငြိမ်၊ သြမြိုင် တို့ ရေးသားထားတဲ့ ကဗျာ ဆောင်းပါး အက်ဆေး ၀တ္ထုတိုတွေကို ဖတ်ရှုကြရမှာ ဖြစ်ပါတယ်။ အတွင်းသရုပ်ဖော်ပုံတွေ ရေးဆွဲသူကတော့ မလေးမေပါ။ ပန်ဒိုရာရဲ့ ၀တ္ထုအသစ်တစ်ပုဒ်ပါရှိပါတယ်။ အဲဒီအပြင် ကဗျာအဟောင်းတစ်ပုဒ်ဖြစ်တဲ့ Nothingness နဲ့ ကိုနတ္ထိရဲ့ ပါဠိဘာသာပြန် ကိုလည်း ဖော်ပြထားပါတယ်။ အချိန်မရတဲ့ကြားက ကြိုးစားပမ်းစား စီစဉ်သူတွေကို အထူးကျေးဇူးတင်ပါတယ်။

အဲဒီ စာအုပ်မှာ ပါခဲ့တဲ့ လိပ်ပြာတောင်ပံတွေကြား ခပ်တိုးတိုး ဖြတ်တိုက်သွားတဲ့ လေ ဆိုတဲ့ ၀တ္ထုတိုကို အလွယ်တကူဖတ်ရှုနိုင်ဖို့ ဒီမှာ ပြန်တင်ပေးလိုက်ပါတယ်။ ဝေဖန်အကြံပြုချက်များအားလုံးကို ကြိုဆိုပါတယ်။
------------------------------------------------


လိပ်ပြာတောင်ပံတွေကြား ခပ်တိုးတိုး ဖြတ်တိုက်သွားတဲ့ လေ




(၁)
ဆတ်ကနဲ လန့်နိုးသလိုဖြစ်တော့ သူမဟာ ကျွန်တော့်မျက်နှာပေါ်ကို ငုံ့မိုးကြည့်နေတယ်။ မြင်လိုက်တဲ့ တဒင်္ဂမှာ အေးစက်နက်ရှိုင်းတဲ့ ခံစားမှုနဲ့အတူ ကောင်းကင်ဆန်တဲ့ အငွေ့အသက်ကို ရလိုက်တာပေါ့။ လှ.. တယ်..။ ကျွန်တော်က ရေရွတ်လိုက်တယ်။ ဟုတ်တယ်။ သိပ်လှတာပဲ။

သူမရဲ့သဏ္ဌာန်ဟာ ဖျော့တော့တဲ့ အလွှာပါးပါးတစ်ခု ခြုံထားသလိုပဲ။ အနားသတ်ကလေးတွေက လင်းဖြာနေသလိုလိုေ၀၀ါးနေသလိုလို။ ပါးလျတဲ့ နှုတ်ခမ်းလွှာတွေက နှင်းဆီရောင်သန်းနေတယ်။ ပါးပြင်တွေက ဖြူဖွေးလွန်းလို့ ပြာလဲ့လဲ့ဖြစ်နေတယ်။ စိမ်းဖန့်နေတဲ့ မျက်ဆံတွေဟာ သလင်းကျောက်လို ကြည်လင်နေတယ်။ ထူးခြားတာက သူမရဲ့ ပျော့စင်းပြီး တညီတညာတည်း ဖိတ်ဖိတ်တောက်နေတဲ့ ငွေရောင်ဆံပင်လက်လက်တွေပဲ။ သူမနဲ့ ကျွန်တော်ဟာ တိတ်ဆိတ်နေတဲ့ ဒီနေရာမှာ နှစ်ယောက်တည်းရယ်။ ဒီလိုအနေအထားမျိုးမှာ ဒီလိုလှပတဲ့ မိန်းကလေးတစ်ယောက်ဟာ ဖိတ်ခေါ်မှုတွေနဲ့ ပြည့်လျှံနေမှာ ပြောစရာတောင်မလိုဘူး။ အနည်းဆုံးတော့ နူးညံ့တဲ့ ပါးပြင်လေးကို လက်ချောင်းဖျားလေးနဲ့ အသာ တို့ထိလိုက်ချင်စရာမျိုး။ ဒါပေမယ့် ကျွန်တော်က သူမကို ကြည့်ရုံကြည့်နေလိုက်တယ်။ သူမဟာ “သေမင်း” ပဲ။


(၂)
သေခြင်းတရားသည် သူ၏အာရုံငါးပါးကို တစ်မြို့လုံးသို့ လွှမ်းခြုံကြဲချလိုက်၏။ နာနာကျင်ကျင် ငိုညည်းသံများသည် ၀န်းကျင်တခွင်သို့ လျှံကျလာသည်။ မရဏသံစဉ်တို့က သားကောင်နောက်သို့ အူယားဖားယား ပြေးလိုက်လာစဉ် အရပ်ရှစ်မျက်နှာမှ တဝေါဝေါ တော်လဲသံများ ပဲ့ပြိုစပြုပြီ။


(၃)
သေမင်းက ကျွန်တော့်ကို ချော့မြှူသလိုလို ၀မ်းနည်းယောင် သန်းနေသလိုလို အကြည့်ဆန်းဆန်းတစ်ချက်နဲ့ ကြည့်လာတယ်။ တိုးတိုးလေး တစ်ခွန်းပဲ ပြောတယ်။ လာ လိုက်ခဲ့ တဲ့။

ကျောက်ဖြူသားနဲ့ လုပ်ထားတဲ့ လှေခါးထစ်တွေအတိုင်း တက်လှမ်းသွားတဲ့ သူမရဲ့နောက်ကို ကျွန်တော်လိုက်သွားခဲ့တယ်။ ဘေးတစ်ဘက်တစ်ချက်မှာ ကန့်သတ်ထားတဲ့ နံရံတွေဟာလည်း ဖြူဖွေးနေတယ်။ သူမရဲ့ လင်းလက်နေတဲ့ ငွေရောင်ဆံပင်တွေက ကျွန်တော့်ကို မျက်စိကျိန်းစေတယ်။ လမ်းရှည်ကြီးရဲ့ အဆုံးကလည်း အဖြူရောင်တွေ ရောင်ပြန်ဟပ်နေလိုက်တာ ဘာဆိုဘာမှမမြင်ရဘူး။ ကျွန်တော်က မျက်လုံးတွေကို အားစိုက်ပြီး လမ်းကိုမြင်အောင် မနည်းကြည့်နေရတယ်။ လင်းလွန်းလို့ ကိုယ့်အရိပ်ကိုတောင် ကိုယ်ပြန်မမြင်ရတော့ဘူး။ အဖြူရောင် အငွေ့အသက်က နေရာတကာ လွှမ်းခြုံနေတယ်။ ရှုရှိုက်မိတဲ့အနံ့တွေထဲမှာတောင် အဖြူရောင်ဟာ အခိုးရိုက်နေတယ်။

ကျွန်တော်က သေသွားတာလား။ အသိစိတ်ကို ကျွန်တော် အတတ်နိုင်ဆုံး ပြန်ဆုပ်ကိုင်ကြည့်တယ်။ မှတ်မိသလောက် နောက်ဆုံးအချိန်ကို ပြန်စဉ်းစားတယ်။ သတိလစ် မေ့မျောနေတာလည်း ဖြစ်နိုင်တာပဲ။ မတော်တဆ ထိခိုက်မှုတစ်ခုခု ဖြစ်ခဲ့သလား။ ဆေးရုံမှာ နာတာရှည် ဖြစ်နေခဲ့တာလား။ ဘာပဲဖြစ်ဖြစ် အသေခရီးဆိုတာ အခုလို လှပတဲ့ မိန်းမပျိုတစ်ဦးရဲ့ ခေါ်ဆောင်ရာနောက်ကို လိုက်ပါရတယ် ဆိုတာ ကျွန်တော် ဘယ်လိုမှ မထင်မှတ်ခဲ့တဲ့ ကိစ္စပဲ။ ကျွန်တော်ဟာ သေအံ့မူးမူးလည်း ဖြစ်နေနိုင်တယ်။ သူမကို အကျိုးအကြောင်း တစ်ခုခုတော့ မေးမှဖြစ်မယ်လို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။


(၃)
ဘ၀ကိုခုံမင်သူတို့သည် နောက်ဆုံးဝိညာဉ်ကြိုးကို အာသာငန်းငန်းဖြင့် မလွှတ်တမ်း ဆွဲကိုင်ထားကြ၏။ မရဏတံခါးကား တကျွီကျွီမြည်ကာ ပွင့်လာခဲ့ပြီ။ မရဏသခင်သည် သံစဉ်တို့ကို အမြင့်ဆုံးသို့ မြှင့်တင်လိုက်လေရာ တော်လဲပဲ့တင်သံများနှင့် ခွဲခြားမရနိုင်အောင် တုန်ဟီးလာလေသည်။ ထိုအခိုက် လောကအလုံးသည် မှောင်အတိ ကျသွားလေသည်။


(၄)
“ကျွန်တော်က သေသွားတာလားဟင်”'

ကျွန်တော်က မေးလိုက်တော့ သူမက စမ်းချောင်းကလေး စီးသလို အသံလွင်လွင်နဲ့ရယ်တယ်။ ငွေရောင်တွေ ပြိုးပြက်ထသွားတယ်။

“ရှင်ကဘယ်လိုထင်လို့လဲ”

သူမဟာ မခို့တရို့ အမူအရာနဲ့ ကျွန်တော့်ကို ခါးထောက်ပြီး ကြည့်နေတော့ ကျွန်တော်က ပြုံးမိတယ်။ လက်စသတ်တော့ သေမင်းကလည်း ကျွန်တော်နဲ့ ပတ်သက်ခဲ့ ပတ်သက်ဆဲ ပတ်သက်လတ္တံ့ ကောင်မလေးတွေလိုပါပဲလား။ မိန်းကလေးဆိုတာကတော့ သေမင်းပဲဖြစ်နေပါစေ မိန်းကလေးစတိုင် အပြည့်နဲ့ပဲ။

“ခင်ဗျားက သေမင်းမဟုတ်ဖူးလား”

“ကျွန်မက ရှင့်ကို သေမင်းပါလို့ ပြောလို့လား”

အဲ.. ဒါတော့လည်း ဟုတ်တော့ဟုတ်ပါတယ်။ သူမဟာ ဘယ်သူလဲလို့ တခါမှ မပြောပြခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်က သူမကို စမြင်ကတည်းက သေခြင်းရဲ့ အငွေ့အသက်ကို အလိုလို ခံစား သိရှိနေမိတာ။ သူမရဲ့ ရယ်သံတွေ အကြည့်တွေတိုင်းမှာ သေခြင်းရဲ့ အေးစက်စက်အာရုံက ကျွန်တော့် အသည်းနှလုံးအထိ ထွင်းဖောက် စိမ့်ဝင်သွားတယ်။

ကျွန်တော်စဉ်းစားလိုက်တယ်။ ဒီကမ္ဘာမှာ လူတွေချည်းကို သန်းပေါင်းခြောက်ထောင်လောက် ရှိတယ်လို့ ကြားဖူးတယ်။ စက္ကန့်ပိုင်းအတွင်းမှာ သေနေကြတာ တစ်ယောက်တည်းမက အများကြီး ရှိနိုင်တယ်။ တခြား တိရိစ္ဆာန်တွေကိုပါ ထည့်တွက်ရင်တော့ သိပ်များပြားမှာ အသေအချာ။ သေမင်းဆိုသူ တစ်ဦးတည်းက သေသူအားလုံးအတွက် တပြိုက်နက် ကိုယ်တိုင်ကိုယ်ကျ ၀န်ဆောင်မှုကို ပေးနိုင်ပါ့မလား။ ဒီမိန်းကလေးဟာ သေမင်းရဲ့ ကိုယ်စားလှယ် တွေထဲက တစ်ယောက် ဖြစ်ချင်ဖြစ်နေမှာပေါ့။

“အော်.. ဒါဆို ခင်ဗျားက သေမင်းရဲ့ ကိုယ်စားလှယ်လား”

သူမက ဘာမှမပြောဘဲ ပြုံးနေပြန်တယ်။ တိတ်ဆိတ်ခြင်းဟာ ၀န်ခံခြင်းလား။ သေမင်းရဲ့ ကိုယ်စားလှယ်။ သေမင်းရဲ့ တမာန်၊ သေမင်းတမာန်၊ ဟားဟား.. အထက်တန်းကျောင်းတုန်းက မူးယစ်ဆေးဝါး ပိုစတာပြိုင်ပွဲတွေမှာ ကျွန်တော်တို့ ဆွဲနေကြဖြစ်တဲ့ တံစဉ်ကွေးကွေးကြီးကိုင် ၀တ်ရုံမည်းကြီးခြုံထားတဲ့ အရိုးခေါင်းခြောက်ပုံကို မြင်ယောင်လာတော့ ရယ်ချင်သွားတယ်။ အခုတော့ သေမင်းတမာန်ဆိုတာက အလန်းလေး ဖြစ်နေပါရော့လား။ ကျွန်တော်သာ မသေလို့ ပြန်ရှင်ခဲ့ရင်တော့ ဒီအကြောင်းကို သေသေချာချာ ပြန်ပြောပြရမယ်။ အထူးသဖြင့် ကျွန်တော့် စိတ်တူကိုယ်တူ ဘော်ဒါတွေကိုပေါ့။ မရဏခရီးသို့ ဆိုပြီး နောက်ကြောင်းပြန် ဇာတ်လမ်းရှည် ရေးပြီး ဘလော့ဂ်တွေ ဖေ့စ်ဘွတ်ခ်တွေမှာ တင်လိုက်ရင် ရေရေလည်လည် ပေါက်သွားမှာ။ လူတွေက သေရမှာကို ကြောက်စရာလို့ ထင်နေကြတာ မဟုတ်လား။ တကယ်ပါ။ အခုအထိတော့ ကြောက်စရာရယ်လို့ ကျွန်တော်ဖြင့် တစ်ခုမှကို မမြင်သေးတာ။


(၅)
ပိန်းပိတ်နေသော အမှောင်ထဲဝယ် အလင်းတစ်စ စူးစူးလက်လက် ပေါ်လာ၏။ တိတ်ဆိတ်ငြိမ်သက်မှု၏ အပိုင်းအစတစ်ခု ကလည်း ညင်ညင်သာသာ လွန့်လူးလာပြန်သည်။ အလင်းစနှင့် တိတ်ဆိတ်မှုတို့သည် ပေါ်တလှည့်ပျောက်တလှည့်ဖြင့် အမှောင်နှင့် မြည်ဟီးသံကို အားယူ ကုတ်ခြစ်ထိုးဖောက်နေကြလေသည်။


(၆)
နည်းနည်း ဆက်လမ်းလျှောက်ပြီးတဲ့အခါ မြစ်ကြီးတစ်စင်းကို ဘွားကနဲ မြင်လိုက်ရတယ်။ မြစ်ကမ်းပါးမှာ သဲမြေတွေက ဖြူဖွေးနေတယ်။ မြစ်ရေကလည်း အဖြူရောင်ပဲ။ တဖက်ကမ်းမှာ လှမ်းမြင်နေရတဲ့ သစ်ပင်တောင်တန်း တွေလည်း အဖြူပဲ။ အရာရာကို မေ့လျော့စေတဲ့မြစ် ဆိုတာများလားလို့ ကျွန်တော်က စဉ်းစားလိုက်တယ်။ ငယ်ငယ်တုန်းက ကြားဖူးခဲ့တယ်လေ။ ဘ၀ကူးတဲ့အခါ အတိတ်ဘ၀တွေကို မေ့သွားအောင် မေ့ပင်လို့ခေါ်တဲ့ အပင်ကြီးအောက်ကို ခေါ်သွားတယ် တို့၊ မေ့စေတဲ့ မြစ်ကို ဖြတ်ကူးခိုင်းတယ် တို့။ မြစ်ဖြူဖြူကို ဖြတ်သန်းတိုက်ခတ်လာတဲ့ အဖြူရောင် လေပြည်တွေက ကျွန်တော့် ကိုယ်ပေါ်ကို တဖွေးဖွေး လာရိုက်ခတ်နေတယ်။ သာမန်အချိန်သာဆိုရင် ဒီလို မိန်းမလှလေးနဲ့အတူ ကြည်နူးစရာ့ မြင်ကွင်းပေါ့။

ကျွန်တော် လူ့ဘ၀မှာ ဘာတွေလုပ်ခဲ့လဲ ကမန်းကတမ်း ပြန်စဉ်းစားလိုက်တယ်။ တကယ်တော့ ကျွန်တော်ဟာ ခေါင်းထဲမှာ ဘာဆိုဘာမှ ထည့်မထားပဲ လူငယ်သဘာဝ ပေါ့ပေါ့ပါးပါး နေထိုင်ခဲ့သူပါ။ အခုလို ငယ်ငယ်ရွယ်ရွယ်မှာ သေမင်းနဲ့ တွေ့ရတော့မယ်လို့လည်း ဘယ်ထင်ထားခဲ့ပါ့မလဲ။ မကောင်းမှုဆိုရင်တော့ တစ်ခါတစ်လေ အိမ်မှာ ဒယ်ဒီမာမီတို့နဲ့ ပူညံပူညံလေးတွေလောက်တော့ ရှိခဲ့တာပေါ့။ ကာရာအိုကေ သွားတာ ကောင်မလေးတွေ အတော်များများ တွဲဖြစ်တာကလည်း သူတို့ကို ဒုက္ခရောက်စေတာမဟုတ်ဘဲ သူတို့လည်းပျော် ကျွန်တော်လည်းပျော်တဲ့ အနေအထားပါ။ win-win situation ဆိုတာမျိုးပေါ့။

ကျွန်တော်က ဆင်ခြေဆင်လက်အတွေးတွေကို တဖြတ်ဖြတ် ကောက်လှန်နေမိတယ်။ ဥပမာ အခုနောက်ဆုံးတွဲနေတဲ့ မိခိုင်ဆိုတဲ့ ကပ္ပလီမစတိုင်နဲ့ ခပ်ဆိုးဆိုး ကောင်မလေးကိုဆိုရင် အတည်ယူဖို့ စဉ်းစားတာ မဟုတ်ပေမယ့် ကျွန်တော်က စေတနာအပြည့်နဲ့ သူပျော်အောင် ထားပါတယ်။ သူနဲ့တွေ့ရင် သူကြိုက်တတ်တဲ့ 925 အစစ် ဟန်းချိန်းတစ်ခု ရက်ရက်ရောရော လက်ဆောင်ပေးဖို့တောင် ဘောင်းဘီအိပ်ကပ်ထဲမှာ ထည့်ထားခဲ့သေးတယ်။ သေမင်းမေးလာခဲ့ရင် ကျွန်တော့်ကောင်းမှုကုသိုလ်ကို သက်သေပြလို့တောင် ရတာပေါ့။

ကျွန်တော့် ဘောင်းဘီအိပ်ထဲကို စမ်းလိုက်တော့ ဟိုက်ခနဲဖြစ်သွားတယ်။ ကျွန်တော့်ကိုယ်ခန္ဓာပေါ်ကို ဆင်မြန်းထားတာကက အဖြူရောင် ပြောင်ချောချော ၀တ်စုံကြီးဖြစ်နေတာကို အခုမှ သတိထားမိယ်။ ဘာအိပ်ကပ်မှလည်း မပါဘူး။ ကျွန်တော် စိတ်ပျက်သွားတယ်။ ကျွတ်.. သေရင်ကိုယ့်နောက် ဘာမှမပါဘူးဆိုတာ တယ်မှန်ပါလား။


(၇)
အလင်းသည် အမှောင်ထုကို ကိုက်ဖဲ့ဝါးမျိုရင်း တစတစ အားကောင်းလာ၏။ တိတ်ဆိတ်မှုသည်လည်း အရှိန်ပြင်းထန်လာကာ ဆူညံသံကို ဖုံးလွှမ်းလုလု ဖြစ်သွားပြီ။ သားကောင်တို့သည် မျှော်လင့်ချက်ကြီးစွာဖြင့် စောင့်ဆိုင်းနေကြ၏။ အလင်းဓာတ်သည် လျှပ်နွယ်လျှပ်စီးကဲ့သို့ ၀င်းဝင်းလက်လက် တိုးမြှင့် လွှမ်းခြုံလာသည်။


(၈)
“ကိုင်းဗျာ.. ပို့စရာရှိရင်လည်း ပို့ပေးပါတော့ မေ့စရာရှိလည်း မေ့ရအောင်”

ကျွန်တော်က ငွေရောင်ဆံပင်ပိုင်ရှင် သူမ ကို စိတ်ပျက်လက်ပျက်နဲ့ ပြောလိုက်တယ်။ ဒီမြစ်ကြီးကိုကူးဖို့ ကုတို့လှေဆိုတာကရော ရောက်လာဦးမှာလား။ ကုတို့ခ ဆိုတာကရော တောင်းဦးမှာလား။ ကျွန်တော့်ပါးစပ်ထဲမှာရော ကုတို့ခ တစ်မတ်စေ့ဆိုတာ ပါရဲ့လား။ ဒီခေတ်မှာ အကြွေစေ့ မပြောနဲ့ ငါးဆယ်တန် တစ်ရာတန်တောင် အတော်ရှားတာလေ။ ဒယ်ဒီတို့မာမီတို့ တစ်မတ်စေ့ အလွယ်တကူ ရှာတွေ့မယ် မထင်ဘူး။ ကုတို့ခဈေးတက်ပါစေ ငါးရာ တစ်ထောင်လောက် တောင်းရင်တောင် ပေးရတာ လွယ်ဦးမယ် လို့ ကျွန်တော်က စဉ်းစားနေမိတယ်။

ဒီအခိုက် သူမရဲ့ ရယ်သံချိုတွေက ကျွန်တော့်နားထဲကို ချိုးချိုးချွင်ချွင် ရိုက်ခတ်လာပြန်တယ်။ သူမဟာ ငွေရောင်တွေ ပြိုးပြက်သွားအောင် ခဏခဏ ရယ်နိုင်လွန်းလှတယ်။ ဒီအလုပ်လုပ်ရတာ စိတ်ဖိစီးမှု တော်တော်နည်းတယ် ထင်ပါရဲ့။ ဒယ်ဒီတို့ ပြောပြောနေတဲ့ စထရက်စ် ဆိုတာကြီးက သူမမှာ ရှိပုံမပေါ်ဘူး။

“ဘယ်သူက ရှင့်ကို ဘယ်ကိုပို့ပေးရမှာလဲ”

“ဟိုဘက်ဘ၀လေ ခင်ဗျားက ကျွန်တော့်ကို နောက်ဘ၀ကို လိုက်ပို့ပေးမှာ မဟုတ်ဘူးလား”

“နောက်ဘ၀ရောက်ဖို့ ရှင့်ကို တစ်ယောက်ယောက်က ပို့ပေးမှ ရောက်မယ် ထင်နေတာကိုး”

သူမက ရယ်မောပြန်တယ်။ ကျွတ်.. ဒီနေ့အဖို့ မိန်းကလေးတစ်ယောက်ရဲ့ အဟားကိုပဲ ခံနေရတာ သိပ်တော့မမိုက်လှဘူး။ ကျွန်တော် စိတ်ရှုပ်လာတယ်။ သူမဟာ ကျွန်တော်မေးနေတဲ့ မေးခွန်းတွေကို အခုအချိန်အထိ တစ်ခုမှ သေသေချာချာ မဖြေသေးဘူး။ အတွေးတွေ ရှုပ်ထွေးလာပြန်တယ်။ ကျွန်တော်က သေပြီး နောက်ဘ၀မကူးခင် လှည့်လည်နေတဲ့ ၀ိညာဉ်မဟုတ်ဘူးလား။

“ဘ၀တစ်ခုချုပ်သွားချိန်မှာ နောက်တစ်ခုကို ကူးဖို့ လှည့်လည်ဆိုင်းငံ့ထားလို့ရတယ် ထင်နေလို့လား”

သူမက ဆက်ပြောပြန်တယ်။ ဆိုင်းငံ့မထားနိုင်ဘူးဆိုရင် ကျွန်တော်က အခုဘယ်ကိုရောက်နေတာလဲ။ ကျွန်တော့်ဝိညာဉ် ဆိုတဲ့ဟာက ထွက်သွားပြီလား မထွက်သေးဘူးလား။ နောက်ဘ၀ဆိုတာကို တမဟုတ်ချင်း ကူးသွားရမယ်ဆိုရင်လည်း အခုလို ဘာမှန်းမသိတဲ့ နေရာမှာ ကျွန်တော်က ဘာလုပ်နေရတာလဲ။ နောက်တစ်နေရာရောက်သွားတဲ့အခါ အခွံချွတ်လဲလိုက်တဲ့ လူ (ဒါမှမဟုတ်လည်း တခြားသတ္တ၀ါ တစ်ကောင်ကောင်) အသစ်တစ်ဦး ဖြစ်သွားမှာလား။ ကျွန်တော်က ကျွန်တော်ပဲလား။ ကျွန်တော်က အခြားတစ်ယောက် ဖြစ်သွားမှာလား။

ကျွန်တော်ဟာ တန်ခိုးရှင်တစ်ယောက်ယောက်နဲ့ တွေ့ဦးမှာလား။ လောလောဆယ် ကျွန်တော့် အမြင်အာရုံရှေ့မှာတော့ အဖြူရောင်မြစ်ကြီးရှိနေတယ် ဆံပင်ငွေရောင်နဲ့ ကောင်မလေးရှိနေတယ် တောဖြူ တောင်ဖြူ လေဖြူ ကောင်းကင်ဖြူနဲ့ မြေပြင်ဖြူတွေ ရှိနေတယ်။ ကျွန်တော် သိနေတယ် ရှိနေတယ်။ ဒါကြောင့် အဲဒီဝန်းကျင်တွေနဲ့ လောကကြီးကို သိနေတယ် ရှိနေတယ်။ မျက်စိမှိတ်လိုက်တဲ့အခါ မမြင်ရတော့သလိုမျိုး၊ အိပ်မောကျသွားတဲ့အခါ ဘာမှမသိတော့သလိုမျိုး ကျွန်တော် မသိတော့ မရှိတော့တဲ့အခါ လောကကြီးဟာ ဘယ်လိုဖြစ်သွားမလဲ။ ကျွန်တော် သိချင်လှသေးတယ်။

သူမက ကျွန်တော့်ကို မြစ်ကမ်းပါးကို ခေါ်သွားတယ်။ ရေပြင်ကို ကြည့်ခိုင်းတယ်။ စီးဆင်းနေတဲ့ မြစ်ရေဖွေးဖွေးထဲမှာ ကျွန်တော့်သဏ္ဍာန် ဖြူဖြူကို မြင်နေရတယ်။ သူမက ကျွန်တော့်ကို လက်တစ်ဖက် မြှောက်ခိုင်းတယ်။ ရေထဲက အရိပ်ကလည်း လိုက်မြှောက်တာပေါ့။ အဲဒီ အရိပ်က ဘယ်သူလဲလို့ သူမက မေးတယ်။ ကျွန်တော်က ကျွန်တော်ပေါ့ လို့ ပြောလိုက်တယ်။ သူမက မြစ်ရေထဲက ကျွန်တော့်အရိပ်ကို အနားက ကျောက်ဖြူခဲတစ်လုံးနဲ့ လှမ်းပေါက်လိုက်တယ်။ ရေတွေ ဂယက်ထသွားတယ်။ ရှင်နာသလားလို့ မေးတယ်။ ဘယ်နာမလဲ ခင်ဗျားပေါက်တာ ကျွန်တော့်ကိုမှမဟုတ်ပဲ လို့ ကျွန်တော်က ပြောလိုက်တယ်။

“ဒါပဲလေ”

သူမက ကျွန်တော့်ကို ဖြေကြားသလိုလို သူမဘာသာ ကောက်ချက်ချသလိုလို စကားတစ်ခွန်း ပြောလာတယ်။

“ကျွန်တော် မသိဘူး ဘာမှမသိတော့ဘူးဗျာ”

ရင်ထဲမှာ ရှိနေတဲ့ ခံစားချက်အတိုင်း ကျွန်တော်က အော်ပြောလိုက်မိတယ်။ သူမက စောင်းငဲ့ ကြည့်လာပြန်တယ်။

“တကယ်တော့ လူတွေက သေမှာကို ကြောက်တာမဟုတ်ပါဘူး။ မသိခြင်းကို ကြောက်တာ”

မသိခြင်း။ သေရင်ဘယ်လိုဖြစ်သလဲ ဆိုတာကို မသိခြင်းလား။ ဒါကတော့ သေမှ မသေဖူးကြတာကိုးဗျာ .. ဘယ်သိမလဲ။ အင်းလေ.. သေဖူးပြီဆိုရင်တော့လည်း ပြန်မရှင်တော့ဘူးမဟုတ်လား။ တစ်ခါ သိပြီးရင် ပြီးသွားပြီလေ။ စိတ်ပျက်လက်ပျက်နဲ့ အသံမထွက်တော့ဘဲ အတွေးထဲကနေပဲ စောဒက တက်နေလိုက်တော့တယ်။

“အဲဒါ မြစ်ရေတွေမဟုတ်ဘူး”

အဖြူရောင် ရေမှုန်ရေမွှားလေးတွေထအောင် တက်ကြွစီးဆင်း နေတဲ့ မြစ်ရေတွေကို လက်ညိုးညွှန်ရင်း သူမက ဆိုလာပြန်တယ်။ ဒါဖြင့် ဘာတွေလဲ လို့ကျွန်တော်က မေးလိုက်တယ်။

“အကြောင်းတရားတွေ”

“အကြောင်းတရားဆိုတာ ဘာလဲ”

“ရှင့်ရဲ့ အကြောင်းတရားပေါ့၊ ဟောဟိုက တောတွေ တောင်တွေ လေထု မြေထု ကောင်းကင် အကုန်လုံးပါပဲ”

အလို။ မြင်နေရတဲ့ အရာ အားလုံးဟာ ကျွန်တော့်ရဲ့ အကြောင်းတရားတွေ ဆိုပါလား။ သူမက ဆက်ပြောပြန်တယ်။

“ကျွန်မကလည်း ရှင့်ရဲ့ အကြောင်းတရားပဲပေါ့”

သူမဟာ ကျွန်တော့်မျက်လုံးတွေကို တည့်တည့်စိုက်ကြည့်လိုက်တယ်။ စိမ်းဖန့်နေတဲ့ မျက်လုံးတွေဟာ ကြည်စင်လဲ့ဝင်းလာလိုက်တာ ကျွန်တော့်ပုံရိပ်တောင်မှ သူမရဲ့ မျက်ဆံထဲမှာ မှန်ကိုကြည့်ရသလို ပြတ်ပြတ်သားသား အရိပ်ထင်လာတော့တယ်။

(((((၀ုန်း)))))

အဲဒီအခိုက် ကျွန်တော်မတားလိုက်နိုင်ချိန်မှာပဲ သူမဟာ မပြောမဆိုနဲ့ မြစ်ထဲကို ပြေးခုန်ချလိုက်တယ်။ ပြိုးပြိုးပြက်ပြက် ငွေရောင်ဟာ တလျှပ်လျှပ်လက်နေတဲ့ လှိုင်းကြပ်ခွပ်တွေနဲ့အတူ ရောထွေးရင်း မြင်ကွင်းကပျောက်သွားတယ်။ မြစ်ကမ်းမှာ ကျွန်တော်တစ်ယောက်တည်း ထီးထီးကျန်ခဲ့တယ်။


(၉)
အလင်းသည် တဖျစ်ဖျစ် လောင်ကျွမ်းအားကောင်းလာ၏။ အမှောင်က စုန်းစုန်း ပျောက်ကွယ်သွားခဲ့ပြီ။ တိတ်ဆိတ်မှုကလည်း အသံတို့ကို အလုံးစုံ ၀ါးမျိုလိုက်ကြသည်။ အလင်းသည် သိုသိပ်စွာ တစ်ချက် ပြုံးလိုက်၏။ သားကောင်များက မျှော်လင့်ချက်ကြီးစွာ စောင့်စားနေစဉ် အလင်းသည် သူ၏ အတောက်ပဆုံးသော လောင်ကျွမ်းမှုကို မရဏသခင်သို့ ဆက်သလိုက်လေတော့သည်။


(၁၀)
အဖြူရောင်တိမ်တိုက်တွေ လွင့်မျောနေတဲ့ ကောင်းကင်အောက်မှာ အခုတော့လည်း ကျွန်တော် တစ်ယောက်တည်း ကျန်ရစ်ပြီ။ ငွေဖြူရောင်သူမ ဘယ်ရောက်သွားသလဲ။ ပြန်လာဦးမှာလား။ ကျွန်တော်ကရော ဘယ်နေရာမှာ ကျန်ခဲ့နေတာလဲ။ ဘာတွေဆက်ဖြစ်ဦးမှာလဲ။ ကျွန်တော်ဟာ ၀တ္ထုဇာတ်လမ်း ဒါမှမဟုတ် ပုံပြင် တစ်ခုခုထဲကို ရောက်နေတာလည်း ဖြစ်နိုင်တာပဲ။ ခပ်ပေါပေါ ဗွီဒီယိုဇာတ်လမ်းတစ်ခုသာ ဆိုရင် ကျွန်တော်ဟာ မကြာခင် အိပ်ရာက လန့်နိုးလာနိုင်တယ်။ စောစောအဖြစ်တွေက အိမ်မက်မက်ခဲ့တာပါလို့ ဖြစ်သွားလိမ့်မယ်။

ကျွန်တော့် မျက်စိရှေ့မှောက်မှာ စီးဆင်းနေတာ မြစ်ရေတွေမဟုတ်ဘူး။ ကျွန်တော်ကိုယ်တိုင်ပဲတဲ့။ တိတိကျကျ ပြောရရင် ကျွန်တော့်ရဲ့ အကြောင်းတရားတွေပဲ တဲ့။ ငွေရောင်ဆံပင်ပိုင်ရှင်မလေးက ပြောခဲ့တယ်။ ဘာဆက်လုပ်ရမလဲ မသိတော့ဘူး။ လောလောဆယ်တော့ မြစ်ကိုဖြတ်တိုက်လာတဲ့ လေဖြူဖြူတွေကိုပဲ အားရပါးရ ရှုသွင်းနေမိတယ်။ ရေဆာလာရင်တော့ မြစ်ရေကို ကျွန်တော် သောက်ကောင်း သောက်ကြည့် ဖြစ်ပါလိမ့်မယ်။ အထီးကျန်ပြီး သိပ်ပျင်းလာရင်တော့ မြစ်ထဲကို ခုန်ချရင် ခုန်ချမိလိုက်မှာပေါ့။ သိပ်စိတ်ပါလာတဲ့အခါ တစ်ဘက်ကမ်းကို ကူးကြည့်ဖို့လည်း ကြိုးပမ်းကောင်း ကြိုးပမ်းဖြစ်လိမ့်မယ်။ လာရာလမ်းအတိုင်း ကျောက်ဖြူ လှေခါးထစ်တွေဘက်ကို လှည့်ပြန်လျှောက်သွားတာလည်း ဖြစ်နိုင်ပါတယ်။ မြစ်ကမ်းစပ်က မြေပြင်ဖြူဖြူပေါ်မှာ ကျွန်တော်က လှဲအိပ်ချလိုက်တယ်။ တဝေါဝေါ ရေစီးသံကို နားထောင်ရင်း မျက်စိကို စုံမှိတ်ထားလိုက်တယ်။ ကျွန်တော့်ရဲ့ သိခြင်းမသိခြင်းတွေက မြစ်ရေနဲ့အတူ လိုက်ပါစီးဆင်းသွားတယ်။


ပန်ဒိုရာ
၅ ဖေဖေါ်ဝါရီ ၂၀၁၁

ယခင်ထွက်ရှိခဲ့သော ebook များ download link
အနုပညာအကြောင်း အနုပညာ
အချစ်နှင့် မကင်းကြသူများ

7 comments:

သက်ဝေ said...

သေမင်း၊ သေခြင်းတရား၊ သိခြင်း မသိခြင်း၊ အကြောက်တရားနဲ့ အကြောင်းတရားတွေ...
ကြိုက်တယ်...

အခုချိန်အထိတော့ လူတိုင်း လူတိုင်း အရွယ်မရွေး အချိန်မရွေး ကြုံရနိုင်တဲ့ သေခြင်းတရားဆိုတာကို ကိုယ်နဲ့ သိပ်မဆိုင်သေးသလို ခပ်လှမ်းလှမ်းမှာပဲ အမေ့မေ့ အလျော့လျော့ ထားနေမိတုန်းပဲ...

ဒီဝတ္ထုထဲက ဇာတ်ကောင်လို သေမင်းနောက်ကို အပြောင် အပျက်တွေ မေး ပြော၊ တွေးတောပြီး လိုက်သွားခွင့်ရရင် အတော်ကောင်းမယ်လို့တောင် တွေးလိုက်မိသေး...း))

မေဓာဝီ said...

အင်းးး အစအဆုံး တခေါက် ဖတ်လိုက်တယ်။ သိပ်မသဲကွဲလို့ ... အပြာရောင်နဲ့ စာလုံးစောင်းလေးတွေကို ထပ်ဖတ်တယ်။
တခုခုတော့ တခုခုပဲ ... ဘာလဲတော့ မသိဘူး။
အဲဒီထဲက စကားလေးတခုက မှတ်မှတ်ထင်ထင် အတွေးထဲ ရောက်လာတယ်။
သေခြင်းကို ကြောက်တာမဟုတ်ဘူး ... မသိခြင်းကို ကြောက်တာ ... တဲ့ ... ။
အဲဒီစကားက စဉ်းစားစရာပဲ ... ။

သတ္တ၀ါတိုင်း ဘ၀နိကန္တိက တဏှာလို့ခေါ်တဲ့ လက်ရှိဘ၀နဲ့ ခန္ဓာကိုယ်ကို တပ်မက်တွယ်တာတဲ့ လောဘစိတ်ကြောင့် ဘ၀ကို စွန့်လွှတ်ရမှာ စိုးရိမ်ကြောက်ရွံ့တဲ့စိတ် (ဆုတ်နစ်တဲ့ဒေါသ) ဖြစ်လာတာလား ... ဒါမှမဟုတ် ... သေခြင်းရဲ့ အခြားမဲ့မှာ ဘယ်ဘ၀ရောက်မယ်မှန်း မသိတဲ့ မရေရာမှုကြောင့် တွေဝေတဲ့စိတ် (မောဟ) ဖြစ်ပြီး သေရမှာ စိုးရိမ်ကြောက်ရွံ့စိတ် (ဒေါသ) ဖြစ်တာလား ...

စဉ်းစားလို့ ကောင်းတယ်။ ဆက်စဉ်းစားလိုက် အုံးမယ် ... မအိပ်မချင်း။

ချော(အစိမ်းရောင်လွင်ပြင်) said...

စာဖတ်ရင်း လူကိုယ်တိုင်လည်း အတွေးတွေ တလွှင့်လွှင့်နဲ့ ခံစားရတယ်။
စာထဲမှာ လုက်ပါစီးမျောသွားတယ် ဆိုရမယ်။
ဖတ်လေ တွေးစရာလေးတွေ ပေါ်လာလေဘဲ။
သေခြင်းတရားကို ပါးပါးလေးများ သတိပေးလိုက်လေသလားဘဲ။
တစ်ချိန်ချိန်တော့ မလွဲမသွေကြုံလာရဦးမှာဖြစ်ပေမဲ့ မေ့နေမိတာက များနေတယ်။

Hmoo said...

ရေးတာကောင်းတယ်ပန်ပန်၊
အော်တိုလေးတဆိပ်လက်မ ထိုးပေး :)

masoee said...

"တစ်ကယ်တော့လူတွေကသေရမှာကိုကြောက်တာမဟုတ်ပါဘူးမသိခြင်းကိုကြောက်တာ"ဆိုတဲ့စကားလေးကိုကြိုက်တယ်။ကျွန်မအလယ်တန်းပြီးခါနီးပထမဆုံးအသုဘလိုက်ပို့တုန်"းဒီနေရာမှာငါ့ကိုထားခဲ့ရင်"လို့တွေးပြီးကြောက်မိတယ်။နောက်တစ်ကြိမ်တွေးမိတာကအိပ်မပျော်တစ်ပျော်အချိန်ငါသေသွားတော့မှာလား၊သေတာဘယ်လိုလဲလို့တွေးမိတယ်။ကိုဖြင့်ဘာဖြစ်မယ်ဆိုတာမသိဘဲနဲ့ ???
အစ်မရဲ့စာလေးတွေကိုဆက်ပြီးအားပေးဖို့ရာစောင့်နေမ

မစိုး said...

"တစ်ကယ်တော့လူတွေကသေမှာကိုကြောက်တာမဟုတ်ပါဘူးမသိခြင်းကိုကြောက်တာ"ဆိုတဲ့စကားလေးကိုကြိုက်တယ်။ကျွန်မအလယ်တန်းပြီးခါနီးပထမဆုံးအကြိမ်အသုဘလိုက်ပို့တုန်းကငါ့ကိုဒီနေရာမှာထားခဲ့ရင်လို့တွေးမိတယ်။နောက်တစ်ခုကအိပ်မပျော်တစ်ပျော်အချိန်တွေးမိတာပေါ့ကိုယ်ဖြင့်ဘာဖြစ်မယ်ဆိုတာမသိဘဲနဲ့????

မေသိမ့်သိမ့်ကျော် said...

အရမ်းအတွေးကောင်းတယ်နော်။ သရုပ်ဖော်လေးလိုလို.... ပတ်ဝန်းကျင်မှာဖြစ်တဲ့ အလင်းအမှောင် အသံလေးတွေရေးလိုက် ၊ သူမနှင့် ကျွန်တော့်အကြောင်းလေးရေးလိုက်နဲ့ ဖန်တီးမှုလေးကို အလွန်သဘောကျမိပါကြောင်း.......