မတ်လ ၂၇ ဟာ ပန်ဒိုရာရဲ့ ဘလော့ဂ် ၄ နှစ်မြောက်မွေးနေ့ ဖြစ်ပါတယ်။
လေးနှစ်တာအတွင်းမှာ ဘလော့ဂ်ပေါ် တင်ခဲ့တာတွေ များပြီ ဆိုပေမယ့် နောက်ပိုင်းမှာ ပို့စ်တင်တာ ပိုကျဲလာခဲ့ပါတယ်။ စိတ်ဝင်စားမှုက စုံတဲ့အတွက် ရေးခဲ့တာတွေကလည်း အမျိုးအစား စုံနေခဲ့တယ်။
ကဗျာ
ကဗျာလို့ ပီပြင်တာတွေရော မပီပြင်တာတွေရော အတော်များများ ရေးခဲ့ပါတယ်။ ကဗျာကိုတော့ ရင်ထဲမှာ ကဗျာပုံစံနဲ့ ပြောပြချင်စိတ် ပေါ်လာတဲ့အခိုက် တစ်ခါတည်း ချရေးလိုက်မိတာ များပါတယ်။ ရေးပြီးရင်လည်း ချက်ချင်း ကောက်တင်လိုက်ဖြစ်တယ်။ ကဗျာတွေကိုရေးတဲ့အခါမှာ စိတ်လိုက်မာန်ပါ မတင်လိုက်ဘဲ အချိန်ယူပြီး စကားလုံးတွေကို ပိုကျေနပ်အောင် ထပ်ကာထပ်ကာ ပြန်ပြင်ဆင်ပြီးမှ တင်ဖို့ သူငယ်ချင်းတစ်ယောက်ကတော့ အကြံပေးဖူးတယ်။
ဝတ္ထုတို
တချို့ စဉ်းစားစရာတွေကျတော့ ဇာတ်ကြောင်းတွေထဲမှာ သိမ်းဝှက်ပြီး ပြောပြချင်ပြန်လာတယ်။ ၀တ္ထုတိုရေးရတာကို နှစ်သက်ပေမယ့် မကြာခဏတော့ မရေးနိုင်ဘူး။ ၀တ္ထုတိုတစ်ပုဒ် (ကောင်းကောင်း မကောင်းကောင်း) ဖြစ်လာဖို့ ပန်ဒိုရာ့အတွက်တော့ အချိန်ယူ အားထုတ်ရပါတယ်။ တစ်ထိုင်တည်းနဲ့ ရေးလို့ မပြီးဘူး။ တချို့ အကြောင်းအရာတွေဆိုရင် စိတ်ထဲမှာ နှစ်နဲ့ချီပြီး အောင်းနေပြီ လှုံ့ဆော်မှုရမှ ချရေးဖြစ်တာတွေ ရှိတယ်။
အက်ဆေး
အက်ဆေးလို့ ခေါ်တဲ့ စကားပြေပုံစံလေးတွေ ရေးရတာကိုလည်း နှစ်သက်ပါတယ်။ အထူးသဖြင့် ရေးနေချိန်မှာ ဖြစ်ပေါ်နေတဲ့ စိတ်အာရုံလေးကိုပါ။ ကြည်ကြည်လင်လင် အက်ဆေးလေးတွေ အထူးပြု ရေးချင်တဲ့အတွက် အဲဒီလို ဖန်တီးဖြစ်ဖို့က ပန်ဒိုရာအတွက်တော့ စိတ်လက်ကြည်လင်ပြီး အာရုံစူးစိုက်နိုင်ချိန်မှ ရေးလို့ရတာမို့ အလုပ်ဖိစီးမှုတွေ လူမှုတာဝန်တွေထဲမှာ အများကြီးတော့လည်း မရေးဖြစ်ပြန်ဘူး။
ရုပ်ရှင် ၀တ္ထု ခံစားမှု ဆောင်းပါးများ၊ အခြားစကားပြေများ
Label မှာ essay လို့ခေါင်းစဉ် ရောတပ်ထားမိပေမယ့် ဆောင်းပါးပိုဆန်တဲ့ စာတွေလည်း ရှိပါတယ်။ ရုပ်ရှင်တွေ ၀တ္ထု တွေကို ခံစားပြီး တွေးမိတဲ့အတွေးတွေ၊ သူငယ်ချင်းတွေ တက်ဂ်လာလို့ ကိုယ့်ပုဂ္ဂလိကဘ၀ ပေါ့ပေါ့ပါးပါးတွေကို ရေးဖြစ်ပါတယ်။ ဘလော့ဂ်စရေးခါစကတော့ ဟင်းချက်တာတို့ အစားအသောက်တို့ ဆက်တင်ဖို့ စဉ်းစားခဲ့ပါသေးတယ်။ နောက်တော့ ရသနဲ့ ပတ်သက်တဲ့ဘက်တွေကို ပိုပြီး အချိန်ပေးကြိုးစားကြည့်ချင်တာနဲ့ အထွေထွေတွေကို တတ်နိုင်သမျှ လျှော့ပါတယ်။ ကိုယ်သိနားလည်သလောက် ဗဟုသုတနဲ့ ပတ်သက်တဲ့ ဆောင်းပါး တချို့လည်း အလျဉ်းသင့်သလို ရေးဖြစ်ပါတယ်။ ဥပမာ မူပိုင်ခွင့်လို အကြောင်းအရာမျိုးပေါ့။ ပညာရပ်ဆန်တဲ့ တချို့တချို့သော အကြောင်းအရာတွေကို အင်တာနက်စာမျက်နှာမှာ ကိုယ့်မြန်မာတွေကြား မျှဝေဆွေးနွေးချင်စိတ်မျိုး တခါတခါတော့ အရမ်းကို ပေါ်ပေါက်မိပါတယ်။ ဒါပေမယ့်လည်း ရသဆန်တဲ့စာတွေကိုပဲ ဦးစားပေးပြီး သုတတွေကို အခုအချိန်မှာ မျိုချထားလိုက်ပါတယ်။
ဓာတ်ပုံ
ဓာတ်ပုံရိုက်ရတာကို ဓာတ်ပုံရိုက်လို့ရတဲ့ ကိရိယာတစ်ခုခု လက်ထဲမှာ စရှိတဲ့ အချိန်ကတည်းက စိတ်ဝင်စား ပျော်ရွှင်ခဲ့တာပါ။ ကြုံရင်ကြုံသလို အော်တိုကင်မရာဖြစ်ဖြစ် လက်ကိုင်ဖုန်းဖြစ်ဖြစ် လက်ထဲမှာရှိတာလေးနဲ့ ပုံရိပ်တွေကို ဖမ်းယူခဲ့တယ်။ ဘလော့ဂ်ထဲမှာ ပထမဆုံး စတင်ခဲ့တဲ့ ပို့စ်တွေဟာ အော်တိုကင်မရာလေးနဲ့ ကြိုးစားရိုက်ထားတဲ့ ဓာတ်ပုံပို့စ်တွေပါ။ အခု နောက်ပိုင်းတော့ DSLR ကင်မရာနဲ့ ရိုက်ကြည့်ထားတာတွေ ရှိတယ်။ ဘလော့ဂ် လေးလံမှာ စိုးတာရယ် လာကြည့်သူတွေ ပျင်းမှာစိုးတာရယ်ကြောင့် ဓာတ်ပုံအတော်များများကို facebook ထဲမှာ ပိုတင်ဖြစ်တယ်။ flickr အကောင့်ဖွင့်ထားပေမယ့် နောက်ထပ် platform တစ်ခုမှာ လှုပ်ရှားရဖို့ အချိန် မတတ်နိုင်သေးတဲ့အတွက် အဲဒီမှာ ပုံတွေဆက်မတင်ဘဲ ခဏနားထားပြန်ပါတယ်။
ပန်းချီ
ကွန်ပြူတာထဲမှာ ဆွဲထားတဲ့ ပန်းချီပုံ တွေလည်း တင်ဖြစ်ပါတယ်။ အများစုကတော့ ရေးထားတဲ့ စာတွေအတွက် သရုပ်ဖော်ပုံတွေ အဖြစ်ပါ။ ပုံတွေ လျှောက်ဆွဲတာကလည်း နည်းပညာ နည်းစနစ် မကျွမ်းကျင်ပေမယ့် ၀ါသနာသက်သက်ပါ။ ပုံဆွဲရတာ စိတ်ကိုလည်း ငြိမ်းချမ်းစေပါတယ်။ ပန်းချီဆရာတွေနဲ့ ပန်းချီကားတွေအကြောင်း တချို့ကိုလည်း ရေးဖြစ်ပါတယ်။
ဖြတ်သန်းတယ်ဆိုတာတိုင်းဟာ ဂုဏ်ယူစရာတစ်ခု ဖြစ်ခဲ့ရင် အင်တာနက်ထဲမှာ ဖိုရမ်တွေကစပြီး လှုပ်ရှားဖြစ်ခဲ့တဲ့ ၂၀၀၅ ခုနှစ်ကနေ အခုအချိန်အထိ ၆ နှစ်တာလောက် ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံကို ဂုဏ်ယူရမလားတော့ မပြောတတ်ပါဘူး။ အနည်းဆုံးတော့ မြန်မာစာကို ဇော်ဂျီဖောင့်နဲ့ သွက်သွက် ရိုက်တတ်သွားတာ ဂုဏ်ယူရမယ် ထင်ပါတယ်။ (ဒါတောင် တချို့ရိုက်ထုံးတွေကို မကျွမ်းကျင်တာ ရှိသေးတယ်။ ဥပမာ မှန်ကန်တဲ့ ရရစ်ဝဆွဲ တို့လိုပေါ့။) ဘယ်လိုပဲဖြစ်ဖြစ် ဖြတ်သန်းခဲ့တာဟာ ပင်လယ်ကြီးပဲ ဖြစ်စေ ချောင်းအဆွယ်မြောင်းငယ်ထဲပဲ ဖြစ်စေ စီးဆင်းစရာတွေက စီးဆင်းပြီးပါပြီ။ အခုလို ဖြတ်သန်းခဲ့တဲ့ အင်တာနက်နဲ့ ပတ်သက်လို့ မြင်မိတဲ့ အမြင်လေးတွေကို ဘလော့ဂ် ၄ နှစ်မြောက် အမှတ်တရနေ့ဖြစ်တဲ့ ဒီနေ့မှာ ချရေးဖြစ်ခဲ့သေးတယ်။ ရှည်နေတာမို့ ဒီပို့စ်ထဲကနေ ဖြတ်လိုက်ပါတယ်။ နောက်မှပဲ တင်လိုက်ပါတော့မယ်။
အင်တာနက်မှာ စာရေးရခြင်း အကြောင်းရင်းကတော့ ၀ါသနာသက်သက်နဲ့ ကိုယ်လုပ်ချင်တာ ပြောချင်တာလေးတွေကို အလကားရတဲ့ စာမျက်နှာပေါ်မှာ အလွယ်တကူ ရေးတင်ဖြစ်သွားပြီး လူအများကို ဝေမျှလိုက်တဲ့သဘောပါပဲ။ ဘ၀အတွက် ဦးစားပေးပြီး ရုန်းကန်လှုပ်ရှားနေခဲ့ရတဲ့ ဟိုးတချိန်က မတတ်သာလို့ ပစ်ချထားခဲ့တဲ့ ၀ါသနာတွေကို တချို့ကိစ္စတွေပြီးစီးပြီး အချိန်ပေးနိုင်တဲ့ တစ်နေ့ ရောက်လာတဲ့အခါကျမှ ပြန်တူးထုတ်ရတာလည်း ဖြစ်ပါတယ်။ ပုံနှိပ်မီဒီယာမှာ တင်ပြဖို့အလေးအနက် မကြိုးစားဖြစ်ခြင်း အကြောင်းရင်းကတော့ ၀ါသနာသက်သက်နဲ့ မနေနိုင်လို့ ရေးတဲ့ လက်ရာတွေသာ ဖြစ်နေတာကတစ်ကြောင်း၊ မြန်မာပြည်ကနေ လုပ်ပေးနိုင်မယ့်သူ အဆင်မပြေတာက တစ်ကြောင်း၊ ပုံနှိပ်မီဒီယာကို ရောက်ရှိစေဖို့ အားထုတ်မှုအတွက် အချိန်ကို မတတ်နိုင်သေးတာက တစ်ကြောင်း စတဲ့ အကြောင်းကြောင်းတွေ ကြောင့်ပါ။ ခင်မင်တဲ့ ဆရာဆရာမတွေရဲ့ တိုက်တွန်းအားပေးကူညီမှုကြောင့် အနည်းငယ်သော စာလေးတွေတော့ ပုံနှိပ်မီဒီယာကို ရောက်သွားခဲ့ပါတယ်။
လက်ရာတစ်ခုကို ဖန်တီး ပြီးသွားတဲ့အခါ ဘယ်သူသိသိမသိသိ ပြီးပြည့်စုံ ကျေနပ်သွားကြတဲ့ တကယ့်အနုပညာရှင်တွေ ရှိကြမှာပါ။ ဒါပေမယ့် ကိုယ့်အဆင့်ကတော့ ကိုယ်လုပ်ထားသမျှလေးတွေကို ကောင်းကောင်းဆိုးဆိုး လူတွေကို ဝေမျှချင် ပြသကြည့်ချင်တဲ့ စိတ်အမှန်ရှိနေသေးတာမို့ ရေးထားတာကို လူအများ ဖတ်ရှုဖြစ်ကြတယ်ဆိုလေ ပျော်လေပါပဲ။ ဒီတော့ စာဖတ်သူတွေဟာ ကိုယ့်အတွက်တော့ သိပ်ကို အရေးပါနေပါတယ်။
ဒီနှစ်ပိုင်းမှာ ဘလော့ဂ်ထဲ ပေါ်လိုက်ပျောက်လိုက် လှုမှုဆက်ဆံရေးဘက်က ပျက်ကွက်ခဲ့တာတွေကို မကျေနပ်သူတွေလည်း ရှိကောင်းရှိမယ်။ ပင်ကိုယ်စရိုက်ကိုက ဘာလုပ်လုပ် စိတ်ပါမှ လုပ်နိုင်သူ၊ ဘေးဘီကို သိပ်အာရုံမထားမိတတ်သူ မို့ အသက်အရွယ်နဲ့ ၀တ္တရားတွေ ကြီးလာတာနဲ့အမျှ စိတ်အနားမရတဲ့အချိန်တွေ ပိုပိုလာတဲ့အခါ ပျက်ကွက်တာ ရှိနေရင် ပန်ဒိုရာတစ်ယောက် စိတ်မပါရှာဘူး လို့ပဲ မှတ်ပြီး အဲဒီအပေါ် ခွင့်လွှတ်နိုင်ရင် ခွင့်လွှတ်လိုက်ကြပါ။ ဖြစ်နိုင်ရင် အဓိက အချိန်ပေးချင်တာက စာဖတ်ဖြစ်ဖို့ စာရေးဖြစ်ဖို့ ဖြစ်ပါတယ်။ စာရေးခြင်းရယ်၊ စာဖတ်သူတွေ ဘလော့ဂ်ရေးဘက်တွေအပေါ် အဆင်ပြေစေခြင်းရယ်၊ ဒီနှစ်ခုကြားမှာ ပဋိပက္ခဖြစ်နေတဲ့ အချိန်ကို တတ်နိုင်သမျှ လက်တွေ့ကျကျ ထိန်းညှိနိုင်ဖို့ ကြိုးစားရပါဦးမယ်။
ရေးခဲ့တဲ့ ဘယ်ဘလော့ဂ်ပို့စ် အမျိုးအစားတွေထဲကဖြစ်ဖြစ် အကြံပြုချင်တာ တိုက်တွန်းချင်တာ တုံ့ပြန်ချင်တာရှိရင် ပွင့်ပွင့်လင်းလင်း ရေးသွားဖို့ ကြိုဆိုပါတယ်။ ရှားပါးအဖိုးတန်တဲ့ အချိန်တွေထဲမှာ မည်သည့်အကြောင်းကြောင့်ဖြစ်စေ ပန်ဒိုရာဘလော့ဂ်ကို ရောက်လာဖြစ်သွားတဲ့လူတွေ၊ feed ယူပြီး ဖတ်ဖြစ်သွားတဲ့လူတွေ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။
ပန်ဒိုရာ
၂၀၁၁ မတ် ၂၇
ပြန်ဖတ်လိုပါက
ဘလော့ဂ် ၃ နှစ်ပြည့် ပို့စ်
ဘလော့ဂ် ၂ နှစ်ပြည့် ပို့စ်
ဘလော့ဂ် ၁ နှစ်ပြည့်ပို့စ်
Sunday, March 27, 2011
ပန်ဒိုရာဘလော့ဂ် ၄ နှစ်ပြည့်
Monday, March 21, 2011
ကမ္ဘာ့ကဗျာရဲ့လတ်တလောအရွေ့
ပန်ဒိုရာ
(၂၀၁၁ မတ် ၂၁ ကမ္ဘာ့ကဗျာနေ့သို့)
Saturday, March 19, 2011
စင်ကာပူနိုင်ငံမှာ ဧပြီလအတွင်း ကျင်းပမယ့် စာပေဟောပြောပွဲ ၂ ပွဲ
စင်ကာပူနိုင်ငံ စာပေမြတ်နိုးသူများက ဦးဆောင် ကျင်းပတဲ့ တတိယအကြိမ် စာပေဟောပြောပွဲကို ၂၀၁၁ ဧပြီလ ၃၀ ရက် စနေနေ့မှာ ကျင်းပမယ်လို့ ကြော်ငြာထားတာ facebook မှာတွေ့နေတာ အတော်ကြာခဲ့ပါပြီ။
ဒီနှစ်မှာဟောပြောမည့် စာရေးဆရာတွေကတော့ -
ဆရာဖေမြင့် (“ဘ၀တိုးတက်ဖို့ စာဖတ်ကြစို့” ခေါင်းစဉ်ဖြင့်)
ဆရာမ ခင်ခင်ထူး (“အညာဓလေ့ ရွာဓလေ့” ခေါင်းစဉ်ဖြင့်)
ဆရာချစ်စံဝင်း ( “အမေဟူသည် အလွမ်းသည်” ခေါင်းစဉ်ဖြင့်)
ဆရာအောင်သင်း (“ရပ်ဝေးမြေခြား လူငယ်များသို့” ခေါင်းစဉ်ဖြင့် - အဝေးရောက်) တို့ဖြစ်ပါတယ်။
ဆရာအောင်သင်းက ကျန်းမာရေးအခြေအနေကြောင့် လူကိုယ်တိုင် မဟုတ်ဘဲ အဝေးရောက် ဟောပြောရတယ် လို့သိရပါတယ်။
ဈေးနှုန်းကတော့ $15 ပါပဲ။ လက်မှတ်ထဲမှာ အင်းလေး စားသောက်ဆိုင်က $5 တန် ဘောက်ချာ ပါမယ် လို့ ဆိုပါတယ်။ ဟောပြောပွဲကို နေ့လည် ၁ နာရီကနေ ညနေ၈ နာရီအထိ ကျင်းပမှာဖြစ်ပြီး နေရာကတော့ Dover MRT အနားမှာရှိတဲ့ Singapore Poly ရဲ့ Convention Centre မှာပါ။
စာပေမြတ်နိုးသူများ ရဲ့ facebook စာမျက်နှာမှာ ရေးထားတာကတော့ ရရှိလာတဲ့ အကျိုးအမြတ်တွေကို ဆင်းရဲနွမ်းပါးပြီး ဆေးကုသရန် အထူးလိုအပ်တဲ့ သက်ကြီးရွယ်အိုစာရေးဆရာတွေကို ထောက်ပံ့ဖို့ ဆုံးဖြတ်ထားတယ်လို့ တွေ့ရပါတယ်။
စာပေဟောပြောပွဲလက်မှတ်တွေကို ပင်နင်စူးလား ပလာဇာ ငါးထပ်မှာရှိတဲ့ သူဌေးသမီး နဲ့ လေးထပ်က သော်တာနဒီဆိုင်တွေမှာ ၀ယ်ယူရရှိနိုင်ပြီး သောကြာ၊ စနေ နှင့် တနင်္ဂနွေနေ့တွေမှာ လက်မှတ်ကောင်တာတွေကို ညနေ ၅ နာရီမှ ၈နာရီထိ ဖွင့်လှစ် ရောင်းချသွားမှာ ဖြစ်ပါတယ်။ ယခုတပတ်မှာ တော့ မြေအောက်ထပ်က ရနံ့သစ် မြန်မာထမင်းဆိုင်မှာ လက်မှတ်ကောင်တာ ဖွင့်လှစ်ထားတယ် လို့ သိရပါတယ်။
------------
သဇင်မဂ္ဂဇင်းက စီစဉ်တဲ့ စာပေဟောပြောပွဲတစ်ခုလည်း စင်္ကာပူနိုင်ငံမှာ ကျင်းပဦးမယ် လို့ သိရပါတယ်။ ဒါကလည်း တတိယအကြိမ် စာပေဟောပြောပွဲပါပဲ တဲ့။
၂၀၁၁ ဧပြီလ ၂၄ ရက် တနင်္ဂနွေနေ့ NUS UCC ခန်းမ မှာ ဖြစ်ပါတယ်။ နေ့လည် ၁ နာရီကနေ ည ၈နာရီအထိ ဖြစ်ပါတယ်။ ဟောပြောမယ့် ဆရာတွေကတော့
ဦးဘုန်း(ဓါတု) (“အိမ်” ခေါင်းစဉ်ဖြင့် )
ဆရာကျော်ဝင်း (“ကမ္ဘာပြားပြီ” ခေါင်းစဉ်ဖြင့်)
ဆရာချစ်ဦးညို (“ကျွန်တော်ခံစားမိသလို ပြောဆိုပါမည်” ခေါင်းစဉ်ဖြင့်)
ဆရာအောင်သင်း (“ကိုယ့်မြေကိုယ့်ရေ” ခေါင်းစဉ်ဖြင့် - လူကိုယ်တိုင်)
တို့ဖြစ်ပါတယ်။
လက်မှတ်တွေကို တစ်စောင် $15 နဲ့ ပင်နင်စူးလား နှစ်ထပ်က သပြေနုဆိုင်နဲ့ ငါးထပ်က သဇင်မဂ္ဂဇင်းမှာ ၀ယ်ယူရရှိနိုင်ပါတယ်။
စီစဉ်သူများအနေနဲ့ စာပေဟောပြောပွဲ ၂ခုကို တစ်ပတ်ပဲ ခွာပြီး ကျင်းပဖြစ်သွားတာကတော့ နှစ်ပွဲလုံးကို အားပေးချင်မယ့် ပရိသတ်အတွက် အခက်အခဲ ဖြစ်သွားနိုင်ပါတယ်။ နောက်ဆို တစ်နှစ်မှာ နှစ်ပွဲကျင်းပကြမယ်ဆိုရင်လည်း တစ်ပွဲက နှစ်လည်မှာ တစ်ပွဲက နှစ်ကုန်လောက်မှာ ဆိုရင်တော့ ပရိသတ်အတွက် ပိုအဆင်ပြေမယ်ထင်ပါတယ်။
မည်သို့ပင်ဖြစ်စေ ရည်ရွယ်ချက်ကောင်းတဲ့ စာပေဟောပြောပွဲတွေ ဆက်လက်ပြီး ထွန်းကားလာစေရေးအတွက် စာပေ၀ါသနာရှင်တွေ နှလုံးသားအာဟာရ ပြည့်ဝလိုသူတွေ သိရှိစေဖို့ အခုလို အကြောင်းကြားပေးလိုက်ပါတယ်။ ၂ပွဲရှိတာကို ကွဲကွဲပြားပြား သိအောင်နဲ့ ကိုယ်သွားရောက်ချင်တဲ့ ပွဲကို လက်မှတ်မှားမ၀ယ်မိစေဖို့လည်း ဖြစ်ပါတယ်။
စာပေဟောပြောပွဲ ၂ ပွဲအကြောင်း ဒီ့ထက်သိလိုပါက ဖတ်ရှုရန် -
http://moemaka.blogspot.com/2011/03/2-burmese-literature-talk-in-singapore.html
http://www.pti31.com/2011/03/blog-post.html
http://www.facebook.com/#!/sarpaymyatnoethumyar
Wednesday, March 16, 2011
ငါ့သူငယ်ချင်းရဲ့ စံပယ်ရုံလေးမှာ ပန်းတွေပွင့်နေပြီ
အခုတော့ ငါလည်း ယုံတတ်ခဲ့ပါပြီ
ယုံကြည်မှုတွေရှိတယ်ဆိုတာ ယုံတတ်သလို မယုံကြည်နိုင်မှုတွေ ရှိတာကိုလည်း ယုံတတ်ခဲ့ပြီ
ယုံကြည်ပါပြီ အကန့်အသတ်ပြင်ပမှာ သက်တံရောင်စုံတွေ သီးပွင့်တတ်တယ်ဆိုတာ
နှင်းဆီတွေဟာ ဖုတ်ကြည်းသင်္ဂြိုဟ်ခံရပြီးနောက် မြေသြဇာအဖြစ် အသွင်ပြောင်းသွားတတ်တာ
ပုံတူပန်းချီကားတစ်ချပ်ဟာ နှစ်ကြာတဲ့အခါ ကောက်ကြောင်းတွေ တောက်ပြောင်စိုလက်လာတတ်တာ
ယုတ်စွအဆုံး ငါမတ်တပ်ရပ်နေတဲ့ မဟာပထ၀ီမြေထုဟာ ဆောက်တည်ရာမရ ရယ်မောတတ်တာ
ကမ္ဘာတည်သရွေ့ ဆိုတဲ့စကားဟာ နေ့လားညလား လို့ အနက်ထင်ဟပ်သွားတတ်တာ
သူငယ်ချင်း မင်းစံပယ်ရုံလေး မွှေးမြပါစေ
သူငယ်ချင်း မင်းစံပယ်ရုံလေး အေးချမ်းပါစေ
သူငယ်ချင်း မင်းစံပယ်ရုံလေး လန်းဆန်းပါစေ
သူငယ်ချင်း မင်းစံပယ်ရုံလေး လှပတင့်တယ်ပါစေ
မတော်တဆတွေရဲ့ ဖရိုဖရဲဖြစ်မှုဟာ စနစ်တကျ စီစဉ်ထားတတ်ကြတယ် မဟုတ်လား
ဥပမာ - ကမ္ဘာ့ အဆိုးရွားဆုံး နျူကလီးယား မတော်တဆ ဖြစ်ရပ်ကြီး ဆိုတဲ့စကားမှာ
ဖြစ်ရပ်ဟာ မတော်တဆလား၊ အဆိုးရွားဆုံးဟာ မတော်တဆလား
နျူကလီးယားဟာ မတော်တဆလား၊ ဒါမှမဟုတ် ကမ္ဘာဟာ မတော်တဆ လား
ဖြစ်ရပ်တွေကို မေ့လိုက်ကြပါစို့လား ဖြစ်စဉ်ကိုပဲ ကြည့်ကြမယ်
ဒါမှမဟုတ် ဖြစ်စဉ်တွေ ခေါက်သိမ်းထားပြီး ဖြစ်ရပ်အကြောင်းကိုပဲ ပြန်ပြောကြမယ်
ဘ၀ဆိုတာ ထမ်းပိုးသယ်ဆောင်သွားဖို့မှ မဟုတ်ဘဲ၊ အသုံးချပြီးတဲ့အခါ
ရုပ်ရှင်ရုံထဲက နေကြာစေ့ခွံတွေလို စည်းကမ်းမကျ မတော်တဆ ပစ်ချချန်ရစ်ခဲ့ဖို့ သိလား
လတ်တလောအခြေအနေက သမိုင်းရှည်ရှည်ကို ထက်ပိုင်းချိုးချလိုက်သလိုမျိုး
မျက်ဝါးထင်ထင်အမြင်က သီအိုရီရင့်ရင့်တွေကို ဆွံ့အသွားစေသလိုမျိုး
မတော်တဆတွေရဲ့ အရေးပါပုံမှာ context ကိုယ်စီခြုံလွှမ်းလို့
သိလား ဖရန်စစ္စကို ဂိုယရဲ့ ကိုယ့်သားကိုယ်စား နတ်ဆိုးပန်းချီကားရဲ့ နောက်ခံဇာတ်ကြောင်းလို
သိလား အော့ခ်ျဝစ်ဇ် ဂိတ်တံခါးမှာ ရေးထိုးထားတဲ့စာတန်းထဲက ဘီ အက္ခရာရဲ့ လျှို့ဝှက်ချက်လို
သိလား လွန်ခဲ့တဲ့ ကြာသပတေးနေ့ညနေ တီဗွီအစီအစဉ်က ဂျနီဖာလိုးပါ့ဇ် ရဲ့ နှုတ်ခမ်းနီကာလာလို
သိလား မင်းမသိတဲ့ ငါ့ရဲ့ context တွေနဲ့ ငါမသိတဲ့ မင်းရဲ့ context တွေနဲ့
အကြောင်းပြချက်တွေ မလိုအပ်တဲ့ မင်းရဲ့စံပယ်ရုံလေး
မွှေး-မြ-အေး-ချမ်း-လန်း-ဆန်း-လှ-ပ-တင့်-တယ် ပါစေပေါ့ သူငယ်ချင်း။
ပန်ဒိုရာ
၂၀၁၁ မတ် ၁၆
Sunday, March 13, 2011
နွေဦးခေါ်သံသည် ချိုမြခဲ့သော ကြယ်စင်တစ်ပွင့်
နွေဦးခေါ်သံသည် ချိုမြခဲ့သော ကြယ်စင်တစ်ပွင့်
ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသော တံခါးတစ်ချပ်ကို မဆုတ်မဆိုင်းဘဲ ဆွဲဖွင့်လိုက်ခဲ့သည်။ ကိန်းဂဏန်းများက ဒေါင်လိုက် စီစီရီရီ ရွေ့ဆင်းနေကြသည်။ တစ်နှင့် သုည သာ ပါသော ဂဏန်းတွဲတွေဟာ သိပ်ကို ရိုးစင်းသလောက် လှပစိုလက်နေသည်။ အမှောင်နက်ထဲက အက္ခရာ စကားလုံးများသည် ကိန်းဂဏန်းများပေါ် လိမ့်ပျံကျော်ဖြတ်ပြီး ရင်ဘတ်သို့ ခုန်ဆောင့် တွန်းဝင်လာကြသောအခါ ကျွန်မသည် အနည်းငယ် မူးသွား၏။ ရီဝေတဲ့ မူးယစ်မှုမျိုးတော့မဟုတ်။ လှိုင်းမူးသလို မူးမိုက်သွားတာမျိုး။
အခန်းထဲမှာ မိုးပေါ်ကို မော့ကြည့်လိုက်လျှင် အထပ်ခိုးလေးတစ်ခု ရှိပါသည်။ အထပ်ခိုးကလေးပေါ်ကို လှေခါးကျဉ်းရှည်ရှည်လေးကတဆင့် ဖြည်းဖြည်း တက်လိုက်သည်။ ဖုန်မှုန့်ကြပ်ခိုးတွေလားေ၀၀ါးနေသော အမှုန်အမွှားများက ကျွန်မကို မွန်းကျပ်စေသည်။ ပြူတင်းပေါက်လေးကို တွန်းဖွင့်လိုက်သောအခါ .. ဟိုမှာ တရွေ့ရွေ့ တိုးတိုက်ညင်သာ ၀င်လာတာ နွေဦး မဟုတ်လား။
အိုး… ကျွန်မ၏ ရွှင်ပျပျ အာမေဋိတ်သံသည် ပြူတင်းပေါက်ကလေးမှ ထွက်ကျပြီး မြေနီနီလမ်းကလေးအတိုင်း တလိမ့်လိမ့် ခုန်ဆင်းသွားသည်။ ပြူတင်းပေါက်မှ လက်ကိုထုတ်ကာ နွေဦးကို လက်တစ်ဆုပ်စာခန့် လှမ်းခူးမလို့ ဟန်ပြင်လိုက်သေးသည်။ သိပ်မွှေးမြတာပဲ.. နော်။ အဝေးကနေ ရှိုက်နမ်းရတာတောင် နွေဦးရဲ့ လတ်ဆတ်မှုက ကျွန်မမျက်နှာကို စိမ့်သက်ပြီး အေးသွားစေသည်။ ဟင့်အင်း.. သူ့ဘာသာ သူ့နေရာမှာ ဖူးဝေပါစေကွယ်။ ဘာလို့ခူးဆွတ်ရမှာလဲ။ ကျွန်မက ပြူတင်းပေါက်ကလေး နံဘေးမှာ အသာအယာ ထိုင်ချလိုက်သည်။ တစ်ယောက်တည်း နွေဦးကို ငေးမောရင်း သီချင်းတပိုင်းတစ ကို တိုးတိုး ညည်းနေမိသည်။
ကျွန်မဆိုနေမိသည်က Bob Marley ရဲ့ Three Little Birds ဆိုသည့် သီချင်းဖြစ်သည်။ ဘာကိုမှ မပူပင်ပါနဲ့။ အစစ အရာရာ အဆင်ပြေသွားမှာပါ တဲ့။ မနက်စာစော အိပ်ရာထပြီး နေထွက်တာကို ပြုံးကြည့်လိုက်။ ငှက်ကလေးသုံးကောင်က တံခါးဝကို ဆိုက်ရောက်လာမယ်။ တကယ့်ကို ချိုမြတဲ့ သံစဉ်တွေနဲ့ သီချင်းဆိုရင်း ပြောပြနေမှာ “ဒါ မင်းအတွက် ကိုယ့်ရဲ့ နှုတ်ခွန်းဆက်စကားပါ အို အို….” တဲ့။
သီချင်းထဲကို နွေဦးက စိမ့်ဝင်လာသည်။ ခဏကြာတော့ သီချင်းတစ်ပုဒ်လုံးကို နွေဦးက လွှမ်းသွားပြီ။ တကယ်တော့ နွေဦးနှင့် ကျွန်မ ရင်းနှီး ကျွမ်းဝင်ပြီးသားပဲ။ အနားမှာ တစ်ယောက်ယောက် မရှိသောအခါ မိုးတွေ စိမ့်စိမ့် မည်းမှောင်သည့် ညတွေမှာ နွေဦးက ကျွန်မကို နွေးထွေးစွာ ခြုံသိပ်ပေးခဲ့ပါသည်။ နှင်းတွေ ထူသိပ်စွာ ကျဆင်းလာသောအခါ မီးလင်းဖိုကလေး ဖိုပေးခဲ့သည်။ မီးပွားကလေးတွေ တဖျစ်ဖျစ် ပေါက်ကွဲလွင့်စင် လာသောအခါ ကောင်းကင်က ကြယ်တွေနှင့် နှိုင်းယှဉ်ရယ်မောရင်း ညပြာပြာမှာ ကြယ်ကြွေတမ်း ကစားခဲ့ကြသည်ပေါ့။
ခပ်ဝေးဝေးမှာ တိမ်ခိုးတွေလွင့်နေသော တောင်တန်းက ပြာနှမ်းနေသည်။ အရှေ့ဘက်အရပ်လား အနောက်အရပ်လား သေသေချာချာတော့ မဝေခွဲနိုင်ပါ။ အဲဒါ ကျွန်မရဲ့ ပန်းတိုင်တဲ့။ ရုတ်တရက် ဖိုက်ဘာကြိုးမျှင်တွေက နွယ်ကြိုးနွယ်ခက်တွေလို ကျွန်မလက်ဖ၀ါးတွေပေါ် ရစ်ပတ်နှောင်ငင်လာသည်။ ခဏ လေး လေ..။ ခဏလောက်ဖြစ်ဖြစ် နားခိုပါရ အိပ်စက်ပါရစေဦး။ တစ်လှမ်းချင်း လျှောက်လာခဲ့သည့် ခြေရာတွေ…။ ခြေရာတွေ အသင်္ချေ အသင်္ချာနှင့် လိမ်းကျံထားသည့် တောလမ်းဟာ ရှည်လျားခဲ့ပြီ။
အသက်ရှူ ကျပ်ချင်လာပြန်သည်။ လည်တိုင်မှာ အသာပတ်ထားသော မာဖလာစကို ဖြေလျှော့ချလိုက်သည်။ တမျှော်တခေါ် မြင်ကွင်းကျယ်တစ်ခုကို လွမ်းမိပါဘိတော့။ ဒီအချိန်မှာ ပင်လယ်သာ အနားမှာရှိလျှင် သိပ်ကောင်းမှာ။ အုန်းပင်တွေကို လေတိုးသံ၊ ခရုတွေ သောင်ပြင်မှာ ပြေးလွှားနေသည့် ခြေရာသေးသေးလေးများ။ ယိမ်းထိုးနေသောလှိုင်းများ၏ နောက်ကွယ်မှာ အေးစက် တိတ်ဆိတ်နေသော အငွေ့အသက်။ကျွန်မ အနှစ်သက်ဆုံးနေရာဟာ ဘာလဲ လို့ မေးလျှင် ပင်လယ်ဟု မဆိုင်းမတွ ဖြေခဲ့ဖူးသည်။ အချိန်မရွေးလည်း ဖြေနေဦးမည်သာ။ ပင်လယ်ကို မနိုင်မနင်း ပွေ့ပိုက်ရင်း ဖြတ်သန်းခဲ့ရသည့် ကျွန်းပြာပြာမှ နေ့ရက်များကို ဘယ်လောက်ပဲ အထီးကျန်ဆန်ပါစေ ကျွန်မက မကြာခဏ သတိရနေသေးသည်။
ခပ်လှမ်းလှမ်းက ပန်းရုံကလေးမှာ ၀တ်မှုန်တွေ ပွင့်ဖတ်အပိုင်းအစတွေက သစ်ရွက်တွေနဲ့အတူ လွင့်စင်သွားတာကို မြင်နေရသည်။ ထွက်ခွာချိန်တော့ တန်ပြီထင်ပါရဲ့။ နွေဦးကို နှုတ်ဆက်အကြည့်ဖြင့် ကြည့်တော့ မဲ့ပြုံးတစ်ချက်ကိုသာ ပြန်ရလိုက်သည်။ ကျွန်မ နားလည်ပါသည်။ နားလည်တာတွေကိုလည်း နားလည်ပြီး နားမလည်တာတွေကိုလည်း နားလည်ပေးလိုက်တာမျိုး။ နားလည်မှုတွေကို ဘေးချိတ်လိုက် သောအခါ ကိန်းဂဏန်းများ စကားလုံးများသာ အမှောင်ထုထဲတင် အဖတ်တင် ကျန်ခဲ့ပါသည်။ သွားတော့မည်။
သွားတော့မည်.. နွယ်ကြိုးများခိုစီးပြီး ပန်းတိုင်ရဲ့ ခေါ်ဆောင်ရာဆီ…။ ရောက်သွားပြီးတဲ့အခါ.. အင်း.. အချိန်ရသေးတဲ့အခါ ဒီနေရာကို ပြန်လာချင် လာဦးမှာပေါ့။ နွေဦးကိုရော ကြယ်တွေကိုပါ မပွန်းမပဲ့အောင် ခဏ ဖြုတ်သိမ်းထားလိုက်ပါကွယ်။ ပြန်လာမှ အတူတူ ကြွေကြမယ်။
ပန်ဒိုရာ
၂၀၁၁ မတ် ၁၃
Wednesday, March 2, 2011
နတ်သမီးပုံပြင် နတ်သမီးအိပ်မက်
စာမရေးဖြစ်တာ ပြန်ရေးဖို့ အရှိန်ယူတဲ့အနေနဲ့ ဆားလည်းချက်တဲ့အနေနဲ့ ဘလော့ဂ်မှာ မတင်ရသေးတဲ့ ၀တ္ထုတိုတစ်ပုဒ်ကို တင်လိုက်ပါတယ်။ ၂၀၀၉ အောက်တိုဘာလထုတ် သံလွင်အိပ်မက် အင်တာနက်မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ၀တ္ထုလေးပါ။ ဖတ်ပြီးသားဖြစ်နေရင်လည်း သည်းခံကြပါနော်။ မဆိုစလောက် တည်းဖြတ်ပြုပြင်ထားပါတယ်။
-------------
နတ်သမီးပုံပြင် နတ်သမီးအိပ်မက်
မီးရောင်စုံတွေ ဝေ့၀ဲနေတဲ့အောက် တဒိန်းဒိန်း စည်းချက်မှန်နေတဲ့ တီးလုံးအတိုင်း ယိမ်းထိုး က နေချိန်မှာ အဲဒီထောင့်စားပွဲကို သတိထားမိတာ ကြာလှပေါ့။ သူက တခြားလူတွေနဲ့ မတူ။ စားပွဲတွေကြားမှာ ပျံဝဲနေတဲ့ လိပ်ပြာမလေးတွေကို ရိသဲ့သဲ့လုပ်တာ၊ လှမ်းပြီးတို့ထိတာ မရှိ။ စင်ပေါ်မှာ ကနေတဲ့ ကျွန်မကိုပဲ စူးစူးစိုက်စိုက် တချက်တချက် ကြည့်နေတာ (ထင်တယ်) လေ။ ဒါပေမယ့် ပန်းကုံးလည်း တစ်ကုံးမှ လာမစွပ်ပြန်ဘူး။ ပုံစံကတော့ အထာတွေ သိပ်မနပ်တဲ့ မအူမလည်လေးပါပဲ။ သပ်သပ်ရပ်ရပ် ခေါင်းဖြီးထားတယ်။ မျက်မှန်လေးနဲ့။ အသားဖြူဖြူ ပိန်ပိန်လေး။ ဆံပင်ဆေးရောင်စုံဆိုးပြီး တီရှပ်ဒီဇိုင်းမိုက်မိုက်တွေနဲ့ လူငယ်တွေကြားမှာ၊ ကြောင်ကြောင်ကျားကျား ရှပ်အင်္ကျီတွေကို အပြင်ထုတ်ဝတ်ထားတတ်တဲ့ လူကြီးလူကောင်းတွေ ကြားမှာ ရှပ်အင်္ကျီဖြူလေးကို လက်ခေါက်ဝတ်ထားတဲ့ သူ့ပုံစံက ကျွန်မ မျက်စိထဲတော့ ထင်းနေတာ။
ညက ရင့်လာတယ်။ နည်းနည်းကြာတော့ လူတွေ တဖြည်းဖြည်း ပါးလျသွားကြပြီ။ တချို့လည်း သူ့အချိန်းအချက်နဲ့သူ။ သောကြာစနေ ညတွေလို မဟုတ်လေတော့ ညဥ့်နက်တဲ့အထိ နေကြတဲ့လူတွေ သိပ်မများဘူး။ တီးဝိုင်းသမားတွေလည်း ညောင်းညာစပြုပြီ။ ကျွန်မလည်း အ၀တ်အစားလဲပြီး ပြန်ဖို့လုပ်နေတုန်း စားပွဲထိုးကောင်လေးက တိုးတိုးလာပြောတယ်။ တကယ်တော့ ဒီညအဖို့ နားချင်နေပြီ။ ကျွန်မလို အနေအထားအတွက်က အလုပ်ဆိုတာ အငန်းမရ လက်ခံနေစရာ မလိုတော့ဘူးလေ။ ဘယ်သူလဲ လို့ မေးလိုက်တော့ အင်္ကျီဖြူနဲ့ အဲဒီတစ်ယောက်ကို မေးထိုးပြတယ်။ တစ်ရှိုး.. ပဲတဲ့။
သူ ဒီလောက်အထိ ခြေလှမ်းရောက်လာတာ ကျွန်မ နည်းနည်းတော့ အံ့သြပါတယ်။ သူ့ပုံစံ သူ့အရွယ်က ခပ်ပျော်ပျော် သူဌေးသားလေးတွေနဲ့လည်း မတူသလို ဘယ်လိုရှာဖွေလို့ ဘယ်လောက်ပေါနေမှန်းမသိတဲ့ ငွေတွေကို လာဖြုန်းလေ့ရှိတဲ့ စီးပွားရေးသမားတွေရဲ့ ပုံစံနဲ့လည်း ကွဲပြားနေတယ်။ ကျွန်မလို အနေအထားမျိုးကို ရဖို့က နည်းနည်းတော့ တတ်နိုင်မှ ဖြစ်မယ်။ တကယ်ဆို ကျွန်မရဲ့ သတ်မှတ်ချက်အရဆိုရင် ဒီညအဖို့ ပန်းကုံး လေးငါးကုံးလောက်မှ လာစွပ်ထားတာမဟုတ်ရင် လက်ခံစရာ အကြောင်းကို မရှိဘူး။ ဒီလိုနေရာမှာ ဒီလောက် လွယ်လွယ်နဲ့ ရတယ် ထင်နေသလား။ ဒါပေမယ့် သူ့ကိုစိတ်ဝင်စားလာတာနဲ့ ကျွန်မ ခေါင်းညိတ်ပြလိုက်ပါတယ်။
ဘယ်ကိုသွားမလဲ…။ ကျွန်မက မေးလိုက်တော့ သူက မျက်နှာလွှဲနေတယ်။ သူ့ဘေးက တရုတ်ပုံစံလိုလို သူ့သူငယ်ချင်းနားကိုပဲ တစ်ခုခု တိုးတိုး ကပ်ပြောတယ်။ အဲဒီသူငယ်ချင်းကတော့ သွက်ပုံပေါ်ပါတယ်။ ကျွန်မကို ဟိုတယ်တစ်ခု နာမည် ပြောပြတယ်။ အိုကေ..ပေါ့။ သူ့သူငယ်ချင်းက ကားမောင်းတယ်။ သူက ရှေ့ခန်းမှာ သူငယ်ချင်းဘေးက ထိုင်တယ်။ ကျွန်မက နောက်ခန်းမှာပေါ့။ လမ်းတလျှောက်လုံး ကားပေါ်မှာရော အခန်းထဲ ၀င်လာတဲ့အထိရော သူက ကျွန်မကို စကားတစ်ခွန်းမှ မပြောဘူး။
တံခါးကို ပိတ်လိုက်ပြီး သူ့ရှပ်အင်္ကျီကြယ်သီးတွေကို ဖြုတ်ပေးဖို့ ဆိုးဆိုးဆတ်ဆတ်နဲ့ လက်ပြင်လိုက်တဲ့ အချိန်မှာ သူက ခဏနေဦး လို့ အလန့်တကြား တစ်ချက်အော်တယ်။ ပြီးတော့မှ သူ့ပါးစပ်ကို သူအုပ်ပြီး ရှူးတိုးတိုး လို့ သူကပဲတပြန် ကျွန်မကို လာပြောတယ်။
“ကျွန်တော် ဘာ အကာအကွယ်ပစ္စည်းမှ မသုံးဘူး ဆိုရင် ခင်ဗျား လက်ခံမှာလား”
အမယ်… သူက။ ကျွန်မက သူ့မျက်နှာကို စေ့စေ့ကြည့်ပြီး ပြုံးချင်ချင်နဲ့ ခေါင်းညိတ်လိုက်တယ်။
“ရပါတယ်လေ”
ကျွန်မက ပြောပြောဆိုဆိုနဲ့ သူ့ရင်ဘတ်ကို လက်လှမ်းလိုက်ပြန်တယ်။ သူက လက်ကာထားတယ်။ ဆက်မေးတယ်။
“ဘာကြောင့်လဲ၊ ဘာဖြစ်လို့လဲ။ ခင်ဗျားကို ရောဂါတွေ ဘာတွေ ကူးမှာ မကြောက်ဘူးလား”
“ဟင့်အင်း။ ရှင့်ပုံစံက သန့်သန့်ပြန့်ပြန့်ပဲလေ။ ကူးစရာရှိ ကျွန်မမှာ ရှိရင်တောင် ရှင့်ကိုကူးဦးမှာ.. မသုံးချင်ရင်လည်း နေပေါ့။ ကဲပါ.. အချိန်ကြာတယ်”
ကျွန်မက စိတ်မရှည်ချင်တော့ဘူး။ သူက အခန်းထောင့်ကို တစ်ချက်ဆုတ်လိုက်ပြီး အမြန်ဆက်ပြောတယ်။
“ကျေးဇူးပြုပြီး ငြိမ်ငြိမ်နေပါဗျာ။ ကျွန်တော် ခင်ဗျားကို ဘာမှ မလုပ်ပါဘူး။ မေးဖို့သက်သက်ပါ”
ဟင်…. ဘယ်လိုလဲ။ ရဲလား၊ ထောက်လှမ်းရေးလား။ ကျွန်မခေါင်းထဲ အချက်ပြမီးတွေ တဖျတ်ဖျတ်လင်းသွားတာကို သူက သတိပြုမိဟန် တူပါတယ်။
“ဘာမှ မသင်္ကာမဖြစ်နဲ့ဦး။ ကျွန်တော်က ကျောင်းသားတစ်ယောက်ပါ။ ကျွန်တော်ရေးနေတဲ့ စာတမ်းအတွက် စစ်တမ်းလေး လိုချင်လို့ပါ။ ခင်ဗျားတို့တွေထဲမှာ ရောဂါမကူးအောင် အကာအကွယ် ဘယ်လောက်သုံးဖြစ် မသုံးဖြစ် ဆိုတာ သိချင်လို့ပါ”
“သြော်.. ဒီလိုလား။ စောစောက ပြောရောပေါ့”
“စောစောက ပြောရင် ခင်ဗျားဆီက အမှန်အကန်အဖြေ ရချင်မှ ရမှာပေါ့”
သူက ခပ်ပြတ်ပြတ်ပြောပြီး သူ့ရှပ်အကျီင်္အိပ်ကပ်ထဲက မှတ်စုစာအုပ်သေးသေးလေးကို ထုတ်တယ်။
“တကယ်လို့ ခင်ဗျားဧည့်သည်က သုံးချင်တယ် ပါမလာဘူး ဆိုရင်ရော ခင်ဗျားမှာ အဆင်သင့်ရှိသလား”
စစ်စစ်ပေါက်ပေါက် မေးခွန်း ဆက်မေးလာတဲ့သူ့ကို ကျွန်မ ၀သီအတိုင်း ခပ်ရွဲ့ရွဲ့ လုပ်ချင်လာတော့တယ်။
“ကျွန်မက ဒီဟာတွေကို သွားလေရာမှာ တဆောင်ဆောင်နဲ့ လုပ်ရမလား။ အဲဒါ ရဲတွေ့သွားရင် သက်သေခံပစ္စည်းရှင့်”
“ဟာ.. ဒါကတော့ မဟုတ်သေးဘူးလေ။ ဒီပစ္စည်းတွေ့တိုင်း ဒီအလုပ် လုပ်တဲ့လူလို့ စွပ်စွဲလို့ ဘယ်ရမလဲ။ အိမ်ထောင်ရှင်တွေ သမီးရည်းစားတွေလည်း လိုမှာပေါ့။ အဲလိုထင်မယ်ဆိုရင် လူတွေက ဘယ်သုံးဖြစ်ကြတော့မလဲ”
“အဲဒါတော့ မသိဘူး။ နိုင်ငံခြားမှာတော့ ဟုတ်မှာပေါ့။ ဒီမှာက ဒီလိုပဲ။ ရှင့်ဘာသာ ရဲတွေကို သွားပြောချေ”
သူက မျက်ခုံးတစ်ချက်ပင့်သွားတယ်။
“စောစောကလည်း ခင်ဗျားက ပြောတယ်။ ကျနော့်ပုံစံက ရောဂါမရှိလောက်ဘူး ထင်လို့ အကာအကွယ် မသုံးလည်း လက်ခံတယ် ဆိုတာမျိုး။ ရောဂါပိုးရှိမရှိဆိုတာ လူပုံသဏ္ဍာန်မှာ မူတည်မနေဘူး။ အပြင်ပန်းမှာ ကျန်းကျန်းမာမာ ဖြစ်ပေမယ့်လည်း အိတ်ခ်ျအိုင်ဗွီ ပေါ့စတစ် ဖြစ်ချင်ဖြစ်နေတတ်တာ ခင်ဗျား မသိဘူးလား”
သူက ကျောင်းဆရာတစ်ယောက်က ကျောင်းသားကို ဆူသလိုလို အစ်ကိုတစ်ယောက်က ညီမတစ်ယောက်ကို ဆုံးမသလိုလို လေသံနဲ့ ပြောလာတယ်။
“နောက်ဆိုရင်တော့ ဖြစ်နိုင်ရင် ခင်ဗျား အဲလို လက်မခံဖို့ ကျွန်တော်အကြံပေးချင်တယ်”
အလေးအနက် ပြောပြလာတဲ့သူ့ကို နည်းနည်းအားနာလာတာနဲ့ ကျွန်မလည်း လေသံလျှော့ပြီး ကောင်းကောင်းမွန်မွန် ပြန်ရှင်းပြလိုက်ပါတယ်။
“ဒီလို ဟိုတယ်တွေမှာက အဆင်သင့် ရှိပါတယ်။ လိုရင် ယူလိုက်လို့ရတယ်။ ကျွန်မကလည်း နေရာတကာမှာ လူတကာကို ဘယ်လိုဖြစ်ဖြစ် လက်ခံတာမျိုးတော့ မဟုတ်ပါဘူး။ ကိုယ့်အတွက်လည်း ကြည့်ပါတယ်”
စိတ်ထဲမှာတော့ မှားပါတယ်လို့ အော်ပစ်လိုက်ချင်နေတယ်။ သူ့ကို အလွယ်တကူ လက်ခံလိုက်မိတာနဲ့ သူက ကျွန်မကို ဘယ်လိုအဆင့်အထိများ ထင်သွားလဲ မသိပါဘူး။
“ခင်ဗျားရဲ့.. ဟို.. လုပ်ဖော်ကိုင်ဖက်တွေထဲမှာရော ဒီလိုပဲလား”
“ကျွန်မတို့ ဆိုင်မှာ သီချင်းဆိုကြတဲ့ အထဲကတော့ ကျွန်မလို အနေအထား လောက်ပါပဲ။ ဒါပေမယ့် သိမ်ကြီးဈေးအောက်တို့ ဆိပ်ကမ်းသာလမ်းတို့က မိန်းကလေးတွေတော့ မပြောတတ်ဘူးရှင့်”
“ဒါနဲ့ ခင်ဗျား ဘယ်အတန်းအထိ ကျောင်းတက်ခဲ့သလဲ”
ဘွဲ့ရ.. ပေါ့.. လို့ ခပ်တိုတို ဖြေလိုက်တော့ သူက ကျွန်မမျက်နှာကို မျက်လုံးတစ်ချက် လှန်ကြည့်တယ်။ ဘာမှတော့ မပြောဘူး။ နောက်တော့ မေးခွန်းတချို့ ထပ်မေးတယ်။ သူ့စာအုပ်လေးထဲမှာ တော်တော်လေး ရေးခြစ်ပြီးတဲ့နောက် ဒီလောက်ပါပဲ လို့ဆိုပြီး ထောင်တန်အုပ်ကို ပိုက်ဆံအိတ်ထဲက ထုတ်ပြီး အနားက စားပွဲပုလေးပေါ်လှမ်းတင်ပေးတယ်။ ကျွန်မက ပိုက်ဆံတွေကို သူ့ဘက် ပြန်တွန်းပို့လိုက်တာပေါ့။
“မပေးနဲ့တော့လေ။ ရှင်က မေးခွန်းမေးရုံ သက်သက်ပဲ”
“မဟုတ်ပါဘူး။ ယူပါ။ ခင်ဗျား ပရော်ဖက်ရှင်နယ် အချိန်တွေက တန်ဖိုးရှိတာပဲ”
အလို.. ။ ပရော်ဖက်ရှင်နယ် တဲ့။ တန်ဖိုး တဲ့။ နားကြားများ လွဲသလား။ ကျွန်မအတွက် ဒီလိုပြောတာကို ပထမဆုံး ကြားဖူးလိုက်ခြင်း။ သိလား။ ကျွန်မတို့တွေကို သုံးနှုန်းတဲ့စကားတွေမှာ ပရော်ဖက်ရှင်နယ် ဆိုတာမရှိဘူး။ ကြေးစားဆိုတာပဲ ရှိတယ်။ တန်ဖိုးဆိုတာ မရှိဘူး။ ကြေး ဒါမှမဟုတ် ဈေးနှုန်းဆိုတာပဲ ရှိတယ်။
သူ့အသုံးအနှုန်းတွေက ကျွန်မအတွက် ဆန်းနေတယ်။ သူ့လေသံက မနူးညံ့ မသိမ်မွေ့ပါဘူး။ သူ့အ၀တ်အစားတွေကလည်း မတောက်ပြောင်ဘူး။ သူ့ဥပဓိကလည်း သိပ်ဖြူစင်ချောမော နေတာမျိုး မဟုတ်ဘူး။ ဒါပေမယ့် သူဟာ ကျွန်မ တွေ့ဖူးသလောက် ယောင်္ကျားတွေထဲမှာ အဆင့်အတန်းရှိ ယဉ်ကျေးသူတစ်ဦးမှန်း သိပ်သိသာနေတယ်။ “အကြံပေးချင်တယ်”၊ “လုပ်ဖော်ကိုင်ဖက်”၊ “ပရော်ဖက်ရှင်နယ်”၊ “တန်ဖိုး”။ ဒီညတော့ ကျွန်မအတွက် ထူးထူးခြားခြား စိတ်ဝင်စားစရာတစ်ခု တွေ့ရတာပါပဲ။ ဗြုန်းဆို ကျွန်မရဲ့ ခပ်ညစ်ညစ်စိတ်ထဲ သူ့ကို စနောက်ချင်စိတ် ပေါက်လာပြန်တယ်။
“ဒါဆို ပြီးပြီလား။ မေးခွန်းမေးရုံ ဆိုတာ သေချာရဲ့လား။ အချိန်က ရသေးတယ်နော်”
သူ့မျက်နှာ ရဲကနဲ ဖြစ်သွားတာက သဘောကျဖို့ ကောင်းလိုက်တာ။ သူက ဘာမှ ဆက်မပြောပဲ ရှေ့ကနေ ထွက်သွားတယ်။ ဟိုတယ်ရှေ့မှာ ရပ်ထားတဲ့ ကားထဲမှာ သူ့သူငယ်ချင်းက စောင့်ပေးနေတယ်။
အိမ်ပြန်ရောက်တော့ ကျွန်မနဲ့ တိုက်ခန်းမှာ အတူနေတဲ့ သူငယ်ချင်း ၀ါလေး ကိုတောင် ပြန်ပြောလိုက်သေးတယ်။ သူက ဘာမှမလုပ်ဘူး ဟုတ်လား လို့ ၀ါလေးက တအံ့တသြ ပြန်မေးတယ်။ နင် ဒိုင်နိုဆောနဲ့ တွေ့ခဲ့တာပဲ ဆိုပြီး ရယ်နေတယ်။
ဝါလေးက ရှေ့လလောက်ဆိုရင် ကျွန်မနဲ့အတူ ရှိမှာမဟုတ်တော့ဘူး။ ဆိုင်မှာလည်း မလုပ်တော့ဘူးလေ။ အန်ကယ်ကြီး တစ်ယောက် စီစဉ်ပေးမယ့် တိုက်ခန်းကို ပြောင်းဖို့ လုပ်နေပြီ။ သူက ကျွန်မလို မဟုတ်ဘူး။ စိတ်ပျော့တယ်။ တခါကတော့ ကဗျာဆရာ ဆိုလား ဘာလား နဲ့ ကြိုက်ခဲ့လေရဲ့။ ကျွန်မကတော့ ဘာမှ ငွေကြေး အလားအလာ မရှိတဲ့လူမျိုးကို နေရင်းထိုင်ရင်း အလကား ပေးရမလားလို့ သူ့ကိုဆူတာပဲ။ အဲဒီလိုလူတွေက ရူးရူးသွပ်သွပ်နဲ့ စိတ်ကူးယဉ် ဆန်လွန်းတယ်။ ကျွန်မတို့တွေကို တကယ်ချစ်တယ် ဘာညာ ဆိုတာမျိုးလည်း အဲလို ခပ်ကြောင်ကြောင်လူမျိုးတွေပဲ ပြောတာ။ ပြီးတော့လည်း ကိုယ့်ဘ၀ကို ပြောင်းပေးသွားစေနိုင်တာ မဟုတ်ဘူးလေ။
သူ့ကို အဲဒီ ကဗျာဆရာက ရေးပေးသွားတဲ့ ကဗျာတစ်ပုဒ် ရှိတယ် တဲ့။ အဲဒီလူ ရေးတာတော့ မဟုတ်ပါဘူး။ တခြားနာမည်ကြီး ကဗျာဆရာ တစ်ယောက်ရေးတဲ့ နာမည်ကြီးကဗျာ ဆိုပဲ။ ကျွန်မက ကဗျာတွေဘာတွေ စိတ်မ၀င်စားဘူး။ အဲဒီကဗျာကိုလည်း သူပြောပြောပြနေတာ သေသေချာချာတော့ အလွတ်မရပါဘူး။ အ၀င်းဆိုတဲ့ ကောင်မလေး တစ်ယောက်ကို ဒီဘ၀ကို ဘယ်လိုရောက်လာလဲ မေးတယ်ဆိုတာလည်း ပါတယ်။ မှတ်မိနေတာကတော့ … ပြီးတော့လည်း တခြားလူတွေလိုပါပဲ။ အိပ်လိုက်တာပါပဲ တဲ့… အဲဒီလိုစော်ကားမိပါတယ်.. တဲ့။ အဲဒီကဗျာက ဘာလုပ်တာလဲ။ နင့်ကို အဲဒါ ရေးပေးပြီး နှစ်ထပ်ကွမ်း စော်ကားသွားတာပဲ လို့ ကျွန်မက ရက်ရက်စက်စက်ပြောတော့ ၀ါလေးမှာ ငိုလိုက်တာ။
အခုတော့လည်း ၀ါလေးဟာ ဘိုးတော်တစ်ယောက်နဲ့ ငြိသွားလို့ တိုက်ခန်းတွေ ဘာတွေ ရတော့မယ် ဖြစ်နေပြီ။ ထုံးစံအတိုင်းပေါ့။ တစ်ပတ်တစ်ခါဖြစ်ဖြစ် သူ့ကို လာပေါင်းပါလိမ့်မယ်။ ဒါမျိုးက သူ့အတွက်တော့ အကောင်းဆုံးပဲလို့ ကျွန်မထင်ပါတယ်။ တကယ်တော့ အဲဒီခွင်က နိုင်တီးဂွမ်တီးက လုပ်လေ့ရှိကြတာမျိုး။ ဒီလောကက လွတ်မြောက်လမ်းလို့လည်း ပြောတတ်ကြတယ်။ ကျွန်မကတော့ တွေးပုံ တစ်မျိုး။ လူတစ်ယောက်တည်းအတွက်ပဲ ကတိက၀တ်ထား ချည်နှောင်လိုက်ရဖို့ကို သိပ်မစဉ်းစားချင်ပါဘူး။ အဲလိုချည်နှောင်လိုက်ရင် သူ့ကိုပဲ အားကိုးရတော့မယ်။ ဘာကိုမှ ယုံရတာ မဟုတ်ဘူး။ ပြီးတော့ သူက ထားခဲ့ရင် ကိုယ့်အရွယ်က ကျန်ပါဦးမလား။ အဲဒီဘိုးတော်တွေကိုယ်တိုင် စီးပွားရေးအခြေအနေတွေက ဒီခေတ်ကြီးထဲ နေ့မြင်ညပျောက်။
အခုအချိန်မှာ သူများတွေကြားထဲမှာ ကိုယ့်ကိုပဲ ထင်ပေါ်နေစေဖို့နဲ့ စိတ်ဝင်စားမှုတွေကို ဘယ်လိုပုံစံမျိုးနဲ့ ပညာပါပါ သိမ်းကျုံးယူရမလဲ ဆိုတာပဲ စိတ်ဝင်စားတော့တာလေ။ သီချင်းဆို ဖျော်ဖြေနေချိန်မှာ အရက်ရောနိုင်ဆုံးဆိုတဲ့ လူတွေရဲ့စိတ်နှလုံးကို ရှာဖွေ သိမ်းပိုက်လိုက်ဖို့။ တခါကဆို ဆိုင်သိမ်းချိန်အထိ မပြီးနိုင်မဆုံးနိုင် ကျွန်မကို အပြိုင်အဆိုင် ပန်းကုံးလာစွပ်တဲ့ ယောင်္ကျားနှစ်ယောက်ကို ကြုံဖူးတယ်။ ဆိုင်က တောင်းပန်ယူရတယ်။ ဂုဏ်သိက္ခာ အတွက်လား၊ မာနတွေပဲလား။ ယောင်္ကျားတွေဟာ ဘာမဟုတ်တဲ့နေရာမှာလည်း ပိုက်ဆံတွေနဲ့ ချခင်းယှဉ်ပြိုင်ကြတဲ့အထိ ရူးသွပ်ကြပြန်သတဲ့။ အဲဒီညက ကျွန်မ၀င်ငွေလည်း အတော်စံချိန်တင်သွားခဲ့တယ်။ အဲဒီလို ကိုယ့်ကိုယ်ကို မြှင့်တင်လာနိုင်လေ ကျွန်မကို ရယူနိုင်ဖို့ ဈေးနှုန်းကလည်း ပိုမြင့်လေပဲ။
ဟိုးအရင်ခေတ်ကတော့ အနုပညာကို ၀ါသနာပါလွန်းလို့ သရုပ်ဆောင် မင်းသမီးလုပ်ချင်လို့ ဘ၀နဲ့ရင်းကြရတယ်တဲ့။ ကိုယ်ခန္ဓာနဲ့ ရင်းကြရတယ်တဲ့။ အခုခေတ်ကတော့ တချို့နေရာတွေမှာ ဒါဟာ အရောင်းမြှင့်တင်မှု တမျိုးပေါ့။ တချို့က မင်းသမီး မော်ဒယ် စာရင်းထဲဝင်ဖို့ အရင် ကြိုးစားကြတယ်။ ဒါဆို ဒီနေရာမှာ ပိုပြီး ဈေးကွက်မြင့်သွားမယ်။ ဒါပဲလေ။ အနာဂတ်.. ဆိုတာ လား။ ကျေးဇူးပြုပြီး ဒါကိုတော့ မပြောပါနဲ့။ အနာဂတ်ဆိုတာကို သိပ်မတွေးတော့တာ ကြာလှပေါ့။ တကယ် လွတ်မြောက်တယ်ဆိုတာက နိုင်ငံရပ်ခြားကို အပြီးထွက်သွားနိုင်တာမျိုးလေ။ ထားပါတော့။ ဒါကတော့ အခုအချိန်မှာ နည်းနည်းလေး ဝေးနေသေးတယ်။ ဒီလိုဘ၀ကို ဘာလို့ ဘယ်လို ရွေးချယ်ခဲ့တာလဲ ဆိုတာ မေးကြရင်တော့ ခပ်ပေါ့ပေါ့ရယ်သံနဲ့သာ တုံ့ပြန်လိုက်ချင်တယ်။ ရွေးချယ်တယ်ဆိုတာ ဘာလဲ လို့ ပြန်မေးလိုက်ချင်တာလေ။ အတိတ်ဆိုတာကိုလည်း ကျွန်မ မတွေးတော့တာ ကြာမှပဲ။
ကျွန်မရဲ့ ဆေးရောင်စုံဆိုးထားတဲ့ ပုံမှန်နေ့တွေထဲမှာ ဆက်လည်ပတ်ရင်း အဖြူရောင် တစ်စကို တခါတလေတော့ သတိရမိတာ အမှန်ပါ။ သူထိုင်ခဲ့တဲ့ ထောင့်စားပွဲမှာ ပြန်ပေါ်လာဦးမလား ကြည့်နေမိသေးတယ်။ အင်း.. တကယ်တော့လည်း ပြန်လာစရာ ဘာအကြောင်းမှ မရှိတော့ဘဲနော်။
သူ့ကို ကျွန်မပြန်တွေ့လိုက်တာက ထင်မှတ်မထားတဲ့နေရာ။ အဲဒီနေ့က နာမည်ကြီး ဖက်ရှင်ဆိုင် တစ်ဆိုင်က ဒီဇိုင်းသစ်တွေ ရောက်နေတယ်လို့ ဖုန်းဆက်ခေါ်တယ်။ ဟိုးအရင် ကာလတွေကတော့ အဲဒီလို ဆိုင်တွေရှေ့ကနေ ငေးမောခဲ့ရတာ။ အခုတော့လည်း အဲဒီ နောက်ဆုံးပေါ်တွေ ဈေးကြီးကြီး အ၀တ်အစား အသုံးအဆောင်တွေကို အရင်းအနှီးလို အသုံးချတတ်လာတော့တာလေ။ ဆိုင်ထဲမှာ ကျွန်မလျှောက်ကြည့်နေတုန်း ထောင့်တစ်နေရာမှာ သူ့ကို တွေ့လိုက်ရတယ်။ ဒီတခါတော့ ရှပ်အဖြူလေးနဲ့ မဟုတ်ဘူး။ တီရှပ်နက်ပြာလေးတစ်ထည်ကို ပေါ့ပေါ့ပါးပါး ၀တ်ထားတယ်။ ဒီမှာ.. လို့ ၀မ်းသာအားရ လှမ်းခေါ်လိုက်တော့ မျက်နှာတစ်ဝက် နီးပါးရှိတဲ့ နေကာမျက်မှန် အကြီးကြီးကို တပ်ထားတဲ့ ကျွန်မကို သူ မှတ်မိပုံ မပေါ်ဘူး။
“ဘယ်လိုလဲ။ ရှင့် စစ်တမ်းကောက်တာတွေ ပြီးသွားပြီလား”
ဒီတော့မှ သြော် ဆိုပြီး သူက ကျွန်မကို ကြည်ကြည်လင်လင် ပြုံးပြပါတယ်။
“ပြီးပြီခင်ဗျ။ ကျွန်တော် စာတမ်းတောင် အပြီးသတ်လုပြီ”
“ဟုတ်လား။ ဘယ်သူတွေကို မေးဖြစ်သေးလဲ။ အဖြေက ဘယ်လိုထွက်လဲ”
“မေးတာကတော့ နေရာတော်တော်စုံပါတယ်။ ကျွန်တော် နယ်တွေတောင် သွားလိုက်သေးတယ်။ အဖြေတွေကတော့.. အင်း”
သူက ခေါင်းရမ်းတယ်။ ရှင်ပိုက်ဆံ တော်တော်ကုန်သွားမှာပေါ့ လို့ ပြောလိုက်တော့ သူက ရယ်ကျဲကျဲလုပ်နေတယ်။
“နေပါဦး ရှင့်ရဲ့စာတမ်းပြီးတော့ ဘာဖြစ်မှာလဲ”
“ကျွန်တော် ဘွဲ့လွန် တစ်ခုရမှာပေါ့”
“အဲဒီစာတမ်းကရော”
“ကျောင်းက သိမ်းထားမှာပေါ့”
“ဟင်.. ဒါဆို ကျွန်မတို့ ဖြေတာတွေက အလကားပေါ့”
“ခင်ဗျားကို အလကား မေးခဲ့တာတော့ မဟုတ်ဘူးလေ”
“သြော်.. ပိုက်ဆံပေးတာကို ပြောတာလား။ ဟုတ်တယ်။ ဒါပဲ။ ယောင်္ကျားတွေက ဒါပဲလေ။ အင်းပေါ့။ ပိုက်ဆံပေးရင် ဘာမဆို တရားနေတာပဲ”
“ဟာ….” သူ့ မျက်နှာ ရဲကနဲ နီမြန်းသွားတယ်။
“ခင်ဗျား ကျွန်တော့်ကို သူများတွေထဲ ဆွဲမထည့်နဲ့လေ။ ဘာမှမဆိုင်ဘူး”
ကျွန်မက တကယ်တော့ သူ့စာတမ်း ဆိုတာကိုလည်း စိတ်မ၀င်စားပါဘူး။ ကိုယ်နဲ့သူကြားမှာ ဆက်စပ်ခဲ့တာ ဒါပဲရှိတာမို့ စကားရှာကြံ ပြောလိုက်တာမျိုးလောက်ပဲ။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ သူနဲ့ စတွေ့ကတည်းက ကန့်လန့် တိုက်ချင်သလိုလို ရင်းနှီးပြီးသားလိုလို လေသံတွေနဲ့ ပြောနေမိတော့တာ။ သူကတော့ အီစီကလီ အရောဝင်ချင်ပုံလည်း မပြသလို မတူမတန်လိုမျိုးလည်း မဆက်ဆံတာ သေချာလှတယ်လေ။ မျက်လုံးတွေထဲမှာ ဘာအရောင်မှမပါတဲ့ ယောင်္ကျားတစ်ယောက်ရဲ့ ကြည့်ပုံဟာ ကျွန်မအတွက် သိပ်ကိုဆန်းကြယ်နေတာ။
“ကျွန်တော်တို့ဆီမှာ လိုအပ်နေတာတွေ ရှိတယ်။ ကျွန်တော်တို့ လုပ်ချင်တာတွေရှိတယ်။ မလုပ်နိုင်သေးတာတွေ ရှိတယ်။ ဒီစာတမ်းကို ကျွန်တော်က အလေးအနက် ရေးနေတာပါ။ တနေ့နေ့ပေါ့ဗျာ...”
သူက စိတ်ရှည်လက်ရှည် လေသံအေးအေးနဲ့ ပြောပြနေပြန်တယ်။ နောက်တော့ ဘေးမှာချိတ်ထားတဲ့ တီရှပ်လေးတွေဘက်ကို လှည့်သွားတယ်။ မိန်းကလေးဝတ် တွေပဲ။ ရင်ဘတ်မှာ ပန်းပွင့်ပုံ အရုပ်လှလှလေးတွေပါတဲ့ ပိန်ရှည်ရှည် တီရှပ်လေးတွေ။
အဲဒီတုန်း သူ့ဟန်းဖုန်းလေးက အသံမြည်လာတယ်။
“ကိုယ်က ဒီဘက် တီရှပ်တွေ ချိတ်ထားတဲ့ ထောင့်မှာ”
သူက တစ်ခွန်းပဲ ပြန်ပြောပြီး ဖုန်းချလိုက်တယ်။ တအောင့်ကြာတော့ ခြေသံကြားလိုက်ရတယ်။ သူ့ထက် နည်းနည်းလောက်ပဲ ငယ်ပုံရမယ့် အမျိုးသမီးလေး တစ်ယောက်။ ညိုညိုပါးပါးလေးပဲ။ ချည်အကျီင်္ဖြူလေးနဲ့ လုံချည်စကပ် အနက် ရှည်ရှည်လေးနဲ့။ မျက်နှာမှာ ဘာမှ လိမ်းခြယ်မထားသလောက်ပဲ။ အကောင်းစား ရေမွှေးနံ့ကတော့ သင်းနေတယ်။ လက်သည်းတွေကို တိုတိတိ ညှပ်ထားတယ်။ တကယ်တော့ အဲဒီမိန်းကလေး မျက်နှာပေါက်က ရွက်ကြမ်းရေကျို လောက်ပဲ လို့ ပြောလို့ရမယ်။ သူက မိန်းကလေး ပခုံးကို ခပ်ဖွဖွ လှမ်းဖက်လိုက်တယ်။ ကောင်မလေးက အနားမှာ ရပ်နေတဲ့ ကျွန်မကို စူးစမ်းသလို တစ်ချက်ကြည့်လာတယ်။
“ကိုယ့် Interviewees တွေထဲကပါ”
“သြော်..”
ကောင်မလေးက ရေရွတ်တယ်။ဒီလောက်ဆို ကျွန်မက ဘာ ဆိုတာကို သဘောပေါက် သွားလောက်ရောပေါ့။ ကျွန်မရဲ့ ရုပ်ရည်၊ ၀တ်စားထားပုံတွေနဲ့ ဒီလို မထင်ရလောက်တာကို အံ့သြသွားတာမျိုးက ကျွန်မက ခဏခဏ ကြုံခဲ့ဖူးပါပြီ။
Interviewees တွေထဲကပါ လို့ပြောလိုက်ပုံက ကျွန်မကို နှိမ့်ချတဲ့ လေသံ မဟုတ်တဲ့ သာမန်ပါပဲ။ ကောင်မလေးက ကျွန်မကို တစ်ချက် ပြုံးပြလိုက်တာလည်း သာမန်ပါပဲ။ မိန်းကလေးရဲ့ အကြည့်တွေက အံ့သြတာ နည်းနည်းလောက် စွန်းထင်းနေတာကလွဲလို့ ဘာမှမပါဘူး။ ဒါပေမယ့်လေ… ကျွန်မက အများသူငါတွေလို ချစ်သူအနားမှာ နောက်ထပ် မိန်းကလေးချောချောလှလှ တစ်ယောက်ကို မြင်တော့ မနာလို အကြည့်တွေဘာတွေနဲ့ ကြည့်လို့၊ သူ့လူကို သ၀န်တို လို့၊ အဲလိုမျိုးဖြစ်ရင် ပိုကောင်းမှာပဲ လို့ တွေးနေမိတယ်။ သူတို့နှစ်ယောက်ဟာ တကယ့်ကို လိုက်ဖက်ညီပါတယ်လေ။ စိတ်ခံစားမှုတွေကို ဦးစားမပေးတဲ့ “ပရော်ဖက်ရှင်နယ်” ဆန်တယ် ဆိုတာမျိုး။ အဲဒီစကားလုံးလေးက ခေါင်းထဲ ဖြတ်ကနဲ ၀င်လာပြန်တယ်။
ကျွန်မက လက်ထဲက ပိုက်ဆံအိတ်ကိုပဲ ဘာရယ်မဟုတ် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်နေမိတယ်။ သူတို့နှစ်ယောက်ရဲ့ ကြည်လင်တဲ့ အရိပ်အောက်မှာ ကျွန်မရဲ့ ကိုယ်ခန္ဓာဟာ တဖြည်းဖြည်း ကျုံ့ဝင်သွားတယ်။ သူတို့ရဲ့ သန့်စင်သပ်ရပ်မှုအောက်မှာ ကျွန်မ၀တ်ဆင်ထားတဲ့ တောက်ပ စိုလက်နေတဲ့ အရောင်အသွေးတွေဟာ မှေးမှိန်ဖျော့တော့သွားတယ်။ အိုး…. ကျွန်မက ဘာတွေများ ကြီးကြီးကျယ်ကျယ် မျှော်လင့်နေမိပါလိမ့်။ ဗြုန်းဆို …. ကျွန်မကိုယ်ကျွန်မ ဟိုးအဝေးကမ္ဘာက ဂြိုဟ်သားတစ်ယောက်လိုလို ဖော်ပြရခက်တဲ့ ဝေးကွာမှုမျိုး ပထမဆုံး ခံစားလိုက်ရတာ...။
ကျွန်မ လှည့်ထွက်လာတော့ သူတို့နှစ်ယောက်က တီရှပ်လေးတွေကို ဆက်ပြီးကြည့်ရင်း ကျန်ခဲ့တယ်။ သွားတော့မယ်လို့ နှုတ်ဆက်မိခဲ့ရဲ့လား ကျွန်မ မမှတ်မိတော့ဘူး။
အဲဒီနေ့က အိမ်ပြန်ရောက်တော့ ကျွန်မ ဘာလို့ ထူးထူးခြားခြား သည်းသည်းထန်ထန် ငိုချလိုက်မိသလဲ ဆိုတာကိုလည်း ဘယ်တော့မှ ပြန်တွေးအဖြေမရှာတော့ဘူး။
ပန်ဒိုရာ
(၂၀၀၉ အောက်တိုဘာ သံလွင်အိပ်မက် မဂ္ဂဇင်း)
အနည်းငယ်ပြုပြင် - ၂၀၁၁ မတ်လ ၂ ရက်