Sunday, March 13, 2011

နွေဦးခေါ်သံသည် ချိုမြခဲ့သော ကြယ်စင်တစ်ပွင့်


နွေဦးခေါ်သံသည် ချိုမြခဲ့သော ကြယ်စင်တစ်ပွင့်

ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသော တံခါးတစ်ချပ်ကို မဆုတ်မဆိုင်းဘဲ ဆွဲဖွင့်လိုက်ခဲ့သည်။ ကိန်းဂဏန်းများက ဒေါင်လိုက် စီစီရီရီ ရွေ့ဆင်းနေကြသည်။ တစ်နှင့် သုည သာ ပါသော ဂဏန်းတွဲတွေဟာ သိပ်ကို ရိုးစင်းသလောက် လှပစိုလက်နေသည်။ အမှောင်နက်ထဲက အက္ခရာ စကားလုံးများသည် ကိန်းဂဏန်းများပေါ် လိမ့်ပျံကျော်ဖြတ်ပြီး ရင်ဘတ်သို့ ခုန်ဆောင့် တွန်းဝင်လာကြသောအခါ ကျွန်မသည် အနည်းငယ် မူးသွား၏။ ရီဝေတဲ့ မူးယစ်မှုမျိုးတော့မဟုတ်။ လှိုင်းမူးသလို မူးမိုက်သွားတာမျိုး။

အခန်းထဲမှာ မိုးပေါ်ကို မော့ကြည့်လိုက်လျှင် အထပ်ခိုးလေးတစ်ခု ရှိပါသည်။ အထပ်ခိုးကလေးပေါ်ကို လှေခါးကျဉ်းရှည်ရှည်လေးကတဆင့် ဖြည်းဖြည်း တက်လိုက်သည်။ ဖုန်မှုန့်ကြပ်ခိုးတွေလားေ၀၀ါးနေသော အမှုန်အမွှားများက ကျွန်မကို မွန်းကျပ်စေသည်။ ပြူတင်းပေါက်လေးကို တွန်းဖွင့်လိုက်သောအခါ .. ဟိုမှာ တရွေ့ရွေ့ တိုးတိုက်ညင်သာ ၀င်လာတာ နွေဦး မဟုတ်လား။

အိုး… ကျွန်မ၏ ရွှင်ပျပျ အာမေဋိတ်သံသည် ပြူတင်းပေါက်ကလေးမှ ထွက်ကျပြီး မြေနီနီလမ်းကလေးအတိုင်း တလိမ့်လိမ့် ခုန်ဆင်းသွားသည်။ ပြူတင်းပေါက်မှ လက်ကိုထုတ်ကာ နွေဦးကို လက်တစ်ဆုပ်စာခန့် လှမ်းခူးမလို့ ဟန်ပြင်လိုက်သေးသည်။ သိပ်မွှေးမြတာပဲ.. နော်။ အဝေးကနေ ရှိုက်နမ်းရတာတောင် နွေဦးရဲ့ လတ်ဆတ်မှုက ကျွန်မမျက်နှာကို စိမ့်သက်ပြီး အေးသွားစေသည်။ ဟင့်အင်း.. သူ့ဘာသာ သူ့နေရာမှာ ဖူးဝေပါစေကွယ်။ ဘာလို့ခူးဆွတ်ရမှာလဲ။ ကျွန်မက ပြူတင်းပေါက်ကလေး နံဘေးမှာ အသာအယာ ထိုင်ချလိုက်သည်။ တစ်ယောက်တည်း နွေဦးကို ငေးမောရင်း သီချင်းတပိုင်းတစ ကို တိုးတိုး ညည်းနေမိသည်။

ကျွန်မဆိုနေမိသည်က Bob Marley ရဲ့ Three Little Birds ဆိုသည့် သီချင်းဖြစ်သည်။ ဘာကိုမှ မပူပင်ပါနဲ့။ အစစ အရာရာ အဆင်ပြေသွားမှာပါ တဲ့။ မနက်စာစော အိပ်ရာထပြီး နေထွက်တာကို ပြုံးကြည့်လိုက်။ ငှက်ကလေးသုံးကောင်က တံခါးဝကို ဆိုက်ရောက်လာမယ်။ တကယ့်ကို ချိုမြတဲ့ သံစဉ်တွေနဲ့ သီချင်းဆိုရင်း ပြောပြနေမှာ “ဒါ မင်းအတွက် ကိုယ့်ရဲ့ နှုတ်ခွန်းဆက်စကားပါ အို အို….” တဲ့။

သီချင်းထဲကို နွေဦးက စိမ့်ဝင်လာသည်။ ခဏကြာတော့ သီချင်းတစ်ပုဒ်လုံးကို နွေဦးက လွှမ်းသွားပြီ။ တကယ်တော့ နွေဦးနှင့် ကျွန်မ ရင်းနှီး ကျွမ်းဝင်ပြီးသားပဲ။ အနားမှာ တစ်ယောက်ယောက် မရှိသောအခါ မိုးတွေ စိမ့်စိမ့် မည်းမှောင်သည့် ညတွေမှာ နွေဦးက ကျွန်မကို နွေးထွေးစွာ ခြုံသိပ်ပေးခဲ့ပါသည်။ နှင်းတွေ ထူသိပ်စွာ ကျဆင်းလာသောအခါ မီးလင်းဖိုကလေး ဖိုပေးခဲ့သည်။ မီးပွားကလေးတွေ တဖျစ်ဖျစ် ပေါက်ကွဲလွင့်စင် လာသောအခါ ကောင်းကင်က ကြယ်တွေနှင့် နှိုင်းယှဉ်ရယ်မောရင်း ညပြာပြာမှာ ကြယ်ကြွေတမ်း ကစားခဲ့ကြသည်ပေါ့။

ခပ်ဝေးဝေးမှာ တိမ်ခိုးတွေလွင့်နေသော တောင်တန်းက ပြာနှမ်းနေသည်။ အရှေ့ဘက်အရပ်လား အနောက်အရပ်လား သေသေချာချာတော့ မဝေခွဲနိုင်ပါ။ အဲဒါ ကျွန်မရဲ့ ပန်းတိုင်တဲ့။ ရုတ်တရက် ဖိုက်ဘာကြိုးမျှင်တွေက နွယ်ကြိုးနွယ်ခက်တွေလို ကျွန်မလက်ဖ၀ါးတွေပေါ် ရစ်ပတ်နှောင်ငင်လာသည်။ ခဏ လေး လေ..။ ခဏလောက်ဖြစ်ဖြစ် နားခိုပါရ အိပ်စက်ပါရစေဦး။ တစ်လှမ်းချင်း လျှောက်လာခဲ့သည့် ခြေရာတွေ…။ ခြေရာတွေ အသင်္ချေ အသင်္ချာနှင့် လိမ်းကျံထားသည့် တောလမ်းဟာ ရှည်လျားခဲ့ပြီ။

အသက်ရှူ ကျပ်ချင်လာပြန်သည်။ လည်တိုင်မှာ အသာပတ်ထားသော မာဖလာစကို ဖြေလျှော့ချလိုက်သည်။ တမျှော်တခေါ် မြင်ကွင်းကျယ်တစ်ခုကို လွမ်းမိပါဘိတော့။ ဒီအချိန်မှာ ပင်လယ်သာ အနားမှာရှိလျှင် သိပ်ကောင်းမှာ။ အုန်းပင်တွေကို လေတိုးသံ၊ ခရုတွေ သောင်ပြင်မှာ ပြေးလွှားနေသည့် ခြေရာသေးသေးလေးများ။ ယိမ်းထိုးနေသောလှိုင်းများ၏ နောက်ကွယ်မှာ အေးစက် တိတ်ဆိတ်နေသော အငွေ့အသက်။ကျွန်မ အနှစ်သက်ဆုံးနေရာဟာ ဘာလဲ လို့ မေးလျှင် ပင်လယ်ဟု မဆိုင်းမတွ ဖြေခဲ့ဖူးသည်။ အချိန်မရွေးလည်း ဖြေနေဦးမည်သာ။ ပင်လယ်ကို မနိုင်မနင်း ပွေ့ပိုက်ရင်း ဖြတ်သန်းခဲ့ရသည့် ကျွန်းပြာပြာမှ နေ့ရက်များကို ဘယ်လောက်ပဲ အထီးကျန်ဆန်ပါစေ ကျွန်မက မကြာခဏ သတိရနေသေးသည်။

ခပ်လှမ်းလှမ်းက ပန်းရုံကလေးမှာ ၀တ်မှုန်တွေ ပွင့်ဖတ်အပိုင်းအစတွေက သစ်ရွက်တွေနဲ့အတူ လွင့်စင်သွားတာကို မြင်နေရသည်။ ထွက်ခွာချိန်တော့ တန်ပြီထင်ပါရဲ့။ နွေဦးကို နှုတ်ဆက်အကြည့်ဖြင့် ကြည့်တော့ မဲ့ပြုံးတစ်ချက်ကိုသာ ပြန်ရလိုက်သည်။ ကျွန်မ နားလည်ပါသည်။ နားလည်တာတွေကိုလည်း နားလည်ပြီး နားမလည်တာတွေကိုလည်း နားလည်ပေးလိုက်တာမျိုး။ နားလည်မှုတွေကို ဘေးချိတ်လိုက် သောအခါ ကိန်းဂဏန်းများ စကားလုံးများသာ အမှောင်ထုထဲတင် အဖတ်တင် ကျန်ခဲ့ပါသည်။ သွားတော့မည်။

သွားတော့မည်.. နွယ်ကြိုးများခိုစီးပြီး ပန်းတိုင်ရဲ့ ခေါ်ဆောင်ရာဆီ…။ ရောက်သွားပြီးတဲ့အခါ.. အင်း.. အချိန်ရသေးတဲ့အခါ ဒီနေရာကို ပြန်လာချင် လာဦးမှာပေါ့။ နွေဦးကိုရော ကြယ်တွေကိုပါ မပွန်းမပဲ့အောင် ခဏ ဖြုတ်သိမ်းထားလိုက်ပါကွယ်။ ပြန်လာမှ အတူတူ ကြွေကြမယ်။


ပန်ဒိုရာ
၂၀၁၁ မတ် ၁၃

14 comments:

Anonymous said...

း)))
ကြည်ချင်စရာလေး...

မေဓာဝီ said...

ပန်ဒိုရာရဲ့ နွေဦးမှာ ယစ်မူးသွားတယ်။

လင်းဒီပ said...

ဒီစာကိုဖတ်ပြီးတော့ ကိုထီးရဲ့ ဥဒ္ဒစ္စအလွန် သီချင်းကို အမှတ်ရမိတယ် ။ စိတ်ဝိညာဉ်ရဲ့ လွင့်ပျံ့နေမှုကို အသားပေးရေးဖွဲ့ထားတာ ခံစားမိတယ် ။

မေသိမ့်သိမ့်ကျော် said...

အထီးကျန်မှု ၊ လွမ်းမောမှုလေးတွေ ပေစွန်းနေသော စာလေးတစ်ပုဒ်အဖြစ်ခံစားသွားပါသည်။ မပန် ရဲ့ အရေးအသား အရမ်းညက်တာကို လေးစားအားကျမိပါသည်။

ခင်မင်လေးစားလျက်

Maung Myo said...

နွေရနံ့သင်းသင်းလေး ရှူရှိုက်သွားတယ် ။

ထန်းလျက်ခဲဖြစ်ခဲ့သောကျောက်စင်တပွင့် said...

ချိုမြခဲ့သော ကြယ်စင်သည် " တောက်ပ ကြယ်စင် " ..ဖြစ်ပါက နွေဦး၏ခေါ်သံ သည်...."ဆွမ်းစားကြွတော်မူပါအရှင်ဘုရား" ..ဟူ၍ဖြစ်ပေလိမ့်မည်....။

ကိုအောင်(ပျူနိုင်ငံ) said...

ဟိုအရင် နွေဦးတွေက ကောင်းတယ်ဗျ၊
အခု နွေဦးရာသီတွေက ဘယ်အချိန် ဘာထ
ဖြစ်မလဲလို့ ထထ ကြည့်နေရတယ်၊ မပန်ရဲ့
နွေဦးကတော့ ကြည်နူးစရာပါ ...

Hmoo said...

နွေဦးရယ်ကြယ်တွေရယ်၊စီးကရက်တလိပ်ရယ်ကို၊
တချိန်မှာကဖျာတွေနဲ့ဖောက်ထားတဲ့
ဝိုင်တစည်ကိုရီကြမောကြရန်ဖြစ်ကျရင်း
ပန်ပန်နဲ့ကိုယ်တွေနဲ့
ှဲုအတူသောက်ဖို့သိမ်းထားမယ်

သက်ဝေ said...

အခုတော့ နွေဦးရယ် ကြယ်တွေရယ် ကို ခေတ္တ ခဏ ဖြုတ်သိမ်းထားကြစို့... ဒါပေမယ့် အချိန်ရတဲ့အခါ ဒီနေရာကို ဆက်ဆက် ပြန်လာခဲ့ပါ...

သိပ်လှတဲ့ နွေဦးတညမှာ ကြယ်တွေကြွေတာကို ကြည့်ပြီး ကဗျာတွေနဲ့ဖောက်ထားတဲ့ ဝိုင်တစည်ကို ရီကြ မောကြ စကားပြောကြ ရန်ဖြစ်ကြရင်း အတူတူသောက်ကြစို့...

*** ဒီလိုစာစုလှလှလေးတွေ သိပ်ကြိုက်တယ်... ကိုယ်တိုင်ရေးတတ်အောင်တော့ ကြိုးစားနေတုန်းပဲ...

ညီလင်းသစ် said...

ကဗျာဆန်တဲ့ အက်ဆေးလေး (ဒါမှမဟုတ်) အက်ဆေး ဆန်တဲ့ ကဗျာလေး ဖတ်သွားတယ်၊ တကယ်ကို ချစ်စရာ ကောင်းတဲ့ စာစုလေးပါပဲ...။

တောက်ပကြယ်စင် said...

ပန်ဒိုရဲ့အရေးအသားတွေက သိပ်ကို ညက်ညောတာပဲနော်။ ဖတ်ရှုခံစားသွားပါတယ် ပန်ဒိုရေ။ ကျန်းမာရွှင်လန်းပါစေနော်...

Angelhlaing(May everybody be happy and healthy! said...

ကြည်နူးစရာလေး ရေးထားတာ အသက်ဝင်လိုက်တာမမရေ။
အားပေးသွားလျှက်။
ညီမလေး...
ကောင်းသောနေ့လေးဖြစ်ပါစေမမ။

ချော(အစိမ်းရောင်လွင်ပြင်) said...

အိုး ချစ်စရာနွေဦးလေးဘဲ
မျက်စိထဲမှာကို နွေဦးရဲ့ ရနံ့နဲ့အတူ ပန်းကလေးတွေ ဖူးပွင့်နေတာ မြင်လိုက်ရတယ်..
ခုလို အရေးအဖွဲ့မျိုးလေးတွေကို ချစ်တယ်..
ဖတ်ရတာ စိတ်ကိုကြည်နူးစေတယ်..

ShwunMi- said...

so sweet.. လွမ်းအောင်လုပ်တယ်..