Monday, April 18, 2011

သံလွင်အိပ်မက်ထဲက ခက်ခဲနှောင်ငင်တတ်သောအရာ

ရေစီးကြောင်းတွေ နှေးလာပေမယ့် သံလွင်ကတော့ စီးဆင်းမြဲပင်။ သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်း အတွဲ (၅) အမှတ် (၁) ကို ဒီနေရာမှာ သွားရောက်ဖတ်ရှုနိုင်ပါပြီ။

ဒီတစ်ခေါက်အတွက် အထူးအလေးပေး တင်ဆက်ထားတာကတော့ အေအိုင်ဒီအက်စ်ရောဂါနဲ့ ပတ်သက်ပြီး သိရှိနားလည် စေဖို့ ဖြစ်ပါတယ်။ ကိုအောင်နိုင်စိုး (ကူးစက်အထူးကု) ရဲ့ ဆောင်းပါးနဲ့ အေအိုင်ဒီအက်စ် ဝေဒနာရှင်များအတွက် ဂေဟာ တစ်ခု ဖွင့်လှစ်ပြီး ကူညီ စောင့်ရှောက်မှု ပေးနေတဲ့ မဖြူဖြူသင်းနဲ့ အင်တာဗျူးတို့ ပါဝင်ပါတယ်။

အင်တာနက်မှာ ရေးသားနေကြတဲ့ ဘလော့ဂါတွေ ကဗျာဆရာတွေရဲ့ ကဗျာ ၀တ္ထု ဆောင်းပါး အက်ဆေး စတာတွေကို ဖတ်ရှုကြရမှာဖြစ်ပါတယ်။ သံလွင်ရဲ့ အယ်ဒီတာတစ်ဦးဖြစ်တဲ့ နေဘုန်းလတ်ရဲ့ ကဗျာတစ်ပုဒ်နဲ့ ၀တ္ထုတိုတစ်ပုဒ်ကိုလည်း ဖော်ပြထားပါတယ်။ အာဖရိက ကနေ စိတ်ဝင်စားဖွယ် ဇာတ်လမ်းကလေးတွေ ရေးသားပေးပို့နေတဲ့ မွန်းသက်ပန် ရဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ကိုလည်း နှစ်သက်ကြဦးမှာပါ။ သရုပ်ဖော်ပုံတွေကိုတော့ KNT က ဆွဲပေးထားတယ်လို့ ဆိုပါတယ်။ ပန်ဒိုရာလည်း ဒီတစ်ခေါက် ကူမဆွဲဖြစ်လိုက်ဘူး။

ပန်ဒိုရာရေးသားတဲ့ "ခက်ခဲနှောင်ငင်တတ်သောအရာ" ဆိုတဲ့ ၀တ္ထုတိုအသစ်တစ်ပုဒ်ကိုလည်း ဖော်ပြထားပါတယ်။


--------------




မျက်စိရှေ့ကို ရောက်လာသည့် စာအုပ်ကို လှမ်းကိုင်လိုက်ပြီးမှ ပြန်ချပြီးတော့ ပြုံးလိုက်မိသည့် ခက်။

ဂန္ထ၀င် ၀တ္ထုရှည် တစ်အုပ်ပါ။ Jane Austen ရဲ့ Sense and Sensibility။ အမြဲတမ်း အမှတ်ရနေပြီး ဘယ်တော့မှ မဖတ်ဖူးခဲ့တဲ့ စာအုပ်တစ်အုပ်။ ကိုယ် မ၀ယ်ခဲ့ပါဘူး…။
……………………….

အဲသည်နေ့က သင်တန်းတစ်ခု ဆင်းချိန်မှာ ခက်တို့ အိမ်ကို မောမောပန်းပန်းဖြင့် ရောက်လာခဲ့သည်။
“ရှေ့တပတ် အတန်းမရှိဘူး ခက်”

“အင်း”

“ဆရာက မင်္ဂလာဆောင်တော့မယ် တဲ့။ နယ်မှာ သွားဆောင်မှာ”

“အင်း”

“ဆရာ့မှာ ရည်းစားရှိတယ် လို့တော့ ကြားနေသားပဲ။ ဒီလောက် မြန်မယ် မထင်လိုက်ဘူး”

“အင်း”

“သူ့အခန်းကို ရှင်းနေတယ် ဖတ်ချင်ရင် ယူသွား ဆိုပြီး စာအုပ်နှစ်အုပ် ပေးလိုက်တယ် အပြီးပေးလိုက်တာ။ ပြန်ပေးစရာ မလိုဘူး”


“အင်း”



“ကိုယ် ဒီနေ့ တနေရာရာကို လျှောက်သွားချင်နေတယ် သိလား”


“ယူက ဆရာ့ကို ကြိတ်ကြိုက်နေလို့လား”


“အား……….. သွားစမ်းပါ မဟုတ်တာတွေ”



ခက်က ကိုယ့်မျက်နှာကို စေ့စေ့ကြည့်ပြီး တဟင်းဟင်း ရယ်သည်။ ရလာသည့် စာအုပ်တွေကို ကြည့်သည်။ တစ်အုပ်က Vocabulary Power တဲ့။ နောက်တစ်အုပ်က Jane Austen ရဲ့ Sense and Sensibility ။ ခက်က Sense and Sensibility ကို ဖတ်ချင်တယ် ခဏငှားပါလား ဆိုလာတော့ ကိုယ်က ရပါတယ်ဟု အလွယ်တကူ ပေးဖြစ်လိုက်သည်။

အဲသည်နေ့က ခက်ကလည်း စိတ်လေနေပုံ။ လျှောက်သွားချင်တယ် ဆိုရင် သူငယ်ချင်း တစ်ယောက်ဆီ သွားမယ်လေ ဟု ဆိုလာသည်။ ကိုယ်က ငြင်းမနေတော့။ မသွားခင်မှာ ကျောက်အစိမ်းရောင် လေးထောင့်လေးတွေကို သွယ်တန်းထားတဲ့ ဆွဲကြိုးလေးတစ်ကုံးကို ခက်က ကိုယ့်အိတ်ထဲ ထည့်ထားပေးပါလို့ အကူအညီတောင်းသည်။ ကိုယ်က အသာလှမ်းယူပြီး ကျောပိုးအိတ်ထဲ ထည့်လိုက်ပါသည်။ ရန်ကုန်မြို့မှာ မြို့ပတ်ရထားဟု ခေါ်သည့်အရာကို ပထမဆုံးစီးဖူးသည့်နေ့ပေါ့ (အခုအထိလည်း နောက်တစ်ကြိမ် စီးခွင့်မကြုံတော့)။ ရထားထဲမှာတော့ ဈေးသည်တွေ များပါသည်။ ကြမ်းပြင်ပေါ် ဒီအတိုင်းပဲ ချထိုင်နေသူတွေလည်း ရှိသည်။ အလယ်က ခုံတန်းမှာ ကိုယ်တို့နှစ်ယောက် ယိမ်းတိမ်းယိုင်တိုင် ထိုင်ကြသည်။

ဆက်ဖတ်ရန်

5 comments:

ဇွန်မိုးစက် said...

မပန်ရေ... ပို့စ်လေးကို သံလွင်အိပ်မက်ကနေ ၀င်ဖတ်သွားပါတယ်။ အရေးကောင်းလို့ အဆုံးထိဆွဲခေါ်သွားရင်း “ခက်” အကြောင်းမှာ စီးမျောသွားခဲ့ပါတယ်။

ပျော်ရွှင်ကျန်းမာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော နှစ်သစ်ပါလို့ အနည်းငယ်နောက်ကျပြီးမှ နှုတ်ခွန်းဆက်လိုက်ရပါတယ်။း)

သက်ဝေ said...

လူတဦးချင်း တယောက်ချင်းစီမှာ ဘယ်လိုမှ မတူညီကြတဲ့ အမူအကျင့်လေးတွေ အတွေးအခေါ်လေးတွေ ခံယူချက်လေးတွေ တန်ဖိုးထားရာလေးတွေ ကိုယ်စီနဲ့... စိတ်ဝင်စားစရာနော်...။

သရုပ်ဖေါ်ထားတာ ကောင်းလွန်းတော့ ခက်ရဲ့ အသွင်ကို ပီပီပြင်ပြင် မြင်နေရတာကို သိပ်သဘောကျတယ်...။

သတ္တိမရှိသူမှာ အချစ်မရှိဘူး၊ အချစ်မရှိသူမှာ သစ္စာဆိုတာလည်း မရှိဘူး ဆိုတဲ့စကားလေးကိုတော့ ဆက်ကာ ဆက်ကာ တွေးနေဆဲ...း))

kay said...

အကွက်တွေ..အတို့ တွေ.. အမြှုပ်တွေ.. မပါပေမဲ့.. လှပစွာ ဖတ်ချင့်ဘွယ်ကောင်းတဲ့..စာလေး ပါပဲ။

တခုပဲ.. စာက..၂ပိုင်း ပေါ်နေတယ်..။ မုဒ် နဲ့ ရေးပုံ ..ကွာသွားသလားလို့..။

တန်ခူး said...

ပန် အရေးကောင်းလွန်းလို့  ဖတ်နေတုန်း ခက်သူငယ်ချင်းခဏ ဖြစ်သွားတယ်... တကယ်ကို ခက်နဲ့ လက်ပွန်းတတီး... စာဆုံးတော့ ခက်နဲ့ မတူပေမယ့် ခက်လိုချစ်ခဲ့ဘူးတဲ့ သူငယ်ချင်းတွေကို လွမ်းမိတယ်... ပြီးတော့ ကျည်တောင့်တတောင့်မှ မဖောက်ဖြစ်လိုက်တဲ့ သေနတ်အကြောင်း ဆက်တွေးရင်း ဒီသေနတ်က ဧည့်ခန်းတွေထဲမှာ ဒီတိုင်းငြိမ်သက်စွာ နှစ်ရှည်လများ ရှိနေတတ်တာကိုလဲ သတိသွားထားမိတယ်... ကျည်ဆံရောတကယ်ပါရဲ့လားလို့  သံသယဖြစ်မိပေမယ့် ကိုင်လဲမကြည့်ဖြစ်တော့ဘူးမိုလား... ဒါမျိုးလေးတွေ ဖတ်ရခဲတော့ ပူဆာချင်တယ် ပန်...

Hmoo said...

ပန်ပန်စာရေးကောင်း...