Tuesday, January 24, 2012

ခဲဝါ



ခဲဝါ

ကောင်မလေးဟာ စိတ်တွေလှုပ်ရှားပြီး အိပ်ရာက စောစောနိုးလာခဲ့တယ်။ တစ်ခါမှ မိဘနဲ့ခွဲပြီး ညအိပ်ညနေ အပြင်မသွားဖူးခဲ့သူပါ။ သူအလည်သွားမယ့် သူငယ်ချင်းနာမည်က မာမာချိုတဲ့။ မာမာချို ရဲ့အမေ ဒေါ်အပြုံးနဲ့ သူ့အမေနဲ့က ငယ်ငယ်ကတည်းက သူငယ်ချင်းတွေပါ။ ဒီတော့ သူ့အမေက မြို့လေးရဲ့ တစ်ဘက်ကမ်းမှာရှိတဲ့ မာမာချိုတို့ရွာကို ကျောင်းပိတ်ရက်မှာ နှစ်ညအိပ် သွားလည်ဖို့ စိတ်ချလက်ချ ထည့်လိုက်တာ။

အဲဒီမြို့လေးကိုပြောင်းလာတော့မှ စပြီး ကျောင်းနေတဲ့ သူ့အတွက် မာမာချိုက ပထမဆုံး သူငယ်ချင်းတွေထဲက တစ်ယောက်ပါ။ သူက မူကြိုကျောင်းလည်း မတက်ဖူးဘူး။ အမေ့ကျောင်းမှာပဲ သူငယ်တန်းစာတွေကို စောစောစီးစီး ကြေခဲ့ပြီးပြီ။ သူငယ်တန်းကို ပထမဆုံးတက်တဲ့နေ့က ဆရာမက ဝလုံးတွေကို ကျောက်သင်ပုန်းနဲ့အပြည့် ရေးခိုင်းခဲ့လို့ ငိုခဲ့ရသေးတယ်။ မာမာချိုတို့ ရွာကို သွားလည်တဲ့နှစ်က သူဟာ တတိယတန်းတက်နေပြီ။ အဲဒီမနက်က အမေက နေ့လည်စာကို စောစောစားပြီးမှ သွားရမယ်လို့ ပြောလာတယ်။ ငါးကြော်ဆီဆမ်းထားတဲ့ ထမင်းပူပူနွေးနွေးနဲ့ ငါးကြော်တုံးကို အမေက ဖဲ့ပြီးခွံ့ကျွေးတာကို တစ်ပန်းကန် ကုန်အောင်မစားနိုင်ဘူး။ မာမာချိုက ပြောပြထားတယ်၊ သူတို့ရွာမှာ ရှိတဲ့ လယ်ကွင်းတွေ၊ သီးနှံစိုက်ခင်းတွေ၊ ပန်းခင်းတွေ၊ ကျွဲတွေနွားတွေ၊ ပြီးတော့ ညညဆို ရောက်လာတတ်တဲ့ ခဲဝါတွေ အကြောင်း။ ခဲဝါ ဆိုတာဘာကောင်လဲ လို့ မေးတော့ ခွေးလို အကောင်လေးတွေ၊ အုပ်စုဖွဲ့ပြီး နေတတ်တယ် တဲ့။ ညတွေဆို ဝှား..ဝှား..လို့ အော်ပြီး တောအုပ်ဘက်က ဆင်းလာတတ်တယ်တဲ့။ သူက ခဲဝါဆိုတာကို တစ်ခါမှမကြားဖူးတော့ ခဲဝါတွေကို စိတ်ဝင်စားနေမိတယ်။

ထမင်းစားပြီးတဲ့အချိန်မှာ မာမာချိုရယ် မိမိနိုင်ရယ် ခင်နှင်းဝေရယ် မာမာချို့အမေ ဒေါ်အပြုံးရယ်က အိမ်ရှေ့ကနေ လာခေါ်ကြတယ်။ မိမိနိုင်နဲ့ ခင်နှင်းဝေကလည်း မာမာချိုတို့ရွာကပါပဲ။ သူနဲ့ တစ်တန်းတည်းသား သူငယ်ချင်းတွေပဲ။ မိမိနိုင်က အသားညိုညို မျက်နှာဖောင်းဖောင်းနဲ့ ဝတုတ်လေး။ ခင်နှင်းဝေကတော့ ပိန်ပိန်လေး အသားလတ်တယ်။ မာမာချိုကတော့ သူတို့ထဲမှာ အဖြူဆုံးနဲ့ အရပ်အရှည်ဆုံး။ ကောင်မလေးကတော့ အတန်းထဲမှာ အသေးကွေးဆုံး ဖြစ်နေတယ်။ မာမာချို့ မိဘတွေက မြို့လေးထဲမှာလည်း ကိုယ်ပိုင်အိမ်ရှိတော့ မာမာချို ကျောင်းတက်တဲ့အခါ မြို့ကပဲ တက်တယ်။ မိမိနိုင်နဲ့ ခင်နှင်းဝေတို့ကတော့ နေ့တိုင်း မနက်စောစောထပြီး ရွာကနေ ကျောင်းကိုလာရတယ်။ သူတို့မှာ စက်ဘီးလည်း မရှိကြပါဘူး။ အဲဒီတုန်းက ပန်းကမ္ဘာစက်ဘီးတို့ဘာတို့ ဆိုတာ အတော်ပိုက်ဆံတတ်နိုင်တဲ့ သူဌေးတွေမှ ဝယ်စီးနိုင်တာ။ ရွာအနီးအနားက ကျောင်းသားတွေဟာ မြို့ကလေးမှာ ကျောင်းတက်ဖို့ ဒီလိုပဲ ကုန်းကြောင်း လျှောက်လာကြရတယ်။

ရွာလေးနာမည်က ညောင်ကုန်း တဲ့။ အဲဒီရွာကို သွားဖို့ဆိုရင် မြို့လေးရဲ့ အဓိက သင်္ဘောဆိပ်ဖြစ်တဲ့ ချောင်းရှိရာကို သွားရတယ်။ ချောင်းပေါ်ကို ဖြတ်ထိုးထားတဲ့ တံတားရှည်ရှည်ကလေးကို ဖြတ်ပြီးရင် ဟိုဘက်ကမ်းကိုရောက်ပြီ။ အဲဒီကနေ နောက်ထပ် တစ်နာရီကျော် လမ်းလျှောက်သွားတဲ့အခါ ညောင်ကုန်းကိုရောက်မယ်။ တစ်နာရီကျော်ကျော် မြေလမ်းလေးတွေ ကန်သင်းဘောင်တွေကို ဖြတ်ပြီး ခြေကျင်လျှောက်ရတာဟာ တကယ်ဆို သူ့အတွက် ပင်ပန်းစရာခရီးပေါ့။ ဒါပေမယ့်လည်း သူ့သူငယ်ချင်းတွေက သရဲခြောက်တတ်တယ်ဆိုတဲ့ ရေကန်ကြီးအကြောင်းတို့၊ ထုံးဖြူဖြူဘုရားလေးနားက ဥစ္စာစောင့်သိုက်အကြောင်းတို့ မငြီးငွေ့အောင် စိတ်ဝင်စားစရာ ဇာတ်လမ်းတွေကို တဖောင်ဖောင် ပြောသွားကြတယ်။

လမ်းတလျှောက်မှာ လယ်ကွင်းတွေ အများကြီးရယ်။ တမျှော်တခေါ် စပါးပင်စိမ်းစိမ်းတွေပေါ်က ဖြတ်တိုက်လာတဲ့လေဟာ နေပူကျဲကျဲအောက်မှာပေမယ့် အေးစိမ့်နေတယ်။ ရွာနဲ့နီးလာတော့ စိုက်ပျိုးခင်းတွေ ပိုတွေ့လာရတယ်။ တစ်ဘက်တည်းကို တူတူညီညီလှည့်ပြီး ပွင့်နေကြတဲ့ နေကြာပွင့်ဝါဝါတွေ၊ နှမ်းပင် မြေပဲပင်တွေ၊ တွန့်လိမ်တွယ်တက်နေတဲ့ ဗူးစင်တွေ၊ ချဉ်ပေါင်ခင်းတွေလည်းပါရဲ့။ အမျိုးအမည်မသိတဲ့ တခြားစိုက်ခင်းတွေလည်းရှိတယ်။ အဲဒီမှာ အဆုပ်ကြီးပန်းတွေ အများကြီးပွင့်နေတာကို တွေ့ခဲ့ရတာ။ အဆုပ်ကြီးပန်းတွေ လှလိုက်တာလေ။ တချို့က နီရောင်သန်းတယ်၊ တချို့ကလိမ္မော်၊ အများစုက ဝါဝါထိန်တယ်။ အဲဒီပန်းက ဂန္ဓမာပန်းဆန်ဆန် ပွင့်ဖတ်တွေအများကြီးနဲ့ အဆုပ်လိုက်ပွင့်လို့ အဆုပ်ကြီးပန်းလို့ ခေါ်တာထင်ပါတယ်။ အနံ့မွှေးပုံက စူးဝါးလွန်းတယ်။ အဲဒီပန်းရဲ့ ပွင့်ဖတ်တွေကို တစ်ဖတ်စီခြွေပြီးတော့ ပွင့်ဖတ်အရင်းက အနက်ရောင်အဆံလေးတွေကို ဖောက်ပြီး တစ်ဖတ်နဲ့တစ်ဖတ် ချိတ်ဆက်လိုက်ရင် ပန်းကုံးလေးသီလို့ ရတယ်။ သူတို့က ကျောင်းမှာ တစ်ယောက်ယောက်က အဲဒီပန်းတွေ ယူလာတဲ့အခါတိုင်း ပန်းကုံးလုပ်ပြီး ဆော့ရတာကို သိပ်ကြိုက်ကြတယ်။ လမ်းမှာ ပန်းတွေကို နိုင်သလောက် ခူးသွားကြတယ်။

ကောင်မလေးက အစားအသောက် ကြေး(ဂျီး)များတယ်။ အိမ်ထမင်းအိမ်ဟင်းကလွဲလို့ သူများအိမ်မှာ လက်ရာပြောင်းရင် မစားနိုင်ဘူး။ မာမာချိုတို့အိမ်က ညစာမှာတော့ ဟင်းတွေထဲမှာ သူမစားဖူးတဲ့ အာလူးလိုလို ပိန်းဥလိုလိုနဲ့ ချိုတိုတို ဟင်းတစ်မျိုးပါတယ်။ အဲဒါ ဘာလဲလို့မေးတော့ မျောက်ဥ လို့ပြောလို့ သူ့မှာ အတွေးခေါင်လိုက်ရသေးတယ်။ ပျစ်ပျစ်ခဲခဲ နို့တမျိုးကိုလည်း သောက်ရတယ်။ သိပ်အရသာရှိတယ်။ ကျွဲနို့လို့ပြောတယ်။ ခြံဝင်းကျယ်ကျယ်ထဲက အိမ်ဘေးမှာတော့ နွားတင်းကုပ်တွေ ကျွဲတင်းကုတ်တွေ ရှိတယ်။ သူက တိရစ္ဆာန်တွေကို ကြောက်တတ်တယ်။ တိရိစ္ဆာန်တွေက သူ့ကို ရန်မူမှာ သိပ်စိုးရိမ်တတ်တယ်။ ကျွဲနွှားမပြောနဲ့ ချစ်စရာ ခွေးကလေး ကြောင်ကလေးတွေကိုတောင်မှ မထိမတို့ရဲဘဲ တွန့်ဆုတ်နေတတ်တယ်။

ခြံဝင်းကျယ်ကြီးထဲကို လျှောက်သွားပြီး အလေ့ကျ ပေါက်နေတဲ့ ပန်းလှလှတွေ ဘာမှန်းမသိတဲ့ သစ်သီးတွေကို လျှောက်ခူးကြတယ်။ ကောက်ရိုးပုံကို အိမ်ဆောက်ထားတာကို တအံ့တသြ ငေးကြည့်မိသေးတယ်။ အိမ်ထဲကို ဝင်ကြည့်တော့ သူနဲ့ရွယ်တူလောက် ကောင်လေးတစ်ယောက် အိပ်နေတာကို တွေ့လိုက်တယ်။ ကောင်လေးကို မြင်ဖူးသလိုလိုနဲ့ လက်စသတ်တော့ သူတို့အတန်းထဲက ကျောင်းသားတစ်ယောက် ဖြစ်နေပြန်တယ်။ နာမည်တော့ မေ့သွားခဲ့ပြီ။ ညဦးပိုင်းမှာတော့ သူ့သူငယ်ချင်းတွေရော သူတို့ရဲ့ ညီအစ်ကိုမောင်နှမ ဝမ်းကွဲတွေရော ကလေးတွေအများကြီးပဲ။ မာမာချိုတို့အိမ်မှာ ခြင်ထောင်တွေ တန်းစီပြီး စုအိပ်ကြတယ်။ သူက စာအုပ်တွေဖတ်တာ ဝါသနာပါတယ်ဆိုတာ သိထားတော့ ပုံပြင်အသစ်တစ်ပုဒ် ပြောပြပါလို့ ၀ိုင်းပူဆာကြတယ်။ တခြားကလေးတွေ မသိနိုင်တဲ့ ပုံပြင် ဘာပြောရင်ကောင်းမလဲ စဉ်းစားတယ်။ သူက အဲဒီအချိန်မှာ ဝတ္ထုစာအုပ်တွေ လျှောက်ဖတ်နေပြီလေ။ ဒီတော့ မကြာခင်က ဖတ်ထားတဲ့ သိုင်းဝတ္ထု ဇာတ်လမ်းတွဲရဲ့ ပထမပိုင်းကို ပြန်ပြောပြလိုက်တယ်။ ကလေးတွေ ပါးစပ် အဟောင်းသားနဲ့ နားထောင်ကြတယ်။ တရုတ်နာမည်တွေကို တအံ့တသြ ရယ်မောကြတယ်။ ဇာတ်လမ်းက ဘာဆက်ဖြစ်မလဲ သိချင်နေကြတော့တယ်။

သူဟာ ခဲဝါတွေလာမှာကို သိချင်ဇောနဲ့ တော်တော်နဲ့ အိပ်မပျော်သေးဘူး။ အဝေးက တဝှားဝှား အော်သံတွေကိုတော့ ခပ်သဲ့သဲ့ ကြားနေရတယ်။ ခဲဝါတွေ မလာသေးဘူးလားလို့ မာမာချိုကိုမေးတော့ မာမာချိုက အဲဒီလို မမေးကောင်းဘူး တဲ့။ သူတို့ မလာတာ ပိုကောင်းတယ် သူတို့က ကျွဲတွေနွားတွေကို ဝင်ဆွဲပြီး ကိုက်စားတတ်တယ် လို့ပြန်ပြောတယ်။ ခဲဝါတွေကိုလည်း မြင်ချင် ကျွဲတွေနွားတွေကို အန္တရာယ်ပြုမှာကိုလည်း စိုးရိမ်မိတာနဲ့ သူက ဘယ်လို ဆုတောင်းရမှန်းမသိ ဖြစ်နေခဲ့တယ်။ ဘယ်အချိန် အိပ်ပျော်သွားသလဲ မသိဘူး၊ ဆူဆူညံညံ အသံတွေကြားပြီး မီးတွေလင်းလာတော့ သူလန့်နိုးသွားတယ်။ ခြံဝင်းတစ်ဝင်းလုံးမှာ လူကြီးတွေ နိုးနေကြပြီ။ မာမာချိုရဲ့ အဖေက တုတ်ရှည်တစ်ချောင်းကို ကိုင်လို့။ ခဲဝါတွေ ခြံနားကို ရောက်လာလို့ မီးတွေထွန်းထားတာတဲ့။ အခုတော့ ပြန်ပြေးသွားကြပြီတဲ့။ ခဲဝါတွေက မီးကိုကြောက်ကြတယ်။ သားရိုင်းတိရစ္ဆာန်တွေဟာ မီးအလင်းကို ရင်မဆိုင်ရဲဘူး။

ဆောင်းညအေးအေးမှာ သူက သူငယ်ချင်းတွေ နွေးထွေးဝန်းရံပြီး နှစ်နှစ်ခြိုက်ခြိုက် ပြန်အိပ်ပျော်သွားခဲ့ပါတယ်။ ခဲဝါတွေကို သူက မျက်ဝါးထင်ထင် မတွေ့မြင်ဖူးလိုက်ဘူး။ လူတစ်ယောက်ရဲ့ ဘဝမှာ ခဲဝါတွေနဲ့ တွေ့ဖူးခြင်း မတွေ့ဖူးခြင်းက တကယ်တော့လည်း ဒီလောက် အရေးပါတာမှ မဟုတ်ဘဲ။ အဲဒီတုန်းကတော့ နောက်တနေ့ နိုးလာတဲ့အခါ သူ မကျေမနပ် ဖြစ်ခဲ့ကောင်း ဖြစ်ခဲ့နိုင်တယ်။ နောက်တော့လည်း မေ့သွားမှာပဲ။ နောင်အနှစ် နှစ်ဆယ် သုံးဆယ်လောက် ကြာတော့မှ ခဲဝါတွေကို သူက ပြန်သတိရချင်လည်း ရနေဦးမှာပေါ့။ ခဲဝါတွေလို အဝေးတောတန်းတနေရာကနေ အူသံပေးတတ်တာတွေ၊ အုပ်စုဖွဲ့ပြီး အနိုင်ယူတတ် တာတွေကိုလည်း အသက်ကြီးလာတဲ့အခါ ကြုံရင်ကြုံရဦးမှာပဲ။ အဲဒီအခါမှာလည်း ခဲဝါတွေထက် သူတွေ့ကြုံခဲ့တဲ့ တောပန်းလေးတွေ တောလမ်းလေးတွေရယ် အတူတူပျော်ရွှင်ခဲ့ပြီး ပြန်မတွေ့ဖြစ်တော့တဲ့ ကလေးဘဝက သူငယ်ချင်းတွေရယ်ကို သူ့အာရုံထဲမှာ ပိုပြီး မြင်ယောင်နေတာလည်း ဖြစ်နိုင်တာပဲ မဟုတ်လား။

ပန်ဒိုရာ
၁၇.၁၁.၂၀၁၁-၂၄.၁.၂၀၁၂

9 comments:

Hmoo said...

ကျေးဇူးပါပန်ပန်၊ခဲဝါတွေကအုပ်စုဖွဲ့အနိုင်ကျင့်တာတော့မဟုတ်ဘဲ၊ညီညွတ်ပြီးသူ့မျိုးနွယ်ကိုအသက်ဆက်
နေတာပါ၊ဘာပြောပြော၊ဝတ္တုထဲမှာရေးထားတာ
ပျော်စရာကောစိတ်လှုတ်ရှားစရာပါကောင်းပါတယ်
ကျနော်လဲတချိန်ကခဲဝါတွေအကြောင်း
နားထောင်ပြီးမြင်ဘူးခြင်ခဲ့ဘူးတယ်၊
အပြင်ရောက်လာတော့လည်းတခြားအလုပ်တေ
ွရှုတ်ပြီးအခုမှပြန်သတိရမိတယ်....thx again ..
pan pan...Happy New year :D

Anonymous said...

ရွာတွေကို လိုက်လည်ချင်တယ်..။
၉တန်းလောက်တုန်းက မြို့နားက ရွာတရွာ
လိုက်လည်ဖူးတယ်..။
စက်ဘီးနဲ့..။
၁ရက်လောက်စီးလိုက်ရတယ်..။
သူငယ်ချင်းအစ်မ ကျောင်းအုပ်လုပ်တဲ့ ရွာကို.။
ဘုန်းကြီးကျောင်းက ဟင်းပေါင်းလဲ စားခဲ့ရတယ်..။
တော်သေးတယ်..ဘုန်းဘုန်းက သတ်သတ်လွတ်စားလို့..။


ပေါက်

မြသွေးနီ said...

ခဲဝါတွေအကြောင်း အခုမှ သိဖူး၊ ကြားဖူးပေမယ့် အတွေးနဲ့ ပုံသဏ္ဍာန်ကို ပုံဖော်မိတယ်။ ပြီးတော့ အတွေးတွေ ဖြန့်ကျက်နေမိနေလိုက်တာ... အကြာကြီးပါဘဲ...။

မေဓာဝီ said...

ပန်ပန်ရဲ့ ခုလို အရေးလေးတွေ လွမ်းနေရတာ ... ။ ရိုးရိုးကလေးနဲ့ မျက်စိထဲ မြင်ယောင်အောင် ပုံဖော်သွားနိုင်တယ်။
ဝလုံးတွေ ကျောက်သင်ပုန်းနဲ့ အပြည့် ရေးခိုင်းလို့ ငိုနေတဲ့ ကလေးမလေးကို နားရွက်ဖွဖွလေး ဆွဲချင်လိုက်တာ။ :))

Angelhlaing(May everybody be happy and healthy! said...

ခဲဝါဆိုတာ ခုမှ ကြားဖူးတယ်မမ
ဗဟုသုတတွေနဲ့ အတူ ပို့စ်လေးဖတ်ရင်း အကြာကြိး တွေးမိတယ်... ဖတ်ခွင့်ရလို့
ကျေးဇူးပါ မမရေ...

သိင်္ဂါကျော် said...

ဖတ်ရင်းနဲ့ ခဲဝါတွေကိုတောင် မြင်ဖူးချင်စိတ် ပေါက်သွားတယ်..

san htun said...

ညီမတို့ နယ်ဖက်မှာလည်း ခဲဝါရှိတယ်..တခါမှ မမြင်ဖူးဘူး..

ကြိုးကြာနီ said...

အစ်မစာတွေကို အရမ်းကြိုက်တယ်။
အင်တာနက်ဆိုင်မှာ ထိုင်ရတဲ့အတွက် အိမ်ကို ကူးသွားပြီးမှ ဖတ်ဖြစ်တယ်။
အစ်မရဲ့ ပို့စ် အကုန်လုံးနီးပါးလောက်ကို ကူးပြီးသလောက်ရှိသွားပြီ။
အားပေးနေပါမယ်။ လှောင်သံပါနေတဲ့ ကဗျာတွေကို ပို ကြိုက်တယ်။
ဒီလိုပဲ ပေါ့ပေါ့ပါးပါး နေထိုင်နိုင်ပါစေ အစ်မ ပန်ဒိုရာ ...။

အင်ကြင်းသန့် said...

ခဲဝါတဲ့....မြင်ဖူးဖို့နေနေသာသာ အခုမှကြားဖူးတယ်။ ဒါပေမယ့် ခဲဝါဆိုတာဘာလဲလို့ စိတ်ဝင်စားသွားတယ်။ ဒီပိုစ့်လေးဖတ်ပြီး အဖွားတို့ရွာကို ပြန်လွမ်းသွားတယ်။း)