Monday, April 2, 2012

ဧပရယ်လ်မှာ ဖူးပွင့်ခဲ့

ဧပရယ်လ်မှာ ဖူးပွင့်ခဲ့


(၂ဝ၁၂ ဧပရယ်လ် ၁ရက် ည NLD ရုံးချုပ်ရှေ့မြင်ကွင်း)



၂ဝ၁၂ ဧပရယ်လ်၂။ Lucky Seven လက်ဖက်ရည်ဆိုင်ထဲကို ဝင်လာတော့ မနက် ၉ နာရီတောင် ထိုးလုပြီ။ ညက ညဥ့်နက်သွားတာကိုး။ ကိုယ်တင်မကပါဘူး မြန်မာပြည်က လူအတော်များများဟာ မနေ့ညက အိပ်ရေးပျက်ခဲ့ကြမှာ။ အိမ်ရှေ့ကနေ ဒီလှိုင်းဂျာနယ် လက်ပွေ့လိုက်ရောင်းနေတဲ့ အမျိုးသား အမျိုးသမီးငယ်လေးတွေက NLDပါတီရဲ့ အနိုင်ရသတင်းတွေ အကြောင်း ပြောနေကြသံကိုကြားတော့ နိုးသွားခဲ့တာ။ လက်ဖက်ရည်ဆိုင်ထဲမှာ ဂျာနယ်လိုက်ရောင်းနေတဲ့ အမျိုးသမီးကို လက်ယပ်ခေါ်လိုက်တော့ သူ့လက်ထဲမှာ အဆင်သင့်ကိုင်ထားတဲ့ Weekly Eleven တစ်စောင်ကို လာပေးသွားတယ်။ ပိုက်ဆံလည်း တောင်းမသွားဘူး။ သူ့မလည်း ဟိုလူကလှမ်းခေါ် ဒီလူက လှမ်းခေါ်နဲ့ demand တွေက များလှတယ်။ အသံတွေမျိုးစုံကြားနေရတယ်။ ဝင်ပြိုင်တဲ့ ၄၄ နေရာလုံး နိုင်တယ်တဲ့။ တချို့ကတည်း ၄၃ နေရာ တချို့ကလည်း ၄၂ နေရာမှာတော့ အနိုင်ရကြောင်း အတည်ပြုနိုင်ပြီတဲ့။ မဲရေတွက်နေတဲ့ ဒေသတွေ ရှိသေးတယ်တဲ့။ သတင်းတွေက နည်းနည်းတော့ ကွဲပြားနေသေးပေမယ့် အခုအချိန်မှာ မြင်တွေ့သလောက် ပျော်နေကြတာပဲ။ ပျော်မှာပါ။ အားလုံး ပျော်နေကြမှာ။ ပြောပြောနေကြသလို ဗိုလ်ချုပ်မှုးကြီးဟောင်းကြီးလည်း ပျော်နေလောက်တယ်။ အဆင်အသွေး မတူမယ့် အတွေးကိုယ်စီနဲ့ ပေါ့လေ။ ဘယ်သူက ဘယ်သူ့လမ်းကြောင်းထဲ လျှောက်နေတယ် ဆိုတာကတော့ ငွေရောင် ဖန်သားပြင်တွေဟာ ပိုစိတ်ဝင်စားစရာ ကောင်းလာဦးမယ်။ မျှော်လင့်သူတွေလည်း မျှော်လင့်ကြပါစေပေါ့။ ဘောက်ပြောချင်သူတွေလည်း ပြောလိုရာ ပြောကြပါစေပေါ့။ လုပ်စရာရှိတာတွေကို ဆက်လုပ်သူတွေလည်း လုပ်ကြပါစေပေါ့။ သမ္မတကြီးရော အစိုးရအဖွဲ့ရော အစိုးရဟောင်းအဖွဲ့ရော ဒေါ်အောင်ဆန်းစုကြည်ရော NLDရော ပြည်သူလူထုကိုရော အချဉ်တွေလို့တော့ ထင်ဖို့ရာ ခက်ခဲလှတယ်။ အခုအချိန်ဟာ ခေါင်းရွက်ဗျပ်ထိုးသည်အစ ဧကရာဇ်အဆုံး ဘယ်သူ့ကိုမှ မထီမဲ့မြင်မလုပ်နိုင်ဘဲ လေးစားမှု ရှိရမယ့်အချိန်ပါ။ လေးစားမှုဆိုတာကတော့ အင်္ဂလိပ်စကားလုံး respect ကိုဆိုလိုတယ်။ ဂျာနယ်ဖိုး လာယူပါဦးလို့ လှမ်းခေါ်တော့မှ ဂျာနယ်ရောင်းတဲ့ အမျိုးသမီးက အနားကို ပြန်ရောက်လာတယ်။ လူတွေ လက်ထဲမှာ အချပ်ပို ကိုယ်စီနဲ့။ စားပွဲတိုင်း ပြည့်နှက်နေတဲ့ ဆိုင်ကျယ်ကျယ်ထဲမှာ ပိုက်ဆံမတောင်းခင် ယုံယုံကြည်ကြည်နဲ့ လက်ထဲ လိုက်ထည့်ပေးထားတဲ့ ဂျာနယ်တွေအတွက် ပိုက်ဆံမပေးဘဲ လစ်ပြေးသူလည်း မရှိလောက်ဘူး လို့ယူဆရတယ်။ ဂျာနယ်ရောင်းသူ အမျိုးသမီး ကတော့ ပူပင်ဟန် မပေါ်ပါဘူး။ ဂျာနယ်ဖတ်ပြီးလို့ မဝယ်ဘဲ ပြန်ပေးကြသူတွေလည်း ရှိတာပဲ။ အဲဒီလိုဆိုလည်း သူကတော့ ပြုံးပြုံးရွှင်ရွှင် ပြန်ယူသွားတာပဲ။ သူ့ ပါးပြင်ပေါ်က သနပ်ခါးပါးကွက်ကျားဟာ ဒီနေ့မှ ပိုလှနေတော့တယ်။ လက်ဖက်ရည်ဆိုင်က ပြန်လာတော့ ယုံကြည်မှု ဆိုတဲ့ အကြောင်းအရာကို ဆက်တွေးနေမိတယ်။


ပန်ဒိုရာ


p.s. တွေးရင်း ဒီစာကို နိဂုံးချုပ်နေချိန်မှာပဲ အလှည့်ကျစနစ်နဲ့ မီးပေးတော့မယ်လို့ ကြိုတင်ပြောထားတဲ့အတိုင်း မီးပျက်သွားတဲ့အတွက် မီးရှိရာနေရာကို သွားပြီးမှ ပို့စ်ကို တင်လိုက်ရပါကြောင်း။

5 comments:

စိုးထက် - Soe Htet ! said...

Trust ... Respect ... Nice Post ... :)

An Asian Tour Operator said...

အတွေး လေးကို ထပ်ဆက် သွားတယ်။

Anonymous said...

အဲဒါကြောင့် ရှိတ်နာတား))

အားလုံးနဲ့ထပ်တူ
ပျော်ရွှင်ပါစေအစ်မရေ...

Anonymous said...

အဆုံးကျမှ

မီးပြတ်သွားတယ်..ဟိဟိ



pifpif

ငြိမ်းစိုးဦး said...

နှစ်သစ်နှင့်အတူ ပျော်ရွှင်ငြိမ်းချမ်းမှျုေတွကို မိသားစုနှင့်အတူ ပိုင်ဆိုင်နိုင်ပါစေ ...