Sunday, April 15, 2012

အပြာရောင်.. တောင်တန်းများ..




ခိုင်စိုးလင်းစီစဉ်တဲ့ အပြာရောင်ဝန်ဆောင်မှု (Bluish Business) e-book ထွက်ပါပြီ။ မျက်နှာဖုံးပုံတွေကို သူရိန်ရဲမြင့်ရေးဆွဲပြီး အတွင်းသရုပ်ဖော်ပုံတွေကို ပန်ဒိုရာရေးဆွဲပါတယ်။ ခိုင်စိုးလင်းက စာပြင်နေရာချပါတယ်။

ကောင်းကင်ကို၊ ကိုကိုသက်၊ ကိုမျိုး၊ ကျော်ညိုသွေး၊ ကြည်သက်ဟန်၊ ခိုင်စိုးလင်း၊ ချစ်ကြည်အေး၊ ချိုပိန်းနောင်၊ ညီဇံလှ၊ ညိုမင်းခ၊ နေမြဲ၊ ပန်ဒိုရာ၊ ဖိုးခွား၊ မအိ၊ မောင်ယုပိုင်၊ မိုးလှိုင်ည၊ မှိုင်း(ဆေး-၂)၊ မှူးဒါရီ၊ ရင်ခွင်ရှိန်း၊ လင်းဒီပ၊ သက်ထွေး၊ သက်ဝေ၊ ဟယ်ရီလွင်၊ အောင်ဖြိုး၊ အိန္ဒြာ၊ သြမြိုင် တို့ပါဝင်ရေးသားထားကြပါတယ်။

ဒီလင့်ခ်မှာ ဒေါင်းလုတ် ယူနိုင်ပါတယ်။
http://www.mediafire.com/?2zmblq2hqocy4qt


ပန်ဒိုရာရေးသားတဲ့ နတ်သမီးပုံပြင် နတ်သမီးအိပ်မက် ဆိုတဲ့ ဝတ္ထုတိုတစ်ပုဒ်နဲ့ အသစ်ရေးထားတဲ့ နေမဝင်တောင်တန်းများ ဒေါင်လိုက်ရွေ့လျားတတ်သည် ဆိုတဲ့ ဝတ္ထုတိုတစ်ပုဒ်ကို ဖော်ပြထားပါတယ်။
နတ်သမီးပုံပြင် နတ်သမီးအိပ်မက် ကတော့ ၂ဝဝ၉ အောက်တိုဘာလထုတ် သံလွင်အိပ်မက်အင်တာနက်မဂ္ဂဇင်း
နဲ့ ၂ဝ၁၁ ဒီဇင်ဘာလထုတ် ဖူးငုံမဂ္ဂဇင်းတို့ မှာ ဖော်ပြခဲ့ဖူးပါတယ်။
“နေမဝင်တောင်တန်းများ ဒေါင်လိုက်ရွေ့လျားတတ်သည်” ဆိုတဲ့ ဝတ္ထုတိုကို အောက်မှာလည်း ဖတ်ရှုနိုင်ပါတယ်။
--


နေမဝင်တောင်တန်းများ ဒေါင်လိုက်ရွေ့လျားတတ်သည်

(၁)
“ဒါဆို သမီးက တလျှောက်လုံး ဒီအလုပ်ကို လုပ်ခဲ့တာပေါ့”
“ဟုတ်ပါတယ် ကျွန်မရဲ့ လျှောက်လွှာထဲမှာ ရေးထားတဲ့အတိုင်းပါပဲ”
လေအေးစက်တပ်ထားသော အခန်းထဲတွင် လိုအပ်သည်ထက် ပိုပြီး အေးစက်တောင့်တင်းသွားခဲ့သော အလုပ်အင်တာဗျူးတစ်ခု ရှိခဲ့သည်။ အလုပ်လျှောက်လွှာများကို စိစစ်သော ဝန်ထမ်းတို့၏ မစေ့စပ်မှုပေလား သတိမထားမိလို့ပေလား၊ လူအများ အမြင်အကြည်လင်စရာ နောက်ခံသမိုင်းရှိခဲ့သော ထိုမိန်းကလေးက အင်တာဗျူးခန်းထဲ ဝင်ခွင့်ရခဲ့သည်။ မ ကတော့ မိန်းကလေး၏ ကံကောင်းမှုဟုသာ နောက်ပိုင်းကာလများတွင် မှတ်ချက်ချခဲ့ပါသည်။
မိန်းကလေးက ကိုယ်ရေးရာဇဝင်ကို ပြောပြစဉ် အားလုံး ဆွံ့အတိတ်ဆိတ်သွားခဲ့ရသည်။
အမျိုးသားတစ်ဦးကတော့ ထပ်မံ မေးမြန်းခဲ့သည်။
“ဒါဆို.. နည်းနည်းတော့ ရှင်းအောင် မေးပါရစေ။ ခင်ဗျားပြောတဲ့ customer service ဆိုတာ အဲဒီလို KTV တွေမှာက စားသုံးသူတွေကို ဖျော်ဖြေမှုပေးရတာလည်း ပါတယ် မဟုတ်လား”
“ဖျော်ဖြေမှု ဆိုတာ”
“စားသုံးသူတွေ ဘေးနား ဝင်ထိုင်ပြီး သီချင်းအတူတူ ဝင်ဆိုပေးတာမျိုး၊ စားစရာသောက်စရာ ကမ်းပေးတာမျိုး”
မျက်နှာတစ်ချက်မပျက်ဘဲ ဟုတ်ပါတယ် အဲဒါတွေအကုန် လုပ်ရတာပေါ့ ဟု ခပ်တည်တည် ဖြေလိုက်သော မိန်းကလေးကို မ သည် စိတ်ထဲက သဘောကျသွားခဲ့သည်။ အန်ကယ်တို့လည်း ရောက်ဖူးမှာပါ အဲဒီအလုပ်မျိုးက အဲဒီလိုပါပဲရှင့် ဟု နောက်ဆက်တွဲ ထပ်ပြောလိုက်တာကတော့ သိပ်ပြီး မမှုသလို ဖြစ်နေမလား။ သူလုပ်ခဲ့တဲ့ အလုပ်ဟာ ရှက်စရာ ဒါမှမဟုတ် မအပ်မရာလို့ ခံယူထားတာမျိုးရော ရှိပါရဲ့လားဟု မ က စိတ်ထဲတွင် ကြိတ်ကာ မေးခွန်းထုတ်နေခဲ့သည်။
“ကဲပါ အန်ကယ်တို့ နည်းနည်း ပိုပွင့်ပွင့်လင်းလင်း ပြောရအောင်၊ သမီးလုပ်ခဲ့တဲ့ လုပ်ငန်းအတွေ့အကြုံက အဲဒီလို အတူထိုင် သီချင်းဆိုပေးတာမျိုးတွေထက် ပိုတဲ့ အလုပ်တွေရော ရှိခဲ့သလား”
“ဒီမေးခွန်းကိုတော့ အမျိုးသမီးတစ်ယောက်အနေနဲ့ ကျွန်မ ကန့်ကွက်ပါတယ်။ ဒါက ရဲစခန်းမှာ စစ်ချက်ယူနေတာလည်း မဟုတ်ဘူးလေ။ အဲဒီလောက်အထိတော့ ကျွန်မတို့နဲ့ မဆိုင်တော့ဘူးထင်တယ်”
နောက်ထပ် အမျိုးသားတစ်ဦးမေးသော မေးခွန်းကိုတော့ မိန်းကလေးက ဘာမှပြန်မဖြေခင် မ, က ကြားဝင်ကာ စကားဖြတ်ခဲ့သည်။ မိန်းကလေးကတော့ ဒီစကား တစ်ခွန်းသာ ဆိုခဲ့သည်။
“ကျွန်မ ဘယ်လိုမျိုးအထိ အသက်မွေးဝမ်းကျောင်း လုပ်ခဲ့တယ် မလုပ်ခဲ့ဘူး ဆိုတာ အန်ကယ်တို့ ထင်ချင်သလို ထင်နိုင်ပါတယ်။ အခုတော့ ကျွန်မ အဲဒီပတ်ဝန်းကျင်မှာ မလုပ်ချင်တော့လို့ အားတဲ့အချိန်မှာ သင်တန်းတွေ အောင်အောင်တက်ပြီး ဒီအလုပ်မျိုးကို လာလျှောက်ခဲ့တာပါ။ ကျွန်မ လိုရမယ်ရ ဆေးစစ်ထားတဲ့ မှတ်တမ်းတွေကိုလည်း အလုပ်ရှင်တွေ စိတ်ထဲရှင်းအောင် ယူလာခဲ့ပါတယ်။ အန်တီတို့ အန်ကယ်တို့ ကျေနပ်လို့ အလုပ်ခန့်ရင် ကျွန်မ တာဝန်ကျေပွန်အောင် လုပ်မှာပါ။ အဆင်မပြေဘူး ထင်ရင်လည်း ကျွန်မက တခြားအလုပ်တွေ လိုက်လျှောက်ဦးမှာပါ”

(၂)
ဆယ်တန်းမှာ ၃ ဘာသာဂုဏ်ထူး ထွက်ခဲ့သူ၊ အဝေးသင်တက္ကသိုလ်မှ အီကိုနှင့် ဘွဲ့ရခဲ့သူ၊ LCCI level 2 လောလောလတ်လတ် အောင်ထားသူ၊ သို့သော် ဆယ်တန်း အောင်ကတည်းက တလျှောက်လုံး ကာရာအိုကေဆိုင် မှာ အလုပ်လုပ်ခဲ့သူ၊ စိတ်ဝင်စားစရာကောင်းသော ပေါင်းစပ်မှုတစ်ခု၏ အပြောင်းအလဲတစ်ကွေ့တွင် မ က အခွင့်အလမ်းတစ်ခု ဖန်တီးပေးချင်ခဲ့သည်။
“ဘယ်လိုပဲဖြစ်ဖြစ်ပါ ဒီလုပ်ငန်းမှာ ဒေါ်မမက ရှယ်ယာ အများဆုံးဝင်ထားသလို စီမံခန့်ခွဲတဲ့ အမှုဆောင် ဒါရိုက်တာဆိုတော့ ခင်ဗျား သင့်တော်တယ်ထင်လို့ ဆုံးဖြတ်ရင်တော့ ကျွန်တော်တို့က မကန့်ကွက်ပါဘူး၊ တကယ်ကတော့ အခုရာထူးက လက်ထောက်စာရင်းကိုင် ဝန်ထမ်းသက်သက် ဆိုရင်လည်း ကျွန်တော်တို့ ဝင်ပြီး အင်တာဗျူးဖြစ်စရာ အကြောင်းမရှိပါဘူး။ ဒေါ်မမရဲ့ ကိုယ်ရေးအရာရှိအဖြစ်လည်း သုံးချင်သုံးမယ်ဆိုလို့သာ သူ့ရဲ့ အကျင့်စာရိတ္တကို ကျွန်တော်တို့က ကူညီ အကဲဖြတ်ပေးတာပါ”
လက်ထောက်စာရင်းကိုင် တစ်ဦး အဖြစ်သော်လည်းကောင်း မ ကို အနီးကပ် ကူညီပေးရမည့် ဝန်ထမ်း တစ်ဦးအဖြစ်လည်းကောင်း “မေသီရိမွန်” ဟု အမည်ရသော ထိုမိန်းကလေး ကို အလုပ်ခန့်ခဲ့သည်။ မ, သည် စူးစမ်းလိုစိတ်ကို နှုတ်ခမ်းဝမှာ နာနာကိုက်ရင်း မှန်သည်ဟုထင်မိသော ခြေတစ်လှမ်းကို ရှေ့ကိုတိုးခဲ့သည်။ လာလျှောက်သူတွေထဲမှာ ထိုမိန်းကလေးက ထူးထူးခြားခြား အရည်အချင်း သာလွန်နေသူမို့ ရွေးချယ်ရတာ မဟုတ်မှန်းလည်း သေချာလှသည်။ သို့သော် မိန်းကလေးတစ်ဦး၏ အရေးပါသည့် ဘဝအပြောင်းအလဲမှာ ကိုယ့်ဘက်က အထူးနစ်နာစိုက်ထုတ်ရမှုလည်း မရှိဘူးဆိုလျှင် မိန်းမချင်းအနေဖြင့် မကူညီသင့်ဘူးလား။ စွန့်စားမှုဆိုတာတွေတော့ ရှိကောင်းရှိမည်။ ဒီမိန်းကလေး ဘယ်လောက်အထိ ကြံ့ကြံ့ခံနိုင်မလဲ။ မ, ကိုယ်တိုင်ရော ဘယ်လောက် တောင့်ခံကာ ထောက်ကူနိုင်မည်လဲ။

(၃)
“သူနဲ့တွဲလုပ်ရမယ်ဆိုရင် ရှက်စရာကြီး.. အန်တီရယ်။ အတူတူသွားရလာရတဲ့အခါ တခြားလူတွေက သမီးတို့ကို သူ့လိုပဲလို့ထင်ရင် ဘယ်လိုလုပ်မလဲ”
သတင်းသည် ပါးစပ်ပေါက်များမှ တဆင့် ဗိုင်းရပ်စ်ကဲ့သို့ ပြန့်နှံ့သည်။ အသစ်ခန့်လိုက်တဲ့ ဝန်ထမ်းမိန်းကလေးရဲ့ နောက်ခံဇာတ်ကြောင်းဟာ ဒီလိုဒီလို ဆိုပဲ ..တဲ့။ မ, သည် ဒီစကားတွေကို ကြားလာသောအခါ ထူးပြီး မအံ့သြတော့ပါ။ ဒါတွေဟာ မ,ရဲ့ဆုံးဖြတ်ချက်အတွက် တာဝန်ယူဖြေရှင်းရမည့် ကြိုတင်မျှော်လင့်ပြီးသား အရာများစွာထဲက ပထမဆုံး တစ်ခုမဟုတ်လား။
သူက အခု အန်တီတို့ရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်သွားပြီလေ။ ဒီကုမ္ပဏီမှာ ဝန်ထမ်းတစ်ယောက်အနေနဲ့ တာဝန်မကျေတာရှိရင် အန်တီအရေးယူမှာပေါ့ ဟူသော ဖြေရှင်းချက်တစ်ခုဖြင့် မ, ရှေ့ဆက်ခဲ့သည်။ မ, သည် လူသစ်တစ်ယောက်ကြောင့် နှစ်ရှည်လများ လုပ်နေခဲ့သော ဝန်ထမ်းများကို အနှောင့်အယှက်လည်း မဖြစ်စေလို။ လူတို့ သတ်မှတ်ထားသော အကျင့်စာရိတ္တဟူသည့် စည်းဘောင်မှ ကျော်လွန်စွန်းထင်းခဲ့သည် ဟူသော ဝန်ထမ်းအသစ်ကို ပိုအရေးပေးသလိုလည်း မဖြစ်ချင်၊ အခွင့်အရေးတန်းတူပေးသည် ဆိုသည်မှာ အခွင့်အရေးပိုပေးသည် မဟုတ်။
သို့သော် အရေးအကြီးဆုံးကတော့ ဒေါ်မမ တစ်ယောက် လူရွေးမှားသွားပြီ ဆုံးဖြတ်ချက်မှားသွားပြီ လို့လည်း လုံးဝ အဖြစ်မခံနိုင်။

(၄)
“လူတစ်ယောက်ဟာ ဘဝနဲ့ချီတဲ့ အပြောင်းအလဲတစ်ခုအတွက် ဆုံးဖြတ်ရတဲ့အခါ ဘယ်လောက်အထိ စိတ်ဓာတ်ခိုင်မာနိုင်မလဲ။ အထူးသဖြင့် မိန်းကလေးတစ်ယောက်ဟာ ဘဝအမှောင်တစ်ခုကနေ အလင်းဘက်ပြောင်းတော့မယ် ဆိုရင် ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုကို ဘယ်လောက်အထိ သည်းခံနိုင်မလဲ”
မောင်နှင့် မ,တို့ သည် မည်သည့်ကိစ္စမဆို အချင်းချင်း တိုးတိုးဖော်တိုင်ပင်ဘက်။ မ,၏ အောင်မြင်မှုအားလုံးသည် မောင်နှင့်သက်ဆိုင်သလို မောင့်အောင်မြင်မှုများသည်လည်း မ,၏ အစိတ်အပိုင်းများပင်။
“ပတ်ဝန်းကျင်ဆိုတာ ဂရုစိုက်ဖို့လည်းလိုတယ် လျစ်လျူရှုဖို့လည်း လိုတယ်”
မောင်က အဲသည်လို စဉ်းစားတွေးတောစရာ မှတ်ချက်တွေကို ချတတ်သည်။
“ဂရုစိုက်ဖို့ လိုတယ်ဆိုတာက ကိုယ့်ခြေလှမ်းတွေ ဘယ်နေရာကို လှမ်းနေတယ်ဆိုတာ ကိုယ်ပြန်သုံးသပ်နိုင်ဖို့၊ လျစ်လျူရှုဖို့ လိုတယ်ဆိုတာက ကိုယ်မှန်တယ်ထင်တဲ့ ယုံကြည်မှုနဲ့ ဆက်လျှောက်မယ့် ခြေလှမ်းတွေကို အရှိန်လျော့မသွားစေဖို့”
မ, သည် သက်ပြင်းတစ်ချက်ကို ငွေ့ငွေ့ချလိုက်ပါသည်။
“ပတ်ဝန်းကျင်ကိုယ်တိုင်က စိတ်နှစ်ခွ ဖြစ်နေတတ်တာကိုး မောင်ရယ်၊ မကောင်းတာကို ကောင်းစေချင်တဲ့ စိတ်စေတနာရှိသလို၊ လူတစ်ယောက် ကောင်းလာမှာကို အပြစ်ပဲရှာပြီး ဝန်တိုတတ်တဲ့ သဘာဝတွေကလည်း ရှိနေတယ်လေ။ ဘာပဲဖြစ်ဖြစ် မ ကတော့ ပတ်ဝန်းကျင်ကောင်းတစ်ခုထဲကို ရောက်သွားအောင် ကူညီဖို့ အဲဒီ မိန်းကလေးကို အလုပ်ခန့်ဖို့ ဆုံးဖြတ်လိုက်ခဲ့တယ်”
“တစ်ခုတော့ ရှိတာပေါ့ မ,ရယ် လူအများပြောနေတယ်ဆိုတာက အကြောင်းရင်းတစ်ခုပေါ် အခြေခံတာကိုး။ အမည်းစက်တစ်ခု ကတကယ် ရှိခဲ့ပြီလေ။ မ, က သူ့အမည်းစက်ကို ကူညီပြီး ဖျက်ပေးချင်တဲ့ လူတစ်ယောက် ဆိုရင်လည်း သူ့အနေအထိုင်ကို အမှန်အတိုင်း အကဲခတ်နိုင်ဖို့ပဲ မောင် ပြောချင်ပါတယ်၊ ပြီးတော့ မ, ကိုယ်တိုင်ကလည်း ပတ်ဝန်းကျင်ဆိုတဲ့အထဲမှာ အပါအဝင်ဆိုတာကို မမေ့နဲ့လေ”
မောင်သည် တဖက်ကိုလှည့်ပြီး မကြာမီ ပြန်အိပ်ပျော်သွားသည်။ မ ကတော့ ချက်ချင်း အိပ်မပျော်နိုင်။ မ ၏ ဆုံးဖြတ်ချက် .. အင်း… သည်ဆုံးဖြတ်ချက်သည် တစ်ယောက်ယောက်၏ ဘဝ ကောင်းလာစေရေးအတွက် ဆိုလျှင်တော့ ပတ်ဝန်းကျင်ဆိုတာနဲ့ အတော်အတန်ဆန့်ကျင်သင့်လျှင် ဆန့်ကျင်ဖို့ပဲရှိတာပေါ့။
ခြံထဲမှ စံပယ်ပန်းရုံပေါ်ကို ဖြတ်တိုးလာသော ညလေပြည်သည် ပြတင်းပေါက်ကိုကျော်ကာ တခန်းလုံးတွင် သင်းပျံ့သော စံပယ်ပန်းရနံ့များ စွန်းထင်းသွားအောင် ခြယ်သလိုက်သည်။ ရနံ့ဆိုသည်က မွှေးသည်ဖြစ်စေ နံသည်ဖြစ်စေ အလွယ်တကူ တားဆီး၍ရသည်မှ မဟုတ်ပဲလေ။

(၅)
ရင်းနှီးကျွမ်းဝင်မှု ရှိလာသော အချိန်တစ်ခုတွင် မေသီရိမွန်က သူ့ဘဝ၏ အပိုင်းအစတချို့ကို ဝေမျှလာခဲ့သည်။
“အဲဒီ အလုပ်မှာ လုပ်ဖြစ်သွားတဲ့ အကြောင်းတစ်ခုကတော့ ကျွန်မရဲ့ အစ်မကြောင့်ပါ၊ ဆယ်တန်းအောင်ပြီးတော့ မိသားစုမှာ ငွေရှာဖို့ လိုအပ်နေတဲ့အချိန် မမက သူနဲ့အတူ လိုက်လုပ်ဖို့ ပြောလာတယ်”
သူ့ မမက အခုတော့ မရှိတော့ဘူး ဆုံးသွားပြီ ဟုဆိုသည်။ မိန်းကလေး၏ အစ်မသည် ဘာကြောင့်ဆုံးပါးသွားခဲ့သလဲ၊ စိတ်မကောင်းစရာ အခြေအနေတစ်ခုကို မ က ဆက်လက် မတူးဖော်ချင်တော့ပါ။ ကာရာအိုကေ ဆိုင်သိမ်းချိန်တွေမှာ ဆိုင်ပြင်ပ အလုပ်ခွင်က တောင်းဆိုလာတတ်တဲ့ ဝန်ဆောင်မှုမျိုးတွေနှင့် ပတ်သက်လို့တော့ မ သည် မမေးမြန်းခဲ့။ မိန်းကလေးကလည်း ပြောမပြခဲ့။
“အခုတော့ ကျွန်မ သတ်မှတ်ထားတဲ့ ငွေကြေးအတိုင်းအတာတစ်ခု ရှာပေးခဲ့ပြီးပြီ။ ကျွန်မ ဘာလိုချင်တယ် ဆိုတာကိုလည်း သိပြီ၊ ကိုယ်လိုချင်တာကိုပဲ ရအောင် ဆက်လုပ်တော့မယ်”
“ဒါဆို သမီးလိုချင်တာက ဘာလဲ”
“အရင်အလုပ်မှာလည်း ကျွန်မ တာဝန်ကျေအောင် လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ကွာခြားမှုတွေကို သိလာတယ်၊ ကျွန်မလိုချင်တာက အစကတော့ လူရိုသေရှင်ရိုသေ နေရာလေးတစ်ခု ဖန်တီးဖို့ လို့ ထင်မိတယ် အန်တီ”
“နို့.. မဟုတ်ဘူးလား”
“အဲဒီထက် ပိုလာပါတယ်.. ပတ်ဝန်းကျင်ကို ထည့်တွက်တာထက် ကျွန်မကိုယ်တိုင် ကိုယ့်ကိုယ်ကို ရိုသေချင်လာတယ်”

(၆)
ဒီကနေ့ညနေမှာ မောင်က မ,ကို ရုံးမှာ လာကြိုသည်။
“အင်း ပုံစံကတော့ စိတ်ဓာတ်ခိုင်မာမဲ့ပုံပါ ရုပ်ရည်ကလည်း ဒီလိုယူနီဖောင်းနဲ့ ဝတ်ဆင်ထားတော့ တည်တည်တံ့တံ့ ဖြစ်ပါတယ်၊ မ, ဆုံးဖြတ်ချက် မှားသွားမယ်လို့ မောင်ကတော့ မထင်ပါဘူး”
အိမ်အပြန်လမ်းတွင် မောင်က မှတ်ချက်ချသည်။ မောင် ဒီမိန်းကလေးကို ရုံးဆင်း တံခါးဝမှာ ဆုံတွေ့လိုက်ပုံ ပေါ်သည်။ ဝန်ထမ်းအမျိုးသမီးငယ်တွေ ဒီလောက် အများကြီးရှိပါလျှက် သူ့ကို တန်းမြင်လိုက်ရုံနှင့် မ, ပြောပြောနေသည့် တစ်ယောက်ဆိုတာ မောင်က ဘယ်လိုများ ခန့်မှန်းနိုင်ပါလိမ့် ဆိုတာ မ, က အမှုမဲ့အမှတ်မဲ့ သဘောမထားနိုင်ခဲ့။

(၇)
တခါတရံတွင် ကံကြမ္မာသည် ပျော်စရာမဟုတ်သော တိုက်ဆိုင်မှုတို့ကို သယ်ဆောင်လာတတ်သည်။ ထိုအထဲတွင် အပြောင်းအလဲတစ်ခုကို ကျွမ်းဝင်စပြုစေပြီဖြစ်သော မိန်းကလေးကို ချန်မထားခဲ့ပါ။
“မေသီရီမွန် ဆိုလို့ ဘယ်သူများလဲလို့ အသည်းလေးပါလား တဲ့”
“ဒါ ဘယ်သူပြောတာလဲ”
“အန်တီ့ဆီမှာ ဈေးကွက်သုတေသနလုပ်ဖို့ presentation လာလုပ်သွားကြတဲ့ ကုမ္ပဏီ တွေထဲကလေ။ အဲဒီမှာ သမီးရဲ့ အစ်ကိုဝမ်းကွဲတစ်ယောက်လည်း ပါတယ်။ သူက မေသီရိမွန်ကို တွေ့ဖူးတယ် တဲ့..”
ထိုနေ့က မ သည် ခေါင်းထဲနောက်ကျိကာ မူးတူးတူး ဖြစ်နေခဲ့သည်။ မ,တို့ အလုပ်အတွက် အရေးကြီးသော ဈေးကွက်စစ်တမ်းများ ကောက်ရန် ဝန်ဆောင်ပေးမည့် ကုမ္ပဏီများ၏ တင်ပြချက်ကို အကဲဖြတ်ရသည့် တစ်နေ့တာသည် ရှည်လျားလွန်းနေသည်။ မေသီရိမွန် သည် မ, မှာကြားထားသည့်အတိုင်း အနားမှာထိုင်ကာ မှတ်စုများကို သေသေချာချာ လိုက်မှတ်ပေးခဲ့သည်။
“ဝယ်ယူသူဟာ အမြဲမှန်တယ်ဆို.. ပုပ်ခဲ့တော့ ပေါ်သွားတာပေါ့ အန်တီရယ်”
ဘေးပတ်ဝန်းကျင်၏ ခနဲ့သော ရိသော ထေ့သော စကားလုံးများကို မေသီရိမွန်တစ်ယောက် ဘယ်လောက်အထိ ခံနိုင်ရည်ရှိမှာလဲ။ တွေ့ဖူးတယ် ဆိုသော စကားသည် ဒီမိန်းကလေး၏ အလုပ်ဟောင်းအတွက်တော့ အတော်လေး တာသွားခဲ့သည်။ ဒီလိုမျိုး ဝန်းကျင်ဟောင်းမှာ ဆုံခဲ့ရတဲ့ ဖောက်သည်ဟောင်းတွေဟာ ဘယ်လောက်တောင် တိုက်တိုက်ဆိုင်ဆိုင် လာဆုံကြဦးမှာလဲ။

(၈)
ကုမ္ပဏီ၏ နှစ်ပတ်လည် ပါတီ တွင် မေသီရိမွန်တစ်ယောက် ဝန်ထမ်းအတော်များများနှင့် နေသားတကျ လိုက်လျောညီထွေ ဖြစ်နေပုံပေါ်သည်။ အနာဂတ်ကောင်းတစ်ခုကို ဦးတည်ကာ ပစ္စုပ္ပာန်တွင် အကောင်းဆုံး နေထိုင်မည့်သူတစ်ဦးအတွက် အတိတ်ခါးခါးဆိုတာ မှုစရာမဟုတ်တော့ဘူးဟု မ က ကောက်ချက်ချချင်ပါသည်။
မ တို့ ထိုင်နေသော စားပွဲဝိုင်းတွင် မေသီရိမွန်လည်း ရောက်နေသည်။ မောင့်လက်ထဲမှ ခက်ရင်းသည် မိန်းကလေး၏ ခြေထောက်နားသို့ တိုက်တိုက်ဆိုင်ဆိုင် မတော်တဆ လွတ်ကျသွားသောအခါ မိန်းကလေးက သွက်သွက်လက်လက် ကောက်ယူလိုက်သည်။ ရယ်မောသံများ၊ စကားပြောဆိုသံများ၊ လှပသပ်ရပ်စွာ ဝတ်စားဆင်ယင်ထားကြသော အမျိုးသမီး အမျိုးသား ကုမ္ပဏီဝန်ထမ်းများ၊ အားလုံးထဲမှာ မောင်သည် သူ့ကို အခြားမိန်းကလေးတွေထက် ပိုပြီး ယဉ်ကျေးစွာ နှုတ်ဆက်ခေါ်ပြော လုပ်နေလား ဟူသည့်အတွေးက မ, ခေါင်းထဲ ဖျတ်ခနဲ ဝင်လာသည်။
အခွင့်အလမ်းတစ်ခု ဖန်တီးပေးလိုက်တယ်ဆိုတာ အထူးအခွင့်အရေးတစ်ခု ဖန်တီးပေးလိုက်တာမဟုတ်ဘူး။ မောင် သည် သူ့ကို ဘာအထူးနှစ်သိမ့်မှုမျိုးမှ ပေးစရာမလိုဘူး။
“ရော့ …. ဒီဟင်းက ဟိုဘက်နဲ့ဝေးနေတယ်”
စားပွဲဝိုင်းထဲမှ ဟင်းပန်းကန်များသည် အပြည်အလှန် လှည့်လည်နေကြသည်။ မ သည် ရယ်ရယ်မောမော မိမိနှုတ်မှ ပြောချလိုက်မိသော စကားလုံးများကို ကိုယ့်ဘာသာ အံ့အားသင့်သွားသည့် အချိန်မှာ အနည်းငယ် နောက်ကျသွားပြီ။
“ရပါတယ် မောင်ရဲ့.. မေသီရိမွန်ကို ထည့်ပေးစရာမလိုပါဘူး။ သူက သူများတွေကို ခူးခပ် ထည့်ပေးတဲ့ ဝန်ဆောင်မှု ကိုတောင် ကျွမ်းကျင်ပြီးသား မဟုတ်လား”
အံ့သြသွားသော မောင့်မျက်နှာ။ ကွက်ခနဲ ပျက်သွားခဲ့သော မေသီရိမွန်၏ မျက်နှာ။ စူးစမ်းအကဲခတ်သည့် အခြား လုပ်ဖော်ကိုင်ဖက်တို့၏ မျက်နှာ။ အိမ်အပြန်တွင် မောင်သည် ကောင်းသည်ဆိုးသည် မှတ်ချက် တစ်လုံးမှ မဆိုခဲ့။

(၉)
မျှော်လင့်ထားနိုင်ခဲ့သော သို့သော် ဖြစ်လာမည်ဟု တကယ်တမ်းလည်း မထင်မှတ်ခဲ့သော အဖြစ်အပျက်က ရက်သတ္တပတ် တစ်ပတ်အတွင်း ဖြစ်လာခဲ့သည်။ စာအိတ်ဖြူဖြူကလေး တစ်အိတ်သည် မ,၏ စားပွဲပေါ်တွင် နေရာယူနှင့်နေပြီ။ အလုပ်မှ နုတ်ထွက်လိုကြောင်း ခွင့်တောင်းစာ.. တဲ့။
“အန်တီ ကျွန်မကို ကူညီပေးခဲ့တာတွေ အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်။ ဒါပမယ့် အန်တီလည်း ကျွန်မကို ပံ့ပိုးရတာ ပင်ပန်းလွန်းလှပါပြီ။ ဒီအလုပ်မှာ လုပ်ခဲ့တဲ့ တစ်နှစ် ဆိုတဲ့အချိန်ကလည်း ကျွန်မ ရှေ့လျှောက်သွားရမယ့် ခရီးတစ်ခုအတွက် လုံလောက်ပါပြီ”
မ သည် မေသီရိမွန်ကို တလျှောက်လုံး ကာကွယ်ခဲ့သမျှ သဲထဲရေသွန်ဖြစ်ခဲ့တော့မှာလား ဟု ချက်ချင်းတွေးမိသည်။ ခံစားချက်များနှင့် စပ်လျဉ်းလာလျှင် အခြေအနေတစ်ခုကို ထိန်းချုပ်ရသည်မှာ ခက်လှသည်လေ။ မ က ဒီလိုပဲ ကိုယ့်ဘာသာ ဆင်ခြေတက်နေလိုက်သည်။
အန်တီ ဟိုနေ့က စကားမှားသွားတယ် ထင်တယ်ကွယ်ဟု တောင်းပန်လိုက်ရမလား။ အို ဘာမဟုတ်တဲ့ မိန်းကလေးတစ်ဦးကို ဂုဏ်သိက္ခာရှိ ကုမ္ပဏီပိုင်ရှင်တစ်ဦး က ဘာမဟုတ်တဲ့ အကြောင်းအရာ တစ်ခုကြောင့် တောင်းပန်ရမတဲ့လား။ မိန်းကလေးသည် နည်းနည်း အကဲပိုလွန်းသည်ဟုသာ မ, က ကောက်ချက် ဆွဲလိုက်ချင်သည်။
“တကယ်တော့ အန်တီက ကျွန်မကို ထင်တာထက်တောင် ပိုပြီး ချီးမြှောက်လိုက်ပါသေးတယ်။ အန်တီဟာ ကျွန်မဘဝမှာ ကျွန်မကို လူကောင်းသူကောင်းတစ်ယောက်အဖြစ် အဆုံးစွန်ဆုံး လူရာသွင်းခဲ့တာပါ”
မ, သည် မျက်နှာပူနွေးလာကာ ဘာပြန်ပြောရမည်ကို မစဉ်းစားတတ်။
“ဒါပေမဲ့ ကျွန်မ ကိုယ့်ကိုယ်ကို ဒီ့ထက်ပိုပြီး ရိုသေနိုင်ဖို့အတွက် နောက်ထပ် တစ်နေရာကို ဆက်သွားခွင့်ပြုပါ အန်တီ”
သူ ဘယ်ကိုသွားမှာလဲ။ သူ စိတ်ထိခိုက်သွားခဲ့သလား။ ဒါမှမဟုတ် တစ်ချိန်ချိန်မှာ ထွက်ခွာဖို့ အစကတည်းက ကြိုတင်ကြံစည်မှု တစ်ခုလား။ မိန်းကလေးသည် ကြမ်းပြင်ပေါ် ကျုံ့ကျုံ့ယုံ့ယုံ့ ထိုင်ပြီး မ, ကို ဦးသုံးကြိမ်ချကာ ကန်တော့သည်။ မ, သည် ဘာတစ်လုံးမှ ပြန်မပြောဖြစ်ခင် သူသည် ထိုင်ရာမှထကာ တံခါးကို ဖွင့်ပြီး ထွက်သွားလေသည်။

ပန်ဒိုရာ
၁၃.၄.၂ဝ၁၂

7 comments:

Anonymous said...

အပြာရောင် တောင်တန်းများ ခေါင်းစဉ်ဖတ်ပြီးပြီးချင်း..
အပြာရောင် တောင်တန်းများ ဘလော့ကို ပြောတယ် ထင်လိုက်မိသေးတယ်။

http://pyoyuwathone.blogspot.com/ :P

စင်စင်

ATN said...

You are trying to beat Nu Nu Yee (Inwa) & Ma Sandar.

Anonymous said...

အခုမှ သေချာ ပြန်လာဖတ်ရတယ်.. သိပ်ကောင်းတာပဲ.. မပန်



စင်စင်

မိုးငွေ့...... said...

မမ၀သုန်က သူ့အပြာရောင်နဲ့မှားပြီးရောက်လာတာကိုးး..။ မပန်ရဲ့စာမဖတ်ရတာကြာပေါ့...။ အရမ်းကောင်းတယ် အမ ကြိုက်တယ်..။

ကြိုးကြာနီ said...

အစ်မရေ သင်္ကြန်တွင်းမှာ ပျော်ရွှင်ပါစေ ။ လာကူးသွားတယ်။ အိမ်ေ၇ာက်မှပဲ အေးဆေး ဖတ်တော့မယ်နော်။

ကြိုးကြာနီ

မြတ်ကြည် said...

ဟုတ်တယ်။ လူတစ်ယောက်ဘယ်လို လမ်းမှန်အောင် ကြိုးစားစား၊ အရင်မှားခဲ့တဲ့ အတိတ်တွေကို ပြန်တူးဖော်ခံနေရဦးမှာပဲ။ ရည်ရွယ်ပြီး ဖြစ်စေ၊ မရည်ရွယ်လို့ဖြစ်စေ

အခါးမိုး said...

အရေးအသားနဲ့ စိတ်ကူးက ကွက်တိပါပဲ...အရမ်းကို ကောင်းတယ် အမရယ်...