Monday, November 5, 2012

ဝိညာဉ်မှတ်တမ်း (ghost record)ထဲမှာ လေယူရာတိမ်းစိမ်းကြသည်


ခိုင်စိုးလင်းစီစဉ်တဲ့ ဝိညာဉ်မှတ်တမ်း (ghost record) ထွက်ပါပြီ။ မျက်နှာဖုံးနဲ့ အတွင်းသရုပ်ဖော်ပုံတွေကို သူရိန်ရဲမြင့် ရေးဆွဲပါတယ်။

ကိုကိုသက်၊ ကိုမျိုး၊ ချစ်ကြည်အေး၊ ခိုင်စိုးလင်း၊ ချိုပိန်းနောင်၊ စစ်ငြိမ်းဒီရေ၊ ဆူးခက်မင်း၊ ညီဇံလှ၊ နှင်းနဲ့မာယာ၊ ပန်ဒိုရာ၊ ဖိုးခွား၊ ဖိုးစိန်၊ မိုးလှိုင်ည၊ မြသွေးနီ၊ မှိုင်း(ဆေး-၂)၊ သူရဿဝါ၊ အော်ဂဲနီ၊ အောင်ဖြိုး၊ သြမြိုင်နှင့် အမည်မဖော်လိုသူတစ်ဦး တို့ပါဝင်ရေးသားထားကြပါတယ်။ 

ဒီနေရာမှာ ဒေါင်းလုဒ် ယူနိုင်ပါတယ်။



ပန်ဒိုရာရေးထားတဲ့ "စည်း" ဆိုတဲ့ကဗျာ၊ "အသံမဲ့တေးတစ်ပုဒ်" နဲ့ "လေယူရာတိမ်းစိမ်းတတ်သည်" ဆိုတဲ့ ဝတ္ထုတိုနှစ်ပုဒ်ကို ဖော်ပြထားပါတယ်။   လေယူရာတိမ်းစိမ်းတတ်သည် ဆိုတဲ့ ဝတ္ထုတိုလေးကို အလွယ်တကူဖတ်ရှုနိုင်ဖို့ ဒီမှာတင်လိုက်ပါတယ်။




လေယူရာတိမ်း စိမ်းကြသည်


မြစ်ကမ်းနဖူးတွင် ထီးထီးမားမား ပေါက်ရောက်နေသည့် အုပ်ဆိုင်းနေသော ညောင်ပင်ကြီးတွင် ညောင်မုတ်ဆိတ်တို့ ဖားလျားကျနေသည်ကို အဝေးမှပင် မြင်နိုင်ပါသည်။   မြစ်ကိုဖြတ်သန်းကာ တိုက်ခတ်လာသော အေးစက်နေသည့် လေတို့က ညောင်ရွက်များကို ဖြန်းကနဲ လှုပ်ခါသွားစေသည်။ ကောင်းကင်က တရိပ်ရိပ် မှိုင်းလာခိုက် လေတိုးသံများ တဝေါဝေါ ဆူညံလာသည်။ မကြာမီ မိုးရွာတော့မည်။ 

အပြေးအလွှား အိပ်တန်းတက်ရန် ပျံလာသော ငှက်တစ်အုပ်မှလွဲ၍ လူသူတိတ်ဆိတ်နေသော ညောင်ပင်ကြီးအနီးသို့ ခပ်သုတ်သုတ် လျှောက်လှမ်းလာသူမှာ အမျိုးသားတစ်ဦး ဖြစ်သည်။ သူသည် ညောင်ပင်အောက်က သစ်မြစ်ပေါ်တွင် ခဏထိုင်ကာ နားမည်ဟန် ပြင်ပြီးမှ တစုံတရာကို သတိရလိုက်သလိုလို ဆတ်ကနဲ ပြန်ထလိုက်သည်။   ဒီနေရာကို ရောက်ရင်သတိထား တဲ့။ ဒီနေရာဟာ အထူးသဖြင့် အခုလို နေဝင်ရီတရောအချိန်တွေမှာ…။
သူ့အတွေးမဆုံးခင် အသံတစ်သံကို ကြားလိုက်ရသည်။ ခပ်တိုးတိုး ငိုရှိုက်သံ။ ပိုပြီး တိတိကျကျ ပြောရလျှင် မိန်းကလေးတစ်ဦး၏ ငိုရှိုက်သံပါလား။ သူ ရှေ့ဆက်သွားရင် ကောင်းမလား။ ရှိုက်သံကို ခြေရာခံရင် ကောင်းမလား ဝေခွဲမရနိုင်ခင်မှာပင် ခြေသံတရှပ်ရှပ်ကို ကြားလိုက်ရသည်။ 

ရှည်လျားသော ဆံနွယ်၊ သွယ်လျသော ကိုယ်ခန္ဓာ၊ ဝင်းဝါစိုပြည်သော အသားအရည်ဖြင့် စိမ်းဖန့်ဖန့် အထက်အောက်ဝတ်စုံကို ဆင်မြန်းထားသူ မိန်းမပျိုတစ်ဦးသည် သူရှိရာကို လျှောက်လာပါသည်။ သူ့အနားကိုရောက်လာသော မိန်းကလေးသည် ကော့ရွှန်းသော မျက်တောင်များကို တဖျတ်ဖျတ်ခတ်ရင်း ဖွေးဖွေးဥဥ ပါးပြင်ပေါ်မှ မျက်ရည်များကို လက်ကိုင်ပုဝါ အစိမ်းနုကလေးဖြင့် ရွရွသုတ်သည်။ အစ်ကို.. ညောင်ညိုရွာကို သွားမလို့မဟုတ်လားဟင်။ ကျွန်မလူကြုံပစ္စည်းလေး ထည့်ပေးချင်လို့ပါနော် ဟု ငိုသံ တုန်တုန်ယင်ယင်ဖြင့် ဆိုလာသည်။  

မိန်းကလေး၏ ချစ်စဖွယ်မျက်နှာက သူ့ကို သနားကြင်နာစိတ်တို့ ပေါ်ပေါက်လာစေသည်။ ဘယ်သူ့ကို ပေးရမှာလဲ ဘယ်သူက ပေးလိုက်တယ်လို့ ပြောရမှာလဲ ဟု သူ အလိုအလျောက် ပြောဖြစ်သွားသည်။ ရွာဦးက ဘုန်းကြီးကျောင်းမှာ ကပ္ပိယလုပ်နေတဲ့ ကိုမောင်ရင် ဆိုတာ ရှိပါတယ်။ နှင်းနုက ပေးလိုက်တယ်လို့ ပြောလိုက်ပါနော် ဟုပြောတော့ ကောင်းပါပြီဗျာ ဘာကို ယူသွားရမလဲ ဟု ပြန်မေးလိုက်သည်။ ကျွန်မရဲ့ အသည်းနှလုံး။  ဟင်..။ သူ နားကြားလွဲသလားဟု အံ့သြနေစဉ် နှင်းနုဆိုသူ မိန်းမပျိုက သူမ၏ဘယ်ဘက်ရင်အုံကို လက်ချောင်းများဖြင့် သူမဘာသာ ဆတ်ကနဲ ထိုးနှိုက်လိုက်သည်။ 

ရင်ဘတ်ကြီး ပွင့်အံသွားပြီး လက်ဖဝါးပေါ် ပါလာသည်က သွေးစက်များ တတောက်တောက်ကျကာ တုန်ယင်နေသော အသည်းနှလုံး တစ်ခု…။ 

{{{{{{အား}}}}}}

……………………..

(((((((အား)))))))

ဗွီဒီယိုမှန်သားပြင်ပေါ်ဝယ် ပေါ်လာသော နှင်းနု၏ ပြောင်းလဲသွားသော ကြောက်မက်ဖွယ် ရုပ်အဆင်းကို သားငယ်လေးက သူ့မျက်နှာကို အုပ်ကာထားသော လက်ချောင်းများကြားမှ မရဲတရဲ ချောင်းပြီး ကြည့်လိုက်သည်။ ကြောက်လည်းကြောက် မကြည့်ဘဲလည်း မနေနိုင်။ သရဲတစ္ဆေဗွီဒီယိုများကို အလွန်နှစ်သက်တတ်သော သူ့ကို ဖေဖေ မေမေတို့က မကြည့်ရန် တားမြစ်ထားသည်။ ယခု အိမ်သားအားလုံး အလှူတစ်ခုသို့သွားနေခိုက် နေမကောင်းဘူးဟု အကြောင်းပြချက်ဖြင့် သူတစ်ယောက်တည်း အိမ်မှာနေကာ လမ်းထိပ်က ဗွီဒီယိုအငှားဆိုင်မှ စိတ်ကြိုက်ငှားရမ်းပြီး ကြည့်နေခြင်းဖြစ်ပါသည်။ ကားနာမည်က “မြစိမ်းဒေဝီ နှင်းနုရည်” တဲ့။ အရမ်းကြောက်ဖို့ကောင်းတယ်နော် အဖော်နဲ့ကြည့် ဟု ဗွီဒီယိုငှားသူက ပြောလိုက်သေးသည်။ 

မိုးရွာလာသဖြင့် ဗွီဒီယိုကို pause နှိပ်ကာ ခေတ္တ ရပ်ထားလိုက်ပြီး မှန်ပြတင်းများကို သွားပိတ်လိုက်သည်။ လေပွေရူးက အနီးအနား တိုက်ခန်းများမှ ပြတင်းပေါက်များကို ဒုန်းဒုန်းဒိုင်းဒိုင်း ခါရမ်းသွားစေသည်။ ဒီလို မိုးဦးကျ အချိန်မျိုးမှာ အချိန်မရွေး ရွာလာတတ်သော မိုးက အတော့်ကို ဒုက္ခပေးတတ်သည်။ အဲဒီလို လေပြင်းပါလာသော မိုးဆိုလျှင် အဆင်မသင့်ပါက ဓာတ်ကြိုးများ ထိခိုက်ကာ မီးက ပျက်သွားတတ်သေးသည်။ 

တွေးနေရင်းမှာပင် တိုက်ခန်းတစ်ခုလုံး ဖျတ်ခနဲ မှောင်အတိ ကျသွားသည်။ ကျွတ်..။ တစ်ခါတလေလေး အိမ်မှာ လွတ်လပ်ရေးရလို့ တစ်ယောက်တည်း စိတ်ကြိုက် ဗွီဒီယိုကြည့်ပါမယ်ဆိုမှ မီးက ပျက်ရတယ်ကွာ။ သားငယ်လေးက ညည်းတွားရင်း အရေးပေါ်အယ်အီးဒီ မီးအိမ်လေးထားလေ့ရှိသည့်  စားပွဲရှိရာကို စမ်းတဝါးဝါး သွားသည်။ တိတ်ဆိတ်မှောင်မဲသွားသော တိုက်ခန်းလေးထဲတွင် တိုင်ကပ်နာရီအသံကိုသာ တချောက်ချောက် နှင့် ကြားနေရပါသည်။ မီးအိမ်လေးက တော်တော်နှင့်ရှာမရပါ။ ထိုစဉ် အယ်စီဒီဖန်သားပြင်က ရုတ်တရက် ပြန်လင်းလာပြီး အသံများဆူဆူညံညံ မြည်လာသည်။

ဟင်.. မီးပျက်ပေမယ့် ဗွီဒီယိုက ဆက်လာနေပါလား။ သူ တအံ့တသြ ရေရွတ်၍မဆုံးခင် ဗွီဒီိယိုထဲမှ အရိပ်များ လှုပ်ခတ်လာသည်။  နှင်းနုသည် ညောင်ပင်အောက်မှ ရှေ့တူရူသို့ တစ်လှမ်းချင်း လျှောက်လာသည်။ ဖန်သားပြင်ထက်ဝယ် တဖြည်းဖြည်း အနီးကပ်ပြလာသော နှင်းနု၏ မျက်နှာသည် သူ့ကို မျက်နှာချင်းဆိုင် ကြည့်ုလိုက်ပြီး  မဲ့ပြုံးပြုံးလိုက်သည်။ သွယ်လျလျ လက်ချောင်းကလေးများကို သူရှိရာတည့်တည့်သို့ ဆန့်ထုတ်လိုက်သည်။ 

လက်ချောင်းများသည် ရှည်လျားသထက် ရှည်လျားလာသည်။ နောက်ဆုံး အယ်စီဒီ ဖန်သားပြင်ကို ထွင်းဖောက် ဖြတ်သန်းကာ သူ၏ လက်မျိုဆီသို့……။

{{{{{{အား}}}}}}

……………………..

(((((((အား)))))))

ရုပ်ရှင်ရုံထဲတွင် ဇတ်လမ်းကို နစ်မျောနေသော ပရိတ်သတ်အားလုံး လန့်အော်လိုက်ကြသည်။ ဆွိလေးသည် ကိုကို့လက်မောင်းကို တင်းတင်း ဖက်ထားလိုက်သည်။ မကြောက်နဲ့ ကိုယ်တစ်ယောက်လုံးရှိတယ်လေ ဟု ဆွိလေးလက်ဖျားလေးတွေကို ကိုကိုက ဖွဖွဆုပ်ကာ ပြောလိုက်သည်။ 

အစကတည်းက ပြောသားပဲ။ ဒီ “ဗွီဒီယိုသရဲ” ဆိုတဲ့ရုပ်ရှင်က ဗွီဒီယိုထဲက သရဲမကြီး ထွက်လာပြီး ကလေးကို ခြောက်တဲ့ကားလေ။ ပြီးရင် တစ်အိမ်သားလုံးကို တစ်ယောက်ပြီးတစ်ယောက်….။ 

အရမ်း ကြောက်စရာကောင်းပြီး ကြမ်းတဲ့ အခန်းတွေ သိပ်များလို့ ဆယ့်ရှစ်နှစ်အောက် မကြည့်ရဘူးလို့တောင် တားထားတယ် မဟုတ်လား ဟု ကိုကိုက ဆိုလာသည်။

ကိုကိုက ဆယ့်ကိုးနှစ် ဆိုပေမယ့် ဆွိလေးက အခုမှ ဆယ့်ခုနှစ်နှစ် ပြည့်ပြီး တစ်လကျော်ရုံသာ ရှိသေးသည်လေ။ သို့သော် ပေါ့လျော့သော ဝန်ထမ်းတို့အလစ်မှာ ရုပ်ရှင်ရုံထဲ ခပ်တည်တည်ဖြင့် ဝင်လာခဲ့ကြသည်။ အခုတော့ ဆွိလေးမှာ အရမ်းကို ကြောက်နေရပြီ။  ဆက်မကြည့်ချင်တော့ဘူးဆိုရင် အပြင်ကိုထွက်မယ်လေဟု ကိုကိုကပြောသည်။ လာပါ ဆွိလေးကြောက်နေပြီမဟုတ်လား ဟု လက်ကိုဆွဲကာ ထိုင်ရာမှ ထတော့ ဆွိလေးလည်း နောက်က ပါလာတော့သည်။

အပြင်မှာ မိုးက တဖွဲဖွဲရွာနေသည်။ ကောင်းကင်က ညို့ဆိုင်းနေသည်။ အချိန် တစ်နာရီလောက် ရသေးတယ်နော်ဟု   ကိုကိုက မချိုမချဉ်ပြုံးကာ ဆိုသည်။ အဲဒီနောက် ကိုကို ဇွတ်အတင်း ခေါ်ရာနောက်သို့ ဆွိလေးသည်  တထိတ်ထိတ် ရင်ခုန်စွာ လိုက်လာခဲ့သည်။ 
ချစ်သူဖြစ်ကြတာ နှစ်လလောက် ရှိပြီဆိုပေမယ့် မုန့်သွားစား  ရုပ်ရှင်သွားကြည့် အဆင့်လောက်သာ တွဲသွားတွဲလာခဲ့သော ဆွိလေးသည် ကိုကိုနှင့် နှစ်ဦးချင်း တိတ်တဆိတ် တွေ့ဆုံမှုမျိုးကို တစ်ခါမှ ရင်ဆိုင် မကြုံခဲ့ဖူးသေး။

တိုက်ဟောင်းကြီးမှာ  တိတ်ဆိတ်နေသည်။ တံခါးကို တွန်းဖွင့်လိုက်တော့ ဆီမထည့်တာ ကြာပြီဖြစ်မည့် ပတ္တာသံက တကျွီကျွီ မြည်လာသည်။ ကိုကိုသည် တံခါးကို ပြန်ပိတ်ပြီးနောက် ဂျက်ချထားလိုက်သည်။  မိုးတွေပက်မှာ စိုးလို့ပါ ဟု ပြုံးစိစိဖြင့် ပြောသည်။  ပင့်ကူမျှင်များဖြင့် ပိတ်ဆို့နေသော တိုက်ကြီးထဲမှ လင်းနို့များ ဖြန်းခနဲ ထပျံထွက်လာတော့ ဆွိလေးက အမေ့ ဟု လန့်အော်ကာ ကိုကို့ကို လှမ်းဖက်လိုက်မိသည်။ ကိုကိုကလည်း ဘယ်လိုနေရာမျိုးကို ခေါ်လာပါလိမ့်လေ။

မကြောက်ပါနဲ့ဆွိလေးရယ်ဟု ကိုကိုကပြောရင်း ဆွိလေး မေးစေ့လေးကို  ဆွဲမော့လိုက်သည်။  ကိုကို့မျက်နှာသည် ဆွိလေး၏ ပါးပြင်ကို တိုးကပ်လာသည်။ ထို့နောက် တဖြည်းဖြည်း အောက်ကိုလျှောကာ ဆွိလေး၏ လည်တိုင်ဆီသို့.. ။

အိုး…. မမျှော်လင့်ဘဲ ဗြုန်းဆို ဖျိုးဖျင်းနာကျင်သော အထိအတွေ့။ ဆွိလေး လည်ပင်းကို ပွတ်လိုက်တော့ သွေးစက်နီနီများက လက်ချောင်းပေါ်မှာ စေးကပ်ပါလာသည်။ ဟင်.. ဒါက ဘာသဘောလဲ။ 

အလန့်တကြား တွန်းဖယ်ရင်း ကိုကို့မျက်နှာကို ကြည့်လိုက်မိသည်။ မီးဝင်းဝင်းတောက်နေသော မျက်လုံးအစုံနှင့် သွေးသံရဲရဲ ပေလူးနေသော သွားစွယ်ချွန်ချွန်ထက်ထက်များ..။

{{{{{{အား}}}}}}

……………………..

(((((((အား)))))))

အာမေဠိတ်သံကို ရေးချအပြီးမှာ လက်ထဲက ဖောင်တိန်ကို ဘေးကို ခဏ ချထားလိုက်သည်။ အဲဒီလို ဝတ္ထုတစ်ပုဒ်ကို စိတ်နှစ်ပြီးရေးလိုက် ရသည့် အရသာကို မောင်မောင်က သိပ်နှစ်သက်သည်။  

 “ဆယ်ကျော်သက်တို့၏ သွေးစုတ်ဖုတ်ကောင် ဇာတ်လမ်းတွဲများ” နှင့် နာမည်ကျော်ကြားနေသော စာရေးဆရာ “ကဝေမောင်မောင်” ၏  စိတ်ဝင်စားဖွယ် ဇာတ်လမ်းသစ်တစ်ပုဒ်သည် ပရိသတ်များကြားသို့ မကြာမီ ရောက်ရှိလာဦးမည်ပေါ့။ ဒီလို သွေးစုတ်ဖုတ်ကောင် ဇာတ်လမ်းမျိုးဟာ အခုလို မိုးစွေနေတဲ့ အချိန်တွေမှာ အလိုက်ဖက်ဆုံးပဲ။ အိမ်ခေါင်မိုး အုတ်ကြွပ်ပြားပေါ်မှ ရေတံလျောက်ဆီသို့ တဖောင်းဖောင်း တဗျောင်းဗျောင်းကျနေသော မိုးသံများကို မောင်မောင်က အရသာခံ နားထောင်နေလိုက်သည်။

ဤအိမ်ကြီးကို ဝယ်ကတည်းက အခုကို ကိုယ်ပိုင်စာကြည့်ခန်းမှာ တစ်ယောက်တည်း အေးအေးဆေးဆေး စာရေးစာဖတ်ဖို့ ကိုယ်ပိုင်လွတ်လပ်ခွင့် ရခဲ့သည်။ ဒီအိမ်ကို မဝယ်ခင်က လှေခါးတွေ အဆင့်ဆင့်၊ အဆောင်ဆောင်အခန်းခန်းနှင့် သည်လိုအိမ်မျိုးက ခိုက်တတ်သည်ဟု အတော်များများက ပြောကြသေးသည်။ မောင်မောင်ကတော့ မမှုပါ။ 

ချစ်ဇနီးကလည်း မောင်မောင် သေဆိုသေ ရှင်ဆိုရှင် မောင်မောင့်အလိုကျ ဆိုတော့ ဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ခြင်းမရှိ။ တကယ်တော့ အခုလို မြို့နဲ့ဝေးပြီး အေးချမ်းဆိတ်ငြိမ်သည့် ခြံထဲမှာ ခန့်ခန့်ညားညား ဆောက်လုပ်ထားသည့် ကိုလိုနီခေတ်လက်ကျန် ရှေးဟောင်းအိမ်ကြီးကို အိမ်တွင်း ပရိဘောဂများပါ အပြည့်အစုံ ဝယ်ခွင့်ရလိုက်သည်ကပင် အလွန်အဖိုးတန်သော အခွင့်အရေးတစ်ရပ် မဟုတ်ပါလား။ 

ဤအိမ်ကြီးသည် ဇနီးမောင်နှံနှစ်ဦး၊ အိမ်အကူတစ်ဦးနှင့် ခြံစောင့်တစ်ဦးသာ နေထိုင်သော မိသားစုသေးသေးလေးအတွက် ကျယ်ဝန်းလွန်းနေသော်လည်း လျှို့ဝှက်သည်းဖို ဂမ္ဘီရ သရဲတစ္ဆေ အကြောင်းအရာများကို အထူးပြုသော စာရေးဆရာတစ်ဦးအတွက်တော့ စူးစမ်းစရာများဖြင့် ပြည့်နှက်လို့နေသည်။ ရှေးဟောင်းပန်းအိုးများ၊ ပန်းချီကားချပ်များ၊ အနုစိတ်သော ကနုတ်ပန်းလက်ရာများဖြင့် ထွင်းထုထားသော စားပွဲကုလားထိုင်များက မောင်မောင့်ကို ဆွဲဆောင်နိုင်လှသည်။  

အခန်းဝမှ လိုက်ကာစက ရုတ်တရက်လှုပ်ခတ်သွားသည်။ မောင်မောင်သည် ရေးလက်စ စာမူများကို ဖောင်တိန်ဖြင့်ဖိကာ စားပွဲပေါ်မှာ ထားခဲ့လိုက်ပြီး အပြင်ကို ထွက်ကြည့်လိုက်သည်။ လေမတိုက်ဘဲနဲ့ ဘာလို့လှုပ်တာလဲ။ အခန်းဝက ကြည့်လိုက်တော့ အရိပ်တစ်ခုက အိမ်အပေါ်ထပ်ကို ပြေးတက်သွားသလိုလို။ သူခိုးသူဝှက်များလား..။ 

သူက လှေခါးထစ်တွေပေါ်ကို အမြန်တက်လိုက်စဉ်မှာ အရိပ်ကို မတွေ့ရတော့။  ထိုစဉ် ခြေသံဖွဖွကို ကြားလိုက်ရပြန်သည်။ ဘေးဘီကို လှည့်ပတ်အကဲခတ်နေတုန်း သူ့ပခုံးနောက်မှ ဖူးခနဲ အေးစက်စက် တိုက်ခတ်သွားသော လေကို ရုတ်တရက် ခံစားလိုက်ရသည်။

ခေါင်းကို ချာခနဲအလှည့်မှာ လှေခါးထိပ်ပေါ်မှ အမျိုးအမည် မဖော်ပြနိုင်သော သဏ္ဍာန်တစ်ခုက သူ့ကို စူးစူးရဲရဲ ကြည့်နေသည်ကို တွေ့လိုက်ရသည်။

{{{{{{အား}}}}}}

……………………..

(((((((အား)))))))

အခန်းတံခါးကို တွန်းဖွင့်လိုက်သည်နှင့် အခန်းထဲတွင် မြင်ရသော မြင်ကွင်းကြောင့် အေး ယောင်ယမ်းကာ အော်လိုက်မိသည်။ ဘုရား ဘုရား..။ စားပွဲပေါ်မှာ ပြန့်ကျဲနေသော စာရွက်များနှင့် ဖောင်တိန်တစ်ချောင်း။ 

စာရေးစာဖတ်ကို ဝါသနာထုံလှသော ကိုမောင်မောင် လှေခါးပေါ်မှ လိမ့်ကျကာ ရုတ်တရက် ဆုံးပါးသွားကတည်းက အဲသည်စာကြည့်ခန်းထဲကို ဘယ်သူ့ကိုမှ ပေးမဝင်ခဲ့တာ ကြာလှပေါ့။ အခန်းရှင်းဖို့ ဝင်ကြည့်လိုက်တိုင်း သည်လို တစ်ခုမဟုတ်တစ်ခု ခြေရာလက်ရာ ပျက်နေတာကို တွေ့နေရသည်လေ။ ပြတင်းပေါက်တံခါးများကို ဂျက်ချရုံသာမက သော့ပါခတ်ထားသော ဤအလုံပိတ်အခန်းထဲတွင် မည်သည့် ကြွက်တစ်ကောင် ကြောင်တစ်မြီးမှ ဝင်လာစရာအကြောင်း မရှိပါ။

ပြတင်းပေါက်တစ်ပေါက်ကိုဖွင့်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ မိုးစက်မိုးပေါက်များက အေး မျက်နှာကို လှမ်းရိုက်သည်။ ကောင်းကင်မှောင်မှောင်အောက်မှ လျှပ်ကြိုးလျှပ်နွယ်များကို ဖြိုးဖြိုးဖျတ်ဖျတ် တွေ့လိုက်ရပြီးနောက် မိုးခြိမ်းသံ ဂျိမ်းခနဲ ကြားလိုက်ရသည်။ ခပ်လှမ်းလှမ်းတွင် ရိုးတိုးရိုတ်တိတ် လှမ်းမြင်နေရသော တောတန်းကလေးဘက်မှ ခွေးအူသံရှည်က ဆွဲဆွဲငင်ငင် ထွက်ပေါ်လာသည်။

မမလေး မမလေး..။ ခေါ်သံကြားသဖြင့် တံခါးများကို သေသေချာချာပြန်ပိတ်ပြီး အိမ်တံခါးဝဆီသို့ ထွက်လာခဲ့သည်။ တံခါးဖွင့်ကြည့်လိုက်သောအခါ ခြံစောင့်ကြီးကို တွေ့လိုက်ရသည်။ ဧည့်သည်တစ်ယောက်က အိမ်ထဲမှာ ခဏလောက်မိုးခိုချင်လို့ပါ ဟု  ခြံစောင့်ကြီးက အသံသြသြကြီးဖြင့် ပြောလိုက်သည်။

ခြံစောင့်ကြီး၏ နောက်တွင် နွမ်းနယ်နေဟန်တူသော အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရသည်။ ခရီးဝေးက လာခဲ့တာ လမ်းခုလတ်မှာ အရမ်းပင်ပန်းနေလို့ မိုးဝင်ခိုပါရစေဗျာ။ အမျိုးသား၏ အသံက မောဟိုက်နေသည်။ အေးသည် အားတုံ့အားနာဖြင့် အမျိုးသားကို ဧည့်ခန်းထဲကို ဝင်ရန် ဖိတ်ခေါ်လိုက်သည်။

အိမ်အကူမိန်းကလေး ဖျော်လာပေးသော ကော်ဖီတစ်ခွက်ကို ဧည့်သည်က ကုန်စင်အောင် သောက်ပြီးချိန်တွင် မိုးလည်းစဲနေပြီ။ စကားတစ်ခွန်းမှ ဆက်လက်မပြော၊ အိမ်သားများအကြောင်းကို စပ်စုခြင်းလည်းမပြုဘဲ တည်တည်ငြိမ်ငြိမ် ထိုင်နေသော ထိုဧည့်သည်၏ မျက်နှာမှာ ဖြူဖတ်ဖြူရော်နိုင်လှသည်။ အေးသည် အနားမှ တိတ်တဆိတ်သာ ထိုင်ကြည့်နေလိုက်ပါသည်။ ခဏကြာသောအခါ ဧည့်သည်လည်း ထိုင်ရာမှထသည်။

အေးသည် တံခါးဝအထိ ဧည့်သည်ကို လိုက်ပို့ရန်ပြင်သည်။ ဧည့်သည်က ခြံစောင့်ကြီး၏ နောက်သို့လိုက်ကာ လှည့်ထွက်သွားသည်။ ထိုစဉ် မမျှော်လင့်ဘဲ တွေ့လိုက်ရသည်မှာ ထိုအမျိုးသား၏ နောက်စိတွင် ဦးနှောက်ဖြူဖြူများ ထွက်ကျနေသော အပေါက်ကြီးတစ်ပေါက်…။

{{{{{{အား}}}}}}

……………………..
(((((((အား)))))))

ခြံဝင်းတံခါးဝမှ ထွက်လာသော ဧည့်သည်သည် ခြေလှမ်းလေးငါးလှမ်း လှမ်းအပြီးတွင် အမှတ်မထင် နောက်ကို ပြန်လှည့်ကြည့်လိုက်သော အခါ ရုတ်ချည်း ဗလာဟင်းလင်း ကွင်းပြင်ကြီးကို တွေ့လိုက်ရသဖြင့် လွှတ်ခနဲ အော်မိသည်။ စောစောက တွေ့ခဲ့သည့် ခြံစောင့်ကြီး၊ အမျိုးသမီး နှင့် အိမ်ကြီး ဘယ်ရောက်သွားပါလိမ့်။ မယုံနိုင်သဖြင့် မျက်စိကို အခါခါပွတ်သော်လည်း အရာရာမှာ ရှင်းလင်းနေသည်။ 

မိုးတိတ်သွားပြီဆိုပေမယ့် ကောင်းကင်က အုံ့နေသေးသည်။ ပဟေဠိအတွေးများဖြင့် ခပ်သုတ်သုတ် ဆက်ထွက်လာစဉ် တဒေါက်ဒေါက် အသံကို ကြားလိုက်ရသည်။ ရှည်လျားပွေလီသော မုတ်ဆိတ်ဖြူဖြူများဖြင့် အဘိုးကြီးတစ်ဦးသည် တောင်ဝှေးတစ်လက်ကို ထောက်ကာ  တုန်တုန်ချိချိဖြင့် ရှေ့မှလျှောက်သွားနေသည်ကို တွေ့လိုက်ရသည်။ သူသည် အားတက်လာပြီး အဘိုးကြီးကို လှမ်းခေါ်လိုက်သည်။ အဘ.. အဘက ဒီအရပ်ကလားဟင် ဟု မေးမြန်းလိုက်သည်။
အဘိုးကြီးသည် မျက်ခုံးပေါ်သို့ လက်ဖဝါးလေး အုပ်မိုးကာ မျက်လုံးများ တွန့်ကွေးအားယူပြီး သူ့ကိုကြည့်သည်။ ဟုတ်ပါတယ် ငါ့မြေးရယ် ဟု အက်ကွဲရှတနေသော အသံဖြင့် ဆိုလာသည်။ 

ကျွန်တော်စောစောက ဒီနေရာမှာ အိမ်ကြီးတစ်လုံးနဲ့ ခြံစောင့်ရယ် အမျိုးသမီးတစ်ယောက်ရယ် တွေ့လိုက်ပါတယ်။ အဲဒီအိမ်မှာတောင် ခဏ မိုးဝင်ခိုလိုက်သေးတယ်။ အခု လှည့်ကြည့်လိုက်တာ့ ဘာမှမရှိတော့ဘူး ဘယ်လိုဖြစ်တာပါလိမ့် ဟု သူက ဆက်လက် မေးမြန်းလိုက်ပါသည်။

အင်း..။ အဘိုးကြီးက သက်ပြင်းရှည်ကြီးကို ချလိုက်သည်။ အဲဒီအိမ်ကြီးရော အဲဒီမိသားစုပါ မီးလောင်ပြီး ကွယ်လွန် သွားကြတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီပေါ့ ဟု အဘိုးအိုက ဆိုလိုက်သောအခါ သူ ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။

ဒီနေရာက ထူးထူးဆန်းဆန်း အရာတွေနဲ့ ပြည့်နှက်နေတယ်ကွဲ့ဟု အဘိုးအိုက ဆက်ပြောသည်။ အေး.. အဲဒီရှေ့က ညောင်ပင်ကြီးတစ်ပင်ကို ဖြတ်ကျော်သွားပြီးရင်တော့ ညောင်ညိုရွာဆိုတဲ့ ရွာလေးတစ်ရွာကို ရောက်ပါလိမ့်မယ်။ တစ်ခုတော့ရှိတယ် ငါ့မြေးရေ။ အဲဒီညောင်ပင်အောက်မှာတော့ ယောင်လို့တောင်မှ ခဏ မနားလိုက်လေနဲ့။ အထူးသဖြင့် အခုလို နေဝင်ရီတရောအချိန်တွေမှာ အမြန်ဆုံးသာ ဖြတ်ကျော်သွားပေတော့ ဟုပြောရင်း အဘိုးကြီးက လက်ဆန့်တန်းကာ ညွှန်ပြလိုက်သည်။ 

အဘိုးအို ညွှန်ပြရာ အဝေးဆီကို လှမ်းမျှော်ကြည့်လိုက်တော့ မြစ်ကမ်းနဖူးတွင် ထီးထီးမားမား ပေါက်ရောက်ကာ ညောင်မုတ်ဆိတ်တို့ ဖားလျားကျနေသော အုပ်အုပ်ဆိုင်းဆိုင်း ညောင်ပင်ကြီးကို မြင်လိုက်ရသည်။  မြစ်ပြင်ကို ဖြတ်သန်း တိုက်ခတ်လာသော လေအဝှေ့ဝယ် ညောင်ရွက်များက ဖြန်းခနဲ လှုပ်ခါသွားသည်။ ကောင်းကင်က တရိပ်ရိပ် မှိုင်းလာခိုက် လေတိုးသံများ တဝေါဝေါ ဆူညံလာသည်။ မကြာမီ မိုးတစ်ချီ ရွာပေဦးမည်။



ပန်ဒိုရာ
၂၄-၂၅.၆.၂ဝ၁၂

 

5 comments:

မီးချစ် said...

အောင်မလေး ကြိုက်လိုက်တာ အမရယ်.. ကြောက်လည်းကြောက်တယ်.. အ၇မ်းမိုက်တယ်

YoungGun said...

မျက်စိလည် ရောက်လာတယ်. ရေးချက်က သတိုးတေဇ ကျဆုံးသွားလောက်တယ်. အစ်မရေ.. မထင်မှတ်တာတွေ ချိုးကွေ့လိုက်တိုင်း အေးခနဲ ခံစားရတယ်

khin oo may said...

http://burmese.voanews.com/content/interview-with-poet-pandora-part-two/1551708.html

ကိုကိုမောင်(ပန်းရနံ့) said...

ဖတ်ရင်း ဖတ်ရင်း အိပ်မက်ထဲ သရဲခြောက်ခံနေရသလိုလို။

Syed Ali Ather Rizvi said...

I am looking for someone who can translate Burmese language to english. We are based in NJ, USA and pay reasonable amount for any translation work.

Please email me with your contact details at ali@industranslation.com.

Thanks,

Ali