သန္တဟာ သန္တာန်ထဲ
(အိုင်အိုဝါသို့)
နံနက်ခင်းက မနိုးသေး
နှိုးစက်သံမရှိ နှိပ်စက်ခြင်းလွတ်တဲ့
အိပ်မက်ထဲက ညင်သာ လူးလွန့်ရုံလေး ငါ့ခန္ဓာ ကြွထ
ပြတင်းပေါက်အပြင်မှာ မြစ်နဲ့ တံတားကလေး သက်ငြိမ်
သုံးဖက်ချွန်သစ်ရွက်ကလေးတွေ ဝေ့ဝဲ လေထုထဲ အညစ်အကြေးမပါ
စာတမ်းလေးတစ်ခုနဲ့ လည်ချောင်းနာတာလေးတစ်ခုသာ
ဖိစီးမှုရှိ
ကျန်အရာအားလုံးဟာ လေဟာနယ်ထဲ ဆွဲငင်အားမဲ့
ကျောပိုးအိတ် ကင်းဗတ်ဖိနပ် တီရှပ် အားကစားဘောင်းဘီတို
နှိမ့်ချတဲ့အဆောင်အယောင် မြင့်မားတဲ့ သင်ခန်းစာ
ဖြန့်ထားတဲ့ လက်ဖဝါး ဖွင့်ထားတဲ့ ဦးနှောက်
အမိုးချွန်ချွန်လေးတွေ အနီရောင်မှိုင်းမှိုင်း
အဖြူရောင်သန့်သန့်
အပြောင်အလက် အထိုးအထောင်တွေ ကင်းစင်
အနှေးမြင်ပြကွက်တွေဟာ တငြိမ့်ငြိမ့် တလိမ့်လိမ့်
သြော်… သူတို့ရဲ့ တက္ကသိုလ်
မလုပ်ချင်တာတွေကို မလုပ်လိုတဲ့အချိန်မှာ မေ့ထား
အိပ်ရာဘေး ညမီးဆိုင်းဝါဝါကလေးကို လှည့်ဖွင့်
မဖြီးသင်ရသေးတဲ့ဦးခေါင်း မသန့်စင်ရသေးတဲ့
ကိုယ်ငွေ့
ဒိန်ခဲအကြေအမွတွေ ပေါင်မုန့်အကျိုးအကြေတွေ
ခွဲစိတ်ထားပြီးသား သစ်သီးစုံ အစအနကလေးတွေ
ရေခဲအိတ်ထဲက ပျော်လက်စ ရေခဲတုံးကလေးတွေ
အနားမှာရှိသမျှတွေကို ဝမ်းဗိုက်ကြီးထဲကောက်ထည့်
ပြီး လှေ ခါး ထစ် တွေ တစ် ထစ် ပြီး တစ် ထစ်
ချင်း
နင်း
ဆင်း
လာ။
ပန်ဒိုရာ
၃၀-၃၁.၈.၂၀၁၂
(အေးအေးဆေးဆေး နေ့ရက်များမှာ အမှတ်တရ ရေးဖြစ်ခဲ့တဲ့ ကဗျာတစ်ပုဒ်ဖြစ်ပါတယ်။)
3 comments:
အိုင်အိုဝါ နေ့ရက်လေးတွေအကြောင်း ဆောင်းပါးလဲ ဖတ်ချင်သေးတယ် ပန်ပန်ရေ ... ။
သန္တဟာ သဏ္ဌာန်မဲ့
ကဗျာကောင်းကောင်းတွေရေးနိုင်ပါစေ...
Post a Comment