Monday, December 31, 2012

နှစ်သစ်ကူးညမှာလည်း ငှက်တွေဟာ စိတ်ဆိုးနေကြသတဲ့ (ဝက်တစ်ကောင်၏ ပြောပြချက်)



နှစ်သစ်ကူးညမှာလည်း ငှက်တွေဟာ စိတ်ဆိုးနေကြသတဲ့ (ဝက်တစ်ကောင်၏ ပြောပြချက်)

တကယ်ဆိုရင် ဘိုးဘေးဘီဘင် လက်ထက်ကတည်းက စတဲ့ ဇာတ်လမ်း၊ နင်မဟုတ်ရင်လည်း နင့်အဖေပဲ ဖြစ်မယ်ဆိုတဲ့ ဝံပုလွေနဲ့ သိုးငယ် ပုံပြင်ထဲကလို ဘယ်မျိုးဆက်အထိ မဆုံးနိုင်တဲ့တိုက်ပွဲ ဖြစ်မလဲ၊ အကောင်တောင် မပေါက်သေးတဲ့ ဥကလေးတွေ လစ်ပြေးမိတာကိုများ၊ သားသမီးဇောလား၊ ကလဲ့စားခြေတာလား၊ ယုံကြည်မှုအတွက်လား၊ ဂုဏ်သိက္ခာအတွက်လား၊ မျက်ကန်းမျိုးချစ်လား၊ အထက်အမိန့်လား၊ ဝါဒတစ်ခုခုရဲ့ လက်ပါးစေလား၊ မျိုးရိုးထုံးစံမို့ လိုက်လုပ်နေကြတာလား၊ သူများကို ဖျော်ဖြေဖို့ သက်သက်လား၊ ကိုယ့်ကိုယ်ကိုခွဲခြေ အသေခံတိုက်ဖို့ ဝန်မလေးတဲ့ လက်မရွံ့တွေ၊ သူတို့မှာက အဖွဲ့အစည်းနဲ့ အကြံပေးနဲ့ ဥပဒေသနဲ့ လက်နက်မျိုးစုံ ပါဝါမျိုးစုံ ရှိတယ်၊ ဆရာကြီး အနီလုံးက ကာယဗလ အားကိုး၊ လက်စွဲတော် အဝါကောင်က အရှိန်ပြင်းပြင်း ထက်ထက်ရှရှ၊ သုံးကိုယ်ခွဲ အသွင်ပြောင်းတတ်တဲ့ ငှက်ပြာ၊ ကိုယ့်ဥကိုတောင်မငဲ့ ဓားစာခံ ဗုံးကြဲပြီး ခုန်ထိုးတိုက်တဲ့ ငှက်ဖြူ၊ လေထဲပျံဝဲ နောက်ကြောင်းပြန်လှည့် နှာခေါင်းကောက်နဲ့ ထိုးတဲ့ ငှက်စိမ်း၊ ဟိုရမ်းဒီရမ်း ဖလန်းဖလန်းထတဲ့ အတောင်ဖြန့် ငှက်ပြာမ၊ ပျော့သလိုလိုနဲ့ လေလုံးကြီးပွထတဲ့ ငှက်လိမ္မော်၊ မီးလောင်ပေါက်ကွဲဗုံး သုံးတဲ့ မဲလုံးငှက်၊ ဆပ်ပြာပူဖောင်းတွေမှုတ်တဲ့ ပန်းရောင်ငှက်မ၊ ပြီးရင် လာဦးမတဲ့ အားလုံးကိုခြေဖျက်နိုင်တဲ့ မိုက်တီးသိန်းငှက် ၊ ကျုပ်တို့ခမျာ သံခမောက်ဆောင်းထား၊ ဖန်တုံးကာထား၊ သစ်သားချောင်းထောင်ထား၊ ကျောက်တုံးအိမ်ဆောက်ထား၊ ဂူထဲပုန်း၊ တောထဲခို၊ ရေအောက်ငုပ်၊ ဝေဟင်မှာ ဝဲ၊ ဘယ်ကိုရောက်ရောက် ခြေရာခံတကောက်ကောက်၊ ကျုပ်တို့ဘက်က ဖမ်းမိထားတဲ့  လှောင်ချိုင့်ထဲက ကောင်တွေကိုလည်း ပြန်ကယ်ထုတ်သွား၊ အခါကြီးရက်ကြီးလည်း မရှောင်၊ ဗယ်လင်တိုင်းဒေး၊ ဟယ်လိုဝင်း၊ အီစတာ၊ ခရစ္စမတ်၊ လပြည့်ပွဲတော်၊ မွေးနေ့ပွဲ၊ မင်္ဂလာပွဲ၊ ချယ်ရီပွင့်ချိန်၊ ကျောင်းဖွင့်ချိန်၊ နွေရာသီ၊ မိုးရာသီ၊ ဆောင်းရာသီ၊ အချိန်မရွေး နေရာမရွေး၊ ကိုယ့်အိမ်ထဲမှာ၊ မြို့လယ်လမ်းမမှာ၊ အပန်းဖြေ ကမ်းခြေမှာ၊ တောင်ပေါ်မှာ၊ သမုဒ္ဒရာအောက်မှာ၊ မိုင်းတွင်းထဲမှာ၊ တောအုပ်ထဲ၊ နှင်းတောထဲ၊ ကန္တာရထဲ၊ အာကာသထဲအထိ၊ ပြီးတော့ အင်တာနေရှင်နယ်မှာ သူတို့ပဲ ဇာတ်လိုက်ကျော်၊ အန်းနီးမဲလ်အော့်ဖ် သည်ရီးယား၊ အန်းနီးမဲလ်အော့ဖ် အေးရှား၊ အန်းနီးမဲလ်အော့ဖ် အမေရိကား၊ အန်းနီးမဲလ်အော့ဖ် သည်ဝါးလ်ဒ်၊ မနှစ်က တစ်နှစ်လုံးလည်း နေရာတကာ သူတို့မျက်ခွက်တွေချည်း၊ လေမှုတ်ဘောလုံးတွေ၊ တီရှပ်တွေ၊ ကျောပိုးအိတ်တွေ၊ မွှေးပွအရုပ်တွေ၊ သော့ချိတ်တွေ၊ အမှတ်တရလက်ဆောင်တွေ၊ ယူကျု ဖေ့စ်ဘွတ်ခ် စာနယ်ဇင်း စာမျက်နှာတွေ၊ သူတို့ပဲ အသိအမှတ်ပြုခံရ၊ သူတို့ပဲ ရေပန်းစား၊ သူတို့ပဲ အတောင်တခါခါ အမြီးတမြှောက်မြှောက် ၊ ဆင်ခြေဆင်လက်တွေကလည်း မကုန်နိုင်သေးဘူး၊ ကျုပ်တို့နဲ့ ပတ်သက်လာရင် အင်အားသုံးဖို့ သူတို့မှာ အမြဲတစေ လိုအပ်နေတယ်၊ ဒီနှစ်လည်း နှစ်သစ်ကူး တစ်ညလုံး ကျုပ်တို့မှာ အတိုက်ခိုက်ခံနေရတုန်း လူမျိုးတုံး။

ပန်ဒိုရာ
၂၉-၃၁ ဒီဇင်ဘာ ၂၀၁၂

2 comments:

ATN said...

သည်ကဗျာကို ခိုးသွားပြီ
(atn)

ဇွန်မိုးစက် said...

ပျော်ရွှင်မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောနှစ်သစ်ဖြစ်ပါစေ အစ်မပန်။း)