Thursday, May 16, 2013

အိုင်အိုဝါ ရက်စွဲများ အပိုင်း (၃)


အိုင်အိုဝါ ရက်စွဲများ အပိုင်း (၃)

၈။ အိုဘားမား မိန့်ခွန်းဟောပြောပွဲ
စက်တင်ဘာ ၇ ရက်နေ့မှာ စာကြည့်တိုက်မှာ ကျင်းပတဲ့ ကျားမဖြစ်တည်မှု ဆွေးနွေးပွဲအပြီးမှာ အိုဘားမား မိန့်ခွန်းပြောမယ့် အိုင်အိုဝါ တက္ကသိုလ်ဝင်းထဲကို သွားဖို့ တန်းစီကြပါတယ်။ ဟောပြောပွဲအတွက် အခမဲ့ ဝင်ခွင့် လက်မှတ်တွေကိုတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကတည်းက အိုင်အိုဝါတက္ကသိုလ်မှာ  ထုတ်ယူပြီးသားပါ။
(အိုဘားမား ဟောပြောပွဲ လက်မှတ်)


အိုင်အိုဝါပြည်နယ်ဟာ ဒီမိုကရက်နယ်မြေ ဒါမှမဟုတ် ရီပတ်ဘလီကန်နယ်မြေလို့ အတပ်မပြောနိုင်ဘဲ swing state လို့ခေါ်တဲ့ ဟိုဘက်ဒီဘက် မဲရလာဒ်တွေကို အချိန်မရွေးပြောင်းလဲ သွားစေနိုင်တဲ့ ပြည်နယ်တွေထဲက ပြည်နယ်ငယ်တစ်ခုပါ။ ၂၀၀၈ ခုနှစ်တုန်းကတော့ အိုဘားမားဟာ အိုင်အိုဝါပြည်နယ်မှာ ပြိုင်ဖက်ပါတီအပေါ်မှာ ၉% အသာနဲ့ အနိုင်ရတယ်လို့ ဆိုကြပါတယ်။ IWP အစီအစဉ်က ဆရာတွေ ကျောင်းသားတွေ အပါအဝင် တက္ကသိုလ် အသိုင်းအဝိုင်းကတော့ ဒီမိုကရက်ကို တက်တက်ကြွကြွ အားပေးကြသူတွေပါ။ 

တန်းစီနေတုန်းမှာ မိုးဖွဲဖွဲ စရွာပါတယ်။ ဟောပြောပွဲကို လာနားထောင်ကြသူတွေဟာ ကလေးသူငယ် လူကြီးလူငယ် ကျားမ မရွေး စုံလင်လှပါတယ်။ အများစုကတော့ လူငယ်လူရွယ် ကျောင်းသားတွေ ဖြစ်ကြပါတယ်။ ရုရှက အလီနာကတော့ သတင်းထောက်တစ်ဦးလည်း ဖြစ်သူပီပီ တန်းစီနေကြတဲ့ IWP စာရေးဆရာတွေကို ဗီဒီယိုရိုက်ရင်း “ဒီမိုကရက်ပါတီကို ထောက်ခံသလား။ အိုဘားမားကို ဘာဖြစ်လို့ အားပေးတာလဲ” စသည်ဖြင့် ပေါ့ပေါ့ပါးပါးမေးခွန်းတွေနဲ့ အင်တာဗျူးနေပါတယ်။ 

လမ်းမှာ ရေသန့်ဗူးတွေ အလကား ဝေပါတယ်။ ရင်ထိုးတွေ တီရှပ်တွေ ရောင်းကြပါတယ်။ ဟောပြောပွဲ ကျင်းပမယ့် Jessup Hall ရှေ့က မြက်ခင်းပြင်ကို ရောက်ခါနီးမှာတော့ လူတွေအားလုံးဟာ ထီးတွေ၊ ရေဗူးတွေ၊ မီးခြစ်တွေ၊ အန္တရာယ်ရှိနိုင်တဲ့ သတ္ထုပစ္စည်းတွေ၊ အချွန်အတက်တွေ ပါလာခဲ့ရင် လုံခြုံရေးစခန်းတွေမှာ စွန့်ပစ်ထားခဲ့ရပါတယ်။ မြက်ခင်းပြင်ထဲကို လှမ်းအဝင်မှာ ရေသန့်ဗူးတွေ ပြန်ဝေပေးပါတယ်။ ဒါပေမယ့် ဒီတစ်ခါ ဝေတဲ့အခါ ရေသန့်ဗူးတွေမှာ အဖုံးမပါပါဘူး။ 

နေ့လည် ၁ နာရီကစပြီး ဝင်ခွင့်ပြုထားတယ် ဆိုပေမယ့် လုံခြုံရေးကြောင့် အိုဘားမား ရောက်လာမယ့် အချိန်အတိအကျကို ပြောမထားပါဘူး။ မတ်တပ်ရပ်နေကြတဲ့ လူအုပ်က တဖြည်းဖြည်း ထူထပ်လာတဲ့အချိန်မှာ မိုးကလည်း ပိုပြီး သည်းလာပါတယ်။ တချို့လူတွေကတော့ ပလတ်စတစ်မိုးကာလေးတွေ ပါလာတော့ ခြုံထားကြပါတယ်။ ကျွန်မက လူ မိုးစိုမှာထက် လက်ထဲက ကင်မရာလေး စိုမှာကို ပိုပြီး စိုးရိမ်နေမိပါတယ်။ လူအုပ်ထဲက ပြန်တိုးထွက်ပြီး ခပ်လှမ်းလှမ်းက သစ်ပင်အောက်မှာ မိသားစုတစ်ခုနဲ့အတူ မိုးခိုနေလိုက်ပါတယ်။ ပတ်ဝန်းကျင်မှာတော့ အမေရိကန်အလံတွေနဲ့ အိုဘားမားပါတီရဲ့ ကြွေးကြော်သံဖြစ်တဲ့ FORWARD ဆိုတဲ့ အပြာရောင်စာတန်းတွေကို မြင်နေရပါတယ်။ မိန့်ခွန်းစင်မြင့် နောက်တည့်တည့် ကျွန်မတို့ မရောက်နိုင်တဲ့ တစ်နေရာမှာလည်း ပွဲကြည့်စင် လှေခါးထစ်တွေပေါ်မှာ ထိုင်ပြီး အနီးကပ် အားပေးနေသူတွေလည်း ရှိကြပါတယ်။ အဲဒီနေရာကို သီးသန့် ကာထားပါတယ်။   
(အိုဘားမားကို အားပေးနေသူများ)
(အိုဘားမား မိန့်ခွန်းနားထောင်နေသူ ပရိသတ်)
 ညနေ ၄ နာရီကျော်လောက်မှာ အိုဘားမား ရောက်လာပါတယ်။ ကံကောင်းစွာပဲ မိုးကလည်း တော်တော် စဲသွားပါတယ်။ ကျွန်မလည်း ကင်မရာလေးကို ကိုင်ပြီး လူအုပ်ထဲကို ပြန်တိုးရပါတယ်။ ရှေ့မှာ လူတွေအတော်များများ ခံသွားပြီမို့ မားမားမတ်မတ် အနောက်တိုင်းသားတွေကြားမှာ ကျွန်မအရပ်နဲ့ ခြေဖျားထောက်ပြီး မနည်းကြည့်ရပါတယ်။ ကျွန်မရဲ့ ကင်မရာမှာလည်း အနီးကပ်ဆွဲရိုက်တဲ့ zoom မပါတာမို့ ဝေးဝေးက ဓာတ်ပုံခပ်သေးသေးပဲ ရလိုက်ပါတယ်။ 
(အိုဘားမားကို ခပ်လှမ်းလှမ်းက မြင်ရပုံ)


အိုဘားမားက နာရီဝက်လောက် မိန့်ခွန်းပြောသွားပါတယ်။ သူဟာ လူလတ်တန်းစားတွေအတွက် အဓိကထားပြီး ပြောသွားခဲ့ပါတယ်။ ကျောင်းသားတွေ အများအပြားရှိတဲ့ ကျောင်းမြို့နဲ့ လိုက်လျောညီထွေစွာပဲ ပညာသင်စရိတ် ထောက်ပံ့ကြေးတွေပေးမယ့် မူဝါဒတွေကို အသေးစိတ်ရှင်းပြသွားခဲ့ပါတယ်။ “ပညာရေးဆိုတာ လူလတ်တန်းစားဘဝအတွက် လက်မှတ်ပဲ” (Education is the ticket to a middle-class life) လို့ ပြောသွားပါတယ်။ လူတွေက “နောက်ထပ်လေးနှစ် နောက်ထပ်လေးနှစ်” (Four more years! Four more years!) လို့ ကြွေးကြော်ကြပါတယ်။ ဆက်ပြီးတော့ ကျန်းမာရေး ဝန်ဆောင်မှုတွေနဲ့ ပတ်သက်လို့ ပံ့ပိုးမှုတွေ ပေးသွားမယ့်အကြောင်းအပါအဝင် အခြားသော ခေါင်းစဉ်တွေကို ပြောသွားခဲ့ပါတယ်။ ကျဆင်းနေတဲ့ စီးပွားရေးကို အလျှင်အမြန် နာလန်ထူလာအောင် လုပ်ဖို့ မလွယ်ကူဘူးဆိုတဲ့ အကြောင်းကို သမ္မတဟောင်း ဘီလ်ကလင်တန် Bill Clinton ပြောခဲ့တဲ့ စကားကို ကိုးကားသွားတာကိုလည်း သတိပြုမိပါတယ်။ 


ကျွန်မတို့နိုင်ငံက မဲဆွယ်ပွဲတွေနဲ့ အဓိက ကွာခြားတဲ့ အချက်ကတော့ သူတို့ဆီမှာ သူတို့ပါတီ အနိုင်ရရင် အကောင်အထည်ဖော်မယ့် မူဝါဒတွေအကြောင်းကို လိုအပ်ရင် ကိန်းဂဏန်းတွေနဲ့ တကွ အသေးစိတ်၊ ပညာရပ်ဆန်ဆန်၊ ပိုင်ပိုင်နိုင်နိုင် ရှင်းလင်း ပြောပြပြီး မဲဆွယ်ကြတာပဲ ဖြစ်ပါတယ်။ သူတို့ပြည်သူတွေကလည်း ဘယ်မူဝါဒကို ကျင့်သုံးရင် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနိုင်မယ်ဆိုတာကို ပြန်လည် ဝေဖန်ဆွေးနွေး တတ်ကြတဲ့ အနေအထားမှာ ရှိပြီး မိမိတို့ နှစ်သက်တဲ့ မူဝါဒတွေကို အကောင်အထည်ဖော်မယ့် ပါတီကို မဲပေးဖို့ အသင့်ဖြစ်နေကြတာကို တွေ့ရပါတယ်။ ကျွန်မတို့ဆီမှာတော့ အမတ်လောင်းတွေ မိန့်ခွန်း ပြောတဲ့အခါ ကျွန်မတို့နဲ့ စိမ်းနေသေးတဲ့ ဒီမိုကရေစီစနစ်၊ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ သန့်ရှင်းကောင်းမွန်တဲ့အစိုးရရဲ့ အခြေခံသဘောသရားတွေကို ပြည်သူတွေ နားလည်အောင် ပြောပြနေကြရတဲ့ အချိန်ပဲ ရှိသေးတယ် လို့ ထင်မိပါတယ်။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ကျွန်မတို့နိုင်ငံက ပါတီတွေရဲ့ ကိုယ်ပိုင်ရပ်တည်ချက်နဲ့ သူတို့အားသန်တဲ့ မူဝါဒတွေကို ပိုပြီး နက်နက်ရှိုင်းရှိုင်း အသေးစိတ် ဆွေးနွေးလာကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။


၉။ ကျန်းမာရေးနဲ့ စားရေးသောက်ရေး

အိုဘားမား ဟောပြောပွဲသွားခဲ့တဲ့ နေ့က မိုးမိလာပေမယ့် ကံကောင်းထောက်မစွာပဲ မဖျားမနာခဲ့ပါဘူး။ ကျွန်မဟာ အေးတဲ့ရာသီဥတုနဲ့ မတည့်သူပါ။ ရောက်ရောက်ချင်းမှာတော့ လေယာဉ်ပေါ်မှာ အအေးမိလာခဲ့တာနဲ့ ဆက်ပြီး အတော်ကြာကြာ ချောင်းဆိုးနေခဲ့ပါတယ်။ တခြားနိုင်ငံက ရောက်လာတဲ့ စာရေးဆရာ အချို့လည်း အဲဒီလိုဖြစ်ကြပါတယ်။ 

IWP ကျောင်းက ကျွန်မတို့ကို ကုန်တိုက်ကြီးတစ်ခုကို တစ်ပတ်တစ်ကြိမ် လိုက်ပို့ပေးပါတယ်။ အဲဒီက ဆေးဆိုင်မှာ ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းပြီး ချောင်းဆိုးပျောက်ဆေး အရည်နဲ့ ငုံဆေးပြားတွေ ဝယ်ရပါတယ်။ အစီအစဉ်တွေ အတော်များများက စကားပြောရမှာတွေရှိပြီး၊ အားလပ်ချိန်တွေမှာလည်း တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆက်မေးမြန်း ပြောဆိုရတာတွေ များတဲ့အတွက် ချောင်းဆိုးခြင်းဟာ အတော်ဒုက္ခပေးပါတယ်။ 

ချောင်းဆိုးမပျောက်ခင်မှာ ကြုံရတဲ့ နောက်တစ်ခုကတော့ ခြေထောက်နာတာပါ။ ခရီးဆောင်အိတ်ထဲမှာ မဆန့်တဲ့အတွက် ဖိနပ်တွေ များများစားစား ယူမလာခဲ့ပါဘူး။ လမ်းလျှောက်ရှူးဖိနပ် လိုလာရင် ဟိုရောက်မှပဲ ဝယ်တော့မယ်လို့ ကြံစည်ထားခဲ့ပါတယ်။ နေ့စဉ်စီးဖို့အတွက် ကျွန်မပါသွားတဲ့ ကြိုးသိုင်းဖိနပ်ထူလေးဟာ စင်ကာပူမှာရော ရန်ကုန်မှာပါ အတော့်ကို သက်တောင့်သက်သာ ရှိပေမယ့် တောင်ကုန်းလေးတွေ အဆင်းအတက်များတဲ့ အိုင်အိုဝါမြို့လေးနဲ့ မကိုက်ညီခဲ့ပါဘူး။ 
(အိုင်အိုဝါ မြို့တွင်းတစ်နေရာ)
 တစ်နေ့တော့ ဘဏ်စာရင်းဖွင့်ဖို့ မြို့ထဲကို လမ်းလျှောက်သွားကြပါတယ်။ ဒီမှာ မြို့ထဲသွားတာလောက်ကို အားလုံး လမ်းလျှောက်လေ့ ရှိကြပါတယ်။ တခြားမြို့တွေနဲ့ ခပ်လှမ်းလှမ်းက ရပ်ကွက်တွေကို သွားတာလောက်ပဲ ကားစီးကြတာပါ။ ဘဏ်ကိုရောက်တော့ နိုင်ငံကူးလက်မှတ် မေ့ကျန်ခဲ့တာနဲ့ တစ်ခေါက်ပြန်ယူရပါတယ်။ ကျွန်မလိုပဲ စာရွက်စာတန်း မေ့ကျန်ခဲ့တဲ့ ချီလီစာရေးဆရာ နဲ့ အတူတူလမ်းလျှောက်ပြန်လာတဲ့အခါ သူ့ခြေလှမ်းကျဲကြီးတွေကို အမီလိုက်မိရင်း အဲဒီနေ့ညနေရောက်တဲ့အခါ ကျွန်မရဲ့ ခြေဖဝါး ကြွက်သားတွေက ထောက်လို့ မရအောင် နာလာပါတယ်။နောက်တစ်နေ့မှာ တော့ ပိုဆိုးလာတာနဲ့ မြို့ထဲက စတိုးဆိုင်တစ်ဆိုင်မှာ လမ်းလျှောက်ဖိနပ်နဲ့ ခြေအိတ်ထူထူတစ်စုံ ဝယ်လိုက်ရပါတယ်။ အိမ်ကပါလာတဲ့ လိမ်းဆေးတွေလိမ်း ပတ်တီးစည်းပြီး တစ်ပတ်လောက်ကြာမှ ကောင်းကောင်း ပျောက်သွားပါတယ်။
(အိုင်အိုဝါ တက္ကသိုလ်ဝင်းထဲက မြင်ကွင်း)
 ခြေထောက်နာ ပျောက်သွားတဲ့အချိန်မှာ ရာသီဥတု အေးလာတာနဲ့ ကြုံရပါတယ်။ ကျွန်မရဲ့ အရေပြားက ပတ်ဝန်းကျင်အပူချိန် နိမ့်တာနဲ့ မတည့်လို့ ယားယံတတ်ပါတယ်။ ခြေထောက်တွေ လက်တွေမှာရော မျက်နှာမှာပါ အရေပြားတွေကြမ်းပြီး အဖုလေးတွေပေါက်လာပါတယ်။ အိမ်ကယူလာတဲ့ အလှဆီတွေ လိမ်းတာလည်း မသက်သာပါဘူး။ မျက်နှာကိုတော့ CVS pharmacy က ထုတ်တဲ့ day cream နဲ့ night cream ကို ဝယ်လိမ်းတဲ့အခါ တဖြည်းဖြည်း သက်သာသွားပါတယ်။ ခြေထောက်နဲ့ လက်က အနီဖုတွေကတော့ မနိုင်းနိုင်းစနေ ညွှန်းတဲ့ Cetaphil cream ကို လိမ်းမှ ပျောက်သွားပါတယ်။ ဒါကတော့ ကြုံရတဲ့ ကျန်းမာရေး ကိစ္စလေးတွေပါ။

စားရေးသောက်ရေးအတွက်ကိုတော့ မသွားခင်ကတည်းက ဆရာမင်းထက်မောင်က အဲဒီကိုရောက်ရင် Iowa House Hotel အောက်က စားသောက်ဆိုင်တန်းက ဆူရှီဆိုင်ပိုင်ရှင် ကိုရာဇာ ကိုသွားတွေ့ပါလို့ မှာလိုက်ပါတယ်။ ဆရာ IWP တက်တုန်းက ကိုရာဇာတို့အိမ်မှာ မြန်မာအစားအသောက်တွေ မကြာခဏ သွားစားဖြစ်တယ်လို့ ပြောပါတယ်။ နေဘုန်းလတ် ရောက်လာတဲ့အခါ ကျွန်မနဲ့ နေဘုန်းလတ်တို့ဟာ ကိုရာဇာ ကို ဆက်သွယ်ကြပါတယ်။ ကိုရာဇာနဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသား၊ မွန်တိုင်းရင်းသားလေးတွေဟာ အလွန် သဘောကောင်း ဖော်ရွေကြပါတယ်။ သူတို့ဟာ အိုင်အိုဝါမြို့မှာ နေထိုင်ကြတဲ့ တစ်ခုတည်းသော မြန်မာမိသားစုလည်း ဖြစ်ကြပါတယ်။ အိုင်အိုဝါမြို့ကို နှစ်တိုင်းလာမယ့် မြန်မာစာရေးဆရာတွေကို သူတို့က မျှော်နေကြတာပါ။ သူတို့က ကျွန်မတို့ကို ထမင်းပေါင်းအိုးတစ်အိုးနဲ့ ဆန်တစ်အိတ် ပေးပါတယ်။  သူတို့အိမ်မှာ ထမင်းဟင်း လာစားဖို့၊ လာချက်ဖို့လည်း အမြဲဖိတ်ခေါ်ပါတယ်။ အပြင်မှာလည်း လိုက်ကျွေးပါသေးတယ်။
(ကိုရာဇာရဲ့ အိမ်မှာ သူ့ရဲ့မိသားစု၊ လုပ်ဖော်ကိုင်ဖက်များနဲ့ ညနေစာစားပြီး အမှတ်တရ)
 သူတို့ပေးထားတဲ့ ထမင်းပေါင်းအိုးနဲ့ ကျွန်မအခန်းမှာ ထမင်းချက်စားဖြစ်ပါတယ်။ မိုက်ကရိုဝေ့ဗ် မီးဖိုထဲမှာ တချို့ဟင်းလေးတွေ ကြံဖန်ချက်ပြီး နေဘုန်းလတ်နဲ့ ခွဲဝေစားဖြစ်ကြပါတယ်။ အိုင်အိုဝါ မြို့ထဲမှာလည်း တရုတ်စားသောက်ဆိုင်၊ အိန္ဒိယစားသောက်ဆိုင် အနည်းငယ်ရှိပါတယ်။ အာရှအစားအသောက် စားချင်တဲ့အခါ တချို့ရက်တွေမှာ အဲဒီဆိုင်တွေမှာ သွားဝယ်စားဖြစ်ပါတယ်။ အိုင်အိုဝါနယ်သားတွေကလည်း ဖော်ရွေကြပါတယ်။ ကျွန်မတို့ကို ဖိတ်ခေါ်ကျွေးမွေးတဲ့ မြို့ခံတွေအကြောင်းကို နောက်တော့ ဆက်ပြောပြပါဦးမယ်။ 

ကျွန်မက လျှပ်စစ်ရေနွေးအိုးတစ်လုံးကိုလည်း ဝယ်ထားပါတယ်။ ရေနွေးကြိုဖို့နဲ့ ကြက်ဥပြုတ်စားဖို့ပါ။ ဟိုတယ်ခန်းထဲမှာကတော့ ကော်ဖီဖျော်စက်ပဲ ပေးထားပါတယ်။ ဖိလစ်ပိုင်စာရေးဆရာမ ဂျန် ဟာ ကြက်ဥပြုတ်ချင်ရင် ကျွန်မအခန်းကို လာပြုတ်ပါတယ်။ အီရတ်က ဂူလာလာ ကတော့ ကျွန်မတို့ချက်လေ့ရှိတဲ့ သီးစုံကုလားဟင်းဆန်ဆန် အသီးအရွက်မျိုးစုံပါတဲ့ အီရတ်အစားအစာကို သူ့အခန်းမှာ မိုက်ကရိုဝေ့ဗ် မီးဖိုနဲ့ ချက်တဲ့အခါ ကျွန်မကို ခေါ်ကျွေးပါတယ်။ ဟင်းထဲမှာ ထမင်းကိုပါ ထည့်ချက်တာပါ။ အီရတ်ရဲ့ ပဲနီလေးဟင်းချို ချက်ပုံကတော့ ကျွန်မတို့ဆီမှာ ချက်တာနဲ့ အတော်တူပါတယ်။ 

ကျွန်မက မုန့်ဟင်းခါး ဟင်းရည်အခြောက် တစ်ထုပ် ပါသွားခဲ့တယ်။ ဗီယက်နမ်က လာတဲ့ ကြာဇံတစ်မျိုးက ပြုတ်လိုက်ရင် မုန့်ဟင်းခါးဖတ်နဲ့တူတယ်လို့ ကိုရာဇာတို့က ညွှန်းတာနဲ့ အဲဒီကြာဇံခြောက်ကို ဝယ်ပြုတ်ပြီး နေဘုန်းလတ်၊ ဂူလာလာတို့နဲ့အတူ မုန့်ဟင်းခါး ချက်စားဖြစ်ပါသေးတယ်။ တခါတရံမှာ ကြက်ဥကိုမွှေပြီး ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ဆား၊ ငရုပ်သီးစိမ်းနည်းနည်း၊ ဆီနည်းနည်းထည့်ပြီး မိုက်ကရိုဝေ့ဗ် မီးဖိုထဲကို တစ်မိနစ်လောက် ထည့်၊ Omelet ကြက်ဥမွှေကြော် လုပ်ပြီး ကျွန်မနဲ့ နေဘုန်းလတ်တို့ ဟိုတယ်က မနက်စာခန်းထဲမှာ စားကြတဲ့အခါ ကိုရီးယားစာရေးဆရာ ဟေးအီစူးနဲ့ အာဖဂန်နစ္စတန် စာရေးဆရာ မိုဟစ်တို့က လာမြည်းကြည့်ကြပြီး အလွန်နှစ်သက်ကြလို့ သူတို့အတွက်လည်း ထပ်ချက်ကျွေးခဲ့ရပါသေးတယ်။

အချိန်ကြာလာတဲ့အခါ စာရေးဆရာတွေဟာ ကိုယ့်ဒေသက အစားအသောက်တွေကို လွမ်းလာကြပါတယ်။ ကျွန်မတို့ဟာ အားလပ်တဲ့အချိန်တွေမှာ သူ့နိုင်ငံ ကိုယ့်နိုင်ငံက အစားအသောက်တွေအကြောင်းကို ပြောဖြစ်ကြပါတယ်။ စင်ကာပူက စတက်ဖနီနဲ့ကတော့ ကျွန်မတို့နှစ်ယောက်လုံး ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တဲ့ စင်ကာပူ အစားအသောက်တွေအကြောင်း ပြောဖြစ်ကြပါတယ်။ အိမ်နဲ့ဝေးရာမှာ အစားအသောက်ဟာလည်း မိတ်ဆွေတွေကြားက ခင်မင်ရင်းနှီးမှုကို တိုးပွားစေပါတယ်။

၁၀။ “ယနေ့ကမ္ဘာ့စာပေ” ဆွေးနွေးပွဲအစီအစဉ်

ယနေ့ကမ္ဘာ့စာပေ (International Literature Today) ဟာ IWP စာရေးဆရာတွေအားလုံး မဖြစ်မနေ ပါဝင်ဆွေးနွေးပေးရတဲ့ အစီအစဉ်တစ်ခုပါ။ ဒီအစီအစဉ်ကို အိုင်အိုဝါ တက္ကသိုလ်ရဲ့ ဘွဲ့ကြိုတန်း စာသင်ခန်း တစ်ခန်းမှာ တစ်ပတ်တစ်ကြိမ် ကျင်းပပြီး ဆွေးနွေးမှုတစ်ခုမှာ စာရေးဆရာ ၃ ယောက်ကနေ ၄ ယောက်အထိ ပါဝင်ကြပါတယ်။ ဆွေးနွေးဖို့ အလှည့်ကျသူတွေသာမက အခြား IWP စာရေးဆရာတွေပါ တက်ရောက်နားထောင်လေ့ရှိပါတယ်။ များသောအားဖြင့်တော့ စာရေးဆရာတွေဟာ သူတို့နိုင်ငံက စာပေမြင်ကွင်းကို မိနစ် ၂၀ လောက် အကျဉ်းချုံး ပြောပြတတ်ကြပါတယ်။ နိုင်ငံရဲ့ စာပေမြင်ကွင်းတွေထဲမှာ ဘာသာပြန်စာပေ၊ စာပေစိစစ်ရေး၊ အမျိုးသမီးကဏ္ဍ၊ တိုင်းရင်းသားစာပေ၊ စာပေတိုးတက်ပုံသမိုင်း အစရှိတဲ့ အကြောင်းအရာတွေ ပါဝင်လေ့ရှိကြပါတယ်။ အိုင်အိုဝါကျောင်းသားတွေဟာ စာရေးဆရာရဲ့ လက်ရာတွေကို ကြိုဖတ်ထားကြပြီး မိနစ် ၂၀ စာလောက် မေးခွန်းတွေ မေးမြန်းလေ့ရှိကြပါတယ်။ 

စက်တင်ဘာ ၁၀ ရက်နေ့မှာ ကျွန်မနဲ့အတူ ဆွေးနွေးမယ့် စာရေးဆရာတွေကတော့ ပါကစ္စတန်က ဘီလယ် တန်ဝီရာ (Bilal Tanweer) နဲ့ ဖိလစ်ပိုင်က ဂျန်နီဗီး အာစန်ဂျို (Genevieve Asenjo) တို့ဖြစ်ပါတယ်။ ကျွန်မက နောက်ဆုံး ဆွေးနွေးရသူပါ။ ဒီဆွေးနွေးပွဲမတိုင်မီက IWP ရဲ့ အကြံပေးတစ်ဦး ဖြစ်ပြီး အင်္ဂလိပ်စာဌာနက ပရော်ဖက်ဆာတစ်ယောက်ဖြစ်တဲ့ ပီတာ နဇာရက် (Peter Nazareth) နဲ့ စကားပြောဖြစ်ကြတဲ့အခါ သူက မြန်မာနိုင်ငံက ကဗျာတွေ ပြောင်းလဲလာပုံ အကြောင်းကို သိချင်တယ်လို့ ပြောပါတယ်။ ကျွန်မက ဒီကိုမလာခင်ကတည်းက မြန်မာကဗျာအကြောင်းကို ပြောမယ်လို့ ကြံရွယ်ပြီး ကဗျာနဲ့ပတ်သက်တဲ့ စာအုပ်စာတန်းတချို့ကို ဖတ်ရှုပြင်ဆင်လာခဲ့ပါတယ်။ လတ်တလော ကိုးကား စာအုပ်တွေထဲမှာ ဆရာသစ္စာနီပေးလိုက်တဲ့ “မော်ဒန်ရှင်းတန်း နှင့် မြန်မာကဗျာဖြစ်ပေါ်တိုးတက်မှု” စာအုပ်၊ ကိုမိုးဝေး ဆီက ကော်ပီဆွဲလာတဲ့ “ဆရာမျိုးသန့်ရဲ့ မဂ္ဂဇင်းဆောင်းပါး စုစည်းမှုတွေ”၊ ဆရာဇေယျာလင်းရဲ့ “ဖြစ်နိုင်ခြေရှိသော ခေတ်ပြိုင်မြန်မာကဗျာ အလားအလာများ”နဲ့ အခြား စာအုပ်တွေ ပါဝင်ပါတယ်။

မြန်မာ့ရိုးရာ ကဗျာတွေအကြောင်းကိုတော့ အကျဉ်းချုံးပဲ ပြောပြလိုက်ပြီး ခေတ်စမ်းစာပေနဲ့ နောက်ပိုင်းခေတ်တွေက မြန်မာကဗျာ ပြောင်းလဲလာပုံနဲ့ နိုင်ငံရေး လူမှုရေး သမိုင်းနောက်ခံတွေကို ပါဝါပွိုင့် စလိုက်ရှိုးနဲ့ မိနစ် ၂၀ ကျော်စာ ရှင်းလင်းပြောပြခဲ့ပါတယ်။ ဒါရိုက်တာ ခရစ္စတိုဖာ မာရေးလ်ကတော့ ခရီးသွားနေလို့  အဲဒီနေ့က မရှိပါဘူး။ နာတာရှာနဲ့ ကျောင်းသားတွေကပဲ ပြန်ဆွေးနွေးကြပါတယ်။ ဒီအတန်းမှာလည်း နာတာရှာက ကျွန်မရဲ့ နာမည်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်ကို မြန်မာစာလုံးနဲ့ ရေးပြခိုင်းပါတယ်။ ဒီအတန်းက ကျောင်းသားတွေကတော့ စီနီယာတွေဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို အသေအချာ ကြားဖူးကြပါတယ်။ ပြီးတော့ နာတာရှာက ကျောင်းသား တချို့ရဲ့ မေးခွန်းတွေကို မေးပေးပါတယ်။ မြန်မာနိုင်ငံရဲ့ စာပေ လွတ်လပ်မှုအခြေအနေနဲ့ ပတ်သက်တဲ့ မေးခွန်းတချိုနဲ့ ကျွန်မရဲ့ ကလောင်နာမည်ကို ဘယ်လို ယူဖြစ်တယ် ဆိုတဲ့အကြောင်းကို ပြန်ဖြေဖြစ်ခဲ့ပါတယ်။
(ယနေ့ကမ္ဘာ့စာပေ ဆွေးနွေးပွဲမှာ ရှင်းလင်းပြောပြနေစဉ်)
 ဆွေးနွေးပွဲမှာ အချိန်မရလို့ မမေးလိုက်ရတဲ့ မေးခွန်းတွေကို နောက်တစ်နေ့မှာတော့ ကျွန်မဆီကို IWP ရုံးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မေရီ  (Mary Nazareth )က ယူလာပေးပါတယ်။ (မေရီဟာ အင်မတန် ကြင်နာတတ်ပြီး မိခင်ဆန်သူပါ။ သူက ပီတာရဲ့ ဇနီးပါ။ သူ့ရဲ့ တာဝန်ကတော့ ကျွန်မတို့တွေကို ဟိုတယ်မှာ နေရေးထိုင်ရေး စီမံပေးဖို့၊ စားစရိတ် ထုတ်ပေးဖို့နဲ့ အခြား လိုအပ်တာမှန်သမျှကို ကူညီပေးဖို့ပါ။) “မေးခွန်းတချို့က ငါတို့ကျောင်းသားတွေ ဘယ်လောက် မသိနားမလည်လဲဆိုတာကို ဖော်ပြနေလို့ ရှက်မိပါတယ်။ ဒါပေမယ့် မင်းသိစေဖို့ ယူလာပေးတာပါ” လို့ မေရီကပြောပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မက မမေးဖြစ်ခဲ့တဲ့ မေးခွန်းအားလုံးကို သေသေချာချာ ဖတ်ကြည့်လိုက်ပါတယ်။ အားလုံးပေါင်း ၃၃ခု ရှိပါတယ်။ တချို့ကတော့ မြန်မာ့စာပေ မြန်မာ့ကဗျာနဲ့ ပတ်သက်လို့ ယေဘုယျမေးထားပါတယ်။ တချို့ကတော့ ကျွန်မရဲ့ ကဗျာတွေနဲ့ ပတ်သက်လို့ နည်းပညာပိုင်းဆိုင်ရာ အသေးစိတ် မေးထားပါတယ်။ မေရီက နှိမ့်နှိမ့်ချချလေး ပြောပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းကောင်းတွေကိုလည်း ကျွန်မက သတိထားမိပါတယ်။ အဲဒီထဲက တချို့ကို ဘာသာပြန်ပြီး ဖော်ပြလိုက်ပါတယ်။

  • ·         မြန်မာနိုင်ငံ စစ်အစိုးရလက်ထက်မှာ စာရေးဆရာတွေ အနုပညာရှင်တွေအတွက် ဘယ်လို အခက်အခဲတွေ ရင်ဆိုင်ရပါသလဲ။
  • ·         ပန်ဒိုရာရဲ့ “လူပြိန်းများမြို့ကိုသိမ်းပိုက်စဉ်” (ဘာသာပြန်) မှာ အဖြတ်အတောက် (punctuation) တွေ အသုံးပြုတာ မတွေ့ရပါဘူး။ နာမည်တွေလောက်ပဲ စာလုံးအကြီးနဲ့ ရေးထားတာမျိုး တွေ့ရပါတယ်။ ဘာဖြစ်လို့ ဒီလို ရေးဖို့ စဉ်းစားတာလဲ။ တကယ်လို့ သဒ္ဒါထုံးအတိုင်း အဖြတ်အတောက်တွေသုံးရင် ကဗျာဟာ ဘယ်လို ခြားနားသွားပါမလဲ။
  • ·         ပန်ဒိုရာရဲ့ ကဗျာတွေမှာ လုံးဝ မြို့ပြနောက်ခံ ဒါမှမဟုတ် တောရိုင်းနောက်ခံကို တွေ့ရတယ်။ အဲဒီလို လုံးလုံးလျားလျား ဆန့်ကျင်ကွာခြားနေတဲ့ နောက်ခံအခင်းအကျင်း (setting) က စာရေးသူအတွက် ဘယ်လို အရေးပါပါသလဲ။
  • ·         ပန်ဒိုရာရဲ့ ကဗျာတွေထဲမှာ အကြမ်းပတမ်း (violent) ဖြစ်တဲ့ သင်္ကေတတွေ တွေ့ရတယ်။ ဥပမာ လက်ဖြောင့်တပ်သား၊ ကျား စတဲ့ စကားလုံးတွေ။ ဘာဖြစ်လို့ အဲဒီစကားလုံးတွေကို ကဗျာတွေထဲမှာ မကြာခဏ ဆက်တွေ့နေရတာလဲ။
  • ·         ဒီနေ့အတန်းထဲမှာ လေ့လာရတဲ့ ပန်ဒိုရာရဲ့ စာတွေထဲမှာ၊ အထူးသဖြင့် “လူပြိန်းများ မြို့ကိုသိမ်းပိုက်စဉ်” ကဗျာမှာ ပို့စ်မော်ဒန် စာပေရဲ့ လွှမ်းမိုးမှုအတိုင်းအတာ ဘယ်လောက်အထိရှိပါသလဲ။ ဒါမှမဟုတ် ပို့စ်မော်ဒန်နဲ့ ဘယ်လို ပတ်သက်ပါသလဲ။ စာရေးသူရဲ့ ပို့စ်မော်ဒန်အပေါ် နားလည်မှု ဒါမှမဟုတ် ပို့စ်မော်ဒန် ရေးသားမှုစတိုင်အပေါ် စုံစမ်းလေ့လာထားမှုကို သိချင်ပါတယ်။ လူပြိန်းများ ကဗျာထဲက ပို့စ်မော်ဒန် အရာဝတ္ထုတွေဖြစ်တဲ့ မာရီလင်မွန်ရိုးနဲ့ မိုက်ကယ်ဂျက်ဆင်တို့လို အမေရိကန် ပေါ်ပြူလာကာလချာကို သတိထားမိပါတယ်။ စကားလုံးတစ်လုံးဖြစ်တဲ့ လူပြိန်းကို ထပ်ခါထပ်ခါ သုံးထားတာမျိုးတွေဟာ ပို့စ်မော်ဒန် အရေးအသားအများအပြားမှာ တွေ့ရတဲ့ ချဲ့ကားတွန်းတိုက် ရေးထားပုံမျိုး ဖြစ်နေပါတယ်။ အဲဒီလိုပါပဲ ဟစ်တလာ နဲ့ ချေဂွေဗားရား ကဗျာမှာဆိုရင်လည်း ပို့စ်မော်ဒန်ဝတ္ထုအများအပြားမှာ ရေးလေ့ရှိသလို သမိုင်းနောက်ခံကို ထင်ဟပ်ရေးတာမျိုးတွေ့ရပါတယ်။ ဥပမာ ဒွန် ဒီလီလို (Don DeLillo) ရဲ့ Libra ဝတ္ထုမှာလိုမျိုးပါ။ ပို့စ်မော်ဒန် ဝတ္ထုတွေ မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် ဖတ်ကြသလား ဆိုတာကို ကျွန်တော်မသိပါဘူး။ တစ်နည်းအားဖြင့်လည်း တကယ်လို့ စာရေးသူဟာ ပို့စ်မော်ဒန် အနုပညာနည်းလမ်းတွေကို တမင်တကာ အသုံးချထားခဲ့ခြင်း မရှိခဲ့ဘူးဆိုရင် တခြား ဘယ်စာရေးဆရာတွေနဲ့ ဘယ်လိုရေးဟန်တွေက လွှမ်းမိုးမှုရှိပါသလဲ။ အဲဒီလို ကိုယ့်ကိုလွှမ်းမိုးသူတွေက မြန်မာနိုင်ငံကလူတွေ ဟုတ်ကြပါသလား။ ကျွန်တော်က မြန်မာနိုင်ငံက တီထွင်ဖန်တီးမှု စာပေရေးသားခြင်း အကြောင်းကို လုံးဝ မသိပါဘူး။ ဒါကြောင့် အဲဒီက စာပေအခြေအနေ ဘယ်လိုရှိတယ်ဆိုတာကို သိချင်ပါတယ်။
အဲဒီလို မေးခွန်းတွေဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒါပေမယ့် အဲဒီမေးခွန်းတွေကို ပြန်ဖြေဖို့အတွက် ကျွန်မမှာ အချိန်မရခဲ့ပါဘူး။ အပြင်မှာ တွေ့ကြတဲ့အခါ မေးချင်တာ မေးလို့ရပါတယ် လို့တော့ စာသင်ခန်းထဲမှာ ပြောခဲ့ပါတယ်။ 
(မေးခွန်းတချို့)
 (ဆွေးနွေးပွဲအပြီးမှာ နာတာရှာက ဆွေးနွေးသွားတဲ့  IWP စာရေးဆရာတွေကို ထပ်ပြီး မေးခွန်းမေးချင်တာ၊ အင်တာဗျုးချင်တာရှိရင် သူကနေတစ်ဆင့် ခွင့်တောင်းဆက်သွယ်ပြီး စာတမ်းတစ်ခု ပြန်ရေးတင်ဖို့ ကျောင်းသားတွေကို အိမ်စာပေးခဲ့ပါတယ်။ ကျောင်းသူလေးတစ်ယောက်က ကျွန်မကို ဆက်သွယ်လာပါတယ်။ သူနဲ့ တစ်ရက်ချိန်းပြီး အမေးအဖြေလုပ်ပြီးတဲ့နောက်မှာ ကျွန်မရဲ့စာရေးသားခြင်းနဲ့ ဘဝဖြတ်သန်းမှု အကြောင်းကို သူက စာတမ်းငယ်တစ်စောင် ရေးခဲ့ပါတယ်။) 


ပန်ဒိုရာ
(ဆက်လက်ဖော်ပြသွားပါမည်။)

၂၀၁၃ မေလ စတိုင်သစ်မဂ္ဂဇင်းတွင် ဖော်ပြပြီး။  



အပိုင်း (၁) သို့  
အပိုင်း(၂) သို့

Expand..

Thursday, May 9, 2013

အိုင်အိုဝါရက်စွဲများ (အပိုင်း ၂)




အိုင်အိုဝါ ရက်စွဲများ အပိုင်း (၂)

၎။ နေမှုထိုင်မှု အခက်အခဲတချို့

အိုင်အိုဝါမြို့ကို ရောက်လာကြတဲ့ နိုင်ငံတကာ စာရေးဆရာတွေအတွက် ပထမဆုံး အခက်အခဲကတော့ လျှပ်စစ်ပလပ်ပေါက်ပါပဲ။ ကျွန်မတို့ ပါလာကြတဲ့ ဖုန်းတွေ ကွန်ပြူတာတွေဟာ အမေရိကမှာ ကျင့်သုံးတဲ့ ပလပ်ပေါက်စနစ်နဲ့ မတူတာများပါတယ်။ စင်ကာပူမှာဆိုရင်တော့ ပလပ်ပေါက်က 3-pin လေးထောင့်ပေါက်  ၃ ပေါက်ဖြစ်ပြီး မြန်မာပြည်မှာကတော့ များသောအားဖြင့် 2-pin အဝိုင်းပေါက် ၂ ပေါက် ဖြစ်တတ်ပါတယ်။ အမေရိကမှာ တွေ့ရတဲ့ ပလပ်ပေါက်တွေက 2-pin အပြားနှစ်ပေါက် ဖြစ်နေတော့ ကျွန်မတို့ပါလာတဲ့ လျှပ်စစ်ပစ္စည်းတွေကို အသုံးပြုဖို့ အားသွင်းဖို့အတွက် အပေါက်မကိုက်ဘဲ အခက်ကြုံကြရပါတယ်။ ကျွန်မကတော့ ခရီးသွားတိုင်း ထည့်နေကျ universal adapter လေး ပါလာမိလို့ အဆင်ပြေနေပေမယ့် အတော်များများကတော့ adapter ကို မြို့လေးက ဆိုင်တွေမှာ တော်တော်နဲ့ ရှာလို့မရဖြစ်ကြပါတယ်။ 

နောက်တစ်ခုကတော့ ဆေးလိပ်သောက်သူတွေအတွက် အခက်အခဲပါ။ ကျွန်မတို့ကို နေရာချပေးထားတဲ့ Iowa House Hotel က အခန်းတွေထဲမှာ ဆေးလိပ်သောက်လို့မရပါဘူး။ ပြီးတော့ မြို့ထဲက နေရာအတော်များများမှာလည်း ဆေးလိပ်မသောက်ရ ဇုံတွေနဲ့ ပြည့်နှက်နေပါတယ်။ ဆေးလိပ်သောက်ရင်း ဈာန်ဝင်ပြီး စာရေးလေ့ရှိတဲ့ စာရေးဆရာတချို့အတွက် ကိုယ့်အခန်းထဲမှာ ဇိမ်နဲ့နားနားနေနေ မရေးနိုင်ဘဲ အခက်ကြုံရပါတယ်။ ဒီတော့ ဆေးလိပ်သောက်ခြင်းကို ခွင့်ပြုတဲ့ ကော်ဖီဆိုင်၊ စားသောက်ဆိုင်တွေကို နေ့လည်ဘက်မှာ သွားပြီး စာရေးကြပါတယ်။ 

စာရေးဆရာတွေကို orientation မိတ်ဆက် ပြောတဲ့နေ့က ဥပဒေ ပညာရှင်တစ်ယောက် လာပါတယ်။ ဥပဒေရေးရာနဲ့ ပတ်သက်လို့ ဒီမြို့လေးမှာ ဆောင်ရန် ရှောင်ရန်တွေကို ပြောပြသွားပါတယ်။ အဓိက ပြောသွားတာကတော့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ အရက်သေစာ သောက်သုံးမှုပါပဲ။ အမေရိကမှာက ပြည်နယ်အလိုက်  မိမိတို့နဲ့ သင့်လျော်တဲ့ ဥပဒေတွေကို ပြဌာန်းတဲ့ စနစ်ရှိပါတယ်။ အိုင်အိုဝါမြို့လေးအတွက်  အရက်သောက်သုံးမှုနဲ့ ပတ်သက်လို့ အဓိက အချက် ၂ချက်ကတော့ public drinking နဲ့ public intoxication ကို ရှောင်ကြဉ်ဖို့ပါ။  အများနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ အရက်သောက်လို့ မရပါဘူး။ နောက်တစ်ခုက အများနဲ့သက်ဆိုင်တဲ့နေရာတွေမှာ အရက်ကို သောက်မနေတောင်မှ ဆိုင်ကသောက်ပြီး ပြန်လာတဲ့အခါ၊ အိမ်ကနေထွက်လာတဲ့အခါ၊ အများနဲ့သက်ဆိုင်တဲ့ မြင်ကွင်းမှာ မူးယစ်နေလို့လည်း မရပါဘူး။ ကျွန်မကတော့ ကိုယ့်နိုင်ငံက သင်္ကြန်ချိန်ခါကို ဖျတ်ခနဲ မြင်ယောင်သွားပါတယ်။ မြန်မာနိုင်ငံမှာလည်း အဲဒီလို ဥပဒေ ပြဌာန်းရင် ကောင်းမယ်လို့လည်း တွေးမိပါသေးတယ်။

အရက်သေစာနဲ့ ပတ်သက်လို့ နောက်ထပ်အခြေခံ အချက်တစ်ချက်ကတော့ အသက် ၂၁ နှစ်ပြည့်မှ အရက်ဝယ်လို့ရတာပါ။ ဆိုင်တွေမှာ ဘီယာ၊ ဝိုင် စတဲ့ အရက်ဝယ်သူတွေကို အသက်ပြည့်မပြည့် မဝေခွဲနိုင်ရင် ရုပ်ပုံပါတဲ့ သက်သေခံ ကဒ်ပြား (photo ID) တမျိုးမျိုးကို ပြခိုင်းပါတယ်။ ကဒ်ပြားပါမလာရင် မရောင်းပါဘူး။ (စင်ကာပူမှာလည်း အဲဒီဥပဒေရှိပါတယ်။ ဒါပေမယ့် လူကိုမှန်းကြည့်ပြီး တော်ရုံဆို မပြခိုင်းပါဘူး။) ဖွံ့ဖြိုးဆဲ နိုင်ငံတွေကလာသူ အတော်များများအတွက်ကတော့ ဒီလို စည်းနဲ့ကမ်းနဲ့ အရက်ဝယ်ရတာ အတွေ့အကြုံသစ်ပါပဲ။  စာရေးဆရာတွေဟာ သူတို့ကို သက်သေခံကဒ်ပြား ပြခိုင်းတဲ့အခါ “ဒါ အသက် ၂၁ နှစ် မပြည့်သေးဘူးထင်လို့ ပြခိုင်းတာ၊  တော်တော်နုပျိုတာပဲ” လို့ အချင်းချင်း နောက်ပြောင်ရင်း ဂုဏ်ယူဝံ့ကြွားလေ့ ရှိကြပါတယ်။

၅။ မြင်း/နွားစီးပွဲ သို့မဟုတ် Rodeo

နိုင်ငံတကာက စာရေးဆရာတွေကို IWP ကို ဖိတ်ခေါ်ရတဲ့ ရည်ရွယ်ချက်တွေထဲမှာ အမေရိကရဲ့ ယဉ်ကျေးမှုနဲ့ လူနေမှုဘဝတွေကို သိရှိနားလည် လေ့လာစေချင်တာလည်း ပါဝင်ပါတယ်။  ဒါကြောင့်မို့ ယဉ်ကျေးမှု ဒါမှမဟုတ် ဒေသန္တရဗဟုသုတနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေကိုလည်း ဖိတ်ခေါ်လေ့ရှိပါတယ်။

စက်တင်ဘာ ၆ ရက်နေ့မှာ ၆၅ ကြိမ်မြောက်ကျင်းပမယ့် ရိုဒီယို (rodeo) ဆိုတဲ့ပွဲရှိတယ်။ ကြည့်ချင်သူတွေကို ပွဲကျင်းပတဲ့ Fort Madison ကို လိုက်ပို့မယ် လို့ ကျောင်းက အကြောင်းကြားလာပါတယ်။ ရိုဒီယို ဆိုတာ ဘာလဲ ဆိုတာကို ရှင်းလင်းချက်ကိုလည်း ပို့ထားပါသေးတယ်။ စပိန်က နွားရိုင်းသတ်ပွဲလို မဟုတ်ဘဲ မြင်းတွေနွားတွေကို ထိန်းချုပ်နိုင်တာကို ယှဉ်ပြိုင်ကြတဲ့ပွဲပါ။ တိရိစ္ဆာန်အခွင့်အရေး လှုပ်ရှားသူတွေက ကန့်ကွက်ကြတဲ့ ပွဲမျိုးလို့လည်း သတိပေးထားပါတယ်။  စာရေးဆရာ အတော်များများဟာ ဒီလိုပွဲမျိုးကို ရုပ်ရှင် တီဗွီထဲမှာလောက်ပဲ မြင်ဖူးပြီး ကိုယ့်နိုင်ငံမှာ ကျင်းပလေ့မရှိတဲ့အတွက် မျက်ဝါးထင်ထင် ကြည့်ရှုဖို့ စိတ်အားထက်သန်နေကြပါတယ်။ 


(တစ်ပတ်တာရဲ့ အချိန်ဇယား၊ လိုအပ်နေတဲ့ ပလပ်ခေါင်း နဲ့ ရိုဒီရို လက်မှတ်)

အိုင်အိုဝါမြို့ရဲ့ မလှမ်းမကမ်းမှာ တည်ရှိတဲ့ Fort Madison ကို ရောက်တော့ လက်မှတ်တွေ ဝယ်ပြီး ပွဲကျင်းပတဲ့ ဝင်းထဲကို ရောက်ခဲ့ကြပါတယ်။ ပွဲကို လာကြသူတွေအများစု ကလေး လူကြီးတွေဟာ ဦးထုတ်ပြန့်တွေ ရှပ်အင်္ကျီ ဂျင်းဘောင်းဘီတွေနဲ့ ကောင်းဘွိုင်လို ဝတ်စားဆင်ယင်လာကြပါတယ်။ ဈေးဆိုင်တန်းတွေကလည်း နွားသားရေနဲ့ လုပ်ထားတဲ့ ခါးပတ်တို့၊ ပိုက်ဆံအိတ်တို့ ရောင်းကြပါတယ်။ ကောင်းဘွိုင်ဦးထုပ်တွေကိုလည်း ရောင်းကြပါတယ်။ ကျွန်မလည်း  အမှတ်တရ တစ်ခုခု ဝယ်ဖို့ ကြည့်ဖြစ်ပါတယ်။ ပထမဆုံး အမေရိကန် အမှတ်တရ ပစ္စည်း ဝယ်ဖို့ ကြည့်ဖြစ်တဲ့နေ့ပါ။ အဲဒီမှာ အရာရာတိုင်းလိုလိုဟာ made in China ဖြစ်နေတာနဲ့ စပြီးတွေ့တော့တာပါပဲ။ 
( စာရေးဆရာတွေ ဦးထုပ်ဝယ်နေကြစဉ်)



ပွဲကို အတော်လေး ခန်းခန်းနားနား ဖွင့်လှစ်ပါတယ်။ အမျိုးသမီး အမျိုးသားတွေဟာ မြင်းတွေကို အလှစီးပြီး လှည့်လည်ကြပါတယ်။  အမေရိကန်အလံနဲ့ လေထီးခုန်ချတာလည်း ကြည့်လို့ကောင်းပါတယ်။ ကျွန်မက ဒီလိုပွဲကို တီဗွီမှာ ယူကျုမှာ အနည်းငယ် မြင်ဖူးပေမယ့် အစအဆုံး တစ်ခါမှ မကြည့်ဖူးပါဘူး။ မှတ်ထားမိသလောက် ပွဲစဉ်တွေကို ပြန်ပြောပြရရင်တော့ -

စည်ပိုင်း ၃ခုကြား မြင်းလှည့်လည်စီးခြင်း
စည်ပိုင်း ၃ ခုကို တြိဂံပုံ (သူတို့အခေါ်တော့ ကလိုဗာ သစ်ရွက်ပုံပေါ့) ချထားတယ်။ အဲဒီ စည်ပိုင်းတွေကို သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်းပတ်ပြီး မြင်းစီးရတယ်။ အချိန်မြန်မြန် မှန်မှန်စီးနိုင်ခြင်းကို အမှတ်ပေးတာပါ။

မြင်းပေါ်ကို ကုန်းနှီးပါ/ကုန်းနှီးလွတ် စီးခြင်း
ကုန်းနှီးပါတဲ့မြင်း နဲ့ မပါတဲ့မြင်း နှစ်မျိုးရှိပါတယ်။ အဲဒီမြင်းတွေကို တက်စီးတော့ မြင်းကခါချပါတယ်။ အဲဒါကိုအချိန်ကြာကြာ ထိန်းနိုင်အောင် ကြိုးစားစီးရတဲ့ကစားနည်းပါ။

နွားသိုးစီးခြင်း
မြင်းကို စီးသလိုပါပဲ။ ခါချနေတဲ့ နွားသိုးတွေပေါ်မှာ တက်စီးကြတာပါ။

အဖွဲ့ဖြင့် နွားလေးကို ကြိုးချည်ခြင်း
မြင်းစီးလာတဲ့ လူနှစ်ယောက်မှာ တစ်ယောက်က နွားကလေးရဲ့ ချိုကို ဒါမှမဟုတ် လည်ပင်းကို ကြိုးကွင်းပစ်ပြီး စွပ်၊ နောက်တစ်ယောက်က နွားလေးရဲ့ နောက်ခြေထောက်ကို ကြိုးကွင်းစွပ်ပြီး ဖမ်းတဲ့နည်းပါ။

နွားလေးကို လေးဘက်လေးတန် တုပ်ခြင်း
မြင်းစီးလာတဲ့လူက နွားကလေးရဲ့ ခေါင်းကို ကြိုးကွင်းပစ်ပြီး စွပ်ပါတယ်။ မိတာနဲ့ မြင်းပေါ်က ပြေးဆင်းသွားပြီး နွားလေးကို တွန်းလှဲပြီး သူ့ခြေထောက်သုံးချောင်းကို မလှုပ်နိုင်အောင် ကြိုးနဲ့တုပ်ပါတယ်။

နွားကို နပန်းလုံး တွန်းလှဲခြင်း
မြင်းစီးလာသူက ပြေးနေတဲ့ နွားကို မီအောင်လိုက်ပြီး မီတဲ့အခါ ဆင်းပြီး နွားရဲ့ ဦးချိုကနေကိုင်ပြီး လှဲချတဲ့ ကစားနည်းပါ။

နွားလေးတွေကို ကြိုးချည်တာတို့ လှဲချတာတို့ လုပ်နေတဲ့အချိန်မှာ စိတ်ထဲ မကောင်းဖြစ်မိပါတယ်။ တစ်ကြိမ်မှာ နွားကလေးက လည်ပင်းကို ကြိုးပတ်တဲ့အချိန် ကြာသွားတော့ ပွဲအပြီး မှာ တော်တော်နဲ့ ပြန်မထနိုင်ပဲ ဆန့်ငင်ဆန့်ငင် ဖြစ်နေတာကို တွေ့ရတော့ စိတ်ပူမိတယ်။ ဒါကြောင့်လည်း တိရိစ္ဆာန်အခွင့်အရေး တောင်းဆိုသူတွေ ကန့်ကွက်စရာ ဖြစ်ရတာ လို့တွေးမိပါတယ်။ 

ကျွန်မဘေးမှာ ထိုင်နေတဲ့ ဂူလာလာကတော့ ဆက်မကြည့်တော့ပါဘူး။ သူ လာမိတာ မှားပြီလို့ ပြောနေပါတယ်။ ကျောပေါ်တက်စီးရင် ခါချတတ်တဲ့ မြင်းတွေနွားတွေကိုလည်း အဲဒီလို အတင်းခါချအောင် ခါးကို သံနဲ့ရိုက်ထားတယ်လို့ သူ ကြားဖူးတယ်တဲ့။ ဘေးက အိုင်အိုဝါသားတစ်ယောက်ကတော့ ဒီခေတ်မှာ အဲဒီလို မလုပ်တော့ပါဘူး လို့ရှင်းပြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကစားနည်းတွေက သူတို့ရဲ့ ကျေးလက်လုပ်ငန်းခွင်မှာ မြင်းတွေနွားတွေနဲ့ပတ်သက်လာရင် လက်တွေ့လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ လို့ မှတ်သားခဲ့ရပါတယ်။ 

၃ နှစ် ၄ နှစ်အရွယ် ကလေးငယ်လေးတွေက သိုးလေးတွေကို စီးပြီးပြိုင်ကြတဲ့ ပွဲလည်းပါပါသေးတယ်။ သိုးလေးတွေ ဖြည်းဖြည်းခါချတာကို မခံနိုင်ပဲ ကလေးတွေ လဲပြိုကျတဲ့အခါ လူကြီးတွေက ရယ်ကြပါတယ်။ ဒီကလေးတွေ ကြီးလာတဲ့အခါ နွားစီးမယ့် ကောင်းဘွိုင်လေးတွေ ဖြစ်လာကြမှာပေါ့လေ။  ဓာတ်ပုံတွေတော့ သိပ်မရိုက်ဖြစ်ပဲ ဗွီဒီယိုနည်းနည်း ရိုက်လာခဲ့ပါတယ်။ မှောင်လာတဲ့အချိန်မှာ လျှင်မြန်လွန်းတဲ့ လှုပ်ရှားမှုတွေကို ကျွန်မကင်မရာနဲ့ အဝေးကလှမ်းရိုက်ရတာ မနိုင်တာကလည်း တစ်ကြောင်းပါ။ 

(ရိုဒီယို ဖွင့်လှစ်တဲ့ အခမ်းအနား)
(ရိုဒီယိုပွဲမှာ နေဘုန်းလတ်နဲ့ အမှတ်တရ)



၆။ အမေရိကန်ကျောင်းသားတွေရဲ့ စာသင်ခန်း

ကျွန်မမျှော်လင့်ထားတဲ့ စက်တင်ဘာ ၇ ရက်ကို ရောက်လာပါပြီ။ စောစောထ မနက်စာစားပြီးတော့ နာတာရှာနဲ့အတူ အိုင်အိုဝါတက္ကသိုလ်ထဲက စာသင်ခန်းတစ်ခန်းကို သွားကြပါတယ်။ အတန်းထဲက ကလေးတွေက အသက် ၁၆ - ၁၈ ပတ်ဝန်းကျင်လို့ နာတာရှာက ပြောပြပါတယ်။ သူတို့ဟာ ဖရက်ရှာ ကျောင်းသားလေးတွေပါ။

ကလေးတွေဟာ ဆရာမ နာတာရှာ ကြိုပြောထားတဲ့အတိုင်းပဲ တကယ့်ကို ငြိမ်သက်အေးဆေးပါတယ်။ ဒါပေမယ့် လွတ်လပ်ပေါ့ပါးပုံလည်း ပေါက်ပါတယ်။ နာတာရှာက ကျွန်မကို ကလေးတွေနဲ့ မိတ်ဆက်ပေးပါတယ်။ စာသင်ခန်းကျဉ်းကလေးမှာ ကျောင်းသူကျောင်းသား ၁၀ ယောက်ကျော် လောက်ပဲရှိတာပါ။ အဲဒီထဲက ထက်ဝက်လောက်ကိုတော့ ရုပ်ရှင်ခံစားမှု အစီအစဉ်မှာ တွေ့ခဲ့ရလို့ မှတ်မိနေပါတယ်။

နာတာရှာက ကျွန်မရဲ့ နာမည်ကို မြန်မာလိုရော အင်္ဂလိပ်လိုပါ ကျောက်သင်ပုန်းမှာ ရေးပြခိုင်းပါတယ်။ မြန်မာစာလုံး ဝိုင်းဝိုင်းလေးတွေကို သူတို့က စိတ်ဝင်စားနေကြပါတယ်။ ပြီးတော့ မြန်မာနိုင်ငံကို ကြားဖူးလား။ မြန်မာနိုင်ငံအကြောင်း ဘာသိလဲ လို့ ကလေးတွေကို မေးတော့ ကလေးတွေက သိပ်မပြောနိုင်ကြပါဘူး။ ဒါနဲ့ ဒေါ်အောင်ဆန်းစုကြည် နာမည်ကို ရေးပြပြီး သူ့ကို ကြားဖူးလားဆိုတော့ တစ်ယောက်နှစ်ယောက်က ကြားဖူးတယ် လို့ပြောကြပါတယ်။ 

နာတာရှာကတော့ ကလေးတွေရဲ့ အဖြေတွေကို အားမရဘဲ ကျွန်မကိုလည်း အားနာနေဟန်တူပါတယ်။ အတန်းပြီးသွားတဲ့အခါ ပြောပြပါသေးတယ်။ ကလေးတွေ သိပ်ပြီး စကားမပြောကြတာဟာ ရှက်လို့ကြောက်လို့ မဟုတ်ဘူး။ သူတို့ကိုယ် သူတို့ ယုံကြည်မှု လွန်ကဲနေကြတာ တဲ့။ ဒီခေတ် အမေရိကန်ကလေးတွေဟာ သူတို့ကိုယ်သူတို့ ပြီးပြည့်စုံတဲ့ နိုင်ငံမှာ နေထိုင်နေကြတယ် လို့ ထင်နေကြပြီး နိုင်ငံပြင်ပက ကိစ္စတွေကို စိတ်မဝင်စားကြတာလည်း တွေ့ရတယ်တဲ့။ ဒါကြောင့်မို့ အပြင်ဘက်ကိုလည်း ကြည့်ကြဖို့ တိုက်တွန်းနေရတယ်တဲ့။ ကျွန်မကတော့ ကျွန်မတို့ဆီမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းလို့ အတန်းထဲမှာ စကားပြန်မပြောရဲတဲ့ ကလေးတွေရဲ့ အဖြစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်ရပုံကို စဉ်းစားနေမိပါတယ်။ 

အတန်းထဲမှာ ကျွန်မရဲ့ အကြောင်းကို သူတို့ကို နည်းနည်းပါးပါး မိတ်ဆက်ပြောပြပြီးတော့ ကျောင်းသားလေး တစ်ယောက်က ကျွန်မရဲ့ “လူပြိန်းများမြို့ကို သိမ်းပိုက်စဉ်” ကဗျာ ကို အသံထွက်ဖတ်ပါတယ်။ အဲဒီကဗျာကို အင်္ဂလိပ်လို ဘာသာပြန်ထားတာက “the scene of the city siege by the daft”  ပါ။ အဲဒီကဗျာမှာ the daft လို့ဘာသာပြန်ထားတဲ့ အင်္ဂလိပ် အသုံးအနှုန်းကို သူတို့တွေက ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြပါတယ်။ the daft ဆိုတာက ဗြိတိသျှတွေ သုံးလေ့ သုံးထရှိတဲ့ စကားလုံးပါ။ အမေရိကန်တွေအနေနဲ့ သုံးလေ့မရှိပါဘူး။ ဒီကဗျာကို ဘာသာပြန်ထားသူ ကိုကိုသက်က ဥရောပနိုင်ငံတွေမှာ အခြေချနေထိုင်သူဖြစ်ပြီး အဲဒီကဗျာပါဝင်တဲ့ စုစည်းမှုစာအုပ်ကို တွဲဖက်တည်းဖြတ်သူ ဂျိမ်းစ်ဘန်းကလည်း ဗြိတိန်နိုင်ငံသား ဖြစ်ပါတယ်။ နာတာရှာနဲ့ ကျောင်းသားလေးတွေက ဒီနေရာမှာ အမေရိကန်တစ်ယောက်က ဘာသာပြန်မယ်ဆိုရင် the idiot ဒါမှမဟုတ် the fool လို့ ပြန်ကောင်းပြန်မယ် လို့ ဆွေးနွေးကြပါတယ်။ ဒါပေမယ့် the daft လို့ပြောလိုက်တာကတော့ ကဲ့ရဲ့ရှုံ့ချတာမျိုးမဟုတ်ဘဲ စိတ်ခံစားမှု ပိုကင်းတဲ့ neutral သဘောဆန်တယ် လို့ ဆွေးနွေးကြပါတယ်။ ပြီးတော့ ကျွန်မရဲ့ တခြားကဗျာတွေကို ဖတ်ကြပြီး မရှင်းတာကို မေးကြပါတယ်။ ဆက်ပြီးတော့ ကျွန်မပြခဲ့တဲ့ The tiger and the snow ရုပ်ရှင်အကြောင်းကို ဆွေးနွေးကြပါတယ်။

ဒီနေရာမှာ ကျွန်မတွေ့မြင်မိတာကတော့ အမေရိကန်ကျောင်းသားလေးတွေရဲ့ လေ့လာနိုင်ခွင့်နဲ့ ယနေ့ခေတ် နိုင်ငံတကာစာပေ အနုပညာတွေကို လက်လှမ်းမီနိုင်မှုကိုပါ။ IWP ကို ရောက်လာကြတဲ့ စာရေးဆရာတွေဟာ အသက်အရွယ်၊ အောင်မြင်ကျော်ကြားမှု၊ အသိအမှတ်ပြုခံရမှုတွေ အမျိုးမျိုး ကွဲပြားကြပေမယ့်လည်း အားလုံးကတော့ ခေတ်ပြိုင်ရေးသားနေဆဲ စာရေးဆရာတွေပါ။ ဒီလိုလူတွေ လက်ရှိရေးသားဆဲ ပူပူနွေးနွေး လက်ရာတွေကို အမေရိကန်ကျောင်းသားတွေဟာ စာရေးဆရာ ကိုယ်တိုင်နဲ့အတူ လေ့လာခွင့် ဆွေးနွေးခွင့် ရကြခြင်းဟာ တကယ်ကို တန်ဖိုးရှိတဲ့ အတွေ့အကြုံပါ။ ကျွန်မတို့ဆီမှာလည်း စာပေဆိုင်ရာ ဘာသာရပ်တွေ အထူးပြုလေ့လာကြတဲ့ ကျောင်းသားတွေကို ဂန္ထဝင်စာပေတွေသာမက အခုလို ခေတ်ပြိုင်လက်ရာတွေကို လေ့လာဆွေးနွေးနိုင်ဖို့ သင်ရိုးတွေကို မွမ်းမံပြင်ဆင်ကြရင် ကောင်းမယ်လို့တွေးမိပါတယ်။ (နောက်ပိုင်းမှတော့ သူတို့ဆီမှာ အခုလိုခေတ်နဲ့ တပြေးညီ လေ့လာခွင့်ရတာဟာ တက္ကသိုလ်အဆင့်သာမက အထက်တန်း အလယ်တန်း ကျောင်းတွေမှာပါ ရှိတယ်ဆိုတာကို creative writing အတန်းတွေမှာ ပါဝင်ကူညီခဲ့တဲ့အခါ ပိုနားလည်ခဲ့ရပါသေးတယ်။) 

အတန်းချိန် ကုန်ဆုံးသွားတဲ့အခါမှာတော့ ကျောင်းသားတွေဟာ ပြောလက်စ စကားတွေ အကုန်ဖြတ်၊ စာအုပ်တွေ ကောက်သိမ်းပြီး သူတို့ကျောပိုးအိတ်ကလေးတွေလွယ် ဘိုင့်ဘိုင်ဆိုပြီး အတန်းထဲက ချက်ချင်းထွက်သွားကြတာကတော့ ကျွန်မကို သူတို့ရဲ့ ယဉ်ကျေးမှုဆိုင်ရာ အသိတစ်ခု တိုးစေပါတယ်။ ကျောင်းသားတွေဟာ သူတို့ အတန်းချိန်စေ့သွားတဲ့အခါ လုံးဝအားမနာကြပါဘူး။ ဒါဟာ သူတို့ရဲ့ အခွင့်အရေးလို့ပဲ ယူဆတာလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် အချိန်တိတိကျကျ လုပ်ကိုင်လေ့ရှိတဲ့ သူတို့လူမျိုးတွေအဖို့ နောက်ထပ် အတန်းတစ်တန်းကို အချိန်မီ သွားဖို့လိုအပ်လို့လည်း ဖြစ်နိုင်ပါတယ်။  ကျွန်မကိုယ်တိုင်လည်း ညနေပိုင်း အစီအစဉ်ဖြစ်တဲ့ panel discussion အတွက် စာကြည့်တိုက်ကို သုတ်ခြေတင်ရပါတယ်။    


၇။ ကျားမဖြစ်တည်မှု ဆွေးနွေးပွဲ

IWP မှာ စာရေးဆရာတိုင်း ပါဝင်ရတဲ့ အစီအစဉ်တစ်ခုကတော့ public library မှာ ကျင်းပလေ့ရှိတဲ့ panel discussion ဖြစ်ပါတယ်။ ပထမဆုံး ရက်သတ္တပတ်မှာ  “ကျားမဖြစ်တည်မှု” ခေါင်းစဉ်ကို ဆွေးနွေးဖို့ အလှည့်ကျပါတယ်။  အဲဒီခေါင်းစဉ်အောက်မှာ မြန်မာအမျိုးသမီးကဗျာဆရာတွေရဲ့ အခန်းကဏ္ဍအကြောင်း ပြောဖို့ ကျွန်မက စာတမ်းတစ်ခု ပြင်ဆင်ထားခဲ့ပါတယ်။ 

ဖြစ်ချင်တော့ အဲဒီ ဆွေးနွေးပွဲအပြီးမှာ သမ္မတ အိုဘားမားရဲ့ မိန့်ခွန်းပြောပွဲကို သွားဖို့ရှိနေပါတယ်။ တစ်နေ့လုံး အစီအစဉ်တွေ ပြည့်နေတဲ့ မှတ်မှတ်ရရ နေ့တစ်နေ့ပါ။ ကျွန်မက ကြုံရင်ကြုံသလို အခန်းအနားတွေမှာ ဝတ်ဖို့ မြန်မာဝတ်စုံ တချို့ထည့်လာခဲ့ပါတယ်။ အစကတော့ အဲဒီနေ့ ဆွေးနွေးပွဲမှာ မြန်မာလို ဝတ်မယ်လို့ စိတ်ကူးမိပေမယ့် အိုဘားမား ကြိုဆိုမယ့် လူအုပ်ထဲကို တိုးရမှာမို့ အိုင်အိုဝါ စာတန်းပါတဲ့ T-shirt လေးကိုပဲ ဝတ်လိုက်မိတာကလည်း မှတ်မှတ်ရရပါပဲ။ 

ဆွေးနွေးသူတွေကတော့ ဥဇဘက်ကစ္စတန် က အလီနာ၊ အီရတ်က ဂူလာလာ၊ အာဖဂန်နစ္စတန်က မိုဟစ်၊ စင်ကာပူက စတက်ဖနီ နဲ့ မြန်မာပြည်က ကျွန်မ ၊ အားလုံး ငါးယောက်ဖြစ်ပါတယ်။ ဆွေးနွေးပွဲကို နာတာရှာက နှုတ်ခွန်းဆက်စကား ပြောပေးပြီး၊ moderate လုပ်ပေးသူက ဖရော်ဖက်ဆာ ဆရာမကြီး အမ်မာရီတာ လင်ဒါ ကာဘာ (Emerita Linda Kerber) ဖြစ်ပါတယ်။ မိုဟစ်က “စစ်ပွဲအတွင်း စာရေးခြင်း” ဆိုတဲ့ ခေါင်းစဉ်အောက်မှာလည်း စာတမ်းဖတ်ဖို့ စာရင်းသွင်းထားပေမယ့် ကျားမဖြစ်တည်မှု ခေါင်းစဉ်မှာ အမျိုးသမီးတွေချည်း ပြောနေတာ ဖြစ်မှာစိုးလို့ အမျိုးသားတစ်ယောက် အနည်းဆုံး ထည့်ချင်တဲ့အတွက် ဒီခေါင်းစဉ်မှာလည်း ပါဝင်ဖို့ သူ့ကို ဖိတ်ခေါ်ခဲ့တာပါ။ ကျွန်မသတိထားမိပါတယ်။ သူတို့ဆီမှာ ပွဲစီစဉ်ရင် ပြောသူတွေဟာ ယောင်္ကျားတွေချည်းပဲ ဒါမှမဟုတ် မိန်းမတွေချည်းပဲ မဖြစ်အောင် သတိထားပြီး နေရာချ စီစဉ်တတ်ကြပါတယ်။ 

(ကျားမဖြစ်တည်မှု ဆွေးနွေးပွဲမှာ နာတာရှာက မိတ်ဆက်စကား ပြောနေစဉ်)



အီရတ် နဲ့ အာဖဂန်နစ္စတန် နိုင်ငံတွေမှာတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ မိန်းမတွေအပေါ် ဖိနှိပ်မှုတွေ များလှပါတယ်။ အဲဒီလိုဖိနှိပ်မှုတွေကြောင့် အမျိုးသမီးတွေရဲ့ စာပေအနုပညာ ဖန်တီးမှုကို ထိခိုက်ရတဲ့အကြောင်းတွေကို ဂူလာလာနဲ့ မိုဟစ်တို့က ထောက်ပြသွားခဲ့ပါတယ်။  ဥဇဘက်ကစ္စတန်က အလီနာ ပြောသွားတာကတော့ ရှုထောင့်တစ်မျိုးပါ။ အမျိုးသမီးတွေကိုယ်တိုင်ကိုက အားနည်းတဲ့ လိင်အဖြစ် ဦးစားပေးခံရခြင်း၊ အိမ်ထောင်မှု ထိန်းသိမ်းခြင်း၊ ယောင်္ကျားကို မှီခိုခြင်းတွေကို အခွင့်အရေးအဖြစ် မှတ်ယူနေတာကို တွေ့ရှိရတဲ့အကြောင်းပါ။ စင်ကာပူကတော့ ကျားမဖြစ်တည်မှုခေါင်းစဉ်အောက်မှာ စင်ကာပူနိုင်ငံမှာ ယောင်္ကျားလေးတွေဟာ မဖြစ်မနေ စစ်မှုထမ်းရတဲ့အတွက် အလုပ်ခွင်နဲ့ တိုးတက်မှုမှာ ဆုံးရှုံးရတဲ့ ရှုထောင့်ကနေ ပြောပြသွားပါတယ်။ ကျွန်မကတော့ ၂၀၁၂ ကမ္ဘာ့ကဗျာနေ့မှာ ရန်ကုန်မှာ ဖတ်ခဲ့တဲ့ စာတမ်းကို အတိုချုပ်ပြီး ပြန်ပြောပြခဲ့ပါတယ်။  (စာတမ်း ဖတ်ရှုရန်)

( ဆွေးနွေးသူများ။ ဝဲမှယာ - စတက်ဖနီ ရဲ(စင်ကာပူ)၊ အလီနာ ဒါဒီဗာ (ဥဇဘက်ကစ္စတန်)၊ ဂူလာလာ နိုရိ (အီရတ်)၊ မိုဟစ် ဇဂမ်း (အာဖဂန်နစ္စတန်)၊ ပန်ဒိုရာ (မြန်မာ))


ပရိသတ်က မေးခွန်းတွေ မေးချင်သေးပေမယ့် အိုဘားမား မိန့်ခွန်းခြွေမယ့်နေရာကို အချိန်မီသွားကြရမှာမို့ ဆွေးနွေးပွဲကို နိဂုံးချုပ်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ စာကြည့်တိုက်ထဲက ထွက်လာတဲ့ အားလုံးလိုလိုပါပဲ  သမ္မတအိုဘားမားရဲ့ မိန့်ခွန်းကို နားထောင်ကြဖို့ တန်းစီရမယ့် နေရာကို သွားကြပါတယ်။ လက်ထဲမှာလည်း လက်မှတ်ကိုယ်စီကိုင်ဆောင်လို့ပါ။ သမ္မတအိုဘားမားကို အပြင်မှာ ကိုယ်တိုင်ကိုယ်ကျ မြင်ဖူးတော့မှာမို့ ကျွန်မအပါအဝင် စာရေးဆရာတွေဟာ စိတ်လှုပ်ရှား ပျော်ရွှင်နေကြပါတယ်။ 

ပန်ဒိုရာ

(ဆက်လက်ဖော်ပြသွားပါမည်။)
၂၀၁၃ ဧပြီလ စတိုင်သစ် မဂ္ဂဇင်းတွင် ဖော်ပြပြီး။ 





Expand..