Monday, May 6, 2013

အိုင်အိုဝါ ရက်စွဲများ (အပိုင်း ၁)

၂၀၁၂ ခုနှစ်က International Writing Program တက်ရောက်ဖို့ အိုင်အိုဝါမြို့ကို ရောက်နေတုန်းမှာ အဲဒီခေါင်းစဉ်နဲ့ပဲ စာတစ်ပုဒ် တင်ဖူးပါတယ်။ နောက်တော့ ဆက်မရေးဖြစ်ပါဘူး။ ဒီပြန်ရောက်တဲ့အခါ စတိုင်သစ်မဂ္ဂဇင်းက ကိုလူဇော်သစ်ရဲ့ အားပေးမှုကြောင့် ခရီးသွားဆောင်းပါးဆန်ဆန် ဆက်ရေးဖြစ်ပါတယ်။ အိုင်အိုဝါရက်စွဲများ အပိုင်း (၁) က နေ (၃) အထိကို ၂၀၁၃ မတ်လထုတ် စတိုင်သစ်မဂ္ဂဇင်းမှာ စပြီး အခုအထိ လစဉ် ဆက်တိုက် ဖော်ပြလျက်ရှိပါတယ်။ နောက်ထပ်လည်း ဆက်ရေးနေဆဲပါ။ ကံကောင်းထောက်မပြီး သွားဖြစ်ခဲ့တဲ့ အဲဒီခရီးမှာ ကျွန်မအနေနဲ့ ဘာတွေ ကြိုးစားပန်းစား လုပ်ဆောင်ဖြစ်ခဲ့တယ်ဆိုတာတွေရယ် ခရီးသွား အတွေ့အကြုံတွေရယ် ကို မဂ္ဂဇင်း မဖတ်ဖြစ်တဲ့ ဝေးရပ်မြေက ကျွန်မရဲ့ မိတ်ဆွေသူငယ်ချင်းတွေ၊ ဘလော့ဂါ ရေးဖော်ရေးဖက်တွေနဲ့ အခြားသော စာရေးသူ စာဖတ်သူတွေကို ဝေမျှချင်တဲ့စိတ်နဲ့ ဘလော့ဂ်မှာလည်း ပြန်တင်လိုက်ပါတယ်။ အရင်ရေးခဲ့တဲ့ ဆောင်းပါးအစပိုင်းကို တော့ ပြန်ပြုပြင်ပြီး ရေးထားပါတယ်။

.....................................




အိုင်အိုဝါ ရက်စွဲများ (အပိုင်း ၁)



၁။ အိုင်အိုဝါသို့ ပျံသန်းခြင်း

မင်း ဒီအစီအစဉ်ကို တက်နိုင်မလား တဲ့။ မမျှော်လင့်ဘဲ သူတို့က မေးလာတော့ ကျွန်မအံ့သြမိပါတယ်။ ကျွန်မက မြန်မာပြည်မှာ အသိအမှတ်ပြုခံရတဲ့ စာရေးဆရာ၊ကဗျာဆရာတစ်ယောက် ပီပီပြင်ပြင် မဟုတ်သေးဘူးလို့ ကိုယ့်ကိုယ်ကို မှတ်ယူခဲ့သူပါ။ မိသားစုစီမံကိန်းအတွက် စင်ကာပူအလုပ်က ခွင့်ယူပြီး ကိုယ့်နိုင်ငံမှာ ပြန်အနားယူနေတာမို့ ကျွန်မ ခရီးသွားနိုင်မယ့် အခြေအနေ ဘာမှန်းမသိခင် အခုချက်ချင်းဆိုရင် အကြောင်းပြန်လို့မရဘူးလို့ ပြောလိုက်တယ်။ အဖြေပြောနိုင်တဲ့ နေ့တစ်နေ့မှာ ဖိတ်ခေါ်စာ ရောက်လာခဲ့တယ်။ ခရီးထွက်လို့ ဖြစ်နိုင်တဲ့ အနေအထားမို့ လာခဲ့မယ်လို့ အကြောင်းပြန်ခဲ့တယ်။ အဲဒီနောက်တော့ စာရွက်စာတမ်းတွေ လျှောက်လွှာတွေနဲ့ နပမ်းလုံးရတော့တာပါပဲ။

၂၀၁၂  သြဂတ်စ် ၂၄ ရက် ညနေ ၄ နာရီခွဲ မှာ ရန်ကုန်လေဆိပ်က ထွက်လာတဲ့ လေယာဉ်တစ်စီးထဲ လိုက်ပါလာခဲ့တယ်။ ခရီးတွေ အကြိမ်ကြိမ်သွားခဲ့ပေမယ့် ဒီတစ်ကြိမ် ပျံသန်းရတဲ့ ခရီးကတော့ မရောက်ဖူးတဲ့ ဒေသတစ်ခုက မကြုံဖူးသေးတဲ့ အတွေ့အကြုံတွေဆီကိုပါ။ ကိုယ်စိတ်ဝင်စားတာတာတွေကို အလေးအနက်လုပ်နိုင်ဖို့ အချိန်လပ်ကလေးတစ်ခု ဘဝမှာ ရှိခွင့်ရလာတာဟာ သိပ်ကို ကံကောင်းပါတယ်။ အလုပ်ကနေ ခွင့်ရက်ရှည်ယူပြီး အမိမြေမှာ မိသားစုနဲ့ ပြန်လည်နေထိုင်တဲ့အခိုက်  အမေရိကန်နိုင်ငံ အိုင်အိုဝါတက္ကသိုလ်က စီစဉ်တဲ့ ၄၆ ကြိမ်မြောက် International Writing Program(IWP) ရဲ့ ၂၀၁၂ ဆောင်းဦးပေါက်ရာသီ အစီအစဉ်ကို တက်ရောက်ဖို့ ကြုံလာခဲ့ရတယ်။

ကျွန်မအတွက် သူတို့ဝယ်ပေးထားတဲ့ လေယာဉ်လက်မှတ်က ရန်ကုန်-ဘန်ကောက်-နာရီတာ(တိုကျို)-ချီကာဂို-စီဒါရက်ပစ် ခရီးစဉ်ပါ။ စီဒါရက်ပစ် Ceder Rapids ဆိုတာက ခရီးအဆုံးဖြစ်တဲ့ အိုင်အိုဝါမြို့ကနေ တစ်နာရီခွဲ ၂ နာရီလောက် ကားမောင်းရတဲ့ မြို့လေးပါ။ တကယ်တော့ ၂၀၁၂ အတွက် မြန်မာနိုင်ငံက IWP တက်ဖို့ ဖိတ်ကြားခံရတာ ကျွန်မရယ် ဘလော့ဂါ နေဘုန်းလတ်ရယ် ၂ ယောက်ပါ။ နေဘုန်းလတ်က ပတ်စပို့နဲ့ ဗီဇာ အဆင်သင့်မဖြစ်သေးလို့ နောက်ကျပြီး နေရစ်ခဲ့ရပါတယ်။ ဒီတော့လည်း ခရီးရှည်ကြီးကို တစ်ယောက်တည်း ပျံသန်းလာခဲ့ရပါတယ်။

ရန်ကုန်ကနေ ဘန်ကောက် လေဆိပ်ထဲရောက်တဲ့အချိန်မှာ ညနေ ၆နာရီခွဲလောက် ဆိုတော့ တော်တော် စောနေသေးတယ်။ ဘန်ကောက်မှာ ညအိပ်နားပြီး မနက်အစောကြီးမှာ တိုကျိုကို ပျံသန်းရပါမယ်။  Louis Tavern ဟိုတယ် မှာ ၄ နာရီလောက် ညအိပ်နား ရေချိုးပြီး မနက် ၅ နာရီမှာ ဘန်ကောက်လေဆိပ်ကနေ တိုကျို နာရီတာ လေဆိပ် ကို ၆ နာရီကျော် ပျံသန်းခဲ့ပါတယ်။

နာရီတာ ကိုရောက်တော့ အချိန်ရသေးတာနဲ့ လေဆိပ်ကစားသောက်ဆိုင်မှာ ဘာစားရင်ကောင်းမလဲ ကြည့်တယ်။ ဂျပန် ပဲခေါက်ဆွဲ တစ်ပွဲဝယ် စားလိုက်တယ်။ ၉ ဒေါ်လာကျော်ပေးရတယ်။ လေဆိပ်ဆိုတော့လည်း ဈေးကြီးတာပေါ့လေ။ ကျွန်မက အချိန်ရတာနဲ့ လေဆိပ်ထဲကို လှည့်ပတ်ကြည့်လိုက်ပါသေးတယ်။ ချီကာဂို ကိုပျံမယ့် လေယာဉ်က ညနေ ၄ နာရီ ၃၅ ထွက်ရမှာကို တစ်နာရီ လေယာဉ်နောက်ကျပြီး  ညနေ ၅ နာရီ ၃၅ မှထွက်လာခဲ့ပါတယ်။ 


Narita လေဆိပ်


ချီကာဂို ကိုရောက်အောင် ၈ နာရီလောက် ပျံသန်းခဲ့ရပါတယ်။ ရောက်တဲ့အချိန်မှာ ဒေသစံတော်ချိန် ညနေ ၃နာရီခွဲလောက်ရှိပါပြီ။ နောက်ထပ် ပြောင်းစီးရမယ့် ပြည်တွင်းလေယာဉ် က ညနေ ၆ နာရီ ၅ မိနစ်ထွက်မှာဆိုတော့ အေးအေးဆေးဆေးပဲ လို့ထင်မိခဲ့ပေမယ့် transit သွားမယ့် လိုင်းက immigration မှာ တန်းစီရပါတယ်။ လူတန်းရှည်ကြီးထဲမှာ ၂ နာရီကျော်လောက် စောင့်ပြီးတော့မှ တံဆိပ်တုံးထုလို့ပြီးပါတယ်။ တန်းစီနေတဲ့အတောအတွင်းမှာ တန်းစီနေတဲ့ လူတွေကို ရဲခွေးတွေက အနံ့ခံရှာဖွေပါတယ်။ သစ်သီးတွေ အပင်နဲ့ပတ်သက်တဲ့ အရာတွေပါလာရင် ချက်ချင်း သိမ်းလိုက်ပါတယ်။

ပြည်ဝင်ခွင့်ကိစ္စ ပြီးသွားတော့ ကျွန်မရဲ့ luggage ကို လိုက်ရှာရပါတယ်။ ကျွန်မစီးလာခဲ့တဲ့ လေယာဉ်က ဆိုက်တာ ကြာနေပြီဆိုတော့ luggage တွေက တန်းစီပြီး လည်နေတဲ့အထဲမှာ မရှိတော့ဘူး။ ဒါနဲ့ လုံခြုံရေးတွေကို မေးပြီး ကိုယ့်အိတ်တွေရှိတဲ့နေရာကို လိုက်ရှာရတယ်။ အိတ်ရပြီးတော့ ပြည်တွင်းလေယာဉ် ရှိတဲ့ နေရာမှာ အိတ်ကို check in ပြန်လုပ်ရတယ်။ လက်ဆွဲအိတ် တွေကို ဆွဲပြီး လေယာဉ်ထွက်မယ့် ဂိတ်ကိုရှာပြီး လေယာဉ်ကွင်းထဲ ပတ်နေတဲ့ မိုးပျံရထားလေးကို စီးသွားရပြန်ပါတယ်။

 လေယာဉ် ထွက်မယ့် နေရာကို ရောက်တော့ စစ်ဆေးရေး ဖြတ်ရပြန်တယ်။ အဲဒီမှာလည်း လူတန်းရှည်ကို စောင့်ရပြန်တယ်။ (စစ်ဆေးရေးတွေက တစ်ခါဖြတ်တိုင်းမှာ ကွန်ပြူတာအပြင်ထုတ်၊ ဖိနပ်ချွတ်၊ ခါးပတ်ပါရင်ချွတ်ပြီး ဗန်းတွေထဲ ထည့်ရတယ်။) ဖြတ်ပြီးတော့ ကိုယ့်လေယာဉ်ထွက်မယ့် ဂိတ်ကို  အဲဒီအထဲကနေ ငါးမိနစ်လောက် လမ်းလျှောက်သွားရပြန်တယ်။ အချိန်က ညနေ ၆ နာရီထိုးခါနီးနေပြီဆိုတော့ အပြေးတပိုင်းသွားရတယ်။ လေယာဉ်ပေါ် ရောက်ပြီး နောက် ၅ မိနစ်ကြာတယ်ဆို ထွက်တာပါပဲ။ မီရုံလေးရှိတယ်။ (နောက်မှ ပြန်သိရတာ မမီခဲ့ရင် နောက်တစ်နေ့ထွက်တဲ့ လေယာဉ်နဲ့မှ လိုက်ရမတဲ့။) အဲဒီခရီးကတော့ အတော့်ကို သုတ်ချေတင်ခဲ့ရပါတယ်။

လေယာဉ်ပျံချိန် တစ်နာရီတောင် မကြာဘဲ စီဒါရက်ပစ် လေဆိပ်ကို ဆိုက်ရောက်လာပါတယ်။ ညနေ ၇ နာရီလောက်ရှိပါပြီ။ အဲဒီမှာ ပထမဆုံးကြုံကြိုက်ခဲ့ရတာကတော့ သူတို့ရဲ့ ဖော်ရွေမှုနဲ့ ဝန်ဆောင်မှုပါ။ luggage တွေကို ရွေးဖို့ တွန်းလှည်းယူတော့ ပိုက်ဆံ ၂ဒေါ်လာထင်ပါတယ်။ deposit ထည့်ရမယ် လို့ရေးထားပါတယ်။ ကျွန်မမှာ အကြွေမရှိလို့ အခက်အခဲတွေ့နေတုန်း လေဆိပ်က ဝန်ထမ်းတစ်ယောက်က ဝန်ထမ်းတွေ သုံးတဲ့ တွန်းလှည်းတစ်စီးကို ထုတ်လာပေးတယ်။ ဒါဆိုရင် မင်းပိုက်ဆံသုံးစရာမလိုတော့ဘူးပေါ့ တဲ့။  အဲဒီတွန်းလှည်းလေးကို သူကိုယ်တိုင် တွန်းပြီး ကိုယ့်အနားမှာ လာကူစောင့်ပေးတယ်။ လက်ထဲက ပစ္စည်းတွေကို  ကူသယ်ကူချပေးတယ်။ အပျင်းပြေအောင် သူက စကားတွေလာပြောပေးနေတယ်။ ယဉ်ယဉ်ကျေးကျေး ဖော်ဖော်ရွေရွေပဲ။  ဒါပေမဲ့လည်း ကျွန်မ စောင့်နေတဲ့ luggage က ပါမလာဘဲ ချီကာဂိုမှာ ကျန်ရစ်ခဲ့တယ်တဲ့။ လေယာဉ်အကူးအပြောင်းမှာ အချိန်မမီလို့ကျန်ခဲ့တယ်လို့ ယူဆရပါတယ်။

ဒီလို အဆင့်ဆင့်ပြောင်းပြီး လေယာဉ်စီးရတာမျိုး လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က တစ်ကြိမ်ကြုံခဲ့ပါတယ်။ အရေးကြီးတာကတော့ အဲဒီလေယာဉ်တွေ ရပ်နားတိုင်းမှာ ကိုယ် check in လုပ်လိုက်တဲ့ အိတ်တွေ ပါလာမလာ စုံစမ်းကြည့်ဖို့နဲ့ လေယာဉ်ချိန်တွေ ပြောင်းမပြောင်း အမြဲ စစ်ကြည့်နေဖို့ပါ။ ဥပမာ - ဘန်ကောက်လေဆိပ်ကနေ နာရီတာကို ထွက်ခါနီးမှာတော့ လေကြောင်းလိုင်း ပြောင်းသွားတဲ့အတွက် ကျွန်မရဲ့ ပစ္စည်းတွေကို ပြန်ရွေးရမဲ့ code နံပါတ်ပါ ပြောင်းသွားခဲ့ပါတယ်။  အဲဒီလို စစ်ခဲ့တာတောင်မှ အခုတော့ luggage က ကျန်ရစ်ခဲ့ပါသေးတယ်။ (နောက်ထပ်သိရတာက စာရေးဆရာ ၁၀ ယောက်လောက် အဲဒီလိုပဲ သူတို့ luggage တွေ ကျန်ရစ်ခဲ့ရတယ်။ နောက်မှ ပြန်လာပို့တယ် တဲ့)။ ကျွန်မက လိုလိုမယ်မယ် ကျွန်မရဲ့ လက်ဆွဲအိတ်ထဲမှာ အဝတ်အစားအပိုတွေနဲ့ လတ်တလော လိုတဲ့ အသုံးအဆောင်တွေကို ထည့်ထားမိခဲ့လို့ တော်သေးတာပေါ့။

လေဆိပ်ကို အိုင်အိုဝါတက္ကသိုလ်က မိန်းကလေးတစ်ယောက် လာကြိုတယ်။ သူ့ကိုယ်သူ ဒရိုင်ဘာပါ လို့မိတ်ဆက်တယ်။ နောက်မှ သိရတာက အဲဒီမြို့လေးမှာ ကျောင်းက ပရိုဂရမ်တွေမှာ ဒရိုင်ဘာအနေနဲ့ အချိန်ပိုင်း အလုပ် လုပ်နေကြသူတွေဟာလည်း ကျောင်းပြီးခါစ ဒါမှမဟုတ် ဘွဲ့ကြို ဘွဲ့လွန်တက်နေတဲ့ ကျောင်းသားတွေ ဖြစ်နေကြတာကိုပါ။ သူတို့ဟာ စာရေးဆရာတွေလည်း တစ်စိတ်တစ်ပိုင်း ဖြစ်နေတတ်ကြပါတယ်။ အိုင်အိုဝါဟာ စာပေမြို့တော်လေး ဖြစ်လေတော့ တမြို့လုံးမှာ ကျောင်းသားတွေ ကျောင်းဆရာတွေနဲ့ စာရေးဆရာတွေ ပြည့်နှက်လို့နေပါတယ်။

အဲဒီနေ့က ညနေ လေယာဉ်တွေနဲ့အတူ ပါလာကြသူတွေကတော့ ပါကစ္စတန်၊ ဂရိ၊ အီရတ် နိုင်ငံတွေက စာရေးဆရာတွေပါ။ အီရတ်က စာရေးဆရာမ  “ဂူလာလာ နိုရိ” နဲ့ ကျွန်မဟာ မြင်မြင်ချင်းပဲ စကားတွေပြောဖြစ်ပြီး ခင်မင်သွားကြပါတယ်။ ဖြစ်ချင်တော့ စီဒါရက်ပစ် လေဆိပ်ကို ဂူလာလာရဲ့ အိတ်ရော ကျွန်မရဲ့ အိတ်တွေပါ ပါမလာခဲ့လို့ လေဆိပ်မှာပဲ သတင်းပို့ ထားလိုက်ခဲ့ရတယ်။ ပါကစ္စတန်က စာရေးဆရာက ပြောတယ်။ ဘာမှမပူပါနဲ့ ဒီနိုင်ငံဟာ ဘာမဆို အားလုံးအတွက် လွယ်ကူအောင် လုပ်ထားတာ။  အိတ်တွေ နောက်နေ့ ရောက်ကို ရောက်လာမှာပါ တဲ့။ သူကတော့ အမေရိကကို ရင်းနှီးပြီးသားပါ။

လေဆိပ်ကထွက်လာတဲ့ ကားလမ်းဘေး တစ်ဖက်တစ်ချက် မှာတော့ မြင်ကွင်းတွေက ကျယ်တယ်။ မြင်လေရာရာ တမျှော်တခေါ်ရှုခင်းတွေထဲမှာ လေထုကလည်း သန့်ရှင်းနေတယ်။ အိုင်အိုဝါမြို့ထဲဝင်လာတော့ အိမ်ကလေးတွေက သပ်သပ်ရပ်ရပ် လှလှပပနဲ့ လုံးချင်းအိမ်လေးတွေများတာကို တွေ့ရပါတယ်။ အဆောက်အဦ အမြင့်တွေ မမြင်ရဘူး။ မိုးလည်း ဖွဲဖွဲရွာနေတယ်။ နေရမယ့် Iowa House Hotel ကိုရောက်လာကြတယ်။ အဲဒီဟိုတယ်က အိုင်အိုဝါတက္ကသိုလ် ရဲ့ ကျောင်းဝင်းထဲမှာပါပဲ။ ဟိုတယ်ခန်းထဲမှာတော့ ခုတင်တစ်လုံး စားပွဲ ကုလားထိုင်တွေနဲ့ ရေခဲသေတ္တာတစ်လုံး မိုက်ခရိုဝေ့ဖ်မီးဖို တစ်လုံး ပေးထားပါတယ်။

ခဏနားပြီးတော့ ဂူလာလာက အပြင်မှာ လိုတာလေးတွေ ဝယ်မယ်ဆိုလို့ နှစ်ယောက်သား ထွက်လာခဲ့ကြတယ်။ ဟိုမေးဒီမေးနဲ့ စားသောက်ဆိုင်တန်းတွေ ရှိတဲ့နားတွေဖြတ်ပြီး ရှော့ပင်းမောလ်လေး တစ်ခု ရှိတဲ့နေရာကို ရောက်သွားတယ်။ (နောက်ပိုင်းတော့ အဲဒီ Old Capital Mall ဟာ မကြာခဏ သွားဖြစ်တဲ့နေရာတစ်ခု ဖြစ်လာခဲ့တယ်။)  ည ၉ နာရီကျော်ပြီဆိုတော့ ဆိုင်တွေက ပိတ်နေပြီ။ ဝယ်မရတော့ဘူး။ ကျွန်မအတွက် ညနေစာကို ခေါက်ဆွဲပြုတ် ပွဲအသေးလေး ပါဆယ်ဝယ်ခဲ့ပါတယ်။ ဂူလာလာကတော့ ညနေစာ မစားဘူးတဲ့။ အပြန်မှာ နှစ်ယောက်သား လမ်းမှားသွားကြသေးတယ်။ မိုးကလည်း ဖွဲဖွဲ ရွာနေဆဲပါ။ လမ်းမှာတွေ့တဲ့ ကျောင်းသားလေးတွေကို မေးမြန်းပြီး ဟိုတယ်ကို ပြန်ရောက်လာကြတယ်။ ည ၁၀ နာရီကျော် နေပေမယ့် ပတ်ဝန်းကျင်ကတော့ သွားလာနေကြတဲ့ ကျောင်းသားတွေနဲ့ လူသူမပြတ်ပါဘူး။

နောက်တစ်နေ့ မနက်စာ ကို ဟိုတယ်က ကျွေးပါတယ်။ အာရှတိုက်သားတစ်ယောက်ရဲ့ ပါးစပ်အတွက်ဆိုရင် ခြောက်ခြောက်ကပ်ကပ်မို့ သိပ်စားမဝင်ပါဘူး။ ပေါင်မုန့်၊ ဒိုးနပ်၊ သစ်သီး၊ ကော်ဖီ၊ လက်ဖက်ရည်၊ ဒိန်ချဉ်၊ စီရီယယ်လ်တွေနဲ့ နို့နဲ့ စသည်ဖြင့်ပါ။(အဲဒါကိုပဲ ဆင်တူ နေ့တိုင်းကျွေးလိမ့်မယ်လို့လည်း အဲဒီတုန်းက မထင်မိခဲ့သေးဘူး။) နေ့လည်ကျတော့ မိုးရွာနေတာမို့ ကျောင်းက ရုံးခန်းကို သွားကြမယ့် အစီအစဉ်ကို ဖျက်လိုက်ပါတယ်။ ဒါနဲ့ပဲ ရှော့ပင်းမောလ်တစ်ခုဆီကို ဂရိက စာရေးဆရာရယ် အီရတ်က စာရေးဆရာမရယ် နဲ့ တက္ကစီ ငှားပြီး သွားကြတယ်။ အဲဒီမောလ် နာမည်ကတော့ Coral Ridge Mall တဲ့။   ညနေပြန်ရောက်တော့ ခေါင်းပြန်ကိုက်ပြီး အအေးမိသလိုဖြစ်နေတာနဲ့ ဆေးသောက်လိုက်ရတယ်။ လည်ချောင်းကလည်း နာလာတယ်။ အဲဒီညနေရောက်တော့  ချီကာဂို လေဆိပ်မှာ ကျန်ခဲ့တဲ့ luggage ဟိုတယ်ကို ရောက်လာတယ်။

ကျွန်မ နေရတဲ့အခန်းမှာ ပြတင်းပေါက်က လှမ်းကြည့်လိုက်ရင် ငြိမ့်ငြိမ့်လေးစီးနေတဲ့ အိုင်အိုဝါမြစ်ကလေးနဲ့ တံတား အစိမ်းနုရောင်လေးကို ညအမှောင်ထဲမှာ မှုန်ပျပျ မြင်နေရတယ်။ အဲဒီနေ့က အိပ်ပျော်သွားပြီး မနက် အစောကြီး ၄ နာ၇ီလောက်မှာ နိုးလာပါတယ်။  တဖြည်းဖြည်း မိုးလင်းလာတော့ အိုင်အိုဝါမြစ်ရဲ့ လှပတဲ့နံနက်ခင်းလေးကို မြင်တွေ့ရပါတော့တယ်။ ဖြတ်သန်းသွားလာနေကြတဲ့ ကျောင်းသားတချို့ကိုလည်း
 မြင်နေရပါတယ်။

အိုင်အိုဝါ မြစ်ရဲ့ လှပတဲ့ နံနက်ခင်း

Iowa House Hotel ကို တံတားလေးကနေ လှမ်းမြင်ရ


နောက် ရက်အနည်းငယ်ကြာတော့ အဲဒီမြင်ကွင်းကို ကြည့်ရင်း မနက်ခင်းတစ်ခုမှာ ကဗျာလေးတစ်ပုဒ် ရေးဖြစ်ခဲ့တယ်။ ကဗျာခေါင်းစဉ်ကတော့ သန္တဟာ သန္တာန်ထဲ တဲ့။

“သန္တဟာ သန္တာန်ထဲ”
(အိုင်အိုဝါသို့)

နံနက်ခင်းက မနိုးသေး
နှိုးစက်သံမရှိ နှိပ်စက်ခြင်းလွတ်တဲ့
အိပ်မက်ထဲက ညင်သာ လူးလွန့်ရုံလေး ငါ့ခန္ဓာ ကြွထ
ပြတင်းပေါက်အပြင်မှာ မြစ်နဲ့ တံတားကလေး သက်ငြိမ်
သုံးဖက်ချွန်သစ်ရွက်ကလေးတွေ ဝေ့ဝဲ  လေထုထဲ အညစ်အကြေးမပါ
စာတမ်းလေးတစ်ခုနဲ့ လည်ချောင်းနာတာလေးတစ်ခုသာ ဖိစီးမှုရှိ
ကျန်အရာအားလုံးဟာ လေဟာနယ်ထဲ ဆွဲငင်အားမဲ့

ကျောပိုးအိတ် ကင်းဗတ်ဖိနပ် တီရှပ် အားကစားဘောင်းဘီတို
နှိမ့်ချတဲ့အဆောင်အယောင် မြင့်မားတဲ့ သင်ခန်းစာ
ဖြန့်ထားတဲ့ လက်ဖဝါး ဖွင့်ထားတဲ့ ဦးနှောက်
အမိုးချွန်ချွန်လေးတွေ အနီရောင်မှိုင်းမှိုင်း အဖြူရောင်သန့်သန့်
အပြောင်အလက်  အထိုးအထောင်တွေ ကင်းစင်
အနှေးမြင်ပြကွက်တွေဟာ တငြိမ့်ငြိမ့် တလိမ့်လိမ့်
သြော်… သူတို့ရဲ့ တက္ကသိုလ်

မလုပ်ချင်တာတွေကို မလုပ်လိုတဲ့အချိန်မှာ မေ့ထား
အိပ်ရာဘေး ညမီးဆိုင်းဝါဝါကလေးကို လှည့်ဖွင့်
မဖြီးသင်ရသေးတဲ့ဦးခေါင်း မသန့်စင်ရသေးတဲ့ ကိုယ်ငွေ့
ဒိန်ခဲအကြေအမွတွေ ပေါင်မုန့်အကျိုးအကြေတွေ
ခွဲစိတ်ထားပြီးသား သစ်သီးစုံ အစအနကလေးတွေ
ရေခဲအိတ်ထဲက ပျော်လက်စ ရေခဲတုံးကလေးတွေ
အနားမှာရှိသမျှတွေကို ဝမ်းဗိုက်ကြီးထဲကောက်ထည့်
ပြီး လှေ ခါး ထစ် တွေ တစ် ထစ် ပြီး တစ် ထစ် ချင်း
နင်း
ဆင်း
လာ။
ပန်ဒိုရာ
၃၀-၃၁.၈.၂၀၁၂




၂။ IWP ဆိုတာ…

အိုင်အိုဝါတက္ကသိုလ်က ကျင်းပတဲ့ International Writing Program (IWP) ရဲ့ ၂၀၁၂ ခုနှစ် အစီအစဉ်ကို တက်ဖို့ မြန်မာနိုင်ငံက ပန်ဒိုရာနဲ့ ဘလော့ဂါ နေဘုန်းလတ် တို့ ဖိတ်ကြားခံရပါတယ်။ အစီအစဉ်က၂၀၁၂ သြဂတ်စ် ၂၅ ကနေ နိုဝင်ဘာ ၁၃ ရက်နေ့အထိ ကြာမြင့်မယ်လို့ စီစဉ်သူတွေက အကြောင်းကြားထားခဲ့ပါတယ်။  ဒီအစီအစဉ်မှာ မြန်မာနိုင်ငံက စာရေးဆရာ အနည်းဆုံး တစ်ယောက်ကို နှစ်စဉ် ဖိတ်ခေါ်လေ့ရှိပါတယ်။ ၂၀၀၁ နဲ့ ၂၀၁၂ တွေမှာတော့ မြန်မာနိုင်ငံက  နှစ်ယောက်စီ ဖိတ်ခဲ့တယ်။

IWP တက်ရောက်ခဲ့တဲ့ မြန်မာ စာရေးဆရာတွေကို IWP ဝက်ဘ်ဆိုက်မှာ ရှာဖွေပြီး စာရင်းပြုစုကြည့်တော့ အခုလိုတွေ့ရပါတယ်။
၁၉၉၄
ဆရာဦးဝင်းဖေ
၁၉၉၅
-
၁၉၉၆
ဆရာတင်မောင်သန်း
၁၉၉၇
-
၁၉၉၈
ဆရာဖေမြင့်
၁၉၉၉
-
၂၀၀၀
ဆရာမနုနုရည်(အင်းဝ)
၂၀၀၁
ဆရာမမြနှောင်းညို
၂၀၀၁
ဆရာသုမောင်
၂၀၀၂
ဆရာချစ်ဦးညို
၂၀၀၃
ဆရာမောင်စွမ်းရည်
၂၀၀၄
ဆရာမောင်သာနိုး
၂၀၀၅
ဆရာမ မသီတာ(စမ်းချောင်း)
၂၀၀၆
ဆရာမိုးဟိန်း
၂၀၀၇
ဆရာမခက်မာ
၂၀၀၈
ဆရာကျော်ဝင်း
၂၀၀၉
ဆရာမင်းထက်မောင်
၂၀၁၀
ဆရာခင်မောင်ညို
၂၀၁၁
ဆရာချိုတူးဇော်
၂၀၁၂
ဆရာနေဘုန်းလတ်
၂၀၁၂
ပန်ဒိုရာ

အခုသွားရမယ့် ၂၀၁၂ ဆောင်းဦးရာသီမှာ နိုင်ငံပေါင်း ၂၈ နိုင်ငံက စာရေးဆရာ ၃၁ ယောက် တက်ရောက်ကြမယ်လို့လည်း သိလိုက်ရတယ်။ ကျွန်မအတွက်တော့ မရောက်ဖူးသေးတဲ့ အမေရိကန်နိုင်ငံကို သွားရမယ့်အတွက်ရော နိုင်ငံတကာ စာရေးဆရာတွေနဲ့ တွေ့ဆုံရမယ့်အတွက်ပါ စိတ်လှုပ်ရှားစရာပါ။ ကိုယ်လေးစားခဲ့ရတဲ့ စာရေးဆရာတွေ သွားခဲ့တဲ့ အစီအစဉ်တစ်ခုကို တက်ဖို့ အခုလို ဖိတ်ကြားခံရတာ ဝမ်းသာစရာလည်း ကောင်းသလို တာဝန်လည်း ကြီးလှတယ်လို့ တွေးမိပါတယ်။ မသွားခင်မှာ ဆရာမောင်သာနိုးနဲ့ ဆရာမင်းထက်မောင်တို့ကို တွေ့ဖြစ်တော့ သူတို့ပါဝင်ခဲ့တဲ့ အတွေ့အကြုံတွေအကြောင်း ကျွန်မကို ရှင်းပြကြပါတယ်။ ဆရာကျော်ဝင်းကိုတော့ ဖုန်းထဲက စကားနည်းနည်း ပြောဖြစ်ပေမယ့် အချိန် မတိုက်ဆိုင်တာမို့ မတွေ့ဖြစ်ခဲ့ဘူး။ ဒါပေမယ့် “မစ္စစ္စပီခရီးသည်” ဆိုတဲ့ ဆရာ့ရဲ့ IWP အတွေ့အကြုံကို ရေးထားတဲ့ စာအုပ်ကလေးကို ဖတ်လာခဲ့ပါတယ်။

IWP မှာ ပါဝင်ခွင့်ရတာနဲ့ ပတ်သက်လို့ အထူးကျေးဇူးတင်ရမယ့်လူတွေကတော့ ဗြိတိသျှ ကဗျာဆရာ ဂျိမ်းစ်ဘန်း(James Byrne) နဲ့ IWP ဒါရိုက်တာ ခရစ္စတိုဖာ မာရေးလ် (Christopher Merrill) တို့ပါ။    ခရစ္စတိုဖာ မာရေးလ်   ရဲ့တောင်းဆိုချက်အရ   ဂျိမ်းစ်ဘန်း က သူ တွဲဖက် တည်းဖြတ်ဘာသာပြန်ပြီး UK မှာ ထုတ်ဝေခဲ့တဲ့ Bones Will Crow: 15 Contemporary Burmese Poets စာအုပ်ထဲမှာ ပါဝင်တဲ့ ကဗျာဆရာတချို့ကို IWP တက်ရောက်ဖို့အတွက် အမည်စာရင်း ပေးလိုက်တယ် လို့ သိရပါတယ်။ အဲဒီမှာ တခြားဆရာများက အကြောင်းအမျိုးမျိုးကြောင့် မသွားနိုင်ကြတာက တစ်ကြောင်း၊ ခရစ္စတိုဖာ မာရေးလ်က ကျွန်မရဲ့ကဗျာတွေကို နှစ်သက်တာက တစ်ကြောင်းကြောင့် ကျွန်မဟာ IWP တက်ရောက်ဖို့ ဖိတ်ကြားခံ ခဲ့ရတာပါ။

IWP တက်ရောက်ဖို့ အတွက် နိုင်ငံတကာက ကဗျာဆရာ၊ ပြဇာတ်ရေးဆရာ၊ သုတ ရသ စာရေးဆရာ တွေကို အိုင်အိုဝါ တက္ကသိုလ်က နှစ်စဉ်ဖိတ်ကြားပါတယ်။ အဲဒီ စာရေးဆရာတွေကို ရက်သတ္တ ၁၀ပတ် ကြာမြင့်တဲ့ အစီအစဉ်အတွင်း အိုင်အိုဝါမြို့မှာ နေထိုင်ဖို့ ချထားပေးပါတယ်။ များသောအားဖြင့်တော့ အိုင်အိုဝါတက္ကသိုလ်ဝင်းထဲက အိုင်အိုဝါဟောက်စ် ဟိုတယ် (Iowa House Hotel) မှာ နေထိုင်စေပါတယ်။

IWP ကို ၁၉၆၇ ခုနှစ်မှာစတင်ခဲ့ပြီး ယခုအချိန်အထိ နိုင်ငံပေါင်း ၁၃၀ ကျော်က စာရေးဆရာပေါင်း ၁၃၀၀ ကျော် တက်ရောက်ခဲ့ကြပြီးဖြစ်ပါတယ်။  IWP ကို တည်ထောင်သူတွေကတော့ ကဗျာဆရာ ပေါလ်အန်ဂယ်လ် (Paul Engle) နဲ့ ဟွာလင်း နီး အန်ဂယ်လ် (Hualing Nieh Engle) တို့ဖြစ်ပါတယ်။ လက်ရှိ ပရိုဂရမ်ဒါရိုက်တာကတော့ ခရစ္စတိုဖာ မာရေးလ် (Christopher Merrill) ဖြစ်ပါတယ်။
IWP ရုံးခန်းထဲရှိ ပေါလ် အန်ဂယ်၏ ရုပ်တု


IWP ကို တက်ရောက်နိုင်ဖို့အတွက် စာရေးဆရာတွေဟာ အနည်းဆုံး စာအုပ်တစ်အုပ်ထုတ်ဝေပြီးသား ဖြစ်ရပါမယ်။ ဒါမှမဟုတ်လည်း ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ထုတ်ဝေခဲ့တဲ့ စုစည်းမှုစာအုပ် (anthology) တွေထဲမှာ ကိုယ့်စာတွေ ပါဝင်မှု ရှိခဲ့ရပါမယ်။ အမေရိကန်နိုင်ငံမှာ နေထိုင်ပြီး နိုင်ငံတကာ စာရေးဆရာတွေနဲ့ ဆက်ဆံရမှာ ဖြစ်တဲ့အတွက် သင့်တင့်တဲ့ အင်္ဂလိပ်ဘာသာနဲ့ ဆက်သွယ်နိုင်စွမ်းရှိရပါမယ်။

အစီအစဉ်မှာ ပါဝင်မယ့် စာရေးဆရာတွေဟာ ရသစာပေ၊ သုတစာပေ၊ ကဗျာ၊ ပြဇာတ် ဒါမှမဟုတ် ရုပ်ရှင်ဇာတ်ညွှန်း(fiction, literary nonfiction, poetry, drama, or screenplays) ရေးသားသူတွေဖြစ်ရပါမယ်။ ဘာသာပြန်ဆရာတွေနဲ့ ဂျာနယ်၊ ယဉ်ကျေးမှုစာပေ၊ အထုပ္ပတ္တိစာပေ ရေးသားနေသူတွေလည်း ပါဝင်နိုင်ပါတယ်။ ဒါပေမယ့် စောစောက ဖော်ပြခဲ့တဲ့ တီထွင်ရေးသားမှုတွေထဲမှာ တစ်ခုခုတော့ တစိုက်မတ်မတ် ရေးနေသူဖြစ်ရပါမယ် လို့  IWP က တာဝန်ရှိသူတွေက ပြောပြခဲ့ပါတယ်။

သြဂတ်စ် ၂၈ မနက်ပိုင်းမှာ Iowa House Hotel မှာ အားလုံးကို အထူးနံနက်စာနဲ့ တည်ခင်းဧည့်ခံပါတယ်။ နေ့လည်ပိုင်းမှာ IWP ရုံးခန်းတည်ရှိရာဖြစ်တဲ့ Shambaugh House ကို အားလုံးကို ဖိတ်ခေါ်ပြီး အစီအစဉ်အကြောင်းကို ရှင်းလင်းပြောပြပါတယ်။ ပြီးတော့ စာရေးဆရာတွေအားလုံးက ကိုယ့်ကိုယ်ကို မိတ်ဆက်ကြပါတယ်။
IWP ရုံးခန်းတည်ရှိရာ Shambaugh House




အဲဒီနေ့ ညနေမှာပဲ ၄၆ ကြိမ်မြောက် IWP အစီအစဉ်ရဲ့ စာရေးဆရာတွေကို ကြိုဆိုတဲ့ ညစာစားပွဲ ပါတီကို တက်ရောက်ကြရပါတယ်။ ပါတီပွဲကို ဒါရိုက်တာ ခရစ္စတိုဖာ မာရေးလ်ရဲ့ အိမ်က မြက်ခင်းပြင်မှာ ကျင်းပပါတယ်။ ကြိုဆိုနှုတ်ဆက်ကြတဲ့ မြို့မိမြို့ဖတွေဟာ သိပ်ကို လှိုက်လှိုက်လှဲလှဲရှိကြပါတယ်။ ကျွန်မက ရှမ်းရိုးရာဖျင်နဲ့ ချုပ်လုပ်ထားတဲ့ မြန်မာဝတ်စုံ အပြာရောင်ကို ဝတ်ထားတာကို သူတို့က သဘောကျနေကြပါတယ်။ မြို့သူမြို့သားတွေဟာ သူတို့ရဲ့ မြို့အတွက်ရော ကျောင်းအတွက်ပါ သိပ်ကို ဂုဏ်ယူကြပုံပေါ်ပါတယ်။ အဲဒီ ပါတီပွဲမှာ အိုင်အိုဝါတက္ကသိုလ်ရဲ့ President ဆယ်လီမေဆင် (Sally Mason) ပြောခဲ့တဲ့ စကားကို သဘောတကျ မှတ်သားမိပါတယ်။

“စင်တင်ပြဇာတ်မှာ ကပြချင်ရင် နယူးယောက်ကို သွားပါ။ ရုပ်မြင်သံကြား ဒါမှမဟုတ် ရုပ်ရှင်ရိုက်ချင်ရင် လော့စ်အိန်ဂျလိစ်ကိုသွားပါ။ ဒါပေမဲ့ စာရေးဆရာဖြစ်ချင်ရင်တော့ အိုင်အိုဝါမြို့ကို လာပါ။”
“If you want to be in the theater, you go to New York City. If you want to be in television or the movies, you go to Los Angeles. But if you want to be a writer, you come to Iowa City.”

နှုတ်ဆက်မိတ်ဖွဲ့နေကြတုန်းမှာ မှတ်မှတ်ရရတစ်ခုရှိပါတယ်။ ကင်မရာကြီးတစ်လုံးကို လွယ်ထားတဲ့ လူတစ်ယောက်က ကျွန်မကို ကြည့်ပြီး မြန်မာပြည်က ပန်ဒိုရာလား လို့ မေးပါတယ်။ ဟုတ်ပါတယ် လို့ပြောတော့ သူ့ရဲ့ လိပ်စာကဒ်လေးကို ထုတ်ပေးပြီး အဲဒီ ကဒ်ပေါ်မှာ ပုံနှိပ်ထားတဲ့ အဖြူအမည်း ဓာတ်ပုံထဲက အမျိုးသမီးတစ်ယောက်ကို သိသလားလို့ မေးပါတယ်။ ကျွန်မ သေသေချာချာ ကြည့်လိုက်တော့ ဆရာမ မသီတာ(စမ်းချောင်း) ရဲ့ပုံပါ။ ကျွန်မက သိပါတယ် ဒါ ဆရာမ မသီတာပါ လို့ ပြောပြလိုက်ပါတယ်။ ဒီတော့ သူက သူ့နာမည်က တောမတ်စ် လန်ဒွန် (Thomas Langdon) တဲ့ သူက မသီတာနဲ့လည်း ခင်မင်ကြောင်း၊ IWP စာရေးဆရာတွေကို နှစ်တိုင်းမှာ ဓာတ်ပုံ အလှပုံတွေ အခမဲ့ ရိုက်ပေးလေ့ရှိကြောင်း ပြောပြီး အားတဲ့အခါ သူ့ကို ဆက်သွယ်ပါလို့ ပြောပါတယ်။ ကျွန်မလည်း သူ့လိပ်စာကဒ်လေးကို သိမ်းထားလိုက်ပါတယ်။ (IWP ပြီးခါနီး တစ်လလောက်အလိုမှာတော့ သူက ဟိုတယ်ကိုလာပြီး ကျွန်မအပါအဝင် စာရေးဆရာတချို့ကို ဓာတ်ပုံရိုက်ပေးခဲ့ပါတယ်။)

အဲဒီတစ်နေ့တာ အပြီးမှာတော့ ကျွန်မလည်း မြို့ခံတချို့နဲ့ရော IWP စာရေးဆရာတချို့နဲ့ပါ  ရင်းနှီးမှု ရသွားခဲ့ပါတယ်။  
၄၆ကြိမ်မြောက် IWP ကြိုဆို နှုတ်ဆက်ပွဲမှ ဆယ်လီမေဆင်
 

IWP စာရေးဆရာများနဲ့ အတူ

၃။ ရုပ်ရှင်ခံစားမှုအစီအစဉ် (Cinematheque)

IWP မှာ ကျွန်မ ပထမဆုံး စပြီး ပါဝင်ဆင်နွှဲရတဲ့ အစီအစဉ်ကတော့ ရုပ်ရှင်ခံစားမှုအစီအစဉ်ပါ။ အစကတော့ အဲဒီအစီအစဉ်မှာ ရုပ်ရှင်ဒါရိုက်တာတွေ ဒါမှမဟုတ် ဇာတ်ညွှန်းရေးဆရာတွေက သူတို့ ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေကို ပြသကြမယ်လို့ ထင်မိတာပါ။ ဒါပေမယ့် အဲဒီအစီအစဉ် တာဝန်ခံ ဆရာမ နာတာရှာ ဂျူရိုဗီကိုဗာ က ပြောလာပါတယ်။ ဒါဟာ ဘယ်သူမဆို ပါဝင်နိုင်တဲ့ အစီအစဉ်ပါ တဲ့။ ကိုယ့်နိုင်ငံကဖြစ်ဖြစ် တခြားကဖြစ်ဖြစ် ကိုယ်နှစ်သက်မိတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားကို ပြသပြီး လာရောက်ကြည့်ရှုကြသူတွေနဲ့အတူ ခံစား ဆွေးနွေးကြဖို့ပါတဲ့။ ကျွန်မကို အဲဒီအစီအစဉ်မှာ ပါဝင်ဖို့ တိုက်တွန်းပါတယ်။

ဒီတော့ ကျွန်မလည်း ဘယ်ရုပ်ရှင်ကို ပြရင်ကောင်းမလဲ လို့ စဉ်းစားပါတယ်။ မြန်မာနိုင်ငံကရိုက်တဲ့ ရုပ်ရှင်တွေက သူတို့ စာကြည့်တိုက်မှာ မရှိပါဘူး။ မြန်မာ့ဓလေ့ကိုလည်းပြ ဇာတ်လမ်းလည်းလှတဲ့ သင်္ကြန်မိုးကို အွန်လိုင်းမှာရှာရင် အဆင်ပြေမလား စဉ်းစားပါတယ်။ အဲဒီအထဲက သီချင်းတချို့က အော်ရီဂျင်နယ် မဟုတ်တာကို သိနေတော့ သူတို့တွေရှေ့မှာ ပြဖို့ တွန့်ဆုတ်မိတာလည်း အမှန်ပါ။ မြန်မာနိုင်ငံအကြောင်းကို လတ်တလော ပြည်ပက ရိုက်ထားတဲ့ ရုပ်ရှင်တွေထဲမှာလည်း မကြာခင်က ထွက်သွားတဲ့ The Lady ကို စဉ်းစားပါသေးတယ်။ အဲဒီရုပ်ရှင်ထဲက အချက်အလက်မှားတွေကို ပြန်ရှင်းပြရရင်လည်း အတော် ပေရှည်မှာကိုလည်း စိုးမိပြန်တယ်။ လောလောလတ်လတ် ပြနေတဲ့ They call it Myanmar ဆိုတဲ့ documentary ဇာတ်ကားကျတော့လည်း ကျွန်မ မကြည့်ရသေးပါဘူး။

ဒါနဲ့ပဲ ကဗျာနဲ့ဆိုင်တာကို စဉ်းစားလိုက်တော့   အီတာလျံ ဒါရိုက်တာ ရောဘတ်တို ဘီနီဂနီ ပါဝင် ရိုက်ကူးတဲ့ ကျားနဲ့နှင်း the  tiger and the snow ဆိုတဲ့ အီတလီရုပ်ရှင်ကို သတိရလာပါတယ်။ နာတာရှာက ဝမ်းသာအားရဖြစ်သွားပါတယ်။ သူက ရောဘတ်တို ဘီနီဂနီကို သိပ်ကြိုက်သူပါ။ အစီအစဉ်ရဲ့ ပထမဆုံး ရက်သတ္တပတ်ဖြစ်တဲ့ စက်တင်ဘာ ၄ ရက်နေ့မှာပဲ အဲဒီရုပ်ရှင်ကို ပြပြီး ဆွေးနွေးပေးဖို့ ကျွန်မကို တိုက်တွန်းပါတယ်။ ဒီတော့ ရုပ်ရှင်ခံစားမှု အစီအစဉ်ကို ကျွန်မက ဈေးဦးဖောက်ရပါတော့တယ်။ ရုပ်ရှင်ပြတဲ့နေရာကတော့ ကျောင်းဝင်းထဲက ကျောင်းဆောင်တစ်ခုထဲမှာပါ။  

ကျွန်မပြခဲ့တဲ့ ရုပ်ရှင်ကတော့ အီရတ်စစ်ပွဲကို နောက်ခံထားတဲ့ အချစ်ဇာတ်လမ်းလို့ပဲ ဆိုကြပါစို့။ ဇာတ်လိုက်က နည်းနည်း အူကြောင်ကြောင်နိုင်တဲ့ ကဗျာဆရာတစ်ဦးပါ။ surreal ဆန်တဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ရိုက်ကူးထားပြီး စဉ်းစားစရာတွေနဲ့ အကွက်စေ့တဲ့ ရုပ်ရှင်တစ်ပုဒ်မို့ ကျွန်မ နှစ်သက်မိပါတယ်။
the tiger and the snow ရုပ်ရှင်


ရုပ်ရှင်လာကြည့်ကြသူတွေဟာ IWP စာရေးဆရာတွေရော အိုင်အိုဝါ တက္ကသိုလ်က ကျောင်းသားတချို့ပါ ပါပါတယ်။ ကျောင်းသားတွေ အတွက်ကတော့ ဒါဟာ သူတို့ရဲ့ သင်ခန်းစာထဲက လေ့လာမှု တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။ အဲဒီ ဇာတ်လမ်းကြည့်ပြီးတဲ့အခါ ပြန်ပြီး ဆွေးနွေးတဲ့လေ့ကျင့်ခန်းဟာ သူတို့ရဲ့ အမှတ်တွေကို အထောက်အကူ ပြုပါလိမ့်မယ်။ ရုပ်ရှင်အပြီးမှာ ချက်ချင်း ဆွေးနွေးကြတဲ့ သုံးသပ်ထင်မြင်ချက်တွေ အမျိုးမျိုးကြားရတာ  စိတ်ဝင်စားစရာပါ။ ကူဝိတ်က စာရေးဆရာ ပေးတဲ့မှတ်ချက်ကတော့ အချစ်ဆိုတာဟာ ဘယ်တော့မှ မဖြောင့်ဖြူးဘဲ အခက်အခဲတွေရှိတယ် ဆိုတာကို ခက်ခဲကြမ်းတမ်းတဲ့ စစ်ပွဲနောက်ခံနဲ့ နှိုင်းယှဉ် တင်စားထားတယ် လို့ဆိုပါတယ်။

အဲဒီနောက် ရောဘတ်တို ဘီနီဂနီကို နှစ်သက်ရင် သူ့ရဲ့ ရုပ်ရှင်တွေထဲက  Life is beautiful ကိုလည်း မဖြစ်မနေကြည့်ဖို့ တိုက်တွန်းကြပါတယ်။ အဲဒီတုန်းက Life is beautiful ကို ကျွန်မ မကြည့်ရသေးပါဘူး။ နောက်တော့ အိုင်အိုဝါမြို့ကနေ မထွက်ခွာခင် နောက်ဆုံးရက်တွေမှာ စာကြည့်တိုက်ကနေ ငှားကြည့်ခဲ့ပါတယ်။ နှစ်သက်ရတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ အဲဒီ ရုပ်ရှင် နှစ်ကားစလုံးမှာ ရောဘတ်တို ဘီနီဂနီဟာ ရုပ်ဆိုးတဲ့ စစ်ပွဲတွေ သတ်ဖြတ်မှုတွေကို နောက်ခံထားပြီး ကြမ်းတမ်းမှုတွေကြားက ဖူးပွင့်နေတဲ့ လှပတဲ့ ချစ်ခြင်းမေတ္တာကို ဖွဲ့ဆိုပြခဲ့တယ် လို့ ကျွန်မ မြင်မိပါတယ်။

ရုပ်ရှင်ပြပြီး နောက်တစ်နေ့ ဟိုတယ်မှာ မနက်စာစားတဲ့အချိန်မှာ စာရေးဆရာတွေက အဲဒီရုပ်ရှင်အကြောင်းကို ဆက်ဆွေးနွေးနေတာ တွေ့ရတော့လည်း ဝမ်းသာမိပါတယ်။ နောက်တစ်နေ့မှာတော့ နာတာရှာဆီက အီးမေးလ် ဝင်လာပါတယ်။ ကျွန်မပြခဲ့တဲ့ ရုပ်ရှင်ကိုရော ကျွန်မရဲ့ ကဗျာတွေကိုပါ သူ့စာသင်ခန်းထဲမှာ ဆွေးနွေးချင်လို့ စက်တင်ဘာ ၇ ရက်နေ့ မနက်ပိုင်းမှာ လာခဲ့နိုင်မလား တဲ့။ အဲဒါဟာ မဖြစ်မနေအစီအစဉ်တော့မဟုတ်ပါဘူး။ သူက သီးသန့် တောင်းဆိုတာပါ။ သူ့စာသင်ခန်းက ကျောင်းသားလေးတွေက ဖရက်ရှာလေးတွေဖြစ်ပြီး သိပ်ကို နူးညံ့သိမ်မွေ့ပါတယ်။ အတိုက်အခံ မေးခွန်းတွေနဲ့ အခက်တွေ့အောင် စိန်ခေါ်တတ်တဲ့ ကလေးမျိုးတွေ မဟုတ်လို့ မပူပါနဲ့လို့လည်း (ကျွန်မ စိုးရိမ်မှာစိုးလို့ ထင်ပါရဲ့) ထည့်ရေးထားပါသေးတယ်။ သူပြောတဲ့ စက်တင်ဘာ ၇ ရက်ဟာ ကျွန်မအတွက် အလုပ်များပါတယ်။ အဲဒီနေ့ နေ့လည်မှာ စာကြည့်တိုက်မှာ IWP၂၀၁၂ အတွက် ပထမဆုံး ကျင်းပမယ့် စာတမ်းဖတ်ပွဲနဲ့ ဆွေးနွေးပွဲ  အစီအစဉ်မှာလည်း ကျွန်မနာမည်ကို သူတို့က ထည့်ထားခဲ့ကြပါတယ်။ ဒါပေမယ့်လည်း နာတာရှာရဲ့ စာသင်ခန်းကို လာခဲ့မယ်လို့ ကျွန်မက အကြောင်းပြန်လိုက်ပါတယ်။

အဲဒီနောက်တော့ အမေရိကန် တက္ကသိုလ် ကျောင်းသားတွေရဲ့ စာသင်ခန်းဟာ ဘယ်လိုများလဲဆိုတာကို ကျွန်မ သိချင်စိတ်တွေ ပြင်းပြနေခဲ့ပါတယ်။




ပန်ဒိုရာ

(ဆက်လက် ဖော်ပြသွားပါမည်။)
 

No comments: