Friday, September 13, 2013

ငယ်ငယ်တုန်းက အိမ်ကလေးတစ်လုံး



ငယ်ငယ်တုန်းက အိမ်ကလေးတစ်လုံး  


အိမ်ဆိုတာ ကျွန်မရဲ့ ဘဝတလျှောက်မှာ အခါ ၂၀ ကျော်လောက် ပြောင်းပြီး နေထိုင်ခဲ့ရ၊ အခုအထိလည်း ပြောင်းနေရဆဲ အရာတစ်ခုပါ။ အိမ်တစ်လုံး ဝယ်ယူပိုင်ဆိုင်ဖို့ဆိုတာ ကျွန်မတို့အိမ်သားတွေ တချိန်လုံး ကြိုးစားပမ်းစား အားထုတ်ခဲ့ရတဲ့ ကိစ္စတစ်ရပ်ပေါ့။ အိမ်ဆိုတဲ့ အဓိပ္ပာယ်ထဲမှာ မိသားစု အတူတကွ စုစည်းနေနိုင်ခြင်း၊ လုံခြုံမှုရှိခြင်း၊ ပျော်ရွှင်ခြင်း တွေ အသေအချာ ပေါင်းစပ်ပါဝင်နေတယ်။

ကိုယ့်ကိုယ်ကို လူရယ်လို့ စသိလိုက်တဲ့အချိန်မှာ ကျွန်မဟာ နေရောင်ခြည်တွေ ပိုးပိုးပေါက်ပေါက် ဝင်နေတဲ့ နံရံတစ်ခုထဲက အိပ်ခန်းထဲကို ရောက်နေတယ်။ အိပ်ခန်းရဲ့ ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်ရင် ခက်ဖြာညွတ်ကျနေတဲ့ မန်းကျည်းပင်ကိုင်းတွေကို မြင်နေရတယ်။ ကျွန်မရဲ့ လည်မှာ ဆွဲပေးထားတဲ့ ကျောက်နီဆွဲသီးလေးကို အိပ်ခန်းထဲ တိုးဝင်နေတဲ့ နေရောင်အောက်မှာ ထားလိုက်ရင် သက်တံရောင်စုံအရိပ်တွေ တခန်းလုံး တဖျတ်ဖျတ် လက်နေတာကို ကျွန်မက သဘောကျလေ့ရှိတယ်။ အဲဒါဟာ ငယ်ဘဝကို ပြန်တွေးလိုက်ရင် အာရုံထဲဝင်လာတဲ့ ပထမဆုံး အမှတ်တရ ပုံရိပ်ပါ။ 

ကျွန်မ ပထမဆုံး မှတ်မိခဲ့တဲ့ အဲဒီအိမ်ဟာ ဝါးခယ်မ မြို့နယ်ထဲက မောင်းဒီးလို့ ခေါ်တဲ့ ကရင်ရွာလေးတစ်ရွာမှာ ရှိတယ်။ ဖေဖေက ကျောင်းဆရာအဖြစ်နဲ့ အဲဒီရွာမှာ ၃ နှစ်တာဝန်ကျခဲ့တာ ကျွန်မ အသက် ၂ နှစ်ကနေ ၅ နှစ်နီးပါး အရွယ်အထိပဲ။ အိမ်က မဒရပ် အိမ်လို့ ခေါ်ကြတဲ့ ခြေတံရှည် အိမ်အမျိုးအစား။ လူတစ်ရပ်ကျော် ကောင်းကောင်း လွတ်တဲ့ အိမ်အောက်ထပ်မှာ မြေကြီးမာမာရှိတယ်။ လူတွေက အပေါ်မှာပဲ နေတယ်။ အိမ်ဘေးမှာ အိမ်ပေါ်တက်တဲ့ လှေခါးရှည်တစ်ခုရှိတယ်။ အဲဒီတုန်းက အိမ်မှာ မိသားစု လေးယောက်ပဲ ရှိသေးတယ်။ ဖေဖေရယ်၊ မေမေရယ်၊ ကျွန်မထက် တစ်နှစ်ခွဲပဲ ကြီးတဲ့ အစ်ကိုရယ်၊ ကျွန်မရယ်။ ကျွန်မတို့က အဲဒီအိမ်ကို ငှားနေကြတာပါ။ အိမ်ရှေ့ခြမ်းမှာနေတယ်။ အိမ်ရှင် ကရင်မိသားစုက နောက်ဖေးခြမ်းမှာ နေကြတယ်။ 

အိမ်ရှေ့မှာ ချောင်းကလေးရှိတယ်။ ကိုကိုနဲ့ ကျွန်မ ကို ဖေဖေက ချောင်းထဲကို မကြာခဏ ခေါ်သွားပြီး ရေချိုးပေးလေ့ရှိတယ်။  ဖောင်ဖွဲ့ထားတဲ့ ငှက်ပျောတုံးကလေးတွေပေါ်မှာ ကလေးနှစ်ယောက်ကို တင်ပြီး ရေကစားရင်း ပျော်ရွှင်စရာအချိန်တွေ ဖန်တီးပေးခဲ့တယ်။ မေမေကတော့ ရေကြောက်သူ။ ကမ်းနားကနေ စိတ်ပူပြီး လှမ်းအော်နေလေ့ရှိသတဲ့။ နောက်ပိုင်းမှ ဖေဖေက ပြန်ပြောလေ့ရှိတာက “အဲဒီတုန်းက ငါတော်တော်မိုက်မဲတာပဲ။ ကိုယ်တိုင်လည်း ရေကောင်းကောင်း မကူးတတ် မငုပ်တတ်ဘဲနဲ့ တကယ်လို့များ ကလေးတွေ ရေထဲကျသွားရင် အခက်တွေ့ရမှာ” တဲ့။ ပြန်တွေးကြည့်ရင် အသည်းယားစရာ။ မိုးတွင်းကာလတွေမှာတော့ ချောင်းထဲက ရေက တက်လာပြီး အိမ်အောက်မှာ ရေတွေပြည့်နေတတ်တယ်။ ဖေဖေက ကျွန်မတို့ကို သစ်ထွင်းလှေလေးတွေ လုပ်ပေးတယ်။ သားရေကွင်းကလေးတွေ လိမ်ကျစ်ပြီး ပန်ကာမှာ ပတ်ပြီးတော့ အိမ်ပေါ်ကနေ လှေလွှတ်ကြတယ်။ ဖေဖေက ငါးတွေ ပုစွန်တွေ ဖမ်းမိလို ဖမ်းမိငြား မြုံးထောင်တတ်သေးတယ်။ တစ်ခါတော့ မြုံးထဲမှာ ရေမြွေတစ်ကောင် မိနေတာ ကျွန်မ မှတ်မိတယ်။ ရေတွေထဲမှာ မျှော့တွေ ရှိတတ်တာကိုလည်း သတိရမိတယ်။ ကျွန်မက မျှော့တွေ တီကောင်တွေလို ပျော့ပျော့ အကောင်တွေကို သိပ်ကြောက်တတ်တယ်။ 

ရွာကလေးမှာ ကျွန်မတို့ လိုအပ်တဲ့ အသုံးအဆောင်တွေနဲ့ အခြောက်အခြမ်း စားစရာတွေကို အလွယ်တကူ စုံစုံလင်လင် ဝယ်လို့ရနိုင်ဘူး။ အနီးဆုံးမြို့ဖြစ်တဲ့ ဝါးခယ်မမြို့ကို အနည်းဆုံး တစ်လတစ်ခါလောက် စက်လှေစီးသွားပြီး ဈေးဝယ်ရတယ်။ ဆံပင်ညှပ်ရင်လည်း ဝါးခယ်မကိုပဲ သွားညှပ်ရတယ်။ အဲဒီတုန်းက မြို့ကိုတက်တိုင်း ကုန်စုံဆိုင်မှာ ခေါင်းအုံးသကြားလုံး ဝယ်ကျွေးတာကို မှတ်မိနေသေးတယ်။ ခေါင်းအုံးသကြားလုံး ဆိုတာ ခေါင်းအုံးသေးသေးလေးနဲ့ ဆင်တူတဲ့ ပလတ်စတစ်အိပ်ကလေးနဲ့ စွပ်ထားတဲ့ ထိုင်းကလာတဲ့ သကြားလုံးလေးကို ကျွန်မတို့က ခေါ်တာပါ။ နိုင်ငံခြားပစ္စည်း ရှားပါးတဲ့ ငယ်ဘဝက အဲဒီလို ဆန်းဆန်းပြားပြားလို့ ထင်မိတဲ့ စားစရာတွေအားလုံးဟာ အရသာရှိနေတာပဲ။ 

အဲဒီရွာကလေးမှာ မှတ်မိနေတဲ့ နောက်တစ်ခုကတော့ တရွာလုံးမှာ ခရေပင်တွေ ပေါများတာပါပဲ။ တစ်ပင်နဲ့တစ်ပင်မှာ ပွင့်တဲ့ ခရေပွင့်တွေက မတူကြဘူးဆိုတာက ကျွန်မက သတိထားမိခဲ့တယ်။ တချို့က အရောင် ပိုဖြူတယ်။ တချို့က အပွင့်ပိုကြီးတယ်။ မန်ကျည်းပင်တွေလည်း များပါတယ်။ အိမ်ပြတင်းပေါက်က လှမ်းမြင်ရတဲ့ မန်ကျည်းပင်ကြီးအောက်မှာ မန်ကျည်းသီးအနုလေးတွေ ကောက်ရတာကိုလည်း ကျွန်မက ကြိုက်တယ်။ တစ်နေ့တော့ မိုးတွေလေတွေ ကြီးတဲ့ တစ်နေ့မှာ မေမေက ဒေဝေါလာပြီ လို့ ပြောပါတယ်။ ကျွန်မက ပြတင်းပေါက်ကနေ လှမ်းကြည့်တော့ မန်ကျည်းပင်ပေါ်မှာ မိုးခိုနေတဲ့ ကြောင်တစ်ကောင်ကို တွေ့တယ်။ အဲဒီတုန်းက ဒေဝေါဆိုတာ အဲဒီကြောင်ကို ပြောတာလို့ ထင်မိခဲ့ဖူးတယ်။ ဒေဝေါက ကြောင် နဲ့တူတာပဲလို့တောင် တွေးလိုက်သေးတယ်။ 

ကိုကိုက အသက်   ၅ နှစ်ခွဲ အရွယ်မှာ မောင်းဒီးရွာက ကျောင်းမှာ သူငယ်တန်း စတက်ပါတယ်။ မနက်ဆိုရင် ဖေဖေနဲ့ ကိုကိုတို့ ကျောင်းသွားကြတဲ့အခါ ကျွန်မက အိမ်မှာ မေမေနဲ့ ကျန်ခဲ့တယ်။ မေမေက ကျွန်မကို အိမ်မှာ စာသင်ပေးတယ်။ ကျောင်းဆရာအိမ်ဆိုတော့ စာရွက်တွေ ခဲတံတွေက အဆင်သင့်ရှိနေတယ်။ ကျွန်မဟာ ကျောက်သင်ပုန်းကို အဆင့်ကျော်ပြီး စာရွက်ပေါ်မှာ ကကြီး ခခွေး စရေးတတ်ခဲ့တာ။ တစ်နေ့တော့ ဖေဖေ့ ဖောင်တိန်ကို ကျွန်မက ယူရေးရင်း နစ်ကျိုးသွားသတဲ့။ လူကြီးတွေက တွေ့သွားတဲ့အခါ ဖောင်တိန် နစ်ကျိုးနေတာ ဘယ်သူလုပ်တာလဲ လို့ မေးတော့ အိမ်ရှေ့ဝရံတာမှာ တဝီဝီ ပျံဝဲနေတဲ့ ပိတုန်းတွေကို လက်ညိုးထိုးပြပြီး ပိတုန်းထိုးတာ လို့ ကျွန်မက အတင်းငြင်းပါသတဲ့။ တော်တော် ဆင်ခြေများတဲ့ ကလေးလို့ ပြောကြပေမယ့် ကျွန်မကတော့ ဖောင်တိန်ကို တကယ်ပဲ ပိတုန်းထိုးသွားတာ ဖြစ်ကောင်းဖြစ်မှာပေါ့လို့ ထင်ချင်သေးတယ်။  

ကျောင်းတက်ရက်တွေမှာ ညနေ လေးနာရီ ထိုးခါနီးရင် ဖေဖေနဲ့ကိုကို ပြန်လာမှာကို အိမ်အောက်ကို ဆင်းတဲ့ လှေခါးပေါ်မှာ မတ်တတ်ရပ်ရင်း ကျွန်မက မျှော်လေ့ရှိတယ်။ အဲဒီမှာ လှေခါးလက်ရမ်းက ပွတ်လုံးတိုင်လေးတွေကြားမှာ ကျွန်မရဲ့ ဒူးခေါင်းလေးက လျှောဝင်သွားပြီး ပြန်ဆွဲထုတ်မရလို့ ကျွန်မက အော်ငိုလေ့ရှိတယ်။ အဲဒီလှေခါးမှာ ဒူးခေါင်းညပ်တာ အကြိမ်ကြိမ်ပဲလို့ မေမေက ပြန်ပြောပါတယ်။ ပြီးတော့ အိမ်က ကြမ်းပြင်တွေမှာ နည်းနည်း ကျဲနေတဲ့ အပိုင်းတွေ ရှိတယ်။ ကျွန်မက အိမ်ပေါ်ကနေ အဲဒီကြမ်းပေါက်တွေကတဆင့် အောက်ကို ငုံ့ကြည့်လေ့ရှိတယ်။ တစ်နေ့တော့ ကျွန်မရဲ့ ကျောက်နီဆွဲသီးလေးဟာ ကြမ်းပေါက်နဲ့ညပ်ပြီး အောက်ကို ပြုတ်ကျသွားပါလေရော။ ဆွဲကြိုးလေးလည်း ပြတ်သွားတယ်။ အိမ်အောက်က မြေကြီးပေါ်မှာတော့ ကြက်တစ်ကောင်ရှိတယ်။ မေမေက သိသိချင်း အိမ်အောက်ကို ဆင်းသွားတော့ ဆွဲသီးလေးကို မတွေ့တော့ဘူး။ နောက်တော့ အဲဒီနားက ကြက်ပိုင်ရှင်က သူ့ကြက် ကောက်စားသွားတာ ဖြစ်မယ် ဆိုပြီး ကြက်ကိုဖမ်းပြီး သတ်လိုက်တယ်။ ကြက်သေသွားတာတော့ စိတ်မကောင်းစရာပဲ။ ဒါပေမယ့် ကြက်အစာအိမ်ထဲကနေ ဆွဲသီးလေး ပြန်ရခဲ့တယ်။ 

ကရင်လူမျိုး အများစုဖြစ်တဲ့ ရွာသူရွာသားတွေက ကျွန်မတို့မိသားစုကို စောင့်ရှောက်ကြတယ်။ ကျွန်မတို့ မောင်နှမကိုလည်း ချစ်ကြပါတယ်။ ချောင်းထဲက ပုစွန်တုပ်တွေ ရှာတွေ့ရင် မေမေကြိုက်တတ်မှန်းသိလို့ လာပေးကြတယ်။ သူတို့လုပ်တဲ့ ရိုးရာမုန့်တွေလည်း လက်ဆောင် ပေးတတ်ကြတယ်။ ရွာသူရွာသားတွေက နှစ်ခြင်းခရစ်ယာန် ဘာသာဝင်တွေ များပါတယ်။ ခရစ်စမတ်ညတွေမှာ ကျွန်မတို့အိမ်ရှေ့ကို သီချင်း လာဆိုလေ့ရှိကြတယ်။ ကျွန်မတို့ကလည်း သူတို့ရဲ့ ပွဲတော်တွေကို၊ တခါတလေမှာ ဘုရားကျောင်းကို သူတို့နဲ့အတူ လိုက်သွားလေ့ ရှိပါတယ်။ ကရင်စကားလည်း မတောက်တခေါက် သင်ကြတယ်။ အဲဒီရွာကလေးမှာ နေခဲ့တဲ့အချိန်တွေဟာ ပစ္စည်းပစ္စယ ရှားပါးတာကလွဲလို့ ပျော်စရာကောင်းတယ်လို့ ဖေဖေနဲ့မေမေတို့က ပြောပါတယ်။ အားလပ်ချိန်တွေမှာ တခြား ဖျော်ဖြေရေးတွေကလည်း မရှိတော့ ဖေဖေနဲ့ မေမေတို့ဟာ ရေဒီယိုနားထောင်၊ မဂ္ဂဇင်းတွေ ဝတ္ထုတွေဖတ်၊ တခါတလေတော့ စစ်တုရင် (ချက်စ်) ကစားလေ့ရှိတယ်။ ကျွန်မတို့ မောင်နှမတွေ ပထမဆုံး ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ ဂိမ်းက ချက်စ်ထိုးတာလို့ ပြောလို့ရမယ်။ 

နောက်တော့ အဲဒီရွာလေးကနေ ပြောင်းခါနီးမှာ မောင်လေးကို မေမေက ကိုယ်ဝန်ရလာခဲ့တယ်။ အဲဒါကိုလည်း ထမင်းစားပြီးခါစမှာ ဘောလုံးကန်လို့ မမျှော်လင့်ပဲ ဆုံးသွားတဲ့ ဖေဖေ့ တပည့် ကရင်လေး ဝင်စားတာလို့ ရွာကလူတချို့က ယုံကြည်နေကြသေးတယ်။ မေမေက မောင်လေး ကိုယ်ဝန်ရခါနီးမှာ အဲဒီကလေးကို အိပ်မက် မက်သတဲ့။ 
အဲဒီရွာကနေ ပြောင်းသွားပြီး နောက်ပိုင်းကာလတွေမှာတော့ မောင်လေး ၄ နှစ်သားလောက် အရွယ်မှာ တစ်ခါပဲ ရွာလေးကို အလည်ခဏ ပြန်ရောက်ခဲ့တယ်။ အလည်သွားတုန်းမှာ ချောင်းကမ်းစပ်မှာ မောင်လေးကို ရေချိုးပေးဖို့ လုပ်နေတုန်း သူက မပြောမဆိုနဲ့ ချောင်းထဲ ခုန်ချလိုက်တယ်။ တိမ်တိမ်လေး ထင်လို့ ဖြစ်မှာပေါ့။ ကျွန်မတို့ တည်းတဲ့အိမ်က ရွာခံကျောင်းဆရာက အတင်းပြေးလာပြီး မောင်လေးကို ရေငုပ်ဆယ်ရတယ်။ အဲဒီနောက် ရွာထဲမှာ လမ်းလျှောက်ကြတဲ့အခါ ဘောလုံးကန်ပြီး ဆုံးသွားတဲ့ ကလေးရဲ့ မိဘတွေအိမ်ကို ခဏ ဝင်လည်ကြသေးတယ်။ ဓာတ်ပုံ အယ်လ်ဘန်ထဲမှာ သူတို့ အမျိုးတွေကို ဘယ်သူက ဘယ်သူလဲဆိုတာ ထောက်ပြခိုင်းတော့ မောင်လေး ထောက်ပြတာတွေက မှန်နေပြန်တယ်။ ဒီတော့ မောင်လေးကို အဲဒီ ကရင်လေး ဝင်စားတာလို့ ပိုထင်ကြပြန်ရော။ 

ငယ်ငယ်တုန်းက အဲဒီရွာမှာ နေခဲ့စဉ် တချို့ အကြောင်းအရာတွေကို ကျွန်မ အမှတ်ရနေတယ် လို့ အခုအချိန်မှာ ပြောတော့ မေမေက မယုံဘူး။ နောက်တစ်ခေါက် သွားလည်တဲ့အချိန်မှာ ကျွန်မက ၈ နှစ်သမီးလောက် ရှိနေပြီမို့လို့ အလည်ခရီးက မြင်ကွင်းကိုပဲ သတိရတာဖြစ်မယ်လို့ ပြောတယ်။ ကျွန်မကတော့ ကျွန်မမျက်စိထဲ မြင်နေတဲ့ ရုပ်ပုံတွေဟာ ၃ နှစ် ၄ နှစ် အရွယ်က ဖမ်းယူထားတဲ့ ပထမဆုံး မှတ်ဥာဏ်တွေလို့ပဲ ထင်နေမိတယ်။ အဲဒီငယ်ဘဝ အကြောင်းတွေကို မိဘတွေက အမြဲ ပြန်ပြောနေကြလို့ မမေ့မလျော့ပဲ သတိရနေတာလည်း ဖြစ်နိုင်ပါတယ်။ 

နှစ်တွေကြာလာတဲ့အခါ ကျွန်မတို့လည်း ရွာတွေ မြို့တွေ အလီလီ ပြောင်းရွှေ့လာခဲ့တယ်။ ရန်ကုန်မြို့တော်ကြီးကိုလည်း ရောက်လာတယ်။ နောက်ဆုံး နိုင်ငံရပ်ခြားအထိ ရောက်တော့လည်း အိမ်တွေ ဆက်လက် ပြောင်းရွှေ့နေထိုင်နေရဆဲပါ။ ခေတ်ကြီးကလည်း ပြောင်းလဲ တိုးတက်လာတာနဲ့ အမျှ ထူးခြားဆန်းပြားတဲ့ အသုံးအဆောင်သစ်တွေ အလွယ်တကူ ရလာတယ်။ လမ်းပမ်းဆက်သွယ်ရေးလည်း ပိုလွယ်လာတယ်။ ငွေကြေးလည်း ပိုပြီး သုံးစွဲနိုင်လာတယ်။ ဒါပေမယ့် ရှားပါးတဲ့ ကာလတစ်ခုမှာလည်း ဘယ်တော့မှ မပြောင်းလဲတဲ့ မိသားစုမေတ္တာတွေနဲ့ ပြည့်စုံလုံလောက်ခဲ့တဲ့ အိမ်ကလေးတစ်လုံးဟာ တကယ်ရှိခဲ့တာပါ။

ပန်ဒိုရာ
၁၆.၅.၂၀၁၃
(Home and Services Journal, Vol.1, No.6, July 27 2013 တွင် ဖော်ပြပါရှိပြီး)

7 comments:

Lorem Ipsum said...

ဖတ်လို့ကောင်းလိုက်တာ အမရယ်.. ငယ်ငယ်ကနေခဲ့တဲ့အိမ်ကလေးကိုသတိရသွားပြီ ။

ခင်မင်လျက်
ဆုမြတ်

Anonymous said...

အလွမ်း... ပြန်ချင်စိတ်ကြောင့်
အလွမ်း... ပြန်ချင်ဇောကြောင့်
နေ့ခင်း အိပ်မက်ထဲမှာ
အတွေး အိပ်မက်ထဲမှာ
အိမ်ပြန်ဖြစ်တယ်

ဆန်းစနေ၀န်း said...

အိမ်လေးထဲကို လာလည်ပြီး

မျက်လုံးထဲမှမြင်ယောင်ပုံဖော်မိပါတယ်...

ငယ်ငယ်ကလေးဘ၀က အချိုဖြစ်ရပ်တွေကတော. ဘယ်တော့မှ မမေ့နိုင်ပါဘူး

Sint Si said...

I too move many houses around Burma and the world.
Nice!

Han Kyi said...

အိမ်...

တစ်လုံးတည်းနဲ့ အနက်ပေါင်းများစွာ ကျယ်ပြန့်
ကမ္ဘာဆုံးထိ တည်တံ့နေမယ့် နှလုံးသားတို့ နားခိုရာ...

အိမ်အကြောင်း အက်ဆေးကို ဖတ်ရင်း ရင်ထဲမှာ နူးညံ့တဲ့ချစ်ခြင်းတရားကို သိမ်သိမ်မွေ့မွေ့ခံစားလိုက်ရတယ်...ကျေးဇူး...

သိ င်္ဂါ ရ said...

မိသားစု အတူနေရတဲ့ အချိန် က နည်းလွန်းခဲ့ပါတယ် ။ ပြန်စဉ်းစားလိုက်ရင် အိပ်မက်တစ်ခုလိုတောင် ဖြစ်နေခဲ့တယ် ။ အခုလို ငယ်တုန်းကပါပဲ ... ။ မိသားစု ဆိုတာရယ် ... အိမ် ဆိုတာရယ် ကို ... ဖတ်ရတာ ရင်ထဲ လှိုက်လှိုက်လှဲလှဲ ဖြစ်မိတယ် ခင်ဗျာ ... ။ အမှတ်တရ တစ်ခုကို ဖတ်ရသလိုပါပဲ ... အစ်မရေ ...

ပုံရိပ် / Pon Yate said...

ဖတ်ရင်း အိမ်ကို သတိရမိတယ်။ ကိုယ်တိုင်ရေးခဲ့ဖူးတဲ့ “အိမ်ပျောက်သူ”ကိုလည်း ပြန်ဖတ်မိရင်း ရေးချင်စိတ်တောင် ပေါက်လာတယ်။