၁၀၀% မဂ္ဂဇင်း အတွဲ ၂ မှာ ပါတဲ့ ပုံပြင်လေးပါ။ မွေးကင်းစမှ ၁၀ နှစ်အထိ ဆိုတဲ့ ကဏ္ဍအောက်မှာ ဖော်ပြထားပါတယ်။
သီချင်းကြိုက်တဲ့ကြောင်ကလေးနဲ့
နတ်သမီး ပုံပြင်
သာယာတဲ့
နွေဦး နံနက်ခင်းတစ်ခုမှာပေါ့။ ကြောင်ကလေးတစ်ကောင်ဟာ မှုန်ကုတ်ကုတ်နဲ့
လမ်းလျှောက်လာတယ်။ လမ်းမှာတွေ့သမျှ သစ်ရွက်ကလေးတွေကို ခြေထောက်နဲ့ တွန်းတိုက်လိုက်
လိုက်ဖမ်းလိုက်နဲ့ ဘာတွေ အလိုမကျ ဖြစ်နေလဲ မသိပါဘူး။
တကယ်တော့
အဲဒီကြောင်ကလေးက ဂီတကို သိပ်ဝါသနာပါတဲ့ ကြောင်ကလေးပေါ့ကွယ်။ ဒီမနက်တော့
သူ့ကြောင်မေမေက သူ့ကို ဆူပူလိုက်သတဲ့။ ဆူလည်းဆူစရာပေါ့။ ကြောင်ကလေးကလည်း ဆိုးပါတယ်။
ဟစ်ပ်ဟော့ပ် သီချင်းတွေရေးတယ် ပြီးရင် သူ့အသံကြောင်လေးနဲ့ ဆိုတယ်။ ကြောင်ကလေးဆိုတော့
အသံလေးက ကြောင်နေတော့ ဘယ်သူမှ နားမခံနိုင်ဘူးလေ။ သူ့ကို ၀ိုင်းပြောကြရော။ ဒါနဲ့
သူများတွေ အိပ်တဲ့အချိန်ကျမှ တညောင်ညောင်နဲ့ ခြံထဲထွက်ပြီး သီချင်းဆိုရသတဲ့။
ကြောင်မေမေက ဟဲ့ ညဥ့်နက်ပြီ ဆိုရင် အိပ်ဘူး လို့ ဂျစ်ကန်ကန် ပြန်ပြောသတဲ့။
အဲသည်လိုနဲ့
ညတွေဆို တော်တော်နဲ့မအိပ်ပဲ သီချင်းရေး သီချင်းဆို အလုပ်ကောင်းလိုက်တာ နောက်နေ့တွေ
မိုးလင်းရင် ထမင်းစားဝိုင်းမှာ အိပ်ငိုက်လိုက် ကြောင်အတတ်ပညာ ကြွက်ဖမ်းတို့
ကြောင်ကျကျအောင် ခုန်နည်းတို့ သင်တဲ့အခါတွေကျရင် အိပ်ငိုက်လိုက် ဖြစ်လာတော့
ကြောင်မေမေက ဆူပါလေရော။ သည်တော့ ခေတ်ကြောင်ငယ်တို့ ထုံးစံအတိုင်းပေါ့။
အဘွားကြီးတွေ ခေတ်ကိုနားမလည်ဘူး ဘာဘူး
ညာဘူးနဲ့ မကျေမနပ်ပြောပြီး နံနက်ခင်းလေးမှာ ဆောင့်ဆောင့်အောင့်အောင့်
လမ်းလျှောက်ထွက်လာတာပေါ့။
နွေဦးရဲ့
သစ်ရွက်ကလေးတွေက လှတယ်။ လှတဲ့သစ်ရွက်ကလေးတစ်ရွက် လေထဲမှာ ဝေ့၀ဲကျလာတယ်။
ကြောင်ကလေးက လှမ်းဖမ်းဖို့ ကြိုးစားတယ်။ လေပွေမှာ သစ်ရွက်ကလေးက ဝေ့ကာဝဲကာ
လွတ်ထွက်သွားပြန်တယ်။ မကျေမနပ်ဖြစ်နေတဲ့ ကြောင်ကလေးက မရရအောင် လိုက်ဖမ်းတယ်။
လိုက်ရင်းလိုက်ရင်းနဲ့ သတိထားမိတဲ့ အချိန်ရောက်တော့ သူ့အိမ်နဲ့ တော်တော်ဝေးနေပြီ။
အဲဒါမှ ခက်တော့တာ။ ကြောင်ကလေး အိမ်မပြန်တတ်တော့ဘူး။
ကြောင်ကလေးက
ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်လိုက်တယ်။ သစ်ပင်တွေ ဆိုင်းနေတဲ့ တောအုပ်အုပ်ကလေးရယ် မလှမ်းမကမ်းမှာ ဖြတ်စီးနေတဲ့
စမ်းချောင်းကလေးပေါ်က သစ်သားတံတားလေးရယ်။ သူရင်းနှီးကျွမ်းဝင်မှု
မရှိတဲ့နေရာတစ်ခုပဲ။ ကြောင်ကလေးဟာ ထိုင်ချလိုက်ပြီး တိတ်တိတ်ကလေး ညည်းတွားနေပါတော့တယ်။
အဲဒီအချိန်မှာ
တီတီ ဆိုတဲ့ အသံလေးကို ကြားလိုက်ရသတဲ့။
ဘေးနားမှာ လှည့်ပတ်ကြည့်လိုက်တော့ သူနဲ့အရွယ်တူလောက်ပဲ ရှိတဲ့ လူကောင်မလေး
သေးသေးလေးကို တွေ့လိုက်ရသတဲ့။ အဲဒီ ကောင်မလေးက ၀တ်စားဆင်ယင်ထားတာ
ပြောင်ပြောင်လက်လက်နဲ့ လက်ထဲမှာလည်း လက်ကိုင်ဖုန်းလေး တစ်လုံးကို ကိုင်လို့ ဖုန်းဆက်ဖို့ကြိုးစားနေတယ်တဲ့။
ကြောင်ကလေးက အံ့သြသွားတယ်။ ဘာကြောင့် ဒီလူမလေး သေးသေးလေးက ဒီနားကို
ရောက်နေရတာလဲလို့ပေါ့နော်။
ကောင်မလေးကလည်း
ကြောင်ကလေးကိုတွေ့သွားတယ်။ သူကပြောတယ်။ ငါက နတ်ပြည်က နတ်သမီးလေးပါ မင်းဘယ်သူလဲတဲ့။
ကြောင်ကလေးကပြောလိုက်တာပေါ့။
ငါက ကြောင်ကလေးပါ အိမ်ပြန်ဖို့ လမ်းပျောက်နေလို့တဲ့။
နတ်သမီးလေးက
ဒါဆို ငါနဲ့လည်း အတူတူပဲတဲ့။ နတ်မေမေနဲ့ လူ့ပြည်ကို ခဏဆင်းလာတာ ကွဲသွားလို့
အခုဖုန်းဆက်နေတာလည်း ဆက်သွယ်ရေး ဧရိယာပြင်ပကို ရောက်နေလို့ မရဘူး ပေါ့နော်။
ကြောင်ကလေးကပြောတယ်
နတ်သမီးဆိုရင် အတောင်ပံနဲ့ ပျံသွားပါလား ပေါ့။ ဒီတော့ နတ်သမီးလေးက ငါ့အတောင်ပံတွေက
လုံလုံလောက်လောက် မသန်မာသေးဘူး။ မေမေက ကျောပိုးခေါ်လာရတာ လို့ပြန်ပြောသတဲ့။
အဲဒါနဲ့
အိမ်ပြန်မရောက်နိုင်တဲ့ ကြောင်ဆိုးကလေးနဲ့ နတ်သမီးလေးတို့ဟာ ဘာလုပ်ရမှန်းမသိ
မှိုင်နေကြပါတော့တယ်။ အဲဒီလို ငိုင်နေတုန်း ကြောင်ကလေးက မနေနိုင်ပဲ သီချင်းတစ်ပုဒ်
ကောက်စပ်ပြီး ဆိုလိုက်သတဲ့။
တိမ်တွေက
ပျံတက်
အိမ်တွေက
ကျန်ခဲ့
လမ်းပျောက်နေတဲ့
ဘ၀များ
ဆက်လျှောက်ဖို့လည်း
ခဏနား
ကြောင်ကလေးလည်း
တငူငူနဲ့
နတ်သမီးလည်း
အတူတူပဲ
အဲဒီလို
ဟစ်ပ်ဟော့ပ်ဆန်ဆန် သီချင်းကလေးပဲ ဆိုပါတော့။ ဒီတော့ နတ်သမီးကလေးက ၀မ်းသာအားရ ထအော်သတဲ့။
ဟေ့.. ကြောင်ကလေး မင်းက သီချင်းရေးတတ်သလားပေါ့။
ကြောင်ကလေးက
ဟုတ်တယ် အဲဒီသီချင်းကြောင့်ပဲ ပြဿနာက တက်တာပေါ့ ဆိုပြီး သူအိမ်က
ထွက်လာတဲ့အကြောင်းကို ပြောပြလိုက်သတဲ့။
ဒီတော့
နတ်သမီးလေးက တို့နတ်ပြည်မှာ ဒဏ္ဍာရီတစ်ခုရှိတယ်။ အိမ်ပြန်ရောက်ချင်လို့ရင်
တကယ်တမ်းတပြီး ခံစားချက်အပြည့်နဲ့ သီချင်းအသစ်တစ်ပုဒ် ဆိုလိုက်လို့ရင် နတ်ပြည်က
လှေခါးတစ်ခု ကျလာတယ်တဲ့။ ဒါဆို ငါအိမ်ပြန်လို့ရပြီ။ ခက်တာက ငါက သီချင်းအသစ်ရအောင်
မစပ်တတ်ဘူး။ ကူညီပါလားလို့ပြောသတဲ့။
ဒီတော့
ကြောင်ကလေးကလည်း သူ့ပိုးတွေကို အစွမ်းပြခွင့်ရဖို့ ရီကွက်စ် အခုမှရတော့တယ် ဆိုပြီး
ဝမ်းသာသွားတာပေါ့။ ဒီလိုနဲ့ အဲဒီတနေ့လုံး လက်သဲတွေနဲ့ကုတ်ခြစ်ပြီး ကြောင်ကလေးလည်း
သီချင်းစပ်ပါလေရော။
သီချင်းကလည်း
စပ်ရမယ်ဆိုမှ ခက်လိုက်တာ။ ကြောင်ကလေးက ဘလူးစ်တွေ ကန်းထရီးတွေ ရော့ခ်တွေ ပေါ့ပ်တွေ
အမျိုးမျိုးစပ်လိုက် နတ်သမီးလေးကလည်း ဆိုကြည့်လိုက် နောက်ဆုံးတော့ နတ်သမီးလေးတောင်
အသံဝင်ချင်သလိုဖြစ်လာသတဲ့။ နောက်ဆုံးတော့ ကြောင်ကလေးလည်း စိတ်ပေါက်ပေါက်နဲ့ အခုလို
ရေးလိုက်သတဲ့။
ညောင်ညောင်ညောင်..
အိမ်ကိုလွမ်းတဲ့အကောင်
လွမ်းလွန်လွန်းလို့ငူငူငေါင်ငေါင်
နတ်သုဒ္ဒာတွေလည်းဝေး
အတောင်ပံတွေလည်းကွေး
တော်ရာမှာမနေခဲ့
ပျော်ရာရှာဖွေခဲ့
အခုတော့
ရေလည်ညစ်လို့
မေမေရေ
သေမယ်ဖြစ်လို့
ကောင်းကင်ကလှေခါး
ကျလာပါလား
မျှော်လိုက်ရတာ
တအား
ဂါးဂါးဂါး…
သူရေးပြီးတဲ့အခါ
နတ်သမီးလေးက အင်မတန် ချိုသာတဲ့အသံလေးနဲ့ သီချင်းဆိုပါလေရော။ သီချင်းက သံစဉ်ရော
စာသားပါ ဘ၀ဂ်အထိ ပျံလွင့်သွားတယ် ဆိုတာမျိုး ထင်ပါရဲ့ နတ်ပြည်ကို တက်သွားသတဲ့။
သိပ်မကြာပါဘူး လှေခါးကြီး ကျလာပါတယ်။
နတ်သမီးလေးက
ဝမ်းသာသွားတယ်။ ကြောင်ကလေးကတော့ မပျော်ပါဘူး။ မင်းကတော့ ပြန်သွားတာဟုတ်ပါပြီ
နတ်သမီးရယ်။ ငါကတော့ ဘယ်လိုပြန်ရမလဲ တဲ့။
နတ်သမီးလေးက
မျက်စောင်းထိုးတယ်။ ကြောင်ကလေးကလည်း အ လိုက်တာတဲ့။
google
earth တွေဘာတွေ သုံးဖူးပုံ မရဘူးတဲ့။ တကယ်တော့ ကြောင်ကလေးကလည်း internet savvy
သိပ်မဖြစ်ဘူးလေ။
နတ်သမီးလေးက
ကြောင်ကလေးကိုပါ လှေခါးပေါ် ခေါ်သွားတယ် ။ အပေါ်စီးကကြည့်တော့ သူ့အိမ်ကို လှမ်းမြင်ရပြီပေါ့။
ဒီတော့မှ
နတ်သမီးက ကြောင်ကလေးအိမ်ကို ရှာပြီး အသေအချာ ပို့ပေးလိုက်တယ်။
ဒါပေမယ့်
သူတို့ကသီချင်းတွေ ဘာတွေ အတူစပ် ခင်မင်ပြီးမှ ခွဲရတော့မယ်ဆိုတော့ နည်းနည်း
ဝမ်းနည်းသွားကြတာပေါ့။ ကြောင်ကလေးက ငိုတောင်ငိုချင်သတဲ့။ ဒါပေမယ့် နတ်သမီးလေးက
ကြောင်ကလေးရဲ့ နားနားကိုကပ်ပြီး တိုးတိုးလေး တစ်ခုပြောလိုက်တော့ ပြုံးသွားသတဲ့။
အဲဒီနေ့ကစပြီး
ကြောင်ကလေးက အလုပ်တွေကို အချိန်နဲ့လုပ်တယ်။ မဆိုးတော့ဘူး။
ညတွေဆို
ကြောင်မေမေက အိပ်တော့ဆိုရင် စောစောစီးစီး လိမ်လိမ်မာမာ အိပ်တယ်။
ဘာလို့လဲ
သိလား။
နတ်သမီးလေးက
ပြောလိုက်တယ် ညကျမှ အိပ်မက်ထဲကို လာခဲ့မှာပေါ့ တဲ့။ နတ်သမီးနဲ့ ကြောင်ကလေးက
အိပ်မက်ထဲမှာ သူငယ်ချင်းတွေ အမြဲ ဆက်ဖြစ်ကြတာပါ့။
အဲဒီအချိန်ကစပြီး
ဒီပုံပြင်ကို ဖတ်ဖူးတဲ့လူတွေဟာ သူတို့သူငယ်ချင်းတွေကို ညအိပ်ခါနီးရင်
အိပ်မက်လှလှမက်ပါစေ နတ်သမီးနဲ့တွေ့ပါစေလို့ ဆုတောင်းလေ့ ရှိကြတာပေါ့ကွယ်။။
ပန်ဒိုရာ
ဖေဖော်ဝါရီ
၂၀၀၈
No comments:
Post a Comment