Thursday, September 18, 2014

ကိုးလဆယ်လ




 
ပန်းချီ- မမသီရိ
 ကိုးလဆယ်လ

ရီမုကွန်ထရိုး၊ လက်ကိုင်ဖုန်း၊ ယပ်တောင်၊ ပလတ်စတစ်ဗူးခွံ၊ စက္ကူဗူးခွံ၊ အမာထည်တွေသာ အကြိုက်ဆုံး ကစားစရာ။ မွှေးပွရုပ်တွေ၊ လှုပ်ရှားမှု၊ သက်ရောက်မှု မပါတဲ့ အရုပ်တွေကို စိတ်မဝင်စား။ မှောက်တတ်ပြီ။ ချိုမိုင်မိုင် ကတတ်ပြီ။ ရွှေဝါးလက်ခုပ် တီးတတ်ပြီ။ ခိုးခိုးခစ်ခစ် ရယ်မောတတ်ပြီ။ တအိပ်ရာလုံး လူးလှိမ့်အိပ်တတ်ပြီ။ ငုတ်တုတ် ထထိုင်တတ်ပြီ။ ခြေနှစ်ဘက်ပေါ် မတ်မတ်ရပ်တတ်ပြီ။ ဗူးဗူး မှုတ်တတ်ပြီ။ ခြေထောက်ကလေးလှုပ်ပြ လက်ကလေးပုတ်ပြတတ်ပြီ။ နာမည်ခေါ်ရင် ရင်ဘတ်ကို ပုတ်ပြတတ်ပြီ။ ခြင်္သေ့ကြီးလို ဂါးဂါးနဲ့ သူများတွေကို လိုက်ခြောက်တတ်ပြီ။ ကြောင်ကလေးကို မီမီမီမီ ခေါ်တတ်ပြီ။ ကျီးကန်းကြီးလို အအအအ ပြောတတ်ပြီ။ လက်ညိုးလေးထောင်ပြီး ဒက်ဒက်ဒက်ဒက် လုပ်တတ်ပြီ။ တစ်ခုခု မကြိုက်ရင် နှုတ်ခမ်း စူပြတတ်ပြီ။ မေမေ၊ ဖေဖေ၊ ပါပါ၊ ဘွားဘွား၊ ဘဘ၊ မမ၊ နာနာ၊ ငယ်ငယ်၊ မျက်မှန် စတာတွေ ခေါ်တတ်ပြီ။  ခေါင်း ဘယ်မှာလဲ၊ ခြေထောက် ဘယ်မှာလဲ ပြတတ်ပြီ။ လမ်းလျှောက်ထိုင်ခုံတစ်လုံးနဲ့ တစ်အိမ်လုံး လျှောက်ပြေးတတ်ပြီ။ မွှေးမွှေးပေးတတ်ပြီ။ ဟိုင်းဖိုက် ဖလိုင်းကစ်စ် လုပ်တတ်ပြီ။ ခေါင်းပေါ်မှာ လက်ကိုင်ပုဝါလေးတင်ပြီး မုန့်ရောင်းတတ်ပြီ။ တူတူရေဝါး ကစားတတ်ပြီ။ ပုံပြင် နားထောင်တတ်ပြီ။ မုန့်လက်ညိုး ကိုင်စားတတ်ပြီ။ နို့ဗူးကုန်သွားရင် ခေါင်းခါ လက်ခါပြတတ်ပြီ။ လူတွေကို အားနာပါးနာ ဟန်ဆောင်ပန်ဆောင် အပြုံးလေးနဲ့ ပါးစပ်ဖြဲပြတတ်ပြီ။ အဲဒီလို တတ်ပြီးနောက် ဘာမှခိုင်းမရ၊ ဘာအမိန့်မှ မနာခံ၊ ဘာမှလုပ်မပြ၊ သူ့သဘော၊ သူ့ဆန္ဒ၊ သူလုပ်ချင်တာတွေ၊ သူ့စိတ်ထဲရှိသလို၊ သူနေချင်သလို၊ လွတ်လပ်စွာ၊ သဘာဝကျကျ၊ အာခံတတ်ပြီ။ အပြင်ခဏခဏ ထွက်ချင်ပြီ။ ပိတ်ထားတဲ့ တံခါးကို တဒေါက်ဒေါက် ခေါက်ရမှ။ လူကြီးလက်ပေါ်မှာ ဝမ်းလျားမှောက် ဆန့်တန်းပြီး လေယာဉ်ပျံကြီး ခဏခဏ စီးရမှ။ ဘာတွေ့တွေ့ ဘာရရ နောက်ဆုံးမှာ ပါးစပ်ထဲကို ထည့်ကြည့်ရမှ။ ညအိပ်ချိန် ခဏခဏ နိုးတိုင်း၊ မျက်စိမဖွင့်ဘဲ ဘေးပတ်ဝန်းကျင်ကို ပါးစပ်လေးဟ လိုက်စမ်းလိုက်တိုင်း ငုံစရာ သောက်စရာ အဆင်သင့် ရောက်လာမှ။ အရာဝတ္ထု သေးသေးလေးတွေကို သူပဲမြင်၊ သူပဲလိုက်ကောက်။ အပေါက်မြင်ရင် လက်ချောင်းတွေနဲ့ လိုက်ထိုးကြည့်။ သူ့လက်ညိုးလေးနှစ်ချောင်း အချင်းချင်း တို့ထိပြီး တွေတွေငေးကြည့်။ သူ့လက်ဖဝါးသူ ဆုပ်ကြည့်၊ ဖြန့်ကြည့်၊ နှိုင်းယှဉ်ကြည့်။ ဆံပင်ရှည်မြင်ရင် ခေါင်းခါယမ်းခိုင်းပြီး လိုက်ဆွဲ။ သဏ္ဍာန်တူတွေကို ရုပ်ပုံကားချပ်ထဲမှာ လက်ညိုးလိုက်ထိုး။ ပါးစပ်တပြင်ပြင် စားမယ် သောက်မယ် ဆိုတာချည်း၊ လူကြီးတွေမှာ သူစားလို့ မရတာတွေကို တိတ်တိတ်ဝှက်စားရ။ ဆတ်ဆတ်ထိမခံ။ လူစိမ်းကြောက်။ လန့်သွားရင်၊ နာသွားရင် မျက်ရည်ပေါက်ကြီးတွေ ကျအောင် ဖွဲ့ဖွဲ့နွဲ့နွဲ့ ထငို။ ဒိုက်ပါမှာ၊ ဖိနပ်မှာ၊ ပိုက်ဆံအိတ်မှာ ဗျစ်ဗျစ်မြည်တဲ့ ကပ်ခွာတွေကို  ဆွဲခွာလိုက် ပြန်ကပ်လိုက်။ ဗူးခွံတွေကို အဖုံးဖွင့်ကြည့်။ ပစ္စည်းတွေကို ကြမ်းပြင်ပေါ် ခဏခဏ ပစ်ချပြီး ကမ္ဘာမြေဆွဲအားကို စမ်းသပ်။ သွက်လက်မြူးကြွ တီဗွီကြော်ငြာ လာရင် ငေး။ မဂ္ဂဇင်းစာမျက်နှာတွေကို တဖျတ်ဖျတ်လှန်ပြီး လူရုပ်ပုံတွေကို သဘောကျ။ ကစားစရာ ပတ္တလားလေးနဲ့ ဖုန်းထဲက ပီယာနိုလေးကို လက်ဖဝါးနှစ်ဘက်နဲ့ အပြည့် ဒိန်းဒိန်းဒေါင်းဒေါင်း ခပ်ကြမ်းကြမ်းတီး။ ဂီတသံကြားလိုက်တိုင်း ခေါင်းကလေး တဆတ်ဆတ် လက်ကလေးတလှုပ်လှုပ် စည်းချက်နဲ့ က ။ 

ချစ်စရာ ၊ ချစ်တယ် ဆိုတဲ့ ဝေါဟာရကိုပဲ ပြောတတ်တာမို့ ဒီလိုဖော်ပြချက်ဟာ ပေါပေါပဲပဲ ဖြစ်နေမလား  စိုးရိမ်စိတ်နဲ့ပါ။ သူ့ဋီကာ သူ့ဗေဒ ချဲ့ကားမဆုံးနိုင်။ အိပ်ရေးဝခြင်းနဲ့ နှုတ်ဆက်ခွဲခွာရတာ အားအင်မကုန်ခန်းနိုင်။ ငါတို့အိုမင်းမစွမ်းချိန်နဲ့ သူ့အတောင်ပံတွေ လောက်လောက်လားလား သန်မာချိန်နဲ့ တိုက်ဆိုင်ပြီး အဝေးကို ပျံထွက်၊ ကျန်ခဲ့ရမှာကို သိသိနဲ့။ ပြန်မလိုချင်ပါဘူး၊ မလိုအပ်ဘူး။  တကယ်လို့ တစ်ခုခု လိုချင်မိတယ် ဆိုရင်တောင် ငါ့ကို၊ ငါတို့ကို သူကရော ချစ်ခင်ပါရဲ့လား ဆိုတာ။ လူးလွန့်ဝင်ဆန့်ရုံ ဝမ်းကြာတိုက်မှသည် အပြောကြီး အပြောကျယ် လောကအလယ်ကို ထွက်ကြည့်နိုင်ဖို့၊ ကိုယ့်အာဟာရ  တစ်ကိုယ်စာ လုံလောက် ဘောင်ခတ်ထားတဲ့ ရိက္ခာစက်ဝန်းထဲမှသည် သမုဒ္ဒရာ ဝမ်းတစ်ထွာ တစ်သက်စာ ဆာလောင်စေဖို့၊ ဖူးလ်စတော့ပ် အရွယ်မှသည် ဖဝါးလက်နှစ်လုံး အထိ၊ ရှင်သန်မှုတန်ဖိုးအတွက် ကိုယ်ချင်းစာနာစိတ်ကို၊ မိဘဘဝကို၊ ချစ်ခြင်းမေတ္တာကို၊ ထူးထူးခြားခြား လက်တွေ့ခံစား သင်ကြားပေးခဲ့တာ တစ်ခုတည်းနဲ့တင် ကျေးဇူးတင်ပြီ၊ ကျေနပ်ပြီ၊ လူအဖြစ်မှာ အနေတန်ပြီ။ ငါတို့သဘော၊ ငါတို့ဆန္ဒ၊ ငါတို့လိုအင်၊ ငါတို့ဆုံးဖြတ်ချက်၊ ငါတို့ထိုက်ငါတို့ကံ၊ ငါတို့လုပ်ငါတို့ခံ၊ ငါတို့လောဘ၊ ငါတို့အတ္တမှာ သူ့တိုက်ဆိုင်မှုကို အားဖြည့်ပေးပြီး ရောက်ရှိလာရသူတစ်ဦး။ အားပြင်းလှတဲ့ စုန်ရေ။ အခုအချိန်မှာ မေမေဆိုတာ သူ့အစားအစာ၊ သူ့ကစားစရာ၊ သူ့ဆော့ဖော်ဆော့ဖက်၊ သူ့မှီအုံး၊ သူ့အနွေးထည်၊ သူ့အအေးခန်း၊ သူ့ခိုလှုံရာ၊ သူ့အပျင်းဖြေ၊ သူ့စိတ်ဖောက်ခွဲရာ၊ သူ့အုပ်ချုပ်သူ၊ သူ့သူနာပြု၊  သူ့သမိုင်းရေးသမား။ မနက်မနက်ဆို ဖေဖေ့အတွက် သက်ရှိ နာရီနှိုးစက်ကလေး။ ထိခိုက်ပဲ့ရွဲ့မှာစိုးလို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင်ဘဲ နေ့နေ့ညည တဖွဖွ တသသ စောင့်ကြည့်နေရတဲ့ ဖန်ရုပ်ပါးပါးကြည်ကြည်လေး။ တစ်ချက်မှ အငြိမ်မနေဘဲ လှုပ်ရှားရိုက်ခတ်နေတတ်တဲ့ မာမာတင်းတင်း တစ်တစ်ရစ်ရစ် ခြေသလုံးကလေး။ ခေါင်းလေးငုံ့နေတိုင်း တွဲပြီး ထွက်ကျနေတဲ့ ဖောင်းဝဝ ပါးကလေး။ တစ်ခုခု မလုပ်ဖို့ ဟန့်တားလိုက်ကာမှ တမင်တကာ လုပ်ရင်း ပြန်လှည့်ရယ်ပြတတ်တဲ့ ပြုံးစစ စပ်ဖြဲဖြဲ သွားမပေါက်သေးတဲ့ ပါးစပ်ကလေး။ သူအမက်မောဆုံး ချိုချိုကို ပါးစောင်မှာ ဆေးတံခဲသလို ခဲထားရင်း မော့ကြည့်နေတတ်တဲ့ မျက်လုံးဝိုင်းကလေးတွေ။ အကာအကွယ်မဲ့ အနှောင့်အယှက်ကင်း ပကတိ သန့်စင်စွာ အိပ်မောကျနေတတ်တဲ့ မျက်တောင်ကော့ကော့လေးတွေ။

ပန်ဒိုရာ
၃၁.၇-၁၈.၉.၂၀၁၄


(အခုတလော ဘလော့ဂ်တွေကို ပြန်အသက်ဝင်စေဖို့ဆိုပြီး challenge လုပ်ကြတယ်။ ၂ ပတ်အတွင်း ဘလော့ဂ်မှာ တစ်ခုခုတင်ဖို့ပါ။ တခြား တင်စရာတွေ လက်စမသတ်သေးတာတွေ ရှိတော့ရှိသေးတယ်။ ဒီစာကတော့ မသက်ဝေ နဲ့ မစုချစ်သူတို့ ရည်ညွှန်းထားတာအတွက်ပါ။ နောက်ထပ်တော့ ကိုနတ္ထိ၊ မမေဓာဝီ၊ မအိန္ဒြာ၊ မ မနော်ဟရီ၊ မခင်ဦးမေ၊ Imaginary clouds No.2 ၊ မမေငြိမ်း၊ မခင်မင်းဇော် တို့ကို (မရေးရသေးရင်) တစ်ခုခုရေးဖို့ စာရင်းပေးချင်ပါတယ်။)

6 comments:

မေဓာဝီ said...

ချစ်စရာ သမီးလေးကို ချစ်စရာ ပိုကောင်းအောင် ချစ်စရာ ပုံဖော်သွားတဲ့ ချစ်စရာ မေမေပန်ရဲ့ ချစ်စရာ လက်ရာ ... (ပုံရော စာရော) <3

သက်ဝေ said...

သိပ်ချစ်စရာကောင်းတဲ့အရွယ် ရောက်နေပြီ... တွေ့လည်း တွေ့ချင်လှပြီ... <3

ဇွန်မိုးစက် said...

ချစ်စရာသိပ်ကောင်းတာပဲ။ မပန်စာလေးဖတ်ပြီး သမီးလေးကို အရမ်းကိုတွေ့ချင်စိတ်ပေါက်သွားတယ်။း)

Ma Tint said...

မိခင်တစ်ယောက်ရဲ့ ရင်တွင်းခံစားချက် အစစ်အမှန်လေးတွေကို ကြည်နူးစွာဖတ်သွားတယ် ပန်ပန်ရေ... ဘလော့ရွာလေး ဆက်လက်စည်ကားစေဘို့ ဘလော့ဂါတွေကို ပို့စ်တင်ဘို့ လက်ဆင့်ကမ်းတဲ့အတွက် ၀မ်းသာပျော်ရွှင် ကျေနပ်မိတယ်။

natthi said...

Time Machineနဲ့ ကလေးဘဝကို ပြန်သွားကြည့်ချင်မိ ... :)

:P said...

သမီးလေးနဲ့ သားလေးအတွက် အဲဒီလို ရေးတတ်ချင်တယ်