Sunday, August 31, 2014

မြန်မာဘလော့ဂ်များ ဘယ်ဆီဘယ်ဝယ်ဘယ်ပုံဘယ်နှယ် - ၂



မြန်မာဘလော့ဂ်များ ဘယ်ဆီဘယ်ဝယ်ဘယ်ပုံဘယ်နှယ် - ၂
 
၂၀၀၇ ခုနှစ် MBS ရဲ့ ဖိတ်စာ အမှတ်တရ
( BLOG ဆိုတဲ့ အင်္ဂလိပ်စာလုံးနဲ့ တူတဲ့ (3108)  သြဂတ်စ်လ ၃၁ ရက်နေ့ကို Blog Day လို့ blogday.org က ၂၀၀၅ ခုနှစ်က စပြီး သတ်မှတ်ခဲ့ဖူးတယ်။ အခုတော့ အဲဒီ website တောင် မရှိတော့ပါဘူး။ မြန်မာဘလော့ဂါတွေကတော့ ဆက်လက်ကျင်းပနေကြပါတယ်။ ၂၀၀၇ ကနေ စတင် သတ်မှတ်ခဲ့ကြတဲ့ Blog Action Day ဆိုတာကတော့ ရှိနေပါသေးတယ်။ အဲဒါကတော့ အောက်တိုဘာ ၁၅ သို့မဟုတ် ၁၆ ရက်မှာ အကြောင်းအရာတစ်ခုနဲ့ ပတ်သက်တာကို ကမ္ဘာအရပ်ရပ်က ဘလော့ဂါတွေက ဝိုင်းရေးကြဖို့ပါ။ ၂၀၀၇ မှာ environment ၊ ၂၀၀၈ မှာ poverty ၊ ၂၀၀၀၉ မှာ climate change ၊ ၂၀၁၀မှာ water ၊ ၂၀၁၁ မှာ food ၊ ၂၀၁၂ မှာ the power of we  လို့ သိရပါတယ်။ အခုလာမယ့် ၂၀၁၄ အောက်တိုဘာ ၁၅ ၁၆ အတွက် ခေါင်းစဉ်ကတော့ inequality ဖြစ်ပါတယ်။ http://blogactionday.org/ ။ ဘယ်လိုပဲဖြစ်ဖြစ် မနှစ်ကရေးခဲ့တဲ့ ပို့စ်ကို ရှေ့ဆက်ပါဦးမယ်။)


ရွှေဝါရောင်တော်လှန်ရေးကာလ ဖြစ်တဲ့ စက်တင်ဘာ ၂၀၀၇ မှာ မြန်မာဘလော့ဂ်တွေရဲ့ အခန်းကဏ္ဍဟာ ပိုထင်ရှားခဲ့တယ်။ နိုင်ငံရေးဆန်တဲ့ လှုပ်ရှားမှုတွေကိုတော့ ဂျူလိုင် ၂၀၀၇ လောက်ကတည်းက တွေ့မြင်ခဲ့ရတာပါ။ ၂၀၀၇ ဂျူလိုင် ၇ ရက်နေ့မှာ ဆဲဗင်းဂျူလိုင် လှုပ်ရှားမှု အမှတ်တရအနေနဲ့ ပိုစတာတွေကို ဘလော့ဂ်ပို့စ် အနေနဲ့ဖြစ်ဖြစ် sidebar မှာ ဖြစ်ဖြစ် ဘလော့ဂ်အတော်များများမှာ တင်ခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။ အဲဒီတုန်းကတော့  မသင်္ကာကြည့်နဲ့ စောင့်ကြည့်ခံရတဲ့ အချိန်ဖြစ်တာမို့ ဘလော့ဂါတွေဟာ အလှမ်းမီဖို့ ခက်တဲ့ အင်တာနက်ထဲမှာ ဒီလိုလှုပ်ရှားမှုမှာ ပါဝင်တာကိုက အရဲကိုးခဲ့ကြတယ်လို့ ဆိုနိုင်ပါမယ်။ အဲဒီနောက် ၁၉ ဂျူလိုင် အာဇာနည်နေ့မှာလည်း ဗိုလ်ချုပ်အမှတ်တရ ပို့စ်တွေ ရုပ်ပုံတွေနဲ့ ဖြတ်သန်းခဲ့တယ်။ သြဂတ်စ် ၁၅ ရက်နေ့မှာတော့ ကုန်ဈေးနှုန်းကျဆင်းရေးအတွက် လမ်းလျှောက်လှုပ်ရှားမှုတွေ ဖြစ်လာခဲ့တယ်။ အဖြူရောင် လှုပ်ရှားမှုမှာ ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်တွေ အဖမ်းခံခဲ့ရပါတယ်။

ရွှေဝါရောင်တော်လှန်ရေး စတင်လို့ သံဃာတော်တွေ စီတန်းလမ်းလျှောက်ကြတဲ့အခါ အစပိုင်းရက်တွေမှာ အင်အားသုံး နှိမ်နင်းမှုတွေ မရှိသေးပါဘူး။ အဲဒီအစောပိုင်းကာလတွေကတည်းက သံဃာတော်တွေရဲ့ လှုပ်ရှားမှု ဓာတ်ပုံတွေကို ကမ္ဘာအရပ်ရပ်က မြင်တွေ့ကြရပါတယ်။ အဲဒီဓာတ်ပုံတွေထဲမှာ ဘလော့ဂါတွေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေလည်း ပါပါတယ်။ ၁၉၈၈ ကာလက နည်းပညာတိုးတက်မှုတွေ မပေါ်ပေါက်သေးလို့ ဖြစ်ကြောင်းကုန်စင်ကို  အလျှင်အမြန် လူအများသိအောင် ချပြဖို့ မဖြစ်နိုင်ခဲ့ပေမဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးရဲ့ အင်တာနက်ခေတ်မှာတော့ မြန်မာပြည်မှာ ဖြစ်ဖြစ်သမျှတွေကို မိနစ်ပိုင်းအတွင်းမှာပဲ ကမ္ဘာအရပ်ရပ်က သိမြင်နိုင်ခဲ့ကြပါတယ်။

အလွန်တင်းကျပ်တဲ့ကာလမှာ သတင်းဓာတ်ပုံနဲ့ သတင်းအချက်အလက်တွေ တင်တဲ့ ဘလော့ဂါတွေဟာ အမည်ရင်းနဲ့ ပုံရိပ်မှန်ကို ဖျောက်ထားကြရတယ် ဆိုတာ ပြောပြစရာတောင် မလိုပါဘူး။ အထူးသဖြင့် အလွန်တရာ နှေးကွေးတဲ့ ကော်နက်ရှင်နဲ့ မြန်မာပြည် အင်တာနက်ကဖေးတွေကနေ တင်ရသူတွေဟာ အချိန်လုပြီး စွန့်စားခဲ့ကြရမှာ သေချာပါတယ်။ တချို့က မူရင်းစတင် ဝေမျှသူတွေပါ။ တချို့က အခြားမှာ တင်ထားတဲ့ သတင်းတွေ ဓာတ်ပုံတွေကို ပြန်လည်ဝေမျှသူတွေပါ။ တချို့ကတော့ နှစ်မျိုးစလုံးပါ။ ဆန္ဒပြသူတွေကို ပစ်ခတ်မှုတွေ ဖြစ်လာပြီလို့ ကြားရတဲ့အခါ မိုးဇက်လို့ အမည်ရတဲ့ ဘလော့ဂ်တစ်ခုမှာ ဓာတ်ပုံတွေ တစ်ပုံပြီးတစ်ပုံ တက်လာခဲ့တယ်။ ခဏကြာတော့ အဲဒီဘလော့ဂ် ပျောက်သွားတယ်။ ဘယ်လို ဖြစ်သွားသလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ အဲဒီကာလမှာ လူသိများတဲ့ သတင်းဘလော့ဂ်တွေထဲမှာ နစ်နေမန်း၊ ကိုထိုက်၊ ဒေါက်တာလွမ်းဆွေ၊ ဆုံဆည်းရာ ဘလော့ဂ်တွေ ပါဝင်ပါတယ်။

အဲဒီတုန်းက ပြည်တွင်းပြည်ပ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ကြတဲ့အခါ အခုလို viber တို့ facebook တို့ ခေတ်မစားသေးပါဘူး။ Gmail၊ Gtalk နဲ့ ဆီပုံး ဒါမှမဟုတ် Cbox လို့ခေါ်တဲ့ Chat box တွေ ဖိုရမ်တွေ ဘလော့ဂ်တွေက တဆင့် သတင်းအချက်အလက် ဖြန့်ဖြူးလေ့ရှိပါတယ်။ ဘလော့ဂ်တွေရဲ့ sidebar မှာ Cbox တွေ တပ်ထားလေ့ရှိပါတယ်။ အချက်အလက်တစ်ခုခု ဖြန့်ဖြူးချင်သူတွေဟာ လူသိများတဲ့ ဘလော့ဂ်တွေရဲ့ Cbox တွေမှာ တစ်ခုပြီး တစ်ခု လိုက်ရေးလေ့ရှိကြပါတယ်။ များသောအားဖြင့်တော့ အလကားရတဲ့ Cbox မှာ ထိန်းချုပ်နိုင်တဲ့ အဆင့်မြင့် function တွေ လိုချင်ရင်တော့ ပိုက်ဆံပေးဝယ်တပ်ကြပါတယ်။ ဥပမာ နစ်နေမန်း ဘလော့ဂ်မှာ သတင်းတွေကို Cbox ကနေ အမြန်ဆုံးတင်ပေးတာကို သွားသွားဖတ်ရပါတယ်။ လူဖတ်များတဲ့ Cbox link တွေချည်း သက်သက် စုစည်းထားတဲ့ link တွေလည်းရှိခဲ့ပါတယ်။

အဲဒီကာလက ပြည်တွင်းမှာ ပုဂ္ဂလိကထုတ် ဂျာနယ်တွေ သတင်းစာတွေ မပေါ်ပေါက်သေးဘဲ အစိုးရထုတ် သတင်းတွေကိုပဲ ဖတ်ရှုနိုင်တဲ့အတွက် သတင်းစာထဲမှာ မဖော်ပြတဲ့ တချို့ဖြစ်ရပ်မှန်တွေအတွက် အင်တာနက်ထဲက သတင်းတွေရယ် ပြည်ပအသံလွှင့်ဌာနတွေရယ်ကိုပဲ အားကိုးခဲ့ကြရပါတယ်။ ပရော်ဖက်ရှင်နယ် မီဒီယာသမားတွေ မဟုတ်တဲ့ ဘလော့ဂ်တွေထဲက သတင်းတွေဟာ ပြည်ပအသံလွှင့်ဌာနက သတင်းတွေလိုပဲ အားကိုးစရာ အသွင်ဆောင်လာပြီး နောက်ပိုင်းမှာတော့ ထူးခြားမှုတွေ ပေါ်ပေါက်လာပါတယ်။

ပထမဦးဆုံး သတိထားမိတာကတော့ ဘလော့ဂ်ထဲက သတင်းတွေရဲ့ ယုံကြည်အားထားမှုကို လျော့ကျလာစေတာပါ။ သတင်းတစ်ခု မှန်မမှန်ကို ပရော်ဖက်ရှင်နယ်ကျကျ စိစစ်စဉ်းစားတတ်တဲ့ ကျွမ်းကျင်မှုမျိုး မရှိဘဲ အချိန်ကိုလုပြီး အမြန်ဆုံး သတင်းပို့ဖို့ကို စိတ်ဆန္ဒအားကြီးနေကြတဲ့ ဘလော့ဂ်တွေကို သတင်းမှား ပေးသူတွေ ပေါ်လာပါတယ်။ နောက်ထပ်သိသာတာတစ်ခုက တော်လှန်လှုပ်ရှားသူတွေ နိုင်ငံရေးဆန်တယ်လို့ ထင်မြင်ခံရသူတွေ၊ လူသိများတဲ့ဘလော့ဂါတွေဟာ အုပ်ချုပ်ရေးကို ဝေဖန်တဲ့ အရေးအသားမျိုး ရေးတဲ့အခါ မကြားဝံ့မနာသာ ဆဲလာသူတွေ ပေါ်လာပါတယ်။ အမျိုးသမီးတွေကိုဆိုရင် ပိုပြီးတော့ ဆိုးပါတယ်။ မျက်နှာမဖော်ဝံ့အောင် ရှက်သွားကြောက်သွားပြီး ဆက်မရေးဝံ့အောင် ဆဲဆိုမှုတွေကို တွေ့ခဲ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ အစိုးရအာဘော်ဆန်တဲ့ ဘလော့ဂ်တွေကိုလည်း လူသိများအောင် မြှင့်တင်လာကြပါတယ်။

အဲဒီနောက်မှာတော့ ဘလော့ဂ်အချို့ကို မြန်မာပြည်တွင်းက ကြည့်မရအောင် ပိတ်ပင်မှုတွေရှိလာပါတယ်။ နောက်ဆုံးတော့ blogspot.com တစ်ခုလုံး အပိတ်ခံလိုက်ရပါတယ်။ ပြည်တွင်းက အင်တာနက် သုံးစွဲသူတွေဟာ proxy တွေသုံးပြီး ကျော်ကြလွှားကြရပါတယ်။ တချို့က wordpress.com ကိုပြောင်းကြတယ်။ တချို့က blogspot.com မပေါ်အောင် domain name တစ်ခု နောက်ဆက်တွဲလုပ်ထားပြီး မြန်မာဘလော့ဂါတွေကို မျှဝေသုံးစေတယ်။ တချို့က ကိုယ်ပိုင် domain name  .net .com ဝယ်ကြတယ်။ တချို့ကတော့ ning.com မှာ sign up လုပ်ပြီး သွားရေးကြတယ်။ ning ကို ဘလော့ဂါအတော်များများ ရောက်လာကြပြီး စည်စည်ကားကား ဖြစ်စပြုလာတဲ့အချိန်မှာ ning site တွေက အလကားမပေးတော့ပဲ ပိုက်ဆံယူမယ်လို့ ဖြစ်လာတယ်။ အဲဒီမှာ တစ်ခေတ် ပျက်သွားပြန်တယ်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး မတိုင်မီနဲ့ အတောအတွင်းက ဘလော့ဂါအများစုဟာ ဘာအကြောင်းရေးရေး နိုင်ငံရေးလို့  ဆွဲယူချင်ရင် ရနိုင်ပြီး မမြင်ရတဲ့ နောက်ဆက်တွဲ အရေးယူနိုင်ခြေတွေကလည်း ရှိနေတယ်ဆိုတာ သဘောပေါက်ကြတာမို့ တစ်ဦးနဲ့တစ်ဦး မည်သူမည်ဝါဆိုတာ သိသည်ဖြစ်စေ မသိရသည်ဖြစ်စေ အရေးမကြီးခဲ့ကြပါဘူး။ ၂၀၀၆ ကနေ ၂၀၀၈ ဝန်းကျင် အချိန်လောက်က သတင်းဘလော့ဂ်မဟုတ်တဲ့ အထဲမှာ ညီလင်းဆက်၊ မေဓာဝီ၊ နိုင်းနိုင်းစနေ၊ နေဘုန်းလတ်၊ ခင်ဦးမေ၊ မင်းဒင် အစရှိတဲ့ ထင်ရှား ထူးခြားတဲ့ ဘလော့ဂါတွေ သူ့ကိုယ်ပိုင်ဟန်နဲ့သူ ရှိခဲ့ကြပါတယ်။ ဘလော့ဂါ ညီလင်းဆက်ရဲ့ ဘလော့ဂါစစ်တမ်းဟာ စိတ်ဝင်စားစရာကောင်းတဲ့ အချက်အလက်တချို့ကို ဖော်ထုတ်နိုင်ခဲ့တယ်။

(ခဏနားဦးမယ်။ ဖြည်းဖြည်း ဆက်မယ်။ )

ပန်ဒိုရာ
၃၁၊၈၊၂၀၁၄



 

5 comments:

Aunty Tint said...

ဇဝေဇ၀ါဖြစ်နေတဲ့ ဘလော့ဒေးနဲ့ပတ်သက်ပြီး စုံစုံလင်လင်လေး ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ် ပန်ပန်ရေ... မှတ်မှတ်ရရ အဲ့ဒီအချိန်အခါက Your freedom နဲ့ကျော်ခွပြီး မရမကလိုက်ဖတ်ခဲ့တဲ့ စာဖတ်ပရိသတ်တစ်ယောက်ပေါ့..

မိုးညချမ်း said...

blog day ဆိုတဲ့အကြောင်းကို မယ်မယ်ရရမသိခဲ့တာ အမှန်ပါ … ခုတော့ ဒီပိုစ့်လေးဖတ်ပြီးသိပြီ … ဆက်ရန်လေးကို စောင့်နေမယ်နော် … :)

ဇွန်မိုးစက် said...

ွှ့ဟက်ပီးဘလော့ဂ်ဒေးပါ မပန်။ ဆက်ရန်ကို စောင့်ဖတ်မယ်နော်။း)

Cameron said...

Happy blog day မပန်

Maung Myo said...

အချက်အလက်တွေ အများကြီး စုထားသလိုပဲး))

ကျနော်တော့ ဘန်နာတွေရွေးခိုင်းတဲ့ ဘလော့ဂါ အစ်မကြီးတစ်ယောက်ကို သွားသတိရမိပါရဲ့း)