စိမ်းရွက်နုပေါ်က
မိုးရေစက်များ
မိုးရာသီဦးမှာ
တဖွဲဖွဲကျနေတဲ့ မိုးစက်တွေဟာ သစ်ရွက်နုနုလေးတွေရဲ့ အဖျားမှာ တွဲလွဲခိုနေတာကို
မြင်တော့ နုပျိုစိမ်းသစ်တဲ့ ငယ်ဘဝကို သတိရမိပါတယ်။
မှတ်မိသလောက်
ကျွန်မငယ်ငယ်က ကစားနည်း အတော်စုံအောင် ကစားဖြစ်ခဲ့ပါတယ်။ ကစားဖို့လည်း အချိန်ကောင်းကောင်း
ရခဲ့ပါတယ်။ အသက် မတိမ်းမယိမ်းကွာတဲ့ အစ်ကိုနဲ့ပေါင်းပြီး ယောက်ျားလေးတွေ ကစားတဲ့ နည်းပေါင်းစုံ
ကစားသလို မိန်းကလေး သူငယ်ချင်းတွေနဲ့လည်း မိန်းကလေးလို ကစားခဲ့ပါတယ်။
သားရေကွင်းကလေးတွေနဲ့တောင်မှ
ကစားနည်းက စုံလို့ပါပဲ။ အစ်ကိုရယ် သူ့သူငယ်ချင်းတွေရယ်နဲ့ ကစားရင် လမ်းမမှာ
ဝါးခြမ်းပြားတိုလေးကို စိုက်၊ တစ်ယောက်ကို ဘယ်နှစ်ကွင်းကျဆိုပြီး အဲဒီအပေါ်မှာ သားရေကွင်းလေးတွေ တင်။ သတ်မှတ်ထားတဲ့
အဝေးတစ်နေရာကနေ အလှည့်ကျ ပစ်။ သားရေကွင်း ထွက်ကျသွားအောင် ပစ်နိုင်ရင် ပစ်နိုင်သူက
ယူကြေးပေါ့။ နောက်တစ်မျိုးကတော့ စည်းဝိုင်းကလေး ၀ိုင်းပြီး သားရေကွင်းကလေးကို
အဝေးကနေ တစ်ကွင်းချင်း လက်ဝါးပေါ်တင်ပြီး တယောက်တစ်လှည့် ပစ်ချတာပါ။ ကွင်းလေးအချင်းချင်း
ထပ်သွားရင် ယူရပါတယ်။ မိုးရွာလို့ အိမ်အောက် မဆင်းရဘူး ဆိုရင်တော့ နံရံမှာ
သံတစ်ချောင်းစိုက် သားရေကွင်းတွေချိတ် အဝေးကနေ သားရေကွင်းနဲ့လှမ်းပစ်ကြပြီး
ပြုတ်ကျရင် ယူတဲ့နည်းနဲ့ ကစားကြပါတယ်။
သားရေကွင်းကို
မိန်းကလေးတွေ ကစားနည်း ကျတော့ တစ်မျိုးပါ။ သားရေကွင်းတွေ အများကြီး ချိတ်ဆက်ပြီး
ကြိုးလုပ်ပါတယ်။ ပြီးတော့ နှစ်ယောက်က ကြိုးတစ်ဖက်တစ်ချက်မှာ ကိုင်ထားပြီး
တစ်ယောက်က ကြိုးပေါ်မှာ ခုန်ပါတယ်။ ခုန်ပုံခုန်နည်းက အဆင့်ဆင့်ရှိပြီး သတ်မှတ်ထားတဲ့
ပုံစံမျိုးစုံနဲ့ ခုန်ရပါတယ်။ ကြိုးကို ခြေလိမ်ပြီး ခုန်တာလည်းပါသလို ကြိုးတန်းကို
မထိအောင် ခုန်တာလည်းပါတယ်။ အဆင့်မြင့်လာရင် ကြိုးတန်းက တဖြေးဖြေး မြင့်လာပါတယ်။
ခုန်နေတုန်း အမှားဖြစ်သွားရင် ကိုယ်က ကြိုးတန်းကိုင် လုပ်ရပါတယ်။ တခါတလေကျတော့ အဲဒီကစားနည်းကို
ယောက်ျားလေးတွေပါ လာကစားကြတယ်။ မူလတန်းအရွယ်က နေ့လည်စာစားချိန်တွေမှာတော့
ဒီကစားနည်းက ကျောင်းမှာ တော်တော် ခေတ်စားခဲ့ပါတယ်။
သားရေကွင်းပစ်ကစားနည်းနဲ့
ဆင်တူတဲ့ တခြားနည်းတွေ ရှိပါသေးတယ်။ ဖန်ဂေါ်လီ၊ ၀မ်ဒိုး ရွှံ့နဲ့လုပ်တဲ့ လောက်စာလုံး
စတဲ့ အလုံးမျိုးစုံနဲ့ ပစ်လှိမ့်ကစားကြတာပါ။ အလုံးလေးတွေကို စုပုံပြီး
ပြိုသွားအောင် တစ်လုံးနဲ့ ပစ်လှိမ့်တာရှိတယ်။ တန်းစီပြီး ထိအောင် လှိမ့်တာရှိတယ်။
ကျင်းမျိုးစုံတူးပြီး ၀င်အောင်လှိမ့်တယ်။ အလုံးဆိုတဲ့နေရာမှာ ကြိုးနဲ့ ဂျင်ပေါက်ကစားတာလည်း ရှိပါတယ်။
ဂျင်ကတော့ သံချောင်းပါလို့ နည်းနည်း အန္တရာယ်ရှိတယ်။ ကျွမ်းကျင်မှုလည်း
ပိုလိုအပ်ပါတယ်။ ဒိုးထိုးကြပါတယ်။ မန်ကျည်းစေ့ ခရေစေ့တွေနဲ့ ဇယ်တောက်ကစားတယ်။
အဲဒီလို အစေ့အဆံတွေကို စည်းဝိုင်းကွက်လေးတွေထဲမှာ အပုံလေးတွေပုံပြီး အကွက်ရွှေ့ကစားနည်းလည်း
ရှိသေးတယ်။
မိန်းကလေးဆန်ဆန်
စွဲစွဲလန်းလန်း ကစားတာ တစ်ခုကတော့ အရုပ်တမ်း ကစားတယ်လို့ ကိုယ့်ဘာသာခေါ်ကြတဲ့
ကစားနည်းပါ။ စက္ကူဖြူကို ရှည်ရှည်လေးခေါက် ပြန်ချိုးချ၊ လက်ပုံစံ
စက္ကူချောင်းကလေးကို ညှပ်ထိုး၊ မျက်နှာပုံကိုရေးဆွဲပြီး အရုပ်ကလေး လုပ်ရပါတယ်။ ပြီးတော့
စက်ချုပ်ဆိုင်က တောင်းထားတဲ့ အ၀တ်အတိုအစလေးတွေကို ကပ်ကြေးနဲ့ညှပ်ပြီး အကျီအ၀တ်အစား
မျိုးစုံဆင်ကြတယ်။ စက္ကူဗူးတွေ စုဆောင်းပြီး အိပ်ခန်း ဧည့်ခန်း စသည်ဖြင့်
အိမ်ဆောက်ကြတယ်။ အခုခေတ်လို ဘာဘီရုပ်တွေ setလိုက် ဈေးကြီးပေး ၀ယ်ခဲ့ရတာမဟုတ်ပါဘူး။
အားလုံး ကိုယ့်ဘာသာ လုပ်ကြရတာချည်းပါ။ အဲဒီကစားနည်းမှာတော့ အရုပ်ပိုင်ဆိုင်သမျှကို
ကိုယ်တကယ်ပိုင်ရသလို ပျော်ရတယ်။
ကိုယ်တိုင်လုပ်
အရုပ်တွေထဲမှာ စာရေးကိရိယာအတိုအစတွေနဲ့ စက်ရုပ်တိုက်တမ်း ကစားတာလည်း ပါပါတယ်။
အဲဒီတုန်းက သုံးလေ့ရှိတဲ့ တစ်ခါသုံး ဘိုဇို ဘောပင်ကို မင်ကုန်သွားတဲ့အခါ ဖြတ်တောက်ပြီး
ခေါင်းနဲ့ ကိုယ်ထည် လုပ်ပါတယ်။ မင်ကုန်သွားတဲ့ မင်ချောင်းလေးတွေကိုလည်း အကွင်းအကွင်းလေးတွေလှီးပြီး
လက်တွေခြေထောက်တွေ လုပ်ပါတယ်။ အဲဒီ ဖြတ်တောက်ထားသမျှကို
နိုင်လွန်ကြိုးနှစ်ချောင်းနဲ့ သီပါတယ်။ ကိုယ်ထည်တွေနေရာမှာ ကြိုးနှစ်ချောင်းလုံး
ပူးထည့်ပါတယ်။ လက်မြှောက်ထားသလို ဖြစ်နေတဲ့ လက်ဖျားနှစ်ခုမှာ
မှင်ချောင်းထိပ်ပိုင်းဖြစ်စေ အခြားကော်ပြားတစ်ခုခုကိုဖြစ်စေ အစသတ် ကြိုးချည်ပြီး
ဓား၊လှံ လုပ်ပါတယ်။ ခြေထောက် နှစ်ချောင်းအောက်မှာတော့ ကြိုးစရှည်ရှည် ချန်ထားခဲ့ပါတယ်။
ပြီးရင်တော့ စားပွဲမှာ သစ်သားပြားနှစ်ခု ခြားနေတဲ့ ကြားထဲကို ကြိုးစတွေကို
သွင်းပြီး အောက်ကနေဆွဲရင် အရုပ်က စစ်တိုက်နေဟန် လှုပ်လာပါတယ်။ အဲဒီလို
အရုပ်နှစ်ရုပ် မျက်နှာချင်းဆိုင်ပြီး စက်ရုပ်ချင်း တိုက်ကြတာပါ။
ကလေးတွေစုမိပြီး
လူစုံရင် စနေတနင်္ဂနွေလို ပိတ်ရက်ကို အသေအချာ ကြိုချိန်းပြီး ကစားကြတဲ့
ကစားနည်းတွေလည်းရှိပါသေးတယ်။ တစ်နည်းကတော့ ဈေးရောင်းတမ်း ပါ။ အဲဒါက အစကတည်းက
ကိုယ်ဘာရောင်းမယ် ဆိုတာ မတိုက်ဆိုင်အောင် ကြိုညှိထားကြရပါတယ်။ ထမင်းဟင်း ရောင်းမယ့်လူနဲ့
ခေါက်ဆွဲကြော်ရောင်းမယ့်လူနဲ့။ ကုန်ကြမ်း ရောင်းမယ့်လူက ရှိသေးတယ်။
အဲဒီကစားနည်းမှာတော့ အိမ်လမ်းကြား တစ်ခုခုမှာ ကိုယ့်နေရာကိုယ်ဖြန့်ခင်း ပြီး
ဈေးတန်းကြီး လုပ်ကြတာပါ။ ပစ္စည်းပစ္စယတော့ အတော်လိုပါတယ်။ လူများဖို့လည်းလိုတယ်။ ခင်းထိုင်စရာ
ပလတ်စတစ်ပြား၊ ထိုင်ခုံ၊ အိုးခွက်ပန်းကန် ခင်းကျင်းကြ။ သစ်ရွက်ကလေးတွေ အသီးလေးတွေ၊
ပန်းပွင့်ကလေးတွေ၊ လှီးကြချွတ်ကြ ။ သဲတွေ ရေတွေလည်းပါတာပေါ့။
အဲဒီလို
စုဆုံကစားတဲ့နည်းတွေ ထဲမှာ ဘယ်သူမှ သိပ် ကစားဖူးမယ် မထင်တာကတော့ ကတန်းခုန်တန်း ကစားတာ
(ဇာတ်ထောင်တာ) ပါ။ အဲဒီနည်းက အစ်ကိုအစ်မ ၀မ်းကွဲတွေ ငယ်ငယ်ကတည်းက စခဲ့တာပါ။ အမျိုးတွေရှိတဲ့
နယ်ကို သွားလည်ရင်းတွေ့လာတာပါ။ အဲဒီမှာ အသက်ဆယ်နှစ်ကျော်ကျော် အကိုဝမ်းကွဲ သူဌေးသား
တစ်ယောက်ရှိပါတယ်။ ဇာတ်ပွဲတွေ စတိတ်ရှိုးတွေ ကြည့်ပြီးရင် သူကပိုးမသေဘူး။ ဘက်ထရီမီး၊
အ၀တ်အစား၊ တီးမှုတ်တူရိယာ အားလုံး သူ စပွန်ဆာလုပ်ပြီး ကလေးတွေစုပြီး ပွဲထောင်ပါတယ်။
ကလေးတွေဆော့တဲ့ ဇာတ်ပွဲကို လူကြီးတွေပါ လာကြည့်ကြပါတယ်။ ငယ်ငယ်က သူ့ကို
သိပ်အားကျပါတယ်။ ကိုယ်တိုင် လေးငါးတန်းအရွယ်လောက် ရောက်လာတော့ အိမ်က အစ်ကိုအပါအ၀င်
သူငယ်ချင်းတွေကို စည်းရုံးပါတယ်။ ဖျော်ဖြေမယ့်သူက ဖျော်ဖြေဖို့ လာကြည့်မယ့်
သူကလည်း လာကြည့်ဖို့ပေါ့။ အိမ်မှာကလည်း တီးမှုတ်တူရိယာ အတော်များများ ရှိပြီးသားကိုး။
ပုဝါတွေ၊ အ၀တ်အစားတွေ စုဆောင်းကြပါတယ်။ ရေဆေးရောင်စုံ ဗူးကလေးတစ်ဗူး ရှိတော့
ဆိုင်းဘုတ်တွေ နဖူးစည်းတွေ စာလုံးဖောက်ကြ ရေးကြပါတယ်။ ဇာတ်ညွှန်းရေး ဇာတ်တိုက်
လုပ်ကြပါတယ်။ ကိုယ်ပိုင်သီချင်းတောင် စပ်လိုက်ကြသေးတယ်။ ဒီကြားထဲ စိတ်ကောက်သူနဲ့၊ အိမ်ကသိသွားလို့
ကြံကြံဖန်ဖန် ဆော့ရမလားဆိုပြီး အဆော်ခံရသူနဲ့၊ ဇာတ်ခေါင်းခဏခဏ ကွဲကြရပါသေးတယ်။
နောက်တစ်နည်း
ထွေလီကာလီ ကစားတာကတော့ ပန်ဒိုရာရယ်လို့ တောင်ရေးမြောက်ရေး လျှောက်ရေး ဖြစ်လာမယ့် အလောင်းအလျာလေးက
ဗီဇပြတယ်လို့ ဆိုရပါမယ်။ စာပေကို ၀ါသနာပါတဲ့ ဖေဖေနဲ့မေမေက စာအုပ်အရောင်းအငှား နဲ့ စာရေးကိရိယာ ဆိုင်ကလေးကို
အိမ်မှာ ဖွင့်ထားတယ်။ ကျွန်မဟာ စာအုပ်တွေကြား ကြီးပြင်းလာခဲ့ရတယ်လို့
ပြောနိုင်ပါတယ်။ ကျောင်းအားချိန်မှာ စာအုပ်ဆိုင်လည်း ကူထိုင်ရပါတယ်။ ငါးတန်းနှစ်လောက်မှာတော့
စာဖတ်ရုံတင်မက ရေးချင်တဲ့ပိုးက ရွလာပါတယ်။
ဗလာစာရွက်တွေကို လေးခေါက်ခေါက် စာအုပ်ကလေး ဖြစ်အောင်ချုပ်ပြီး တိုလီမုတ်စတွေ
ရေးတော့တယ်။ ၀ါသနာတူ သူငယ်ချင်း တစ်ယောက်နဲ့ ပေါင်းပြီး ကိုယ်တိုင်ရေးထားတဲ့
စာအုပ်ပေါက်စကလေးတွေကို အတန်းထဲမှာ သူငယ်ချင်းတွေကို ငှားစားတယ်။ သူတို့က
ဖတ်ချင်ရင် ဗလာစာရွက် အလွတ်နဲ့ ပေးချေပြီး ငှားရပါတယ်။ အဲဒီရလာတဲ့
စာရွက်လွတ်တွေမှာ ကိုယ်တို့က အသစ်ထပ်ရေးနဲ့ ဟန်ကိုကျလို့ပါပဲ။ အဲဒီတုန်းက ငါးတန်းကလေးရဲ့
ကလောင်နာမည်က တက္ကသိုလ် ပန်ဦးတဲ့။ သူငယ်ချင်းနာမည်ကလည်း တက္ကသိုလ် နွေဦးတဲ့။ အခုစာရေးတဲ့အခါ
ပန်ဒိုရာ နာမည်ယူတော့ အဲဒီတုန်းက တက္ကသိုလ် ပန်ဦးကို မေ့နေခဲ့သေးတယ်။ ပန်ချင်း
တိုက်တိုက်ဆိုင်ဆိုင်ဆိုတာ နောက်မှပြန်သတိရပါတယ်။
အဲဒီကိစ္စတွေ
နိဂုံးချုပ်သွားပုံကတော့ ဒီလိုပါ။ ကျွန်မက အဲဒါတွေလုပ်နေတာကို အိမ်ကသိသွားမှာတော့
ရှက်တယ်။ အစ်ကိုကိုလည်း ပြန်မပြောဖို့ ပိတ်ထားတယ်။ ဒါကြောင့် စာအုပ်ကလေးတွေ အားလုံးကို
သူငယ်ချင်း တစ်ယောက်ဆီမှာ အပ်ထားပါတယ်။ ကျောင်းဆင်းရင် သူက စာအုပ်လေးတွေကို အိမ်ကိုယူသွားပြီး
သိမ်းပေးထားတယ်။ တနေ့တော့ သူ့အဖေက စာအုပ်တွေကို တွေ့သွားသတဲ့။ ကလေးတွေဖြစ်ပြီး
ချစ်ကြောင်းကြိုက်ကြောင်း ပါတဲ့ ဝတ္ထုတွေ ရေးရမလားဆိုပြီး သတင်းစာလို့ရေးထားတဲ့
စာအုပ်ကလေး တစ်အုပ်ကလွဲလို့ ကျန်အားလုံး ဖြဲဆုတ်လိုက်သတဲ့။ အဲဒီခေတ်က အပြင်စာဖတ်ရင်
ကလေးတွေ ရည်းစားထားမှာစိုးလို့ တချို့မိဘတွေက တားမြစ်ချင်တဲ့ ခေတ်ပေကိုး။ အခုတော့
ဘာအမှတ်တရမှ မကျန်ခဲ့တော့ပါဘူး။
နောက်ထပ်
လူအများနဲ့ ကစားတဲ့ ကစားနည်းတွေကတော့ အားလုံး ကစားဖူးကြမဲ့ ရွှေစွန်ညို၊
ဝိုင်းကြီးပတ်ပတ်၊ ထုတ်ဆီးတိုးတမ်း၊ ဖန်ခုန်တမ်း၊ စစ်တိုက်တမ်း ။ ပိုပြီး အားကစား ဆန်လာတာကတော့
ဘောလုံးကန်၊ ကြက်တောင်ရိုက်၊ ကျားထိုး၊ စစ်တုရင်ထိုး။ စုံလို့ပါပဲ။ မှန်ကို
နေရောင်မှာထိုးပြီး ပလတ်စတစ် အရုပ်ကလေးတွေချ ပိတ်ကားထောင်လို့ ရုပ်ရှင်ပြတမ်းတို့။
စက္ကူလှေ သစ်သားလှေကလေးတွေ ရေမြောင်းထဲ လွှတ်တာတို့၊ သဲအိမ်ကလေးတွေဆောက်တာတို့
စတာတွေ ရှိပါသေးတယ်။ သိပ္ပံစမ်းသပ်မှုဆန်ဆန် ကစားတာတွေလည်း ရှိပါတယ်။
သရက်ပင်အခေါက်ကို မီးဖိုထဲက ပြာနဲ့ရောပြီး ရေဖျော်လိုက်ရင် အစိမ်းနုရောင်လေး
ထွက်လာတာကို ဖျော်ရည်လုပ်ရောင်းကြတာ၊ ခေါင်ရမ်းပွင့်အနီကို အရည်ညှစ်လို့ရတဲ့
ပျစ်ချွဲချွှဲအရည်ကို ဆီလုပ်ကြတာ စတာတွေပါပဲ။
အစ်ကိုနဲ့က
တစ်နှစ်ခွဲပဲကွာတော့ တီတီထွင်ထွင်တွေ၊ ပေါက်ကရတွေ လုပ်ဖို့ တော်တော် အဖော်ရပါတယ်။ အပြင်ကို
မထွက်ရဘူးဆိုရင်လည်း မောင်နှမနှစ်ယောက် အိမ်တွင်း အင်ဒိုး ကစားလို့တော့ ရနေသေးတာပဲ။
ဆော့စရာတွေ ပျင်းလာရင်
အိမ်ရှေ့မှာထိုင်ပြီး လမ်းသွားလမ်းလာတွေကို အလှည့်ကျ ပြုံးပြပြီး
ဘယ်နှစ်ယောက်က ကိုယ့်ကို ပြန်နှုတ်ဆက်မလဲ ဆိုတာ ပြိုင်ကြပါသေးတယ်။
ငါးနှစ်နီးပါးကွာတဲ့
မောင်လေးကိုတော့ ငယ်ငယ်က လိုက်ရှုပ်တယ်လို့ ထင်ခဲ့တယ်။ သူ့ကိုမခေါ်လို့လည်း မရဘူး။
ကစားဖို့ သူငယ်ချင်းတွေဆီသွားရင် ကလေးပါခေါ်သွား ဆိုပြီး မေမေက တစ်ခါတည်း
ကလေးထိမ်းခိုင်းရင် ကျွန်မက သိပ်မကြည်ဘူး။ သူ့ထက်ကြီးတဲ့ ကိုယ့်သူငယ်ချင်းတွေက
သူ့ကို မနိုင်စားအောင်လည်း ကြည့်နေရသေးတယ်လေ။ နောက်ပိုင်း သူတော်တော်လေး ကြီးလာတော့မှ
ကစားတာ အဖော်ရလာပါတယ်။ အဲဒီကျပြန်တော့လည်း
သူက လူကြီးတွေ မသိလိုက်ခင် အိမ်အောက်ထဲဝင် မြေကြီးကိုလိုဏ်ခေါင်းတူးပြီး အိမ်ဆောက်တာလိုမျိုး၊
မီးဖိုတာလိုမျိုး ကိုယ့်ထက်ထူးဆန်းတာတွေ ဆော့လာတော့ မျက်လုံးပြူးရပါသေးတယ်။
ဆယ်နှစ်ကွာတဲ့ အငယ်ဆုံး ညီမလေး ကစားတတ်တဲ့ အချိန်မှာတော့ အစ်ကိုကြီး အစ်မကြီးတွေက
အပြိုင်အဆိုင် မဟုတ်တော့ဘဲ သူ ကစားတတ်တာတွေကို ကူဆော့ပေး ထိန်းပေးတဲ့ အရွယ်
ဖြစ်သွားပါပြီ။
ငယ်ငယ်က
ကစားပုံကစားနည်းတွေဟာ ကြီးပြင်းလာတဲ့ ဘ၀နဲ့ ဘယ်လို သက်ဆိုင်သလဲ ဆိုတာ
တွေးကြည့်မိပါတယ်။ အဲဒီအချိန်ကတော့ ကစားချိန်ဆိုတာ လုံလောက်တယ်လို့ကို မထင်ဘူးလေ။
ကလေးဆိုတာ ကစားရမယ်ဆိုရင် ၀ တယ်လို့ကိုမရှိဘူး မဟုတ်လား။ အခုပြန်တွေးကြည့်တော့
အခုခေတ်ကလေး အတော်များများနဲ့ ယှဉ်ရင် ထူးထွေဆန်းပြား တန်ဖိုးကြီး ကစားစရာတွေ
မရှိပေမဲ့ အိမ်ထဲရော အိမ်ပြင်မှာပါ တော်တော် ကစားချိန်ရခဲ့တယ်လို့ ဆိုနိုင်မှာပါ။
အပြင်စာတွေ ဆိုလည်း ကိုယ်ဖတ်နိုင်လို့ကတော့ လွတ်လွတ်လပ်လပ် ဖတ်ခွင့်ရခဲ့တာပဲ။
ဒါတွေကြောင့် ကျောင်းစာကိုလည်း မလစ်ဟင်းခဲ့ပါဘူး။ ကျူရှင်လည်း တက်စရာမလိုခဲ့ဘူး။ ဒီလိုငယ်ဘဝ
ဖြတ်သန်းခဲ့တာကြောင့် အခုကြီးလာတဲ့အခါ ဘာဖြစ်လာခဲ့သလဲ၊ ဘယ်လိုဆက်စပ်နေသလဲ ဆိုတာ
စိတ်ဝင်စားစရာပါ။
တကယ်တော့
ကလေးဘ၀က ကစားကြတာတွေဟာ ဘ၀သေးသေးလေးတွေကို စိတ်ကူးယဉ်ပြီး အစမ်း တည်ဆောက်ကြည့်နေကြတာ
လို့ ပြောနိုင်မယ် ထင်ပါတယ်။ ငယ်ငယ်က ကစားနည်းတွေမှာလည်း ညှိနှိုင်းရတာတွေ ပါတယ်။
စည်းမျဉ်းစည်းကမ်းတွေ ပါတယ်။ လောဘလေးတွေ ပါတယ်။ အကြံဉာဏ်ထုတ်ရတာတွေလည်း ပါတယ်။ ပျော်ရတာတွေ
ပါတယ်။ ရန်ဖြစ်ရတာတွေ ပါတယ်။ နိုင်တာ ရှုံးတာတွေလည်း ပါတယ်။ ကစားပွဲပြီးတော့လည်း
ပြီးသွားတာပါပဲ။ ကလေးတွေ ကတော့ ဖြူစင်ပါတယ်။ အညိုးအတေးအမှတ်တွေလည်း နည်းပါးခဲ့ပါတယ်။
အဲဒီလို ကလေးအရွယ်က ဘ၀သေးသေးလေးတွေကို ဘယ်လိုပဲ
အစမ်းတည်ဆောက်ခဲ့ ပေမယ့် အခုကြီးလာတော့ရော လူ့လောကရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကြားမှာ
လောဘဒေါသတွေ ချုပ်ထိန်းလို့ ဘ၀မှာနေပျော်အောင် အနေတတ်ပါပြီတဲ့လား။ ပြီးပြီးပျောက်ပျောက်ရော
သဘောထားနိုင်ပါသေးရဲ့လား။ အင်း… စိတ်ကူးယဉ်မှုတွေကရော ရှင်သန်နေဆဲလား
ပြီးဆုံးခဲ့ပြီလား။
အပြင်ကို
ငေးကြည့်လိုက်တော့ သစ်ရွက်တွေပေါ်က သွယ်တန်းကျနေတဲ့ မိုးရေစီးကြောင်းတွေကို
လေရူးက အပိုင်းပိုင်း ဖြတ်တောက်လို့
ဟိုလွင့်ဒီလွင့် ဝေ့နေပါတော့တယ်။
ပန်ဒိုရာ
၁၆.၁၁.၂၀၀၇-၁၅.၆.၂၀၁၆
(Thanlyin Post Journal July 30,2016 တွင်ဖော်ပြပါရှိပြီး, Shwe FM Radio မှထုတ်လွှင့်ပြီး။)