Thursday, May 5, 2016

အနက်ရောင်ကြိုက်တဲ့မမ



အနက်ရောင်ကြိုက်တဲ့မမ

အနက်ရောင်ကြိုက်တဲ့မမကို မမြင်မသိဖူးခင် သူ့လက်ရာတစ်ခုနှင့် စတင်တွေ့ဆုံခဲ့ရတယ်လို့ ဆိုနိုင်မယ်။ သူကတော့ ကျွန်မကို စတွေ့ခဲ့တာ ကျွန်မတို့နေခဲ့တဲ့ ကျွန်းမြို့နိုင်ငံလေးကို ရောက်လာချိန်လို့ ဆိုတယ်။ အမှန်တော့ အဲဒီနိုင်ငံလေးကို သူ နှစ်ကြိမ်လာခဲ့တာပါ။ ပထမတစ်ကြိမ်က သူ့အမျိုးသားဆီကို ခဏလာလည်တာဖြစ်ပြီး ဒုတိယတစ်ကြိမ်ကျမှ ပြောင်းရွှေ့နေထိုင်လာတာ။
လွန်ခဲ့တဲ့ ၁၄ နှစ်ကျော်က ကျွန်မရဲ့ ကျောင်းနေဘက်သူငယ်ချင်း(နောင်မှာ ကျွန်မရဲ့ လက်တွဲဖော်ဖြစ်လာမဲ့ အလောင်းအလျာ) ရဲ့ အခန်းဖော်တွေထဲမှာ အဲဒီမမရဲ့ ခင်ပွန်းလည်းပါတယ်။  ကျွန်မရဲ့ လက်တွဲဖော်လောင်းဟာ ကျွန်မတို့အိမ်မှာ စာလာဖတ်တတ်တယ်။ စာကြည့်ရင်း မိန်းကလေးတွေ ချက်ပြုတ်ကျွေးမွေးတာကို အမြဲစားနေရတော့ သူက အားနာပြီး အပြင်က စားစရာတွေ ဝယ်လာလေ့ရှိတယ်။ တစ်နေ့တော့ ထူးထူးခြားခြား အိမ်လက်ရာတစ်ခုကို သူယူလာတယ်။ ငါးခြောက်ထောင်းကြော် တစ်ဗူးပါ။ ကြက်သွန်ဖြူနီမွှေးမွှေးလေးတွေနဲ့ မပျော့လွန်းမမာလွန်း အနေတော် စားကောင်းတဲ့ ငါးခြောက်ထောင်းကြော်ကို ဘယ်သူကြော်ပေးတာလဲ လို့မေးလိုက်တော့ အိမ်မှာအတူနေတဲ့ အစ်ကိုတစ်ယောက်ရဲ့ ဇနီး ခဏရောက်နေလို့ လုပ်ပေးတာပါ လို့ပြောတယ်။ အဲဒီကတည်းက ဒီအစ်မဟာ အချက်အပြုတ်ကောင်းမှာပဲ လို့ စိတ်ထဲမှာ မှတ်မှတ်ရရ ရှိလိုက်တယ်။ 
စာမေးပွဲတွေပြီးတော့ အလုပ်တွေ အသီးသီးရှာကြရတယ်။ ကျွန်မရဲ့ လက်တွဲဖော်လောင်းဟာ အနက်ရောင်ကြိုက်တဲ့ မမရဲ့ ခင်ပွန်းလုပ်တဲ့ နေရာမှာ ချက်ချင်းဆိုသလို အလုပ်ရသွားတယ်။ ကျွန်မကတော့ ရှာဖွေနေတုန်းပဲ။  တစ်နေ့တော့ အဲဒီမမ ပြန်ရောက်လာမယ် သားကလေးလည်းပါလာမယ် လို့ သိလိုက်ရတယ်။ အဲဒီညနေ သူတို့အိမ်ကို သွားတော့ ဘောင်းဘီတိုနဲ့ တီရှပ်ကလေး ဝတ်ထားတဲ့ ကျွန်မရှေ့မှာ သူဟာ မိန်းကလေးဆန်ရုံမက အစ်မကြီးပါဆန်တဲ့ တည်တည်ငြိမ်ငြိမ် အမျိုးသမီးတစ်ယောက်ပါ။ “ဆံပင်ရှည်ရှည် အရပ်မြင့်မြင့် ကိုယ့်ချစ်သူလေး” ဆိုတဲ့ သီချင်းစာသားဟာ သူလို မိန်းကလေးတွေကို ရည်ညွှန်းတယ်ဆိုရင် ဖြူစင်ကြည်လင်တဲ့ အသားအရေနဲ့ သွားတက်ကလေးတွေကိုပါ ထည့်ပြောဖို့ လိုလိမ့်ဦးမယ်။ အဲဒီအချိန်က ကျွန်မရဲ့ အာရုံကတော့ အတူပါလာတဲ့ သားကလေးပေါ်မှာ ပိုများနေခဲ့တယ်။ ချက်ချာသွက်လက်ပြီး လူတွေကိုခင်တွယ်တတ်တဲ့ ကလေးနဲ့ ပိုပြီးစကားပြောဖြစ် အတူကစားဖြစ်နေခဲ့တယ်။
ပထမပိုင်းမှာတော့ အဲဒီမမ နဲ့ ပတ်သက်လို့ ကျွန်မက အထူးအထွေ  မှတ်ချက်ချစရာ ဘာမှမရှိပါဘူး။ ကိုယ်အာရုံကျရာကိုသာ ကိုယ်မြင်ပြီး လူတွေကို အကဲခတ်လေ့လာဖို့ မေ့လျော့နေတတ်တဲ့ ကျွန်မရဲ့ အားနည်းချက်ကြောင့်လည်း ဖြစ်မယ်။ အပြင်ပန်းအားဖြင့်တော့ သူဟာ နည်းနည်းချောင်တဲ့ ဘောင်းဘီရှည်ကို အမြဲဝတ်တတ်တာ၊ ယောက်ျားလေးဆန်တဲ့ စပို့ရှပ် တီရှပ် အရောင်ရင့်ရင့်တွေ ဝတ်တတ်တာ၊ စကပ်တွေ ဂါဝန်တွေ လက်ပြတ်တွေ လုံးဝ ဝတ်လေ့မရှိတာ၊ သူ့ကိုယ်က အနံ့သင်းသင်းလေးတွေ အမြဲမွှေးနေတတ်တာ လောက်ကလွဲရင် သူ့ရဲ့ စရိုက်လက္ခဏာတွေကို ဘာဆိုဘာမှ သတိမပြုမိပါဘူး။
သူက စာဖတ် ဝါသနာပါတဲ့အကြောင်းကို တဖြည်းဖြည်း သိလာရတယ်။ အင်္ဂလိပ်ဝတ္ထုတွေကိုလည်း သူက နှစ်သက်တယ်။ ရုပ်ရှင်ကား ကောင်းကောင်းတွေကိုလည်း သူကကြိုက်တတ်တယ်။ နောက်တော့ ကျွန်မလည်း အလုပ်တစ်ခု ရသွားခဲ့တယ်။ ဒီလိုနေနေကြတုန်း ကျွန်မရဲ့ ခင်ပွန်းလောင်းဟာ ရန်ကုန်ကို ပြန်သွားပြီး ကိုယ်ပိုင်စီးပွားရေးတစ်ခု စတင်လိုက်ပါတယ်။  ကျွန်မရဲ့ အလုပ်ပြင်ပအချိန်တွေဟာ ဟာတာတာ ဖြစ်လာခဲ့ရတယ်။  အဲဒီနောက် မိတ်ဆွေတွေ တွေ့ဆုံကြ အတူသွားလာကြတဲ့အခါ အဲဒီမမက ကျွန်မကို ပိုပြီး ဂရုစိုက်ပေးတယ်လို့ ခံစားလာရတယ်။   တစ်နှစ်ကျော် ကြာတော့ ကျွန်မဟာ အလုပ်ကထွက်ပြီး နှစ်လလောက် အိမ်ကို အေးအေးဆေးဆေး ပြန်သွားခဲ့ပါတယ်။   ပြန်လာတော့ သူ့အကူအညီနဲ့ပဲ သူ့သူငယ်ချင်းတစ်ယောက်အိမ်မှာ နေဖြစ်သွားတယ်။
သူကတော့ မှတ်မိမလား မသိပါဘူး။ ကျွန်မ ဒုတိယအလုပ်ကို ရှာဖွေနေဆဲ ကြားကာလ အချိန်တွေထဲမှာပဲ သူနဲ့ကျွန်မ ပိုပြီး နွေးထွေးနီးစပ်သွားတယ်လို့ ထူးထူးခြားခြား ခံစားရတဲ့ တစ်နေ့ရှိတယ်။ အဲဒီနေ့က အခန်းဖော်တွေအားလုံး အလုပ်သွားနေတော့ ကျွန်မတစ်ယောက်တည်းရှိနေချိန် ကျွန်မဆီကို သူရောက်လာတယ်။ အဲဒီနေ့က ကျွန်မဟာ ငန်ပြာရည်ချက်နဲ့ ဟင်းရွက်ကြော်တစ်ခွက်ကိုသာ ပေါ့ပေါ့ပါးပါး ချက်ထားခဲ့တယ်။ သူရောက်လာတော့ ကျွန်မက ထမင်းစားသွားပါလား လို့ခေါ်တော့ အဲဒီ ဟင်းတွေကို ကြည့်ပြီး စားချင်တယ် စားမယ် လို့ ဆိုတယ်။ သူဟာ တကယ်ကို စားချင်စိတ်နဲ့ မြိန်မြိန်ယှက်ယှက် အတူတူ စားခဲ့တယ်။ စကားတွေလည်း အတော်ပြောခဲ့တယ်။ ကျွန်မအတွက်တော့ အဲဒီနေ့ကစပြီး သူနဲ့ ပိုနီးစပ်တဲ့ နွေးထွေးမှုတစ်ခုကို ရခဲ့ပါတယ်။ အဲဒီနောက် သူ့ကိစ္စ ကိုယ့်ကိစ္စ တိုးတိုးတိုင်ပင်စရာတွေ သတင်းပလင်း ဖလှယ်စရာတွေ ပိုများလာတယ်။ တစ်ယောက်နဲ့တစ်ယောက် ဖုန်းပြောရင် ပိုအချိန်ကြာလာကြတယ်။
ပိုပြီး အဆင်ပြေချင်တော့ သူတို့နေတဲ့ တိုက်အပေါ်ထပ်က နောက်တစ်ခန်းကို သူတို့မိသားစုပြောင်းသွားတော့ သူတို့နေခဲ့တဲ့ အခန်းကို ကျွန်မတို့က ပြောင်းဖြစ်ပါတယ်။ တစ်တိုက်တည်းဆိုတော့ ပိုပြီး နီးစပ်သွားကြပြန်ပါတယ်။  အပေါ်တက်လိုက် အောက်ဆင်းလိုက်နဲ့ ပျော်ရွှင်ခင်မင်ခဲ့နေကြတုန်း ကျွန်မဟာ ဖိုရမ်တွေ စရေးဖြစ်ပါတယ်။ အလုပ်တစ်ခုလည်း ရနေပါပြီ။  ရန်ကုန်ခဏပြန်ပြီး ကျွန်မ အိမ်ထောင်ပြုပါတယ်။ အဲဒီနောက်ပိုင်းမှာ ဘလော့ဂ် စရေးပါတယ်။ ကျွန်မအိမ်ကို မကြာခဏ လာလည်တတ်တဲ့ သူ ဟာ စားပွဲပေါ်မှာ ကျွန်မအမြဲ ဖွင့်ထားတတ်တဲ့ ကွန်ပျူတာပေါ်က အကောင့်နာမည်ကို အမှတ်မထင် မြင်မယ်ဆိုတာ သိပ်ဖြစ်နိုင်တာပေါ့။ အဲဒါဟာ ဘလော့ဂ်ရေးပြီးမှလား ဖိုရမ်တွေရေးနေတဲ့ အချိန်ကတည်းကလား ဆိုတာကတော့ သိပ်မသေချာပါဘူး။ ဘလော့ဂ်ထဲမှာ စိတ်ကူးတည့်ရာတွေရေးရင်း သူ့ကိုချက်ကျွေးဖြစ်တဲ့ သီးစုံချဉ်ဟင်းချက်တဲ့ ပို့စ်နဲ့ သူ့ဆီကလုပ်နည်းရလာတဲ့ ကြေးအိုးချက်စားတဲ့ ပို့စ်တွေမှာတော့ ဓာတ်ပုံတွေကတဆင့် သူဟာ ကျွန်မကို ခြေရာခံနိုင်ခဲ့မှာ အသေအချာပါပဲ။ နောက်တော့ N နဲ့ စတဲ့ အကောင့်နာမည်တွေနဲ့ မှတ်ချက်လာပေးတာ သူ ဆိုတာကို ကျွန်မ သိသွားခဲ့တယ်။ 
ကျွန်မဟာ အနှစ်အနှစ်အလလ မျိုသိပ်ထားတဲ့ စာရေးခြင်းဝါသနာတွေကို သွန်ချနိုင်တဲ့ ဘလော့ဂ်ရေးခါစ ကာလတွေမှာ ဘလော့ဂ်ထဲမှာပဲ အလွန်ကို နစ်မြုပ်နေမိပါတယ်။ ဒါကြောင့် သူနဲ့စကားပြောဖြစ်တဲ့ အချိန်တွေ ကလေးနဲ့သွားဆော့တဲ့ အချိန်တွေတောင် နည်းသွားမိတာကိုလည်း စိတ်မကောင်းဖြစ်ရပါတယ်။ ဒီလိုနဲ့ ဘလော့ဂါတွေကို မွေးနေ့ဆုတောင်း တောင်းပေးတဲ့ ပို့စ်တစ်ခုမှာ သူ့ကိုပါ အခုလို မှတ်မှတ်ရရ ထည့်ဆုတောင်းဖြစ်တယ်။
“အရေးအကြီးဆုံး တစ်ခု ကျန်သေးတယ်
သူကတော့
ကိုယ်ဘလော့မရေးခင်ကာလကဆို
နားပူနားဆာအမြဲလုပ်
အချိန်တိုင်း စကား တတွတ်တွတ်ပြောကြ
ကိုယ်ဆိုးသမျှ အစ်မရင်းတစ်ယောက်လို
အမြဲသည်းခံတဲ့ တစ်ယောက်
ဘလော့ဂ်နောက် ကောက်ကောက်ပါတော့ သူ့ကိုထားခဲ့
သူကတော့ စိတ်မနာရှာ
သိတဲ့အချိန်ကစလို့ ကိုယ့်ကို နေ့တိုင်းလာဖတ်လေရဲ့
(ကိုယ်ဆိုးတာတွေ့ရင် ပန်ဒိုရီကို ပြန်တိုင်မလို့လားမသိ
အင်း.. ဖားထားရမယ်။)
မကြာခင်က သူ့မွေးနေ့ရော
သူ့အချစ်ဆုံးလေး မွေးနေ့ရော ပြီးသွားခဲ့တယ်
အာရုံတွေ နောက်နေတဲ့ ကိုယ်
အစစ်ကမ္ဘာ ထဲက သူ့ကို
မွေးနေ့ဆုတောင်းနောက်ကျပြန်တယ်
သူကတော့ ခွင့်လွှတ်နေဦးမှာပါ
(ဟုတ်တယ်နော် မ)
ပျော်ရွှင်ဖွယ်မိသားစုလေး
ထာဝရ ဆက်လက် အေးချမ်းပျော်ရွှင်ပါစေ
မ တစ်ယောက် လှသထက်လှ နုသထက် နုနိုင်ပါစေ.. လို့
Comment လာရေးရင်တော့
တအိမ်သားလုံးအတွက်
မွေးနေ့လက်ဆောင်
Valentine's Day မတိုင်မီတော့ လာပေးဖြစ်မှာပါ .. ဟီး”

ဒါကတော့ သူပြန်ရေးသွားတဲ့ မှတ်ချက်ပါ။
“ချစ်ရတဲ့ ကဗျာစက်ရုံကလေး
ဘယ်သူနဲ့ မှမတူ တစ်မူ ထူးခြားလှပတဲ့
မွေးနေ့ ဆုတောင်းလေးတစ်ခု . . .။ ကိုယ်တိုင်အတွက်ရော ကိုယ့်အချစ်ဆုံး အပုအစုလေး အတွက်ပါ ကျေးဇူးတွေ အများကြီး အများကြီး. . .။
(နောက်ထပ် ဘာလက်ဆောင်မှ မလိုတော့ဘူးနော်. . . တကယ် . . . တကယ် . . .)”
ကလေးဆန်ဆန်တွေ ဖြစ်နိုင်ပေမဲ့ ပြန်ဖတ်တိုင်း ရယ်မောပျော်ရွှင်ရပါတယ်။ ကျွန်မဘလော့ဂ်ရေးပြီး နောက်တစ်နှစ်နီးပါးမှာ သူဟာ နာမည်တစ်ခုနဲ့ ဘလော့ဂ်ရေးနေကြောင်းကိုတော့ အချိန်အတော်ကြာတဲ့အထိ ကျွန်မ မရိပ်မိခဲ့ပါဘူး။ အဲဒီအချိန်တွေမှာ ကျွန်မဟာ ကျန်းမာရေးပြဿနာကြောင့် ဘလော့ဂ်နားလိုက် ပြန်ရေးလိုက် လုပ်နေလို့ သတိမထားမိတာလည်း ပါပါတယ်။ သူ့ဘလော့ဂ်ထဲမှာ သူကိုယ်တိုင်ပြောပြတဲ့ ပို့စ်ကို ဖတ်ပြီးမှ သိခဲ့ရတာပါ။ အဲဒီဘလော့ဂ်ပိုင်ရှင်ဟာ သူဆိုတာကို သိသွားပြီးတော့ သူနဲ့ ကျွန်မကြားမှာ ပြောစရာခေါင်းစဉ်တွေ ပိုများလာပါတယ်။
ဓာတ်ပုံရိုက်တာကို သူဝါသနာပါတယ် ဆိုတာကို သိလိုက်ရတာလည်း အတော်နောက်ကျပါတယ်။ ကျွန်မက ဘလော့ဂ်မှာ ဓာတ်ပုံတွေ တင်လေ့ရှိတယ်။ ပရော်ဖက်ရှင်နယ်မဟုတ်ပေမဲ့ ကင်မရာလေးတစ်လုံး အိတ်ထဲမှာ အမြဲထည့်ထားပြီး ကြုံကြိုက်တိုင်း ရှုခင်းပုံတွေ၊ လူနေမှုဘဝတွေ၊ အဆောက်အဦတွေ ကို ရိုက်ရတာ ကျွန်မ အလွန်ဝါသနာပါတယ်။ သူရယ်ကျွန်မရယ် အခြားသော မိတ်ဆွေတွေရယ် ကူစူးကျွန်း လို့ခေါ်တဲ့ ကျွန်းကလေးကို တနေ့တာ အပန်းဖြေခရီး ထွက်ခဲ့ကြပါတယ်။ အဲဒီမှာ သူနဲ့ကျွန်မ ရေစပ်မှာထိုင်နေတုန်း သူကလည်း သူ့ကင်မရာလေးနဲ့ အသေအချာ ဓာတ်ပုံရိုက်နေတာကို တွေ့လိုက်ပါတယ်။ ဓာတ်ပုံရိုက်တာကို သူစိတ်ဝင်စားတယ် ဆိုတာ အဲဒီတော့မှ သတိပြုမိတာပါ။ နောက်တော့ ပရော်ဖက်ရှင်နယ် ကင်မရာအကြီးတစ်လုံးနဲ့ သူဟာ ဓာတ်ပုံကောင်းကောင်းတွေ ရိုက်လာပါတယ်။ အမှတ်တရ တစ်နေ့မှာတော့ စင်ကာပူရုက္ခဗေဒ ဥယျာဉ်ထဲမှာ သူနဲ့ကျွန်မ ပန်းတွေကို ဓာတ်ပုံအတူ ရိုက်ဖြစ်ခဲ့ကြတယ်။ အဲဒီလိုအချိန်ဟာ နောက်တစ်ခေါက် ထပ်မရတော့ပါဘူး။ ကျွန်မဟာ မိသားစုနဲ့ အတူနေထိုင်ချိန်ကစလို့ အခြားသော ဦးစားပေးအရာတွေကြားမှာ ဓာတ်ပုံရိုက်ခြင်းဝါသနာအတွက် အချိန်ရော ငွေပါ အများကြီး မပေးနိုင်တော့ပေမဲ့ သူကတော့ ဆက်လက်နေဆဲပါ။
သူဟာ အင်္ကျီအဝတ်အစား ဝတ်ဆင်တဲ့အခါ အနက်ရောင်ကို သိပ်ကြိုက်ပါတယ်။ သူ့ရဲ့ ဖြူဝင်းတဲ့ အသားအရည်နဲ့လည်း သိပ်လိုက်ပါတယ်။ သူ့မှာ အင်္ကျီ ၁၀ ထည်ရှိရင် ၇ ထည်လောက်က အနက်ရောင်ဖြစ်မယ် လို့တောင် ထင်မိပါတယ်။  သူ့ဝတ်စားဆင်ယင်ပုံတွေဟာ နောက်ပိုင်းမှာ ပိုပြီး ပျော့ပြောင်းလာပါတယ်။ ခေတ်အလိုက်မို့ ဘောင်းဘီတွေလည်း မပွတော့ဘူး။ သူဟာ လက်သည်းနီ သပ်သပ်ရပ်ရပ်ဆိုးပြီး သူနှစ်သက်တဲ့ လက်ပတ်ဟန်းချိန်းလေးတွေ လှလှပပဝတ်ဆင်နေရင်း၊  အိမ်ကိုစနစ်တကျ ထိန်းသိမ်းနေရင်း၊ သားလေးကိုလည်း ပြုစုပျိုးထောင်နေရင်း၊ ချက်ပြုတ်ရှင်းလင်းတာလည်း မပျက်၊ မိတ်ဆွေအပေါင်းအသင်းတွေကို ဖိတ်ခေါ်ကျွေးမွေး၊ အွန်လိုင်းရော အော့ဖ်လိုင်းမှာပါ လူမှုရေးတွေလည်း ဝတ္တရားကျေနေရင်းက သူ့ရဲ့ ဝါသနာတွေကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်သူတစ်ဦး ဖြစ်ပါတယ်။
သူဘလော့ဂ်ရေးတာကို သိစက သူဟာ စာရေးသားခြင်းကို ဒီလောက် အလေးအနက်ရှိတယ်လို့ မထင်မှတ်မိပါဘူး။ ဘလော့ဂ်ရေးတာသိရလို့ ဝမ်းသာကြောင်း၊ ပို့စ်တွေတင်ဖို့ ဖိစီးမှုမထားဘဲ ဘလော့ဂ်ထဲမှာ ပေါ့ပေါ့ပါးပါးတွေ ရေးလို့ရကြောင်း အမှတ်မထင် ပြောခဲ့မိတယ် ထင်ပါတယ်။ အဲဒီစကားကို ကိုယ့်ဘာသာ ပြန်ရုတ်သိမ်းထားတာ ကြာပါပြီ။  အခုတော့ သူ့ရဲ့ ဖန်တီးမှုလက်ရာတွေဟာ အရည်အသွေးရော အရေအတွက်ပါ မနည်းတော့တဲ့ အနေအထားကို ရောက်နေပါပြီ။
အကျိုးဖြစ်စေတဲ့ အကြောင်းတွေဟာ ကျေးဇူးတရားလို့ ဆိုတဲ့အတွက် သူဟာ ကျွန်မကို အများကြီး ကျေးဇူးပြုခဲ့တာ အမှန်ပါပဲ။ ကျွန်မ နှစ်သက်နိုင်ပြီး ကျွန်မ မသိသေးတဲ့ ရေမွှေးအမျိုးအစားတွေ၊ နှုတ်ခမ်းနီဘရန်းတွေ၊ အခြား မိန်းကလေး အသုံးအဆောင်တွေကို သိရှိသုံးစွဲဖြစ်လာတာ သူ့ဝေမျှမှုတွေ အကြံပြုချက်တွေကြောင့်ပါ။ ကျွန်မ မကြည့်ဖြစ်ခဲ့တဲ့ ရုပ်ရှင်ကောင်းတွေကို ငှားကြည့်ဖြစ်ပြီး စိတ်အပန်းပြေရတာလည်း သူ့စုဆောင်းမှုကြောင့်ပါ။ ခင်မင်စရာကောင်းတဲ့ သူ့မိတ်ဆွေသူငယ်ချင်းတွေနဲ့ သိကျွမ်းရင်းနှီးခဲ့ရတာလည်း သူ့ကို ဗဟိုပြုလို့ပါ။ ဈေးသွားဝယ်တဲ့အချိန်တွေ အားလပ်ရက် လည်ပတ်ချိန်တွေမှာ စိုစိုပြည်ပြည်ဖြစ်ခဲ့ရတာလည်း သူ့နွေးထွေးမှုပါ။
တစ်ခုကို အာရုံစိုက်မိရင် ဘေးပတ်ဝန်းကျင်ကို လွတ်လွတ်သွားတတ်တဲ့ ကျွန်မကတော့ သူ့ကို အလိုက်မသိဘဲ အလုပ်ရှုပ်စေခဲ့တာတွေ အများကြီး ဖြစ်နိုင်ခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်မ ငှားနေတဲ့အိမ်မှာ မိန်းကလေးတွေချည်း ရှိတာမို့ အမျိုးသားရောက်လာတဲ့အခါ ကျွန်မတို့ ဇနီးမောင်နှံ သူ့အိမ်မှာ တည်းခိုဖြစ်ခဲ့တဲ့ အချိန်တွေရှိခဲ့ပါတယ်။ ကြီးပြင်းလာတဲ့ သားကလေးနဲ့ သူတို့ဇနီးမောင်နှံဟာ ကျွန်မတို့အတွက် နေရာပေးရတဲ့အခါ ကျပ်ကျပ်တည်းတည်း ဖြစ်ခဲ့ရမှာပါ။ ကျွန်မတို့မိတ်ဆွေတွေကို ကျွေးမွေးဧည့်ခံတာကိုလည်း သူတို့အိမ်မှာပဲ လုပ်လိုက်ပါသေးတယ်။  အိမ်နဲ့ဝေးနေတဲ့ တစိမ်းတို့မြေမှာ သူ့ဖုန်းနံပါတ်ဟာ ကျွန်မနဲ့ပတ်သက်လို့ အရေးကြီးရင် ဆက်သွယ်ဖို့ ဖုန်းနံပါတ်လည်းဖြစ်သလို သူ့နာမည်ဟာလည်း အနီးဆုံးဆွေမျိုးလို့ ရုံးမှတ်တမ်းတွေမှာ ဖြည့်ခဲ့ရတာပါ။ 
အိမ်ပြန်ဖို့ အချိန်တန်ပြီ လို့ ဆုံးဖြတ်ချက်ချပြီးတဲ့အချိန်မှာ သူနဲ့ကျွန်မ ခွဲခွာခဲ့ရပါတယ်။  လေဆိပ်မှာ  ပွေ့ဖက်နှုတ်ဆက်ချိန်မှာ ကျွန်မ မျက်ရည်ဝဲခဲ့ပါတယ်။ အခုတော့ သူနဲ့အွန်လိုင်းကနေ အဆက်အသွယ်မပြတ်ကြပေမဲ့ အရင်ကလို ပျော်ရွှင်ချိန်တွေနဲ့ ဝေးခဲ့ကြပါပြီ။ လောကနိယာမအရတော့ လူနှစ်ဦးဟာ အစစအရာရာ သဘောကိုက်ညီသူတွေ မဖြစ်နိုင်ပါဘူး။ ကျွန်မသဘာဝနဲ့ လုပ်ပုံကိုင်ပုံတွေကို တခါတလေ သူ ဘဝင်မကျဖြစ်နိုင်သလို သူ့ကို ကျွန်မက အရာရာမှာ သဘောတူနေဖို့ဟာလည်း မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အဲဒါဟာ ဘယ်လောက်မှ အရေးမကြီးဘူး ဆိုတာကို သူ့အကြောင်းတွေးမိတိုင်း ပျော်ရွှင်မှုကိုသာ ရတဲ့ ခံစားချက်က သက်သေခံနေပါတယ်။ ကျွန်မရဲ့ ဆရာတစ်ယောက်က ပြောဖူးပါတယ်။ ကမ္ဘာကြီးမှာ လူတစ်ယောက်နဲ့တစ်ယောက် ဆုံတွေ့ကြဖို့ဆိုတာ ကြိုးလေးတွေ တစ်ချောင်းနဲ့တစ်ချောင်း ခဏဖြတ်သန်းသွားသလိုပဲ တဲ့။ အဲဒီအခိုက်အတန့်မှာ ဆိုးဝါးတဲ့ အမှတ်တရရှိခဲ့ကြရင် နှစ်ဦးစလုံးက ကံဆိုးလို့ပဲ တဲ့။ သူနဲ့ကျွန်မ ဘယ်သောအခါမှ အရင်ကလို ပြန်လည် ဖြတ်သန်းဖြစ်ကြဦးမလဲ မသိပါဘူး။ ဒါပေမဲ့ အတူကုန်ဆုံးခဲ့ကြတဲ့ အတိတ်ကာလတွေအတွက်တော့ နှစ်ဦးစလုံး အပြည့်အဝ ကံကောင်းခဲ့ကြတာ အသေအချာပါပဲ။
အဲဒီ သူ သို့မဟုတ် အနက်ရောင်ကြိုက်တဲ့မမ ဆိုတာကတော့ ကျွန်မရဲ့ ဒီနှစ်မွေးနေ့မှာ “နာမည်မှာ ပီ(P) ပါတဲ့ မိန်းကလေး” ဆိုတဲ့ စာအရှည်ကြီးကို အမှတ်တရ ရေးပေးခဲ့တဲ့ မသက်ဝေ ဖြစ်တယ်ဆိုတာကိုလည်း အထူးတလည် ပြောပြဖို့ မလိုတော့ဘူးထင်ပါရဲ့။            

ပန်ဒိုရာ
၂-၅.၅.၂၀၁၆                                                                                                                                                                                    

3 comments:

သက်ဝေ said...

တကြောင်းခြင်း အေးအေးဆေးဆေး ပြန်ဖတ်ဖြစ်ပါတယ်။ ဘဝမှာ ကိုယ်ကလည်း ချစ်ခင်ရပြီး ကိုယ့်ကိုလည်း ချစ်ခင်တဲ့သူတယောက် ကိုယ့်အကြောင်း ရေးထားတဲ့စာကို ဖတ်ရတဲ့ ခံစားချက်ကို ဘယ်လိုစကားမျိုးနဲ့ အဓိပ္ပါယ်ဖေါ်ပြရမှန်း မသိပါဘူး။ ကျေနပ် ကြည်နူး ပီတိဖြစ် ဝမ်းသာ ဝမ်းနည်း အစရှိတဲ့ စကားစုတွေ သုံးပြီး ပြောလည်း မပြည့်စုံနိုင်ပါဘူး။ အင်မတန် လွမ်းစရာကောင်းတဲ့အချိန်တွေ... ပြီးတော့ ပျော်စရာ အမှတ်ရစရာတွေနဲ့ ပြည့်နေခဲ့တဲ့ အချိန်တွေပါပဲ။ ကိုယ်တိုင် ပြန်တွေးမိသလောက်နဲ့ ပန်ပန့် ရေးထားတာတွေနဲ့ ပေါင်းလိုက်တော့ ပိုလို့တောင် လွမ်းစရာကောင်းလာတာ အမှန်ပဲ။ တကယ်သာ ရေးရရင် အမှတ်ရစရာတွေက အများကြီးကျန်သေးတယ်နော်။ ဆယ့်လေးနှစ်ကျော် ချစ်ခင်ရင်းနှီးခဲ့သူတွေမို့ ရှေ့လျှောက် (တသက်တာလုံး) တယောက်ကို တယောက် ယုံကြည် ရင်းနှီးစွာ ဆက်လက် ချစ်ခင်သွားကြဖို့သာပါပဲ။
ကိုယ်ပိုင်အချိန် အင်မတန် နည်းပါးတဲ့ကြားက အခုလို အမှတ်တရ ရေးပေးတာ ကျေးဇူး အများကြီး တင်ပါတယ် ညီမ ပန်... <3

Ma Tint said...

ပို့စ်လေးဖတ်ရတာ နွေးထွေးတယ်။

T T T ^_^

pandora said...

ဒါကြောင့်မို့ လတ်တလောအချိန်ကို တန်ဖိုးထားပါလို့ ပညာရှိတွေက ဆိုတာဖြစ်မယ် လတ်တလောတွေ အတိတ်ဖြစ်သွားတော့ ချိုမြိန်မှုတွေ လျှာပေါ်ကလျှောကျ အငွေ့အသက်ကိုသာ ပြန်သတိရလွမ်းနေရ ..

ကျေးဇူးပါ တီတင့် ရေ