Wednesday, March 27, 2019

Blog anniversary

၂၀၀၇  မတ်လ ၂၇ ရက်က ပန်ဒိုရာ အမည်နဲ့ ဘလော့ဂ် စရေးခဲ့တယ်။ ဘဝမှာ အချိုးအကွေ့လို့ မဆိုနိုင်ပေမဲ့ အရောင်တချို့ ထပ်ဖြည့်ထည့်လိုက်တဲ့ ပန်းချီကားတစ်ချပ်လိုတော့ ဖြစ်သွားတယ်။ တော်လှန်ရေးနေ့နဲ့ တိုက်ဆိုင်ပေမဲ့ တ်ာလှန်တာလည်း မဟုတ်ပါဘူး။ 

နည်းပညာကျေးဇူးကြောင့် ရေးချင်တာတွေကို လူအများဖတ်နိုင်အောင် ဘလော့ဂ်ထဲမှာ အလွယ်တကူ ရေးတင်လို့ရသွားတယ်။  ဒီနေရာမှာ ဖတ်သူဟာ အရေးကြီးပါတယ်။  ဖတ်စေချင်လို့ လူတိုင်းကြည့်လို့ရတဲ့နေရာမှာ ကြော်ငြာဘုတ်လို တင်တာကိုး။ ရေးတာ သက်သက်ကတော့ ကိုယ့်ဘာသာ ဗလာစာအုပ်ထဲဖြစ်ဖြစ် ကွန်ပျူတာထဲဖြစ်ဖြစ် အချိန်မရွေး ရေးနေပြီး သိမ်းထားလို့ရတာပဲလေ။

ပြသချင်တဲ့ရောဂါလို့တော့လည်း မယူဆပြန်ဘူး။ သာမန်လူ့သဘာဝနဲ့ ဝါသနာ စိတ်ဝင်စားမှုတို့ ပေါင်းစပ်မိသွားတဲ့ ဖြစ်စဉ်မျှသာ။ မထူးဆန်းပါ   သူသူငါငါ။ 

အခုလို နှစ်ပေါင်း တစ်ဒါဇင် ပြည့်ချိန်မှာတော့ ပန်ဒိုရာ ကဗျာစုစည်းမှု တစ်အုပ် ဖြစ်လာတယ်။  ရှေ့မှာတော့ ပုံပြင်စာအုပ်လေးတစ်အုပ် ဖြစ်ခဲ့သေးတယ်။ အဲဒီနှစ်အုပ်လုံးကို စီစဉ်ထုတ်ဝေပေးတဲ့ နှစ်ကာလများ ကိုမိုးဝေးမိသားစုကို ကျေးဇူးတင်တယ်။ လူကြိုက်မများနိုင်တဲ့ အရေးအသားမျိုးတွေမို့ ထုတ်ဝေသူကို အားလည်းနာမိတယ်။ ဖြစ်နိုင်ရင်တော့ ရောင်းရစေချင်ပါတယ်။

ဘလော့ဂ်ကတော့ ဖတ်သူတွေမရှိသလောက်ဖြစ်နေပြီ။ ဒါလည်း သူ့ခေတ်သူ့အခါမို့ အပြောင်းအလဲကို လက်ခံရမှာပါ။

ရေးချင်တာတွေရှိနေရင် တော့ ရေးချင်သလို ရေးနေဦးမှာ။  သိမ်းထားဖို့လည်း မဟုတ်ပါဘူး။ ဘယ်ပလက်ဖောင်းမှာရေးရေး ဖတ်သူနည်းနည်းပါးပါး ဖတ်ဖြစ်ကြရင် ပျော်တာပါပဲ။ ရေးတာနဲ့စပ်လျဉ်းတဲ့ လေ့လာမှု၊ ဆွေးနွေးပြောဆိုမှု အချို့လည်း အခါအားလျော်စွာ ဝါသနာအလျောက် တပါတည်း လုပ်ဖြစ်ပေမဲ့  ရေးဖြစ်ဖို့/ရေးခြင်းအပေါ် ဖိစီးမှု တော့ မထားဘူး   မထားချင်ဘူး။  အဲဒါကြောင့် ပရော်ဖက်ရှင်နယ် တကယ် ဖြစ်လာဖို့မသေချာ။ ဒါအတွက်လည်း ဘယ်သူတွေကို အားနာမိမှန်းမသိ အားတော့နာ။ ရေးရတာပျော်လို့ရေးနေတာဆိုတာ့ ပျော်သရွေ့ပေါ့။  ပျော်ဦးမှာပါ။ 🙂🙂🙂

ပန်ဒိုရာ
၂၇ မတ် ၂၀၁၉

3 comments:

coralnyo@gmail.com said...

Happy Anni ပါ အစ်မ.... စိတ်ကူးပေါက်တိုင်း ရေချင်စိတ်ရှိတိုင်း ဘလော့ကိုလာခဲ့ပါ... လူဖတ်နည်းသွားတယ်ဆိုပေမယ့် ပျော်စရာ အမှတ်ရစရာနေရာလေးပါ...။

မိုးငွေ့

Unknown said...

ကဗျာတွေ လာဖတ်ပါတယ်
ဖတ်ဖို့မပျက်ကွက်သော်လည်း
မန့်ဖို့တော့ ပျက်ကွက်မိပါတယ်..အားပေးလျက်ပါ

Annette Kinglock-Murray said...

Happy anniversary