Sunday, March 27, 2016

တိုင်းပြည်အတွက် ငါ



၂၀၁၆ မတ်လ ၂၇ ရက်ဟာ ပန်ဒိုရာဘလော့ဂ် ၉ နှစ်ပြည့်တဲ့နေ့ပါ။ တစ်နှစ်ထက်တစ်နှစ်  တကယ့်လောကထဲ ပိုရောက်လာပါတယ်။ ကမ္ဘာအတုကို ချောင်းကြည့်ရုံပဲ တတ်နိုင်တယ်။ ဘလော့ဂ် ၉ နှစ်ပြည့်မှာ ကဗျာတစ်ပုဒ်ပဲ တင်လိုက်ပါတယ်။
 


တိုင်းပြည်အတွက် ငါ

ငါဟာ တိုင်းပြည်အတွက် ထမင်းစားပြီးတိုင်း သွားကြားထိုးတယ်
အိမ်သာတက်ပြီးတိုင်း လက်ဆေးတယ်
ငါဟာ တိုင်းပြည်အတွက် နေ့စဉ် ကိုရီးယားကား စောင့်ကြည့်တယ်
ငါဟာ တိုင်းပြည်အတွက် ကုန်တိုက်တွေရောက်တိုင်း
အင်္ကျီတွေ တစ်ထည်ပြီးတစ်ထည် စမ်းဝတ်ကြည့်တယ်
ငါဟာ တိုင်းပြည်အတွက် အင်တာနက်ကို အမြဲဖွင့်ထားတယ်
Like တွေ comment တွေနဲ့ ဖက်အိပ်တယ်
ငါဟာ တိုင်းပြည်အတွက် ရာသီဥတူပူရင် ရေများများသောက်တယ်
ငါဟာ တိုင်းပြည်အတွက် ကလေးကို အီးစင်အောင် သုတ်ပေးတယ်
ငါဟာ တိုင်းပြည်အတွက် ကန်စွန်းရွက်ခြွေတယ်
ကြက်သွန်ကို ပါးပါးလှီးတယ်
ငါဟာ တိုင်းပြည်အတွက် အိမ်ကို ဖုန်သုတ် တံမြက်စည်းလှဲတယ်
ငါဟာ တိုင်းပြည်အတွက် အင်္ကျီကို ပုတီးစေ့တွေနဲ့ တန်ဆာဆင်တယ်
ငါဟာ တိုင်းပြည်အတွက် ကဗျာစာအုပ်တွေဝယ်ပြီး
စာအုပ်စင်ပေါ်မှာ တန်းစီထားတယ်
ငါဟာ တိုင်းပြည်အတွက် နားထင်နဲ့ ဇက်ကြောကို ပရုပ်ဆီနာနာလူးတယ်
ငါဟာ တိုင်းပြည်အတွက် မနေ့ကချက်တဲ့ဟင်းကို
ပြန်နွှေးစားပစ်လိုက်တယ်
ငါဟာ တိုင်းပြည်အတွက်
တစ်နေ့ကို ရှစ်နာရီပြည့်အောင် အိပ်ချင်သေးတယ်


ပန်ဒိုရာ
၂၂-၂၇.၃.၂၀၁၆
 

Expand..

Monday, March 21, 2016

အပြောင်းအလဲမှာ ဘယ်လိုကဗျာတွေ ရေးကြမလဲ



အပြောင်းအလဲမှာ ဘယ်လိုကဗျာတွေ ရေးကြမလဲ

ဒီမေးခွန်းကို မေးနေကြတာ အခုမှမဟုတ်ပါဘူး။ ၂၀၁၀ နောက်ပိုင်းကတည်းက ဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံခြားသားတွေပါ။ သူတို့ကတော့ မြန်မာပြည်ကို အပြင်ကကြည့်ပြီး ပြောင်းလာပြီလို့ ထင်တာကိုး။ ၂၀၁၀ တုန်းက အများဆုံးကြားရတဲ့ စကားကတော့ “transition အကူးအပြောင်း” ဆိုတာပါ။ ၂၀၁၅ မှာတော့ “change အပြောင်းအလဲ” ဆိုတဲ့ စကားလုံးကို ပိုသုံးလာကြပါတယ်။ တူမလိုလိုနဲ့ ကွဲတော့ကွဲပါတယ်။ ကူးပြောင်းတာဖြစ်ဖြစ် ပြောင်းလဲတာဖြစ်ဖြစ် နေ့ချင်းညချင်းတော့ အသစ်ရဲ့ အနှစ်သာရတွေကို ခံစားရဖို့ မလွယ်ပါဘူး။

စိစစ်ရေးတင်းကျပ်စဉ်ကာလက ကဗျာတွေ ဖြတ်တောက်ခံရတယ်။ ပိတ်ဆို့ခံရတယ်။ ကဗျာစာအုပ်တစ်အုပ် ထွက်ဖို့အရေး အချိန်ယူရတယ်။  ၂၀၀၈ ခု ဇွန်လ ချယ်ရီ မဂ္ဂဇင်းမှာ ထုတ်ဝေခဲ့တဲ့ ဆရာလှသန်းရဲ့ ဒီပရင်္ဂ ဟာ တစ်နိုင်ငံလုံးက ကဗျာဖတ်သူတွေကြား ပြန့်နှံ့သွားခဲ့တယ်။ နောက်ကြောင်းပြန် အရေးယူလို့ ချယ်ရီ အယ်ဒီတာအဖွဲ့ အပြောင်းအလဲ လုပ်လိုက်ရပါတယ်။  ၂၀၀၈ ဇန်နဝါရီ အချစ်ဂျာနယ်ထဲက ဆရာစောဝေရဲ့ကဗျာထဲမှာ အာနာရူးကြီးမှူးကြီးသန်းရွှေ လို့ ကဗျာစာကြောင်းအစ စာလုံးတွေကို ဒေါင်လိုက်စီထားလို့ ကဗျာဆရာ ထောင်ကျသွားပါတယ်။  ဒီလို အမှုကိစ္စတွေ ဖြစ်ပွားခဲ့ပါတယ်။ 

အင်တာနက် သုံးစွဲလာကြတဲ့အခါ စိစစ်ရေးရှိစဉ်ကာလမှာ စိစစ်ရေးနဲ့ မလွတ်နိုင်တဲ့ ကဗျာတွေကို အွန်လိုင်းမှာ လွတ်လပ်စွာတင်လာကြတယ်။ စိစစ်ရေးနဲ့ မလွတ်နိုင်ဘူးဆိုတာ နိုင်ငံရေး တစ်ခုတည်းမဟုတ်ပါဘူး။ ဘာသာရေး လူမှုရေးဆိုင်ရာ အကြောင်းအရာတွေ စကားလုံးတွေလည်း ပါပါတယ်။ စိစစ်ရေး မရှိတော့တဲ့အခါ ကဗျာစာအုပ်တွေ အများအပြားထွက်လာတယ်။ ကဗျာဆရာဆရာမ အသစ်တွေလည်း ပိုများလာတာကို တွေ့ရတယ်။ ဒါပေမဲ့ အဲဒီအချိန်က စိစစ်ရေး မရှိတော့တာကလွဲလို့ အုပ်ချုပ်ရေးစနစ်နဲ့ အုပ်ချုပ်သူတွေဟာ ဒီမိုကရေစီ နည်းလမ်းကျ ပြည်သူ့ကိုယ်စားလှယ်လို့ ပြောနိုင်တဲ့ အနေအထားမှာ မရှိပါဘူး။ အမြင်အားဖြင့် လွတ်လပ်သော်လည်း လုံခြုံတယ်လို့တော့ မဆိုနိုင်သေးပါဘူး။
၂၀၁၄ ခုနှစ် PEN Myanmar နှစ်လည်ညီလာခံမှာ ခေတ်ပြိုင်စာပေ ဆွေးနွေးပွဲတစ်ခု လုပ်တော့ ဆရာဇေယျာလင်းက ပြောပါတယ်။ အကူးအပြောင်းမှာ ဘယ်လိုကဗျာတွေရေးကြမလဲ ဆိုတော့ ဝါရင့်ကဗျာဆရာမ တစ်ဦးက “ကျွန်မရေးတတ်တဲ့ ကဗျာမျိုးတွေပဲ ကျွန်မ ဆက်ရေးမှာပါ” လို့ ပြောဖူးတယ် တဲ့။ ဒါဟာ မှတ်သားစရာပါ။ ရေးတတ်သလိုပဲ ရေးမယ်ဆိုတာလည်း အတော်များများအတွက် ဖြစ်နိုင်ပါတယ်။ အသစ်ကိုတွေ့ရှိဖို့ လိုက်ပြောင်းဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ မရေးတတ်တာမျိုးတွေ ရေးတတ်အောင် ကြိုးစားနေတဲ့ ကဗျာဆရာတွေလည်း အများအပြားရှိကြတယ်။ အထူးသဖြင့် စူးစမ်းမှုအားကောင်းတဲ့ လူငယ်ထုထဲမှာပါ။ 

တချို့အခြေအနေတွေမှာ တားမြစ်ပိတ်ဆို့ခံထားရတဲ့အတွက် အနုပညာလက်ရာတွေ ပိုအားကောင်းလာတတ်တယ် ဆိုတာရှိနိုင်ပါတယ်။ ဒီအကြောင်းကို တစ်ခါက ဆွေးနွေးပွဲတစ်ခုမှာ ထည့်ပြောဖြစ်ခဲ့တယ်။ အတိုချုပ်ပဲ ပြောချိန်ရတဲ့အတွက် ဝါရင့်စာရေးဆရာကြီးတစ်ယောက်ကတောင် သိပ်အစာမကြေပါဘူး။  “စာတွေပိုကောင်းအောင် စိစစ်ရေးတော့ ပြန်မသွားနိုင်ဘူး” လို့ ဆိုပါတယ်။ တကယ့်တကယ် ဆိုလိုတာကတော့ ဖောက်ထွက်နိုင်အောင် ရုန်းကန်လှုပ်ရှားရင်း ထွက်ပေါ်လာတဲ့ လူသားရဲ့ တီထွင်ဖန်တီးမှုစွမ်းရည်ကို ပြောပြတာပါ။ ပိတ်ဆို့ကာမှ ပိုအားကောင်းတဲ့ လက်ရာတွေဟာ စာပေထဲမှာတော့ ပရိသတ်အများနဲ့ ပိုကင်းကွာတဲ့ အမျိုးအစားတွေမှာ ပိုရှိတတ်ပါတယ်။ ဥပမာ လူတိုင်းမဖတ်ကြတဲ့ စာပေအမျိုးအစားဖြစ်တဲ့ ကဗျာ လိုမျိုးပါ။ ပိတ်ဆို့ထားလို့ ဆန်းသစ်လာတာဟာ ပန်းချီတွေ၊ visual art တွေမှာလည်း တွေ့ရပါတယ်။ တရုတ်ပြည်က တင်းကျပ်မှုတွေ ရှိနေသေးတဲ့ စနစ်အောက်မှာ အိုင်ဝေဝေလို အားကောင်းတဲ့ အနုပညာရှင် ပေါ်ထွက်လာပါတယ်။ မည်သို့ပင်ဖြစ်စေကာမူ လွတ်လပ်တဲ့ စနစ်သစ်အောက်မှာတော့  အနုပညာ မျိုးစုံဟာ တီထွင်ဖန်တီးဖို့ အခွင့်အရေးတွေ ပိုရလာပြီး အကန့်အသတ်မဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ ပိုမိုထူးခြားပြောင်မြောက်တဲ့ လက်ရာတွေ ဖန်တီးနိုင်လာရမှာပါ။ 

၂၀၁၂ အိုင်အိုဝါ သွားတုန်းက “ဘာအကြောင်းတွေကို စာရေးကြမလဲ” ဆိုတာနဲ့ ပတ်သက်လို့ ထိုင်ဝမ်က ကဗျာဆရာတစ်ယောက်၊ တောင်ကိုရီးယားက စာရေးဆရာတစ်ယောက်နဲ့ ဆွေးနွေးခဲ့ဖူးပါတယ်။ အချက် ၂ ချက် ရှိပါတယ်။ တစ်ချက်ကတော့ “မင်းတို့မြန်မာနိုင်ငံမှာ ဘုံရန်သူ ဒါမှမဟုတ် ဘုံပစ်မှတ် တစ်ခုရှိနေတယ်။ ငါတို့ဆီမှာ အဲဒီလို လူတိုင်းက ပစ်မှတ်ထားတဲ့အရာ မရှိဘူး” လို့ဆိုပါတယ်။ နောက်တစ်ချက်ကတော့ နေ့စဉ်လူမှုဘဝထဲက ဆင်းရဲမွဲတေမှုတွေ၊ အခက်အခဲတွေပါ။ ဆင်းရဲခြင်း ကင်းလွတ်တဲ့ နိုင်ငံဆိုတာ မရှိနိုင်ပေမဲ့ သူတို့ဆီမှာတော့ ပြေလည်တဲ့အဆင့်တစ်ခုအထိ ရှိနေတယ်ဆိုတာက ကိုယ်နဲ့ယှဉ်ရင် သိသိသာသာ ထင်ရှားပါတယ်။ သူတို့ဆီမှာ ဒီမိုကရေစီအရ လူထုကတင်မြှောက်ထားတဲ့ အစိုးရရှိနေတယ်။ လူမှုဘဝတွေက စီးပွားရေး ပြေလည်လာကြတယ်။ မြို့ပြလည်း ဆန်လာကြတယ်။ ဒီတော့ကာ “ဘာအကြောင်းတွေကို စာထဲ ထည့်ရေးမလဲ ဆိုတာ ခက်ခဲလာတယ်” လို့ ဆိုပါတယ်။ တစ်ဖက်ကလည်း စိတ်ဝင်စားစရာကောင်းတာက “အကြောင်းအရာဘက်ကို အာရုံမစိုက်ဘဲ အရေးအသားဘက်ကို ဆန်းသစ်ဖို့ပဲ အာရုံစိုက်လာကြတာမျိုး ရှိလာတယ်” တဲ့။ ပြီးတော့ “အပြင်ဘက်က အကြောင်းအရာတွေကို မကြည့်တော့ဘဲ မိမိကိုယ်တွင်းကို ပြန်ကြည့်တာ၊ ငါ ကို ဖွင့်ဆိုတာ၊ ရှာဖွေတာ တွေဟာ စာပေလက်ရာတွေထဲမှာ ထင်ဟပ်လာတယ်” တဲ့။ အဲဒီအပြင် “စာရေးသူတစ်ဦးရဲ့ ပစ်မှတ်နဲ့ နောက်တစ်ဦးရဲ့ ပစ်မှတ်ဟာ မတူညီတဲ့အတွက် စာပေလက်ရာတွေကြား ကွဲပြားမှုတွေ  ပိုရှိလာတယ်” တဲ့။ ဒါတွေဟာ အလွတ်သဘော ပြောဆိုခဲ့ကြတာတွေမို့ ကိုးကားရတာ ခက်ခဲပါတယ်။ နမူနာ လက်ရာတွေရှာဖွေပြီး သုတေသန လုပ်နိုင်ရင် ပိုကောင်းမှာပါ။

စင်ကာပူတို့ ဂျပန်တို့မှာလည်း ဒီသဘောဆန်ဆန်ပဲ ဖြစ်မယ်။ အမေရိကမှာတော့ “လွတ်လွတ်လပ်လပ် လူတိုင်းရေးခွင့်ရှိတဲ့အခါ ကိုယ်ရေးတဲ့ကဗျာ သိသာထင်ရှားဖို့ “ပေါက်” ဖို့ အတွက် ပြိုင်ဆိုင်မှု အလွန်များတယ်” လို့ အမေရိကန် ကဗျာဆရာတွေက ဆိုပါတယ်။ ကွန်ဆက်ချူရယ်ကဗျာဆရာ ကဲနက်ဂိုးလ်စမစ်ဟာ ကနေဒီလုပ်ကြံမှု၊ မိုက်ကယ်ဂျက်ဆင်သေဆုံးမှု၊ 9-11 စတဲ့ အမေရိက အဖြစ်ဆိုး ၇ ခုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ  ယူသုံးထားတဲ့“The Day” ဆိုတဲ့ ကဗျာရှည်မှာ လူတွေရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်ခဲ့ပေမယ့် ၂၀၁၄ ခုနှစ်က ဖာဂူဆန်မှာ သေနတ်ပစ်ခံရတဲ့ မိုက်ကယ်ဘရောင်း ရဲ့ သေဆုံးမှုမှတ်တမ်းကို ကွန်ဆက်ချူရယ်ကဗျာအဖြစ် ယူသုံးလိုက်တဲ့အခါမှာတော့ လူမျိုးရေးခွဲခြားမှု၊ လူသားချင်း စာနာစိတ်ကင်းမဲ့မှုတွေပေါ်မှာ အငြင်းပွားဖွယ် ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ရပါတယ်။ လွတ်လပ်မှု နဲ့ ဒီမိုကရေစီ ရှိနေပေမဲ့လည်း လူမှုစည်းမျဉ်းတွေက ပြဌာန်းထားဆဲမို့ စဉ်းစားစရာဖြစ်ပါတယ်။ 

ခေတ်စမ်းစာပေကာလက ခေတ်စမ်းကဗျာတွေဟာ ကဗျာဆိုရင် ဘယ်လိုပုံစံ ဘယ်လို အတည်အခန့် ရေးရမယ် ဆိုတဲ့ အတွေးတွေကို တော်လှန်ခဲ့ကြတယ်။ ဒါပေမဲ့လည်း ခေတ်စမ်းကဗျာတွေဟာ “အရေးအသား ခေတ်မီသော်လည်း စိတ်ကူးယဉ်ကမ္ဘာထဲမှာပဲ ရှိတယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိခဲ့ပေမယ့် နိုင်ငံရေး၊ အမျိုးသားရေးစိတ်ဓာတ်တွေနဲ့ တိုင်းပြည်လွတ်လပ်ရေးလှုပ်ရှားမှုတွေအပေါ် ထင်ဟပ်စေတဲ့ စာပေအရေးအသားတွေက ခေတ်စမ်းစာပေများထဲမှာလည်း ရှိနေပါတယ်” လို့ ဆရာပန်းချီထိန်လင်းရဲ့ “ခေတ်စမ်းစာပေမှ နိုင်ငံရေး” ဆိုတဲ့ ဆောင်းပါး တစ်ပုဒ်မှာ ကဗျာနမူနာတွေနဲ့တကွ ဖော်ပြထားတာကို ဖတ်ဖူးပါတယ်။ ထိုနည်းတူပါပဲ ဒီခေတ်ကာလ ကဗျာတွေထဲမှာ စမ်းသပ်မှုတွေ၊ နိုင်ငံရပ်ခြား ကဗျာဗေဒတွေကို မြန်မာမှုပြုတာတွေ၊ ရေးသူနဲ့သာ သက်ဆိုင်တဲ့ ပုဂ္ဂလိကဆန်မှုတွေ၊ စိတ်ကူးယဉ်မှုတွေ ရှိနေပေမဲ့ ဒီစနစ်အောက်မှာ ဖြတ်သန်းနေရသူများပီပီ နိုင်ငံရေးဆိုတဲ့ အဓိပ္ပာယ်ဖွင့်မှုတစ်ခုနဲ့ ပတ်သက်ဆက်စပ်နေတဲ့ အကြောင်းအရာတွေ၊ ခေတ်ပြိုင်ခံစားမှုတွေကို မြင်နေရဆဲပါ။

ဒီမိုကရေစီနည်းလမ်းတကျ တင်မြှောက်ထားတဲ့ မြန်မာအစိုးရ လက်ထက်မှာ ဘယ်လို မြန်မာကဗျာတွေ ရေးကြမှာလဲ။ ၂၀၁၅ နိုဝင်ဘာလထဲမှာ ပြင်သစ်သံရုံးက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲတစ်ခုမှာ သတင်းထောက်အမျိုးသမီး တစ်ဦးက ပြောသွားတာ ကြားခဲ့ပါတယ်။ “ဒေါ်အောင်ဆန်းစုကြည် အစိုးရ တက်လာတဲ့အခါ သတင်းထောက်တွေက အစိုးရကို ဝေဖန်ပြောဆိုစရာရှိရင် ပြောဆိုတဲ့အခါ လူတွေက မုန်းကြမှာလား” တဲ့။ အဲဒီလိုဆန်ဆန်ပါပဲ။ အစိုးရသစ် လက်ထက်မှာ အုပ်ချုပ်ရေးဆိုင်ရာ အားနည်းချက်တွေ၊ စနစ်ရဲ့အပြစ်တွေ၊ မပြေလည်သေးတဲ့ လူမှုဘဝတွေကို ကဗျာထဲ ထင်ဟပ်ချင်တဲ့အခါ အရင်အစိုးရတုန်းက ရေးခဲ့ကြသလို လက်ခုပ်သံတွေ ကြားရပါဦးမလား။ ဒီလိုမှမဟုတ်ဘဲ အစိုးရကောင်းကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုချစ်ကြောင်းတွေ ရေးကြရင်ရော ဘုန်းတော်ဘွဲ့ ဖြစ်နေမလား။ 

ဒီမိုကရေစီစနစ်အောက်မှာ လွတ်လပ်တာတွေ အဆင်ပြေတာတွေ များလာရင် ကဗျာရေးဖို့ ကုန်ကြမ်းတွေ ပိုခက်ခဲလာမလား။ ဖိနှိပ်တဲ့စနစ် ခေတ်ကုန်သွားလို့ တော်လှန်ရေးမရှိတဲ့ နိုင်ငံရေးဟာ ပျင်းစရာကောင်းသွားခဲ့ရင် ရိုးအီသွားရင် အချစ်အကြောင်းတို့၊ သဘာဝဝန်းကျင် ရေမြေတောတောင်အကြောင်း တို့ ပြန်ရေးကြမှာလား။ ဒီလိုမှမဟုတ်ဘဲ ထိုင်ဝမ်နဲ့ကိုရီးယားက စာရေးဆရာတွေ ပြောခဲ့သလို “ငါ” ကိုပဲ ဗဟိုပြုလာကြမှာလား။ အရေးအသားဆိုင်ရာ၊ ဟန်ဆိုင်ရာ တီထွင်ဆန်းသစ်မှုတွေဆီကို ပို စိတ်ပါကြမှာလား။ လူမှုရေး၊ ဘာသာရေး ဆိုင်ရာ ပိုမိုပွင့်လင်းတဲ့ အရေးအသားတွေ ထွက်လာမှာလား။ အငြင်းပွားဖွယ်တွေ ဖြစ်လာမှာလား။ အများပြည်သူ လူတွေနဲ့ပိုနီးစပ်မှာလား ပိုဝေးကွာမှာလား။ ဖတ်သူတွေက လိုက်လာမှာလား။  အစိုးရသစ်လက်ထက်ကျမှ ကဗျာ စရေးသူတွေကရော အရင်လူတွေရဲ့ လက်ရာနဲ့ ဘယ်လိုကွာခြားမလဲ။ ဒီ့ထက် စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းတစ်ခုကတော့ ကဗျာတွေ ပိုကောင်းလာမှာလား။ ကိုယ်တိုင်လည်းတွေးတောရင်း ဆက်လက်စောင့်ကြည့်သွားဖို့ဖြစ်ပါတယ်။

ပန်ဒိုရာ
၂၁.၃.၂၀၁၆ (ကမ္ဘာ့ကဗျာနေ့)

Expand..

Saturday, March 19, 2016

ပန်ဒိုရာ ဘာကြောင့်ဖြစ်





Pen Name တွေ ဖြစ်ပေါ်လာပုံ အကြောင်း ရေးဖို့ မနော်က သူ့ facebook မှာ သတိတရ tag ပါတယ်။ ဆက်ရန် လို့ ရေးလိုက်တော့ ဆက်ရေးဖို့လည်း သတိပေးရှာပါတယ်။ ပြောရမှာက များနေတော့ ကိုယ့်ဘာသာကိုယ် ဖုန်းထဲမှာ စာရှည်ရှည်ရိုက်ရတာ ခက်ခဲလို့ ဆက်မရေးဖြစ်တာနဲ့၊ ပို့စ်ကို ပြန်ရှာမတွေ့တာနဲ့၊ ကိုယ့်ကိစ္စလေးတွေနဲ့ကိုယ် အချိန်မရတာနဲ့ .. နောက်တော့ မေ့သွားတယ် ဆိုပါစို့။ အခုတော့ မဂ္ဂဇင်းထဲမှာ သူများတွေ ပါလာတာကို တွေ့မှ ပြန်သတိရတာပါ။ တောင်းပန်ပါတယ် မနော်ရေ။

ပန်ဒိုရာ ဆိုတဲ့ နာမည်ကို စပေးဖြစ်တာ ၂၀၀၅ ခုနှစ်ကပါ။ ဆယ်နှစ်ကျော်ပြီ။  အင်တာနက်မှာ သုံးစွဲဖို့ သက်သက်ပါ။ မိမိနာမည်ရင်းမဟုတ်တဲ့ နာမည်တစ်ခုကို အင်တာနက်မှာ သုံးစွဲဖို့ ပေးရခြင်း အကြောင်းရင်းက ဖိုရမ်တွေမှာ sign up လုပ်တဲ့အခါ account နာမည်တစ်ခု ယူချင်လို့ပါ။ ကိုယ့်နာမည်ရင်းက P နဲ့ စတဲ့အတွက် P နဲ့ စတဲ့ အင်္ဂလိပ်နာမည်တစ်ခုကို စဉ်းစားခဲ့တာပါ။ ဘာလို့ အင်္ဂလိပ်နာမည် ရှာရသလဲဆိုတော့ ကိုယ့်နာမည်ကိုတွေ့တဲ့အခါ လူမျိုး၊ နိုင်ငံသား သိသာထင်ရှားတာ မဖြစ်ချင်လို့ပါ။ အင်တာနက်ထဲမှာ အင်္ဂလိပ်ဘာသာနဲ့ရေးသားထားတဲ့ website တွေ၊ game တွေ မှာ တခါတလေ လှုပ်ရှားဖြစ်တဲ့အခါမှာလည်း ဆက်သွယ်ရလွယ်ကူအောင်လို့ နိုင်ငံတကာဆန်အောင် ဆိုပြီး အဲဒီတုန်းက ကိုယ့်အတွေးနဲ့ကိုယ်ပေါ့လေ။
P နဲ့ စတဲ့ အမျိုးသမီး နာမည်တွေ Phoebe၊ Pearl စတာတွေကို မကြိုက်မိဘူး။ ငယ်ငယ်ကတည်းက ကြားဖူးခဲ့တဲ့ Pandora ပန်ဒိုရာ ဆိုတာ ဂရိပုံပြင်ထဲက အမျိုးသမီးတစ်ဦးရဲ့ အမည်ဖြစ်ပါတယ်။ ပန်ဒိုရာရဲ့ သေတ္တာကို ဖွင့်လိုက်တဲ့အခါ ကမ္ဘာမြေအတွက် မကောင်းတဲ့ အရာတွေ အကုန် ထွက်သွားပြီး အမြန် ပြန်ပိတ်လိုက်တဲ့အခါ မျှော်လင့်ချက် တစ်ခုပဲကျန်ခဲ့တယ် လို့ဆိုပါတယ်။။ အဲဒီအချိန်က မျှော်လင့်ချက် ဆိုတဲ့အရာကို အဓိပ္ပာယ်ဖွင့်ဆိုနေတဲ့အချိန်မို့ စိတ်ဝင်စားမိပါတယ်။ အဲဒီအပြင် ပန်ဒိုရာ ဆိုတဲ့ စကားလုံး အဓိပ္ပာယ်က all-gifted လို့ ဆိုပါတယ်။ ဘုရားပေးတဲ့ အရာအားလုံးကို ရရှိထားသူ တစ်နည်းအားဖြင့် အရာရာမှာ ပါရမီရှိသူ လို့ ပြောရမယ်ထင်ပါတယ်။ အဲဒါကိုလည်း သဘောကျမိပါတယ်။  
အဲဒီနာမည်ကို သုံးပြီး မြန်မာဖိုရမ်တွေကို log in ဝင်ပြီး လိုက်ဖတ်ဖြစ်ပါတယ်။ နောက်ပိုင်းတော့ ကိုယ်တိုင် ဝင်ရေးဖြစ်ပါတယ်။ ဝင်ရေးရင်းနဲ့ စာပေလက်ရာလို့ ခေါ်နိုင်မယ့် အရေးအသားတွေကို ဝါသနာတူသူတွေ ဖတ်နိုင်အောင် ဖိုရမ်တွေမှာ တင်ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ ကိုယ်ပိုင် ဘလော့ဂ်တစ်ခု တည်ဆောက်ဖြစ်တဲ့အခါမှာ ဘလော့ဂ်နာမည်နဲ့ ရေးသူနာမည်ကို ပန်ဒိုရာ လို့ပဲ ဆက်ပေးဖြစ်ပါတယ်။ အဲဒီအချိန်ကာလက ပြည်တွင်းစာပေစိစစ်ရေးနဲ့ကင်းကွာနေတဲ့ ဘလော့ဂ်ကို ရေးသားခြင်းဟာ တော်လှန်ပုန်ကန်သလိုလို ဖြစ်နေပြီး ဘလော့ဂ်ရေးသူတွေကို စောင့်ကြည့်နေတဲ့ကာလဖြစ်တော့ ဘယ်သူဘယ်ဝါလို့ သိသာထင်ရှားမှုနည်းတဲ့ ပန်ဒိုရာ နာမည်ကိုပဲ ဆက်သုံးခဲ့တာပါ။ ဘလော့ဂ်ထဲမှာ စာရေးတဲ့အခါ ဘလော့ဂါဆန်တဲ့ လူမှုရေး၊ ဆက်သွယ်ရေး ဆိုင်ရာ အရေးအသားတွေအပြင် ဝါသနာအရင်းခံအရ ဝတ္ထု၊ ကဗျာ၊ အက်ဆေးတွေ လို ရသ ဆန်တဲ့ အရေးအသားတွေ ရေးဖြစ်ပါတယ်။ အဲဒီနောက် ဝါသနာပိုးလေး ကြီးထွားလာတဲ့အခါ “ပန်ဒိုရာ” ဆိုတာ ကလောင်နာမည်ကဲ့သို့ ဖြစ်လာပါတော့တယ်။
တကယ်တော့ အခြားသော ကလောင်နာမည်တွေ ရှိခဲ့ပါတယ်။ ၆ တန်းနှစ်မှာ အတန်းတွင်း ဖြန့်ချိတဲ့ ဝတ္ထုစာအုပ်သေးသေးလေးတွေ ရေးခဲ့စဉ်က “တက္ကသိုလ်ပန်ဦး” လို့ နာမည်ပေးခဲ့တာ ပြန်သတိရတိုင်း ပြုံးမိပါတယ်။ အတန်းကသာ ၆ တန်း၊ နာမည်ရှေ့မှာက တက္ကသိုလ် ထည့်လိုက်သေးတယ်။ ဆရာတက္ကသိုလ် ဘုန်းနိုင်ကို ကြိုက်နှစ်သက်ခဲ့တဲ့ အရိပ် ထင်ပါတယ်။ အဲဒီတုန်းက အတူတူရေးဖော် သူငယ်ချင်းက “တက္ကသိုလ်နွေဦး” တဲ့။ ဟုတ်နေတာပါပဲ။ “ပန်” ဆိုတဲ့ စကားလုံးကို ကြိုက်မိတဲ့ အခြားအကြောင်းလည်း ရှိပါသေးတယ်။ အဲဒီကာလက ပန်ရုပ်စုံမဂ္ဂဇင်း ပေါ်လာတဲ့အခါ “ပန်” ဆိုတာ “အနုပညာ” “ဖန်တီးခြင်း” လို့ အဓိပ္ပာယ်ရကြောင်းကို သိရလို့ နှစ်သက်မိတာပါ။
ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်တုန်းက ရောက်တဲ့နှစ်ကစလို့ နှစ်လည်မဂ္ဂဇင်းတွေမှာ ကဗျာ၊ ဝတ္ထုတွေ ရေးဖြစ်ပါတယ်။ အဲဒီမှာ ကလောင်နာမည်တွေရှိခဲ့ပါတယ်။ ဆက်ပြီး မသုံးစွဲတော့လို့ ပြန်မပြောဖြစ်တော့တာပါ။ ပထမ နာမည်က “ပြည့်စွမ်းထက်” တဲ့။ အဲဒီတုန်းက ဆရာမောင်စွမ်းရည်တို့လို နာမည်တွေ၊   မြစ်ဝကျွန်းပေါ်က ကဗျာဆရာ အနီထက် တို့လို နာမည်မျိုးတွေကို သဘောကျပါတယ်။ တော်တယ် ထက်မြက်တယ် လို့ အဓိပ္ပာယ်ရတာတွေကို အလွန်နှစ်သက်ခဲ့တဲ့ ငယ်စဉ်ဘဝပေါ့။ ပြီးတော့ မိန်းကလေးဆန်တာ နူးညံ့တာတွေကို ရှောင်ရှားချင်ခဲ့တယ်။ ကလောင်နာမည်ကြည့်လိုက်ရင် ကျားမှန်း မမှန်း မကွဲပြားတာကို ကြိုက်တယ်။ ဒီတော့ ကိုယ့်နာမည်ရင်းတစ်လုံးပေါင်းပြီး “ပြည့်စွမ်းထက်” ဖြစ်သွားတာပါ။ အဲဒီနာမည်နဲ့ ၂ ခါ လောက် ဖော်ပြပြီးတော့ ကိုယ့်နာမည်ကိုယ် နည်းနည်း ရှက်သလိုဖြစ်လာတယ်။ ambitious ဖြစ်လွန်းသလားလို့ပါ။ တက္ကသိုလ် စိန်ရတု နှစ်လည်မဂ္ဂဇင်းမှာတော့ “ပြည့်” လို့ပဲ ပြောင်းလိုက်တယ်။ သူငယ်ချင်းတွေက ပြည့်(အင်္ဂလိပ်စာ) လို့ ထည့်ပါလို့ တောင်းဆိုကြတယ်။ ဒါပေမဲ့ အဲဒီလို တစ်ခုခုအစွဲနဲ့ ကွင်းစကွင်းပိတ် ဖော်ပြတာမျိုးကို မလုပ်ချင်ခဲ့ဘူး။  ရန်ကုန်တက္ကသိုလ်မှာ မာစတာတန်း ဆက်တက်ဖြစ်တဲ့အခါ သူငယ်ချင်းတွေစုပြီး “အိပ်မက်ထဲက သဲလွန်စတွေ” ဆိုတဲ့ ကွန်ပြူတာစာစီ စုပေါင်းကဗျာစာအုပ် တစ်အုပ် ထုတ်ဖြစ်ပါတယ်။ အဲဒီမှာတော့ PHO လို့ပဲ နာမည်ရင်းရဲ့ အတိုကောက်ကို ကလောင်နာမည်ပေးခဲ့တယ်။
ဒါကတော့ ပန်ဒိုရာရဲ့ ကလောင်နာမည်သမိုင်းကြောင်း ဆိုပါတော့။  ကိုယ့်အပြစ်နဲ့ကိုယ် နောက်ကျပြီး အိုင်ဒီယာမဂ္ဂဇင်းထဲ မပါဖြစ်ခဲ့တော့ပေမယ့် အခုလို ပြည့်ပြည့်စုံစုံ ရေးဖြစ်သွားလို့ မနော်ကို ကျေးဇူး အများကြီးတင်ပါတယ်။
ပန်ဒိုရာ
၁၉.၃.၂၀၁၆

Expand..

Wednesday, November 11, 2015

ခြွင်းချက်များ



ခြွင်းချက်များ

တိမ်ဗလာကျင်း လကိုခင်းပြီး ထင်းထင်းကြီး ကယ်ခဲ့
အကောင်ကြီးလို့ နှစ်ခါ ပြန်လျှောက်ပြီး စစ်စစ်ပေါက်ပေါက် ကယ်ခဲ့
“ဒီမိုကရေစီ ငါ့ကိုခိုးတယ်” တဲ့
ညသန်းခေါင်ကျော်မှ စူးစူးဝါးဝါး ယောင်ယမ်း
ပရိတ်မန္တာန်အတုတွေကြား ဖုတ်တစ္ဆေများသွားလာ
ကံကွက်ကျားတဲ့ ဖုန်းဆိုးကြပ်ကုန်းမြေ
ကန္တာရပန်းတွေ ပွင့်ချင်လို့ စောင့်နေတုန်း။

ပန်ဒိုရာ
၁၁.၁၁.၂၀၁၅

Expand..

Thursday, September 3, 2015

မြန်မာဘလော့ဂ်များ ဘယ်ဆီဘယ်ဝယ်ဘယ်ပုံဘယ်နှယ် - ၃

မြန်မာဘလော့ဂ်များ ဘယ်ဆီဘယ်ဝယ်ဘယ်ပုံဘယ်နှယ် - ၃

၂၀၀၉ ခုနှစ် သြဂတ်စ်လနဲ့ စက်တင်ဘာလ မှာ ဘလော့ဂါ ညီလင်းဆက်ဟာ ဘလော့ဂါစစ်တမ်းတစ်ရပ် ကောက်ယူခဲ့ပါတယ်။ ခိုင်လုံစွာ ပြန်လည်ဖြေကြားသူ ၃၄၉ ဦးရဲ့ အဖြေတွေပေါ် မူတည်ပြီး စာရင်းဇယားတွေ ထွက်လာခဲ့ပါတယ်။ အဖြေတွေအရ တချို့အချက်အလက်တွေကို ပြန်တင်ပြရရင် blogspot ပလက်ဖောင်းမှာ ဘလော့ဂ်ရေးကြသူဟာ ၇၆% နဲ့ အများဆုံးဖြစ်ပါတယ်။ ဒုတိယအများဆုံးလိုက်တာကတော့ wordpress နဲ့ ၂၀% ဖြစ်ပါတယ်။ ကျန်တဲ့ အနည်းငယ်ကတော့ Ning, Tumblr, Xango နဲ့ အခြားသော ပလက်ဖောင်းတွေဖြစ်ကြပါတယ်။

ဘာသာစကားအားဖြင့် မြန်မာလိုရေးသားသူ ၈၀% ၊ အင်္ဂလိပ်မြန်မာ နှစ်ဘာသာနဲ့ ရေးသူ ၁၀% ၊ အင်္ဂလိပ်လိုရေးသားသူ ၈% နဲ့ ကျန်တဲ့ ရာခိုင်နှုန်းတွေကတော့ တိုင်းရင်းသား ဘာသာစကားတွေဖြစ်ကြပါတယ်။ ဘလော့ဂါ အမျိုးသား ဦးရေက ၇၂% အဖြစ် သိသိသာသာ များပြားပါတယ်။ Single status ရှိသူ လူလွတ်တွေ ၇၇% ဖြစ်ပါတယ်။ ဘလော့ဂ်ရေးသားသူ ၃၅% က အသက် ၂၆-၃၀ အတွင်း ၊ ၂၉% က ၂၁-၂၅အတွင်း၊ ၁၆% က ၃၁-၃၅အတွင်း အသက်အရွယ်တန်းတွေဖြစ်ကြပါတယ်။ တက္ကသိုလ်ကောလိပ်တက်နေသူ ၄၄%၊ ဘွဲ့ရ ၄၂% ဖြစ်ပါတယ်။ ဒီစစ်တမ်းအရ အဲဒီအချိန်မှာ သက်ဝင်လှုပ်ရှားနေတဲ့ ဘလော့ဂ်တွေရဲ့ ပရိုဖိုင်းအကျဉ်းကို အနီးစပ်ဆုံး ခန့်မှန်းလို့ရခဲ့ပါတယ်။ စစ်တမ်းရလာဒ် အပြည့်အစုံကို ဒီနေရာမှာ ဖတ်ကြည့်လို့ရပါတယ်။ http://www.slideshare.net/lynns…/myanmar-blogger-survey-2009

ညီလင်းဆက်ဟာ Myanmar Blog Directory http://myanmarblogdirectory.blogspot.com လို့ခေါ်တဲ့ ဝက်ဘ်ဆိုက်အတွက်လည်း ဦးဆောင်ဦးရွက်လုပ်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ် သြဂတ်စ် ၅ ရက်နေ့အထိ update လုပ်ထားတဲ့ အဲဒီ ဝက်ဘ်ဆိုက်မှာ မြန်မာဘလော့ဂါ ၆၀၀ ကျော်ကို အင်္ဂလိပ်လို အက္ခရာစဉ်အလိုက် စာရင်းပြုစုထားပါတယ်။ ဒါဟာ ပြီးပြည့်စုံတဲ့ စာရင်းတော့ မဟုတ်ပါဘူး။ အဲဒီအချိန်အထိ သက်ဝင်လှုပ်ရှားနေတဲ့ ဘလော့ဂ်အရေအတွက်ဟာ အဲဒီဦးရေထက် ပိုပါသေးတယ်။ အခြားသော ဘလော့ဂ်စုစည်းမှု၊ ဘလော့ဂ်ထဲက စာတွေ စုစည်းမှု တွေလည်း ရှိပါတယ်။ ဥပမာအားဖြင့် facebook မှာ မြန်မာဘလော့ဂ်ဒိုင်ဂျက်စ် https://www.facebook.com/mmblogsdigest?fref=nf ဆိုပြီး ဘလော့ဂါရန်အောင် စုစည်းထားတာရှိပါတယ်။ twitter မှာလည်း ဘလော့ဂါတွေရဲ့ ပို့စ်အသစ်တွေကို update လုပ်တာရှိခဲ့ပါတယ်။

မြန်မာဘလော့ဂ်သမိုင်းကို ပြောရင် ချန်လှပ်ထားလို့မရတဲ့ လှုပ်ရှားမှုတစ်ခု ရှိခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာ ဘလော့ဂါတစ်စု ဦးဆောင်ပြီး MBS (Myanmar Bloggers Society) ကို တည်ထောင်ခဲ့ကြပါတယ်။ တက်ကြွစွာလှုပ်ရှား ဦးဆောင်သူ တွေထဲမှာ နေဘုန်းလတ်၊ ညီလင်းဆက်၊ ရန်အောင်၊ ဘာညာ၊ ဘလာဂေါက်၊ စေတန်ဂေါ့၊ ပင့်ဂိုးလ်၊ မျက်လုံး အစရှိသူတွေ ပါဝင်ခဲ့ပါတယ်။ ၂၀၀၇ စက်တင်ဘာ ၁ ရက်နေ့မှာ MBS ကဦးဆောင်ပြီး Blog Day အခမ်းအနားကို ရန်ကုန်၊ မန္တလေး မြို့တွေမှာကျင်းပခဲ့ပါတယ်။ Blog Day ဖြစ်ပေါ်လာပုံကတော့ BLOG ဆိုတဲ့ အင်္ဂလိပ်စာလုံးနဲ့ တူတဲ့ (3108) သြဂတ်စ်လ ၃၁ ရက်နေ့ကို Blog Day လို့ blogday.org က ၂၀၀၅ ခုနှစ်က စပြီး သတ်မှတ်ခဲ့တာပါ။ အဲဒီနေ့ရောက်ရင် မိမိညွှန်းလိုတဲ့ ဘလော့ဂ်တွေကို ညွှန်းဆိုကြ၊ Blog Day လိုဂိုတွေကို ဘလော့ဂ်မှာ တင်ကြ စသဖြင့် အမှတ်တရ တစ်ခုခု ပြုလုပ်လေ့ရှိပါတယ်။ အခုတော့ blogday.org website လည်းမရှိတော့ပေမယ့် မြန်မာပြည်မှာတော့ ၂၀၁၅ ခုနှစ်အထိတိုင် သြဂတ်စ် ၃၁ ရက်နေ့အမှတ်တရ Blog Day အခမ်းအနားကို ဆက်လက်ကျင်းပဆဲပါ။

ဘလော့ဂ်အကယ်ဒမီပေးပွဲကိုလည်း ကျင်းပလာကြပါတယ်။ သတ္တမ နည်းပညာရပ်ဝန်း (Technical 7) ၊ ကနောင်ဝဘ်ဒီဇိုင်းတို့ရဲ့ နည်းပညာနှင့် ဝဘ်ဆိုဒ် ပြင်ဆင်မှု၊ မြန်မာဘလော်ဂါ လူငယ်တစုရဲ့ အားထုတ်မှု၊ မြန်မာ သတင်းသမဂ္ဂ၊ နယ်ခြားမဲ့ သတင်းထောက်များ အသင်း RSF တို့ရဲ့ ကူညီမှုတွေနဲ့ ဘလော့ဂ်အကယ်ဒမီကို Myanmar Blog Press website က www.mmblogpress.com ၂၀၀၈ ခုနှစ်ကစပြီး ပေးခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ်အတွက် အောက်ပါဆုတွေ ရခဲ့ကြတယ်။ (အွန်လိုင်းကရှာတွေ့ခဲ့တဲ့ အင်္ဂလိပ်လိုအတိုင်းပဲ ပြန်ဖော်ပြပြီး မြန်မာလို အမည်သိသလောက် ဖြည့်စွက်လိုက်ပါတယ်။ တချို့ဘလော့ဂ်တွေကတော့ မရှိကြတော့ပါဘူး။)

၂၀၀၈ ဘလော့ဂ်အကယ်ဒမီဆုရသူများ
Best Association Blog : Ko Moe Thee (ကိုမိုးသီးဇွန်)
Best Charity Blog : Better Tomorrow
Best Education Blog : Ma Thet Zin (မသက်ဇင်)
Best General Blog : Nine Nine Sanay (နိုင်းနိုင်းစနေ)
Best Literature Blog : Mindin (မင်းဒင်)
Best Religion Blog : The Teachings of the Buddha
Best Myanmar Literature Blog : Existencemgz (ဖွဲ့တည်ရာမဂ္ဂဇင်း)
Best Myanmar Poem Blog : Kaung Kin Ko (ကောင်းကင်ကို)
Best News Blog : The New Era Journal (ခေတ်ပြိုင်ဂျာနယ်)
Best Political Blog : Niknayman (နစ်နေမန်း)
Best Blog About Blogging : Nyi Lynn Seck (ညီလင်းဆက်)

၂၀၀၉ ဘလော့ဂ်အကယ်ဒမီဆုရသူများ
Best General Blog: http://burmesebooks.wordpress.com
Best Translation Blog: http://kopeter.blogspot.com (ကိုပီတာရဲ့အတွေးပုံရိပ်များ)
Best Community Blog: http://www.crazyvilla.net/ (ငပေါများဂေဟာ)
Best Literature Blog: http://page-28.blogspot.com (မြစ်ကျိုးအင်း)
Best Life Stories Blog: http://mysterysnow.blogspot.com (နှင်းနှင့်မာယာ)
Best Education Blog: http://myanmarsar.zaung.net
Best Charity Blog: http://www.everyoneit.com
Best News & Politics Blog: http://photayokeking.org
Best Religion Blog: http://www.sitagustar .net
Best Technology Blog: http://www.nyinaymin.com

ပန်ဒိုရာ
၃.၉.၂၀၁၅
(၃၁.၈.၂၀၁၅ မှာ တင်ဖို့မှန်းပေမယ့် အချိန်မရလို့ နောက်ကျနေတဲ့ပို့စ်ပါ။ ဘလော့ဂ်ထဲက ရသစာပေဆုပေးပွဲ၊ ထင်ရှားတဲ့ဘလော့ဂါအချို့ရဲ့ ရေးသားပုံ၊ ပုံနှိပ်ထုတ်ဝေခဲ့ကြတဲ့ ဘလော့ဂါတွေ၊ facebook သို့ အကူးအပြောင်း စသည်ဖြင့် ပြောစရာတွေ ကျန်ပါသေးတယ်။ ခဏနားဦးမယ်။ အေးအေးဆေးဆေးပေါ့။ smile emoticon )
Pandora Blogopoet
Write a comment...

Expand..