Thursday, March 29, 2007

အသိဉာဏ်ဆိုင်ရာပိုင်ဆိုင်မှုအခွင့်အရေးများ - ၁

ဒီနေ့တော့ NUS Law Faculty မှာ Music, Video and Movie File-Sharing: Trends & Implications ဆိုတဲ့ဆွေးနွေးပွဲလေး သွားနားထောင်ဖြစ်တယ်။ ခေါင်းစဉ်ကိုကြည့်လိုက်တာနဲ့ ကော်ပီရိုက် (copyright) နဲ့တော့ ပတ်သက်ပြီဆိုတာသိနိုင်ပါတယ်နော်။
ကော်ပီရိုက်ဆိုတာကတော့ မြန်မာပြည်မှာသာမက ကမ္ဘာအရပ်ရပ်မှာ ရေပန်းစားနေသလို ပြဿနာတွေ အငြင်းပွားစရာတွေ တပုံကြီးနဲ့ ဟော့တော့ပစ်ပါ။ အထူးသဖြင့် အင်တာနက်နဲ့သက်ဆိုင်တဲ့ ကော်ပီရိုက်နဲ့ပတ်သက်တဲ့ဆွေးနွေးမှုတွေကိုတော့ ဖိုရမ်မာတွေ ဘလော့ဂ်ဂါတွေ စိတ်ဝင်စားကြမယ်လို့ထင်ပါတယ်။

သူများဖန်တီးထားတဲ့ စာတွေ ရုပ်ရှင်တွေ သီချင်းတွေ ပိုင်ရှင်ခွင့်ပြုချက်မပါပဲ အင်တာနက်မှာ တစ်ယောက်နဲ့တစ်ယောက် ရှယ်ကြတယ်။ ကူးကြတယ်။ ဒေါင်းလုတ်လုပ်ကြတယ်။ ပုံစံအမျိုးမျိုးနဲ့ပေါ့လေ။ ဒီနေရာမှာ ကော်ပီရိုက်ဥပဒေအရ အဲဒါတွေကို လုပ်လို့ရလား ဒီလိုဆိုရင်ရမလား ဟိုလိုဆိုရမလားဆိုတဲ့ လူတွေမေးလေ့ရှိတာတွေကို မဆွေးနွေးချင်ပါဘူး။ ဖြေလည်း နိုး တွေချည်းထွက်မှာပဲ။ ဒါဆိုအဲဒါတွေ မလုပ်ကြတော့ဘူးလားဆိုတော့လည်း မဟုတ်ပြန်ဘူးလေ။ ဥပဒေထဲမှာရေးထားတဲ့ သတင်းဆိုးတွေဖတ်ပြပြီး ဆရာကြီးလုပ်ဖို့သက်သက်ဆိုရင်တော့ ဘလော့ဂ်လို ဖိုရမ်လိုနေရာမျိုးမှာ ဒီအကြောင်းလာရေးမိတဲ့ပန်ဒိုရာဟာ ကာလံဒေသံကိုနားမလည်သူအဖြစ် ဖိုရမ်မာ ဘလော့ဂါများရဲ့ ခဲမိုးကောင်းချီးပေးခြင်းကိုပဲ ခံရစရာရှိပါတယ်။ ကိုယ်အပါအ၀င် လူတိုင်းလိုလို နေ့စဉ်ချိုးဖောက်မိနေတဲ့ အဲဒီဥပဒေတွေထဲမှာ ရေးထားတာတွေကို သိချင်ရင်တော့ ဘယ်သူမဆိုကိုယ့်ဘာသာဖတ်ကြည့်နိုင်ပါတယ်။ ဥပဒေကို သိတာ၊နားလည်တာ၊လိုက်နာတာ ဆိုတာတွေတစ်ခုစီဟာ သီးခြားကဏ္ဍတွေပါ။ ဒီတော့ အဲဒီဥပဒေတွေရဲ့ နောက်ကွယ်ကအကြောင်းတွေကိုပဲ အဓိကပြောချင်ပါတယ်။

ပထမဆုံးအနေနဲ့ ကော်ပီရိုက်ဥပဒေတွေဟာဘာကြောင့်ရှိနေရတာလဲ ရှိသင့်ရတာလဲ ဆိုတာလေးအရင်ပြောချင်ပါတယ်။ ဥပဒေလို့ပြောလိုက်ရင် ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ ဒါလုပ်ရင် ဒီအပြစ်ခံရမယ် စသဖြင့် လူတွေကို ကန့်သတ်ဖို့ ကျုးလွန်ရင်အပြစ်ပေးဖို့ လို့ပဲသာမန်အားဖြင့် လူတွေကထင်တတ်ကြပါတယ်။ ကော်ပီရိုက် အပါအ၀င် အသိဥာဏ်ဆိုင်ရာပိုင်ဆိုင်ခွင့် ဥပဒေတွေဟာ အဓိက ကတော့လူတွေကို အခွင့်အရေးပေးဖို့ပါပဲ။ ဘာအခွင့်အရေးတွေပေးမှာလဲ။

ဒီနေရာမှာ ပိုင်ဆိုင်မှု ပိုင်ဆိုင်ခွင့်နဲ့ပါတ်သက်ပြီးအရင်ရှင်းရမယ်။ လူတွေမှာ ရွှေ့ပြောင်းနိုင်တဲ့ ပိုင်ဆိုင်မှု (movable property) (ဥပမာ လက်ကိုင်ဖုန်း၊ နာရီ၊ ရွှေငွေ) နဲ့ မရွှေ့ပြောင်းနိုင်တဲ့ပိုင်ဆိုင်မှု (immovable property) (ဥပမာ အိမ်၊မြေ၊ ခြံ) ဆိုတာ နှစ်မျိုးရှိတယ်လို့ နှောင်းခေတ်များကအကြမ်းဖျင်းသတ်မှတ်ခဲ့ကြပါတယ်။ နောက်ပိုင်းတော့ အသိဉာဏ်နဲ့ပါတ်သက်တဲ့ တီထွင်ဖန်တီးမှုတွေကိုပါ သတ်သတ်မှတ်မှတ် ပိုင်ဆိုင်မှုရှိသင့်တယ်လို့ ဆုံးဖြတ်ခဲ့ကြပြီး အသိဉာဏ်ဆိုင်ရာ ပိုင်ဆိုင်မှု (intellectual property) ဆိုတဲ့ အသုံးအနှုံးနဲ့ သူနဲ့ပါတ်သက်တဲ့ဥပဒေတွေပေါ်ထွက်လာခဲ့ပါတယ်။

လူ့လောက ပါတ်ဝန်းကျင်ကြီးတစ်ခုလုံးဟာ လူသားတွေရဲ့တီထွင်ဖန်တီးမှုကြောင့်သာ တိုးတက်လာရပါတယ်။ ဖန်တီးတတ်တဲ့အသိဉာဏ်ကြောင့်လူသားတွေ အခုထိ ရှင်သန်ရပ်တည်နေနိုင်တာပါ။ ခြုံပြောရရင် တီထွင်ဖန်တီးမှုဟာ ကြိုဆိုရမယ့်အရာဖြစ်ပါတယ်။ အားပေးရမယ့်အရာဖြစ်ပါတယ်။ ဒါဟာမငြင်းနိုင်တဲ့ အမှန်တရားတစ်ခုပါ။

ဒီတော့ ဖန်တီးတီထွင်သူအနေနဲ့ ဘာများမက်မောစရာရှိလို့အပင်ပန်းခံရမှာလဲ။ အကြောင်းကြောင်းတွေထဲမှာ အဓိကက ၀ါသနာနဲ့ အကျိုးအမြတ် ပါပဲ။ ဖန်တီးတီထွင်သူဟာ ဒီဖန်တီးတီထွင်မှုဟာသူ့လက်ရာလို့ အသိအမှတ်ပြုခံချင်မယ်။ ပြီးတော့ ဖန်တီးတီထွင်မှုရဲ့ အကျိုးအမြတ်ကို သူခံစားချင်မယ်။ လက်တွေ့ကျကျပြောရရင် အနည်းဆုံးတော့ သူ့အတွက်ရပ်တည်ဖို့လုံလောက်မယ့် စီးပွားရေး ငွေကြေးဖြစ်မယ်။ ခံလည်းခံစားသင့်ပါတယ်။ အဲဒါဟာ နောက်ထပ် ဖန်တီးတီထွင်မှုတွေ သူထပ်လုပ်ဖို့အတွက် တွန်းအားပေးတယ်။ ဘေးကလူတွေအတွက်လည်း သူ့လို ဖန်တီးတီထွင်ဖို့ တွန်းအားပေးတယ်။ ဖန်တီးတီထွင်မှုရဲ့ အသီးအပွင့်တွေကိုလည်း လူတွေအားလုံး ခံစားရမယ်။ အင်း .. တန်ရာတန်ကြေးတော့ ဖန်တီးတီထွင်သူကို ချီးမြှင့်ဖို့လိုမယ်။

အခုပြောတဲ့အထိကိုပဲ လူတိုင်းလက်ခံနိုင်ကြတယ်ဆိုရင် တကယ်တော့ ကိုယ်ဘာမှဆက်ပြောဖို့တောင် မလိုတော့ပါဘူး။ နိဂုံးချုပ်လို့ရပါပြီ။ ဒါပေမယ့် ပြဿနာတွေက အဲဒီလောက်လွယ်လွယ်နဲ့ပြီးမသွားဘူး။

(ဆက်ရန်)

No comments: