ချက်ခြင်းအနုပညာ
မယုံမရှိနှင့်မိတ်ဆွေ။ ချက်ရွမ်းထဲတွင် သင်သည် ဘာမဆို ဖြစ်နိုင်သည်။ အမေရိကားရောက်နေသူ ဆယ့်ခြောက်နှစ် တစ်ရက်လျော့ ဆတ်ကော့လတ်ကော့ ကောင်မလေး ဖြစ်နိုင်သည်။ ပျိုတိုင်းကြိုက် နှင်းဆီခိုင်ဆိုလား ရုရှားပညာတော်သင် သွားနေသူ စစ်ဗိုလ်ကလေး ဖြစ်နိုင်သည်။ စင်္ကာပူ ပိုလီကျောင်းတက်နေသူ စတိုင်ထွားထွား သူဌေးသားကလေး ဖြစ်နိုင်သည်။ သို့ကလို မည်သူများ မည်သို့ပင် ချက်ကြစေကာမူ ကျွန်ုပ်အဖို့ကား ချက်ခြင်း၏ နောက်ကွယ်မှ မှတ်သားဖွယ်များကိုသာ ဤသို့ လေ့လာမိခဲ့ပါသတည်း။
မည်သူက စထွင်ခဲ့သည်တော့ မသိပါ။ အချို့အချို့သော ဥာဏ်ကြီးရှင်တို့မှာ ချက်ရွမ်းတွင် မြန်မာစာကိုလည်း မရိုက်တတ် အင်္ဂလိပ်စာကိုလည်း ရေရေလည်လည် မတတ်သည်လား ပျင်းသည်လား မပြောနိုင်။ အင်္ဂလိပ် စာလုံးဖြင့် မြန်မာ အသံထွက်တို့ကို အောက်ပါအတိုင်း ရေးလေ့ရှိကြရာ မြင်းဂလိရှ် (Myenglish) သို့မဟုတ် ဘားဂလိရှ် (Burglish) ဟု ခေါ်တွင်လာသော ဘာသာစကား တစ်မျိုး ပေါ်ထွက်လာလေ၏။
“hey.. kaung lay, nay kaung lar?”
“kaung ba byar, ma tway tar taung kyar bee pot”
“hote te lay. Ah lote shote nay de.”
ကြာလျှင် မလေး အင်ဒို ဘဟာစာ ကဲ့သို့ မြန်မာ ဘဟာစာ စကားဟု ပေါ်လာနိုင်စရာ အကြောင်းရှိ၏။ မြန်မာဘာသာ အတတ်ဆန်း အဲလေ.. တစ်ခေတ်ဆန်းချိန်တည်း။
ထို့အပြင် ချက်ြခင်းနှင့် ဆက်နွယ်သော အောက်ပါဝေါဟာရများလည်း ရေပန်းစားလာစရာ အကြောင်းရှိသည် ဟုတွေးမိပါသည်။
ချက်ကြသည် ဆိုရာဝယ် ကောင်လေး ကောင်မလေးများသာ မဟုတ်၊ လုကြီးလူငယ် ၊ မကြီးမငယ်များပါ မကျန် အင်တာနက်ရှိက ကွန်ပြူတာရှိက ချက်နိုင်လေသည်။ ကိုယ်ပိုင်နာမည် အစစ်နဲ့ ချက်စရာမှမလိုပဲ။ ဘယ်သူသိတာ လိုက်လို့နော။ ဤသို့ဆိုလျှင် လူရှေ့သူရှေ့တွင် ဟန်ကလေးနှင့်နေကာ ကွယ်ရာကျမှ သူများမသိအောင် တိတ်တိတ်ပုန်း ချက်သော သူများကို - ချက်ပုန်း- သို့မဟုတ် - ချက်ပုန်းခုတ်သူ - ချက်ပုန်းသီး- ဟုခေါ်လျှင် သင့်ပေမည်။ ….. အဟိ… တို့ရုံးက အန်ကယ်ကြီးက လက်စသတ်တော့ ချက်ပုန်းကြီးပဲ။ ဟိုနေ့က ကွန်ပြူတာ လော့ဂ်အောက်လုပ်မသွားလို့ သွားပိတ်ပေးတော့မှ သူ ကြူနေတဲ့ ကောင်မလေးဆီက မက်ဆေ့ခ်ျတွေ ၀င်လာတယ်ဆရာ… စသည်ဖြင့် စာရေးမကလေးများက သူတို့ဆရာကို စကားတင်းဆိုရာတွင် ဤဝေါဟာရကို တော်သလို သုံးနိုင်သည်။
တညလုံး အပီအပြင် ချက်ထား၍ နောက်တနေ့တွင် ကျောင်း၌ ရုံး၌ အိပ်ငိုက်ကာ ဒေါင်းနေခြင်းမျိုးကို - ချက်နာကျခြင်း - ဟုခေါ်နိုင်မည်။ ဤသို့ ချက်နာကျလျှင် နံနက်စောစော အင်တာနက် ၀င်ကာ မိမိ အလွမ်းသင့်သူနှင့် တစ်ကြောင်းနှစ်ကြောင်းလောက် ချက်လိုက်မှ အနည်းငယ် လန်းလန်းဆန်းဆန်း ရှိသွားနိုင်လျှင် - ချက်မီအပ်- လုပ်ခြင်းဟုခေါ်နိုင်မည်လား မသိပါ။
မိမိ အမြဲ အစဉ်တစိုက် ချက်လေ့ရှိသော ချက်ဖော်ချက်ဖက်ကို - အချက်တော်- ဟုခေါ်နိုင်သည်။ ချက်ရာတွင် ဟိုအကြောင်းဒီအကြောင်း သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်း ပြောကြခြင်းကို - ချက်တင်းနှော - ကြသည်ဟု ဆိုလျှင် ဟုတ်သလိုလိုရှိသည်။ သို့သော် ဤဝေါဟာရများ ကို နားလေးသော အမေရှေ့တွင် - ညက အချက်တော်နဲ့ တညလုံး ချက်တင်းနှောထားတာ ဒီမနက်တော့ ချက်နာကျနေပြီ - ဟုပြောမိလျှင် နားကြားလွဲပါက ပေါင်တွင်းကြော ကောင်းကောင်း လိမ်ဆွဲခံရကိန်းရှိသည်။
တန်ဆေးလွန်ဘေးဟု ဆိုသည်မဟုတ်ပါလော။ ချက်စ ရှိလျှင် ဆက်ချက်ချင်သည်။ အချက်ကြီးသူတို့သည် စာဖတ်ချိန် အလုပ်လုပ်ချိန် များမှ အချိန်ကိုပင် ဖဲ့ယူ၍ ချက်တတ်ကြသည်။ အွန်လိုင်းဝင်တိုင်း ချက်ရွမ်းသွားကာ ချက်သူကို ရှာဖွေတတ်ကြသည်။ ဤအခြေအနေသို့ ဆိုက်ရောက်နေလျှင် -ချက်စွဲခြင်း - ဟုခေါ်နိုင်သည်။ အချိန်တန်လို့မှ မချက်ရလျှင် မနေနိုင် - ချက်ပိုးထိုး - လာတတ်သည်။ အချက်ရောဂါ အချက်နာကား ကုစရာနတ္ထိ ဆေးမရှိပြီလော။
ထို့အပြင် မြန်မာ့ အနုပညာ နယ်ပယ်၌လည်း - ချက်လူမိုက်၊ ချက်ပင် ချက်မိုး ချက်လိုက်ပါတဲ့မေ၊ ချက်တာလောကများ၏ ဟိုမှာဘက်၊ ချက်လောက၏ စိန်ခေါ်သံ၊ မရှိမဖြစ်ချက်၊ ချက်တဗလ၊ ချက်နည်းကြူနည်း- စသည့် ခေါင်းစဉ်များ ဖြင့် ချက်ခြင်းနှင့် ပါတ်သက်သည့် သီချင်း၊ ၀တ္ထု ၊ တက်ကျမ်း များလည်း အများအပြား ပေါ်ထွက်လာစရာ အကြောင်း ရှိလေသည်။
ဤသို့လျှင် ရောက်တတ်ရာရာ တွေးတောမိပါသတည်း။
ပန်ဒိုရာ
၃၀၊ ၄၊ ၂၀၀ရ