လွန်ခဲ့တဲ့ ခြောက်နှစ်ကျော်က ရေးခဲ့တဲ့ကဗျာလေး တစ်ပုဒ်ပါ။ နောက်ပိုင်းမှာ ဒီခေါင်းစဉ်နဲ့ပဲ ဘေးလူ-၂ လို့ နောက်တစ်ပုဒ် ရေးဖြစ်သွားတော့
ဒီကဗျာက ဘေးလူ-၁ ဖြစ်သွားပါတယ်။
ဘေးလူ-၁
စစ်တုရင်ကစားပွဲတစ်ခုမှာ
ဝင်မပါပဲဘေးကကြည့်နေသူဟာ
အလားအလာကို ပိုမြင်ဆိုပဲ။
တကယ်တော့ကိုယ်ဟာ
ဒါရိုက်တာ ကြမ္မာရဲ့
မာယာဇာတ်ကွက်တွေထဲ
ကိုယ်တိုင်ကိုယ်ကျ
အရေးပါတဲ့ကဏ္ဍက
မကပြချင်သူပါလို့
တစ်ခါမှတော့ မကြွေးကြော်ခဲ့ပါဘူးကွယ်။
ပျော်ရွှင်ပြန် ငိုကြွေးခဲ့
အပြောင်းအလှည့်ဝေေ၀ဆာဆာ
ဇာတ်နာနာတွေထဲ
(၀မ်းနည်းစွာ) ပါဝင်ခွင့်မရသူဟာ
စည်းအပြင်မှာယောင်ချာချာနဲ့ပေါ့
(ဒါပေမယ့်)
ပရိဿတ်လို့လည်း သတ်မှတ်ရမှာခက်ပြန်ရော။
ထူးထူးဆန်းဆန်း
ကြမ္မာလေတစ်ချက်ရမ်းလို့
အစမ်းသရုပ်ဆောင်ခွင့်ရပြန်ရင်လည်း
အန္တရာယ်နဲ့စွန့်စား
စတန့်မင်းသားအစားထိုးတဲ့
တစ်ပွဲထိုးအခန်းတွေလောက်ပါပဲ
အလွန်ဆုံးရခဲ့လည်းနှစ်သိမ့်ဆုလောက်ပါပဲ
လူကြမ်းမဖြစ်ခဲ့တာပဲ ကျေးဇူးတင်ရဦးမှာ။
တကယ်ဆို
ကိုယ်တိုင်လည်းနားလည်သင့်ပါတယ်
ကိုယ့်နယ်နိမိတ်ကိုယ်ပြန်စည်းကြပ်
ကိုယ့်ဇာတ်တွေကိုယ်တိုင်ရေးတဲ့အခါ
သရုပ်ဆောင်ရွေးချယ်ပွဲတော့ဝင်မပါ
ခံစားချက်တွေဖယ်ခွာ
သုညဗလာမျက်နှာပိုင်ရှင်ဟာ
ဘယ်မှာလာပြီး ဇာတ်လိုက်ဖြစ်နိုင်မှာတဲ့လဲ။
တချို့ညတွေမှာတော့
ဇာတ်ခုံရဲ့အစွန်းတဖက်
အမှောင်နက်နက်ထဲက
လက်နှစ်ဖက်ကိုပိုက်လို့
မျက်တောင်မခတ်စိုက်ကြည့်ရင်း
သက်ပြင်းတွေချ
အယူအဆတွေမျိုသိပ်
အံတကြိတ်ကြိတ်တောက်တခေါက်ခေါက်နဲ့
ကိုယ့်ရဲ့အရေးမပါပုံများ
ခုနစ်ရက်မပြည့်ခင်လှည့်လည်နေရတဲ့
တွယ်ရာမဲ့ ၀ိညာဉ်တစ်ကောင်လိုပါပဲ။
တဖြည်းဖြည်းနဲ့
ညဉ့်တွေတရွေ့ရွေ့နက်လာရင်
ပီပြင်တဲ့သရုပ်ဆောက်မှုတွေစိုးကြောက်
ဇာတ်အိမ်ရဲ့အထွတ်အထိပ်ကိုရောက်
ကိုယ့်ရင်ကိုမွှေနှောက်တဲ့အခါ
မျက်နှာကိုတဖက်လွှဲ
ကြေကွဲမှုတွေမျိုချရင်း
မိုးတစ်ခါလင်းခဲ့ပြန်ရောကွယ်။
ပန်ဒိုရာ
၁၁၊၃၊၂၀၀၁
KuchingTrip
-
ဒီတခေါက်တော့ Kuchingသွားခဲ့တယ်။
သန့်ရှင်းသပ်ရပ်နေတဲ့မြို့ကလေးပဲ...၊ ဒေသစာတွေကလည်း အရသာရှိလိုက်တာ...။
ဓါတ်ပုံတွေ သိပ်မရိုက်ဖြစ်တော့ဘဲ မြင်သမျှ ...
2 weeks ago
2 comments:
nice poem.. and sad one...yet still true.
ထိုင်ကြည့်ဖို့ပဲတတ်နိုင်ခဲ့တဲ့ဇာတ်ကောင်
ဘာကိုလှုပ်ခတ်ချင်ယောင်ဆောင်ရဦးမှာတဲ့လဲ
အကုန်လုံးကိုစွန့်ချပစ်ခဲ့ဖို့ဆိုတာကလည်း
ဥပက္ခာအားက နည်းနေခဲ့သေးတယ်
စစ်တုရင်ကွက်တွေကိုရွှေ့ရင်းရွှေ့ရင်း
အဖြူအမည်းနယ်ရုပ်တွေကလည်းငါ
အဖြူအမည်းနယ်စည်းကွက်တွေကလည်းငါ
ငါ မဟုတ်တာ ရွေ့လျားနေတဲ့လက်တစ်ခုပါပဲ
Post a Comment